ကမ္ဘာတစ်လွှားယေဟောဝါသက်သေများ—ထိုင်းနိုင်ငံ
“လွတ်လပ်ခြင်းနိုင်ငံ။” ယင်းကား ထိုင်းနိုင်ငံအမည်၏ အဓိပ္ပာယ်ဖြစ်သည်။ ယင်း၏ ရည်မွန်သိမ်မွေ့ ပြီး အလုပ်ကြိုးစားသည့် နိုင်ငံသား ၅၇,၀၀၀,၀၀၀ ကျော်တို့က အမျိုးမျိုးသောဘာသာရေးအယူများကို ခံယူထားကြသည်။ ဤအရှေ့တောင်အာရှနိုင်ငံတွင် ခရစ်ယာန်ဘောင်ဘာသာကိုလည်း ကျင့်သုံးကြသည်။ ဤလူအားလုံးတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြားရရန်လိုအပ်သည်။—မဿဲ ၂၄:၁၄။ a
ဒုက္ခသည်များသတင်းကောင်းကြားရ
နယ်စပ်တစ်လျှောက်ရှိ ထိုင်းနိုင်ငံ၏တောင်ကုန်းများတွင် ပျံ့နှံ့နေသောစခန်းများ၌ သမ္မာကျမ်းစာအမှန်တရားသည် ဒုက္ခသည် ၁၀,၀၀၀ ကျော်တို့အလယ်တွင် တိုးတက်ပျံ့နှံ့လျက်ရှိသည်။ ထိုဒေသရှိ မိသားစုတစ်ခုသည် ယေဟောဝါသက်သေများဖြစ်ကြသည်။ သူတို့သည် ဒုက္ခသည်များကြားတွင် သတင်းကောင်းဖြန့်နေကြသည်။ သူတို့၏လုပ်ငန်း မည်သို့အစပြုခဲ့သနည်း။
နှစ်ပေါင်းအတန်ကြာခန့်က လူငယ်တစ်ဦးသည် ချာ့ချ်နှင့် အဆက်အသွယ်ဖြတ်လိုက်ပြီး ယေဟောဝါသက်သေတစ်ဦးဖြစ်လာသည်။ သူ့ဆွေမျိုးသားချင်းများသည် သူတို့၏ဓမ္မဆရာက မြှောက်ထိုးပင့်ကော်လုပ်သောကြောင့် သူ့အားဆန့်ကျင်ကြသည်။ သို့တစေ သူသည်းညည်းခံလာခဲ့ရာ သူ့မိသားစု၏ဆန့်ကျင်မှုသည် တဖြည်းဖြည်းလျော့ပါးလာသည်။ ချာ့ချ်မှဓမ္မဆရာများသည် စာရိတ္တပျက်ပြားမှုကြောင့် သူတို့ရာထူးမှထုတ်ပယ်ခံရသည့် လွန်ခဲ့သောနှစ်နှစ်အချိန်ခန့်ကအထိ ကဲ့ရဲ့ရှုတ်ချလာခဲ့ကြသည်။ ထိုအချိန်ကစ၍ ချာ့ချ်သည် သိုးထိန်းမရှိတော့သောကြောင့် သက်သေခံ၏မိသားစုနှင့် အခြားဆွေမျိုးများသည် ထိတ်လန့်တုန်လှုပ်သွားပြီး အကူအညီမဲ့ဖြစ်ရတော့သည်။ သူတို့ထဲမှ ဆယ့်တစ်ဦးတို့သည် ချာ့ချ်မှနုတ်ထွက်လိုက်ကြပြီး သူတို့နှင့်ကျမ်းစာသင်အံမှုပြုရန် ယေဟောဝါသက်သေများအား တောင်းဆိုခဲ့ကြသည်။
ဤသင်အံမှုသည် ကောင်းစွာတိုးတက်မှုရှိပြီး အခြားဒုက္ခသည်များလည်း ပါဝင်လာကြသည်။ သမ္မာတရားသည် လျင်မြန်စွာပျံ့နှံ့သွားပြီး ဒုက္ခသည်စခန်းကိုဖြတ်သန်းစီးဆင်းသောမြစ်ထဲတွင် သက်သေခံလူသစ် ၁၇ ဦးနှစ်ခြင်းခံခဲ့သည်။ အသက် ၈၈ နှစ်ရှိဘွားဘွားတစ်ဦး ရေတွင်နှစ်ခြင်းခံသောအခါ မည်မျှပျော်ရွှင်ဖွယ်မြင်ကွင်းပါတကား!
ဗီဒီယိုက စိတ်ဝင်စားမှုကိုနှိုးဆွ
ဒုက္ခသည်များထဲတွင် တိုးတက်မှုအရှိန်အဟုန်ကြီးမားလှသည်။ ၁၉၉၃ ခုနှစ်ကကျင်းပသော သတိရအောက်မေ့ပွဲတွင် တက်ရောက်သူ ၅၇ ဦးရှိခဲ့သည်။ ထိုနှစ်မေလက တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်တွင် သူ၏ဟောပြောချက်တစ်ခု၌ လူပေါင်း ၆၇ ယောက်စုရုံးရောက်ရှိလာကြသည်။ ကင်းမျှော်စင်အသင်း၏ ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း ဗီဒီယိုခွေကို လူပေါင်း ၂၅၀ ခန့်က လာရောက်ကြည့်ရှုကြသည်။
ဒုက္ခသည်စခန်းတွင်ရှိသော သင်းအုပ်ဆရာတစ်ဦး၏ ဇနီးသည် သက်သေခံများက တာဝန်ယူကျင်းပသော လူထုကျမ်းစာဟောပြောပွဲကို တက်ရောက်ပြီး ဆွေးနွေးတင်ပြသည့်ကျမ်းချက်များကို မှတ်သားထားသည်။ ချာ့ချ်တွင် ထပ်ခါတလဲလဲကြားနေရသော ဟောပြောချက်များကို သူမကျေနပ်ရောင့်ရဲမှုမရှိကြောင်း ခင်ပွန်းဖြစ်သူအား ပြောပြသည်။ ယေဟောဝါသက်သေများ၏ အစည်းအဝေးများကို သူမတက်လျှင် အခြားအသင်းသားအားလုံးလည်း လိုက်တက်လိမ့်မည်ဖြစ်ကြောင်းပြောပြီး သူကကန့်ကွက်သည်။ နောက်ထပ်အစည်းအဝေးများကို တက်ရောက်သောအခါ သူမ၏ခင်ပွန်းက ဓားနှင့်လိုက်ပြီး သူမ၏အစည်းအဝေးမှတ်စုစာအုပ်နှင့် ကျမ်းစာစာပေအားလုံးကို မီးရှို့ပစ်လိုက်သည်။ ယင်းသို့ ဖြစ်သည့်ကြားမှပင် ဗီဒီယိုအခွေပြသောအခါ သူမလာကြည့်ပြန်သည်။ နောက်သော် ထိုအမျိုးသမီးသည် သူမမြင်ခဲ့သည့်အရာများကို ခင်ပွန်းသည်အားပြန်ပြောပြသည်။ နှလုံးပြောင်းလဲသွားပြီး ဗီဒီယိုခွေကို မိမိပါကြည့်လိုကာ သူမ၏မှတ်စုစာအုပ်နှင့် ကျမ်းစာစာပေများကို မီးရှို့မိလိုက်သည့်အတွက် သူဝမ်းနည်းခဲ့သည်။
ထိုနည်းအားဖြင့် ထိုင်းနိုင်ငံရှိလူများသည် သတင်းကောင်းကိုကြားနာခဲ့ကြရသည်။ သူတို့သည် “လွတ်လပ်ခြင်းနိုင်ငံ” တွင် ဝိညာဏလွတ်လပ်မှုကို ရရှိနေကြသည်။—ယောဟန် ၈:၃၂။
[အောက်ခြေမှတ်ချက်များ]
a ထပ်ဆင့်အကြောင်းအရာအတွက် ယေဟောဝါသက်သေတို့၏ ၁၉၉၄ ပြက္ခဒိန်ကိုရှု။
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]
နိုင်ငံ့စာရင်းဇယား ၁၉၉၃ လုပ်ငန်းတော်နှစ်
သက်သေခံအများဆုံးအရေအတွက်–၁,၄၃၄
အချိုး–သက်သေခံ ၁ လျှင် ၄၀,၂၉၉
သတိရအောက်မေ့ပွဲတက်ရောက်သူအရေအတွက်–၃,၃၄၂
ပျမ်းမျှရှေ့ဆောင်ကြေညာသူများ–၂၃၂
ပျမ်းမျှကျမ်းစာသင်အံမှုများ–၁,၄၈၉
နှစ်ခြင်းခံသူအရေအတွက်–၉၂
အသင်းတော်များအရေအတွက်–၃၉
ဌာနခွဲရုံး–ဗန်ကောက်မြို့
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဘုရားနိုင်ငံတော်ကြေညာသူများ သတင်းကောင်းကို ဇွဲရှိစွာဟောပြောနေ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ပထမဆုံးဌာနခွဲရုံး၊ ၁၉၄၇
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၉၂ ခု၊ ဖေဖော်ဝါရီလ ၈ ရက်တွင် အပ်နှံမှုပြုပြီးသော ဗန်ကောက်မြို့ရှိ ဌာနခွဲရုံးရှေ့တွင် ဗေသလမိသားစု