ကျွန်ုပ်တို့၏ခဲယဉ်းသောကာလအတွက် ထောက်ကူသောသွန်သင်ခြင်း
“နောက်ဆုံးအချိန်၌ခဲယဉ်းသောကာလသည်ရောက်လာမည်ကိုသိမှတ်လော့။ ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွားကြလိမ့်မည်။” —၂ တိမောသေ ၃:၁၊ ကဘ ၁၃။
၁၊ ၂။ အဘယ်သွန်သင်ချက်များကို ကျွန်ုပ်တို့လိုက်နာကျင့်သုံးနေကြောင်း အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။
သင် အကူအညီရနေသလော၊ သို့မဟုတ် ထိခိုက်ခံနေရသလော။ သင့်ပြဿနာများ ပြေလည်သွားပြီလော၊ သို့မဟုတ် ပိုမိုဆိုးရွားလာနေပါသလော။ အဘယ်အရာအားဖြင့်နည်း။ သွန်သင်ချက်များအားဖြင့်တည်း။ မှန်သည်၊ သွန်သင်ချက်များသည် သင့်ဘဝကို ကောင်းကျိုး၊ သို့မဟုတ် ဆိုးကျိုးပြုနိုင်ပါသည်။
၂ မကြာမီက တွဲဖက်ပါမောက္ခသုံးဦးသည် ယင်းကိစ္စကို လေ့လာသုံးသပ်ခဲ့ကြရာ ဘာသာတရားကို သိပ္ပံနည်းလမ်းကျကျ လေ့လာခြင်းဂျာနယ်တွင် သူတို့၏ တွေ့ရှိချက်များကို ဖော်ပြရေးသားခဲ့သည်။ သင့်အား၊ သို့မဟုတ် သင့်မိသားစုအား သူတို့ ကိုယ်တိုင်ကိုယ်ကျ စိစစ်မေးမြန်းခဲ့မည်မဟုတ်။ သို့တိုင် ဤခဲယဉ်းသောကာလတွင် လူတစ်ဦး၏အောင်မြင်မှု သို့မဟုတ် ဆုံးရှုံးမှုသည် တစ်ဦးတစ်ယောက် ခံယူထားသည့် သွန်သင်ချက်များနှင့် အမှန်ပင်ဆက်စပ်နေကြောင်း သူတို့တွေ့ရှိကြသည်။ နောက်ဆက်တွဲဆောင်းပါးတွင် သူတို့၏ တွေ့ရှိချက်ကို သတိပြုကြမည်။
၃၊ ၄။ ခဲယဉ်းသောကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်း ထင်ရှားစေသည့် သာဓကအချို့ကား အဘယ်နည်း။
၃ သို့သော် ဦးဆုံး ဤမေးခွန်းကို စဉ်းစားကြည့်ပါ– ခဲယဉ်းဆိုးယုတ်သောကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြကြောင်း သဘောတူသလော။ သဘောတူမည်ဆိုလျှင် ဤအချိန်သည် “ခဲယဉ်းသောကာလဖြစ်” ကြောင်းသက်သေထူသည့်ထိုသာဓကကို သင်အမှန်တွေ့မြင်ပါလိမ့်မည်။ (၂ တိမောသေ ၃:၁-၅) လူတို့ ထိခိုက်ခံစားရပုံ ခြားနားသည်။ ဥပမာ၊ နိုင်ငံရေးလွှမ်းမိုးမှုအတွက် ဆန့်ကျင်ဘက်အဖွဲ့များ တိုက်ခိုက်နေခြင်းကြောင့် လောလောဆယ်ပင် ဖရိုဖရဲပြိုကွဲနေသည့် နိုင်ငံများအကြောင်း သင်ကြားသိနေပါမည်။ အခြားနေရာများတွင်မူ သတ်ဖြတ်မှုသည် ဘာသာရေး၊ သို့မဟုတ် လူမျိုးစုခြားနားချက်များမှ ဖြစ်ပေါ်လာပါသည်။ ဤတွင် စစ်သားများသာ ထိခိုက်ဒဏ်ရာရနေကြသည်မဟုတ်ပါ။ ရက်စက်ကြမ်းကြုတ်မှုများ ခံခဲ့ရသော အမျိုးသမီးမြောက်မြားစွာ၊ သို့မဟုတ် အစာရေစာ၊ အပူဓာတ်နှင့် ခိုကိုးရာမဲ့ ဖြစ်နေကြသော သက်ကြီးရွယ်အိုများကိုလည်း ထည့်စဉ်းစားပါ။ အခြားမြောက်မြားစွာသောသူတို့မှာမူ ဒုက္ခဆင်းရဲခံရခြင်းကြောင့် ဒုက္ခသည်များဦးရေ တိုးများလာစေ၍ ယင်းနှင့်ဆက်စပ်သည့် ဒုက္ခဝေဒနာအမျိုးမျိုး ခံစားနေကြရပြီ။
၄ ကျွန်ုပ်တို့ခေတ်တွင် စီးပွားရေးပြဿနာများပြားသည့်အတွက်လည်း စက်ရုံများ ပိတ်လိုက်ရခြင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်း၊ ရသင့်ရထိုက်သောအခွင့်အရေးနှင့် အငြိမ်းစားအခငွေများ ဆုံးရှုံးရခြင်း၊ ငွေဖောင်းပွခြင်းနှင့် အစာလျှော့စားရခြင်း၊ သို့မဟုတ် မလောက်မငစားရခြင်းတို့သည်လည်း ဖြစ်ပျက်နေရပါသည်။ ဤပြဿနာများစာရင်းတွင် သင်ထပ်ဖြည့်စွက်နိုင်စရာ ရှိပါသေးသလော။ ရှိပေမည်။ ကမ္ဘာတစ်ဝန်း အခြားသန်းပေါင်းများစွာသောသူတို့သည် အစာရေစာ ရှားပါးခြင်းနှင့် ရောဂါဘေးဒဏ်များ ခံနေကြရသည်။ အရှေ့အာဖရိကနိုင်ငံမှ စိတ်မချမ်းသာစရာ ပိန်လှီခြောက်ကပ်သော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများရုပ်ပုံများကို သင်တွေ့ဖူးကောင်း တွေ့ဖူးမည်။ အာရှတိုက်တွင်လည်း ထပ်တူဒုက္ခခံနေရသူ သန်းပေါင်းများစွာရှိပါသည်။
၅၊ ၆။ ရောဂါဘယသည် ကျွန်ုပ်တို့၏ ခဲယဉ်းသောကာလတွင်လွှမ်းမိုးသောကဏ္ဍတစ်ခုဖြစ်သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။
၅ ထိတ်လန့်ဖွယ်ရောဂါဘယများ ယခု တိုးပွားများပြားနေကြောင်း ကျွန်ုပ်တို့အားလုံး ကြားသိနေကြသည်။ ၁၉၉၃၊ ဇန်နဝါရီ ၂၅ ရက်ထုတ် နယူးယောက်တိုင်းမ်စ်က ဤသို့ဆိုသည်– “လိင်ဆက်ဆံမှု စည်းကမ်းမဲ့ခြင်း၊ ဟန်ဆောင်မှုနှင့် ကပျက်ကချော် တားဆီးခြင်းကြောင့် တိုးပွားများပြားနေသည့် လက်တင်အမေရိကား၏ အေအိုင်ဒီအက်စ် ကပ်ဘေးသည် ပြည်ထောင်စုအမေရိကန်နိုင်ငံ၏ ကပ်ဘေးအခြေအနေထက် ပိုဆိုးရွားတော့မည်ဖြစ်သည်။ . . . တိုးပွားနေသည့်အကြောင်းကလည်း . . . အမျိုးသမီးများတွင် ကူးစက်ရောဂါစွဲကပ်နှုန်း ပိုများနေသောကြောင့် ဖြစ်သည်။” ၁၉၉၂၊ အောက်တိုဘာတွင် ယူ.အက်စ်.သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာ က ဤသို့ဆိုသည်– “‘ကူးစက်ရောဂါအတွက် မစိုးရိမ်ရတော့’ ခြင်းသည် အကြီးမားဆုံး လူထုကျန်းမာရေးအောင်ပွဲ ခံခဲ့ရခြင်းကြောင့်ဖြစ်သည်ဟု ယူ.အက်စ်. ခွဲစိတ်ဆရာဝန်ချုပ်၏ ကြေညာချက်မှာ အနှစ်နှစ်ဆယ်သာ ရှိပါသေးသည်။” သို့သော် ယခုကော။ “ဆေးရုံများသည် အောင်နိုင်ပြီဟု ယူမှတ်ခဲ့သော ရောဂါ၏ဝေဒနာသည်များနှင့် ပြန်ပြည့်လျှံနေပြီ။ . . . ပဋိဇီဝဆေးသစ်များ ပေါ်မလာမီ ဆေးပြီးသော မျိုးပွားပိုးမွှားများ တိုး၍တိုး၍ ဖြစ်ပေါ်လာနေပါသည်။ . . . ‘ကူးစက်ရောဂါ ခေတ်သစ်တစ်ခုသို့ ဆိုက်ရောက်နေပြီ။’”
၆ ဥပမာတစ်ရပ်အနေနှင့် ၁၉၉၃၊ ဇန်နဝါရီ ၁၁ နယူးစ်ဝိခ် ဤသို့ဆိုသည်– “နှစ်စဉ် လူပေါင်း သန်း ၂၇၀ ငှက်ဖျားပိုးဝင်ပြီး၊ ၂ သန်း သေဆုံးကာ . . . အနည်းဆုံးသန်း ၁၀၀ အသည်းအသန်ဖျားနာကြောင်း . . . ခန့်မှန်းရသည်။ တစ်ကြိမ်တည်းတွင် ဤရောဂါသည် တစ်ချိန်က ကုသပေးနိုင်စွမ်းရှိဆေးများကို ဆေးပြီးနေပါသည်။ . . . အမျိုးအစားအချို့ကိုဆိုလျှင် မကြာမီ မကုသနိုင်၍ အရှုံးပေးလက်မြှောက်ကြရတော့မည်။” ယင်းက သင့်ကိုထိတ်လန့်စရာဖြစ်စေသည်။
၇။ ခက်ခဲသောအချိန်အခါကို ယနေ့ များစွာသောသူတို့က မည်သို့ တုံ့ပြန်ကြသနည်း။
၇ ဤခဲယဉ်းဆိုးယုတ်သောကာလတွင် ပြဿနာဖြေရှင်းနည်းကို ရှာဖွေနေသူ မြောက်မြားစွာ ရှိနေကြောင်း သတိပြုမိပေမည်။ ဖိစီးမှုကိုလည်းကောင်း၊ ရောဂါအသစ် တစ်မျိုးတစ်မည်ကိုလည်းကောင်း ကိုင်တွယ်ဖြေရှင်းနည်းကိုသိလို၍ စာအုပ်စာတမ်းများတွင် အဖြေရှာသူဦးရေကို ထည့်စဉ်းစားကြည့်ပါ။ အခြားသူများမှာမူ ပြိုကွဲနေဆဲရှိ အိမ်ထောင်ရေး၊ ကလေးပြုစုစောင့်ရှောက်ရေး၊ အရက် သို့မဟုတ် မူးယစ်ဆေးပြဿနာများ၊ လုပ်ငန်းခွင်၌ ဖြည့်စွက်ရမည့်အရာများနှင့် အိမ်တွင်းရှိ ဖိစီးမှုတို့ကို မျှတစွာ မည်သို့ကိုင်တွယ်နိုင်မည် အစရှိသည့်ကိစ္စတို့နှင့်စပ်လျဉ်း၍ အကြံမရဖြစ်ပြီး အဖြေလိုလားနေကြသည်။ သူတို့ အမှန်တကယ်ပင် အကူအညီလိုလျက်နေကြပါသည်! သင်သည် ကိုယ်ရေးကိုယ်တာပြဿနာတစ်ခုခု၊ သို့မဟုတ် စစ်ဘေး၊ ငတ်မွတ်ဘေး၊ သဘာဝဘေးဒဏ်ကြောင့် ဒုက္ခတစ်မျိုးတစ်မည် ကြုံတွေ့ ရုန်းကန်နေရသလော။ ဖြေရှင်းမရပုံရှိ ပြဿနာတစ်မျိုး ကြုံနေရသည့်တိုင် ‘ဤမျှခဲယဉ်းသောအခြေအနေမျိုးသို့ အဘယ်ကြောင့် ရောက်နေကြရသနည်း’ ဟုကိုယ့်ကိုကိုယ် မေးမြန်းစရာ အကြောင်းရှိသည်။
၈။ ထိုးထွင်းဉာဏ်နှင့် လမ်းပြညွှန်ကြားမှုရရှိရန် ကျမ်းစာကို အဘယ်ကြောင့် အားကိုးသင့်သနည်း။
၈ မျက်မှောက်နှင့် အနာဂတ်ကာလအတွက် ပြဿနာကို ပိုင်နိုင်စွာဖြေရှင်းပြီး ကျေနပ်မှု မရရှိနိုင်မီ ဤခဲယဉ်းဆိုးယုတ်သောကာလကို အဘယ်ကြောင့်ရင်ဆိုင်နေရကြောင်း သိရှိရန် လိုနေပါသည်။ ပွင့်လင်းစွာပြောရလျှင် ယင်းကိုသိရှိနိုင်ရန် သမ္မာကျမ်းစာကို ကျွန်ုပ်တို့တစ်ဦးချင်းအနေနှင့် ဆင်ခြင်သုံးသပ်ဖို့ အကြောင်းပေါ်ပေါက်စေသည်။ သမ္မာကျမ်းစာကို အဘယ်ကြောင့်ညွှန်းရပါသနည်း။ အကြောင်းမူကား ကျွန်ုပ်တို့ဖြစ်အင်၏ အကြောင်းရင်းခံ၊ အဘယ်အချိန်ပိုင်းတွင် ကျွန်ုပ်တို့ရောက်ရှိနေ၍ အဘယ်အရပ်သို့ ဦးတည်နေကြောင်းကို ဖော်ပြသော တိကျမှန်ကန်သည့် ပရောဖက်ပြုချက်၊ ကြိုတင် မှတ်တမ်းပြုစုထားသည့်သမိုင်းကို သမ္မာကျမ်းစာတွင်သာ တွေ့ရှိနိုင်မည်ဖြစ်သောကြောင့်တည်း။
သမိုင်းမှရသော သင်ခန်းစာ
၉၊ ၁၀။ မဿဲ အခန်းကြီး ၂၄ ပါ ယေရှု၏ပရောဖက်ပြုချက်သည် ပထမရာစုတွင် မည်သို့ပြည့်စုံခဲ့သနည်း။
၉ ၁၉၉၄၊ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် ကင်းမျှော်စင်က မဿဲ အခန်းကြီး ၂၄ ပါ ယေရှု၏ ရှင်းလင်းပြတ်သားသော ပရောဖက်ပြုချက်ကို မှတ်သားဖွယ် ပြန်လည်သုံးသပ်တင်ပြထားပါသည်။ သင့်ကျမ်းစာကိုဖွင့်၍ ထိုအခန်းကြီး၏ အခန်းငယ် ၃ ကိုဖတ်ကြည့်လျှင် ယေရှု၏တမန်တော်များက ကိုယ်တော်၏ အနာဂတ်ရောက်ရှိနေခြင်း၊ အစီအစဉ်စနစ်၏ ဆုံးခန်းနှင့်ဆိုင်သည့် ပုဗ္ဗနိမိတ်ကို ပေးတော်မူပါရန် တောင်းဆိုခဲ့ကြောင်း တွေ့နိုင်ပါသည်။ ထိုနောက် အငယ် ၅ မှ ၁၄ တွင် ခရစ်အတုအယောင်များ၊ စစ်ပွဲများ၊ အစာငတ်ပြတ်ခြင်း၊ ခရစ်ယာန်များကို ညှဉ်းဆဲခြင်း၊ အဓမ္မမှုနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို အနှံ့အပြား ဟောပြောခြင်းကို တွေ့မြင်ရလိမ့်မည်ဟု ယေရှုကြိုတင်မိန့်တော်မူခဲ့သည်။
၁၀ ဂျူးအစီအစဉ်စနစ် ကုန်ဆုံးချိန်အတွင်း ထိုအမှုအရာများ ဖြစ်ပျက်ခဲ့ကြောင်း သမိုင်းက သက်သေထူပါသည်။ ထိုအချိန်ကာလပိုင်းတွင် သင် အသက်ရှင်ခဲ့ပါမူ ယင်းအချိန်သည် ခဲယဉ်းသောကာလ ဖြစ်မည်မဟုတ်ပေလော။ သို့ရာတွင် အခြေအနေများက အထွတ်အထိပ်တည်းဟူသော ယေရုရှလင်မြို့နှင့် ဂျူးအစီအစဉ်အတွက် တစ်ချိန်တစ်ခါမျှ မဖြစ်စဖူးသည့် ဘေးဒုက္ခသို့ ဦးတည်လျက်နေသည်။ စီ.အီး. ၆၆ တွင် ရောမလူမျိုးသည် ယေရုရှလင်မြို့ကို ဝင်တိုက်ခိုက်သည်နှင့် ဖြစ်ပျက်ခဲ့သမျှသောအမှုများအကြောင်းကို အငယ် ၁၅ မှစဖော်ပြသည်။ ထိုအဖြစ်အပျက်များသည် အငယ် ၂၁ ၌ ယေရှုဖော်ပြသည့်ဘေးဒုက္ခ—စီ.အီး. ၇၀ တွင် ယေရုရှလင်မြို့၌ကျရောက်ခဲ့သည့် အဆိုးရွားဆုံးဒုက္ခဖြစ်သည့် ပျက်သုဉ်းခြင်းတွင် အထွတ်အထိပ် ရောက်ခဲ့ပါသည်။ သို့ဖြစ်၍ပင် ထိုအချိန်အခါတွင် သမိုင်းမရပ်တန့်ခဲ့ကြောင်း၊ ရပ်တန့်လိမ့်မည်ဟူ၍လည်း ယေရှု မိန့်တော်မမူခဲ့ကြောင်း သင်သိရှိထားပါသည်။ အငယ် ၂၃ မှ ၂၈ အထိမှာ စီ.အီး. ၇၀ တွင်ဖြစ်ပျက်သော ဘေးဒုက္ခပြီးနောက် အခြားအမှုကိစ္စများ ဖြစ်လိမ့်ဦးမည်ဟု ကိုယ်တော်မိန့်တော်မူသည်။
၁၁။ ပထမရာစုတွင် မဿဲ အခန်းကြီး ၂၄ ပြည့်စုံခဲ့ခြင်းသည် ကျွန်ုပ်တို့ခေတ်နှင့် မည်သို့ဆက်စပ်သနည်း။
၁၁ ယနေ့ အချို့သူများသည် အတိတ်က အမှုကိစ္စတို့ကို ‘ဘာဆိုင်သလဲ’ ဟုဆိုကာ ဥပေက္ခာပြုလိုပေမည်။ ထိုသို့ပြုခြင်းသည် မှားပါလိမ့်မည်။ ထိုစဉ်က ပရောဖက်ပြုချက် ပြည့်စုံခဲ့ခြင်းသည် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်နည်း။ ဂျူးအစီအစဉ် အဆုံးပိုင်းတွင် ဖြစ်ပျက်ခဲ့သော စစ်မှုများ၊ ငတ်ပြတ်မှု၊ မြေငလျင်၊ ကပ်ဘေး နှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့သည် ၁၉၁၄ ခုနှစ်တွင် ကုန်ဆုံးခဲ့သော “တစ်ပါးအမျိုးသားတို့ . . . အချိန်ကာလ” ပြီးနောက် အကြီးစားပြည့်စုံခြင်း၌ ပြန်ထင်ရှားလာမည်ဖြစ်သည်။ (လုကာ ၂၁:၂၄) ဤမျက်မှောက်ခေတ် ပြည့်စုံခြင်း စတင်ခဲ့သော ပထမကမ္ဘာစစ်၏ မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူ မြောက်မြားစွာ ယခုရှိနေပါသေးသည်။ သို့သော် ၁၉၁၄ နောက်ပိုင်းတွင် သင်ဖွားမြင်ခဲ့သည့်တိုင် ယေရှု၏ပရောဖက်ပြုချက် ပြည့်စုံခြင်းကို တွေ့မြင်ခဲ့ပါပြီ။ ဤ ၂၀ ရာစုအတွင်း အဖြစ်အပျက်များက ကျွန်ုပ်တို့သည် မျက်မှောက် ဆိုးသွမ်းသောအစီအစဉ်၏အဆုံးတွင် အသက်ရှင်နေကြကြောင်း အဘက်ဘက်မှ သက်သေထူပါသည်။
၁၂။ ယေရှုမိန့်တော်မူသည့်အတိုင်း အဘယ်အရာကို တွေ့ရှိရန် ကျွန်ုပ်တို့မျှော်လင့်နိုင်သေးသနည်း။
၁၂ ယင်းကြောင့် မဿဲ ၂၄:၂၉ ပါ “ဒုက္ခ” ကို ကျွန်ုပ်တို့ရင်ဆိုင်ရဦးမည်ဖြစ်သည်။ ထိုတွင် စိတ်ကူး၍မရနိုင်သော ကောင်းကင်ထူးခြားမှုများ ပါဝင်မည်ဖြစ်သည်။ အငယ် ၃၀ အရ ထိုအခါ လူတို့သည် အခြားသောနိမိတ်တစ်ခု—ပျက်စီးခြင်းဘေး နီးပြီဖြစ်ကြောင်း သက်သေထူသောနိမိတ်တစ်ခု—ကိုမြင်ရလိမ့်မည်ဖြစ်သည်။ လုကာ ၂၁:၂၅-၂၈ ပါ ယှဉ်ပြိုင်မှတ်တမ်းအရ ထိုအနာဂတ်ကာလတွင် ‘မြေကြီးပေါ်မှာ ဖြစ်လတ္တံ့သောဘေးများကိုမြော်၍ လူတို့ ကြောက်လန့်သဖြင့် အသက်ဆုံး’ လိမ့်မည်။ ထိုအခါ ရွေးနှုတ်သောအချိန်ကာလ ရောက်လုနီးသဖြင့် ခရစ်ယာန်များသည် ခေါင်းကိုကြွကြလိမ့်မည်ဟူ၍လည်း လုကာ၏မှတ်တမ်းက ဖော်ပြသေးသည်။
၁၃။ အဘယ် အဓိကအချက်နှစ်ချက်ကို ကျွန်ုပ်တို့ အာရုံပြုသင့်သနည်း။
၁၃ ‘ဟုတ်ပါတယ်’ ဟု အသင်ပြောဆိုပေမည်။ ‘ဒါပေမဲ့ ခဲယဉ်းသောကာလကို ဘယ်လိုနားလည်ရပြီး ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကို ဆွေးနွေးနေတာမဟုတ်လား’ ဟု သိလိုမည်။ မှန်ပါသည်။ ဤတွင်တင်ပြလိုသည့် ပထမအချက်မှာ အဓိကပြဿနာများကို ခွဲခြားသိမြင်ပြီး ယင်းတို့ကို မည်သို့ရှောင်ကွင်းနိုင်ကြောင်း သိမြင်ရန်ဖြစ်သည်။ ယင်းနှင့်ဆက်စပ်နေသည်ကား ဒုတိယအချက်ဖြစ်သည့် ပိုကောင်းသောဘဝအသက်တာကို ယခုအခါ ရရှိနိုင်ရန် ကျမ်းစာသွန်သင်ချက်များက မည်သို့ကူညီပေးနိုင်မည့်အကြောင်း ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ၂ တိမောသေ အခန်းကြီး ၃ ကိုဖွင့်ပြီး ခဲယဉ်းသောကာလကို ကိုင်တွယ်ဖြေရှင်းရန် တမန်တော်ပေါလု၏စကားများက သင့်ကိုမည်သို့အကူအညီပေးနိုင်ကြောင်း သတိပြုပါ။
ကျွန်ုပ်တို့ခေတ်ဆိုင်ရာ ပရောဖက်ပြုချက်တစ်ခု
၁၄။ ၂ တိမောသေ ၃:၁-၅ ကိုသုံးသပ်ခြင်းသည် ကျွန်ုပ်တို့အတွက် အကျိုးရှိမည်ဟု အဘယ်ယုံနိုင်ဖွယ်အကြောင်း ရှိသနည်း။
၁၄ သစ္စာရှိခရစ်ယာန် တိမောသေအတွက် ဩဝါဒကောင်းများစွာကို ရေးသားရန် ပေါလုအား ဘုရားသခင်သည် ဝိညာဉ်တော်မှုတ်သွင်းတော်မူသည်။ ယင်းက သူ့အား ပိုပြီးအောင်မြင်ပျော်ရွှင်သောဘဝ ရရှိစေခဲ့သည်။ ပေါလုရေးသားခဲ့သည့်အရာအချို့သည် ကျွန်ုပ်တို့ခေတ်နှင့် အဓိကသက်ဆိုင်နေပါသည်။ ယင်းတို့ကို အသင် ကောင်းစွာသိထားသည်ဟု ယူမှတ်သည့်တိုင် ၂ တိမောသေ ၃:၁-၅ ပါ ပရောဖက်ပြုစကားများကို ယခု ဂရုစိုက်ဖတ်ရှုပါ။ ပေါလု ဤသို့ရေးခဲ့သည်– “သို့ရာတွင် နောက်ဆုံးအချိန်၌ခဲယဉ်းသောကာလသည်ရောက်လာမည်ကိုသိမှတ်လော့။ (ကဘ) အကြောင်းမှာ လူတို့သည် ကိုယ့်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့် ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။”
၁၅။ ၂ တိမောသေ ၃:၁ သည် ယခု ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် အထူးစိတ်ဝင်စားဖွယ်ရာ ဖြစ်သင့်သနည်း။
၁၅ ထိုစာရင်းတွင် ၁၉ ချက်တင်ပြထားသည်ကို ကျေးဇူးပြု၍ သတိပြုပါ။ ယင်းတို့ကို သုံးသပ်၍ အကျိုးခံစားရမည့်အခြေအနေသို့မရောက်မီ တစ်ခုလုံးကိုခြုံငုံ၍သဘောပေါက်ပါလေ။ အငယ် ၁ (ကဘ) ကိုကြည့်ပါ။ ပေါလု ဤသို့ကြိုတင်ဟောသည်– “သို့ရာတွင် နောက်ဆုံးအချိန်၌ခဲယဉ်းသောကာလသည်ရောက်လာမည်ကိုသိမှတ်လော့။” အဘယ် “နောက်ဆုံးအချိန်” နည်း။ နောက်ဆုံးအချိန် မြောက်မြားစွာ ရှိခဲ့ပြီ။ ဥပမာ၊ ရှေးခေတ် ပွန်ပီမြို့၏ နောက်ဆုံးရက်များ၊ ဘုရင်တစ်ပါး၊ သို့မဟုတ်မင်းတစ်ဆက်၏ နောက်ဆုံးရက်များ ဟုဆိုလေ့ရှိသည်။ သမ္မာကျမ်းစာကပင်လျှင် ဂျူးအစီအစဉ်၏ နောက်ဆုံးနေ့ရက်များ အစရှိသည့် နောက်ဆုံးနေ့ရက်အသီးသီးတို့ကို ဖော်ပြထားပါသည်။ (တမန်တော် ၂:၁၆၊ ၁၇) သို့သော် ပေါလုဖော်ပြသည့် “နောက်ဆုံးအချိန်” သည် ကျွန်ုပ်တို့ခေတ်ကိုဆိုလိုသည်ဟု နားလည်ရန် အခြေခံကို ယေရှု ချမှတ်ပေးတော်မူခဲ့သည်။
၁၆။ ဂျုံစပါးနှင့် တောမျိုးစေ့ပုံဥပမာကား ကျွန်ုပ်တို့ခေတ်အတွက် အဘယ်အခြေအနေကို ကြိုတင်ဖော်ပြသနည်း။
၁၆ ဂျုံစပါးနှင့်တောမျိုးစေ့ ပုံဥပမာအားဖြင့် ယေရှု ထိုသို့ဖော်ပြခဲ့သည်။ ယင်းတို့ကို လယ်တစ်ကွက်တွင် ကြဲထား၍ အပင်ပေါက်လာစေခဲ့သည်။ ဂျုံစပါးနှင့် တောမျိုးစေ့သည် လူတို့—ခရစ်ယာန်အစစ်နှင့် အတုအယောင်များ—ကိုပုံဆောင်သည်ဟု မိန့်တော်မူခဲ့သည်။ ဤပုံဥပမာကို ဖော်ပြရခြင်းမှာ ဆိုးသွမ်းသောအစီအစဉ်စနစ်တစ်ခုလုံး မကုန်ဆုံးမီ ကြာမြင့်သောကာလ ရှိရဦးမည်ကို ဖော်ပြလို၍ဖြစ်သည်။ ထိုအချိန်တိုင်သည့်အခါ အကြောင်းအရာတစ်ခုသည် ကြီးထွားနေလိမ့်မည်ဖြစ်သည်။ အဘယ်အရာ ဖြစ်သနည်း။ ယုံကြည်ခြင်း ဖောက်ပြန်မှု သို့မဟုတ် စစ်မှန်သောခရစ်ယာန်ဘာသာတရားမှ သွေဖည်ခြင်းကြောင့် ဆိုးသွမ်းမှု ပေါများနေခြင်းဖြစ်သည်။ ဤအမှုသည် ဆိုးသွမ်းသောအစီအစဉ်စနစ်၏ နောက်ဆုံးကာလတွင် ဖြစ်ပျက်လိမ့်မည်အကြောင်း ကျမ်းစာပါ အခြားပရောဖက်ပြုချက်များက ထောက်ခံပါသည်။ ထိုအချိန်ပိုင်းဖြစ်သည့် အစီအစဉ်စနစ်၏ အဆုံးတွင် ယခု ကျွန်ုပ်တို့ ရောက်ရှိနေကြပြီ။—မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃။
၁၇။ အစီအစဉ်စနစ်၏ ဆုံးခန်းနှင့်စပ်လျဉ်း၍ အဘယ်ယှဉ်တွဲချက်ကို ၂ တိမောသေ ၃:၁-၅ က ဖော်ပြသနည်း။
၁၇ ဆိုလိုချက်ကို သင်မြင်ပါသလော။ အစီအစဉ်၏ ဆုံးခန်းချိန်၊ သို့မဟုတ် နောက်ဆုံးနေ့ရက်များအတွင်း ခရစ်ယာန်များပတ်ဝန်းကျင်ရှိအခြေအနေ ဆိုးရွားလိမ့်မည်ကို တိမောသေ ဒုတိယစောင် ၃:၁-၅ က ယှဉ်တွဲ ဖော်ပြထားပါသည်။ နောက်ဆုံးနေ့ရက်များ ရောက်ရှိနေပြီကို ဖော်ပြပါ ၁၉ ချက်အားဖြင့်အဓိက သက်သေထူနိုင်လိမ့်မည်ဟု ပေါလုပြောနေခြင်းမဟုတ်ပါ။ ယင်းအစား နောက်ဆုံးနေ့ရက်များအတွင်း ကျွန်ုပ်တို့ရင်ဆိုင်ရမည့်အကြောင်းကို သူသတိပေးနေခြင်းသာဖြစ်သည်။ အငယ် ၁ က “ခဲယဉ်းသောကာလ” အကြောင်း ပြောပါသည်။ ထိုစကားသည် ဂရိမှဖြစ်၍ စာသားအတိုင်းဆိုလျှင် “ခက်ထန်သော သတ်မှတ်ထားချိန်” အဓိပ္ပာယ်ရှိသည်။ (နိုင်ငံတော် ကြားညှပ်) “ခက်ထန်သော” စကားလုံးသည် ယနေ့ ကျွန်ုပ်တို့ရင်ဆိုင်နေရသည့်အခြေအနေကို ကောင်းစွာဖော်ပြသည်ဟု အသင်သဘောမတူသလော။ ဤမှုတ်သွင်းခံကျမ်းပိုဒ်က ကျွန်ုပ်တို့ခေတ်တွင် မြင့်မြတ်သော ထိုးထွင်းသိမြင်နိုင်ရန် ဆက်လက်ဖော်ပြသွားသည်။
၁၈။ ပေါလု၏ ပရောဖက်ပြုချက်စကားများကို လေ့လာစဉ် အဘယ်အရာကို အာရုံပြုသင့်သနည်း။
၁၈ ဤပရောဖက်ပြုချက်ကို စိတ်ဝင်စားခြင်းက ကျွန်ုပ်တို့ ခေတ်ကာလသည် မည်မျှခဲယဉ်း သို့မဟုတ် ခက်ထန်ကြောင်း သက်သေထူသည့် ကြေကွဲဝမ်းနည်းဖွယ်အဖြစ်များကို ခွဲခြားသိမြင်စေသင့်သည်။ အဓိကအချက်နှစ်ချက်ကို ပြန်သတိရပါ– (၁) ကျွန်ုပ်တို့ခေတ်ကာလကို ခဲယဉ်းစေသည့် ပြဿနာများကို ခွဲခြားသိမြင်ခြင်းနှင့် ယင်းတို့ကို မည်သို့ရှောင်ကြဉ်နိုင်ကြောင်း သိမြင်ရန်; (၂) အမှန်လက်တွေ့ကျပြီး ပိုမိုကောင်းသော ဘဝအသက်တာ၌ ပျော်မွေ့နိုင်ရန် အကူအညီဖြစ်စေမည့် သွန်သင်ချက်များကို လိုက်နာကျင့်သုံးခြင်းဖြစ်သည်။ ထို့ကြောင့် အပျက်သဘောရှိ အရာများကိုသာ အလေးအနက်ဖော်ပြနေမည့်အစား ကျွန်ုပ်တို့ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ မိသားစုများကိုလည်းကောင်း ဤခဲယဉ်းသောကာလတွင် အကူအညီပေးမည့် သွန်သင်ချက်များကို အာရုံပြုကြမည်။
ကြွယ်ဝသော အကျိုးကျေးဇူးများကို ရိတ်သိမ်းလေ
၁၉။ လူတို့သည် ကိုယ့်ကိုကိုယ်ချစ်သောသူများဖြစ်ကြောင်း အဘယ်သာဓကကို သင်တွေ့ရှိနေရသနည်း။
၁၉ နောက်ဆုံးကာလတွင် “လူတို့သည် ကိုယ့်ကိုကိုယ်ချစ်သောသူများ” ဖြစ်ကြလိမ့်မည်ဟု ပေါလု အစချီ၍တင်ကြိုပြောသည်။ (၂ တိမောသေ ၃:၂) သူဘာကိုဆိုလိုသနည်း။ မိမိကိုယ်ကို အထင်ကြီးပြီး ကိုယ်ကျိုးကိုသာရှာသော အမျိုးသား၊ အမျိုးသမီးများကို သမိုင်းတစ်လျှောက် တွေ့ရှိခဲ့သည်ဟု အသင်ပြောဆိုခြင်းသည် မှန်ပေမည်။ သို့တိုင် ဤချို့ယွင်းချက်သည် ယနေ့ အထူးတလည် သိသာထင်ရှားနေသည်ကား အမှန်။ များစွာသောသူတို့သည် တစ်ဖက်စွန်းရောက်နေပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးလောကတွင်မူ တွေ့ရှိနေရစမြဲပုံစံအတိုင်း ဖြစ်ချေပြီ။ အမျိုးသား၊ အမျိုးသမီးတို့သည် တန်ခိုးအာဏာရှိရန်၊ နာမည်ကျော်ကြားရန် ကမ်းကုန်ကြိုးစားနေကြသည်။ အများအားဖြင့်ဆိုလျှင် သူတစ်ဖက်သား မည်သို့ပင်ဖြစ်စေကာမူ ကိုယ့်ကိုကိုယ် ချစ်သောသူများသည် မိမိကြောင့် အခြားသူများ ဒုက္ခရောက်ခြင်းကို မထောက်စာတတ်ကြပါ။ သူတစ်ပါးကို တရားစွဲရန်၊ လိမ်လည်လှည့်ဖြားရန် လျင်မြန်ကြသည်။ ထိုကြောင့် ဤခေတ်သားတို့ကို “ငါ လူမျိုးဆက်” ဟုများစွာသောသူတို့က အမည်ပေးထားခြင်းကို သင်နားလည်နိုင်သည်။ အပေါ်စီးပြီး ထင်ရာစိုင်းတတ်သူများ၊ ငါစွဲကြီးလွန်းသူများ ပေါများနေပါသည်။
၂၀။ ကျမ်းစာသြဝါဒသည် ပျံ့နှံ့လျက်ရှိသော ကိုယ့်ကိုကိုယ်ချစ်သောစိတ်နှင့် မည်သို့ကွာခြားသနည်း။
၂၀ “ကိုယ့်ကိုကိုယ်ချစ်သောသူ” များနှင့် ဆက်ဆံခဲ့ရ၍ ခါးသီးသောအဖြစ်များ ကြုံတွေ့ခဲ့ရခြင်းကို သတိပေးခံရစရာမလိုပါ။ မည်သို့ဆိုစေကာမူ ဤပြဿနာကို ပွင့်လင်းစွာ ဖော်ပြထားခြင်းအားဖြင့် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့ကို ကူညီနေကြောင်း အမှန်ထင်ရှားသည်။ အကြောင်းမှာ ယင်းကျော့ကွင်းကို မည်သို့ရှောင်ကြဉ်နိုင်ရန် ကျွန်ုပ်တို့အား သွန်သင်ပေးနေပါသည်။ ယင်းက ဤသို့ ဆိုသည်– “ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။” “သင်တို့သည် ကိုယ့်ကိုကိုယ် ထင်သင့်သည်အတိုင်းထက်လွန်၍ မထင်ဘဲ . . . ကိုယ်ကို လျောက်ပတ်စွာ ထင်ရမည်။” ထိုမွန်မြတ်သောအကြံပြုချက်ကို ဖိလိပ္ပိ ၂:၃၊ ၄ နှင့် ရောမ ၁၂:၃ တွင်တွေ့ရှိနိုင်သည်။
၂၁၊ ၂၂။ (က) ဤကဲ့သို့သောသြဝါဒသည် ယနေ့ အထောက်အကူဖြစ်လိမ့်မည်အကြောင်း အဘယ်သာဓကများ အထင်အရှားရှိသနည်း။ (ခ) ဘုရားသခင့်သြဝါဒသည် သာမန်လူများအပေါ် အဘယ်အကျိုးဖြစ်ထွန်းခဲ့ပြီနည်း။
၂၁ တစ်ဦးတစ်ယောက်က ‘အတော်ကောင်းတဲ့အကြံပဲ၊ ဒါပေမဲ့ လက်တွေ့မကျပါဘူး’ ဟုကန့်ကွက်ပေမည်။ အမှန်လက်တွေ့ကျပါသည်။ အောင်မြင်နိုင်၍ ယနေ့ သာမန်လူတို့တွင် အောင်မြင်နေကြောင်း တွေ့ရှိရသည်။ ၁၉၉၀ ပြည့်နှစ်တွင် အောက်စဖို့ဒ်တက္ကသိုလ်၏ ထုတ်ဝေသူက ဂိုဏ်းဂဏဝါဒ၏ လူမှုရေး အရွယ်ပမာဏစာအုပ်ကို ပုံနှိပ်ခဲ့သည်။ အခန်း ၈ ၏ခေါင်းစဉ်က “ကက်သလစ်နိုင်ငံတစ်နိုင်ငံရှိ ယေဟောဝါသက်သေများ” ဖြစ်၍ ဘယ်လ်ဂျီယံနိုင်ငံတွင်ပြုခဲ့သော သုတေသနပြုချက်ကို ဖော်ပြပါသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “သက်သေခံတစ်ဦးဖြစ်ရန် ဆွဲဆောင်ခံရခြင်းတွင် ‘သမ္မာတရား’ ကိုယ်နှိုက်၏ဆွဲဆောင်မှုအပြင် သုတေသနပြုခံရသူများက ထူးခြားချက်တစ်ခုထက်မကကို ဖော်ပြသည့်အခါများရှိသည်။ . . . နွေးထွေးမှု၊ ဖေါ်ရွေမှု၊ ချစ်ခင်ခြင်းနှင့် စည်းလုံးခြင်းတို့သည် အများဆုံးဖော်ပြလေ့ရှိသောအရည်အချင်းများဖြစ်ပြီး ရိုးသားခြင်းနှင့် ကိုယ်တိုင်ကိုင်ကျ ‘ကျမ်းစာမူများကို ကျင့်ကြံပြုမူခြင်းသည်လည်း သက်သေခံများမြတ်နိုးသော အရည်အချင်းများ ဖြစ်သည်။”
၂၂ ထိုခြုံငုံဖော်ပြချက်ကို မြင်ကွင်းကျယ် မှန်ဘီလူးနှင့်ရိုက်ထားသော ဓာတ်ပုံနှင့် နှိုင်းယှဉ်နိုင်ပါသည်။ အနီးအဝေးချိန် မှန်ဘီလူးတပ် သို့မဟုတ် အဝေးဆွဲ မှန်ဘီလူးတပ် ကင်မရာကို သင်အသုံးပြုပါမူ အနီးကပ်ပုံများ၊ ဘဝအဖြစ်မှန်များစွာကို တွေ့မြင်လိမ့်ဦးမည်။ ယင်းတို့တွင် တစ်ချိန်က မောက်မာ၍ အာဏာပြတတ်သူ၊ သို့မဟုတ် အတ္တဆန်လွန်းသူများ ဖြစ်ခဲ့ကြသော်လည်း ယခုမူ နူးညံ့သိမ်မွေ့ပြီး မိမိတို့၏ အိမ်ထောင်ဖက်များ၊ သားသမီးများနှင့် အခြားသူများအပေါ် ယုယကြင်နာခြင်း၊ သနားစုံမက်ခြင်းသဘော တင်ပြသည့် လင်ယောက်ျား၊ ဖခင်များ ဖြစ်လာသူတို့ ပါဝင်မည်။ တစ်ချိန်က နိုင်လိုမင်းထက်ပြု၊ စာနာစိတ်မရှိခဲ့သော်လည်း ယခုမှာမူ ခရစ်ယာန်တရားစစ်၏လမ်းစဉ်ကို အခြားသူများအားတတ်သိလာရန် ကူညီပေးနေသည့် အမျိုးသမီးများလည်း ပါဝင်ပေလိမ့်မည်။ ဤကဲ့သို့သောနမူနာများ ထောင်သောင်းချီ၍ ရှိပါသည်။ ဤတွင် ကျေးဇူးပြု၍ အမှန်အတိုင်း ဖြေဆိုပါ။ ကိုယ့်ကိုကိုယ်သာအဓိကထား ချစ်တတ်သူများနှင့် ရင်ဆိုင်နေရခြင်းထက် ထိုကဲ့သို့သောသူတို့နှင့် တွေ့ဆုံရမည်ဆိုလျှင် ပို၍ကောင်းမည်မဟုတ်ပေလော။ ယင်းကြောင့်လည်း ဤခဲယဉ်းသောကာလကို ရင်ဆိုင်နိုင်ရန် ပိုလွယ်ကူမည်မဟုတ်လော။ ထိုကြောင့် ဤကဲ့သို့သော ကျမ်းစာသွန်သင်ချက်များကို လိုက်နာကျင့်သုံးခြင်းသည် သင့်အား ပျော်ရွှင်မှု ပိုရရှိစေမည်မဟုတ်လော။
၂၃။ ၂ တိမောသေ ၃:၂-၅ ကို ထပ်ဆင့်ဂရုပြုလေ့လာလျှင် အဘယ်ကြောင့် အကျိုးရှိမည်နည်း။
၂၃ သို့သော် ၂ တိမောသေ ၃:၂-၅ တွင် ပေါလု၏မှတ်တမ်းတင်ထားချက်မှ ပထမအချက်ကိုသာ ဤတွင်သုံးသပ်ရသေးသည်။ အခြားအရာများကော။ ယင်းတို့ကို အသေအချာ စစ်ဆေးသုံးသပ်ခြင်းအားဖြင့် ကျွန်ုပ်တို့ခေတ်၏ အဓိကပြဿနာများကို ခွဲခြားသိမြင်စေပြီး ယင်းတို့ကို ရှောင်ကြဉ်ကာ သင်နှင့် သင်ချစ်မြတ်နိုးသူများအတွက် ပျော်ရွှင်မှု ပိုရှိစေမည့်လမ်းစဉ်ကို သိရှိရန် အကူအညီဖြစ်စေမည်လော။ နောက်ဆက်တွဲဆောင်းပါးက ထိုမေးခွန်းများကို ဖြေဆိုရန် သင့်အားကူညီမည်ဖြစ်ပြီး ကောင်းချီးများစွာ ခံစားစေပါလိမ့်မည်။
ပြန်သတိရရန် အချက်အလက်များ
◻ ခဲယဉ်းသောကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်း ထင်ရှားစေသည့် သာဓကအချို့ကား အဘယ်နည်း။
◻ နောက်ဆုံးကာလတွင် အသက်ရှင်နေကြောင်း အဘယ်ကြောင့် သေချာနိုင်သနည်း။
◻ ၂ တိမောသေ ၃:၁-၅ ကိုသုံးသပ်လေ့လာခြင်းမှ အဘယ်အဓိကအချက်နှစ်ချက်ကို သဘောပေါက်နိုင်သနည်း။
◻ လူအများစုသည် ကိုယ့်ကိုကိုယ်ချစ်သောသူများ ဖြစ်နေကြသည့် ဤအချိန်ကာလတွင် ကျမ်းစာသွန်သင်ချက်များက ယေဟောဝါ၏လူများကို မည်သို့ အကူအညီဖြစ်စေခဲ့ပြီနည်း။
[Picture Credit Line on page 8]
Photo top left: Andy Hernandez/Sipa Press; photo bottom right: Jose Nicolas/Sipa Press