“ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ”
ဘရူနဲလာ အင်န်ကောန်ဒီတီ၏ သူငယ်ချင်းများ ပြောပြသည်
“စနေနေ့ဟာ ထိုင်းမှိုင်းပြီး အထီးကျန်ဆန်တဲ့ နေ့ရက်တစ်ရက်ပဲ။ အခန်းထဲမှာ ကျွန်မတစ်ယောက်ထဲ မျှော်လင့်ချက်မရှိ ဖြစ်နေရတယ်။ စင်္ကြံမှာလျှောက်နေရသလိုပဲ။ အစစအရာရာ အဆင်ပြေနေရာကနေ ရုတ်တရက် လူတစ်ယောက်က ကျွန်မမျက်နှာတည့်တည့် တံခါးကို ဆောင့်ပိတ်လိုက်တော့ ကျွန်မဘယ်လိုပဲ ကြိုးစားကြိုးစား ထွက်ပေါက်ရှာမတွေ့သလို ဖြစ်နေရတယ်။။”
၁၅ နှစ်အရွယ် ဘရူနဲလာ အင်န်ကောန်ဒီတီသည် အလွန်စိတ်ဓာတ်ကျပြီး စိတ်ဖိစီးမှုအပြင်းအထန်ခံစားနေရသည်။ နုပျိုချိန်တွင် သူမအတွက် အရေးအကြီးဆုံးနေ့ရက် ကုန်လွန်တော့မည်။ ထိုနှစ်၏အစောပိုင်းတွင် သူမသည် ယေဟောဝါကိုလည်းကောင်း၊ သမ္မာကျမ်းစာကိုလည်းကောင်း ချစ်မြတ်နိုးစိတ် တိုးပွားလာခဲ့ရာ ဤလုံမလေးသည် မိမိအသက်တာကို ကိုယ်တော်ထံ ဆက်ကပ်အပ်နှံခဲ့ပါသည်။ ကနေဒါနိုင်ငံ၊ မောန်တြီဪလ်မြို့၌ ဇူလိုင် ၁၉၉၀ တွင်ယေဟောဝါသက်သေများ၏ “စင်ကြယ်သောဘာသာစကား” ခရိုင်စည်းဝေးပွဲ ကျင်းပမည်ဖြစ်ရာ ထိုတွင် သူမနှစ်ခြင်းခံရန် ဖြစ်သည်။ ယင်းသို့ဖြစ်မည့်အစား ဘရူနဲလာခမျာ သူ့ဘဝအသက်တာတစ်ခုလုံးကို ဂယက်ရိုက်မည့် ယုံကြည်ခြင်းဆိုင်ရာ စုံစမ်းခြင်းကို ခံလိုက်ရရှာသည်။
ရေတွင်နှစ်ခြင်းယူခြင်းဖြင့် သူမ၏ ဆက်ကပ်အပ်နှံခြင်းကို ထင်ရှားပြရန် သူစောင့်မျှော်ခဲ့သည့်ရက်မတိုင်မီ နှစ်ရက်အလိုတွင် မိမိမှာ သွေးကင်ဆာရောဂါရှိနေကြောင်း သိရရှာသည်။ ဒေသန္တရကလေးဆေးရုံမှ ဆရာဝန်များက ချက်ချင်းကုသပေးလိုသဖြင့် ဘရူနဲလာသည် ဆေးရုံတက်လိုက်ရရှာသည်။
သူမကိုယ်တိုင်ပြောသောစကားများက ဆရာဝန်များကို စိတ်ထိခိုက်စေခဲ့
ယေဟောဝါဘုရားသခင်အတွက် အသွေးသည် မြင့်မြတ်ကြောင်းကို ဘရူနဲလာ သိထားသည်။ (ဝတ်ပြုရာ ၁၇:၁၁) သူမ၏မိဘများဖြစ်သူ အဲဒ်မောန်ဒိုနှင့် နီကိုလက်တာတို့က သမီး၏ရောဂါကို ကုသပေးရာတွင် သွေးမသွင်းရန် အတိအလင်းတောင်းဆိုခဲ့သည်။ “အသက်မပြည့်သေးပေမဲ့ ဆရာဝန်များကို ဘရူနဲလာကိုယ်တိုင် ပြောပြချင်တယ်” ဟုသူမ၏ဖခင် ပြန်ပြောပြသည်။ “‘အသွေးကိုကြဉ်ရှောင်’ ရမယ်ဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို ချိုးဖောက်မယ့် ကုသနည်းကို သူမမခံယူလိုတဲ့အကြောင်း အခိုင်အမာပြောပြတယ်။”—တမန်တော် ၁၅:၂၀။
ဇူလိုင် ၁၀၊ ၁၉၉၀ တွင် ဆရာဝန်သုံးဦးနှင့် လူမှုဝန်ထမ်းတစ်ဦးသည် ဘရူနဲလာ၏မိဘများနှင့် ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်မှ ဓမ္မအမှုဆောင်နှစ်ဦးနှင့်တွေ့ဆုံခဲ့သည်။ ဘရူနဲလာ၏ရောဂါသည် ပြန်ရည်ဆဲလ်လျာ သွေးကင်ဆာဖြစ်ကြောင်း စမ်းသပ်ချက်တို့ကို အခိုင်အလုံဖော်ပြသည်။ ရောဂါကိုတိုက်လှန်ရန် သူတို့ကြံစည်သည့်နည်းကို ဆရာဝန်များ ရှင်းပြခဲ့ကြသည်။ ကုသနည်း လွယ်လိမ့်မည်မဟုတ်ကြောင်း အလိမ္မာနည်းဖြင့် ဖော်ပြကြ၏။ “ဘရူနဲလာရဲ့အပြုအမူအပြင် ဘုရားသခင့်စကားကို နာခံလိုတဲ့ သူ့ဆုံးဖြတ်ချက်က ဆရာဝန်များနဲ့ လူမှုဝန်ထမ်းတို့၏စိတ်ကို အတော်ထိခိုက်ပုံရှိတယ်။ သူ့မိဘတွေမက ခရစ်ယာန်အသင်းတော်က မိတ်ဆွေတွေရဲ့ အားပေးထောက်မပုံကလည်း သူတို့အတွက် အထူးစွဲမှတ်စရာဖြစ်ခဲ့တယ်။ သူတို့ရဲ့အခြေအနေကို ကျွန်တော်တို့ နားလည်ရုံမက လေးစားကြတာကိုလည်း သူတို့သဘောပေါက်ကြတယ်” ဟု အသင်းတော်အကြီးအကဲတစ်ဦး ပြန်ပြောပြသည်။
ဆရာဝန်များအနေနှင့် သွေးမသွင်းဘဲ ကုသရန် ကြံစည်ကြပါသည်။ ဘရူနဲလာကို ဓာတုကုထုံးဖြင့် အသေအချာ ကုသကြမည်ဖြစ်ကာ ယင်းသည် သာမန်ထက် ပြင်းထန်မှုနှုန်း လျော့လိမ့်မည်ဖြစ်သည်။ ဤနည်းဖြင့် ကုသခြင်းကြောင့် သွေးဆဲလ်တို့၏ပျက်စီးမှု လျော့နည်းစေမည်။ “ဆရာဝန်များက ဘရူနဲလာရဲ့ ကာယ၊ စိတ်ဓာတ်နှင့် ဝိညာဏလိုအပ်ရာတို့ကို ထည့်တွက်ပေးကြတယ်” ဟုနီကိုလက်တာရှင်းပြသည်။ “ကလေးများရဲ့ သွေးကင်ဆာကို သွေးမပါဘဲ စီမံကုသဖူးတဲ့ပါရဂူတစ်ယောက်နဲ့ တိုင်ပင်ကြည့်ဖို့ ကျွန်မတို့အခွင့်တောင်းတဲ့အခါ သူတို့သဘောတူခဲ့ကြတယ်။” ဘရူနဲလာနှင့် ဆေးရုံအမှုထမ်းတို့သည် တစ်ဦးကိုတစ်ဦး ခင်မင်ရင်းနှီးလာကြသည်။
ဝိညာဏပန်းတိုင်များ
ရောဂါစတင်ကုသချိန်တွင် အချို့သောရလဒ်ကောင်းများရှိသော်လည်း ဘရူနဲလာ၏ ပြင်းထန်သောစုံစမ်းခြင်းသည် အစကနဦးသာရှိသေးသည်။ နိုဝင်ဘာ ၁၉၉၀ တိုင်လေသော် သူမ၏ ရောဂါ ရှင်းလင်းသွားသည်။ သို့နှင့် မဆိုင်းမတွပင် သူမနှစ်ခြင်းခံယူခဲ့သည်။ လွန်ခဲ့သောလအနည်းငယ်ကို သူမပြန်စဉ်းစားပြီး ဘရူနဲလာ ဤသို့ဝန်ခံသည်– “တကယ့်ကို မလွယ်ပါဘူး။ ခွန်အားရှိနေဖို့လိုတယ်။ အပြုသဘောနဲ့ တွေးတောနေဖို့လည်းလိုတယ်။ . . . ကျွန်မယုံကြည်ခြင်း အကြီးအကျယ် စမ်းသပ်ခံခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မမယိမ်းယိုင်ခဲ့ဘူး။ အခုထိ မှန်မှန်ရှေ့ဆောင် [အချိန်ပြည့်ဓမ္မအမှုဆောင်] လုပ်ဖို့ ကြံစည်နေတုန်းပဲ။”
၁၉၉၁ အစောပိုင်းတွင် ဘရူနဲလာ၏ရောဂါ ပြန်ပေါ်လာသည်။ ဓာတုကုထုံးခံယူနေစဉ်ပင် သူမသည် သေလုနီးပါးဖြစ်ခဲ့ရာ ပြန်နာလန်ထူခဲ့သည့်အတွက် အားလုံးအံ့သြဝမ်းသာကြရသည်။ ဩဂုတ်လတွင် ကျန်းမာရေးအခြေအနေ အတော်အသင့်ကောင်းလာသဖြင့် အရန်ရှေ့ဆောင်အဖြစ် လူသူရှေ့ဓမ္မအမှုဆောင်နိုင်ခဲ့သည်။ ရောဂါပြန်ဆိုးလာပြီး နိုဝင်ဘာ ၁၉၉၁ တွင် သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးတွင် ကင်ဆာဖြစ်ပွားနေသည်။ အခြားဆေးရုံတစ်ခုမှ အခြားဆရာဝန်အုပ်စုတစ်စုက သူမအားဓာတ်ကင်ပေးပါသည်။
ဤသို့သော ခက်ခဲသည့်အခြေအနေများအောက်၌ပင် ဘရူနဲလာသည် တည်ကြည်စွာဖြင့် ဝိညာဏပန်းတိုင်များ ဆက်ထားနိုင်ခဲ့သည်။ သွေးကင်ဆာရောဂါဖြစ်နေကြောင်း ဘရူနဲလာ စသိသည့်အချိန်တွင် ခြောက်လသာခံလိမ့်မည်ဟု ပြောကြပါသည်။ ယခု တစ်နှစ်ခွဲနီးပါးရှိအချိန်မှာ ဘရူနဲလာသည် အနာဂတ်အတွက် အစီအစဉ်များစီစဉ်နေဆဲရှိသည်။ “အချိန်မဖြုန်းဘဲ ပန်းတိုင်မီဖို့ သူကြိုးစားတယ်” ဟုအသင်းတော်အကြီးအကဲတစ်ဦး မှတ်ချက်ချသည်။ “ဘုရားသခင့်ကတိတော်ရှိတဲ့ ပရဒိသုကို ဘရူနဲလာ ယုံကြည်ထားလို့ ပြင်းထန်တဲ့စုံစမ်းခြင်းကို သူခံနိုင်ရည်ရှိရှိ ခံသွားနိုင်ခဲ့တာ။ အသက်ငယ်ပေမဲ့ ခရစ်ယာန်ရင့်ကျက်မှုရှိတယ်။ သူ့အပြုအမူနဲ့ စိတ်နေသဘောထားက အသင်းတော်အတွက် အားယူစရာဖြစ်ပြီး ဆေးရုံအမှုထမ်းများပါအပါအဝင် သူ့ကိုသိတဲ့လူတိုင်း သူ့ကိုမချစ်ဘဲ မနေနိုင်ကြဘူး။” သူမ၏မိခင်က ဤသို့ပြန်ပြောပြသည်– “သူတစ်ခါမှ မညည်းတွားခဲ့ဘူး။ ဘယ့်နဲ့နေသလဲလို့ မေးခံရရင် ‘ကောင်းပါတယ်’ ဒါမှမဟုတ် ‘မဆိုးပါဘူး၊ အသင်ကော’ လို့ဖြေတတ်တယ်။”
လုံခြုံသောအနာဂတ်
ဘရူနဲလာသည် ၁၉၉၂ ဇူလိုင်တွင် ယေဟောဝါသက်သေများ၏ “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကို တက်ဖို့ရန် ကြံစည်ထားပါသည်။ သို့ရာတွင် စည်းဝေးပွဲကျင်းပချိန်တိုင်လေသော် ဘရူနဲလာသည် ဆေးရုံပြန်တက်လိုက်ရသည်။ ခွန်အားလည်း အတော်ယုတ်လျော့နေပြီ။ သို့တိုင် ဘီးတပ်ကုလားထိုင်ဖြင့် စည်းဝေးပွဲကိုတက်ပြီး သူဆန္ဒရှိသည့်အတိုင်း ယေဟောဝါအမြင်၌ မှန်ရာကိုပြုလုပ်ခြင်းဟူသော ပြဇာတ်ကို ကြည့်ဖြစ်လိုက်သည်။
မသေမီရက်အနည်းငယ်တွင် မိသားစုအိမ်သို့ သူမပြန်သွားပါသည်။ “အဆုံးအထိပဲ သူမကိုယ်တိုင်အတွက်ထက်သူများအတွက် သူစိုးရိမ်တာကများတယ်။ ‘ပရဒိသုမှာ အတူနေကြမယ်နော်’ လို့ပြောပြီး ကျမ်းစာကို လေ့လာကြပါလို့ သူများကို အားပေးခဲ့တယ်” ဟုနီကိုလက်တာပြောသည်။
ကမ္ဘာ့ပရဒိသုတွင် ရှင်ပြန်ထမြောက်လာမည်ဟူသော သူမ၏မျှော်လင့်ချက် ခိုင်မြဲစွာဖြင့် ၁၉၉၂ ဇူလိုင် ၁၇ ရက်နေ့တွင် ဘရူနဲလာကွယ်လွန်သွားသည်။ သူမ၏ပန်းတိုင်များကို စတင်၍ လိုက်လျှောက်ရုံသာရှိသေးသည် ရှင်ပြန်ထမြောက်ပြီးနောက် ဆက်ကပ်အပ်နှံထားသည့် သူမ၏လမ်းစဉ်အတိုင်း ဆက်လျှောက်ရန် ကြံရွယ်ခဲ့သည်။ သူမ မဆုံးမီ ရက်အနည်းငယ်တွင်ပင် အောက်ပါစာကို ဘရူနဲလာရေးခဲ့ရာ သူ့အတွက်ကျင်းပသော အောက်မေ့ရာပွဲတွင် ဖတ်ပြခဲ့ကြသည်။
“ချစ်လှစွာသောမိတ်ဆွေများ–
“လာသည့်အတွက် ကျေးဇူးတင်ပါသည်။ မိတ်ဆွေတို့ ရောက်ရှိနေခြင်းသည် ကျွန်မမိသားစုအတွက် အမှန်အားရှိစရာဖြစ်ပါသည်။
“ကျွန်မနှင့် တရင်းတနှီးရှိသူတို့—ကျွန်မနှင့်အတူ အဖြစ်အမျိုးမျိုး ကြုံတွေ့ခဲ့ကြပြီ။ ဆိုးရွားတဲ့အခြေအနေများရှိခဲ့သကဲ့သို့ ရယ်မောစရာအချိန်လေးတွေလည်း ရှိခဲ့ပါသည်။ အတော်ကြာကြာ ရောဂါကိုတိုက်လှန်ခဲ့ကြရသော်လည်း ကျွန်မအရှုံးပေးခဲ့ပြီဟုမထင်မိပါ။ ကျမ်းစာတွင်ပြောထားသကဲ့သို့ ‘ကောင်းစွာသောတိုက်လှန်ခြင်းကို ကျွန်မပြုခဲ့ပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးခဲ့ပြီ။ ယုံကြည်ခြင်းတရားကို ကျွန်မစောင့်ရှောက်ပြီ။’—၂ တိမောသေ ၄:၇။
“ကျွန်မတတ်သိလာခဲ့သည့်အရာ များစွာရှိပြီး အတော်အတန်လည်း ရင့်ကျက်လာပါသည်။ ကျွန်မမိတ်ဆွေများဖြစ်စေ၊ ကျွန်မအနီးပတ်ဝန်းကျင်ရှိသူများဖြစ်စေ ကျွန်မ၏ပြောင်းလဲမှုကို တွေ့ရှိခဲ့မည်။ ကျွန်မကို အားပေးထောက်မခဲ့သူအားလုံးကို ကျေးဇူးတင်လိုပါသည်။
“အစီစဉ်သစ်ကိုလည်းကောင်း၊ ယေဟောဝါကိုလည်းကောင်း ယုံကြည်သူတို့အနေနှင့် ယောဟန် ၅:၂၈၊ ၂၉ တွင်ပြောထားသကဲ့သို့ ရှင်ပြန်ထမြောက်ခြင်းရှိသည်ကို သိရှိကြသည်။ ထို့ကြောင့် သမ္မာတရားတွင် ဆက်၍သန်မာနေကြပါ။ အချင်းချင်းပြန်တွေ့ဆုံကြရမည်။
“ကျွန်မ၏ရောဂါဝေဒနာကို သိရှိနားလည်သူများအား ကျေးဇူးတင်လိုပါသည်။ တစ်ဦးစီကို ကျွန်မအကြာကြီးဖက်၍နမ်းလိုက်ပါသည်။ အားလုံးကို ကျွန်မချစ်ပါသည်။”
ဘရူနဲလာသည် သူ၏ငယ်မျစ်နုနယ်ခြင်း၊ သို့မဟုတ် ရောဂါကို အကြောင်းပြကာ ဘုရားထံ ဆက်ကပ်အပ်နှံခြင်းကို ရွှေ့ဆိုင်းမထားခဲ့ပါ။ သူမ၏ယုံကြည်ခြင်းနှင့် စိတ်ဆုံးဖြတ်ချက်သည် လူကြီးလူငယ်တို့အတွက် ပုံသက်သေဖြစ်၍ အသက်ရရေးပြေးပွဲဝင်ရန် တားဆီးမည့်အရာကိုမမှုဖို့ရန် အားပေးချက်ဖြစ်လေသည်။—ဟေဗြဲ ၁၂:၁။