ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၂/၁၅ စာ. ၂၂-၂၅
  • အန္တရာယ်မြင်လျှင် ဝေးဝေးရှောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အန္တရာယ်မြင်လျှင် ဝေးဝေးရှောင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အန္တရာယ်ဖြစ်လောက်အောင် နေထိုင်ခဲ့သူ
  • အန္တရာယ်ကို ရှောင်ရှားခြင်း
  • အန္တရာယ်မှ အလွတ်ရုန်းထွက်၍ ရှောင်ကြဉ်နေခြင်း
  • လောတမိန်းမ နောက်သို့လှည့်ကြည့်မိတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • လောတရဲ့ဇနီးကို သတိရပါ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ တခြားသူတွေကို ကူညီပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါအား အပြစ်မဆိုနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၂/၁၅ စာ. ၂၂-၂၅

အန္တရာယ်မြင်လျှင် ဝေးဝေးရှောင်

သာမန်လူအများသည် သင်္ဘောသားများလောက် အန္တရာယ်ကို အကဲမဆတ်ကြပါ။ သင်္ဘောသားများသည် ရာသီဥတု၊ ဒီရေ၊ ကမ်းခြေဘက်သို့သူတို့၏သင်္ဘောနီးကပ်လာမှုကို အမြဲသတိပြုနေကြရသည်။ ဒီရေနှင့် လေတို့ပေါင်း၍ သင်္ဘောကို ကမ်းခြေဘက်သို့ တွန်းပို့သောအခါ သင်္ဘောသားများသည် ခက်ခဲစွာလုပ်ဆောင်ရပြီး အန္တရာယ်ကြုံရတော့သည်။

ကမ်းသို့ဦးတည်တိုက်ရာလေကြောင်းဟုခေါ်သည့် ဤသို့သောအခြေအနေမျိုးတွင် သင်္ဘောသားသည် အထူးသဖြင့်ရွက်လှေကို မောင်းနှင်ပါက မိမိ၏သင်္ဘောနှင့်ကမ်းခြေ အကွာအဝေးကို သတိပြုနေရပါမည်။ သင်္ဘောသားလက်စွဲစာအုပ်တစ်အုပ်က သင်္ဘောသားတစ်ဦးတွေ့ကြုံနိုင်သမျှတွင် ‘ကမ်းခြေသို့ဦးတည်တိုက်သည့်လေပြင်းတွင် မိခြင်းသည် အဆိုးရွားဆုံးဖြစ်နိုင်သည်’ ဟုရှင်းပြထားသည်။ ဖြေရှင်းရန် အကြံပြုချက်ကား အဘယ်နည်း။ ‘ဘေးကျပ်နံကျပ်အခြေအနေမျိုး သင့်သင်္ဘောကို ဘယ်သောအခါမျှ မရောက်စေပါနှင့်။’ သောင်တင်ခြင်း၊ သို့မဟုတ် ကျောက်ပေါသောကမ်းခြေတွင် သင်္ဘောပြိုပျက်ရခြင်းအဖြစ်ကို ရှောင်ကြဉ်ရန် အလုံခြုံဆုံးနည်းကား အန္တရာယ်ကို ခပ်ဝေးဝေးသာ ရှောင်ကြဉ်နေရန်ဖြစ်သည်။

ခရစ်ယာန်များသည် သူတို့၏ယုံကြည်ခြင်းသင်္ဘောအား ပျက်စီးစေနိုင်သည့်အန္တရာယ်များကို သိမြင်တတ်ရမည်။ (၁ တိမောသေ ၁:၁၉) မျက်မှောက်အချိန်တွင် မယိမ်းမယိုင် ဆက်သွားနေရန် အခြေအနေများက ခွင့်မပြုပါ။ သင်္ဘောတစ်စီးသည် လေနှင့် ဒီရေများကြောင့် လမ်းကြောင်းလွဲနိုင်သည်နည်းတူ မစုံလင်သောဇာတိသဘော၏ အမြဲတစေ ဆွဲဆောင်မှုနှင့် ယခု မုန်တိုင်းအဆင့်အထိ ပြင်းထန်နေသောလောကစိတ်ဓာတ်၏မလျှော့တမ်းတိုက်ခိုက်မှုကြောင့် ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံ ဘဝအသက်တာများလည်း ဦးတည်မှုလွဲမှားသွားနိုင်ပါသည်။

အန္တရာယ်ဖြစ်လောက်အောင် နေထိုင်ခဲ့သူ

အန္တရာယ်ထူပြောသော ဝိညာဏရေထုထဲ မသိမသာရောက်ရှိသွားရန် လွယ်ကူလှသည်တကား!

ကုန်းဝိုင်းသည့်ရေဖြစ်သော ပင်လယ်သေအနီး ဖြစ်ပျက်ခဲ့သည့် ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ ဤတွင် လောတ၏ဥပမာကို ဆိုလိုနေခြင်းဖြစ်သည်။ သောဒုံမြို့တွင် နေထိုင်ရန် သူ့ဆုံးဖြတ်ချက်ကြောင့် သူသည် ပြဿနာများစွာနှင့် အကြီးအကျယ်ဝမ်းနည်းကြေကွဲဖြစ်ခဲ့ရရှာသည်။ အသီးသီးတို့၏ နွားကျောင်းသားတို့သည် ခိုက်ရန်ဖြစ်ကြသည့်အခါ အာဗြဟံနှင့်လောတတို့သည် တသီးတခြား ခွဲခွာနေထိုင်ရန် သဘောတူညီခဲ့ကြသည်။ လောတသည် ယော်ဒန်ခရိုင်ကိုရွေးချယ်၍ ထိုခရိုင်ရှိမြို့များနားမှာ တဲထိုးနေထိုင်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။ သောဒုံမြို့သားများ၏ ဘဝပုံစံသည် သူ၏စိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲသော်လည်း နောင်တွင် ထိုမြို့၌ အခြေချရန် သူစိတ်ဆုံးဖြတ်ခဲ့သည်။—ကမ္ဘာဦး ၁၃:၅-၁၃; ၂ ပေတရု ၂:၈။

ယေဟောဝါ၏စိတ်တော်ကို နာစေ၍ ပတ်ဝန်းကျင်ရှိလူထုကပင် ကန့်ကွက်ရသည်တိုင် စာရိတ္တယိုယွင်းမှုဘက် နာမည်ကြီးသောမြို့တွင် လောတ အဘယ်ကြောင့် ဆက်နေထိုင်ခဲ့ရသနည်း။ သောဒုံမြို့သည် ကြီးပွားတိုးတက်၍ မြို့နေဘဝ၏စည်းစိမ်ကို လောတဇနီးနှစ်ခြိုက်ခဲ့မည်မှာမလွဲပေ။ (ယေဇကျေလ ၁၆:၄၉၊ ၅၀) သောဒုံမြို့၏ စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုက လောတကိုပင် ဆွဲဆောင်ကောင်းဆွဲဆောင်ခဲ့ပေမည်။ ထိုနေရာ၌ နေထိုင်ဖို့သူမည်သို့အကြောင်းပြစေကာမူသူပြုပြီးနောက်ချက်ချင်း ထွက်ခွာခဲ့သင့်သည်။ ယေဟောဝါ၏ကောင်းကင်တမန်များ မရမက တိုက်တွန်းနှိုးဆော်မှုကြောင့်သာ ထိုအန္တရာယ်ရှိ အရပ်ဒေသကို လောတ၏မိသားစု နောက်ဆုံးစွန့်လွှတ်ခဲ့ကြသည်။

ကမ္ဘာဦးကျမ်းတွင် ဤသို့မှတ်တမ်းတင်ထားသည်– “မိုးသောက်သောအခါ၊ ကောင်းကင်တမန်တို့သည် လောတကို ဆော်လျက်၊ သင်သည်ထ၍၊ ဤအရပ်၌ရှိသော မယားနှင့် သမီးနှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ ဆုံးခြင်းသို့ ရောက်လိမ့်မည်။” ဤသို့ အပူတပြင်းသတိပေးသော်လည်း လောတသည် “ဖင့်နွှဲ” နေသည်။ နောက်ဆုံး ကောင်းကင်တမန်များသည် “သူနှင့်သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကို လက်ဆွဲ၍၊ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။”—ကမ္ဘာဦး ၁၉:၁၅၊ ၁၆။

မြို့စွန်ရောက်သောအခါ ကောင်းကင်တမန်တို့သည် လောတ၏မိသားစုအား နောက်ဆုံးမှာကြားချက်များပေးခဲ့သည်– “ပြင်သို့ရောက်သောအခါ၊ သင်သည် အသက်ချမ်းသာရခြင်းငှာ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်။” (ကမ္ဘာဦး ၁၉:၁၇) သို့တိုင် ထိုအရပ်ဒေသမှ လုံးလုံးစွန့်ခွာသွားမည့်အစား လောတသည် အနီးအနားရှိ ဇောရမြို့သို့ သွားခွင့်တောင်းဆိုခဲ့သည်။ (ကမ္ဘာဦး ၁၉:၁၈-၂၂) လောတသည် အန္တရာယ်ကို ဝေးနိုင်သမျှ ဝေးဝေးရှောင်ကြဉ်ရန် စိတ်မပါကြောင်း ထင်ရှားသည်။

ဇောရမြို့သို့အသွားတွင် လောတ၏ဇနီးသည် သူမစွန့်ပစ်ခဲ့ရာများကို တမ်းတမိကာ နောက်သို့လှည့်ကြည့်ခဲ့သည်။ ကောင်းကင်တမန်များ၏ ညွှန်ကြားချက်ကို သူဥပေက္ခာပြုသောကြောင့် သူမ အသက်ဆုံးရှုံးခဲ့လေသည်။ လောတ—ဖြောင့်မတ်သောသူ—မူကား သမီးနှစ်ယောက်နှင့်အတူ မြို့၏ပျက်စီးခြင်းမှ အသက်ချမ်းသာရခဲ့သည်။ သို့သော် အန္တရာယ်နှင့် အနီးကပ်နေရန် ရွေးချယ်ခဲ့ခြင်းအတွက် အဖိုးအခ ကြီးမားလှလေခြင်း!—ကမ္ဘာဦး ၁၉:၁၈-၂၆; ၂ ပေတရု ၂:၇။

အန္တရာယ်ကို ရှောင်ရှားခြင်း

အန္တရာယ်ရှိသော ပတ်ဝန်းကျင် အနီးတစ်ဝိုက် သို့မဟုတ် ထိုတွင်ဖင့်နွှဲကြန့်ကြာနေမည်ဆိုလျှင် မည်သို့ဖြစ်ပျက်နိုင်ကြောင်း လောတ၏ ခါးသီးသောတွေ့ကြုံမှုက တင်ပြပါသည်။ သင်္ဘောသားကောင်းများနည်းတူ ဤကဲ့သို့သောဘေးကျပ်နံကျပ်အခြေအနေမျိုးတွင် မိမိကိုယ်မိမိရောက်သွားစေခြင်းကို ခွင့်မပြုရန် ဉာဏ်ပညာက ညွှန်ကြားပေးပါသည်။ ကျွန်ုပ်တို့ရှောင်ရှားရမည့် ဘေးအန္တရာယ်များသောနယ်ပယ်အချို့ကား အဘယ်နည်း။ ခရစ်ယာန်အချို့သည် စီးပွားရေးတွင် ပါဝင်လွန်းခြင်း၊ လောကီအပေါင်းအသင်းတို့နှင့် ရင်းရင်းနှီးနှီးပေါင်းသင်းခြင်း၊ အိမ်ထောင်ပြုနိုင်သည့်လူလွတ်မဟုတ်ဘဲနှင့် လိင်ခြားသူတစ်ဦးတစ်ယောက်ကို ခင်တွယ်စွဲလမ်းသွားခြင်းဖြင့် ခရစ်ယာန်အချို့သည် လမ်းလွဲခဲ့ပါပြီ။

ဤသို့သောအခြေအနေအသီးသီးတွင် ပညာရှိသောလမ်းစဉ်မှာ အန္တရာယ်ကို ဝေးဝေးရှောင်ခြင်းဖြစ်သည်။ ဥပမာ၊ မက်မောလောက်သည့်စီးပွားရေးအခွင့်အလမ်းက ဖြစ်စေနိုင်သည့် ဝိညာဏအန္တရာယ်ကို သတိပြုမိပါသလော။ ညီအစ်ကိုအချို့သည် သူတို့၏မိသားစု၊ သူတို့၏ကျန်းမာရေး၊ သူတို့၏ သီအိုကရက်တစ်တာဝန်များကို ဆုံးရှုံးခံပြီး စွန့်စားရသောစီးပွားရေးလုပ်ငန်း၌ ကိုယ်ကိုယ်ကို စုန်းစုန်းမြှုပ်နှံခဲ့ကြသည်။ တစ်ခါတစ်ရံ ငွေရတတ်ခြင်းမှ သက်သောင့်သက်သာ ဘဝပုံစံရှိနိုင်ခြင်းသည် သွေးဆောင်စရာဖြစ်ပေမည်။ အခြားအချိန်၌မူ လုပ်ငန်းတွင် အကွက်မြင်တတ်ခြင်းစွမ်းရည်ကို စမ်းသပ်လိုသည့် စိန်ခေါ်ချက်၏ တိုက်တွန်းမှုကိုခံကြရသည်။ အချို့ ကြပြန်လျှင် အခြားညီအစ်ကိုများအတွက် လုပ်ငန်းကိုင်တာရှိစေရန် သို့မဟုတ် ကမ္ဘာချီလုပ်ငန်းအတွက် ပိုမိုရက်ရောစွာ လှူဒါန်းပေးကမ်းနိုင်ရန် ရည်ရွယ်ချက်အတွက်ဖြစ်သည်ဟု ဆိုပါသည်။ သူတို့လုပ်ငန်း အဆင်ပြေလာသည့်အခါ ဘုရားသခင့်နိုင်ငံတော်ရေးရာကိစ္စများအတွက် အချိန်ပိုပေးနိုင်ပါလိမ့်မည်ဟု ဤသူတို့ ယူမှတ်ကောင်းယူမှတ်ကြပေမည်။

ထောက်ချောက်အချို့ကား အဘယ်နည်း။ စီးပွားရေးအခြေအနေ မရေမရာဖြစ်ခြင်းနှင့် “အဆင်သင့်ခြင်း” ကြောင့် အကောင်းဆုံးတွက်ချက်ကြံစည်ထားသည့် ကူးသန်းရောင်းဝယ်မှုလုပ်ငန်းသည် ပျက်ပြားသွားနိုင်ပါသည်။ (ဒေသနာ ၉:၁၁) အကြွေးများစွာနှင့် ရုန်းကန်ရခြင်းသည် စိတ်သောကဝေဒနာရောက်စေ၍ ဝိညာဉ်ရေးရာများအတွက် အချိန်မပေးနိုင်သည်တိုင် ဖြစ်စေပေမည်။ စီးပွားရေးလုပ်ငန်း အလွန်ကောင်းနေသည့်တိုင် အချိန်နှင့်ဉာဏ်စွမ်း များစွာကုန်ခံနေရ၍ လောကီအပေါင်းအသင်း အတော်အတန်ပြုရန် လိုနေပါလိမ့်မည်။

စပိန်နိုင်ငံရှိ ခရစ်ယာန်အကြီးအကဲတစ်ဦးသည် အာမခံကုမ္ပဏီတစ်ခုမှ မက်မောစရာကမ်းလှမ်းချက်တစ်ခု ရခဲ့ချိန်တွင် သူသည် စီးပွားရေးအကျပ်အတည်း တွေ့ကြုံနေပါသည်။ လခစားမဟုတ်သည့် အာမခံကိုယ်စားလှယ်အဖြစ် ဝင်ငွေကောင်းကောင်း ရနိုင်စရာအကြောင်းရှိသော်လည်း နောက်ဆုံးတွင် ယင်းကမ်းလှမ်းချက်ကို သူငြင်းဆိုခဲ့ပါသည်။ “လွယ်လွယ်နဲ့တော့ အဲဒီလို မဆုံးဖြတ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်ငြင်းလိုက်မိတာကို ဝမ်းသာတယ်။ တစ်ကြောင်းကတော့ ကျွန်တော့်ရဲ့ သီအိုကရက်တစ်အဆက်အသွယ်ကတစ်ဆင့်—သွယ်ဝိုက်နည်းနဲ့တောင်—ငွေရတတ်သူ မဖြစ်ချင်ဘူး။ ကိုယ့်အထက်မှာ ဆရာရယ်လို့မရှိတာကို ကျွန်တော်သဘောကျပေမဲ့ ကျွန်တော် အတော်ခရီးထွက်ရမှာ။ နောက်လည်း အဲ့ဒီလုပ်ငန်းကို အချိန်ပေးရတော့မှာ။ နောက်ဆုံး ကျွန်တော့်အိမ်ထောင်ကိုရော၊ အသင်းတော်ကိုပါ လျစ်လျူရှုရမဲ့ကိန်း ဆိုက်လာမှာဘဲ။ အဲဒီထက် ဒီကမ်းလှမ်းချက်ကို လက်ခံခဲ့မယ်ဆိုရင် ကိုယ့်ဘဝကိုယ် မထိန်းနိုင်တဲ့အထိ ဖြစ်သွားနိုင်စရာအကြောင်းရှိတယ်ဆိုတာ ကျွန်တော်သဘောပေါက်တယ်” ဟုသူရှင်းပြပါသည်။

မည်သည့်ခရစ်ယာန် တစ်ဦးတစ်ယောက်မျှ ကိုယ့်ဘဝကိုယ် မထိန်းသိမ်းနိုင်သည်အထိ မဖြစ်စေနိုင်ပါ။ အငြိမ်းစားယူ၍ သက်သောင့်သက်သာနေရန် စည်းစိမ်ဥစ္စာ စုဆောင်းခဲ့သော သူတစ်ဦး၏ ပုံဥပမာကို ပြောပြခြင်းအားဖြင့် ယင်းလမ်းစဉ်၏ ဝမ်းနည်းဖွယ်အကျိုးရလဒ်ကို ယေရှုဖော်ပြတော်မူခဲ့သည်။ သို့သော် ငွေအလုံအလောက်စုမိပြီဟု သူစိတ်ဆုံးဖြတ်သောညတွင်ပင် ထိုသူဌေး သေဆုံးခဲ့ရလေသည်။ “ထိုအတူ ကိုယ်အဖို့ ဘဏ္ဍာများကိုဆည်းပူး၍၊ ဘုရားသခင်ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား၊ ထိုသူဌေးနှင့်တူသည်” ဟု ယေရှုသတိပေးတော်မူခဲ့သည်။—လုကာ ၁၂:၁၆-၂၁; ယာကုပ် ၄:၁၃-၁၇ နှိုင်းယှဉ်။

လောကီသားတို့နှင့် ကြာရှည်ပေါင်းသင်းခြင်းကိုလည်း ကျွန်ုပ်တို့သတိပြုသင့်သည်။ မိမိအိမ်နီးချင်း၊ ကျောင်းနေဖက်၊ အလုပ်လုပ်ဖော်ကိုင်ဖက် သို့မဟုတ် စီးပွားဖက်တစ်ဦးဖြစ်နိုင်သည်။ ‘သက်သေခံများကို သူလေးစားတာပဲ၊ စာရိတ္တကောင်းသူပဲ၊ အလင်းတရားအကြောင်းကိုလည်း တစ်ခါတစ်ရံဆွေးနွေးပြောဆိုကြတာပဲ’ ဟူ၍ ကျွန်ုပ်တို့အကြောင်းပြပေလိမ့်မည်။ သို့တိုင် များစွာသောသူတို့၏အတွေ့အကြုံမှ သိရှိရသည်ကား အတန်ကြာသောအခါ ဝိညာဏညီအစ်ကို၊ ညီအစ်မတစ်ဦးထက် ဤသို့သော လောကီအပေါင်းအသင်းကို ပိုမက်မောလာနိုင်ပေမည်။ ဤသို့သော မိတ်ဆွေဖွဲ့ခြင်း၏ အန္တရာယ်အချို့ကား အဘယ်နည်း။

ကျွန်ုပ်တို့အသက်ရှင်နေရသည့်အချိန်ကာလသည် အရေးတကြီးလုပ်ဆောင်ရချိန်ဖြစ်ကြောင်းကို ဂရုမစိုက်ခြင်း သို့မဟုတ် ဝိညာဏရေးရာများထက် ရုပ်ပိုင်းဆိုင်ရာ၌ ပိုမိုစိတ်ဝင်စားခြင်းအဖြစ်သို့ ရောက်သွားနိုင်ပါသည်။ လောကီမိတ်ဆွေတစ်ဦး၏စိတ်နှင့်မတွေ့မည်ကို စိုးရိမ်၍ လောကက လက်ခံအောင်နေချင်စိတ် ပေါ်လာနိုင်စရာအကြောင်းရှိသည်။ (၁ ပေတရု ၄:၃-၇ နှိုင်းယှဉ်။) တစ်ဖက်တွင်မူ ဆာလံဆရာဒါဝိဒ်သည် ယေဟောဝါကို ချစ်မြတ်နိုးသူများနှင့်သာ ပေါင်းသင်းလိုခဲ့သည်။ “အကျွန်ုပ်သည် သတင်းတော်ကို ညီအစ်ကိုတို့အား ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်းပါမည်” ဟုသူရေးသားခဲ့သည်။ (ဆာလံ ၂၂:၂၂) ဒါဝိဒ်၏ပုံသက်သေကို ကျွန်ုပ်တို့အတုယူပြီး ကျွန်ုပ်တို့အား ဝိညာဉ်ရေးအရ တည်ဆောက်မှုဖြစ်သူများနှင့် ရွေးချယ်ပေါင်းသင်းမည်ဆိုလျှင် အကာအကွယ်ရရှိပါလိမ့်မည်။

အခြားအန္တရာယ်ရှိသောလမ်းစဉ်မှာ အိမ်ထောင်ပြုနိုင်သည့် လူလွတ်မဟုတ်ဘဲနှင့် လိင်ခြားသူတစ်ဦးကို ခင်တွယ်စွဲလမ်းသွားခြင်းဖြစ်သည်။ စွဲလမ်းမက်မောစရာကောင်းပြီး အားရှိပါးရှိ စကားအပြန်အလှန်ပြောဆို၍ကောင်းသည့်ပြင် မိမိနှင့်ဟာသဉာဉ်ချင်း၊ အမြင်ချင်းတူသူပင်ဖြစ်သူကို နှစ်သက်မိသည့်အခါ အန္တရာယ်ပေါ်ပေါက်လာနိုင်ပါသည်။ ‘ဘယ်အတိုင်းအတာအထိဘဲ သွားရမယ်ဆိုတာကို ငါသိပါတယ်။ ငါတို့ဟာ မိတ်ဆွေတွေပါ’ ဟုအကြောင်းပြကာ သူ၏ပေါင်းသင်းဆက်ဆံမှု၌ နှစ်ခြိုက်နေပေလိမ့်မည်။ မည်သို့ဆိုစေကာမူ မိမိ၏ခံစားချက်များကို စေ့ဆော်မိပြီဆိုလျှင် ထိန်းချုပ်ရန် မလွယ်ကူတော့ချေ။

အိမ်ထောင်သည် ညီအစ်မငယ်တစ်ဦးဖြစ်သော မေရီသည် မိုက်ကယ်လ်၏ပေါင်းသင်းဆက်ဆံမှု၌ နှစ်ခြိုက်ခဲ့သည်။aသူသည် ခင်စရာကောင်းသော ညီအစ်ကိုတစ်ဦးဖြစ်သော်လည်း မိတ်ဆွေမဖွဲ့တတ်ပါ။ သူတို့နှစ်ဦးမူကား အကြိုက်ချင်း အတော်အတန်တူညီ၍ တစ်ဦးနှင့်တစ်ဦး နောက်ပြောင်ရယ်မောနိုင်ကြပါသည်။ လူပျိုတစ်ဦးသည် မိမိအား ရင်ဖွင့်ဝံ့သည်ကို မေရီသဘောကျနေသည်။ မကြာမီပင် အပြစ်ကင်းသောမိတ်ဆွေများအဖြစ်မှ အလွန်ချစ်ခင်တွယ်တာသွားကြသည်။ သို့နှင့် သူတို့သည် မကြာခဏတွေ့ဆုံပေါင်းသင်းရာမှ နောက်ဆုံး မတရားမေထုန်ပြုမိကြသည်။ “အစကတည်းက အန္တရာယ်ကို ကျွန်မမြင်လိုက်ဖို့ကောင်းတယ်” ဟုမေရီ သက်ပြင်းချဝန်ခံပါသည်။ “ခင်မင်မှုတိုးပွားလာတာနဲ့ ကျွန်မတို့နှစ်ယောက်ဟာ သဲဗွက်အိုင်ထဲကျမိသလိုပဲ တစ်ယောက်အပေါ်တစ်ယောက် ဆွဲငင်အား ပိုပြင်းပြလာကြတယ်။”

“စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း” ဟူသော ကျမ်းစာသတိပေးချက်ကို ကျွန်ုပ်တို့ဘယ်သောအခါမျှ မေ့လျော့၍မဖြစ်ပါ။ (ယေရမိ ၁၇:၉) ကျွန်ုပ်တို့၏စဉ်းလဲသောနှလုံးသည် ကျောက်ဆောင်ပေါသောအရပ်သို့ ရွက်လှေကို တိုက်ခတ်သည့်ဒီရေနည်းတူ အန္တရာယ်ရှိသော ခင်မင်ရင်းနှီးသည့်အဖြစ်သို့ တွန်းပို့နိုင်ပါသည်။ ဖြေရှင်းနည်းကား အဘယ်နည်း။ အိမ်ထောင်ပြုနိုင်သည့် လူလွတ်တစ်ဦးမဟုတ်လျှင် အသင်ခင်မင်နိုင်သောသူနှင့် ခပ်လှမ်းလှမ်းနေရန် တမင်တကာကြိုးစားပါ။—သု. ၁၀:၂၃။

အန္တရာယ်မှ အလွတ်ရုန်းထွက်၍ ရှောင်ကြဉ်နေခြင်း

ကျွန်ုပ်တို့သည် ဝိညာဏအန္တရာယ်ရှိအခြေအနေတွင် ရောက်နှင့်နေကြောင်း တွေ့ရှိပါက မည်သို့ပြုမည်နည်း။ သင်္ဘောသားများသည် လေနှင့်ဒီရေ၏ တွန်းအားကြောင့် ကျောက်ပေါသောကမ်းခြေသို့ တိုက်ခတ်ခံနေရသည့်အခါ သူတို့သင်္ဘောများကို အတတ်နိုင်ဆုံးကြိုးစား ကမ်းခွာ၍ လုံခြုံရာ ရေလယ်သို့မောင်းနှင်တတ်ကြသည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့လည်း ကိုယ်ကိုယ်ကို အလွတ်ရုန်းကန်ထွက်ကြရမည်။ ကျမ်းစာဆိုင်ရာသြဝါဒကို လိုက်နာခြင်း၊ ယေဟောဝါအကူအညီအတွက် စွဲစွဲမြဲမြဲ တောင်းဆိုခြင်း၊ ရင့်ကျက်သောခရစ်ယာန်ညီအစ်ကိုများ၏ အကူအညီကို တောင်းခံခြင်းအားဖြင့် အန္တရာယ်ကင်းသောလမ်းခရီးပေါ် ပြန်ရောက်နိုင်ပါလိမ့်မည်။ စိတ်နှလုံးငြိမ်သက်မှုရှိသည့် ကောင်းချီးမင်္ဂလာကို တစ်ဖန်ပြန်ရရှိလာပေမည်။—၁ သက်သာလောနိတ် ၅:၁၇။

ကျွန်ုပ်တို့၏အခြေအနေများသည် မည်သို့ပင်ရှိစေကာမူ ပညာရှိရှိနှင့် ‘လောကီဆိုင်ရာ အရာများ’ မှဝေးဝေး ရှောင်ကြဉ်နေသင့်ပါသည်။ (ဂလာတိ ၄:၃) လောတနှင့်မတူဘဲ အာဗြဟံသည် နှစ်ချီ၍ တဲထိုးနေရသည်တိုင် လောကီဆန်သော ခါနာန်လူမျိုးများနှင့် တစ်သီးပုဂ္ဂလနေထိုင်ရန် ရွေးချယ်ခဲ့ပါသည်။ သူ့မှာ ဇိမ်ခံပစ္စည်းအချို့ ရှိချင်မှရှိမည်။ သို့သော် သူ၏ရိုးရှင်းသောဘဝပုံစံက သူ့အားဝိညာဉ်ရေးရာ၌ ထိန်းသိမ်းကာကွယ်ပေးခဲ့သည်။ သို့ဖြစ်၍ ယုံကြည်ခြင်းသင်္ဘော မပျက်စီးရဘဲ ‘ယုံကြည်သောသူတို့၏အဘ’ ဖြစ်လာရပါသည်။—ရောမ ၄:၁၁။

လောကီ ‘စိတ်ဓာတ်’ ပိုမိုပြင်းထန်လာနေသည့် ကိုယ်ကျိုးရှာလောကကြီး၏ ဝိုင်းရံမှုကို ကျွန်ုပ်တို့ခံနေရသဖြင့် အာဗြဟံ၏ပုံသက်သေကို လိုက်ဖို့လိုနေပါသည်။ (ဧဖက် ၂:၂) ကိစ္စအဝဝတွင် ယေဟောဝါ၏လမ်းပြညွှန်ကြားမှုကို ကျွန်ုပ်တို့လက်ခံမည်ဆိုလျှင် ကိုယ်တော်၏ မေတ္တာပါ စောင့်ရှောက်ကာကွယ်မှုကို တိုက်ရိုက်ခံရသည့်ကောင်းချီး ရရှိပါလိမ့်မည်။ ဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့လည်း ဤသို့ခံစားရလိမ့်မည်– “ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော်အဖို့အလိုငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။ အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့် ကရုဏာကို တစ်သက်လုံးခံစား၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အိမ်တော်မှာ အစဉ်အမြဲ နေရပါလိမ့်မည်။” အန္တရာယ်လမ်းခရီးများပေါ်သို့ ဦးတည်ချက်ပြောင်းလဲသွားမည့်အစား “တရားလမ်းထဲ၌” ကျင်လည်နေခြင်းသည် ဧကန်အမှန် ထာဝရကောင်းချီးများ ခံစားစေပါလိမ့်မည်။—ဆာလံ ၂၃:၃၊ ၆။

[အောက်ခြေမှတ်ချက်များ]

a နာမည်အချို့ကို ပြောင်းထားပါသည်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အသင်သည် အိမ်ထောင်ပြုနိုင်ခွင့်ရှိသည့် လူလွတ်မဟုတ်လျှင် အသင်မက်မောစရာဖြစ်သူတစ်ဦးမှ ခပ်ခွာခွာနေပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ