မည်သည့်စားပွဲတွင် သင်စားသောက်နေသနည်း
‘“သခင်ဘုရား [ယေဟောဝါ၊ ကဘ] ၏စားပွဲ’၊ နတ်ဆိုးတို့၏စားပွဲ နှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။” —၁ ကောရိန္သု ၁၀:၂၀၊ ၂၁။
၁။ ကျွန်ုပ်တို့ရှေ့ အဘယ်စားပွဲများ တည်ခင်းထားပြီး ယင်းတို့အကြောင်း တမန်တော်ပေါလု မည်သို့သတိပေးသနည်း။
တမန်တော်ပေါလု၏ ဤမှုတ်သွင်းခံစကားများ ဖော်ပြသည်ကား လူသားအပေါင်းရှေ့ ပုံဆောင်ရာ စားပွဲနှစ်လုံး တည်ခင်းထားသည်။ စားပွဲပေါ်တင်ထားသည့် ပုံဆောင်စားစရာအမျိုးအစားအားဖြင့် စားပွဲတစ်ခုစီကို ခွဲခြားသတ်မှတ်နိုင်သည်။ ကျွန်ုပ်တို့အားလုံးသည်လည်း စားပွဲတစ်ခုခုမှ အစာသုံးဆောင်နေကြသည်။ သို့ရာတွင် ဘုရားသခင့်အလိုတော်နှင့် တွေ့လိုလျှင် ကိုယ်တော်၏စားပွဲမှ အစာကိုသုံးဆောင်ကာ တစ်ကြိမ်တည်းတွင် နတ်ဆိုးတို့၏စားပွဲမှအစာကို ဖဲ့စားနေ၍ မဖြစ်နိုင်ပါ။ တမန်တော်ပေါလုက ဤသို့သတိပေးသည်– “သာသနာပလူတို့သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အား ပူဇော်ကြ၏။ သင်တို့သည် နတ်ဆိုးတို့နှင့် ဆက်ဆံစေခြင်းငှာ ငါအလိုမရှိ။ သခင်ဘုရား၏ ခွက်ဖလား၊ နတ်ဆိုးတို့၏ခွက်ဖလား နှစ်ပါးကို သင်တို့ မသောက်နိုင်ကြ။ ‘သခင်ဘုရား [ယေဟောဝါ၊ ကဘ] ၏စားပွဲ’၊ နတ်ဆိုးတို့၏စားပွဲ နှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။”—၁ ကောရိန္သု ၁၀:၂၀၊ ၂၁။
၂။ (က) ရှေးဣသရေလလူမျိုးခေတ်က ယေဟောဝါ၏ အဘယ်စားပွဲ တည်ခင်းခဲ့ရာ မိတ်သဟာယပူဇော်သက္ကာများကို မည်သူတို့ပါဝင်သုံးဆောင်ကြသနည်း။ (ခ) ယနေ့ ယေဟောဝါ၏စားပွဲ၌ စားသုံးခြင်းအဓိပ္ပာယ်ကား အဘယ်နည်း။
၂ ယေဟောဝါ၏ပညတ်တရားအောက် ရှေးဣသရေလလူမျိုး ပူဇော်ခဲ့သော မိတ်သဟာယပူဇော်သက္ကာများကို ပေါလု၏စကားများက သတိရ မှတ်မိစေသည်။ ဘုရားသခင်၏ယဇ်ပလ္လင်ကို စားပွဲဟုခေါ်ဆိုပြီး ယဇ်ပူဇော်ရာတိရစ္ဆာန်ကို ယူဆောင်လာသူသည် ယေဟောဝါနှင့်လည်းကောင်း၊ ယဇ်ပုရောဟိတ်များနှင့်လည်းကောင်း အစာသုံးဆောင်သည်ဟု ဆိုတတ်ကြသည်။ မည်သို့အားဖြင့်နည်း။ ဦးဆုံး ယဇ်ပလ္လင်အပေါ်၌ အသွေးကို ပတ်လည်ဖြန်းပြီး ဆီဥကို အောက်မှမီးဖြင့် ရှို့ခဲ့သောကြောင့် ပူဇော်သက္ကာတွင် ယေဟောဝါ ပါဝင်သုံးဆောင်၏ဟုဆိုသည်။ ဒုတိယကား ယဇ်ပုရောဟိတ် (နှင့်သူ၏မိသားစု) သည် ယဇ်ပူဇော်သည့် တိရစ္ဆာန်၏ မီးကင်ထားသောရင်ဘတ်နှင့် လက်ယာခြေကို စားသည့်အတွက် ဖြစ်သည်။ တတိယမှာ ပူဇော်သက္ကာပြုသူသည် အကြွင်းအကျန်ကို ယူစားခွင့်ရှိခြင်းဖြင့် ပါဝင်စားသုံးကြသည်။ (ဝတ်ပြုရာ ၇:၁၁-၃၆) ယနေ့ ယေဟောဝါ၏စားပွဲ၌ စားခြင်းအဓိပ္ပာယ်မှာ ယေရှုနှင့်တမန်တော်များ နည်းလမ်းပြသည့်အတိုင်း ကိုယ်တော်တောင်းဆိုသည့် ဝတ်ပြုနည်းအရ ကိုယ်တော်အား ဝတ်ပြုခြင်း ဖြစ်သည်။ ယင်းသို့ပြုခြင်းငှာ ယေဟောဝါ၏နှုတ်ကပါဌ်တော်နှင့် အဖွဲ့အစည်းမှတစ်ဆင့် ကိုယ်တော်ပြင်ဆင်ပေးတော်မူသည့် ဝိညာဉ်အစာကို စားသုံးရမည်ဖြစ်သည်။ ယေဟောဝါ၏စားပွဲ၌ ကိုယ်တော်နှင့်အတူ အထူးစားသုံးခွင့်ရရှိခဲ့သော ဣသရေလလူမျိုးသည် သူတို့၏စားပွဲတွင် နတ်ဆိုးတို့ထံ ပူဇော်ပသခွင့် မရှိကြပါ။ ဝိညာဏဣသရေလလူမျိုးနှင့် သူတို့၏ “အခြားသိုးများ” ဖြစ်သောအပေါင်းအသင်းများသည် ထပ်တူမြင့်မြတ်သော တားမြစ်ချက်အောက်၌ရှိကြသည်။—ယောဟန် ၁၀:၁၆။
၃။ ကျွန်ုပ်တို့ခေတ်တွင် နတ်ဆိုးတို့၏စားပွဲမှ စားသောအပြစ် မည်သို့ရှိလာနိုင်သနည်း။
၃ ကျွန်ုပ်တို့ခေတ်တွင် နတ်ဆိုးတို့၏စားပွဲမှ စားသောအပြစ် မည်သို့ရှိလာနိုင်သနည်း။ ယေဟောဝါဆန့်ကျင်ရာများကို အားပေးအားမြှောက်ပြုခြင်းဖြင့် ဖြစ်သည်။ နတ်ဆိုးတို့၏စားပွဲတွင် နတ်ဆိုးဆိုင်ရာဝါဒဖြန့်မှုအားလုံး ပါဝင်သည်။ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့အား လမ်းမှားစေ၍ ယေဟောဝါထံမှ သွေဖည်သွားစေရန် ဖြစ်သည်။ ဤသို့သော အဆိပ်အတောက်ကို မိမိ၏စိတ်နှလုံးအားမည်သူကျွေးမွေးလိုမည်နည်း။ ယနေ့ လူအများစုသည် စစ်မှုနှင့်စည်းစိမ်ဘုရားများထံ ပသပူဇော်နေကြသော်လည်း ခရစ်ယာန်စစ်များမှာမူ ယင်းတို့တွင် လုံးဝမပါဝင်ကြချေ။—မဿဲ ၆:၂၄။
“နတ်ဆိုးတို့၏စားပွဲ” ကိုရှောင်ကြဉ်ခြင်း
၄။ ကျွန်ုပ်တို့အားလုံး အဘယ်မေးခွန်းကို ဖြေဆိုရမည်နည်း။ နတ်ဆိုးတို့၏စားပွဲတွင် သိလျက်နှင့် အဘယ်ကြောင့်စားချင်ကြမည်မဟုတ်သနည်း။
၄ ကျွန်ုပ်တို့အားလုံး ဖြေဆိုရမည့် မေးခွန်းတစ်ခုမှာ အဘယ်စားပွဲတွင် အကျွန်ုပ်စားသုံးနေသနည်း ဖြစ်သည်။ ကျွန်ုပ်တို့သည် စားပွဲ တစ်ခုမဟုတ်တစ်ခုတွင် စားနေကြသည်ကား အမှန်ပင်ဖြစ်သည်။ (မဿဲ ၁၂:၃၀ နှိုင်းယှဉ်။) နတ်ဆိုးတို့၏စားပွဲ၌ သိလျက်နှင့် ကျွန်ုပ်တို့စားသုံးမနေလိုကြပါ။ ထိုသို့ပြုမည်ဆိုလျှင် စစ်မှန်၍ အသက်ရှင်တော်မူထသော တစ်ဆူတည်းသောဘုရား၊ ယေဟောဝါ၏ မျက်နှာသာတော်နှင့် တွေ့တော့မည်မဟုတ်ချေ။ တစ်ဖက်ကကြည့်ပြန်လျှင် ယေဟောဝါ၏စားပွဲ၌သာ စားသုံးခြင်းသည် ပျော်ရွှင်ချမ်းမြေ့မှုရှိ ထာဝရအသက်ရစေသည်! (ယောဟန် ၁၇:၃) အစားက လူကိုသတ်မှတ်သည်ဟု အဆိုရှိသည်။ ထိုကြောင့် ကာယနှင့်စိတ္တနှစ်တန်စလုံး ကျန်းမာလိုလျှင် မိမိအစာကို ဂရုစိုက်ရမည်ဖြစ်သည်။ ဓာတုပစ္စည်းများရော၍ အရသာရှိရှိ ပြုလုပ်ထားသော အဆီအအိမ့်များသည့် အကျိုးမဲ့အစာသည် ကျန်းမာရေးကို ထောက်ကူလိမ့်မည်မဟုတ်သည့်နည်းတူ စိတ်ကိုယိုယွင်းစေသော နတ်ဆိုးအယူရောနှောထားသည့် လောကဝါဒဖြန့်ခြင်းသည် အန္တရာယ်ရှိ ပုံဆောင်အကျိုးမဲ့အစာဖြစ်သည်။
၅။ နတ်ဆိုးဆိုင်ရာသွန်သင်ချက်များကို ယနေ့ ကျွန်ုပ်တို့မည်သို့ရှောင်ကြဉ်နိုင်သနည်း။
၅ နောက်ဆုံးကာလတွင် လူတို့သည် “နတ်ဘုရားတို့နှင့်စပ်ဆိုင်သောသြဝါဒ” ကြောင့် လမ်းလွဲသွားလိမ့်မည်ဟု တမန်တော်ပေါလု ကြိုတင်ဟောထားသည်။ (၁ တိမောသေ ၄:၁) ဗာဗုလုန်ဘာသာရေးအယူအဆများ၌သာ ဤနတ်ဆိုးသြဝါဒများ ရှိသည်မက အခြားနည်းမျိုးစုံဖြင့်လည်း အနှံ့အပြား ပျံ့နှံ့နေသည်။ ဥပမာ၊ ကျွန်ုပ်တို့သော်လည်းကောင်း၊ ကျွန်ုပ်တို့ကလေးများသော်လည်းကောင်း ဖတ်ရှုသော စာအုပ်နှင့်မဂ္ဂဇင်းများ၊ ကြည့်ရှုသော ရုပ်မြင်သံကြားအစီအစဉ်များ၊ ဇာတ်ပွဲနှင့်ရုပ်ရှင်များကိုပါ စိစစ်ချင့်ချိန်ဖို့လိုသည်။ (သု. ၁၄:၁၅) အပန်းဖြေရေးအတွက် ရသစာပေကိုဖတ်လျှင် မိုက်မိုက်ကန်းကန်း ရမ်းကားမှု၊ မတရားမေထုန်၊ သို့မဟုတ် စုန်းကဝေအတတ်ဆိုင်ရာ အကြောင်းများ ပါမပါ သတိပြုသလော။ ဗဟုသုတရရန် သုတစာပေဖတ်လျှင် “ခရစ်တော်၏တရားကိုမလိုက်” သောအတွေးအခေါ် သို့မဟုတ် ဘဝပုံစံကို ရှင်းလင်းဖွင့်ဆိုသလော။ (ကောလောသဲ ၂:၈) အကျိုးမပြုသော မှန်းဆချက်များကို တင်ပြထားသလော။ သို့မဟုတ် လောကီဆိုင်ရာ လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်ရန် အားပေးထားသလော။ ချမ်းသာကြွယ်ဝလိုစိတ်ကို မွေးမြူပေးသလော။ (၁ တိမောသေ ၆:၉) ခရစ်တော်နှင့်မဆိုင်သော စိတ်ဝမ်းကွဲပြားစေသည့် ဩဝါဒကို မသိမသာဖော်ပြသောစာပေ ဖြစ်သလော။ ဟုတ်ပါသည်ဟု ဖြေဆိုလျက်နှင့် ယင်းကိုဆက်ဖတ်နေမည်၊ ဆက်ရှုစားနေမည်ဆိုလျှင် နတ်ဆိုးတို့၏စားပွဲ၌ အစာသုံးဆောင်နေရာကျမည်။ ယနေ့ နောက်ဆုံးပေါ် အသိပညာဖြစ်ပုံရှိသည့် လောကီအတွေးအခေါ်များကို အားပေးသည့်စာပေ ဒုနှင့်ဒေးရှိသည်။ (ဒေသနာ ၁၂:၁၂) သို့သော် ဤဝါဒဖြန့်မှုသည် အမှန်မှာ အသစ်အဆန်းမဟုတ်; ဧဝအား စာတန်ဉာဏ်ဆင်ပြောဆိုခဲ့သောစကားများသည် သူမအကျိုးကို မပြုခဲ့သကဲ့သို့ လူတစ်ဦး၏ တိုးတက်ရာတိုးတက်ကြောင်းအတွက်လည်း အကျိုးမပြုပါ။—၂ ကောရိန္သု ၁၁:၃။
၆။ စာတန်က သူ၏နတ်ဆိုးဆိုင်ရာ အကျိုးမဲ့အစာကို မြည်းစမ်းကြည့်ရန် မြှူဆွယ်လျှင် ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။
၆ ထို့ကြောင့် စာတန်က သူ၏နတ်ဆိုးဆိုင်ရာ အကျိုးမဲ့အစာကို မြည်းစမ်းကြည့်ရန် မြှူဆွယ်သောအခါ မည်သို့တုံ့ပြန်သင့်သနည်း။ ကျောက်ခဲကိုမုန့်ဖြစ်စေရန် ယေရှုအား စာတန်စုံစမ်းခဲ့ချိန်ကကဲ့သို့ တုံ့ပြန်သင့်သည်။ ယေရှုက ဤသို့ပြန်ပြောတော်မူသည်– “‘လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်’ ကျမ်းစာလာသည်။” စာတန်ရှေ့ ပျပ်ဝပ်ရှိခိုးဟန် တစ်ကြိမ်သာပြုမည်ဆိုလျှင် “ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း” ပေးမည်ဟု ယေရှုအား မာရ်နတ်ပြောသောအခါ ယေရှုဤသို့တုံ့ပြန်တော်မူသည်– “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်’ ကျမ်းစာလာသည်။”—မဿဲ ၄:၃၊ ၄၊ ၈-၁၀။
၇။ ယေဟောဝါ၏စားပွဲနှင့် နတ်ဆိုးတို့၏စားပွဲနှစ်ခုစလုံး၌ အောင်မြင်စွာ စားသောက်နိုင်သည်ဟု ထင်ပါက မိမိကိုယ်ကိုလှည့်စားနေခြင်းအဘယ်ကြောင့် ဖြစ်သနည်း။
၇ ယေဟောဝါ၏စားပွဲနှင့် ကိုယ်တော်၏ရန်သူနတ်ဆိုးများတည်ခင်းထားသောစားပွဲကို မည်သည့်အခါ၌မျှ ဆက်စပ်နိုင်မည်မဟုတ်! အမှန်ပင်၊ ယခင်ကကြိုးစားခဲ့ဖူးပြီ။ ပရောဖက်ဧလိယခေတ်က ရှေးဣသရေလလူမျိုးကို ပြန်သတိရပါ။ ထိုသူတို့သည် ယေဟောဝါကိုကိုးကွယ်သည်ဟု ဆိုကြသော်လည်း ဗာလအစရှိသော အခြားဘုရားများသည် စည်းစိမ်ချမ်းသာပေးနိုင်မည်ဟု ယုံကြည်ကြသည်။ ဧလိယသည် လူတို့ထံချဉ်းလာ၍ ဤသို့ဆိုသည်—“နုန့်နဲ့စွာ ဒွိဟဖြစ်ကြသည်မှာ မည်မျှကြာကြမည်နည်း။ ယေဟောဝါသည် ဘုရားသခင်မှန်လျှင် လိုက်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် လိုက်ကြလော့။” ဣသရေလလူမျိုးသည် “ခြေတစ်ဖက်စီနှင့်” ထော့ကျိုးသွားနေခဲ့ကြသည်အမှန်။ (၃ ဓမ္မရာဇဝင် ၁၈:၂၁၊ ယေရုရှလင်သမ္မာကျမ်းစာ) သူတို့ ဘုရား၏ဘုရားအဖြစ်အနေကို သက်သေထူရန် ဗာလယဇ်ပုရောဟိတ်များအား စိန်ခေါ်ခဲ့သည်။ ယဇ်ကောင်အပေါ် ကောင်းကင်မှမီးကျစေနိုင်သောဘုရားသည် ဘုရားမှန်ဖြစ်ပါစေဟု ဆိုသည်။ အတန်တန်ကြိုးစားခဲ့သော်လည်း ဗာလယဇ်ပုရောဟိတ်များ ထိုအမှုကို မဖော်ပြနိုင်ခဲ့ချေ။ ယင်းနောက် ဧလိယသည် ဤသို့သာဆုတောင်းလေသည်– “အိုယေဟောဝါ၊ ကိုယ်တော်သည် မှန်သောဘုရားသခင် ယေဟောဝါဖြစ်တော်မူကြောင်း သူတို့သည် သိစေခြင်းငှာ အကျွန်ုပ်၏စကားကို နားထောင်တော်မူပါ။” ယေဟောဝါ၏မီးသည် ရုတ်တရက် ကောင်းကင်မှကျ၍ စွတ်စိုနေသော ယဇ်ကောင်ကို ကျွမ်းလောင်လေသည်။ ယေဟောဝါသည် ဘုရားဖြစ်တော်မူကြောင်း ယုံကြည်စိတ်ချလောက်သော သာဓကကိုမြင်ပြီးနောက် လူတို့သည်ဧလိယမှာကြားသည့်အတိုင်း ဗာလ၏ပရောဖက် လေးရာငါးဆယ်ကို ကွပ်မျက်လေသည်။ (၃ ဓမ္မရာဇဝင် ၁၈:၂၄-၄၀၊ ကဘ) ယနေ့လည်း ယေဟောဝါသည် စစ်မှန်သောဘုရားဖြစ်သည်ဟု အသိအမှတ်ပြုကာ ကိုယ်တော်၏စားပွဲတော်၌သာ စားသုံးမနေသေးပါက ထိုသို့ပြုရန် ပြတ်ပြတ်သားသားလှည့်လာရမည်။
‘သစ္စာရှိကျေးကျွန်’ ယေဟောဝါ၏စားပွဲတော်ကို တည်ခင်းပေး
၈။ ယေရှုရောက်ရှိနေချိန်အတွင်း တပည့်တော်များအား ဝိညာဏအစာ ကျွေးမွေးရန် အဘယ်ကျေးကျွန်ကို အသုံးပြုမည်ဟု ကိုယ်တော်ကြိုတင်ဟောသနည်း။ ကျေးကျွန်၏ ခွဲခြားသိမြင်နိုင်သောအမှတ်အသားကား အဘယ်နည်း။
၈ သခင်ယေရှုခရစ် ကြွရောက်ချိန်တွင် မိမိ၏တပည့်တော်များအတွက် ဝိညာဏအစာကို ‘သစ္စာသမာဓိရှိကျေးကျွန်’ တည်ခင်းကျွေးမွေးလိမ့်မည်ဟု ကြိုတင်ဟောထားတော်မူသည်– “အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍ တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။” (မဿဲ ၂၄:၄၅-၄၇) ဤကျွန်သည် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှမဟုတ်ဘဲ ဆက်ကပ်အပ်နှံ ဘိသိက်ခံ ခရစ်ယာန်အတန်းစားဖြစ်ကြောင်း သက်သေထင်ရှားလေပြီ။ ဤအတန်းစားသည် ဘိသိက်ခံအကြွင်းအကျန်နှင့် “လူအုပ်ကြီး” အတွက်ပါ အကောင်းဆုံး ဝိညာဏအစာကို ယေဟောဝါ၏စားပွဲတော်၌ တည်ခင်းကျွေးမွေးခဲ့ပြီ။ ယခု လေးသန်းကျော်အထိရှိ လူအုပ်ကြီးသည် ယေဟောဝါဘုရားသခင်၏ စကြဝဠာအုပ်စိုးပိုင်သခွင့်နှင့် အထွတ်အမြတ်နာမတော်ကို သန့်ရှင်းစေတော်မူမည့် ကိုယ်တော်၏နိုင်ငံတော်ဘက်တွင် ဘိသိက်ခံအကြွင်းအကျန်နှင့်အတူ ရပ်တည်နေကြပြီ။—ဗျာဒိတ် ၇:၉-၁၇။
၉။ ကျေးကျွန်အတန်းစားသည် ယေဟောဝါသက်သေအားလုံးတို့ကို ဝိညာဏအစာကျွေးရန် အဘယ်အရာကိုအသုံးပြုနေသနည်း။ သူတို့၏ဝိညာဏစားသောက်ပွဲကို ပရောဖက်ပြုစကားဖြင့် မည်သို့ဖော်ပြထားသနည်း။
၉ ဤသစ္စာရှိကျေးကျွန်အတန်းစားသည် ယေဟောဝါသက်သေအားလုံးတို့ကို ဝိညာဏအာဟာရ ပြည့်ဝစေရန် ကင်းမျှော်စင် ကျမ်းစာနှင့်ဝေစာအသင်းအားဖြင့် ပြုစုကျွေးမွေးခဲ့ပေပြီ။ ခရစ်ယာန်ဘောင်နှင့် ဤအစီအစဉ်စနစ်ရှိသူအပေါင်း အသက်ပေးသော ဝိညာဉ်အစာမရှိသဖြင့် ငတ်ပြတ်နေစဉ်တွင် ယေဟောဝါ၏လူများသည် တပျော်တပါး စားသောက်နေကြပါသည်။ (အာမုတ် ၈:၁၁) ယင်းသည် ဟေရှာယ ၂၅:၆ ပါပရောဖက်ပြုချက်၏ ပြည့်စုံချက်ပင်ဖြစ်သည်– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲ တည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာ စစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာ စီရင်တော်မူလိမ့်မည်။” အခန်းငယ် ၇ နှင့် ၈ ဖော်ပြသည့်အတိုင်းပင် ဤပွဲတော်ကို အစဉ်အဆက် တည်ခင်းကျွေးမွေးလိမ့်မည်ဖြစ်သည်။ ယေဟောဝါ၏ မျက်မြင်ရအဖွဲ့အစည်းရှိသူအပေါင်းအတွက် ယခုသော်လည်းကောင်း၊ အနာဂတ်ကာလတွင်သော်လည်းကောင်း ဆက်လက်ရရှိမည့်ကောင်းချီးပါတကား!
နတ်ဆိုးတို့၏စားပွဲပေါ်ရှိ အဆိပ်အတောက်အစာကို သတိထားလေ
၁၀။ (က) ကျွန်ဆိုးအတန်းစား ကျွေးသောအစာကား မည်သို့သောအစာဖြစ်သနည်း။ သူတို့ကို လှုံ့ဆော်တိုက်တွန်းနေသည်ကား အဘယ်နည်း။ (ခ) ကျွန်ချင်းဖြစ်ခဲ့ဖူးသူတို့ကို ကျွန်ဆိုးအတန်းစားက မည်သို့ဆက်ဆံသနည်း။
၁၀ နတ်ဆိုးတို့၏စားပွဲပေါ်ရှိ အစာသည် အဆိပ်အတောက်ဖြစ်သည်။ ဥပမာ၊ ကျွန်ဆိုးအတန်းစားနှင့် အယူဖောက်ပြန်သူများ ကျွေးသောအစာကို ချင့်ချိန်ကြည့်လေ။ ယင်းသည် အာဟာရမဖြစ်၊ အင်အားမဖြည့်; ကျန်းမာရေးနှင့်လည်း မညီညွတ်ပါ။ အယူဖောက်ပြန်သူများသည် ယေဟောဝါ၏စားပွဲ၌ မစားသုံးကြတော့သည့်အတွက် ထိုသို့ဖြစ်ရသည်။ ယင်းကြောင့် သူတို့ယူတင်ဝတ်ဆောင်နိုင်ခဲ့သော လူသစ်ပုံသဏ္ဌာန်လည်း မရှိတော့ချေ။ သူတို့ကို လှုံ့ဆော်တိုက်တွန်းနေသည်ကား သန့်ရှင်းသောဝိညာဉ်တော်မဟုတ်ဘဲ ခါးသီးနာကြည်းစိတ်ဖြစ်သည်။ ယေရှုကြိုတင်ဟောသည့်အတိုင်းပင် သူတို့သည် တစ်ခုတည်းသောရည်မှန်းချက်—ကျွန်ချင်းဖြစ်ခဲ့ဖူးသူတို့ကို ရိုက်ပုတ်ရန်—ကိုအာရုံစွဲလမ်း တမ်းမှန်းနေသည်။—မဿဲ ၂၄:၄၈၊ ၄၉။
၁၁။ တစ်ဦးဦးရွေးချယ်သည့် ဝိညာဉ်အစာနှင့်ပတ်သက်၍ စီ. တီ. ရပ်စယ်လ်က မည်သို့ရေးသားခဲ့သနည်း။ ယေဟောဝါ၏စားပွဲကို ဥပေက္ခာပြုသူတို့ကို သူမည်သို့ဖော်ပြခဲ့သနည်း။
၁၁ ဥပမာ၊ ယေဟောဝါ၏စားပွဲမှ သွေဖည်ပြီးနောက် ကျွန်ချင်းဖြစ်ခဲ့ဖူးသူများကို မတော်မလျော် ပြုမူသူများအကြောင်း ၁၉၀၉ ခုနှစ်တွင် ထိုအချိန်က ကင်းမျှော်စင်အသင်း၏ ဥက္ကဌဖြစ်သူ စီ. တီ. ရပ်စယ်လ်သည် အောက်တိုဘာ ၁၊ ၁၉၀၉ ကင်းမျှော်စင်တွင် ဤသို့ရေးသားဖော်ပြသည်– “အသင်းမနှင့်ဖြစ်စေ၊ ၎င်း၏လုပ်ငန်းနှင့်ဖြစ်စေ အဆက်ဖြတ်သူအားလုံး ကိုယ်တိုင်ကြီးပွားတိုးတက်မည့်အစား၊ သို့မဟုတ် သူတစ်ပါးအား ယုံကြည်ခြင်းတွင်လည်းကောင်း၊ ဝိညာဉ်အသီးသီးခြင်းတွင်လည်းကောင်း တိုးပွားစေမည့်အစား ပြောင်းပြန်ပြုကြပုံရသည်—တစ်ချိန်က သူတို့အကျိုးဆောင်ခဲ့သောအရေးကို ဖျက်ဆီးရန်ကြိုးပမ်းကာ သတိမရတော့ခြင်းထဲသို့ တဖြည်းဖြည်းနစ်မြုပ်သွားရာ ကိုယ်ကိုလည်းကောင်း၊ ထပ်တူရန်လိုစိတ်ရှိသူများကိုလည်းကောင်း အကျိုးယုတ်စေကြသည်။ . . . အကယ်၍ အခြားစားပွဲများ၌ ထပ်တူအစာကောင်းမျိုး သို့မဟုတ် ပိုကောင်းသည့်အစာမျိုး စားနိုင်မည်အထင်ရှိကြလျှင်၊ သို့မဟုတ် ကိုယ်တိုင်ပင် ထပ်တူအစာကောင်းမျိုး သို့မဟုတ် ပိုကောင်းသည့်အစာမျိုး တည်ခင်းကျွေးမွေးနိုင်မည်ထင်လျှင်—ကြိုက်နှစ်သက်ရာကို ပြုမူကြပါစေ။ . . . သို့သော် အခြားသူများအနေနှင့် မိမိတို့ကျေနပ်သည်အတိုင်း အစာနှင့်အလင်းကိုတွေ့ရှိရန် မည်သည့်နေရာကိုမဆို၊ နေရာတိုင်းကို သွားရောက်ရန် ကျွန်ုပ်တို့ကြည်ဖြူစဉ် ကျွန်ုပ်တို့အား ရန်ဘက်ပြုသူဖြစ်လာသူများသည် လုံးဝကွာခြားစွာပြုမူကြသည်။ လောကရှိ ယောက်ျားပီသသောသဘောဖြင့် ‘ကိုယ်ပိုကြိုက်တာကို တွေ့ပြီ; သွားပြီနော်!’ ဟုဆိုမည့်အစား ထိုသူတို့သည် အမျက်ဒေါသ၊ ရန်ငြိုး၊ မုန်းတီးစိတ်၊ အပြိုင်အဆိုင်စိတ်၊ ‘မာရ်နတ်နှင့်ဆိုင်သော ဇာတိအကျင့်’ စသည့် လောကီသားများ၌ပင် မကြားဖူးသည့်အကျင့်များကို တင်ပြကြပါသည်။ သူတို့သည် ရူးသွပ်ခြင်း၊ စာတန့် ခွေးရူးပြန်ဆေးကို သွင်းထားဘိသကဲ့သို့ ဖြစ်သည်။ အချို့ဆိုလျှင် ကျွန်ုပ်တို့အား ကိုယ်တိုင် အတိုက်အခံပြုပြီးနောက် ကျွန်ုပ်တို့က အတိုက်အခံပြုပါသည်ဟု စွပ်စွဲကြပြန်သည်။ မတရားသဖြင့် လိမ်ညာပြောဆို ရေးသားကြရန်၊ ယုတ်မာမှုများကိုပြုကြရန် ကိုယ်သိက္ခာကို အကျခံဖို့ သူတို့အသင့်ရှိကြသည်။”
၁၂။ (က) အယူဖောက်ပြန်သူများသည် ကျွန်ချင်းတို့ကို မည်သို့ရိုက်ပုတ်သနည်း။ (ခ) စပ်စုလို၍ အယူဖောက်ပြန်သူများ၏ရေးသားချက်များကို ဖတ်ရှုခြင်းသည် အဘယ်ကြောင့်အန္တရာယ်များသနည်း။
၁၂ မှန်ပါသည်။ အယူဖောက်ပြန်သူများသည် ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ မမှန်တစ်ဝက် မှန်တစ်ဝက် ပြောဆိုရေးသားချက်များနှင့် ဗြောင်လိမ်လည်ပြောဆိုသည့် စာပေများကို ထုတ်ဝေကြသည်။ သက်သေခံအစည်းအဝေးများကို မတက်ကြရန်တားပြီး သတိမချပ်သူတို့ကို ထောင်ဖမ်းရန်ပင် ကြိုးစားကြသည်။ ထို့ကြောင့် ယင်းကဲ့သို့သောစာပေများကို ဖတ်ရှုရန် သို့မဟုတ် သူတို့၏ ကဲ့ရဲ့ပြစ်တင်စကားများကို နားထောင်ရန် စပ်စုခြင်းသည် အန္တရာယ်ကြီးမားလှသည်! ကိုယ်တိုင် အဘယ်ဒုက္ခမျှ ရောက်မည်ဟု မထင်သည့်တိုင် ဘေးအန္တရာယ်မူကား ရှိနေသည်။ အဘယ်ကြောင့်နည်း။ တစ်ခုတင်ပြရလျှင် အယူဖောက်ပြန်သူများ၏စာပေအချို့သည် မုသားများကို “ချော့မော့သောစကား” “လှည့်ဖြားသောစကား” ဖြင့် ဖော်ပြပြောဆိုထားတတ်သည်။ (ရောမ ၁၆:၁၇၊ ၁၈; ၂ ပေတရု ၂:၃၊ သမ) နတ်ဆိုးတို့၏စားပွဲ၌ ထိုသို့သာရှိမည်မဟုတ်လော။ ထိုအယူဖောက်ပြန်သူများသည် အချက်အလက်အချို့ကို တင်ပြမည်ဖြစ်သော်လည်း ယင်းတို့သည် ယေဟောဝါ၏စားပွဲမှ ခေါ်ထုတ်သွားရန်ရည်ရွယ်သော အဆက်အစပ်မရှိအချက်များဖြစ်သည်။ သူတို့၏အရေးအသားအားလုံးတို့သည် ပြစ်တင်စွပ်စွဲ ရှုတ်ချခြင်းသာတည်း! တည်ဆောက်မှု လုံးဝမပေးချေ။
၁၃၊ ၁၄။ အယူဖောက်ပြန်သူများနှင့် သူတို့၏ဝါဒဖြန့်စကားများ၏အကျင့်ကား အဘယ်နည်း။
၁၃ ယေရှုက ဤသို့ဆိုသည်– “သူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။” (မဿဲ ၇:၁၆) အယူဖောက်ပြန်သူများနှင့် သူတို့၏စာပေများ၏ အကျင့်တို့ကား အဘယ်နည်း။ ယင်းတို့၏ဝါဒဖြန့်မှုတွင် ထင်ရှားသည့်အရာ လေးခုရှိသည်။ (၁) လူရည်လည်ခြင်း။ သူတို့သည် “လူပရိယာယ်နှင့် အပြစ်သို့ သွေးဆောင်ခြင်းငှာ လှည့်ဖြားပြောဆို” တတ်သည်ဟု ဧဖက် ၄:၁၄ ကဆိုသည်။ (၂) ထောင်လွှားသောဉာဏ်။ (၃) မေတ္တာကင်းမဲ့ခြင်း။ (၄) နည်းအမျိုးမျိုးဖြင့် မရိုးသားခြင်း တို့ဖြစ်သည်။ ယင်းတို့သည် နတ်ဆိုးတို့၏စားပွဲပေါ် တည်ခင်းကျွေးမွေးသည့်အစာ အမယ်မျိုးစုံပင်ဖြစ်သည်။ ၎င်းတို့အားလုံးသည် ယေဟောဝါလူများတို့၏ ယုံကြည်ခြင်းကို တိုက်စားဖြိုဖျက်ရန်ဖြစ်သည်။
၁၄ ထို့ပြင် အခြားရှုထောင့်တစ်ဖက်ရှိပါသေးသည်။ အယူဖောက်ပြန်သူများသည် အဘယ်သို့ ပြန်သွားကြသနည်း။ ခရစ်ယာန်အားလုံး ကောင်းကင်သို့သွားသည် အစရှိသော အယူအဆများကိုယုံကြည်သည့် ခရစ်ယာန်ဘောင်၏ အမှောင်ထုအတွင်း များသောအားဖြင့် ပြန်ရောက်ကြသည်။ ထို့နောက် အသွေး၊ ကြားနေခြင်း၊ ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံခြင်းနှင့်ပတ်သက်သည့် ခိုင်မာသော ကျမ်းစာဆိုင်ရာရပ်တည်မှုအတိုင်း အများစုသည် မလိုက်နာကြတော့ချေ။ ကျွန်ုပ်တို့မူကား မဟာဗာဗုလုန်၏မှောင်မိုက်ထဲမှ လွတ်မြောက်ခဲ့ပြီဖြစ်၍ နောက်တစ်ဖန်ပြန်ရောက်မည်ကို မည်သည့်အခါမျှ မလိုလားကြပါ။ (ဗျာဒိတ် ၁၈:၂၊ ၄) “စင်ကြယ်သောတရားစကား” များကို လက်ခံယူနိုင်ရန် ကျွန်ုပ်တို့အား ကူညီပေးနေသူတို့ကို နှုတ်ဖြင့်ထိုးနှက်ကြသူ ယေဟောဝါ၏စားပွဲတော်မှအစာကို ငြင်းပယ်သူတို့၏ ဝါဒဖြန့်စကားများကို ယေဟောဝါ၏ သစ္စာရှိကျေးကျွန်များဖြစ်နေကြသော ကျွန်ုပ်တို့သည် အဘယ်ကြောင့်စူးစမ်းလိုကြမည်နည်း။—၂ တိမောသေ ၁:၁၃၊ ကဘ။
၁၅။ အယူဖောက်ပြန်သူများ၏ ပြစ်တင်စွပ်စွဲချက်များကို ကြားသည့်အခါ ပညာရှိလမ်းစဉ်ကိုလိုက်ရန် အဘယ်ကျမ်းစာမူက အကူအညီပေးမည်နည်း။
၁၅ အယူဖောက်ပြန်သူများ၏ ပြစ်တင်စွပ်စွဲချက်များကို အချို့က စပ်စုလိုကြမည်။ သို့သော် တရားဟောရာ ၁၂:၃၀၊ ၃၁ ပါမူဝါဒကို နှလုံးသွင်းသင့်သည်။ ထိုတွင် တိတ္ထိများဖြစ်သည့် ကတိထားရာပြည်သားတို့ကို နိုင်နင်းပြီးသည်နှင့် အဘယ်အရာတို့ကို ဣသရေလလူမျိုးတို့ ရှောင်ကြဉ်ရမည်အကြောင်း မောရှေမှတစ်ဆင့် ယေဟောဝါ သတိပေးတော်မူသည်။ “သူတို့သည် သင့်ရှေ့မှာ ပျက်စီးသောနောက် သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အကြောင်း ‘ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ဝတ်ပြုသနည်း။ ထိုနည်းတူ ငါပြုမည်’ ဟု သူတို့ဘုရားဝတ်ကို မမေးမြန်းမည်အကြောင်း ကိုယ်ကိုကိုယ် သတိပြုလော့။ သူတို့ပြုသကဲ့သို့ သင်၏ဘုရားသခင် ထာဝရဘုရားအား သင်မပြုရ။” မှန်သည်။ စပ်စုတတ်သောလူ့စိတ်ကို ယေဟောဝါဘုရားသခင် သိထားတော်မူသည်။ ဧဝကိုလည်းကောင်း၊ လောတ၏မိန်းမကိုလည်းကောင်း သတိရပါလေ! (လုကာ ၁၇:၃၂; ၁ တိမောသေ ၂:၁၄) ကျွန်ုပ်တို့သည် အယူဖောက်ပြန်သူများ ပြောဆိုနေသမျှ၊ ပြုလုပ်နေသမျှတို့ကို ဘယ်တော့မျှနားမစွင့်ဘဲနေကြပါစို့။ ယင်းအစား လူတို့ကို ဆောက်တည်အားပေးခြင်း၊ ယေဟောဝါ၏စားပွဲ၌ သစ္စာရှိရှိစားသုံးနေခြင်း အမှုတွင် အလုပ်များနေကြပါစို့!
ယေဟောဝါ၏စားပွဲသာ ကျန်ရှိလိမ့်မည်
၁၆။ (က) စာတန်နှင့် သူ၏နတ်ဆိုးများသာမက ကမ္ဘာ့လူမျိုးအသီးသီး စားသောက်နေကြသော ပုံဆောင်ရာစားပွဲများ မကြာမီ မည်သို့ဖြစ်ပျက်မည်နည်း။ (ခ) နတ်ဆိုးတို့၏စားပွဲတွင် ဆက်စားသုံးနေသူအားလုံးတို့သည် မည်သို့ဖြစ်ပျက်မည်နည်း။
၁၆ များမကြာမီ ကြီးစွာသောဒုက္ခ ရုတ်တရက်ဖြစ်ပျက်လာပြီး “အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး၌ စစ်တိုက်ခြင်း” ဖြင့်အထွတ်အထိပ်သို့ အလျင်အမြန်ရောက်လိမ့်မည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ဤအစီအစဉ်စနစ်နှင့်တကွ ကမ္ဘာ့လူမျိုးအသီးသီး စားသောက်နေကြသော ပုံဆောင်ရာစားပွဲကို ယေဟောဝါဖျက်ဆီးသည့်အခါ အထွတ်အထိပ်တိုင်လိမ့်မည်။ စာတန်မာရ်နတ်၏ မျက်မြင်မရသော အဖွဲ့အစည်းတစ်ခုလုံးနှင့် ယင်း၏နတ်ဆိုးအပေါင်းကိုလည်း ယေဟောဝါဘုရားသခင် နိုင်နင်းဖျက်ဆီးလိမ့်မည်။ စာတန်၏ဝိညာဏစားပွဲဖြစ်သောနတ်ဆိုးတို့၏စားပွဲတွင် အစာဆက်စားနေသူတို့သည် ပကတိစားသောက်ပွဲကို မတက်မနေ တက်ရောက်ရကြလိမ့်မည်။ သို့သော် ပါဝင်သုံးဆောင်သူများအဖြစ်မဟုတ်ဘဲ အဓိကဟင်းလျာပွဲအဖြစ်—သူတို့ပျက်စီးကြရလိမ့်မည်!—ယေဇကျေလ ၃၉:၄; ဗျာဒိတ် ၁၉:၁၇၊ ၁၈ ရှု။
၁၇။ ယေဟောဝါ၏စားပွဲတွင် လုံးလုံးလျားလျားစားသုံးသူများ အဘယ်ကောင်းချီးများ ခံစားရမည်နည်း။
၁၇ ယေဟောဝါ၏စားပွဲသာလျှင် ကျန်ကြွင်းမည်။ ထိုတွင်ရှိ စားစရာများကို တန်ဖိုးထားသုံးဆောင်သူတို့သည် အသက်ချမ်းသာရ၍ ကမ္ဘာအစဉ်အဆက် ထိုတွင်စားသောက်ခွင့်ရလိမ့်မည်။ နောက်တစ်ဖန်သူတို့အဘယ်အစာခေါင်းပါးမှုမျိုးကိုမျှ ကြုံရလိမ့်မည်မဟုတ်။ (ဆာလံ ၆၇:၆; ၇၂:၁၆) ကျန်းမာပြည့်ဖြိုးစွာဖြင့် ပရဒိသုတွင် သူတို့ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြလတ္တံ့! ထိုအခါ ဗျာဒိတ် ၂၁:၄ ပါ အားယူစရာစကားများသည် ကျယ်ပြောစွာ ပြည့်စုံလာလိမ့်မည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” အတိုက်အခံပြုမှုသည် အတိတ်တွင်ကျန်ခဲ့သောကြောင့်နေရာတကာတွင် ယေဟောဝါဘုရားသခင်၏ အုပ်စိုးပိုင်သခွင့်ကို အစဉ်အဆက်တွေ့ရှိရလိမ့်မည်။ မျက်နှာသာတော်ကိုလည်း ရွေးနုတ်ခံ ပရဒိသုကမ္ဘာသားများ အစဉ်အမြဲခံစားကြရလိမ့်မည်။ ဤဆုလာဘ်ကိုပိုင်သရရှိခြင်းငှာ အကောင်းဆုံးဝိညာဏခဲဖွယ်စားဖွယ်ပွဲ ဟင်းလျာအမယ် မျိုးပေါင်းစုံပြည့်လျှံစွာ တည်ခင်းထားသည့် ယေဟောဝါ၏စားပွဲ၌သာ ပါဝင်သုံးဆောင်ကြရန် စိတ်ဆုံးဖြတ်ကြစို့လေ!
သင်မည်သို့ဖြေဆိုမည်နည်း
◻ နတ်ဆိုးဆိုင်ရာသွန်သင်ချက်များကြောင့် လမ်းလွဲခြင်းကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။
◻ ယေဟောဝါ၏စားပွဲနှင့် နတ်ဆိုးတို့၏စားပွဲနှစ်ခုစလုံးကို အဘယ်ကြောင့်အောင်မြင်စွာ မစားသောက်နိုင်သနည်း။
◻ အယူဖောက်ပြန်သူများသည် အဘယ်အစာမျိုးကို တည်ခင်းကျွေးမွေးသနည်း။
◻ အယူဖောက်ပြန်သူများ၏ စွဲဆိုချက်များကို စပ်စုခြင်းသည် အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။
◻ အယူဖောက်ပြန်သူများ၏ အကျင့်များကား အဘယ်နည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေဟောဝါ၏စားပွဲသည် အကောင်းဆုံးဝိညာဏဟင်းလျာ အမယ်မျိုးစုံနှင့် ပြည့်လျှံနေ