နာမ်ဝိညာဉ်ဆိုးများကိုမည်သူတို့ယုံသနည်း
သင့်ဘဝကို မမြင်နိုင်သောနာမ်ဝိညာဉ်များက ဩဇာသက်ရောက်နိုင်သည်ဟု သင်ယုံသလော။ မသက်ရောက်နိုင်ဟု လူများစွာတို့က အခိုင်အမာပြောကြမည်။ သူတို့သည် ဘုရားသခင်ရှိကြောင်း အသိအမှတ်ပြုလျက်နှင့် လူထက်အစွမ်းသတ္တိသာလွန်သော ဆိုးသွမ်းမှုလုပ်ဆောင်နေသူများရှိသည်ဟူသည့် အယူအဆကိုမူ ကဲ့ရဲ့ပြောင်လှောင်ကြသည်။
အနောက်တိုင်းတစ်ခွင်တွင် နာမ်ဝိညာဉ်များရှိကြောင်းကို မယုံကြည်ကြခြင်းမှာ ကမ္ဘာသည် ကောင်းကင်နှင့်မြေအောက်မီးငရဲတို့ကြား စကြဝဠာ၏ဗဟိုချက်မနေရာတွင် တည်ရှိသည်ဟု ခရစ်ယာန်ဘောင်က ရာစုနှစ်ပေါင်းများစွာ သွန်သင်လာခဲ့သောကြောင့်ဖြစ်သည်။ ယင်းသွန်သင်ချက်အရ နတ်ဆိုးများမှာ ငရဲဆိုင်ရာကိစ္စများကို စီမံခန့်ခွဲစဉ် ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၏သုခချမ်းသာကို ခံစားခဲ့ကြရသည်ဟူ၏။
သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိမှုများက စကြဝဠာ၏အနေအထားနှင့်ပတ်သက်၍ မှားယွင်းသောအယူအဆကို လူများငြင်းပယ်စေခဲ့ရာ နာမ်ဝိညာဉ်သတ္တဝါများရှိကြောင်းယုံကြည်ခြင်းသည်လည်း ခေတ်မစားတော့ချေ။ ဗြိတိန်စွယ်စုံကျမ်းသစ် ဤသို့ဖော်ပြထားသည်– “၁၆ ရာစုနှစ် ကိုပါနီကန်ခေတ်ပြောင်းတော်လှန်ရေး (ပိုလန်လူမျိုးနက္ခတ္တပညာရှင် ကိုပါနီးကပ်စ်၏သီအိုရီများပေါ်တွင် အခြေပြုထား) ၏အကျိုးက ကမ္ဘာသည် စကြဝဠာ၏အလယ်ဗဟိုတွင်ရှိခြင်းမဟုတ်ဘဲ အတိုင်းအဆမရှိသည့်စကြဝဠာ အတွင်းရှိ နဂါးငွေ့တန်းတစ်ခု၏ အလွန့်အလွန်သေးငယ်သောအစိတ်အပိုင်းဖြစ်သည့် နေမိသားစုထဲမှ သာမန်ဂြိုဟ်လေးတစ်လုံးမျှသာဖြစ်ပြီး—ကောင်းကင်တမန်များနှင့် နတ်ဆိုးများဆိုင်ရာအယူအဆသည် လုံးဝအပ်စပ်မှုမရှိဘဲဖြစ်ဟန်ရှိသည်။”
ဆိုးသွမ်းသောနာမ်ဝိညာဉ်များရှိသည်ကို လူအများမယုံကြည်ကြသော်လည်း ယုံကြည်သူသန်းပေါင်းများစွာရှိနေပြန်သည်။ အဆင့်နိမ့်ကျသွားသောကောင်းကင်တမန်များသည် အတိတ်တွင်ဖြစ်စေ၊ မျက်မှောက်အချိန်တွင်ဖြစ်စေ ဘာသာများစွာတို့တွင် အရေးကြီးကဏ္ဍမှပါဝင်လုပ်ဆောင်သည်။ ဤကောင်းကင်တမန်ဆိုးများသည် ဝိညာဏရေးရာကို ဖျက်ဆီးသူများအဖြစ်အနေနှင့်အပြင် စစ်ပွဲများ၊ အငတ်ဘေးများ၊ မြေငလျင်များကဲ့သို့သော ဘေးအန္တရာယ်များကို ဖြစ်ပေါ်စေသူများအဖြစ်လည်းကောင်း၊ ဖျားနာမှု၊ စိတ်ဝေဒနာနှင့်သေခြင်းတို့ကို တိုးပွားစေသူများအဖြစ်လည်းကောင်း ယူမှတ်ခံရကြသည်။
ခရစ်ယာန်နှင့်ဂျူးဘာသာတို့တွင် အဓိကနာမ်ဝိညာဉ်ဆိုးဖြစ်သည့်စာတန်မာရ်နတ်ကို မွတ်စလင်ဘာသာက အဲဘလစ်စ်ဟုခေါ်သည်။ ရှေးခေတ်ပါးရှားဘာသာတစ်ခုဖြစ်သည့် ဇိုရိုဝက်စ္စထရီယန်နစ်ဇမ်ဘာသာတွင် အယ်န်ဂရာမိုင်န်ယူဟုခေါ်သည်။ စီ.အီး. ဒုတိယနှင့်တတိယရာစုများတွင် ထွန်းကားလာသော နော့စ်တစ်ဘာသာတွင်မူ ဝန်တိုပြီးယုတ်ညံ့သော၊ လူသားအများစုတို့က အသိပညာကင်းမဲ့စွာကိုးကွယ်ခြင်းကိုခံရသော ဘုရားတစ်ဆူ၏အမည်ဖြစ်သည့် ဒဲမီးရပ်ဂျ်အဖြစ် ယူမှတ်ခံရသည်။
အဆင့်နိမ့်သောနာမ်ဝိညာဉ်ဆိုးများသည် အရှေ့တိုင်းဘာသာရေးများတွင် အဓိကပါဝင်လုပ်ဆောင်ကြကြောင်း ထင်ရှားသည်။ ဟိန္ဒူဘာသာက အစူရပ်စ် (နတ်ဆိုးများ) သည် ဒဲဗတ်စ် (ဘုရားများ) ကိုဆန့်ကျင်သည်ဟု ယုံကြည်ကြသည်။ အစူရပ်စ်များတွင် အထူးကြောက်စရာကောင်းသူများမှာ သင်္ချိုင်းများတွင် ချောက်လှန့်တတ်သော စက်ဆုပ်ရွံရှာဖွယ်အသွင်ရှိ ရပ်ခ်ရှာစပ်များဖြစ်သည်။
အချို့မူ နတ်ဆိုးဟူသည် လူတစ်ယောက်အား အလိုဆန္ဒများချုပ်ငြိမ်းရာဖြစ်သည့်နိဗ္ဗာန်သို့ မရောက်အောင်တားဆီးသည့် ဥပဓိရုပ်ရှိသောစွမ်းအားများဟု ယုံကြည်ကြသည်။ ယင်းတို့ထဲတွင် အကြီးဆုံးစုံစမ်းနိုင်သူမှာ မာရာဖြစ်ပြီး သူ့တွင် ရာတိ (ဆန္ဒ)၊ ရာဂ (သာယာမှု) နှင့် တန်ဟာ (ငြိမ်သက်မှုမရှိခြင်း) ဟူသော သမီးသုံးယောက်ရှိသည်။
တရုတ်လူမျိုးဝတ်ပြုသူများက မီးပုံများ၊ မီးရှူးတိုင်များ၊ ဗျောက်အိုးများကိုအသုံးပြု၍ ဂွာ ခေါ် သဘာဝနတ်ဆိုးများကို ကာကွယ်ရန်ပြုကြသည်။ ဂျပန်ဘာသာရေးများကလည်း ယဇ်ပရောဟိတ်တစ်ပါးက မနှင်ထုတ်မခြင်း လူကိုပူးကပ်နေတတ်သော ကြောက်စရာကောင်းသည့် တယ်န်ဂူ ခေါ်နာမ်ဝိညာဉ်များအပါအဝင် နတ်ဆိုးများစွာရှိကြောင်းယုံကြည်ကြသည်။
အာရှ၊ အာဖရိက၊ အိုရှီအယ်နီးယားနှင့် အမေရိကနိုင်ငံများရှိ ယဉ်ကျေးမှုမထွန်းကားသေးသောဘာသာများတွင် နာမ်ဝိညာဉ်သတ္တဝါများသည် အခြေအနေများနှင့် သူတို့၏စိတ်သဘောထားဆွဲဆောင်မှုများပေါ်မူတည်၍ လူများကို ကူညီခြင်း သို့မဟုတ် ဒုက္ခပေးခြင်းများကိုပြုတတ်ကြသည်။ ဘေးအန္တရာယ်ကင်းလွတ်ရန်နှင့် အကျိုးခံစားရရန် လူတို့သည် ထိုနာမ်ဝိညာဉ်များကိုဆည်းကပ်ကြသည်။
ယင်းတို့အားလုံးအပြင် မှော်အတတ်နှင့်နတ်ဝိဇ္ဇာအတတ်များကို ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ကြပြီး ဆိုးသွမ်းသောနာမ်ဝိညာဉ်များကိုယုံကြည်ခြင်းသည် ရှည်လျားသည့်လူ့သမိုင်းတစ်လျှောက် ထိုးဖောက်လာခဲ့သည်။ သို့သော် ထိုသို့သောသက်ရှိသတ္တဝါများတည်ရှိကြောင်း ယုံကြည်ခြင်းသည် ကျိုးကြောင်းခိုင်လုံပါသလော။ သမ္မာကျမ်းစာက သူတို့တည်ရှိကြောင်းဖော်ပြထားသည်။ သို့သော် သူတို့တည်ရှိသည်ဆိုလျှင် သူတို့သည် လူသားများကိုသြဇာလွှမ်းမိုး၍ဒုက္ခပေးရန် အဘယ်ကြောင့်ဘုရားသခင်ခွင့်ပြုထားသနည်း။