ချီဆောင်ခံရခြင်း—ဘုရားသခင်ဖွင့်ပြသောတရားသေအယူဝါဒလော
ယေရှု၏မယ်တော်မာရိ ကိုယ်ခန္ဓာဖြင့်ကောင်းကင်သို့တက်သည်ဟူသောအယူဝါဒ သည် သန်းပေါင်းများစွာတို့၏နှလုံးတွင် အမြတ်တနိုးပိုက်ထွေးထားသောအယူဝါဒဖြစ်သည်။ သမိုင်းဆရာ ဂျော့ဝီလျံဒေါက်ဂလပ်က ဤသို့ဆိုသည်– “အပျိုစင်မာရိကောင်းကင်သို့ချီဆောင်ခံခြင်းကို သူမနှင့်ဆိုင်သောပွဲတော်များအနက် အကြီးကျယ်ဆုံးအဖြစ်သော်လည်းကောင်း၊ ချာ့ချ်ပြက္ခဒိန်၌ အဓိကအခမ်းအနားများတွင် အပါအဝင်တစ်ခုအဖြစ်သော်လည်းကောင်း ကြာမြင့်စွာမှစ၍ ကြည်ညိုလေးမြတ်လာခဲ့ကြသည်။”
သို့တိုင် မာရိသည် ထိုသို့ကောင်းကင်တက်ခြင်းမျိုးပြုခဲ့သည်ဟု သမ္မာကျမ်းစာကမဆိုထားကြောင်း ကက်သလစ်ဓမ္မပညာရှင်များက ဝန်ခံကြသည်။ စင်စစ်၊ ချစ်မြတ်နိုးကြရသောဤအယူဝါဒသည် ရာစုနှစ်များစွာ အငြင်းပွားဖွယ်ရာနှင့် အပြင်းအထန်ငြင်းခုံစရာဖြစ်ခဲ့ကြောင်း ကက်သလစ်ဘာသာဝင်အနည်းငယ်တို့ကသာ သိရှိကြသည်။ သို့ ဖြစ်၍ ချာ့ချ်သည် မာရိ၏ကောင်းကင်တက်ခြင်းကို တရားသေအယူဝါဒအဖြစ် မည်သို့မည်ပုံလက်ခံလာခဲ့သနည်း။a ၎င်းကို ဘုရားသခင်၏ဖွင့်ပြချက်အဖြစ်ရှုမြင်ရန် အကြောင်းတစ်စုံတစ်ရာရှိပါသလော။ ဤမေးခွန်းများ၏အဖြေများသည် သဘောတရားရေးရာသက်သက်မျှမဟုတ်ပါ။ အမှန်တရားကိုချစ်မြတ်နိုးသည့် မည်သူမဆို ယင်းနှင့် လေးလေးနက်နက်ပါဝင်ပတ်သက်နေသည်။
တရားသေဝါဒတစ်ခု၏ အဆင့်ဆင့် ဖြစ်ပေါ်လာပုံ
မာရိ၏ကောင်းကင်သို့ချီဆောင်ခံခြင်းအယူအဆကို ယေရှုသေဆုံးပြီးနောက်ပိုင်း ပထမရာစုခေတ်ခရစ်ယာန်များက လုံးဝမသိကျွမ်းခဲ့ကြကြောင်းသင်သိရပါက အံ့ဩ ပေမည်။ ကက်သလစ်ဓမ္မပညာရှင် ဇန်ဂါလို့က လော်စေဗာတိုရေရိုမာနို စာအုပ်တွင် ဤသို့ရေးသည်– “မူလတွင် မာရိ၏ အဘယ်ကွယ်လွန်ခြင်းအမှတ်သညာမျှ ခရစ်ယာန်အသိုင်းအဝိုင်းနှင့် ဆက်စပ်မှုမရှိခဲ့ချေ။”
သို့သော်၊ သုံးပါးတစ်ဆူဘုရားအယူဝါဒသည် ချာ့ချ်၏တရားဝင်အယူဝါဒဖြစ်လာပြီးနောက်ပိုင်းတွင် မာရိအား ပို၍ပို၍အရေးပါသော အခန်းကဏ္ဍကို ပေးအပ်လာကြသည်။ “ဘုရား၏မယ်တော်”၊ “အပြစ်မဲ့မွေးဖွားလာသူ”၊ “ဖျန်ဖြေစေ့စပ်ပေးသူ”၊ “ကောင်းကင်ဘုရားမ” စသော အထူးချီးမြှောက်သည့်အခေါ်များအားဖြင့် သူမအားစတင်ခေါ်ဝေါ်လာကြသည်။ ဓမ္မဆရာဂါလို့က ဤသို့သုံးသပ်တင်ပြသည်၊ “အချိန်တန်သော် မူလအစဉ်အလာယုံကြည်ချက်တွင် မာရိ၏ကွယ်လွန်ခြင်းနှင့်စပ်လျဉ်း၍ နှုတ်ဆိတ်နေမှုက သူမ၏စုံလင်ခြင်းကိုအသိအမှတ်ပြုသောသူများနှင့် သူမအားကြည်ညိုကိုင်းရှိုင်းလိုသူ ခရစ်ယာန်များအား ကျေနပ်မှုအပြည့်အဝမပေးနိုင်ခဲ့ပါ။ ဤသို့ ဖြင့် မယ်တော်သခင်မကောင်းကင်သို့ချီဆောင်ခံခြင်းဆိုင်ရာ အများကြိုက်စိတ်ကူးယဉ်ချက်များမှ ပေါက်ဖွားလာသည့်ရေးသားဖော်ပြချက်များ ပေါ်ပေါက်လာလေသည်။”
စီ.အီး. စတုတ္ထရာစုနှစ်လောက်တွင် မယ်တော်သခင်မကောင်းကင်သို့ချီဆောင်ခံခြင်းဆိုင်ရာ ကျမ်းပိုဟုဆိုသည့်စာပေများ စတင်ထုတ်ဝေလာသည်။ ထိုစာပေများက ထင်မြင်ယူဆထားသည့် မာရိ၏ကောင်းကင်တက်ခြင်းဆိုင်ရာ စိတ်ကူးယဉ်ဇာတ်လမ်းများကို ရေးသားထားသည်။ ဥပမာအားဖြင့် “ဘုရားသခင်၏သန့်ရှင်းသောမယ်တော်အိပ်မောကျခြင်း” ဟူသောစာအုပ်ကိုကြည့်ပါ။ ယင်းကိုရေးသားသူအဖြစ်ယိုးစွပ်ကြသည်မှာ တမန်တော်ယောဟန်မှတစ်ပါး မည်သူမျှမဟုတ်ပေ။ သို့သော် ၎င်းသည် ယောဟန်သေဆုံးပြီးနှစ်ပေါင်း ၄၀၀ နီးပါးကြာမှ ရေးသားရာပို၍ဖြစ်ပုံပေါက်လာသည်။ ကျမ်းစစ်ကျမ်းမှန်မဟုတ်သော ဤမှတ်တမ်း၏အဆိုအရ ခရစ်တော်၏တမန်တော်များသည် ထူးဆန်းသောနည်းဖြင့် မာရိထံစုရုံးလာကြရာ ထိုတွင်မာရိသည် မျက်မမြင်များ၊ နားပင်းသူများနှင့် ခြေဆွံ့သူများကို ကုသပျောက်ကင်းစေသည်ကို တွေ့ မြင်ကြသည်ဟုဆို၏။ နောက်ဆုံးတွင် သခင် (ယေရှု) က မာရိအားဤသို့ဆိုသည်ကို ကြားကြသည်ဟုဆို၏– “ကြည့်လော့။ ယခုမှစ၍ အဖိုးထိုက်လှသောသင့်ခန္ဓာကိုယ်သည် ပရဒိသုဘုံသို့ပြောင်းရွှေ့ခံလျက် သင်၏သန့်ရှင်းသောဝိညာဉ်သည် သန့်ရှင်းသောကောင်းကင်တမန်များ ချမ်းမြေ့ငြိမ်သက်စွာပျော်မြူးကြရာကောင်းကင်ဘုံ ငါ့ခမည်းတော်၏ရတနာတိုက်များအတွင်းတွင် လွန်ကဲစွာသောတောက်ပခြင်းဖြင့်ရှိနေကာ ထိုတွင်သင်ဆက်၍နေရလတ္တံ့။”
ယင်းသို့သောအရေးအသားများကို ယုံကြည်သူများက မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ မာရိဆိုင်ရာကျွမ်းကျင်သူ ရနေလော်ရန်တန်က ရှင်းပြသည်– “တုံ့ပြန်ကြပုံမှာ အမျိုးမျိုးအဖုံဖုံပင်။ ယုံလွယ်သူအများစုတို့သည် ဆင်ခြင်စဉ်းစားခြင်းမပြုဘဲ နားဝင်ချိုသောပုံပြင်၏အရောင်အဝါအားဖြင့် လှည့်ဖြားခြင်းခံကြလေသည်။ အခြားသူများကမူ ခိုင်လုံသောအထောက်အထားကင်းမဲ့ပြီး အတွင်းသဘောချင်းဆန့်ကျင်သော ကျိုးကြောင်းမဆီလျော်သည့်ဤဇာတ်လမ်းများကို စက်ဆုပ်ကြသည်။” ဤသို့ ဖြင့် မယ်တော်သခင်မကောင်းကင်သို့ချီဆောင်ခံခြင်းသဘောတရားသည် တရားဝင်လက်ခံသောအဆင့်သို့ရောက်ရန် ရုန်းကန်တိုက်ပွဲဝင်ခဲ့ရသည်။ ပို၍ရှုပ်ထွေးစေသည်မှာ အချို့အရပ်များတွင် မာရိ၏မွေတော်ဓာတ်တော်များဟု ထင်မြင်ယူဆကြသည့်အရာများကို ကြည်ညိုကိုင်းရှိုင်းလာကြခြင်းပင်ဖြစ်သည်။ ယင်းသည် သူမ၏အသွေးအသားခန္ဓာကိုယ် ကောင်းကင်သို့ချီဆောင်ခံရသည်ဟူသောယုံကြည်ချက်နှင့် သဟဇာတဖြစ်စေရန် ခဲယဉ်းနေသည်။
၁၃ ရာစုနှစ်တွင် သောမတ်အကွေးနားသည် အခြားဓမ္မပညာရှင်များနည်းတူ မယ်တော်သခင်မကောင်းကင်သို့ချီဆောင်ခံခြင်းသည် “ကျမ်းစာကမသွန်သင်ထား” သည့်အတွက် တရားသေဝါဒအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုရန်မဖြစ်နိုင်ဟု အခိုင်အမာပြောဆိုခဲ့သည်။ သို့လျက်ပင် ယင်းသည် ဆက်၍သာလူကြိုက်တိုးများလာကာ ထင်မြင်ယူဆချက်ဖြစ်သော မာရိ၏ကောင်းကင်တက်ခြင်းဆိုင်ရာ အယူဝါဒသည် ရာဖီယယ်လ်၊ ကရက်ဂျီအို၊ တစ်ရှန်၊ ကာရပ်ချီ၊ ဂူဗန်းစ်စသည့် ကျော်ကြားသော ပန်းချီဆရာများ၏သရုပ်ဖော်ပုံများကလည်း မှိုလိုပေါက်လာသည်။
ကိစ္စမှာ များမကြာသေးခင်အချိန်အထိ မဖြေရှင်းရသေးဘဲရှိနေခဲ့သည်။ ဂျက်စွတ်ဘုန်းကြီး ဂျူဇက်ပေဖီလောဂရာစီ၏အဆိုအရ မယ်တော်သခင်မကောင်းကင်သို့ချီဆောင်ခံခြင်းအယူအဆအား “အမြဲတမ်းထောက်ခံခြင်းမရှိသော ဆွေးနွေးလေ့လာချက်များ” ကို ကက်သလစ်ပညာရှင်များသည် ကျွန်ုပ်တို့ရာစုနှစ်၏ ပထမတစ်ဝက်အချိန်အထိ ဆက်လက်ထုတ်ဝေနေကြဆဲပင်ဖြစ်သည်။ လီယို ၁၃၊ ပိုင်းယပ်စ် ၁၀၊ ဘန်နက်ဒစ် ၁၅ တို့ကဲ့သို့သော ပုပ်ရဟန်းမင်းများပင် “ဤကိစ္စတွင် လက်နှေး” နေခဲ့ကြသည်။ သို့သော် ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ချာ့ချ်သည် တိကျသောရပ်တည်ချက်ကို ချမှတ်လိုက်သည်။ ပုပ်ပိုင်းယပ်စ် ၁၂ က ဤသို့ကြေညာသည်– “အပြစ်ကင်းမဲ့သောဘုရားသခင်၏မယ်တော်၊ အစဉ်အမြဲအပျိုကညာဖြစ်သော မာရိသည် သူမ၏မြေကြီးဆိုင်ရာဘဝလမ်းစဉ်ပြီးဆုံးသောအခါ ခန္ဓာကိုယ်နှင့်ဝိညာဉ်ပါလျက် ကောင်းကင်ဘုန်းကျက်သရေသို့ ချီဆောင်ခံရသည်ဟူ၍ ဘုရားသခင်ဖွင့်ပြတော်မူသောတရားသေဝါဒအဖြစ် ၎င်းကို ကျွန်ုပ်တို့အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။”—မူနီဖီကဲန်တစ်စ်အီမုစ်ဒေအုစ်။
မာရိ၏ခန္ဓာကိုယ်ပါလျက် ကောင်းကင်သို့သွားခြင်းသည် ကက်သလစ်လောကတွင် ယုံလိုမှယုံနိုင်သည့်ယုံကြည်ချက်မျိုးမဟုတ်တော့ပေ—ယင်းသည် တရားသေဝါဒဖြစ်လေပြီ။ “တစ်စုံတစ်ဦးသည် . . . ကျွန်ုပ်တို့၏ဖွင့်ဆိုချက်ကိုငြင်းဆိုဝံ့သော် သို့တည်းမဟုတ် သံသယပွားခဲ့သော် ထိုသူသည် မြင့်မြတ်သောယုံကြည်ချက်နှင့် လွဲချော်နေကြောင်း မိမိကိုယ်ကိုသိသင့်၏” ဟု ပုပ်ပိုင်းယပ်စ်က ကြေညာခဲ့လေသည်။
ကျမ်းစာက တကယ်တမ်းမည်သို့ဆိုသနည်း
သို့သော် အဘယ်အခြေခံပေါ်မူတည်၍ ချာ့ချ်သည် ဤသို့ရဲရင့်သောရပ်တည်ချက်မျိုးကို ချမှတ်ခဲ့သနည်း။ ချီဆောင်ခံခြင်းတရားသေဝါဒဖြစ်သော “၎င်း၏အပြီးသတ်အခြေခံအုတ်မြစ်ကို သန့်ရှင်းသောကျမ်းစာထဲမှ” ရရှိသည်ဟု ပုပ်ပိုင်းယပ်စ် ၁၂ က ဆိုခဲ့သည်။ မာရိ၏ချီဆောင်ခံခြင်းကို သက်သေပြရန် မကြာခဏကိုးကားတတ်ကြသောကျမ်းချက်များအနက် တစ်ခုမှာ လုကာ ၁:၂၈၊ ၄၂ ဖြစ်သည်။ ဤအခန်းငယ်များက မာရိနှင့်စပ်လျဉ်း၍ ဤသို့ဆိုထားသည်– “ကျေးဇူးတော်နှင့်ပြည့်စုံသောမိန်းမ၊ သင်သည် မင်္ဂလာရှိစေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမအပေါင်းတို့တွင် မင်္ဂလာရှိပေ၏။ . . .သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မင်္ဂလာရှိပေ၏။” (ဒူးဝေး) မာရိသည် “ကျေးဇူးတော်နှင့်ပြည့်” သောကြောင့် သေခြင်းက သူမအား မည်သည့်အခါမျှမအောင်ရဟု ချီဆောင်ခြင်းဝါဒီများက ဆင်ခြေပေးကြသည်။ တစ်ဖန် သူမသည် ‘သူမ၏ဝမ်းတွင်းရှိသူငယ်’ ကဲ့သို့ “မင်္ဂလာရှိ” သောကြောင့်—ကောင်းကင်တက်ခြင်းအပါအဝင် အခွင့်အရေးများကို ယေရှုနှင့်တန်းတူရရှိသည်ဟု ဆိုကြသည်။ ဤဆင်ခြေတက်ပုံသည် အကြောင်းခိုင်လုံသည်ဟု သင်ယူဆပါသလော။
တစ်ချက်အနေနှင့် “ကျေးဇူးတော်နှင့်ပြည့်” ဟူသောအသုံးအနှုန်းသည် မှန်ကန်တိကျသောဘာသာပြန်ချက်မဟုတ်ဘဲ လုကာအသုံးပြုခဲ့သော မူရင်းဂရိအသုံးအနှုန်းကို “ဘုရားသခင်၏မျက်နှာသာခံစားသူ” ဟု ပို၍တိကျမှန်ကန်စွာပြန်ဆိုရကြောင်း ဘာသာစကားဗေဒပညာရှင်များက ဆိုကြသည်။ ဤသို့ ဖြင့် ကက်သလစ် ယေရုရှလင်ကျမ်းစာ က လုကာ ၁:၂၈ ကို “မျက်နှာသာတော်လွန်ကဲစွာခံရသောသူ၊ ဝမ်းမြောက်ခြင်းရှိလော့” ဟုပြန်ဆိုထားသည်။ ဘုရားသခင်၏ “မျက်နှာသာကို လွန်ကဲစွာခံစား” ရရုံဖြင့် မာရိသည် ကိုယ်ခန္ဓာဖြင့် ကောင်းကင်သို့ချီဆောင်ခြင်းခံရသည်ဟု ကောက်ချက်ချရန် အကြောင်းမရှိပါ။ ပထမဆုံးသောခရစ်ယာန်အာဇာနည်သတေဖန်သည်လည်း အလားတူပင် မျက်နှာသာတော်လွန်ကဲစွာခံစားသူ သို့မဟုတ် “ကျေးဇူးတော်နှင့်ပြည့်သောသူ” ဟု ကက်သလစ်ဒူးဝေးကျမ်းစာတွင် ဆိုထားသည်—ထို့ကြောင့် သူ၏ကိုယ်ခန္ဓာထမြောက်ခြင်းအကြောင်း ဘာမျှမဆိုထားပါ။—တမန်တော် ၆:၈။
သို့တိုင် မာရိသည် မင်္ဂလာရှိ (ဝါ) မျက်နှာသာခံရသည်မဟုတ်လော။ မှန်၏။ သို့သော် စိတ်ဝင်စားဖွယ်မှာ ရှေးဣသရေလတရားသူကြီးများခေတ်က ယေလအမည်ရှိအမျိုးသမီးသည် “မိန်းမအပေါင်းတွင် မင်္ဂလာရှိသူ” ဟုသတ်မှတ်ခံခဲ့ရသည်။ (တရားသူကြီး ၅:၂၄၊ ဒူးဝေး) ယေလသည်လည်း ကောင်းကင်သို့ ကိုယ်ခန္ဓာပါလျက်ချီဆောင်ခြင်းခံရသည်ဟု မည်သူကမျှငြင်းခုံမည်မဟုတ်သည်မှာ သေချာသည်။ ထို့အပြင် ချီဆောင်ခြင်းအယူအဆတစ်ခုလုံးသည် ယေရှုကိုယ်တော်တိုင် ကောင်းကင်သို့ ကိုယ်ခန္ဓာဖြင့်တက်ကြွသွားခဲ့သည်ဟူသော ယူဆချက်အပေါ် အခြေပြုထားခြင်းဖြစ်သည်။ သို့သော် ယေရှုသည် “ဝိညာဉ်အဖြစ်” ပြန်၍ “ရှင်စေခြင်း” သို့မဟုတ် ထမြောက်စေခြင်းခံရသည်ဟု ကျမ်းစာကဆိုသည်။ (၁ ပေတရု ၃:၁၈၊ ဒူးဝေး; ၁ ကောရိန္သု ၁၅:၄၅ နှိုင်းယှဉ်။) “အသွေးနှင့်အသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်” ဟု တမန်တော်ပေါလုက ထပ်ဆင့်၍ဆိုပါသည်။—၁ ကောရိန္သု ၁၅:၄၂-၅၀၊ ဒူးဝေး။
ဝိညာဉ်တော်ဖြင့်ဘိသိက်ခံသော သစ္စာရှိခရစ်ယာန်များ၏ ကောင်းကင်ဆိုင်ရာထမြောက်ခြင်းအကြောင်း ကျမ်းစာကပြောသည်မှာမှန်ပါသည်။ သို့သော် ဤပြန်လည်ထမြောက်ခြင်းသည် လက်ရှိဆိုးသွမ်းသောခေတ်၏ နောက်ဆုံးနေ့များအတွင်းဖြစ်ပျက်မည့် “သခင်ဘုရားကြွလာခြင်း” နေ့ရက်မတိုင်မချင်း စတင်မည်မဟုတ်ကြောင်း ၁ သက်သာလောနိတ် ၄:၁၃-၁၇ က သိသာစေပါသည်။ ထိုနေ့မရောက်မချင်း မာရိသည် အခြားသစ္စာရှိခရစ်ယာန်ထောင်ပေါင်းများစွာတို့နှင့်အတူ သေခြင်း၌အိပ်ပျော်လျက်နေမည်ဖြစ်သည်။—၁ ကောရိန္သု ၁၅:၅၁၊ ၅၂။
မာရိ—ယုံကြည်ခြင်းရှိသောအမျိုးသမီး
ဆိုခဲ့သည့်အချက်များအားဖြင့် မာရိကိုမရိုသေ၍ပြောခြင်းမဟုတ်ကြောင်း စိတ်ချပါလေ။ မာရိသည် ယုံကြည်ခြင်း၌အလွန်အတုယူလောက်သည့် စံပြအမျိုးသမီးတစ်ဦးဖြစ်သည်မှာ သံသယဝင်စရာမရှိပေ။ ယေရှု၏မိခင်ဖြစ်လာခြင်း၏ အခွင့်ထူးတာဝန်နှင့်တကွ ယင်းမှပါလာမည့် နောက်ဆက်တွဲအခက်အခဲနှင့် အနစ်နာခံမှုအားလုံးကို ရှောရှောရှူရှူလက်ခံခဲ့သည်။ (လုကာ ၁:၃၈; ၂:၃၄၊ ၃၅) ယောသပ်နှင့်အတူ သူမသည် ယေရှုအား ဘုရားရေးရာအသိပညာ၌ မွေးမြူပျိုးထောင်ခဲ့သည်။ (လုကာ ၂:၅၁၊ ၅၂) ယေရှုနှက်တိုင်ပေါ်ဒုက္ခခံစားခဲ့စဉ် သူမသည် ကိုယ်တော်နှင့်အတူရှိနေခဲ့သည်။ (ယောဟန် ၁၉:၂၅-၂၇) တစ်ဖန် သစ္စာရှိတပည့်တော်အနေနှင့် နာခံမှုရှိစွာ ယေရုရှလင်မြို့တွင်စောင့်နေခဲ့ပြီး ပင်တေကုတ္တေပွဲနေ့တွင် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းမှုကို တွေ့ ကြုံခံစားခဲ့ပေသည်။—တမန်တော် ၁:၁၃၊ ၁၄; ၂:၁-၄။
မာရိအကြောင်းတလွဲတချော်ရှုမြင်ခြင်းသည် ဘုရားသခင်ကိုသော်လည်းကောင်း၊ မာရိကိုလည်းကောင်း ဂုဏ်ပြုရာမရောက်ပါ။ ချီဆောင်ခြင်းတရားသေဝါဒက မာရိသည် ဘုရားသခင်ထံ ကြားဝင်တောင်းပန်ပေးသူဖြစ်သည်ဟူသော အခြေအမြစ်မရှိသည့်အဆိုကို အားဖြည့်ပေးသည်။ သို့သော် ဤသို့သောသွန်သင်ချက်မျိုးကို ယေရှုကထောက်ခံခဲ့ဖူးပါသလော။ မထောက်ခံခဲ့ဖူးပါ။ ကိုယ်တော်က “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့ မရောက်ရ။ သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် တောင်းသည့်အတိုင်းငါပြုမည်” ဟုဆိုခဲ့သည်။ (ယောဟန် ၁၄:၆၊ ၁၄; တမန်တော် ၄:၁၂ နှိုင်းယှဉ်။) မှန်ပါသည်။ မာရိမဟုတ်ဘဲ ယေရှုခရစ်သာလျှင် ဖန်ဆင်းရှင်ထံ ကြားဝင်တောင်းပန်ပေးပါသည်။ မာရိအားဖြင့်မဟုတ်ဘဲ ယေရှုအားဖြင့်သာလျှင် ကျွန်ုပ်တို့သည် အကူအညီလိုအပ်သောအခါ ကျွန်ုပ်တို့၏အသက်ပေးရှင်ထံ ချဉ်းကပ်သင့်သည်။—ဟေဗြဲ ၄:၁၆၊ ပြန်လည်တည်းဖြတ်ထားသောစံတင်ဘာသာပြန်ကျမ်း၊ ကက်သလစ်ထုတ်။
မာရိအကြောင်းအမှန်တရားကိုလက်ခံရေးသည် အချို့အတွက် စိတ်ထိခိုက်ဖွယ်ဖြစ်ပေမည်။ အနည်းဆုံး ကြာမြင့်စွာခံယူလာခဲ့သော ယုံကြည်ချက်နှင့်သဘောထားကို စွန့်လွှတ်ခြင်းမည်ပေမည်။ သို့သော်လည်း တစ်ခါတစ်ရံ နာကြည်းဖွယ်ကောင်းသည့်တိုင်အောင် အပြီးသတ်တွင် သမ္မာတရားက ‘လွတ်မြောက်စေ’ ပါသည်။ (ယောဟန် ၈:၂၃) ယေရှုက သူ၏ခမည်းတော်သည် “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ အမှန်တရားနှင့်လည်းကောင်း” ဝတ်ပြုသူတို့ကို အလိုရှိတော်မူသည်ဟု ဆိုပေသည်။ (ယောဟန် ၄:၂၄၊ ဒူးဝေး) စိတ်ရင်းကောင်းရှိသောကက်သလစ်များအတွက် ဤစကားသည် စိန်ခေါ်ချက်သဖွယ်ဖြစ်ပေသည်။
[အောက်ခြေမှတ်ချက်များ]
a ကက်သလစ်အယူဝါဒ၌ တရားသေဝါဒဆိုသည်မှာ သာမန်ယုံကြည်ချက်နှင့်မတူဘဲ အသင်းတော်ကောင်စီ သို့မဟုတ် ပုပ်ရဟန်းမင်း၏ “မမှားနိုင်သောအခွင့်အာဏာ” အားဖြင့် လေးနက်စွာရေးဆွဲသတ်မှတ်ထားသော အမှန်တရားဖြစ်သည်ဟုဆို၏။ ထိုသို့အဓိပ္ပာယ်ဖွင့်ဆိုထားသောအယူဝါဒများအနက် လောလောလတ်လတ်တစ်ခုမှာ မာရိ၏ကောင်းကင်သို့ချီဆောင်ခံခြင်းပင်ဖြစ်၏။ [စိစစ်ရေးပယ်]
[စာမျက်နှာ ၂၇ ပါ လေးထောင့်ကွက်]
မာရိသေဆုံးခဲ့သလော
သူမကောင်းကင်သို့တက်သည်ဟု မယူဆကြမီ မာရိသည် အမှန်ပင်သေဆုံးခဲ့သလော။ ကက်သလစ်ဓမ္မပညာရှင်များသည် ဤကိစ္စတွင် သီအိုလိုဂျီဆိုင်ရာဘေးကျပ်နံကျပ်အဖြစ်မျိုးနှင့် ရင်ဆိုင်ကြသည်။ “ခရစ်တော်ကပင်မပိုင်ဆိုင်ခဲ့သော သေခြင်းနှင့်ကင်းလွတ်သည့်အခွင့်ထူးကို မာရိအားပေးအပ်ရန်မှာ ခဲယဉ်းလိမ့်မည်” ဟု ငြိုဗိုဒီစိုနရိုဒီတာအိုလိုဇီအာ ခေါ်အဘိဓာန်ကထောက်ပြသည်။ တစ်ဖက်တွင် မာရိအမှန်ပင်သေဆုံးခဲ့သည်ဟုဆိုခြင်းကလည်း အလားတူအခက်အခဲကိုဖြစ်ပေါ်စေသည်။ အမျိုးသမီးဓမ္မပညာရှင် ကာရီဘွယ်ရဆင် က သတိပြုမိသည်မှာ “သေခြင်းသည် မူလအပြစ်တရား၏အခဖြစ်သည်။ [“အပြစ်မပါဘဲမွေးဖွားလာခြင်း” အယူဝါဒ] အရ မာရိအား မူလအပြစ်တရားက ဘာမျှမထိခိုက်ပေ” ဟူ၍ဖြစ်သည်။ သို့ ဖြစ်လျှင် အဘယ်အခြေခံအကြောင်းတရားကြောင့် သူမသေဆုံးခဲ့ခြင်းဖြစ်ရမည်နည်း။ ချီဆောင်ခြင်းတရားသေဝါဒကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ ပုပ်ပိုင်းယပ်စ် ၁၂ က မာရိ၏သေခြင်းပြဿနာတစ်ခုလုံးကို သတိရှိရှိရှောင်ရှားခဲ့သည်မှာ အံ့ဩစရာမဟုတ်ပေ။
ကောင်းလှသည်မှာ သမ္မာကျမ်းစာ၏သွန်သင်ချက်သည် ယင်းသို့သောရှုပ်ထွေးမှုများနှင့် ကင်းရှင်းနေခြင်းပင်ဖြစ်သည်။ မာရိသည် “အပြစ်မပါဘဲမွေးဖွားလာသူ” ဖြစ်သည်ဟု အဘယ်နေရာတွင်မျှသွန်သင်ထားခြင်းမရှိ—အရိပ်အမြွက်မျှပင်မပြချေ။ ဆန့်ကျင်ဘက်အနေနှင့် မာရိသည် ရွေးနှုတ်မှုလိုအပ်သော မစုံလင်သည့်လူသားတစ်ဦးဖြစ်ကြောင်း သမ္မာကျမ်းစာကပြညွှန်နေပေသည်။ ဤအကြောင်းကြောင့်၊ ယေရှုကိုမွေးဖွားပြီးနောက် ဗိမာန်တော်သို့သွားကာ ဘုရားသခင်ထံအပြစ်ဖြေရာယဇ်ကိုပူဇော်ခဲ့ရခြင်းဖြစ်သည်။ (ဝတ်ပြုရာ ၁၂:၁-၈; လုကာ ၂:၂၂-၂၄) မစုံလင်သောအခြားလူသားများအားလုံးနည်းတူပင် နောက်ဆုံးတွင် မာရိသေဆုံးခဲ့လေသည်။—ရောမ ၃:၂၃; ၆:၂၃။
ရိုးရိုးကလေးဖြစ်သောဤအမှန်တရားသည် ချီဆောင်ခြင်းတရားသေဝါဒကြောင့်ဖြစ်ပေါ်လာသော ဖြေရှင်း၍မရသည့်ပြဿနာများနှင့် လုံးဝခြားနားပါသည်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
တိရှန်းရေးဆွဲထားသည့် ‘အပျိုစင်သခင်မကောင်းကင်သို့ ချီဆောင်ခံရခြင်း’ (ခ. ၁၄၈၈-၁၅၇၆)
[Credit Line]
Giraudon/Art Resource, N.Y.
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ယေရှုကိုမွေးဖွားပြီးနောက် ဗိမာန်တော်၌ အပြစ်ဖြေရာယဇ်ပူဇော်ခြင်းအားဖြင့် မာရိသည် သူမကိုယ်နှိုက် ရွေးနှုတ်ဖိုးလိုသော အပြစ်သားတစ်ယောက်ဖြစ်ကြောင်းဖော်ပြ