“ကောင်းမြတ်သောဆုကျေးဇူးရှိသမျှ” ကိုပေးသည့်အရှင်
“တစ်ခါတွင် ပြန်လည်ပြုပြင်ရေးအသင်းတော်၏ တရားဟောဆရာတစ်ဦး ကျွန်တော့်ထံ ရောက်လာသည်။ ကျွန်ုပ်၏အသင်းကို မည်သို့စီမံခန့်ခွဲကြောင်း သူသိလိုခဲ့သည်။ ကျွန်တော်က . . . ‘ကျွန်တော်တို့ လစာ မပေးဘူး; ရန်ပွားစရာအကြောင်း လုံးဝမရှိဘူး။ အလှူငွေကောက်ခံခြင်းလည်း လုံးဝမရှိဘူး’ ဟုပြောပြပါသည်။ ‘ပိုက်ဆံဘယ်ကရသလဲ’ ဟုသူမေးပါသည်။ ကျွန်တော်က ‘ဒေါက်တာ——၊ အမှန်ကို ရိုးသားစွာတင်ပြရရင် ယုံမှာမဟုတ်ပါဘူး။ ဒီတရားလမ်းကို စိတ်ဝင်စားလာကြတဲ့အခါ အလှူငွေအိတ်ကမ်းခြင်းကို မတွေ့ရပေမဲ့ ကုန်ကျစရိတ်များရှိတာကို တွေ့ ရှိကြပါတယ်။ ဒါကြောင့် သူတို့က “ဒီခန်းမအတွက် . . . အကုန်အကျအနည်းငယ်ကို ဘယ်လိုလှူဒါန်းနိုင်မလဲ” လို့ ကိုယ့်ကိုယ်ကို မေးကြပါတယ်။’ ထိုအခါ သူက ‘ငါ့ကို နုသေးတဲ့သူမှတ်သလား’ ဟူသည့်အကြည့်မျိုးဖြင့် ကျွန်တော့်ကိုကြည့်နေပါသည်။ ကျွန်တော်ကလည်း ‘ဒေါက်တာ——၊ အမှန်ပါ။ . . . ကောင်းချီးရပြီး တတ်နိုင်မယ်ဆိုရင် သခင်အရှင်အတွက် ငွေအင်အားကို အသုံးပြုလိုကြပါတယ်။ ငွေအင်အားမရှိသူကို ဘာကြောင့် အဲ့ဒီအတွက် ထိုးဆွနေရမှာလဲ။’”
—ချားလ်စ် တီ. ရပ်စယ်လ်၊ ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဌ၊ “ကင်းမျှော်စင်၊” ၁၉၁၅၊ ဇူလိုင် ၁၅ ရက်ထုတ်။
ကျွန်ုပ်တို့ပေးကြသည်ကား ယေဟောဝါဘုရားသခင်သည် စတင်ပေးသနားတော်မူခဲ့သောကြောင့် ဖြစ်သည်။ ကိုယ်တော်၏ပေးကမ်းခြင်းသည် နှစ်ပရိစ္ဆေဒပေါင်းများစွာက ဖန်ဆင်းခြင်းစတင်ချိန်—ဦးဆုံးဖန်ဆင်းခဲ့သည့် ကိုယ်တော်၏ “တစ်ပါးတည်းသောသားတော်”—ကတည်းကဖြစ်သည်။ (ယောဟန် ၃:၁၆) ချစ်ခြင်းမေတ္တာတော်ကြောင့် အသက်ကို တစ်ဆင့်ပေးကမ်းတော်မူခဲ့ခြင်းဖြစ်သည်။
ယေဟောဝါရှင် ပေးခဲ့သမျှလက်ဆောင်များတွင် အမွန်မြတ်ဆုံးမှာ ဘုရားသခင့်သားတော် ယေရှုခရစ်ပင် ဖြစ်တော်မူသည်။ သို့သော် ဘုရားသခင့်သားတော် ကိုယ်တော်တိုင်ကို ပေးသနားတော်မူခြင်းနှင့် ဘုရားသခင်၏ပေးကမ်းစွန့်ကြဲခြင်း ရပ်တန့်ခဲ့သည်မဟုတ်ပါ။ ယေဟောဝါ၏ ‘ပြော၍မကုန်နိုင်သော ဆုကျေးဇူးတော်’ ကိုတမန်တော်ပေါလုက “ထူးမြတ်သော ဘုရားသခင်၏ ကျေးဇူးတော်” ဟူ၍ခေါ်ဆိုထားပါသည်။ (၂ ကောရိန္သု ၉:၁၄၊ ၁၅) ဤဆုကျေးဇူးတော်တွင် ယေရှုမှတစ်ဆင့် လူမျိုးတော်အား ဘုရားသခင် ပေးသနားတော်မူသည့် ကောင်းမြတ်သောအရာနှင့် ချစ်ခင်ကြင်နာဖွယ်ရာ ရှိရှိသမျှတို့ ပါဝင်ကြောင်း ထင်ရှားပါသည်။ ဤကျေးဇူးတော်သည် အလွန်ထူးမြတ်သောကြောင့် လူ့ဉာဏ်ရည်ဉာဏ်သွားဖြင့် အကုန်အစင် ဖော်ပြ၍မရနိုင်ပါ။ သို့ဖြစ်၍ပင် ဘုရားသခင်ပေးသနားရာတို့တွင် ထိုထက်မက ရှိပါသေးသည်။
ပေးလှူရာများအဖြစ် မိမိပေးကမ်းသမျှ ကောင်းမြတ်သောအရာများသည် အမှန်မှာ ယေဟောဝါ၏ဥစ္စာပင်ဖြစ်ကြောင်း ရှေးလွန်လေပြီးသောအခါက ရှင်ဘုရင်တစ်ပါးသည် ပညာရှိစွာ၊ နှိမ့်ချစွာဖြင့် အသိအမှတ်ပြု ပြောဆိုခဲ့ပါသည်။ သူက– “ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏အထွဋ်၊ မြင့်မြတ်တော်မူ၏။ . . . သို့ရာတွင် ကြည်ညိုသောစိတ်နှင့် ဤမျှလောက် ပူဇော်နိုင်အောင် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့သည် အဘယ်သို့သောသူဖြစ်ပါသနည်း။ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ၏” ဟုပြောဆိုခဲ့သည်။—၁ ရာဇဝင်ချုပ် ၂၉:၁၁-၁၄။
ဘုရားသခင်၏ ပုံသက်သေ
ကောင်းမြတ်စုံလင်သောအရာ ရှိရှိသမျှတို့သည် ယေဟောဝါဘုရားသခင်ထံတော်မှဖြစ်ကြောင်းကို ယေရှုခရစ်၏တပည့်တော် ယာကုပ် သိနားလည်ခဲ့သည်။ ကိုယ်တော့်ထံတော်မှ ပြည့်ဝစုံလင်သောဆုကျေးဇူးများကိုသာ ရရှိပါသည်။ သို့ဖြစ်၍ “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏အဘထံတော်က သက်ရောက်သည်ဖြစ်၍ အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏” ဟုယာကုပ်ရေးသားခဲ့ပါသည်။—ယာကုပ် ၁:၁၇။
လက်ဆောင်များပေးကမ်းခြင်းကိစ္စတွင်ပင် ဘုရားသခင်သည် လူသားနှင့် မည်မျှကွာခြားသည်ကို ယာကုပ်သဘောပေါက်နားလည်ခဲ့သည်။ လူသည် ကောင်းမြတ်သောလက်ဆောင်ပဏ္ဏာများကို ပေးကမ်းနိုင်ကြသော်လည်း ထိုသို့ အမြဲမပြုကြပါ။ ယင်းလက်ဆောင်များသည် အတ္တသဘောဖြင့်ပေးခြင်း သို့မဟုတ် မကောင်းသောအမှု တစ်မျိုးတစ်မည်ကို ပြုမူစေရန် သွေးဆောင်ခြင်းငှာ ပေးကမ်းခြင်း ဖြစ်နိုင်ပါသည်။ ယေဟောဝါ၌မူကား ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ; ကိုယ်တော်သည် ပြောင်းလဲတော်မမူချေ။ သို့ဖြစ်၍ ကိုယ်တော်ပေးသမျှဆုကျေးဇူးများသည် ပြောင်းလဲခြင်းမရှိပါ။ ယင်းတို့သည် အမြဲဖြူစင်ပါသည်။ လူသား၏ကောင်းကျိုးနှင့် ပျော်ရွှင်သာယာမှုကို အမြဲတိုးပွားစေသည်။ သနားကြင်နာခြင်းနှင့်အစဉ်ပတ်သက်၍ အမြဲကူညီမစပေး၏။ ဘယ်သောအခါမျှ ပျက်စီးစေမည်လည်းမဟုတ်ပါ။
လက်ဆောင်ပေးရခြင်း ရည်ရွယ်ချက်များ
ယာကုပ်ခေတ်က ရေပန်းစားသော ဘာသာရေးခေါင်းဆောင်တို့သည် လူမြင်ကောင်းဖို့အတွက် အဓိကပေးကမ်းစွန့်ကြဲခဲ့ကြသည်။ မကောင်းသောရည်ရွယ်ချက်နှင့် ပေးကြသည်။ ချီးကျူးခံလို၍ ဖြောင့်မတ်သောစံချိန်များကိုပင် သူတို့စွန့်လွှတ်ခဲ့ကြပါသည်။ ခရစ်ယာန်များမူကား ထိုသို့မပြုကြရချေ။ သူတို့အား ယေရှုဆုံးမသည်ကား– “သင်သည် အလှူဒါနကိုပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကိုခံလို၍ ပွဲသဘင် လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ လက်ယာလက်ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတ္တံ့။”—မဿဲ ၆:၂-၄။
လက်ဆောင်များပေးကမ်းလိုသည့် ခရစ်ယာန်တစ်ဦး၏စိတ်စေတနာမှာ လိုအပ်ရာကို ဖြည့်စွက်ပေးရန် သို့မဟုတ် ပျော်ရွှင်မှုပေးရန် သို့မဟုတ် စစ်မှန်သောဝတ်ပြုရေးကို အားပေးရန်အတွက် ဖြစ်သည်။ ကိုယ့်ကိုယ်ကို ချီးမြှင့်လို၍မဟုတ်ပါ။ အမှန်ဆိုလျှင် ယေဟောဝါ၏မျက်လုံးတော်သည် ကျွန်ုပ်တို့နှလုံး အတွင်းကျကျအနက်ဆုံးအထိ တွေ့မြင်နိုင်တော်မူသည်။ လက်ဆောင်များပေးသည့် ကျွန်ုပ်တို့၏စိတ်ရင်းသဘောကို ကိုယ်တော်သိမြင်တော်မူသည်။
ပေးကမ်းခြင်းကိစ္စတွင် ယေဟောဝါနှင့် သားတော်၏ပုံသက်သေကို ယေဟောဝါသက်သေများ ကြိုးစားတုပကြပါသည်။ သူတို့၌ရှိရာကို သူတို့ပေးကမ်းကြသည်။ သူတို့မှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းရှိသဖြင့် သူတစ်ပါးအကျိုးအလိုငှာ ယင်းကို ပေးကမ်းကြပါသည်။ သု. ၃:၉ က– “သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသောအသီးအနှံရှိသမျှကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အား ပူဇော်လော့” ဟုဆိုထားကြောင်း သိကြပါသည်။ ဌာနခွဲရုံးတိုင်း၊ အသင်းတော်တိုင်းနှင့် လူတိုင်းသည် အားလုံး၏အကျိုးကို စိတ်စေတနာဖြင့် လိုလားကြသည့်အတွက် ညီအစ်ကိုများအသင်းအပင်းတစ်ခုလုံးသည် ဝိညာဉ်ရေးဘက်သန်မာခိုင်ခံ့ ကြီးထွားကြွယ်ဝလာပါသည်။ ငွေအင်အားသည် ဝိညာဏကြွယ်ဝမှုကို မဖြစ်ပေါ်စေပါ။ သို့သော် ဝိညာဏကြွယ်ဝမှုသည် ယေဟောဝါ၏လုပ်ငန်းတော်အတွက် လိုအပ်သမျှ ငွေအင်အားကို ပေါ်ထွက်လာစေပါသည်။
ပေးကမ်းစွန့်ကြဲနိုင်သည့်နည်းများ
သတင်းကောင်းကို ထောက်ပံ့ကူညီပေးခြင်းငှာ လူတိုင်း ပါဝင်နိုင်သည့်နည်း မြောက်မြားစွာရှိပါသည်။ တစ်နည်းတစ်လမ်းမှာ ဘုရားသခင့် နိုင်ငံတော်ခန်းမဆောင်များနှင့် ပတ်သက်ပါသည်။ အသင်းတော်ရှိသူတိုင်း ထိုနိုင်ငံတော်ခန်းမဆောင်ကို အသုံးပြုလေ့ရှိသည်။ ယင်းကို တည်ဆောက်ရန်၊ သို့မဟုတ် ငှားရမ်းထားရန်၊ မီးတပ်ဆင်ရန်၊ အပူအအေးမျှတစေရန်နှင့် ပြုပြင်မွမ်းမံနေရန် လိုအပ်သောငွေအင်အားကို လှူဒါန်းပေးသူ ရှိခဲ့ပြီ။ အသင်းတော်ကို လူတိုင်း ထောက်ပံ့ကူညီဖို့လိုသည့်အတွက် နိုင်ငံတော်ခန်းမဆောင်တွင် အလှူငွေပုံးများ ထားလေ့ရှိသည်။ စိတ်စေတနာဖြင့် လှူဒါန်းခဲ့သူများ၏ငွေကို အသင်းတော်၏ကုန်ကျစရိတ်များအတွက် အသုံးပြုကြပါသည်။ အသင်းတော်၏ဆုံးဖြတ်ချက်အရ ငွေအပိုအလျှံကို ဒေသခံ ကင်းမျှော်စင် ဌာနခွဲရုံးအတွက် အလှူငွေအဖြစ် ပို့ပေးပါသည်။
လူအများစုထံ သတင်းကောင်း မရောက်ရှိသေးသည့် ကမ္ဘာ့ဒေသအရပ်များ၌ သာသနာပြုများနှင့် အထူးရှေ့ဆောင်များကို လေ့ကျင့် ထောက်ပံ့ပေးခြင်းငှာ အသင်းမ၏ဌာနခွဲတွင် အလှူငွေထည့်နိုင်ပါသည်။ သတင်းကောင်း အနှံ့အပြားရောက်ရှိရေးဆိုင်ရာ အခြားကုန်ကျစရိတ်များမှာ နယ်လှည့်ကြီးကြပ်မှူးများ၏လုပ်ငန်းနှင့် ပတ်သက်ပါသည်။ ပထမရာစုတွင် နယ်လှည့်လုပ်ငန်း၌ ပုံသက်သေကောင်းဖြစ်သူ တမန်တော်ပေါလုသည် ဖိလိပ္ပိအသင်းတော်ကို ချီးမွမ်းခဲ့ဖူးသည်– “ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင် ပေးလိုက်ကြ၏။” (ဖိလိပ္ပိ ၄:၁၄-၁၆) အချိန်ပြည့်လုပ်ငန်းနှင့်ပတ်သက်၍ ဌာနခွဲတိုင်းတွင်ရှိ ကုန်ကျစရိတ်များအပြင် ဗေသလအိမ်တစ်ခုစီနှင့် ထိုတွင်နေထိုင် လုပ်ငန်းဆောင်ရွက်သူများကို ထောက်ပံ့ကူညီပေးရန်စရိတ်စကများလည်း ရှိပါသေးသည်။ သတင်းကောင်းနှင့်ဆိုင်သော တင့်တယ်ရာတရားစကားပါသည့်စာပေများကို ရေးသားပုံနှိပ်ခြင်းသည် ဘုရားပေး အခွင့်ထူးများ အမှန်တကယ်ဖြစ်ပေသည်။ သို့သော် စာပေစာတမ်းများကို ဝေငှဖြန့်ချိဖို့လည်း လိုပါသည်။ သို့ပြုခြင်းငှာ ကုန်ကျစရိတ်များ ရှိပါ၏။ ထို့ပြင် အစည်းအဝေးများနှင့် စည်းဝေးပွဲများ၏ စရိတ်စကအပြင် ‘သတင်းကောင်းဘက်၌ သက်သေခံ၍ ထိုတရားကိုတည်စေ’ ရန်အတွက် အနိုင်တိုက်လှန်ခဲ့သော တရားရုံးအမှုခင်းများလည်း ရှိပါသေးသည်။—ဖိလိပ္ပိ ၁:၇။
သတင်းကောင်းဟောပြောရာတွင် ယေဟောဝါ၏ကျေးကျွန်တစ်ဦးစီ အကုန်ခံသည့်အချိန်နှင့် ငွေအင်အားသည် စိတ်စေတနာအလျောက်ဖြစ်ပါသည်။ စစ်မှန်သောဝတ်ပြုမှု တိုးချဲ့ရေးကို ထောက်ပံ့ကူညီပေးခြင်းငှာ ငွေမှန်မှန်ဖယ်ထားဖို့ တမန်တော်ပေါလု အကြံပြုခဲ့ပါသည်။ “သန့်ရှင်းသူတို့အဖို့ လှူဒါန်း၍ စုထားခြင်းအမှုမှာ . . . ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း မိမိတို့ဥစ္စာတစ်ဖို့ကို ထုတ်၍စုထားကြလော့။”—၁ ကောရိန္သု ၁၆:၁၊ ၂။
မိမိလှူဒါန်းသည့်ငွေကို မည်သို့အသုံးပြုမည်အကြောင်း အမြဲအတိအကျမသိနိုင်သော်လည်း ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်း တိုးချဲ့လာခြင်းတွင် အကျိုးဖြစ်ထွန်းမှုကို တွေ့ရှိနိုင်သည်။ ၁၉၉၃ ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ်ပါ မှတ်တမ်းများအရ ကျွန်းစုနှင့်နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ခရစ်ယာန်ဓမ္မအမှုဆောင် ၄,၅၀၀,၀၀၀ ကျော်ဟောပြောနေကြောင်း သိရှိရပါသည်။ ဤမှတ်တမ်းများသည် နှလုံးကြည်နူးဖွယ်ရာဖြစ်သည်။ ထို့ကြောင့် အရွယ်အစားကို ပမာမထားဘဲ မည်သည့်အလှူအဒါန်းမဆိုသည် ကမ္ဘာချီ သတင်းကောင်းပျံ့နှံ့ရေးအတွက် အထောက်အကူပြုပါသည်။
ဤလုပ်ငန်းကို အားလုံးလှူဒါန်းပေးကမ်းသည့် ငွေအင်အားနှင့် ထောက်ပံ့ပါသည်။ အချို့သူများသည် များများပေးနိုင်ကြရာ ဟောပြောခြင်းလုပ်ငန်းအတွက် ပိုမိုအထောက်အကူဖြစ်သည်။ အခြားသူများမှာမူ ထိုမျှမပေးနိုင်ကြချေ။ သို့သော် အနည်းအကျဉ်းလှူဒါန်းသူများသည်လည်း အားငယ်စရာမလို သို့မဟုတ် မိမိတို့ပါဝင်ထောက်ပံ့မှုသည် အရာမထင်ဟူ၍ မယူမှတ်သင့်ပါ။ ယေဟောဝါရှင်သည် ထိုသို့ယူမှတ်တော်မမူသည်ကား အမှန်ပင်။ မုဆိုးမ၏အနည်းငယ်သောငွေကို ယေဟောဝါမည်မျှတန်ဖိုးထားကြောင်း ယေရှုပြောပြစဉ်က ထိုသဘောထား ထင်ရှားပါသည်။ “ဆင်းရဲသောမုဆိုးမတစ်ယောက်သည်လည်း ကြေးနီဒ င်္ဂါးနှစ်ပြားသွင်းချသည်ကို မြင်တော်မူလျှင် ‘ငါအမှန်ဆိုသည်ကား ထိုဆင်းရဲသော မုဆိုးမသည် အခြားသောသူအပေါင်းတို့ထက် သာ၍သွင်းချပြီ။ အကြောင်းမူကား ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသောစည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။”—လုကာ ၂၁:၂-၄။
ကျွန်ုပ်တို့၏ငွေရေးကြေးရေးအခြေအနေသည် မည်သို့ပင်ရှိစေကာမူ ယေဟောဝါအလိုတော်နှင့်တွေ့သော နည်းအမျိုးမျိုးဖြင့် ပေးလှူနိုင်ကြပါသည်။ ကျွန်ုပ်တို့၏ဘုရင်၊ တရားသူကြီးမင်း၏ ဘုန်းတန်ခိုးတော်ကို မည်သို့ချီးမွမ်းနိုင်ကြောင်း ဆာလံဆရာ ကောင်းစွာဖော်ပြထားသည်။ သူက– “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့; ပူဇော်သက္ကာကို ဆောင်ခဲ့လျက် တန်တိုင်းတော်သို့ ဝင်ကြလော့။” (ဆာလံ ၉၆:၈) ထို့ကြောင့် ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့အား စတင်ပေးသနားတော်မူခဲ့သဖြင့် စိတ်စေတနာအလျောက် လှူဒါန်းခြင်းအားဖြင့် ကိုယ်တော်၏ မေတ္တာတော်ပုံသက်သေကိုတုပကြစို့လေ။
[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]
ဘုရားနိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအတွက် အချို့သူများလှူဒါန်းပုံ
▫ ကမ္ဘာချီလုပ်ငန်းအတွက်ပါဝင်လှူဒါန်းခြင်း – များစွာသောသူတို့သည် “ကမ္ဘာချီလုပ်ငန်းအတွက်အလှူငွေ—မဿဲ ၂၄:၁၄” ဟုရေးထားသောအလှူငွေသေတ္တာတွင်ထည့်ဝင်ရန် မိမိတို့၏ငွေကြေးများကို စီမံခန့်ခွဲထားကြသည်။ အသင်းတော်များသည် ယင်းအလှူငွေများကို ဘရွတ်ကလင်နယူးယောက်ဌာနချုပ် သို့မဟုတ် နီးစပ်ရာဌာနခွဲရုံးသို့ လစဉ်ပေးပို့ကြသည်။
▫ ပေးလှူခြင်းများ – စေတနာအလျောက်ငွေကြေးအလှူငွေများကို ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်း၊ ပဲင်စီလ်ဘေးနီးယား၊ ၂၅ ကိုလံဘီယာကုန်း၊ ဘရွတ်ကလင်၊ နယူးယောက်၊ ၁၁၂၀၁၊ သို့လည်းကောင်း၊ အသင်း၏ဒေသခံဌာနခွဲရုံးသို့လည်းကောင်း တိုက်ရိုက်ပေးပို့နိုင်သည်။ ကျောက်မျက်ရတနာနှင့် အခြားတန်ဖိုးရှိအရာများကိုလည်းလှူဒါန်းနိုင်သည်။ ဤသို့ပေးပို့လှူဒါန်းရာတွင် လုံးလုံးလျားလျားလှူဒါန်းကြောင်းဖော်ပြသည့် စာတိုကလေးပါထည့်ပေးသင့်သည်။
▫ ကန့်သတ်ချက်ဖြင့်လှူဒါန်းခြင်းအစီအစဉ် – ကင်းမျှော်စင်အသင်းသို့ ငွေကြေးလွှဲအပ်ထားပေးနိုင်ပြီး လှူဒါန်းသူမသေဆုံးမီ သူ၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်ရှိပါက ပြန်လည်ပေးအပ်ရန်ဖြစ်သည်။
▫ အာမခံ – ကင်းမျှော်စင်အသင်းအမည်ဖြင့် အသက်အာမခံကြေးခံစားခွင့်များ၊ အငြိမ်းစားခံစားခွင့်များကို ပြုလုပ်ပေးနိုင်သည်။ သို့ပြုလိုလျှင် အသင်းမကိုအကြောင်းကြားပါ။
▫ ဘဏ်စာရင်းများ – ဘဏ်ရှင်းတမ်းများ၊ ငွေစုစာအုပ်များ၊ အငြိမ်းစားခံစားခွင့်စာရင်း (ပင်စင်စာအုပ်) များကို ဒေသခံဘဏ်စည်းကမ်းများအရ ကင်းမျှော်စင်အသင်းထံ သို့မဟုတ် ကာယကံရှင်သေဆုံးမှ လွှဲပြောင်းပေးရန်စီစဉ်နိုင်သည်။ ယင်းအစီအစဉ်တစ်စုံတစ်ခုအတွက် အသင်းမကိုအကြောင်းကြားပါ။
▫ အစုရှယ်ယာလက်မှတ်နှင့်ငွေချေးစာချုပ်များ – အစုရှယ်ယာလက်မှတ်များနှင့် ငွေချေးစာချုပ်များကို ကင်းမျှော်စင်အသင်းသို့လုံးလုံးလျားလျားပေးအပ်၍ဖြစ်စေ၊ ထပ်မံဝင်ငွေများကို လှူဒါန်းသူအားပေးရသည့် အစီအစဉ်ဖြင့်ဖြစ်စေလှူဒါန်းနိုင်သည်။
▫ အိမ်ရာအဆောက်အအုံများ – ရောင်းချနိုင်သောအိမ်ရာအဆောက်အအုံများကို ကင်းမျှော်စင်အသင်းသို့လုံးလုံးလျားလျားဖြစ်စေ လှူဒါန်းသူအသက်ရှင်နေသရွေ့နေထိုင်ရန် အပိုင်းကိုချန်လှပ်၍ဖြစ်စေ ပေးအပ်လှူဒါန်းနိုင်သည်။ ဤသို့ပေးလှူရန်စာချုပ်စာတမ်းမပြုမီ အသင်းမကိုအကြောင်းကြားသင့်သည်။
▫ သေတမ်းစာနှင့်လွှဲအပ်စာများ – ပစ္စည်းဥစ္စာ သို့မဟုတ် ငွေကြေးများကိုပဲင်စီလ်ဘေးနီးယားရှိ ကင်းမျှော်စင်ကျမ်းစာနှင့်ဝေစာအသင်းသို့ တရားဝင်သေတမ်းစာဖြင့် အမွေပေးလှူဒါန်းနိုင်သည်။ သို့မဟုတ် လွှဲအပ်စာချုပ်တွင် အသင်းမကအကျိုးခံစားခွင့်ရှိသူ အဖြစ်ပါဝင်စေနိုင်သည်။ ဤသို့ ဘာသာရေးအဖွဲ့အစည်းကိုလွှဲအပ်ရာတွင် အခွန်နှင့်ပတ်သက်သည့်အကျိုးအမြတ် တစ်စုံတစ်ခုကိုဖြစ်ထွန်းစေပေမည်။
ဤကိစ္စနှင့်ပတ်သက်၍ ထပ်မံသိလိုပါက Treasurer’s Office, Watch Tower Bible and Tract Society of Pennsylvania, 25 Columbia Heights, Brooklyn, New York 11201, သို့မဟုတ် ကင်းမျှော်စင်အသင်း၊ အမှတ် ၉၄ - ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့သို့ စာရေးမေးမြန်းနိုင်သည်။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
သင့်လှူဒါန်းငွေကို မည်သို့အသုံးပြုကြောင်း–
၁။ ဗေသလအိမ်တွင် စေတနာ့ဝန်ထမ်းများ
၂။ ဌာနခွဲရုံး ဆောက်လုပ်ခြင်း
၃။ ဘေးဒဏ်တွင် ကယ်ဆယ်ရေး
၄။ ဘုရားသခင့် နိုင်ငံတော်ခန်းမများ
၅။ သာသနာပြုများ