ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ဘုရားသခင်သည် မျက်နှာကြီးငယ်လိုက်တော်မမူ
လွန်ခဲ့သည့်နှစ်ပေါင်း ၁၉၀၀ ကျော်က တမန်တော်ပေတရုသည် စစ်တပ်အရာရှိကော်နေလိအား သက်သေခံရာတွင် ဤသို့ပြောခဲ့သည်– “အကယ်စင်စစ် ထာဝရဘုရားသည် မျက်နှာကြီးငယ်လိုက်တော်မမူကြောင်းကို ယခုငါသိရှိနားလည်လာ၏။ ကိုယ်တော်သည် မိမိအား ကြောက်ရွံ့ရိုသေ၍ အမှန်တရားကိုကျင့်သုံးသူမှန်သမျှအား လူမျိုးခွဲခြားမှုမပြုဘဲ နှစ်သက်လက်ခံတော်မူ၏။” (တမန်တော် ၁၀:၃၄၊ ၃၅၊ သတင်းကောင်း) ကော်နေလိသည် ဘုရားသခင်ကိုကြောက်ရွံ့ပြီး အမှန်တရားကိုမြတ်နိုးကြောင်း တင်ပြခဲ့သည်။ သူသည် ပေတရု၏သက်သေခံခြင်းကို လက်ခံပြီး ခရစ်ယာန်ဖြစ်လာသည်။
ယနေ့လည်း ထိုအချက်မှန်ကန်မြဲဖြစ်သည်—ဘုရားသခင်သည် မျက်နှာကြီးငယ်လိုက်တော်မမူ။ ယင်းကို ဂျာမနီရှိတွေ့ကြုံမှုတစ်ခုမှ ကျွန်ုပ်တို့မှတ်သားသိရှိရသည်။ မှတ်တမ်းကဤသို့–
“ကျွန်တော်တို့အသင်းတော်ရပ်ကွက်တွင် ရုရှားစစ်တပ်ကြီးတစ်ခု၏ စစ်တန်းလျားများ ရှိသည်။ ဘာလင်တံတိုင်းကြီးပြိုလဲပြီးနောက် မရှေးမနှောင်းဖြစ်သည့် ၁၉၈၉ ခုနှစ်တွင် အကြီးအကဲများက ကြေညာသူများထဲတွင် ရုရှားဘာသာစကားတတ်သူမည်သူရှိကြောင်း မေးသည်။ ကျွန်တော်တို့တွင် အချို့ပြောနိုင်ကြသဖြင့် ထိုရပ်ကွက်တွင်အမှုဆောင်ကြရာ များစွာပျော်ရွှင်မှုခံစားကြရသည်။ အောက်ပါတွေ့ကြုံမှုသည် တွေ့ကြုံမှုများစွာတို့အနက်မှာ တစ်ခုဖြစ်သည်။
“ကျွန်တော်သည် နှစ်ခြင်းမခံရသေးသည့် (ထိုအချိန်နောက်ပိုင်းတွင် နှစ်ခြင်းခံပြီး) ကြေညာသူတစ်ဦးနှင့်အတူ တပ်မှူးတစ်ဦးအား စကားပြောနေစဉ်ကဖြစ်သည်။ တပ်မှူးက ကျွန်တော်တို့ပြောသည့်စကားကို နားထောင်ပြီးနောက် သူ၏စစ်သားများကိုပြောပြရန်လည်း ကျွန်တော်တို့အားခေါ်ဖိတ်သည်။ သူတို့လည်း ဘုရားသခင်နှင့် သမ္မာကျမ်းစာအကြောင်းကို နားထောင်ရမည်ဟု သူကပြောသဖြင့် ကျွန်တော်တို့လည်း နောက်တစ်ခါပြန်လာရန် ချိန်းလိုက်သည်။
“ရုရှားစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်သော ညီအစ်မတစ်ဦးအား ကျွန်တော်တို့ကို စကားပြန်လိုက်လုပ်ပေးရန် အကူအညီတောင်းခဲ့သည်။ စစ်တန်းလျား၏ စည်းဝေးခန်းမထဲတွင် စာအုပ်စာတန်းစားပွဲတစ်ခုကို ကျွန်တော်တို့ထားပြီး စစ်သား ၆၈ ယောက်တို့ကို စကားပြောဆိုပြီး သူတို့၏မေးခွန်းများကိုဖြေဆိုရန် အခွင့်အရေးရခဲ့ကြသည်။ ထိုသို့ပြုပြီးနောက် သူတို့သည် စာအုပ် ၃၅ အုပ်နှင့် မဂ္ဂဇင်း ၁၀၀ နီးပါးကို ဝမ်းမြောက်ဝမ်းသာရယူခဲ့ကြသည်။ စည်းဝေးခန်းမမှ ကျွန်တော်တို့ထွက်ခွာလာသောအခါ အုပ်စုငယ်တစ်ခုသည် စာပေအကြောင်းဆွေးနွေးနေကြသည်ကို ကျွန်တော်တို့မြင်ခဲ့သည်။
“၁၉၉၂ ခု၊ ဇူလိုင် ၄ ရက်နေ့တွင် ပြန်လာရန် ကျွန်တော်တို့ချိန်းလိုက်သည်။ ထိုနေ့နံနက် ၁၀:၅၀ တွင် ကျွန်တော်တို့ရောက်ရှိရာ စစ်တန်းလျားဂိတ်မှူးက စစ်သားများသည် ကျွန်တော်တို့ကို စောင့်မျှော်နေကြကြောင်း ပြောပြသည်။ ဗိုလ်မှူးတစ်ဦးက ကျွန်တော်တို့အား စည်းဝေးခန်းမတစ်ခုဆီသို့ခေါ်သွားသည်။ စာကြည့်တိုက်အတွက် ကျွန်တော်တို့၏စာပေကို လက်ခံရရှိခဲ့ဖူးသော အမျိုးသမီးတစ်ဦးက တန်းလျားများတွင် ကြော်ငြာများကပ်ထားခြင်းအားဖြင့် ကျွန်တော်တို့လာမည့်အကြောင်း ကြေညာထားသည်ကို ကျွန်တော်တို့သိရသည်။ ညီအစ်ကိုသုံးဦးတို့က ကျွန်တော်တို့၏ ကမ္ဘာချီလုပ်ငန်းနှင့်ပတ်သက်သည့် ဟောပြောချက်တိုများပေးပြီး သမ္မာကျမ်းစာကို အဘယ်ကြောင့် ကျွန်တော်တို့ယုံကြည်စိတ်ချနိုင်ကြောင်းကို တင်ပြကြသည်။ ထို့နောက် ပရိသတ်ထံမှ မေးခွန်းများကို သမ္မာကျမ်းစာမှ အဖြေပေးကြသည်။ မေးခွန်းများအနက်တစ်ခုမှာ စစ်မှုနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၏ အနေအထားကား မည်သို့ရှိပြီး သူတို့ထဲတွင် စစ်သားရှိသလောဟူ၍ဖြစ်သည်။ ယင်းက ယခင် ကျွန်တော်နှင့်အတူလိုက်ခဲ့ဖူးသော နှစ်ခြင်းမခံရသေးသည့်ကြေညာသူအား အရှေ့ဂျာမနီစစ်တပ်၌ သူ၏ ၂၅ နှစ်ကြာ စစ်မှုထမ်းခြင်းအကြောင်းနှင့် နောက်ဆုံးနှစ်များတွင် လေတပ်ဗိုလ်ကြီးအဖြစ် ထမ်းဆောင်ခဲ့ကြောင်းတို့ကိုဖော်ပြရန် အခွင့်အရေးရရှိစေသည်။ ဘုရားသခင်နှင့် သမ္မာကျမ်းစာကို သူမည်သို့လေ့လာသိရှိခဲ့ပြီး ယခုအခါ ယေဟောဝါသက်သေတစ်ဦးဖြစ်လိုကြောင်းတို့ကို ပြန်လည်ပြောပြသည်။ စစ်သားများသည် သူတို့ကြားရသည့်အရာကို စိတ်စွဲသွားကြသည်။ ခုနစ်မိနစ်အတွင်း ကျွန်တော်တို့ယူသွားသည့်စာအုပ်အားလုံး စစ်သားများ၏လက်ထဲရောက်ကုန်ပြီး များစွာတို့က ကျမ်းစာကိုရလိုကြသည်။ စာအုပ်ဆိုင်မှ ရုရှားကျမ်းစာအုပ်ခုနစ်အုပ်ကို သူတို့အားယူပေးနိုင်သောအခါ သူတို့အလွန်ကျေးဇူးတင်ကြသည်။ ဤဝိညာဉ်ရေးဆာလောင်နေသူများအား သမ္မာကျမ်းစာအကြောင်းအရာများကို ပေးဝေရခြင်းသည် အမှန်ပင်ရွှင်လန်းမှုဖြစ်ပြီး သူတို့ပြန်လည်တုံ့ပြန်ကြမည်ဟု ကျွန်တော်တို့မျှော်လင့်ပါသည်။”
ဘုရားသခင်သည် မျက်နှာကြီးငယ်မလိုက်သည်မှာ အမှန်ပင်ဖြစ်သည်။ မည်သည့်နေရာတွင်ရှိပါစေ စိတ်နှလုံးရိုးဖြောင့်သော မည်သူမဆိုအား မိမိ၏နှုတ်ကပါဌ်တော်အားဖြင့် ကိုယ်တော်သွေးဆောင်တော်မူသည်။ မိမိနှင့်သားတော်ယေရှုခရစ်တို့၏အကြောင်းကို လေ့လာဆည်းပူးရန် ကိုယ်တော်ခေါ်ဖိတ်တော်မူပြီး အလွှာအသီးသီးမှ လူများစွာတို့သည် ယင်းကိုပြုနေကြသည်။—ယောဟန် ၁၇:၃။