လူသည် ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ မည်သို့ဖြစ်နိုင်မည်နည်း
“ထိုသို့ဘုရားသခင်သည် မိမိပုံဏ္ဌာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်း” သည်။ မှုတ်သွင်းခြင်းအားဖြင့် ထိုသို့ မှတ်တမ်းတင်ထားပါသည်။ သို့သော် အဘယ်အဓိပ္ပာယ်ရှိပါသနည်း။ ပထမလူယောက်ျား၊ လူမိန်းမတို့သည် မည်သို့အားဖြင့် ဘုရားသခင့်ပုံဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရပါသနည်း။—ကမ္ဘာဦး ၁:၂၇။
သူတို့သည် ရုပ်လက္ခဏာအရ ဘုရားသခင်ကဲ့သို့လော။ လုံးဝမဖြစ်နိုင်ပါ။ လူသည် အသွေးအသားဖြစ်၍ ကမ္ဘာပေါ်နေထိုင်ရန် ဖန်ဆင်းခံခဲ့ရသည်။ ဘုရားသခင်မှာမူ နာမ်ဝိညာဉ်ဖြစ်တော်မူ၍ အဘယ်လူသားမျှ မချဉ်းကပ်နိုင်သည့်တိုင် ပုံမဖော်နိုင်သော ကောင်းကင်ဘုန်းတန်ခိုးတော်ဖြင့် အသက်ရှင်တော်မူသည်။ (ထွက်မြောက်ရာ ၃၃:၁၈-၂၀; ၁ ကောရိန္သု ၁၅:၅၀) သို့ဖြစ်လျှင် လူသားသည် အဘယ်နည်းဖြင့် ဘုရားသခင့်ပုံဏ္ဌာန်တော်နှင့်အညီ ဖြစ်တော်မူသနည်း။ ဘုရားသခင်၏ ထူးခြားထင်ရှားသောအရည်အချင်းများ—ချစ်ခြင်း၊ တရားမျှတခြင်း၊ ဉာဏ်ပညာနှင့် တန်ခိုး—အပြင် အခြားအရည်အချင်းများကို လူသားတင်ပြနိုင်စွမ်းကိုပေးထားသည့်အတွက်ဖြစ်သည်။
ယေဟောဝါ၏ အရည်အချင်းများ
ဖန်ဆင်းရာများသည် ယေဟောဝါဘုရားသခင်၏အရည်အချင်းများကို ထင်ရှားပေါ်လွင်စေသည်။ သို့သော် ပထမလူမောင်နှံစုံ၊ အာဒံ၊ ဧဝတို့နှင့်စပ်လျဉ်း၍ ကိုယ်တော်စီရင်သမျှတွင် ယင်းတို့ကို ထူးခြားစွာဖော်ပြတော်မူသည်။ (ရောမ ၁:၂၀) လူသားနေထိုင်ရန်အတွက် ကမ္ဘာကို လိုလေသေးမရှိအောင် ဖန်ဆင်းထားတော်မူခြင်းကိုယ်၌က ကိုယ်တော်၏မေတ္တာတော် ထင်ရှားစေပါသည်။ လူအတွက် အဖော်အဖက်ဖြစ်၍ သူ့သားသမီးများ၏ မိခင်ဖြစ်စေရန် စုံလင်သောမိန်းမတစ်ဦးကို ယေဟောဝါ ဖန်ဆင်းပေးတော်မူသည်။ သူတို့နှစ်ဦးအား သာယာလှပသောဥယျာဉ်တွင် နေရာချထား၍ ပျော်ရွှင်ချမ်းမြေ့စွာ အသက်ဆက်ရှင်နိုင်ကြရန် လိုအပ်သမျှကို အလျှံပယ်ပေးထားတော်မူသည်။ ထိုထက်ဝမ်းသာစရာကား ထာဝစဉ်အသက်ရှင်နိုင်ခွင့်ကိုပါ ဘုရားသခင်ပေးထားတော်မူသည်။—ကမ္ဘာဦး ၂:၇-၉၊ ၁၅-၂၄။
ပထမမောင်နှံစုံကို စမ်းသပ်ရာတွင် ဘုရားသခင်၏ဉာဏ်ပညာကိုတွေ့ရသည်။ သူတို့သည် ယေဟောဝါ၏ စကြဝဠာမိသားစုအဝင်အဖြစ် ဆက်တည်ရှိကာ လူသားများ၏ မိဘများအဖြစ် ထာဝစဉ်အသက်ရှင်ကြရဖို့ဆိုလျှင် သစ္စာတည်ကြည်မှုနှင့် စစ်မှန်သောဝတ်ပြုမှု၌ စံပြဖြစ်ကြဖို့လိုပါသည်။ သို့ဖြစ်သောကြောင့် သင့်တော်သောစမ်းသပ်ချက်ဖြစ်သည့်—ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို မစားရ—ဟူ၍ သူတို့၏စိတ်နေစိတ်ထား တင်ပြရန်အခွင့်ကိုယေဟောဝါပေးခဲ့သည်။ ယေဟောဝါရည်ရွယ်ထားတော်မူသည့် ထူးမြတ်သောအခွင့်အရေးများကို လူသားအား မပေးမီ သူတို့၏နာခံမှုနှင့် ကိုယ်တော်အား ချစ်မြတ်နိုးမှုကို ဖော်ပြစေခြင်းသည် မည်မျှဉာဏ်ပညာရှိပါသည်တကား!
သူ၏ဖန်ဆင်းရာများမှ မြင့်မားသောစံချိန်များကို ဘုရားသခင်တောင်းဆိုခြင်း၊ ထိုစံချိန်များကို ကိုယ်တော်တိုင် လိုက်လျောလျှော့ပေါ့တော်မမူခြင်းအားဖြင့် ကိုယ်တော်၏တရားမျှတခြင်း ကိုတွေ့ရပါသည်။ မှန်ကန်ရာကို အာဒံနှင့်ဧဝအား ပြုလုပ်နိုင်ခွင့်များပေးထားတော်မူခြင်းဖြင့်ယင်းကိုတွေ့ရသည်။ မှန်ကန်ရာကို သူတို့မလုပ်ကိုင်ကြသောအခါ ကြိုတင်ဖော်ပြထားသည့် ပုန်ကန်မှု၏အခကို ခံကြရန် သူတို့အား ဒဏ်စီရင်ခြင်းအားဖြင့်လည်း ကိုယ်တော်၏တရားမျှတခြင်းကိုတွေ့ရသည်။
ဒဏ်စီရင်ချက်နှင့်အညီ အပြစ်ဒဏ်ပေးတော်မူခြင်းတွင် ယေဟောဝါ၏တန်ခိုးတော်ကို တွေ့ရှိနိုင်သည်။ ယေဟောဝါသည် မုသားသုံးသည်ဟု ပုန်ကန်သူကြီးစာတန်က ထင်မှတ်စေ၍ ဘုရားသခင့်စကားနားမထောင်လျှင် ဧဝအားကြီးမြတ်သည့်အရာများကိုပေးမည်ဟု စာတန်ကတိပေးသည်။ (ကမ္ဘာဦး ၃:၁-၇) သို့သော် စာတန် မပေးနိုင်ခဲ့ပါ။ ဧဒင်ဥယျာဉ်မှ အာဒံနှင့်ဧဝအား ယေဟောဝါနှင်ထုတ်ခြင်းကို သူမတားဆီးနိုင်၊ “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်” ဟုအာဒံအား ဘုရားသခင်မိန့်တော်မူသောစကားများ မပြည့်စုံစေရန် သူမတားဆီးနိုင်ခဲ့ပါ။ (ကမ္ဘာဦး ၃:၁၉) သို့ရာတွင် သေဒဏ်ကို ယေဟောဝါ ချက်ချင်းစီရင်တော်မမူခဲ့ခြင်း၌ မေတ္တာတော်ကို ထပ်ဆင့်တင်ပြတော်မူခဲ့သည်။ လူသားနှင့်စပ်လျဉ်း၍ ကိုယ်တော်၏ ကနဦးရည်ရွယ်ချက်သည် အဆုံးတွင် ပြည့်စုံလာစေခြင်းငှာ သားသမီးများပေါက်ဖွားနိုင်ရန် အာဒံနှင့်ဧဝအား အချိန်ပေးတော်မူခဲ့သည်။—ကမ္ဘာဦး ၁:၂၈။
နောက်ဆုံး စာတန့်လုပ်ရပ်များကို ဖျက်ဆီး၍ မြင့်မြတ်သော အုပ်စိုးပိုင်ခွင့်ကို ဦးဆုံးပုန်ကန်ခဲ့ခြင်း၏ ဆိုးကျိုးများကို ပပျောက်စေမည့် မျိုးစေ့ကိုပေးတော်မူမည်ဟူသော ယေဟောဝါ၏ကတိတော်တွင် ကိုယ်တော်၏ တရားမျှတခြင်း၊ ချစ်ခြင်း၊ တန်ခိုးနှင့် ဉာဏ်ပညာတော်သည် ထင်ရှားပေါ်လွင်ပါသည်။ (ကမ္ဘာဦး ၃:၁၅) အဘယ်မျှကောင်းမြတ်သည့် ဖန်ဆင်းရှင်ပါတကား!
ဘုရားသခင်ကို တုပရန် ကြိုးစားခြင်း
လူသားသည် မစုံလင်တော့သော်လည်း ဘုရားသခင့်အရည်အချင်းများကို တင်ပြနိုင်ပါသေးသည်။ ထို့ကြောင့် မိမိခေတ်ရှိ ခရစ်ယာန်များအား ပေါလု ဤသို့တိုက်တွန်းသည်– “ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။” (ဧဖက် ၅:၁) သို့သော် ဘုရားသခင့်အရည်အချင်းများကို လူအများစုသည် အကြီးအကျယ် ဥပေက္ခာပြုကြောင်း သမိုင်းတစ်လျှောက် ထင်ရှားခဲ့ပြီ။ နောဧခေတ်တိုင်လေသော် လူတို့သည် အလွန်ဖောက်ပြန်ပျက်စီးလာသဖြင့် နောဧနှင့် သူ၏မိသားစုမှတစ်ပါး လောကီသားအပေါင်းကို ဖျက်ဆီးပစ်မည်ဟု ယေဟောဝါ ဆုံးဖြတ်ခဲ့သည်။ နောဧသည် “ဖြောင့်မတ် [တရားမျှတ] သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။” ထို့ပြင် ဘုရားသခင်၏အမိန့်တော်များကို လိုက်နာခြင်းအားဖြင့် ကိုယ်တော်အား ချစ်မြတ်နိုးကြောင်း သူတင်ပြခဲ့သည်။a“မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။” (ကမ္ဘာဦး ၆:၉၊ ၂၂) နောဧသည် လူလူချင်းကိုချစ်ကြောင်း၊ တရားမျှတမှုကို မြတ်နိုးကြောင်း “ဖြောင့်မတ်ခြင်းတရားကို ဟောသော” အားဖြင့် ဖော်ပြပါသည်။ (၂ ပေတရု ၂:၅) သူသည် ဘုရားသခင့်ညွှန်ကြားချက်နှင့်အညီ သင်္ဘောကြီးကိုဆောက်ခြင်း၊ အစာသိုလှောင်ခြင်း၊ တိရစ္ဆာန်များကို စုသိမ်းခြင်း၊ ယေဟောဝါ မိန့်မှာချိန်တွင် သင်္ဘောထဲဝင်ခြင်းအားဖြင့် သူ၏ခန္ဓာအစွမ်းအစကို လျောက်ပတ်စွာ သူအသုံးပြုခဲ့ပြီး ဉာဏ်ပညာရှိကြောင်းကိုတင်ပြခဲ့သည်။ ပတ်ဝန်းကျင်ရှိ ဆိုးသွမ်းသောသူများ၏ ပျက်စီးသောလမ်းစဉ်ကို မလိုက်ခဲ့ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းတရားကို သူမြတ်နိုးကြောင်း တင်ပြပါသည်။
ဘုရားသခင့်အရည်အချင်းများကို ထပ်တူထပ်မျှ ဖော်ပြခဲ့သောအခြားသူများအကြောင်း သမ္မာကျမ်းစာ ဖော်ပြထားပါသည်။ အဓိကပုဂ္ဂိုလ်မှာ ဘုရားသခင့်ပုံဏ္ဌာန်တော်နှင့် တစ်သဝေမတိမ်းဖြစ်သည့်အတွက် “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုမိန့်တော်မူနိုင်သော ယေရှုခရစ်တော်ဖြစ်သည်။ (ယောဟန် ၁၄:၉) ယေရှုဖော်ပြခဲ့သောအရည်အချင်းများတွင် ကိုယ်တော်၏မေတ္တာတရားသည် အထူးထင်ရှားသည်။ ခမည်းတော်ကိုလည်းကောင်း၊ လူသားကိုလည်းကောင်း ကိုယ်တော် ချစ်တော်မူသောကြောင့် ကောင်းကင်စံအိမ်ကို စွန့်လွှတ်၍ ကမ္ဘာပေါ်တွင် လူသားအဖြစ် လာနေထိုင်ရန် ကိုယ်တော် လှုံ့ဆော်ခံခဲ့ရသည်။ ကိုယ်တော်၏ ဖြောင့်မတ်သောအကျင့်အကြံ နှင့် ကယ်တင်ခြင်းသတင်းကောင်းကို လူတို့အားဟောပြောခြင်းအားဖြင့်ခမည်းတော်၏ဘုန်းကို ထင်ရှားစေရန် လှုံ့ဆော်ခံခဲ့ရသည်။ (မဿဲ ၄:၂၃; ယောဟန် ၁၃:၃၁) ထို့နောက် ချစ်ခြင်းမေတ္တာတော်၏လှုံ့ဆော်မှုကြောင့် ယေရှုသည် လူသားတို့အား ကယ်တင်ခြင်းရစေခြင်းငှာ မိမိ၏စုံလင်သောအသက်တာကို ပူဇော်ခဲ့ပါသည်။ ထိုထက်အရေးကြီးသည်ကား ဘုရားသခင့်နာမတော်ကို ရိုသေလေးမြတ်ခြင်း ရှိစေတော်မူခဲ့သည်။ (ယောဟန် ၁၃:၁) ဘုရားသခင်ကို တုပရန် ကြိုးစားရာတွင် ယေရှုခရစ်ထက် သာလွန်ကောင်းမြတ်သောပုံသက်သေ ရှိပါမည်လော။—၁ ပေတရု ၂:၂၁။
ယနေ့ ဘုရားသခင်နှင့် မည်သို့သာ၍ တူနိုင်မည်နည်း
ယနေ့ ဘုရားသခင်၏အရည်အချင်းများကို မည်သို့တင်ပြပြီး ဘုရားသခင်၏ ပုံဏ္ဌာန်တော်နှင့်အညီ မည်သို့ကျင့်ကြံနိုင်မည်နည်း။ ဦးဆုံး ချစ်ခြင်းမေတ္တာအရည်အချင်းကို သုံးသပ်ကြည့်ပါ။ ယေရှုက ဤသို့ဆိုသည်– “သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ (သင့်ဝိညာဉ်စိုးလ်ရှိသမျှ၊ ကဘ) ဉာဏ်ရှိသမျှနှင့်ချစ်လော့။” (မဿဲ ၂၂:၃၇) ဘုရားသခင်ကိုချစ်ကြောင်း မည်သို့ပြမည်နည်း။ တမန်တော်ယောဟန် ဤသို့ဖြေဆိုသည်– “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။”—မဿဲ ၂၂:၃၇; ၁ ယောဟန် ၅:၃။
ယေဟောဝါ၏ ပညတ်တော်တို့ကိုစောင့်ခြင်းငှာ ယင်းတို့ကို သိဖို့လိုသည်။ ဤတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကိုလည်းကောင်း၊ ကျမ်းစာစာပေများကိုလည်းကောင်း ဖတ်ရှုခြင်း၊ လေ့လာခြင်း၊ ဆင်ခြင်တွေးတောခြင်း ပါဝင်သည်။ ဆာလံဆရာနည်းတူ ကျွန်ုပ်တို့ဤသို့ပြောဆိုနိုင်ရမည်– “ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံးဆင်ခြင်အောက်မေ့လျက်နေပါ၏။” (ဆာလံ ၁၁၉:၉၇) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တိုး၍တိုး၍ သဘောပေါက်နားလည်လာသည့်အခါ စိတ်တွင်စွဲမြဲလာပြီး ဘုရားသခင်စဉ်းစားသကဲ့သို့ စဉ်းစားစေပါသည်။ ဖြောင့်မတ်ခြင်းတရားကို ကျွန်ုပ်တို့မြတ်နိုးလာပြီး မတရားမှုကို မုန်းတီးလာပါသည်။ (ဆာလံ ၄၅:၇) ဤတွင် အာဒံမှားခဲ့သည်။ ယေဟောဝါ၏ပညတ်တော်ကို သူကောင်းစွာသိထားသော်လည်း ယင်းကိုလိုက်နာမှီဝဲနိုင်သည်အထိ ယင်းကိုမြတ်နိုးမှုမရှိခဲ့ပေ။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဖတ်ရှုသည့်အခါ ကိုယ်ကိုကိုယ် ဤသို့အမြဲမေးမြန်းသင့်သည်။ ‘ယင်းသည် ကျွန်ုပ်နှင့် မည်သို့သက်ဆိုင်သနည်း။ ကျွန်ုပ်၏အကျင့်အကြံသည် ဘုရားသခင့်အရည်အချင်းများနှင့် ပိုမိုကိုက်ညီစေရန် ကျွန်ုပ်ဘာလုပ်နိုင်မည်နည်း။’
ယေရှု ဤသို့လည်းဆိုသည်– “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့။” (မဿဲ ၂၂:၃၉) ပုံမှန်အခြေအနေရှိသူ မည်သူမဆို ကိုယ်ကိုကိုယ် ချစ်တတ်၍ မိမိအတွက် အကောင်းဆုံး ရလိုကြသည်။ ယင်းစိတ်ထားသည် မမှားပါ။ သို့သော် ကိုယ်နှင့်စပ်ဆိုင်သောသူအား အလားတူချစ်ကြောင်းတင်ပြပါသလော။ ဤကျမ်းစာညွှန်ကြားချက်ကို လိုက်နာပါသလော– “ကျေးဇူးကို ခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်။”—သု. ၃:၂၇; ဂလာတိ ၆:၁၀။
ဉာဏ်ပညာအရည်အချင်းကော။ ဤအရည်အချင်းကို တင်ပြလိုလျှင် သမ္မာကျမ်းစာကို လေ့လာရန် တိုက်တွန်းခံရမည်။ အကြောင်းမူကား သမ္မာကျမ်းစာတွင် မြင့်မြတ်သောဉာဏ်ပညာ အပြည့်ရှိပါသည်။ ဆာလံ ၁၁၉:၉၈-၁၀၀ ကဤသို့ဆိုသည်– “ပညတ်တရားတော်သည် အကျွန်ုပ်၏ရန်သူတို့ထက် အကျွန်ုပ်ကို သာ၍ပညာရှိစေပါ၏။ ပညတ်တရားတော်သည် အကျွန်ုပ်၌ အစဉ်တည်ပါ၏။ သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့် အကျွန်ုပ်၏ဆရာအပေါင်းတို့ထက် သာ၍နားလည်ပါ၏။ ကိုယ်တော်၏ဥပဒေသများကို စောင့်သောကြောင့် အသက်ကြီးသူတို့ထက် သာ၍ဉာဏ်ကောင်းပါ၏။” သု. ၃:၁၈ တွင် ဉာဏ်ပညာကို “အသက်ပင်” အဖြစ်ဖော်ကျူးထားသည်။ ကျွန်ုပ်တို့တွင် ဉာဏ်ပညာရှိပြီး ကျင့်သုံးမည်ဆိုလျှင် ဘုရားသခင့်မျက်နှာသာတော်နှင့် ထာဝရအသက်ဆုကို ရကြမည်ဖြစ်သည်။—ဒေသနာ ၇:၁၂။
တရားမျှတခြင်းကော။ ဤဆိုးသွမ်းသောလောကတွင် ဘုရားသခင့်အလိုတော်နှင့်တွေ့လိုသူများ၌ တရားမျှတခြင်းအရည်အချင်းသည် မရှိမဖြစ်ပါ။ ယေရှုသည် ဖြောင့်မတ်ခြင်းတရား (တရားမျှတခြင်း) ကိုမြတ်နိုးပြီး မတရားမှုကို မုန်းတီးတော်မူခဲ့သည်။ (ဟေဗြဲ ၁:၉) ယနေ့ ခရစ်ယာန်များလည်း ထပ်တူပင် ပြုကြပါသည်။ တရားမျှတခြင်းက မှန်ကန်သောအရည်အချင်းများကို တန်ဖိုးထားလေးစားစေသည်။ ယင်းကြောင့် ဤလောက၏ မဖြောင့်မတ်သောလမ်းစဉ်များကို ရှောင်ကြဉ်၍ ဘုရားသခင့်အလိုတော်ဆောင်ရွက်ခြင်းကို သူတို့ဘဝအသက်တာတွင် အရေးတကာ့အရေးအကြီးဆုံးအရာ ဖြစ်စေကြသည်။—၁ ယောဟန် ၂:၁၅-၁၇။
တန်ခိုးနှင့်စပ်လျဉ်း၍မူကား ကျွန်ုပ်တို့အားလုံးတွင် ယင်းအရည်အချင်း အနည်းနှင့်အများ ရှိကြပါသည်။ ကျွန်ုပ်တို့တွင်ပင်ကိုယ် ကာယနှင့်ဉာဏ်စွမ်းအားရှိပြီး ခရစ်ယာန်များအဖြစ် ကြီးပြင်းလာသည့်အခါ ဝိညာဏသဘောအရ စွမ်အားကြီးထွားလာသည်။ ကျွန်ုပ်တို့သည် အမြင်အရ အားနည်းသူများဖြစ်ကြသည့်တိုင် ယေဟောဝါရှင်သည် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် ကျွန်ုပ်တို့၏စွမ်အားကို ဖြည့်တင်းပေးသည့်အတွက် ယေဟောဝါအလိုတော်ကို ကျွန်ုပ်တို့ပြီးမြောက်အောင်ဆောင်ရွက်နိုင်ကြပါသည်။ ပေါလု ဤသို့ဆိုသည်– “ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။” (ဖိလိပ္ပိ ၄:၁၃) ယေဟောဝါ၏ဝိညာဉ်တော်ရခြင်းငှာ ဆုတောင်းကြမည်ဆိုလျှင် ထပ်တူတန်ခိုးခွန်အား ရနိုင်စရာအကြောင်း ရှိပါသည်။
သတင်းကောင်းဟောပြောခြင်း
ဤအမိန့်တော်ကို နာခံရာတွင် ဘုရားသခင်၏ အဓိကအရည်အချင်း လေးခုကို ကျွန်ုပ်တို့တင်ပြနေကြောင်း ထင်ရှားပါသည်– “ထို့ကြောင့်၊ သင်တို့သွား၍လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ နှစ်ခြင်းမင်္ဂလာကိုပေးကြလော့။ (ကဘ) ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်။” (မဿဲ ၂၈:၁၉၊ ၂၀) ဤပညာပေးလုပ်ငန်းကိုတုံ့ပြန်သူများသည် အသက်ရကြမည်ဖြစ်သည်။ အများအားဖြင့် ကနဦးတွင် သူစိမ်းလုံးလုံးဖြစ်ကြသူများအတွက် မည်မျှကောင်းမြတ်သည့် မေတ္တာတင်ပြမှုပါတကား!
ထို့ပြင် ဤသွန်သင်မှုသည် ပညာရှိလမ်းစဉ်ဖြစ်သည်။ တည်မြဲသည့် အကျိုးကိုဖြစ်ထွန်းစေပါသည်။ အခြားအဘယ်လုပ်ငန်းနှင့်စပ်လျဉ်း၍ ဤသို့ဆိုနိုင်ပါသနည်း– “သို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။” (၁ တိမောသေ ၄:၁၆) တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် နစ်နာဆုံးရှုံးမည့်သူများ မရှိပါ။ နားထောင်သူများနှင့် သွန်သင်ပေးသူများပါ ထာဝရကောင်းချီးများ ခံစားရမည်။
တရားမျှတခြင်းနှင့်စပ်လျဉ်း၍မူကား ခရစ်ယာန်များသည် တရားမျှတပြီး ဖြောင့်မတ်သောအမူအကျင့်များကို သူတို့၏ ကျမ်းစာသင်သားများအား သွန်သင်ပေးနေကြပါသည်။ “တရားသဖြင့်စီရင်သောဘုရားသခင်” ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်သူများဖြစ်လာရန် သူတို့အားကူညီပေးနေပါသည်။ (မာလခိ ၂:၁၇၊ သမ္မာ) ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်ရန် ယနေ့ မိမိအသက်တာကိုဆက်ကပ်အပ်နှံ၍ ဆက်လက်သစ္စာတည်ကြည်သူများသည် ဖြောင့်မတ်သူ၊ တရားမျှတသူဟု သတ်မှတ်ခံရပြီး အာမဂေဒုန်ကို ကပ်ကျော်စေမည်။—ရောမ ၃:၂၄; ယာကုပ် ၂:၂၄-၂၆။
ကမ္ဘာတစ်ဝန်း သတင်းကောင်းကို ဟောပြောသွန်သင်ခြင်းသည် မည်မျှစွမ်းအားတင်ပြမှုပါတကား! (မဿဲ ၂၄:၁၄) လူအများက လက်ခံနားထောင်ချင်စိတ်မရှိသော ရပ်ကွက်များတွင် ဆက်ဟောပြောရန် ခံနိုင်ရည်လိုပါသည်။ သို့သော် ယေဟောဝါသည် ဝိညာဉ်တော်အားဖြင့် အဆုံးတိုင်အောင်တည်ကြည်နိုင်ရန် လိုအပ်သောခွန်အားကို ပေးတော်မူသည်။—ဟေရှာယ ၄၀:၃၀၊ ၃၁; မဿဲ ၂၄:၁၃; လုကာ ၁၁:၁၃။
မှန်ပါသည်၊ အာဒံ၏ မစုံလင်သောမျိုးစဉ်မျိုးဆက်အနေနှင့် ဤကောင်းမြတ်သောအရည်အချင်းများကို ပြည့်ဝစုံလင်စွာ မတင်ပြနိုင်ကြပါ။ သို့ဖြစ်သော်လည်း လူသည် ဘုရားသခင်၏ပုံဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရကြောင်းကို သတိရပါ။ ဘုရားသခင်နှင့် သာ၍တူလာရန် ကြိုးစားကြမည်ဆိုလျှင် ကျွန်ုပ်တို့အသက်ရှင်ရသည့်အကြောင်းရင်းကို တစ်နည်းအားဖြင့် ဖော်ပြနေခြင်းဖြစ်သည်။ (ဒေသနာ ၁၂:၁၃) ကျွန်ုပ်တို့သည် အကောင်းဆုံးဖြစ်လာရန် အတတ်နိုင်ဆုံး ကြိုးစားပြီး ချွတ်ချော်မှားယွင်းမှုများအတွက် ခွင့်လွှတ်ရန် တောင်းပန်မည်ဆိုလျှင် ဘုရားသခင့်၏ဖြောင့်မတ်သောကမ္ဘာသစ်ထဲဝင်ရန် မျှော်လင့်နိုင်ပါသည်။ ထိုတွင် ကျွန်ုပ်တို့သည် တဖြည်းဖြည်းစုံလင်ခြင်းသို့ ရောက်ရှိလာကြပေမည်။ ထိုနောက် စုံလင်သောလူသား၊ ယေဟောဝါဘုရားသခင်၏အရည်အချင်းများကို အားလုံး အပြည့်အဝတင်ပြသူတို့နှင့် ပရဒိသုကမ္ဘာအတွင်း ကျွန်ုပ်တို့ရောက်ရှိနေကြပါမည်။ ရွှင်လန်းခြင်းပါတကား! နောက်ဆုံးတွင် လူသည် ဘုရားသခင်၏ပုံဏ္ဌာန်နှင့်အညီဖြစ်သည်ဟူသောစကားအတိုင်း ဖြစ်လိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a “ဖြောင့်မတ်ခြင်း” နှင့် “တရားမျှတခြင်း” တို့သည် တစ်ခုနှင့်တစ်ခု နီးကပ်စွာဆက်စပ်နေပါသည်။ ဂရိကျမ်းစာစောင်များတွင် ဒိုင်ကေအော့စ်ဟူသည့် စကားတစ်လုံးဖြင့် ယင်းတို့ကို ဖော်ပြထားပါသည်။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ယေဟောဝါ၏ မြင့်မြတ်သောအရည်အချင်းများ မည်သို့ပြုစုပျိုးထောင်မည်ကို ယေရှုတင်ပြ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
နောက်ဆုံးတွင် လူသည် ဘုရားသခင်၏ပုံဏ္ဌာန်နှင့်အညီဖြစ်သည်ဟူသောစကားအတိုင်း အပြည့်အဝဖြစ်လိမ့်မည်