ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၂/၁ စာ. ၁၀-၁၃
  • ယခုခေတ် ယေဟောဝါ၏ကယ်တင်ခြင်း စီရင်ချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယခုခေတ် ယေဟောဝါ၏ကယ်တင်ခြင်း စီရင်ချက်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်တွေ့ကျ ချစ်ခြင်းမေတ္တာ
  • ကမ္ဘာချီ ညီအစ်ကိုများအသင်းအပင်း
  • ကာကွယ်မှု အစစ်အမှန်ရမည့်နေရာ
  • မည်သည့်မုန်တိုင်းကမျှ မဖျက်ဆီးနိုင်သောအရာ
    နိုးလော့!—၂၀၀၄
  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • မြန်မာနိုင်ငံမှ ဆိုင်ကလုန်းဒဏ်ခံရသူများ သက်သာရာရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • မက္ကဆီကိုရှိဘေးဒုက္ခများအကြား ခရစ်ယာန်မေတ္တာ
    နိုးလော့!—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၂/၁ စာ. ၁၀-၁၃

ယခုခေတ် ယေဟောဝါ၏ကယ်တင်ခြင်း စီရင်ချက်များ

သမ္မာကျမ်းစာက ယေဟောဝါအကြောင်း ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူသည် များစွာသောဒုက္ခဆင်းရဲကိုခံရသော်လည်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။” ထို့ပြင် “ဘုရားဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နှုတ်ခြင်းငှာ . . . ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်တတ်နိုင်တော်မူ၏။”—ဆာလံ ၃၄:၁၉; ၂ ပေတရု ၂:၉၊ ၁၀။

ယေဟောဝါ၏လူမျိုးတော်သည် ဘေးဒုက္ခကြုံကြိုက်ရသည့်အခါ သူတို့အား မည်သို့ ကူညီတော်မူသနည်း။ လူအများယူမှတ်သည့်အတိုင်း အံ့ချီးဖွယ်နည်းမျိုးဖြင့် သဘာဝစွမ်းအားများကို ထိန်းချုပ်ခြင်း၊ သို့မဟုတ် သဘာဝထက်ထူးကဲသော အခြားစီရင်ချက်တစ်မျိုးတစ်မည်ဖြင့် ကယ်မတော်မူသည်မဟုတ်ဘဲ လူအများ သဘောမပေါက်နိုင်ကြသည့် အခြားအစွမ်းတန်ခိုး—ချစ်ခြင်းမေတ္တာ—အားဖြင့်ပင် ဖြစ်တော်မူသည်။ မှန်ပါသည်။ လူမျိုးတော်ကို ယေဟောဝါချစ်တော်မူ၏။ အချင်းချင်းအပေါ် ကြီးမားသောမေတ္တာထားရှိနိုင်ကြရန် ပျိုးထောင်ပြုစုခဲ့ပြီဖြစ်သောကြောင့် အံ့ဖွယ်ရာဖြစ်ပုံရှိသည့် အမှုများကို သူတို့အတွက် ကိုယ်တော်ပြုစုစီရင်ခဲ့ပေပြီ။—၁ ယောဟန် ၄:၁၀-၁၂၊ ၂၁။

အရေးပေါ်ကာလတွင် လိုအပ်ရာများကား စားစရာ၊ ဆေးဝါးနှင့် ပစ္စည်းပစ္စယများ—ချစ်ခြင်းမေတ္တာမဟုတ်ပါဟု အချို့ဆိုကြမည်။ အစာရေစာ၊ ဆေးဝါးနှင့် ပစ္စည်းပစ္စယများလိုသည်ကား အမှန်။ သို့ရာတွင် တမန်တော်ပေါလုက ဤသို့ဆင်ခြင်သုံးသပ်ပါသည်– “တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်လည်းကောင်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏။ သူတစ်ပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှာ အပ်သော်လည်း မေတ္တာမရှိလျှင် ငါ၌ အကျိုးမရှိ။”—၁ ကောရိန္သု ၁၃:၂၊ ၃။

လူတို့သည် ရောဂါဘယနှင့် ငတ်မွတ်ဘေးကြောင့် သေကျေပျက်စီးနေစဉ် ကယ်ဆယ်ရေးပစ္စည်းပစ္စယများသည် ဆိပ်ကမ်းတွင် ပုပ်ပျက်နေကြောင်း၊ သို့မဟုတ် ကြွက်စာဖြစ်နေကြောင်း မကြာခဏဖတ်ရှုကြရပါသည်။ ထိုထက်ဆိုးရွားသေးသည်ကား ဤပစ္စည်းပစ္စယများသည် ကိုယ်ကျိုးရှာ အမြတ်ထုတ်သည့် လောဘရမ္မက်ကြီးပြီး မသမာသူတို့လက်ထဲ ရောက်ရှိသွားနိုင်ပါသည်။ သို့ဖြစ်၍ စားနပ်ရိက္ခာရှိလျက်ပင် ဒုက္ခသည်များ ယင်းတို့မှ အကျိုးမခံစားရဘဲဖြစ်ချေပြီ။ ဤတွင် စစ်မှန်သောမေတ္တာနှင့် စာနာစိတ်က များစွာတာသွားပါလိမ့်မည်။

လက်တွေ့ကျ ချစ်ခြင်းမေတ္တာ

၁၉၉၂၊ စက်တင်ဘာလတွင် လူဦးရေ ၅၅,၀၀၀ ရှိကော်အိုင်းခေါ် ဟာဝိုင်ရီကျွန်းစုအဝင် ကျွန်းကလေးတစ်ကျွန်းပေါ် ဟာရီကိန်းမုန်တိုင်းအီနီကီ ကျခဲ့သည်။ တစ်နာရီလျှင် မိုင် ၁၃၀ တိုက်၍ တစ်နာရီလျှင် မိုင် ၁၆၀ အထိအရှိန်ပြင်းခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၉၈ ဦးဒဏ်ရာရသည့်အပြင် အိမ်ခြေပေါင်း ၇၅ ရာခိုင်နှုန်း ပျက်စီးခဲ့သဖြင့် လူပေါင်း ၈,၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရလေသည်။ အပျက်အစီး၏တန်ကြေးမှာ ကုဋေတစ်ရာဖြစ်ကြောင်း ခန့်မှန်းပါသည်။ ဤကျွန်းငယ်လေးပေါ်နေထိုင်သူများအနက် အသင်းတော်ခြောက်ခုအဝင်ဖြစ်သည့် ယေဟောဝါသက်သေပေါင်း ၈၀၀ ခန့်ရှိပါသည်။ သူတို့အခြေအနေကား မည်သို့နည်း။

အီနီကီမုန်တိုင်း စတင်မတိုက်မီကတည်းက အသင်းတော်အကြီးအကဲများသည် နယ်လှည့်ကြီးကြပ်မှူး၏ ညွှန်ကြားချက်အတိုင်း အသင်းသူအသင်းသားများ အသင့်ပြင်ဆင်နေ၍ လုံခြုံမှုရှိမရှိ စုံစမ်းစစ်ဆေးနှင့်ပြီးသားဖြစ်သည်။ ဤကရုဏာပါ ပြုစုစောင့်ရှောက်မှုကြောင့် သက်သေခံများစပ်ကြား အသေအပျောက်နှင့် စိုးရိမ်ဖွယ်ဒဏ်ရာများမရရှိစေရန် ကာကွယ်ပေးခဲ့ပါသည်။—ဟေရှာယ ၃၂:၁၊ ၂ နှိုင်းယှဉ်။

ဆက်သွယ်မှုနှင့် သယ်ယူပို့ဆောင်မှု ပြတ်တောက်ခဲ့သော်လည်း ဟိုနိုလူလူမြို့ရှိ ကင်းမျှော်စင် ကျမ်းစာနှင့်ဝေစာအသင်း၏ ဌာနခွဲရုံးမှ ကိုယ်စားလှယ်သုံးဦးသည် ပြည်သူ့စစ်အဖွဲ့၏ အထူးခွင့်ပြုချက်ဖြင့် ဟာရီကိန်းမုန်တိုင်းရပ်စဲသည်နှင့် ကော်အိုင်းကျွန်းသို့ လေယာဉ်ခရီးဖြင့် ရောက်ရှိခဲ့သည်။ ဒေသခံ သက်သေခံများကို သူတို့ချက်ချင်းအဆက်အသွယ်ပြုလုပ်ကာ နောက်တစ်နေ့နံနက်ချိန်တွင် ကယ်ဆယ်ရေးကို မည်သို့ဆောင်ရွက်ရမည့်အကြောင်း အစည်းအဝေးထိုင် ဆွေးနွေးစီစဉ်ခဲ့ပါသည်။ လိုအပ်ရာများကို သတ်မှတ်ပြီးနောက် ဟိုနိုလူလူမြို့ရှိ ဌာနခွဲရုံးမှတစ်ဆင့် ဝယ်ခြမ်းတင်ပို့ပေးရန် ကယ်ဆယ်ရေးကော်မီတီကိုဖွဲ့ခဲ့ပါသည်။ နေ့ရောညပါ မရပ်မနား အကူအညီလိုသူများထံ ကုန်စည်စလည်များ ပို့ပေးခြင်း၊ ပျက်စီးသည့်အိမ်များကို ပြန်ပြုပြင်မွမ်းမံ ဆေးကြောသန့်ရှင်းပေးခြင်းလုပ်ငန်းကို ညွှန်ကြားခဲ့ကြပါသည်။

အခြားကျွန်းများရှိ ညီအစ်ကိုများကလည်း ဒုက္ခသည်ညီအစ်ကိုများကို ချက်ချင်းကူညီပေးခဲ့ကြသည်။ ကော်အိုင်းကျွန်း၏ လေယာဉ်ဆိပ်ကို ပြန်ဖွင့်သည်နှင့် သက်သေခံ ၇၀ ရောက်လာပါသည်။ ဒေါ်လာ ၁၀၀,၀၀၀ တန်ကြေးရှိ မီးစက်များ၊ မီးလင်းဖိုများ၊ မီးအိမ်များ၊ စားနပ်ရိက္ခာ အစရှိသည့် ကယ်ဆယ်ရေးပစ္စည်းများကို သင်္ဘောဖြင့် တင်ပို့ပေးခဲ့ကြသည်။ ကျွန်းပေါ်ရှိ နိုင်ငံတော်ခန်းမတစ်ခုကို ကုန်ရုံအဖြစ်အသုံးပြုလိုက်၍ ယင်းကို လုယက်မည်စိုးရိမ်နေကြစဉ်တွင် နိုင်ငံတော်ခန်းမ ကားရပ်ရန်နေရာသို့ စစ်တပ်ကုန်တင်ကားကြီးများဆိုက်ရောက်လာပြီး ယာဉ်မောင်းများက သူတို့ကားများကို ထိုနေရာတွင် ရပ်ထားခွင့်ပြုရန် အခွင့်တောင်းဆိုသည်။ သို့ဖြင့် ကုန်တင်ကားများ၏ အစောင့်အကြပ်စစ်သားများကြောင့် ကယ်ဆယ်ရေးပစ္စည်းများ လုယက်ခံရမည့်ပြဿနာပပျောက်သွားလေသည်။

ညီအစ်ကိုများကလည်း မီးစက်များကို တစ်အိမ်မှတစ်အိမ် သယ်ဆောင်ပြီး တစ်အိမ်လျှင် နှစ်နာရီသုံးနာရီခန့် ရေခဲသေတ္တာများကို အားသွင်းပေးခဲ့ကြပါသည်။ သန့်ရှင်းရေးနှင့် ပြုပြင်ရေးပြုလုပ်ဆောင်ရွက်ပေးရန် ညီအစ်ကိုများကို အုပ်စုလိုက် စေလွှတ်ပေးခဲ့ပါသည်။ ယခင်က အပြင်းအထန်အတိုက်ခံပြုခဲ့သော လင်ယောက်ျားရှိ ညီအစ်မတစ်ဦး၏အိမ်တွင် ထိုသို့အကူအညီပေးနေကြစဉ် ထိုသူသည် ရပ်ကြည့်ပြီး မျက်ရည်ကျသည်အထိ စိတ်လှုပ်ရှားခံခဲ့ရသည်။ အခြားသက်သေခံအုပ်စုတစ်စု လုပ်ကိုင်ဆောင်ရွက်ပုံကို တွေ့မြင်၍ သူတို့၏ အပြုအမူနှင့် စည်းစနစ်ကျနမှုကို စွဲမှတ်သွားသော ပြည်မမှဧည့်သည်တစ်ဦးမှာမူ သူတို့ထံချဉ်းကပ်၍ အခြားသူများနှင့် အဘယ်ကြောင့် ဤမျှခြားနားရကြောင်း မေးမြန်းခဲ့ပါသည်။ ညီအစ်ကိုတစ်ဦးက မိမိတို့သည် ဘုရားသခင်နှင့် ခရစ်ယာန်ချင်းတို့အား ချစ်ခြင်းရှိသည့်အတွက်ဖြစ်ကြောင်းရှင်းပြသောအခါ ထိုသူက “ဘုရားသခင်ကို ကျွန်တော်ဘယ်လိုနည်းနဲ့ သိလာနိုင်မလဲ” ဟုမေးပါသည်။ (မဿဲ ၂၂:၃၇-၄၀) ထိုနောက် “သင်တို့ဟာ စည်းစနစ်ကျနလှတဲ့အတွက် ဖလော်ရီဒါပြန်ရောက်တာနဲ့ ကျွန်တော့်ကို စောင့်ကြိုနေတဲ့သူ ရှိကောင်းရှိမှာဘဲ” ဟုဆက်ပြောပါသည်။

စုစုပေါင်းလျှင် ကော်အိုင်းကျွန်းရှိ ၂၉၅ အိမ်ကို ယေဟောဝါသက်သေများ ရှင်းလင်းပြုပြင်ပေးခဲ့ပါသည်။ ယင်းတို့အနက် ၂၀၇ အိမ်တွင် အနည်းငယ်သာပြုပြင်ပေးရ၍ ၅၄ အိမ်မှာမူ အကြီးအကျယ် ပျက်စီးသွားခဲ့ပါသည်။ ၁၉ အိမ်မူကား လုံးဝပျက်စီးသွားပါသည်။ သူတို့လုပ်ငန်းတွင် ကျွန်းပေါ်ရှိ သက်သေခံအဖြစ် သိရှိထားခံရသူတိုင်းထံ လည်ပတ်သွားကာ တစ်ဦးစီ၏ ဝေယျာဝစ္စကို ပြုစုပေးခြင်း ပါဝင်ပါသည်။ ညီအစ်မတစ်ဦးထံ ပစ္စည်းပစ္စယများ ပို့ပေးခဲ့စဉ် အခြားဘာသာဝင် အိမ်နီးချင်းတစ်ဦးက မိမိအဖွဲ့မှ လက်ဖက်ခြောက်ထုပ် တစ်ထုပ်မျှပင် မရရှိခဲ့ကြောင်း ပြောပါသည်။ သက်သေခံအဖွဲ့တစ်ဖွဲ့ မိမိအိမ်ကို သန့်ရှင်းပေးပြီးနောက်တွင် အခြားအမျိုးသမီးတစ်ဦးက “ကျွန်မအိမ်ပေါက်ဝထံ မကြာခဏလည်ပတ်ရောက်ရှိသည်ကို တွေ့ခဲ့ရပါသည်။ ရှင်တို့သည် အိမ်နီးချင်းကောင်းများဖြစ်ကြသည်ဟု ယူမှတ်ခဲ့ဖူးသည်။ သို့သော် ဤကဲ့သို့ အိမ်နီးချင်းမေတ္တာကို ရှင်တို့အားလုံး တင်ပြကြပုံကား ရှင်တို့၏အဖွဲ့အစည်းကို ကောင်းစွာသဘောပေါက်စေပြီ။ ကြိုးစားပမ်းစားပြုလုပ်ပေးလေသမျှအတွက် ကျေးဇူးတင်မဆုံးနိုင်ပါ” ဟုပြောဆိုခဲ့ပါသည်။

ခရစ်ယာန်ချင်းတို့၏ ကာယလိုအပ်ရာများအတွက် ပြုစုပေးခဲ့ရုံမက ကယ်ဆယ်ရေးတာဝန်ခံများသည် သူတို့၏ဝိညာဉ်ရေးကိုလည်း ဂရုတစိုက်ပြုစုပေးခဲ့ကြသည်။ ဟာရီကိန်းမုန်တိုင်းတိုက်ပြီး၍ နှစ်ရက်ပင်မရှိမီအချိန်၊ အသင်းတော်များစွာတွင် အစည်းအဝေးများကို ကျင်းပနေကြပေပြီ။ စာအုပ်ကြီးသင်တန်း အုပ်စုကလေးများကိုလည်း အလျင်အမြန် စီစဉ်ပေးခဲ့ကြပါသည်။ ကျွန်းပေါ်ရှိ သက်သေခံတိုင်းထံ သိုးထိန်းခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးခြင်းငှာ အခြားကျွန်းများမှ အကြီးအကဲဆယ်ဦးရောက်ရှိလာ၍ ဒေသခံအကြီးအကဲများကို ကူညီပေးခဲ့ပါသည်။ နောက်အပတ် တနင်္ဂနွေနေ့တွင် အသင်းတော် ခြောက်ခုစလုံး၌ ကင်းမျှော်စင်သင်တန်းပြီးနောက် ကယ်ဆယ်ရေးကော်မီတီဝင်တစ်ဦးက မိနစ် ၃၀ တိုင် ကယ်ဆယ်ရေးအစီအစဉ်များအကြောင်း ဟောပြော၍ ယင်းအတွက် ရောက်ရှိလာသော ဟိုနိုလူလူကျွန်းမှ ဌာနခွဲကော်မီတီဝင်တစ်ဦးသည် မိနစ် ၃၀ နိဂုံးချုပ်ဟောပြောချက်ပေးခဲ့ပါသည်။ မျက်မြင်ကိုယ်တွေ့ဖြစ်သူတစ်ဦးက– “ဤမျှကောင်းသောညွှန်ကြားချက်များမှ အားလုံးနှစ်သိမ့်မှုရရှိခဲ့ကြပြီး ကျန်သေးသည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဝိညာဉ်ရေးဘက် အသင့်ရှိသည်ဟု ခံစားခဲ့ကြရပါသည်။ စည်းဝေးအစီအစဉ်ပြီးဆုံးသည့်အခါ မျက်ရည်မကျသူ နည်းပါသည်။ အားလုံးလည်း လှိုက်လှဲစွာ ဩဘာပေးခဲ့ကြသည်” ဟုပြောပြသည်။

ကမ္ဘာချီ ညီအစ်ကိုများအသင်းအပင်း

ဤကဲ့သို့သောချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုသည် ကမ္ဘာချီ ယေဟောဝါသက်သေများ၏ အမှတ်အသားဖြစ်ပါသည်။ ဤအဖြစ်အပျက်မတိုင်မီ တစ်နှစ်ခန့်က ဆိုင်ကလုန်းမုန်တိုင်း ဗဲလ်သည် အနောက် ဆာမိုကျွန်းကို တိုက်ခိုက်ခဲ့စဉ် အကြီးအကျယ်ပျက်စီးခဲ့ပါသည်။ သို့သော် အခြားကမ္ဘာ့ဒေသများရှိ ယေဟောဝါသက်သေများသည် ဒုက္ခသည်ညီအစ်ကိုများကို ချက်ချင်းကူညီထောက်ပံ့ပေးခဲ့ကြသည်။ နောင်တွင် အစိုးရက ဘာသာအားလုံးအတွက်—ယေဟောဝါသက်သေများပါအပါအဝင်—အိုးအိမ်ပြုပြင်ရေး ထောက်ပံ့ကြေးထုတ်ပေးခဲ့သောအခါ သက်သေခံများသည် မိမိတို့၏အပျက်အယွင်းများကို ပြုပြင်မွမ်းမံနှင့်ပြီးသားဖြစ်သဖြင့် ယင်းရန်ပုံငွေကို အစိုးရအဆောက်အဦများကို ပြုပြင်ပေးရန်အတွက် အသုံးပြုပါဟု စာတစ်စောင်ဖြင့် ရန်ပုံငွေကို အစိုးရထံ ပြန်အပ်နှင်းခဲ့ပါသည်။ သူတို့၏အပြုအမူကို ဒေသခံသတင်းစာတွင် ထုတ်ပြန်ခဲ့သည်။ ယင်းကိုသတိပြုမိသည့် အစိုးရအရာရှိတစ်ဦးက ဆိုင်ကလုန်းအတွင်း ပျက်စီးခဲ့သော မိမိ၏ဘာသာအဆောက်အဦများမှာ အာမခံကြေးရသည့်အတွက် အစိုးရ ရန်ပုံငွေကို မလိုအပ်ဘဲလျက် လက်ခံယူထားခဲ့ခြင်းကို အလွန်စိတ်မကောင်းဖြစ်မိကြောင်း ပြောပြပါသည်။

ထပ်တူပင် ၁၉၉၂၊ စက်တင်ဘာလတွင် အရှေ့တောင်ပိုင်း ပြင်သစ်နိုင်ငံရှိ ဦးဗာဇ်မြစ်သည် ရေကြီး၍ ဗာဇောန် လာ ရိုမဲန်နှင့် ယင်း၏ဝန်းကျင်ရှိ ရပ်ကွက် ၁၅ ခုကိုဖျက်ဆီးခဲ့သောအခါ သက်သေခံများသည် ချက်ချင်းအကူအညီပေးခဲ့ပါသည်။ ညချင်းတွင် ရေလွှမ်းမိုးဘေးကြောင့် လူ ၄၀ သေဆုံးခဲ့၍ အိမ်ခြေ ၄၀၀ လုံးဝပျက်စီးသွားပြီး အခြားအိမ် ရာပေါင်းများစွာကိုထိခိုက်ယိုယွင်းစေခဲ့သည်။ မိသားစု ထောင်ပေါင်းများစွာတို့သည် ရေမဲ့၊ လျှပ်စစ်မီးမဲ့ ဖြစ်ခဲ့ကြသည်။ နောက်နေ့ နံနက်စောစောပိုင်းတွင် ဒေသခံအသင်းတော်များထံမှ သက်သေခံများသည် ရေလွှမ်းမိုးဘေးခံရသူများအား လာရောက်ကူညီပေးရန် ဦးဆုံးရောက်ရှိလာကြသည်။ အိုးအိမ်မဲ့ဖြစ်သွားသူများအား အနီးတစ်ဝိုက်ရှိ သက်သေခံမိသားစုများက မေတ္တာပြ၍ ခေါ်ထားကြပါသည်။ သက်သေခံ ရာပေါင်းများစွာတို့သည် ရပ်ဝေးရပ်နီးမှ ရောက်လာ၍ အကူအညီပေးခဲ့ကြသည်။ အိမ်များကို ဆေးကြောသန့်ရှင်းပေးပြီး၍ ရွှံ့ပေသော အဝတ်အစားမြောက်မြားစွာကိုပါ လျှော်ဖွပ်ပြီး ဘေးသင့်သောအရပ်တစ်လျှောက် အစာရေစာပြင်ဆင်ပို့ပေးခဲ့သည့် လုပ်အားပေးအဖွဲ့လေးဖွဲ့၏ လုပ်ငန်းကို ညှိနှိုင်းပေးရန် အနီးအနားရှိ ဩရင့်ဂ်ျမြို့တွင် ကယ်ဆယ်ရေးကော်မီတီကို ဖွဲ့စည်းထားပါသည်။ ဒေသခံကျောင်းတစ်ခုကိုပင်မက မြူနီစပယ်အဆောက်အဦအချို့ကိုပါ သူတို့လုပ်အားပေး ဆေးကြောရှင်းလင်းခဲ့ကြပါသေးသည်။ မောပန်းခြင်းမရှိ သူတို့၏ကြိုးစားမှုကို ညီအစ်ကိုများသာမက ရပ်ကွက်သားတို့ပါ တန်ဖိုးထားကျေးဇူးတင်ကြပါသည်။

အခြားနေရာများတွင်လည်း ယေဟောဝါသက်သေများသည် ရေလွှမ်းမိုးဘေး၊ မုန်တိုင်းဘေး၊ မြေငလျင်ဘေးနှင့် အခြားဘေးဒဏ်များကြောင့် အခြားသူများနည်းတူ ဒုက္ခသည်များ ဖြစ်ခဲ့ကြရပါသည်။ မမျှော်လင့်ဘဲဖြစ်ပျက်ခဲ့ရခြင်း သို့မဟုတ် မတားဆီးနိုင်ဘဲ ဖြစ်ခဲ့သည့်အခြေအနေများဖြစ်ကြောင်းကို သူတို့သဘောပေါက်နားလည်ထားကြသည့်အတွက် ဘုရားသခင်ကိုသော်လည်းကောင်း၊ အခြားမည်သူမည်ဝါကိုသော်လည်းကောင်း သူတို့အပြစ်မဆိုကြပါ။ (ဒေသနာ ၉:၁၁) ယင်းသို့ပြုမည့်အစား မိမိတို့သည် မည်သည့်ထိတ်လန့်ဖွယ်အခြေအနေများကိုခံရစေကာမူ ယုံကြည်သူချင်းတို့သည် ကိုယ်ကျိုးစွန့်ချစ်ခြင်းမေတ္တာကြောင့် လာရောက်ကူညီပေးကြမည်ကို ယုံကြည်စိတ်ချကြပါသည်။ ဤကဲ့သို့သောမေတ္တာပါအပြုအမူများသည် သူတို့၏ ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ တပည့်တော်ယာကုပ်က– “ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍ နေ့တိုင်း စားရသောအစာမရှိသောအခါ သင်တို့တွင် တစ်စုံတစ်ယောက်သောသူက ‘ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့’ ဟုပြောလျက် သူတို့ကိုယ်နှင့် တော်လျော်သောအသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုနည်းတူ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏” ဟုရှင်းပြပါသည်။—ယာကုပ် ၂:၁၅-၁၇။

ကာကွယ်မှု အစစ်အမှန်ရမည့်နေရာ

အံ့ဖွယ်နည်းဖြင့် ဘုရားသခင် ဝင်စွက်ကူညီပေးရန် မျှော်လင့်နေမည့်အစား မိမိတို့၏ ကမ္ဘာချီခရစ်ယာန် ညီအစ်ကိုအသင်းအပင်းတွင် ကာကွယ်မှုရရှိနိုင်ကြောင်း ယေဟောဝါသက်သေများ သိရှိကြပါသည်။ အမှန်သော်ကား ဒုက္ခကာလတွင် ထိုညီအစ်ကိုအသင်းအပင်း ဆောင်ရွက်ပေးသည့်အမှုသည် အံ့ဩစရာပင်ဖြစ်သည်။ မဿဲ ၁၇:၂၀ တွင်တွေ့ရသော ယေရှု၏စကားကို သူတို့ သတိရကြပါသည်– “သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုတောင်ကို ‘နေရာမှရွေ့လော့’ ဟုဆိုကြသော် နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။” မှန်ပါသည်။ ခရစ်ယာန်ယုံကြည်ခြင်းအစစ်အမှန်သည် ချစ်ခြင်းမေတ္တာနှင့် ပူးပေါင်းလုပ်ဆောင်သည့်အခါ တောင်ကြီးများပမာ ကြီးမားသည့်အတားအဆီးများ ပျောက်လွင့်သွားပါသည်။

ဤမတည်တံ့၊ အန္တရာယ်ထူပြောသောအချိန်အခါတွင် ဘုရားသခင်၏ ကာကွယ်မှုကို ကမ္ဘာချီရှိ ယေဟောဝါလူမျိုး ခံစားနေကြရပါသည်။ ဆာလံဆရာကဲ့သို့– “ငြိပ်ဝပ်စွာအိပ်၍ ပျော်ပါမည်။ အကြောင်းမူကား၊ အကျွန်ုပ်သည် လုံခြုံစွာနေရသောအခွင့်ကို ကိုယ်တော်အရှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သာလျှင် အခွင့်ပေးတော်မူ၏” ဟုဆိုကြပါသည်။ (ဆာလံ ၄:၈) သူတို့လုပ်ကိုင်ရမည့်လုပ်ငန်း– “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဤဝမ်းမြောက်ဖွယ်သတင်းကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ကိုသာ အာရုံစူးစိုက် စိတ်ချလက်ချ လုပ်ဆောင်နေကြပါသည်။ (မဿဲ ၂၄:၁၄၊ ကဘ) လူကြောင့်နှင့် သဘာဝကြောင့် ဘေးဒဏ်များ နောက်တစ်ဖန် မကြုံတွေ့ကြရတော့မည့် ယေဟောဝါကတိထားရာ ငြိမ်းချမ်းသာယာ၊ ဖြောင့်မတ်သောကမ္ဘာသစ် ရောက်လာမည့်အချိန်ကို သူတို့စိတ်ချယုံကြည်စွာ စောင့်မျှော်နေကြပါသည်။—မိက္ခာ ၄:၄။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ရေလွှမ်းမိုးဘေး ဒုက္ခသည်များကို ရပ်ဝေးရပ်နီးမှ သက်သေခံများ လာရောက်ကူညီပေး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ