စိတ်သဘောကွဲလွဲမှုများကို သင်မည်သို့ဖြေရှင်းသနည်း
ကိုးရိုးကားရာပြုမိပြီး တန်းစီထားသည့် ကြွေထည်ဆင်ရုပ်ငါးကောင်မှ တတိယအကောင်သည် စင်ပေါ်မှ ကျသွားသည်။ ယင်းကို ပြန်ထည့်ပေးရမည်။ သို့မဟုတ်လျှင် စုံညီလှပမှု ရှိတော့မည်မဟုတ်ပါ။ သို့ရာတွင် ပြုလုပ်ဆောင်ရွက်ရမည့်နည်းလမ်းသည် သိမ်မွေ့လိမ့်မည်။ မိမိလုပ်ဆောင်တတ်မည်ဟူ၍လည်း မထင်။ အကြံဉာဏ်ကောင်းလိုမည် သို့မဟုတ် ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်ပေးနိုင်မည့်သူ၏ အကူအညီ လိုပေမည်။
ဝိညာဏညီအစ်ကိုညီအစ်မများ အချင်းချင်း အသင့်အတင့်ရှိခြင်းသည် အဆင်တန်ဆာများထက် ပိုတန်ဖိုးရှိသည်။ ဆာလံဆရာက ဤသို့လျောက်ပတ်သင့်တော်စွာ သီဆိုခဲ့သည်– “ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏။” (ဆာလံ ၁၃၃:၁) ခရစ်ယာန်ချင်း စိတ်သဘောကွဲလွဲမှုကို ဖြေရှင်းခြင်းသည် တစ်ခါတစ်ရံ သိမ်မွေ့သည့်ကိစ္စဖြစ်နိုင်သည်။ ထို့ပြင် ယင်းကို အချို့သူများသည် နည်းမှန်လမ်းမှန် မပြုလုပ်ကြချေ။ အများအားဖြင့် “မူလအခြေသို့ ပြန်ရောက်စေခြင်း” သည် မလိုအပ်ဘဲ နာကြည်းစရာဖြစ်စေတတ်သည်၊ သို့မဟုတ် သိပ်နည်းလမ်းမကျသည့်အတွက် မနှစ်မြို့စရာပြောစမှတ်များ ထင်ကျန်စေတတ်သည်။
ခရစ်ယာန်အချို့သည် ခန့်အပ်ခံအကြီးအကဲများ အကူအညီမလိုဘဲ ကိုယ်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်မည့်ကိစ္စများတွင် သူတို့အား ပါဝင်ပတ်သက်စေကြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ကိုယ်တိုင်မသေချာ၍ ဖြစ်ကောင်းဖြစ်မည်။ “ညီအစ်ကိုအများသည် မသင့်မတင့်မှုများကို ဖြေရှင်းရာတွင် ကျမ်းစာသြဝါဒကို လက်တွေ့ကျကျ မည်သို့အသုံးပြုရမည်ကို မသိနားမလည်ကြ” ဟုကျမ်းစာသြဝါဒကို ကျွမ်းကျင်လိမ္မာစွာ ပေးတတ်သော ညီအစ်ကိုတစ်ဦး ပြောပြသည်။ “များသောအားဖြင့် ယေရှု၏နည်းလမ်းကို သူတို့အသုံးမပြုကြပါ” ဟုဆက်ပြောသေးသည်။ သို့ဖြစ်၍ မိမိညီအစ်ကိုနှင့် စိတ်သဘောကွဲလွဲလျှင် ခရစ်ယာန်တစ်ဦးသည် မည်သို့ဖြေရှင်းရမည်ကို ယေရှုက အတိအလင်း အဘယ်ကဲ့သို့မိန့်တော်မူခဲ့သနည်း။ ဤသြဝါဒကို ကောင်းစွာနားလည်ပြီး မည်သို့ကျင့်သုံးရမည်ကို သင်ယူရန် အဘယ်ကြောင့်အရေးကြီးသနည်း။
အသေးအဖွဲကိစ္စတွင် စိတ်သဘောကွဲလွဲခြင်း
“ထိုကြောင့် သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင် ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။ ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သက္ကာကို တင်လော့။”—မဿဲ ၅:၂၃၊ ၂၄။
ထိုစကားများကို ယေရှုမိန့်တော်မူချိန်က ဂျူးတို့သည် ထုံးစံအရယေရုရှလင်မြို့ရှိ ဗိမာန်တော်ယဇ်ပလ္လင်ပေါ်တွင် ယဇ်ပူဇော်သက္ကာများကို ပူဇော်ဆက်သလေ့ရှိသည်။ ဂျူးတစ်ယောက်သည် ဣသရေလအမျိုးသားချင်းတစ်ဦးကို ပြစ်မှားမိလျှင် အပြစ်ပြုသူသည် မီးရှို့ရာယဇ် သို့မဟုတ် အပြစ်ဖြေရာယဇ်ကို ပူဇော်နိုင်သည်။ ယေရှုမိန့်တော်မူသောဥပမာသည် အရေးတကာ့အရေးအကြီးဆုံးအချိန်တွင် ဖြစ်သည်။ တစ်ဦးတစ်ယောက်သောသူသည် ယဇ်ပလ္လင်တွင်ရောက်နေ၍ ပူဇော်သက္ကာကို ဘုရားသခင်ထံ တင်ဆက်တော့မည့်အချိန်တွင် ညီအစ်ကိုသည် မိမိကိုစိတ်ခုနေကြောင်း သတိရပေမည်။ မှန်သည်၊ ဤကဲ့သို့သော ဘာသာတရားအရ ပြုအပ်သောတာဝန်ကို မပြုမီ ညီအစ်ကိုနှင့်သင့်တင့်ရန် ပိုအရေးကြီးကြောင်း ဣသရေလသားတစ်ဦးသည် သိနားလည်ရန်လိုအပ်သည်။
ဤသို့သောပူဇော်သက္ကာများသည် မောရှေပညတ္တိကျမ်း၏တောင်းဆိုချက်ဖြစ်သည်မှန်သော်လည်း ဘုရားသခင့်မျက်မှောက်တော်တွင် ယင်းတို့ကိုယ်နှိုက်က အရေးအကြီးဆုံးမဟုတ်ပါ။ သစ္စာမဲ့သောရှောလုမင်းအား ပရောဖက်ရှမွေလက ဤသို့ပြောဆိုသည်– “ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့ မီးရှို့ရာယဇ် အစရှိသောယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း၏။”—၁ ဓမ္မရာဇဝင် ၁၅:၂၂။
တောင်ပေါ်ဒေသနာတော်တွင် ဤအလေးပေးရမည့်အစီအစဉ်ကို ယေရှုထပ်မံတင်ပြကာ တပည့်တော်များသည် ယဇ်ပူဇော်ခြင်းကို မပြုမီ သူတို့၏ စိတ်သဘောကွဲလွဲမှုများကို ဖြေရှင်းရမည်ဟု နားလည်စေတော်မူခဲ့သည်။ ယနေ့ ခရစ်ယာန်များဆက်သရမည့် ယဇ်သက္ကာများသည် ဝိညာဏသဘော—“နာမတော်ကို လူအများရှေ့ဝန်ခံရာနှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်” ဖြစ်သည်။ (ဟေဗြဲ ၁၃:၁၅၊ ကဘ) မည်သို့ဆိုစေ ထိုကျင့်ဝတ်မူကား အခိုင်အမာဆက်ရှိနေသည်။ တစ်စုံတစ်ယောက်သောသူက ငါသည် ဘုရားသခင်ကိုချစ်၏ဟုဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် အချည်းနှီးဖြစ်လိမ့်မည်ဟူ၍ တမန်တော်ယောဟန်လည်း ထပ်တူပင် ဖော်ပြသည်။—၁ ယောဟန် ၄:၂၀၊ ၂၁။
စိတ်ဝင်စားစရာမှာ မိမိညီအစ်ကိုသည် မိမိအားစိတ်ခုနေသည်ဟု သတိရသောသူက အရင်အရေးယူဆောင်ရွက်ရန်ဖြစ်သည်။ ဤနည်းဖြင့် သူတင်ပြသောနှိမ့်ချမှုကြောင့် အကျိုးရလဒ်ကောင်းများ ပေါ်ပေါက်လာနိုင်ပေမည်။ ပြစ်မှားခံရသူသည် မိမိထံလာ၍ ကိုယ့်အမှားကိုယ် လာဝန်ခံသောသူနှင့်ပူးပေါင်းလုပ်ဆောင်ရန်ငြင်းပယ်စရာအကြောင်းမရှိပေ။ မတော်မတရားရရှိလာသော ဥစ္စာအဖိုးနှင့်တကွ ငါးစုတစ်စုကိုထပ်၍ ဥစ္စာရှင်အားပေးရမည်ဟု မောရှေ၏ပညတ္တိကျမ်းက မိန့်မှာထားသည်။ (ဝတ်ပြုရာ ၆:၅) အတိအကျဆိုရလျှင် ပြစ်မှားမိသူသည် မိမိကြောင့် ဖြစ်ပေါ်ကောင်းဖြစ်ပေါ်ခဲ့မည့်ပြဿနာကို လိုအပ်သည်ထက်သာ၍ပြုပြင်ဖြေရှင်းလိုကြောင်း တင်ပြမည်ဆိုလျှင် ပြန်သင့်တင့်ပြေပြစ်ရန်လည်း ပိုလွယ်ကူမည်။
သို့ရာတွင် အသင့်အတင့်ပြန်ဖြစ်ရန် ကြိုးစားတိုင်း မအောင်မြင်ပါ။ အလျှော့မပေးလိုသူနှင့် စိတ်သဘောကွဲလွဲမှုများကို ဖြေရှင်းရန် မလွယ်ကူကြောင်း နယပုံပြင်ကျမ်းက သတိပေးပါသည်။ သု. ၁၈:၁၉ ကဤသို့ဆိုသည်– “အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် သာ၍ခက်၏။ ညီအစ်ကိုရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ဖြစ်၏။” အခြားဘာသာပြန်ကျမ်းတစ်ခုတွင် ဤသို့ဖတ်ရသည်– “ခိုင်ခံ့သောမြို့ထက် ပြစ်မှားခံရသောညီအစ်ကိုကိုရရန် ပိုခဲယဉ်းသည်။ သူတို့၏ အငြင်းပွားမှုများသည် ရဲတိုက်တံခါးကျင်နှင့်တူသည်။” (အင်္ဂလိပ်အမျိုးသား၏ ကျမ်းစာ) သို့ရာတွင် ဘုရားသခင်၏အလိုတော်နှင့်တွေ့လိုသော ယုံကြည်သူချင်းများနှင့်စပ်လျဉ်း၍မူကား စိတ်ရင်းမှန်ဖြင့် သင့်တင့်ရန် နှိမ့်ချစွာကြိုးစားမှုသည် အောင်မြင်နိုင်စရာအကြောင်းရှိသည်။ သို့သော် ကြီးလေးသောအပြစ်ပြုခဲ့ပြီဟု စွပ်စွဲထားလျှင် မဿဲအခန်းကြီး ၁၈ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏သြဝါဒကို ကျင့်သုံးရန် လိုအပ်သည်။
ကြီးလေးသော စိတ်သဘောကွဲလွဲမှုများကို ဖြေရှင်းခြင်း
“ထိုကြောင့် သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ဆီသို့သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့။ သူသည် သင်၏စကားကို နားထောင်လျှင် ညီအစ်ကိုကိုရပြီ။ သို့မဟုတ် သင်၏စကားကို နားမထောင်လျှင် လူနှစ်ဦးသုံးဦး သက်သေခံ၍ စကားရှိသမျှတို့ကို တည်စေခြင်းငှာ ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကိုခေါ်ဦးလော့။ ထိုသူတို့၏စကားကို နားမထောင်လျှင် အသင်းတော်အား ကြားပြောလော့။ အသင်းတော်၏စကားကို နားမထောင်လျှင် သာသနာပလူကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း ထိုသူကို မှတ်လော့။”—မဿဲ ၁၈:၁၅-၁၇။
ဂျူးတစ်ဦး (သို့မဟုတ် နောင်တွင် ခရစ်ယာန်တစ်ဦး) သည် ယေဟောဝါကို ကိုးကွယ်သူချင်းတစ်ဦးနှင့် အကြီးအကျယ်စိတ်သဘောကွဲလွဲမည် ဆိုလျှင်ကော။ ပြစ်မှားခံရသည်ဟု အထင်ရှိသူက ဦးဆုံးအရေးယူဆောင်ရွက်ရမည်ဖြစ်သည်။ ပြစ်မှားသူနှင့် နှစ်ဦးတည်းဆွေးနွေးနှီးနှောရန်ဖြစ်သည်။ အထူးသဖြင့် အဆောတလျင် ဖြေရှင်းနိုင်မည့် အထင်လွဲမှားမှုမျှ ဖြစ်နေမည်ဆိုလျှင် မိမိအခြေအနေဘက်မှ ထောက်ခံပြောဆိုလာရန် စည်းရုံးဖို့မကြိုးစားခြင်းဖြင့် ညီအစ်ကိုကို အမှန်ရနိုင်ရန်အကြောင်းရှိသည်။ ပြဿနာသိသူများသာထိုကိစ္စကို ဖြေရှင်းဆွေးနွေးကြမည်ဆိုလျှင် ပြေလည်သွားစရာအကြောင်း ပိုများပါသည်။
သို့ရာတွင် ပထမအဆင့်နှင့် မလုံလောက်ဘဲ ဖြစ်ပေမည်။ ထိုသို့သောအခြေအနေကိုလုပ်ဆောင်ရန် ယေရှုက ဤသို့ဆိုသည်– “ကိုယ်နှင့်အတူ လူတစ်ဦးနှစ်ဦးကိုခေါ်ဦးလော့။” ဤသူများမှာ မျက်မြင်ကိုယ်တွေ့ဖြစ်သူများ ဖြစ်နိုင်သည်။ တစ်ဦးက အခြားတစ်ဦးကို အသရေဖျက် ပြောဆိုသောစကားကို ကြားခဲ့သူများဖြစ်ပေမည်၊ သို့မဟုတ် ယခုသဘောကွဲလွဲနေသူနှစ်ဦး သဘောတူခဲ့သော စာချုပ်ကို သက်သေဖြစ် ခဲ့သူများ ဖြစ်ပေမည်။ တစ်ဖက်ကကြည့်ပြန်လျှင် ခေါ်ဆောင်သွားခံရသူများသည် ပြဿနာအဘယ်ကြောင့်ပေါ်ခဲ့ရကြောင်းကို ဖြေရှင်းရန် စာချုပ်များ သို့မဟုတ် ပြောဆိုခဲ့သောစကားများကို တင်ပြသောအခါ မျက်မြင်ကိုယ်တွေ့ ကြားနာသိရှိသူများ ဖြစ်လာနိုင်သည်။ ဤတွင်တစ်ဖန် အတတ်နိုင်ဆုံး အနည်းဆုံးသောသူတို့—“တစ်ဦးနှစ်ဦး”—သာ ယင်းကိစ္စကို ကြားသိသင့်သည်။ ယင်းသို့ပြုပါက ပြဿနာသည် အထင်မှားမှုမျှသာဖြစ်မည်ဆိုလျှင် အခြေအနေပိုမိုဆိုးရွားသွားစရာအကြောင်း မရှိစေပါ။
ပြစ်မှားခံရသူ၌ အဘယ်ရည်ရွယ်ချက်များ ရှိသင့်သနည်း။ ခရစ်ယာန်ချင်းအား အရှက်တကွဲဖြစ်စေ၍ မိမိအား ခခယယပြုမူစေလိုသင့်သလော။ ယေရှု၏သြဝါဒသဘောအရ ခရစ်ယာန်များသည် မိမိတို့၏ညီအစ်ကိုများကို အဆောတလျင် မရှုတ်ချသင့်ချေ။ ပြစ်မှားကျူးလွန်သူသည် မိမိအမှားကို အသိအမှတ်ပြု၍ ဝန်ချတောင်းပန်ပြီး အမှုအခင်းများကိုပြုပြင်ဖို့ကြိုးစားလျှင် ပြစ်မှားခံရသောသူသည် ‘မိမိ၏ညီအစ်ကိုကိုရပြီ။’—မဿဲ ၁၈:၁၅။
ဤအမှုအခင်းကို မဖြေရှင်းနိုင်လျှင် အသင်းတော်ထံ တင်ပြရန်ဖြစ်သည်။ အစကနဦးတွင် ဂျူးအသက်ကြီးသူများကို ဆိုလိုခဲ့သော်လည်း နောက်ပိုင်းတွင် ခရစ်ယာန်အသင်းတော်ရှိ အကြီးအကဲများကို ဆိုလိုသည်။ နောင်တမရသော အမှားပြုသူသည် အသင်းတော်ထဲမှ နှင်ထုတ်ခံရစရာအကြောင်း ရှိနိုင်သည်။ သူ့အား ဂျူးများ ဝေးဝေးမှ ရှောင်ကြဉ်သည့် “သာသနာပလူကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း . . . မှတ်လော့”ဟုဆိုရာတွင် ထိုသို့ဆိုလိုနေခြင်းဖြစ်သည်။ ဤကြီးလေးသောအမှုကို မည်သည့်ခရစ်ယာန်မျှ တစ်ဦးတစ်ယောက်တည်း ပြုလုပ်၍မရနိုင်ပါ။ အသင်းတော်ကိုယ်စားဖြစ်သော ခန့်အပ်ခံအကြီးအကဲများသာလျှင် ဤသို့အရေးယူ ဆောင်ရွက်ခွင့်ရှိသည်။—၁ ကောရိန္သု ၅:၁၃ နှိုင်းယှဉ်။
နောင်တမယူသော ပြစ်မှားသူတစ်ဦအား အသင်းတော်မှ နှင်ထုတ်နိုင်ခြင်းကိစ္စက တင်ပြနေသည်မှာ မဿဲ ၁၈:၁၅-၁၇ သည် အသေးအဖွဲ စိတ်သဘောကွဲလွဲမှုများနှင့်မပတ်သက်ကြောင်း ဖြစ်သည်။ ယေရှုသည် ကြီးလေးသောအပြစ်များကို ရည်ညွှန်းနေတော်မူသည်။ သို့တိုင် ပတ်သက်သောသူနှစ်ဦးချင်း ဆွေးနွေးဖြေရှင်းကောင်းဖြေရှင်းနိုင်သည့်ကိစ္စမျိုးလည်း သက်ဆိုင်သည်။ ဥပမာ၊ ပြုခဲ့သောအမှားသည် ပြစ်မှားခံရသူ၏ နာမည်ကောင်းကို ပျက်စေနိုင်သည့် အသရေဖျက်မှုဖြစ်နိုင်သည်။ သို့မဟုတ် ငွေရေးကြေးရေးကိစ္စများလည်း ဖြစ်နိုင်ပါသည်။ အကြောင်းမှာ ရှေ့အခန်းငယ်များကို ဆက်ဖတ်ကြည့်လျှင် ကြွေးမြီများစွာတင်၍ ချမ်းသာပေးခံရသော အကြင်နာကင်းမဲ့သည့်ကျွန်နှင့်ပတ်သက်သော ယေရှု၏ဥပမာကိုတွေ့ရှိရမည်။ (မဿဲ ၁၈:၂၃-၃၅) ဆပ်ပေးမည်ဟု ကတိခံထားသောအချိန်အတွင်း မပေးနိုင်သော တဒင်္ဂမျှပြဿနာကို လူနှစ်ဦး လွယ်ကူစွာ ဖြေရှင်းနိုင်ပေမည်။ သို့သော် ချေးငှားသူသည် ကြွေးမြီကို ပြန်ဆပ်ရန်ခေါင်းမာမာနှင့် ငြင်းဆန်နေမည်ဆိုလျှင် ခိုးမှုဖြစ်သည့် ကြီးလေးသောအပြစ် ဖြစ်သွားနိုင်ပါသည်။
ခရစ်ယာန်နှစ်ဦးကြားတွင်ဖြေရှင်း၍မရနိုင်သည့် အခြားအပြစ်များရှိသည်။ မောရှေပညတ္တိကျမ်းအရ ကြီးလေးသောအပြစ်များကို အကြောင်းကြားရမည်ဖြစ်သည်။ (ဝတ်ပြုရာ ၅:၁; သု. ၂၉:၂၄) ထပ်တူပင် အသင်းတော်၏စင်ကြယ်မှုနှင့်ပတ်သက်သော ကြီးလေးသည့်အပြစ်များကို ခရစ်ယာန်အကြီးအကဲများအား အကြောင်းကြားရမည်ဖြစ်သည်။
သို့ရာတွင် ခရစ်ယာန်အချင်းချင်း စိတ်ဝမ်းကွဲလွဲခြင်းကိစ္စအများသည် ဤအစီအစဉ်နှင့်မဆိုင်ပေ။
ခွင့်လွှတ်လိုက်ရုံ ခွင့်လွှတ်နိုင်မည်လော
ကြီးလေးသော စိတ်သဘောကွဲလွဲမှုများကို မည်သို့ဖြေရှင်းရမည်အကြောင်း ယေရှုရှင်းပြပြီးသည်နှင့် အခြားအရေးကြီးသောသင်ခန်းစာတစ်ခုကို ကိုယ်တော်သွန်သင်ပေးတော်မူခဲ့သည်။ ဤသို့ဖတ်ရသည်– “ထိုအခါ ပေတရုသည် ချဉ်းကပ်၍ ‘သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကို ပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်လွှတ်ရပါအံ့နည်း။ ခုနစ်ကြိမ်မြောက်အောင် လွှတ်ရပါအံ့လော’ ဟုမေးလျှောက်သော် ယေရှုက ‘ခုနစ်ကြိမ်မြောက်အောင် လွှတ်ရမည်ငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီမြောက်အောင် လွှတ်ရမည် ငါဆို၏။’” (မဿဲ ၁၈:၂၁၊ ၂၂) အခြားအချိန်တစ်ချိန်တွင် “တစ်နေ့ခြင်းတွင် ခုနစ်ကြိမ်မြောက်အောင်” ခွင့်လွှတ်ရန် တပည့်တော်များအား မှာကြားတော်မူသည်။ (လုကာ ၁၇:၃၊ ၄) ထို့ကြောင့် ခရစ်တော်၏နောက်လိုက်များသည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ရက်ရက်ရောရောခွင့်လွှတ်ခြင်းအားဖြင့် စိတ်သဘောကွဲလွဲမှုများကို ဖြေရှင်းရန် မှာကြားခံရကြောင်း ရှင်းလင်းသည်။
ဤကိစ္စသည် အတော်အတန်ကြိုးစားရန်လိုသောကိစ္စဖြစ်သည်။ “အချို့ညီအစ်ကိုများ ခွင့်ကိုမလွှတ်တတ်ဘူး” ဟုအစဦးတွင် ဖော်ပြထားသောညီအစ်ကို ပြောပြသည်။ ဆက်လက်၍ သူက ဤသို့ဆိုသည်– “ခရစ်ယာန်အသင်းတော်ထဲမှာ ဆက်အသင့်အတင့်ရှိဖို့ကို အဓိကထားပြီး ခွင့်လွှတ်လိုက်ဖို့ ရွေးချယ်ပါလို့ တစ်ဦးတစ်ယောက်က ရှင်းပြရင် သူတို့အံ့အားသင့်ကြပုံရှိတယ်။”
တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ယေဟောဝါသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့။” (ကောလောသဲ ၃:၁၃၊ ကဘ) ထိုကြောင့် ကျွန်ုပ်တို့အား ပြစ်မှားကောင်းပြစ်မှားခဲ့မည့် ညီအစ်ကိုတစ်ဦးထံ မသွားမီ အောက်ပါမေးခွန်းများကို သုံးသပ်ကြည့်လျှင် ကောင်းမည်– ဤအမှားသည် သူ့အားထုတ်ဖော်ပြောဆိုထိုက်သည့်အမှားလော။ ခရစ်ယာန်တရားစစ်၏ သဘောထားမှန်နှင့်အညီ ဖြစ်ပြီးတာတွေ ဖြစ်ပါစေတော့ဟု အမှန်ပင်သဘောမထားနိုင်သလော။ ငါသာ သူ၏နေရာတွင်ရှိလျှင် ခွင့်လွှတ်ခံလိုမည်မဟုတ်လော။ ငါခွင့်မလွှတ်ဖို့ရွေးချယ်လျှင် ငါ့ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းပြီး ငါ့ကိုခွင့်လွှတ်ဖို့ မျှော်လင့်နိုင်သလား။ (မဿဲ ၆:၁၂၊ ၁၄၊ ၁၅) ဤကဲ့သို့သောမေးခွန်းများက ခွင့်လွှတ်နိုင်ရန် ကောင်းစွာအထောက်အကူပြုပေမည်။
ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၏ အရေးကြီးသောတာဝန်များအနက် တစ်ခုမှာ ယေဟောဝါလူမျိုး၏အသင်းတော်တွင် ငြိမ်သက်မှုကို ဆက်တည်ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ယေရှု၏ဆုံးမစကားကို လက်တွေ့ကျင့်သုံးကြစို့။ သို့ပြုခြင်းကရက်ရက်ရောရောခွင့်လွှတ်ရန် အကူအညီရရှိပါလိမ့်မည်။ ဤသို့သော ခွင့်လွှတ်သည့်စိတ်ထားသည် ယေရှု၏တပည့်တော်များကို ခွဲခြားသတ်မှတ်ပေးသည့်အမှတ်အသားဖြစ်သော ညီအစ်ကိုချင်းမေတ္တာကို တိုးပွားစေပါလိမ့်မည်။—ယောဟန် ၁၃:၃၄၊ ၃၅။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေရှု၏ဆုံးမသြဝါဒကို လိုက်နာခြင်းအားဖြင့် ခရစ်ယာန်များသည် မိမိတို့၏ စိတ်သဘောကွဲလွဲမှုများကို ဖြေရှင်းနိုင်ပါသည်