ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၈/၁ စာ. ၁၅-၂၀
  • အကျိုးသင့်အကြောင်းသင့်ကို ပျိုးထောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကျိုးသင့်အကြောင်းသင့်ကို ပျိုးထောင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အပြစ်လွှတ်လိုသော သဘောနှင့်ပြည့်စုံ”
  • ပြောင်းလဲသောအခြေအနေများနှင့်အညီ အလျှော့အတင်းပြုခြင်း
  • အခွင့်အာဏာကျင့်သုံးရာတွင် အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်း
  • ယေဟောဝါလို အကျိုးသင့်အကြောင်းသင့် ရှိပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့် ရှိတော်မူ၏!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါရဲ့ ရက်ရောမှုနဲ့ အကျိုးသင့်အကြောင်းသင့်ရှိမှုကို တန်ဖိုးထားလေးမြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ‘ဉာဏ်ပညာနှင့်ပြည့်စုံတော်မူ’—သို့တိုင် နှိမ့်ချမှုရှိ
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၈/၁ စာ. ၁၅-၂၀

အကျိုးသင့်အကြောင်းသင့်ကို ပျိုးထောင်

“သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။”—ဖိလိပ္ပိ ၄:၅၊ ကဘ။

၁။ ယနေ့ လောကတွင် အကျိုးသင့်အကြောင်းသင့်သဘောရှိရန်မှာ အဘယ်ကြောင့်စိန်ခေါ်ချက်ဖြစ်သနည်း။

“အကျိုးသင့်အကြောင်းသင့်သဘောရှိသူ”—ထိုသူသည် ဒဏ္ဍာရီထဲ၌သာရှိသူဟု အင်္ဂလိပ်သတင်းစာဆရာ ဆာအဲလန် ပက်ထရစ်ခ် ဟားဗတ်ကဆိုသည်။ ပဋိပက္ခမြားမြောင်သည့် ဤလောက၌ အကျိုးသင့်အကြောင်းသင့်သဘောရှိသူ မကျန်တော့ချေဟု ထင်မှတ်ရပေသည်။ ဤခဲယဉ်းသော “နောက်ဆုံးကာလ” တွင် လူတို့သည် “ပြင်းထန်သောသူ၊” “သတိပေးခြင်းကို မခံသောသူ၊” “ထော်လော်ကန့်လန့်လုပ်သူ၊”—တစ်နည်းအားဖြင့်ဆိုလျှင် အကျိုးသင့်အကြောင်းသင့်သဘော လုံးလုံးမရှိသူများ ဖြစ်လိမ့်မည်ဟု ကျမ်းစာက ကြိုတင်ဟောထားသည်။ (၂ တိမောသေ ၃:၁-၅၊ ကဘ) မည်သို့ပင်ရှိစေကာမူ ခရစ်ယာန်စစ်များမူကား အကျိုးသင့်အကြောင်းသင့်သဘောကို မြင့်မြတ်သောဉာဏ်ပညာတော်၏ အမှတ်အသားအဖြစ် သိမှတ်လျက် ယင်းကို အထင်ကြီးလေးစားကြသည်။ (ယာကုပ် ၃:၁၇) အကျိုးသင့်အကြောင်းသင့်သဘောမရှိသော လောကကြီးတွင် အကျိုးသင့်အကြောင်းသင့်သဘော ရှိနိုင်မည်မဟုတ်ဟု ကျွန်ုပ်တို့မယူဆပါ။ ယင်းအစား ဖိလိပ္ပိ ၄:၅ (ကဘ) မှ “သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့” ဟူသော တမန်တော်ပေါလု၏ မှုတ်သွင်းခံသြဝါဒစကားတွင် ပါဝင်သော စိန်ခေါ်ချက်ကို အကြွင်းမဲ့လက်ခံကြသည်။

၂။ ဖိလိပ္ပိ ၄:၅ ပါတမန်တော်ပေါလု၏စကားများက ကျွန်ုပ်တို့သည် အကျိုးသင့်အကြောင်းသင့်သဘော ရှိမရှိ ပိုင်းဖြတ်ရန် မည်သို့အကူအညီပေးသနည်း။

၂ ပေါလု၏စကားများက ကျွန်ုပ်တို့သည် အကျိုးသင့်အကြောင်းသင့်သဘောရှိသူ ဟုတ်မဟုတ် စမ်းသပ်ကြည့်ရန် မည်သို့အထောက်အကူပြုကြောင်း ဂရုပြုပါ။ မိမိကိုယ်ကိုမိမိ မည်သို့ယူမှတ်သည်ကို စစ်ကြောခြင်းကား အခရာမဟုတ်; မိမိကို အခြားသူများ မည်သို့ယူမှတ်သည်၊ မိမိနှင့်ပတ်သက်၍ လူတို့ မည်သို့သိထားသည်ကို စစ်ကြောခြင်းကသာ အဓိကဖြစ်သည်။ ဤအခန်းငယ်ကို ဖိလစ်၏ဘာသာပြန်ကျမ်းက ဤသို့ပြန်ဆိုထားသည်– “အကျိုးသင့်အကြောင်းသင့်သဘောရှိသည်ဟူသော နာမည်ပိုင်ဆိုင်ကြလော့။” ကိုယ်စီကိုယ်င မိမိကိုယ်ကို မေးသင့်သည်မှာ ‘ငါ့ကို မည်သို့သိမြင်ကြသနည်း။ ငါသည် အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်း၊ အလျှော့အတင်းရှိခြင်း၊ နူးညံ့မှုရှိခြင်းတို့အတွက် နာမည် ရထားသူ ဖြစ်သလော။ သို့မဟုတ် ငါသည် တင်းကျပ်သူ၊ ခက်ထန်သူ၊ ခေါင်းမာသူဖြစ်သည်ဟု လူတို့သိမှတ်ထားသလော’။

၃။ (က) “အကျိုးသင့်အကြောင်းသင့်သဘော” ဟုပြန်ဆိုသည့်ဂရိစကားလုံးသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤအရည်အချင်းသည် အဘယ်ကြောင့် နှစ်မြို့စရာဖြစ်သနည်း။ (ခ) ခရစ်ယာန်တစ်ဦး ပို၍အကျိုးသင့်အကြောင်းသင့်သဘောရှိရန် မည်သို့သင်ယူနိုင်သနည်း။

၃ ယင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ဂုဏ်သတင်းက ယေရှုခရစ်ကို မည်မျှထိတိုင် ကျွန်ုပ်တို့ အတုယူနေကြောင်း ထင်ဟပ်ခြင်းမျှသာဖြစ်ပါလိမ့်မည်။ (၁ ကောရိန္သု ၁၁:၁) ယေရှုသည် ကမ္ဘာပေါ်ရှိစဉ်က ခမည်းတော်၏ အကျိုးသင့်အကြောင်းသင့်သဘောဆိုင်ရာ အထွတ်အမြတ်ပုံသက်သေကို ပြည့်ဝစုံလင်စွာ ရောင်ပြန်ဟပ်တော်မူခဲ့သည်။ (ယောဟန် ၁၄:၉) အမှန်သော်ကား၊ “ခရစ်တော်၏ နူးညံ့သိမ်မွေ့ ဖြည်းညင်းတော်မူခြင်း” အကြောင်း ပေါလုရေးသားခဲ့စဉ်က ဖြည်းညင်းတော်မူခြင်းအတွက် သူအသုံးပြုသော ဂရိစကားလုံး (အီ·ပီ·အေ·ကီအဲစ်) သည် “အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်း” သို့မဟုတ် အတိအကျဆိုလျှင် “အလျှော့အတင်းရှိခြင်း” ဟူ၍လည်း အဓိပ္ပာယ်ရသည်။ (၂ ကောရိန္သု ၁၀:၁) ရှင်းလင်းဖော်ပြသူ၏ ကျမ်းစာဋီကာကျမ်းက ယင်းကို “ဓမ္မသစ်ကျမ်းတွင် အကျင့်စရိုက်ကို ဖော်ပြသော ထူးခြားထင်ရှားသည့်စကားလုံးတစ်လုံး” ဟုဆိုသည်။ ယင်းသည် အလွန်နှစ်မြို့ဖွယ်ကောင်းသောအရည်အချင်းကို ဖော်ပြသဖြင့် ပညာရှင်တစ်ဦးက ယင်းစကားလုံးကို “နှစ်လိုဖွယ်အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်း” ဟုပြန်ဆိုသည်။ ထို့ကြောင့် ယေရှုသည် ခမည်းတော်ယေဟောဝါနည်းတူ အကျိုးသင့်အကြောင်းသင့်သဘောရှိကြောင်း ယေရှုတင်ပြခဲ့သော နည်းသုံးနည်းကို ဆွေးနွေးကြည့်ကြစို့။ ဤသို့အားဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်လည်း ပို၍အကျိုးသင့်အကြောင်းသင့်သဘောရှိသူဖြစ်အောင် သင်ကြားတတ်မြောက်လာပေမည်။—၁ ပေတရု ၂:၂၁။

“အပြစ်လွှတ်လိုသော သဘောနှင့်ပြည့်စုံ”

၄။ ယေရှုသည် “အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံ” ကြောင်း မည်သို့ပြသခဲ့သနည်း။

၄ ယေရှုသည် ခမည်းတော်နည်းတူ ကြိမ်ဖန်များစွာ “အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံ” ကြောင်း တင်ပြခြင်းအားဖြင့် အကျိုးသင့်အကြောင်းသင့်သဘောရှိကြောင်း ဖော်ပြတော်မူသည်။ (ဆာလံ ၈၆:၅၊ သမ္မာ) ယေရှု၏ရင်းနှီးသော အပေါင်းအဖော် ပေတရုက ကိုယ်တော် ဖမ်းဆီးခံရ၍ စစ်ကြောခံရသည့်ညတွင် ယေရှုအား သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သည့်အချိန်ကို သုံးသပ်ကြည့်ပါ။ ထိုသို့မဖြစ်ပျက်မီ ယေရှုကိုယ်တော်တိုင်က ဤသို့မိန့်တော်မူခဲ့သည်– “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။” (မဿဲ ၁၀:၃၃) ယေရှုသည် ဤစည်းမျဉ်းအတိုင်း ပေတရုကို တင်းတင်းမာမာနှင့်ကရုဏာမဲ့စွာ ဆက်ဆံတော်မူခဲ့သလော။ မဆက်ဆံပါ; ရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်တော်သည် ဤနောင်တရပြီး နှလုံးကြေကွဲနေသော တမန်တော်ကို နှစ်သိမ့်အားပေးရန်အတွက် ပေတရုထံသို့ ကိုယ်တော်တိုင်လည်ပတ်ခဲ့သည်။ (လုကာ ၂၄:၃၄; ၁ ကောရိန္သု ၁၅:၅) ထိုနောက်များမကြာမီအချိန်တွင် ယေရှုသည် ပေတရုအား ကြီးလေးသောတာဝန်ကို ထမ်းဆောင်ခွင့်ပြုသည်။ (တမန်တော် ၂:၁-၄၁) ဤတွင် နှစ်လိုဖွယ် အကျိုးသင့်အကြောင်းသင့်သဘောကို အစွမ်းကုန်တင်ပြလိုက်ခြင်းပင်တည်း! ယေရှုအား လူသားအပေါင်းတို့၏ တရားသူကြီးအဖြစ် ယေဟောဝါ ခန့်အပ်ထားတော်မူကြောင်းကို စဉ်းစားလိုက်လျှင် စိတ်ချမ်းမြေ့စရာမဟုတ်ပေလော။—ဟေရှာယ ၁၁:၁-၄; ယောဟန် ၅:၂၂။

၅။ (က) အကြီးအကဲများသည် သိုးများအလယ် အဘယ်နာမည် ရထားသင့်သနည်း။ (ခ) အကြီးအကဲများသည် တရားရေးကိစ္စများကို မကိုင်တွယ်မီ အဘယ်အကြောင်းအရာကို ပြန်လည်သုံးသပ်နိုင်သနည်း။ အဘယ်ကြောင့်နည်း။

၅ အကြီးအကဲများသည် အသင်းတော်တွင် တရားသူကြီးများအဖြစ် ဆောင်ရွက်သောအခါ ယေရှု၏ အကျိုးသင့်အကြောင်းသင့်သဘောရှိ ပုံသက်သေကို ကြိုးစားလိုက်လျှောက်ကြသည်။ သိုးများက မိမိတို့အား အပြစ်ဒဏ်စီရင်မည့်သူများအဖြစ် ကြောက်သည်ကို သူတို့အလိုမရှိပေ။ ယင်းအစား သူတို့က မိမိတို့ကို မေတ္တာရှိသော သိုးထိန်းများအဖြစ် သိုးတို့က အားကိုးအားထားစိတ် ရှိလာစေရန် ယေရှုကို ကြိုးစားအတုယူကြသည်။ တရားရေးရာကိစ္စများတွင် သူတို့သည် အကျိုးသင့်အကြောင်းသင့်သဘောရှိရန်၊ အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားကြသည်။ ဤသို့သောကိစ္စမျိုးကို မကိုင်တွယ်မီ အကြီးအကဲအချို့က ၁၉၉၂၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင်မှ “ယေဟောဝါ၊ မျက်နှာမလိုက်သော ‘မြေတစ်ခွင်လုံး၏ တရားသူကြီး’” နှင့် “အကြီးအကဲတို့၊ ဖြောင့်မတ်ခြင်းနှင့်အညီ စီရင်ကြလော့” ဟူသော ဆောင်းပါးများကို ပြန်လည်သုံးသပ်ကြခြင်းဖြင့် အကူအညီရရှိကြောင်း တွေ့ရှိခဲ့ကြပြီ။ ဤနည်းဖြင့် ယေဟောဝါ၏ တရားစီရင်ရာနည်းလမ်းတော်အကျဉ်းကို သူတို့နှလုံးသွင်းကြသည်– “လိုအပ်သည့်အခါ ခိုင်မာပြတ်သားပြီး ဖြစ်နိုင်သည့်အခါ ကရုဏာပြတော်မူသည်။” တရားစီရင်ရာတွင် ကရုဏာပြရန် ကျိုးကြောင်းညီညွတ်သော အခြေခံအကြောင်းရှိလျှင် ထိုသို့ပြုခြင်းသည် မမှားပါ။ (မဿဲ ၁၂:၇) ခက်ထန်ခြင်း၊ ကရုဏာမရှိခြင်းကသာ အမှားကြီး မှားသည်။ (ယေဇကျေလ ၃၄:၄) တရားမျှတခြင်းဘောင်အတွင်း မေတ္တာအရှိဆုံး၊ ကရုဏာအရှိဆုံးလမ်းစဉ်ကို တက်တက်ကြွကြွရှာကြံခြင်းအားဖြင့် အကြီးအကဲများသည် အမှားကို ရှောင်ကြဉ်ကြသည်။—မဿဲ ၂၃:၂၃; ယာကုပ် ၂:၁၃ နှိုင်းယှဉ်။

ပြောင်းလဲသောအခြေအနေများနှင့်အညီ အလျှော့အတင်းပြုခြင်း

၆။ ယေရှုသည် နတ်ဆိုးနှိပ်စက်ခြင်း ခံနေရသောသမီးရှင် တစ်ပါးအမျိုးသမီးတစ်ဦးနှင့်ဆက်ဆံရာတွင် အကျိုးသင့်အကြောင်းသင့်သဘောကို မည်သို့ပြသတော်မူသနည်း။

၆ ယေရှုသည် ယေဟောဝါကဲ့သို့ပင် ပေါ်ထွက်လာသည့် အခြေအနေအသစ်များနှင့်အညီ မိမိလုပ်ငန်းကို ချက်ချင်းပြောင်းလဲရန် သို့မဟုတ် အလိုက်သင့်ပြုပြင်ရန် အသင့်ရှိတော်မူသည်။ တစ်ခါတွင် တစ်ပါးအမျိုးသမီးတစ်ဦးက နတ်ဆိုးနှိပ်စက်ခြင်း ပြင်းထန်စွာခံနေရသော မိမိသမီးကို ကုသပေးပါရန် ကိုယ်တော်အား အသနားခံခဲ့သည်။ ယေရှုက အစပိုင်း၌ သူမကို အကူအညီမပေးနိုင်ကြောင်း နည်းသုံးနည်း—ပထမ၊ သူမအား စကားပြန်မပြောဘဲနေခြင်း; ဒုတိယ၊ မိမိသည် တစ်ပါးအမျိုးသားထံမဟုတ်ဘဲ ဂျူးလူမျိုးတို့ထံ စေလွှတ်ခံရခြင်းဖြစ်ကြောင်း တိုက်ရိုက်ပြောဆိုခြင်း; တတိယ၊ ထိုအချက်ကိုပင် ဥပမာတစ်ခုဖြင့် နားလည်အောင် ကြင်နာစွာရှင်းပြခြင်း—ဖြင့် ပြသတော်မူသည်။ သို့ဖြစ်လျက်ပင် ထိုမိန်းမသည် တစ်လျှောက်လုံး မဆုတ်မနစ်ဇွဲတင်ပြခြင်းအားဖြင့် အလွန်ထူးခြားသော ယုံကြည်ခြင်းကို ဖော်ပြလေသည်။ ဤထူးခြားသောအခြေအနေကို ထောက်ရှု၍ ဤအချိန်သည် ယေဘုယျစည်းမျဉ်းအတိုင်း လိုက်ရမည့်အချိန်မဟုတ်ကြောင်း၊ ပိုမိုမြင့်မားသောမူများအရ အလျှော့အတင်းပြုလုပ်ရမည့်အချိန်ဖြစ်ကြောင်း ယေရှုသိမြင်တော်မူ၏။aသို့ဖြင့် ယေရှုက မိမိပြုလုပ်မည်မဟုတ်ဟု သုံးကြိမ်တိုင်တိုင် မိန့်ဆိုခဲ့သောအမှုကိုပင် ပြုလုပ်ပေးတော်မူခဲ့သည်။ ထိုမိန်းမ၏သမီးကို ကုသပေးတော်မူခဲ့သည်။—မဿဲ ၁၅:၂၁-၂၈။

a ဓမ္မသစ်ကျမ်း ဝေါဟာရများ စာအုပ်က ဤသို့မှတ်ချက်ချသည်– “အီ·ပီ·အေ·ကီစ် [အကျိုးသင့်အကြောင်းသင့်သဘော] ရှိသောသူသည် အရာတစ်ခုမှာ ဥပဒေအရ လုံးလုံးမှန်ကန်မည်ဖြစ်သော်လည်း ကိုယ်ကျင့်တရားအရ လုံးလုံးမှားယွင်းနေသည့်အခါများရှိကြောင်းကို သိနားလည်သည်။ အီ·ပီ·အေ·ကီစ်ရှိသောသူသည် ဥပဒေထက် မြင့်မားကြီးမြတ်သောစွမ်းအားတစ်ခု၏ အတင်းအကျပ်တောင်းဆိုမှုကြောင့် ဥပဒေတစ်ခုကို အဘယ်အခါ၌ လျှော့ပေါ့ပေးရမည်ကို သိရှိသည်။”

၇။ မိဘများသည် အကျိုးသင့်အကြောင်းသင့်သဘောကို မည်သည့်နည်းများဖြင့် ပြသနိုင်သနည်း။ အဘယ်ကြောင့်နည်း။

၇ ကျွန်ုပ်တို့သည် သင့်လျော်သည့်အခါ၌ ပြုပြင်ပြောင်းလဲရန် အသင့်ရှိသည်ဟု အလားတူ အသိအမှတ်ပြုခံရသလော။ မိဘတို့သည် ဤသို့သော အကျိုးသင့်အကြောင်းသင့်ရှိသည့်သဘောကို ကြိမ်ဖန်များစွာ တင်ပြရန် လိုအပ်သည်။ ကလေးတစ်ဦးစီသည် အခြားကလေးများနှင့်မတူသောကြောင့် ကလေးတစ်ဦးအတွက် တာသွားသောနည်းသည် အခြားတစ်ဦးနှင့် မကိုက်ညီဘဲ ဖြစ်ပေမည်။ ထို့ပြင် ကလေးများ ကြီးပြင်းလာသည်နှင့် သူတို့၏လိုအပ်ရာများလည်း ပြောင်းလဲသွားတတ်သည်။ ကလေးအိမ်ပြန်ရောက်နေရမည့်အချိန်ကို ပြုပြင်ပြောင်းလဲဖို့ လိုမည်လော။ မိသားစုသင်အံမှုကို ပို၍ရွှင်ပျသောပုံစံဖြင့် ကိုင်တွယ်လျှင် အကျိုးပိုရှိမည်လော။ သေးငယ်သောအမှားကလေးတစ်ခုကို မိဘတစ်ဦးက တစ်ဆိတ်ကိုတစ်အိတ်လုပ်မိသည့်အခါမျိုး၌ သူ သို့မဟုတ် သူမသည် နှိမ့်ချမှုပြပြီး ပြေလည်ရန်လုပ်ဆောင်ဖို့ အသင့်ရှိသလော။ ဤနည်းမျိုးဖြင့် အလျှော့အတင်းပြုတတ်သောမိဘများသည် မလိုအပ်ဘဲ သားသမီးများကို စိတ်ဆိုးစေခြင်း၊ သူတို့အား ယေဟောဝါထံတော်မှ ဝေးကွာသွားစေခြင်း ပြုမိမည်မဟုတ်ပါ။—ဧဖက် ၆:၄။

၈။ အသင်းတော်အကြီးအကဲများသည် ရပ်ကွက်၏လိုအပ်ရာများနှင့်အညီ အလိုက်သင့် ဖြစ်အောင် မည်သို့ဦးစီးဦးဆောင် ပြုမူနိုင်သနည်း။

၈ အကြီးအကဲများလည်း အသစ်သောအခြေအနေများ ပေါ်လာသည့်အခါ ဘုရားသခင်၏ တိကျသောပညတ်ချက်များကို ဘယ်သောအခါမျှ အလျှော့ပေးလိုက်လျောခြင်းမပြုဘဲ အလိုက်သင့် ပြုပြင်တတ်ရန် လိုသည်။ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲရာတွင် ရပ်ကွက်၌ ပေါ်ပေါက်သော ပြောင်းလဲမှုများကို သတိပြုမိသလော။ ပတ်ဝန်းကျင်တွင် လူတို့၏ ဘဝပုံစံ ပြောင်းလဲသည့်အလျောက် ညနေပိုင်း သက်သေခံခြင်း၊ လမ်းဘေး သက်သေခံခြင်း သို့မဟုတ် တယ်လီဖုန်းဖြင့် သက်သေခံခြင်းကို အားပေးသင့်သည်။ ဤသို့နည်းမျိုးစုံဖြင့် အလိုက်သင့်ပြုပြင်ပြောင်းလဲခြင်းဖြင့် ကျွန်ုပ်တို့၏ဟောပြောခြင်းတာဝန်ကို ပိုမိုထိရောက်စွာ ဖြည့်စွက်နိုင်ရန် အထောက်အကူပြုသည်။ (မဿဲ ၂၈:၁၉၊ ၂၀; ၁ ကောရိန္သု ၉:၂၆) ပေါလုသည်လည်း သူ၏ဓမ္မအမှု၌ တွေ့ကြုံရသည့် လူအမျိုးမျိုးကိုလိုက်၍ အလိုက်သင့်ပြုမူဖို့ ကြိုးစားခဲ့သည်။ ကျွန်ုပ်တို့လည်း ထပ်တူကြိုးစားနေကြပါသလော။ ဥပမာ၊ လူတို့ကို ကူညီပေးနိုင်ရန် ဒေသခံပြည်သူတို့၏ ဘာသာတရားများနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို အလုံအလောက်လေ့လာထားပါသလော။—၁ ကောရိန္သု ၉:၁၉-၂၃။

၉။ အကြီးအကဲတစ်ဦးသည် ယခင်က ပြဿနာကိုင်တွယ်ခဲ့သည့် နည်းလမ်းအတိုင်း ဆက်၍မရမနေ အဘယ်ကြောင့် မပြုမူသင့်သနည်း။

၉ ဤနောက်ဆုံးကာလသည် ပိုမိုခဲယဉ်းလာသည်နှင့်အမျှ သိုးထိန်းများလည်း ယခုအခါ သိုးအုပ်ရင်ဆိုင်နေရသော ပြဿနာအချို့၏ စိတ်ရှုပ်စရာ ရှုပ်ထွေးပွေလီမှုများ မနှစ်သက်ဖွယ်ရာများတို့နှင့် အလိုက်သင့်ဖြစ်အောင် ပြုပြင်တတ်ရန်လည်း လိုအပ်ပေမည်။ (၂ တိမောသေ ၃:၁) အကြီးအကဲများ၊ ယခုအချိန်သည် ပုံသေကားကျ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမည့်အချိန် မဟုတ်ပါ! အကြီးအကဲတစ်ဦးသည် ပြဿနာကိုင်တွယ်သည့် မိမိ၏နည်းလမ်းဟောင်းများ ထိရောက်မှုမရှိတော့လျှင် သို့မဟုတ် “သစ္စာနှင့်သတိပညာရှိသောကျွန်” က ထိုသို့သောအကြောင်းအရာနှင့်စပ်လျဉ်း၍ အသစ်သောအချက်အလက်ကို ပုံနှိပ်ထုတ်ဝေရန် ဆုံးဖြတ်ထားပြီးဖြစ်လျှင် ယခင်နည်းလမ်းဟောင်းများအတိုင်း မရမနေပြုမူနေမည်မဟုတ်ပါ။ (မဿဲ ၂၄:၄၅၊ သမ; ဒေသနာ ၇:၁၀; ၁ ကောရိန္သု ၇:၃၁ နှိုင်းယှဉ်။) သစ္စာရှိသောအကြီးအကဲတစ်ဦးသည် ရင်ဖွင့်လိုရာများကို ကောင်းစွာနားထောင်မည့်သူ အထူးလိုအပ်နေသည့် စိတ်ကျဝေဒနာသည် ညီအစ်မတစ်ဦးကို စိတ်ရင်းစေတနာနှင့် ကြိုးစားကူညီပေးခဲ့သည်။ သို့ရာတွင် အကြီးအကဲသည် သူမ၏စိတ်ဓာတ်ကျဆင်းမှုကို ခပ်ပေါ့ပေါ့သာယူမှတ်ကာ သူမပြုလုပ်သင့်သောအမှုများကို သာမန်ကာလျှံကာလောက်သာ ပြောပြလိုက်သည်။ ထိုအချိန်တွင် ကင်းမျှော်စင်အသင်းက သူမ၏ပြဿနာနှင့်စပ်လျဉ်းသည့် ကျမ်းစာအခြေခံဆောင်းပါးကို ရေးသားထုတ်ဝေခဲ့သည်။ အကြီးအကဲဖြစ်သူသည် သူမနှင့် ထပ်မံစကားပြောဆိုရန် စီစဉ်ပြီး ဤအကြိမ်တွင် အသစ်သောအချက်အလက်ကို အသုံးပြုကာ သူမ၏အခြေအနေအပေါ် စာနာမှုရှိကြောင်း တင်ပြလေသည်။ (၁ သက်သာလောနိတ် ၅:၁၄၊ ၁၅ နှိုင်းယှဉ်။) အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်းနှင့်ပတ်သက်၍ ပုံသက်သေကောင်းပါတကား!

၁၀။ (က) အကြီးအကဲများသည် အချင်းချင်းကိုသော်လည်းကောင်း၊ အကြီးအကဲအဖွဲ့ တစ်ဖွဲ့လုံးကိုသော်လည်းကောင်း အလျှော့အတင်းပြုသည့်သဘောထား အဘယ်ကြောင့်တင်ပြသင့်သနည်း။ (ခ) အကြီးအကဲအဖွဲ့သည် အကျိုးသင့်အကြောင်းသင့်သဘောမရှိကြောင်း တင်ပြသည့် သူများကို မည်သို့ယူမှတ်သင့်သနည်း။

၁၀ အကြီးအကဲများသည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အလျှော့အတင်းရှိသောသဘောထား တင်ပြဖို့လည်းလိုပါသည်။ အကြီးအကဲအဖွဲ့ စည်းဝေးသည့်အခါ အကြီးအကဲတစ်ဦးက အစည်းအဝေးဆောင်ရွက်ချက်ကို လွှမ်းမိုးချုပ်ကိုင်ခြင်း မပြုရန် အရေးကြီးလှပေသည်! (လုကာ ၉:၄၈) သဘာပတိအဖြစ် ဆောင်ရွက်သူသည် အထူးသဖြင့် ဤကိစ္စတွင် စောင့်စည်းထိန်းချုပ်ရန်လိုသည်။ အကြီးအကဲအဖွဲ့တစ်ဖွဲ့လုံး၏ ဆုံးဖြတ်သောအချက်တစ်ခုကို အကြီးအကဲတစ်ဦး သို့မဟုတ် နှစ်ဦးက သဘောမတူနိုင်လျှင် မိမိတို့လမ်းစဉ်အတိုင်း မရမနေ တင်းထားကြမည်မဟုတ်ပါ။ ယင်းအစား သူတို့သည် ကျမ်းစာမူကို ချိုးဖောက်ခြင်းမရှိပါက၊ အကြီးအကဲများ၏ လိုအပ်သောအရည်အချင်းတစ်ခုမှာ အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်းဖြစ်ကြောင်း သတိရလျက် အလျှော့အတင်းပြုလုပ်ကြမည်။ (၁ တိမောသေ ၃:၂၊ ၃) တစ်ဖက်ကကြည့်ပြန်လျှင် အကြီးအကဲအဖွဲ့အနေဖြင့် “ထူးမြတ်သောတမန်တော်များ” အဖြစ် ရောက်ရှိလာသော ‘အကျိုးသင့်အကြောင်းသင့်သဘောမရှိသူတို့ကို သည်းခံ’ ခဲ့ခြင်းအတွက် ကောရိန္သုအသင်းတော်အား ပေါလုဆုံးမပဲ့ပြင်ခဲ့သည်ကို သတိရသင့်သည်။ (၂ ကောရိန္သု ၁၁:၅၊ ၁၉၊ ၂၀၊ ကဘ) ထို့ကြောင့် ခေါင်းမာမာဖြင့် အကျိုးသင့်အကြောင်းသင့်သဘောမရှိဘဲ ပြုမူကျင့်ကြံလိုသော အကြီးအကဲချင်းတစ်ဦးအား သွန်သင်ရန် တလိုတလားရှိသင့်သည်။ သို့သော် ထိုသို့ပြုသည့်အခါ ကိုယ်ကိုယ်တိုင် နူးညံ့သိမ်မွေ့ ကြင်နာသောသဘောရှိသင့်သည်။—ဂလာတိ ၆:၁။

အခွင့်အာဏာကျင့်သုံးရာတွင် အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်း

၁၁။ ယေရှု၏ခေတ်ရှိ ဂျူးဘာသာရေးခေါင်းဆောင်များ အခွင့်အာဏာကျင့်သုံးပုံနှင့် ယင်းကို ယေရှုကျင့်သုံးပုံတို့၏ ခြားနားကွဲပြားပုံကား အဘယ်နည်း။

၁၁ ကမ္ဘာပေါ် ယေရှုရှိခဲ့စဉ်က ဘုရားပေးအခွင့်အာဏာကို အသုံးပြုပုံတွင် ကိုယ်တော်၏ အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်း အမှန်ထင်ရှားပေါ်လွင်တော်မူသည်။ ကိုယ်တော်သည် တစ်ခေတ်တည်းမှ ဘာသာရေးခေါင်းဆောင်တို့နှင့် အခြားကြီးခြားလှသည်တကား! ဥပမာတစ်ခုကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ဥပုသ်နေ့တွင် မည်သည့်အလုပ်မျှ မလုပ်ရ၊ ထင်းခွေခြင်းပင် မလုပ်ရဟု ဘုရားသခင့်ပညတ္တိကျမ်း၌ မိန့်မှာထားသည်။ (ထွက်မြောက်ရာ ၂၀:၁၀; တောလည်ရာ ၁၅:၃၂-၃၆) ဘာသာရေးခေါင်းဆောင်များက ထိုပညတ်အား လူတို့ မည်သို့ကျင့်သုံးရမည်ကို ချုပ်ကိုင်လိုကြသည်။ သို့ဖြစ်၍ ဥပုသ်နေ့တွင် လူတစ်ယောက်သည် အဘယ်အရာကို ချီမနိုင်ကြောင်း သူတို့အတိအကျစီရင်ကြသည်။ သူတို့က ဤသို့ပြဋ္ဌာန်းသည်– သင်္ဘောသဖန်းသီးအခြောက်နှစ်လုံးထက် မလေးပင်ရ။ သံရိုက်ထားသောဖိနပ်ကိုပင် မစီးရန် တားမြစ်ကြသည်။ သံကြောင့် ပိုသွားသည့်အလေးချိန်ကို ချီမခြင်းသည် အလုပ်လုပ်ခြင်းဖြစ်မည်ဟု သူတို့သတ်မှတ်ကြသည်! အားလုံးခြုံလိုက်လျှင် ဘုရားသခင်၏ဥပုသ်ပညတ်ထဲသို့ ရဗ္ဗိဆရာများသည် စည်းမျဉ်းပေါင်း ၃၉ ခု ထပ်ဆင့်စီရင်ပြီးနောက် ထိုစည်းမျဉ်းများ၌ မရေမတွက်နိုင်သော အချက်များကို ထပ်ဆင့်စီရင်သည်ဟု အဆိုရှိသည်။ ယေရှုမူကား မဆုံးနိုင်သော ချုပ်ချယ်သည့် စည်းမျဉ်းများကို ချမှတ်ခြင်းအားဖြင့်လည်းကောင်း၊ တင်းကျပ်၍ မမီနိုင်သည့် စံနှုန်းများကို ပြဋ္ဌာန်းခြင်းအားဖြင့်လည်းကောင်း လူတို့အား အရှက်တကွဲဖြစ်စေခြင်းဖြင့် ချုပ်ကိုင်ရန် ပြုတော်မမူခဲ့ချေ။—မဿဲ ၂၃:၂-၄; ယောဟန် ၇:၄၇-၄၉။

၁၂။ ယေဟောဝါ၏ဖြောင့်မတ်သောစံနှုန်းများနှင့် ပတ်သက်လာသောအခါတွင် ယေရှုသည် မယိမ်းမယိုင်ခဲ့ကြောင်း အဘယ်ကြောင့်ပြောနိုင်သနည်း။

၁၂ သို့ဖြစ်လျှင် ယေရှုသည် ဘုရားသခင်၏ ဖြောင့်မတ်သောစံနှုန်းများကို တိကျခိုင်မာစွာ မလိုက်လျှောက်ခဲ့ပါဟု ယူဆစရာရှိသလော။ အမှန်လိုက်လျှောက်နာခံတော်မူခဲ့သည်! ထိုပညတ်ချက်များနောက်ဝယ်ရှိ မူများကို လူတို့နှလုံးသွင်းပါမှ ပညတ်တရားများသည် အထူးထိရောက်မည်ဖြစ်ကြောင်း ကိုယ်တော်သိရှိတော်မူ၏။ ဖာရိရှဲတို့က မရေမတွက်နိုင်သော စည်းမျဉ်းများအားဖြင့် လူတို့ကိုချုပ်ကိုင်ရန် ကြိုးစားသော်လည်း ယေရှုမူကား နှလုံးကို ထိမိရန် ရှာကြံတော်မူသည်။ ဥပမာ၊ “မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့” ဟူသော မြင့်မြတ်သည့်ပညတ်တော်များနှင့်စပ်လျဉ်း၍ အလျှော့အတင်းလုပ်စရာ မရှိကြောင်း ကိုယ်တော် ကောင်းစွာသိတော်မူ၏။ (၁ ကောရိန္သု ၆:၁၈) ထို့ကြောင့် ယေရှုက စာရိတ္တပျက်ပြားစေနိုင်သည့် အတွေးအခေါ်များအကြောင်း သတိပေးတော်မူခဲ့သည်။ (မဿဲ ၅:၂၈) ဤသို့သောသွန်သင်မှုသည် တင်းကျပ်သည့်ပုံသေစည်းမျဉ်းများ ချမှတ်ရုံသက်သက်ထက် ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်တတ်သည့်ဉာဏ် ပို၍ရှိရန်လိုအပ်သည်။

၁၃။ (က) အကြီးအကဲများသည် အလျှော့အတင်းမရှိသော ဥပဒေစည်းမျဉ်းများဖန်တီးခြင်းကို အဘယ်ကြောင့် ရှောင်ကြဉ်သင့်သနည်း။ (ခ) တစ်ဦးစီ၏ ဩတ္တပ္ပစိတ်ကိုလေးစားရန် အရေးကြီးသည့်အခြေအနေနှင့် ပတ်သက်သည့်နယ်ပယ်အချို့ကား အဘယ်နည်း။

၁၃ ယနေ့ တာဝန်ရှိသောညီအစ်ကိုများသည် နှလုံးထိမိရန် ထပ်တူပင် စိတ်ဝင်စားကြသည်။ ထို့ကြောင့် သူတို့သည် နိုင်ထက်စီးနင်းပြုခြင်း၊ အလျှော့အတင်းမရှိသော စည်းမျဉ်းများကို ချမှတ်ခြင်း သို့မဟုတ် ကိုယ်ပိုင်ထင်မြင်ချက်များနှင့် ယူဆချက်များကို ပညတ်ဥပဒေအဖြစ် ပြောင်းလဲခြင်းတို့ကို ရှောင်ကြဉ်ကြသည်။ (ဒံယေလ ၆:၇-၁၆ နှိုင်းယှဉ်။) ရံဖန်ရံခါ ဝတ်စားဆင်ယင်မှု အစရှိသည့်ကိစ္စများကို ကြင်နာစွာ သတိပေးခြင်းသည် လျောက်ပတ်၍ အခန့်သင့်ဖြစ်ကောင်းဖြစ်မည်မှန်သော်လည်း အကြီးအကဲတစ်ဦးသည် ဤသို့သောအကြောင်းများကို ထပ်ခါတလဲပြောမည်၊ သို့မဟုတ် သူ့အကြိုက် အဓိကဖော်ပြသည့် စည်းကမ်းထုတ်ရန်ကြိုးစားမည်ဆိုလျှင် အကျိုးသင့်အကြောင်းသင့်သဘောမရှိသူအဖြစ် သူ၏နာမည်ကို ထိခိုက်စေပေမည်။ မှန်ပါသည်၊ အသင်းတော်ရှိသူတိုင်း အခြားသူများအား ချုပ်ကိုင်ရန် အားထုတ်ခြင်းကို ရှောင်ကြဉ်သင့်သည်။—၂ ကောရိန္သု ၁:၂၄; ဖိလိပ္ပိ ၂:၁၂ နှိုင်းယှဉ်။

၁၄။ သူတစ်ထူးထံမှ မိမိမျှော်လင့်သောအရာသည် အကျိုးသင့်အကြောင်းသင့်ဖြစ်ကြောင်း ယေရှု မည်သို့ဖော်ပြခဲ့သနည်း။

၁၄ အကြီးအကဲများသည် မိမိကိုယ်ကိုစစ်ဆေးလိုမည့် အခြားကိစ္စတစ်ခုရှိပေမည်– ‘သူတစ်ထူးထံမှ တစ်စုံတစ်ရာမျှော်လင့်ရာတွင် ကျွန်ုပ်သည် အကျိုးသင့်အကြောင်းသင့်ရှိသူဖြစ်ပါသလော။’ ထိုသို့ ယေရှုအမှန်ဖြစ်တော်မူသည်။ ကိုယ်တော်သည် နောက်တော်လိုက်များထံမှ စိုးလ်အကြွင်းမဲ့ အားထုတ်မှုထက် ပို၍မမျှော်လင့်ကြောင်း အမြဲဖော်ပြတော်မူပြီး ယင်းတို့ကိုလည်း ကြီးစွာတန်ဖိုးထားခဲ့သည်။ တန်ဖိုးနည်းသော ငွေဒ င်္ဂါးများကို လှူဒါန်းခဲ့သည့် ဆင်းရဲသော မုဆိုးမကို ကိုယ်တော်ချီးမွမ်းတော်မူ၏။ (မာကု ၁၂:၄၂၊ ၄၃) မာရိ၏ တန်ဖိုးကြီးမားသောအလှူကို တပည့်တော်များက အပြစ်တင်သောအခါ သူတို့ကို ကိုယ်တော်က ဤသို့ဆုံးမခဲ့သည်– “ထိုမိန်းမကို ရှိစေတော့။ . . . ဤမိန်းမသည် တတ်နိုင်သမျှ ပြုပြီ။” (မာကု ၁၄:၆၊ ၈) နောက်တော်လိုက်များက ကိုယ်တော်အား စိတ်ပျက်အောင်လုပ်မိသည့်အချိန်တွင်ပင် အကျိုးသင့်အကြောင်းသင့်သဘောရှိသူဖြစ်ကြောင်း တင်ပြတော်မူခဲ့သည်။ ဥပမာအနေနှင့်၊ ကိုယ်တော်က အရင်းနှီးဆုံးတမန်တော်သုံးပါးအား မိမိဖမ်းဆီးခံရမည့်ညတွင် မအိပ်ဘဲစောင့်နေကြရန် တိုက်တွန်းခဲ့သော်လည်း သူတို့သည် အကြိမ်ကြိမ်အိပ်ပျော်ခြင်းဖြင့် ကိုယ်တော်အား စိတ်ဓာတ်ကျစေခဲ့သည်။ သို့နှင့်ပင် ကိုယ်တော်သည် စာနာမှုရှိစွာဖြင့် ဤသို့မိန့်တော်မူ၏– “စိတ်ဝိညာဉ်ကား စေတနာရှိသော်ငြားလည်း ကိုယ်မူကား အားနည်းသည်။”—မာကု ၁၄:၃၄-၃၈။

၁၅၊ ၁၆။ (က) အကြီးအကဲများသည် သိုးတော်စုကို အတင်းအကျပ်ပြုခြင်း၊ အနိုင်အထက်ပြုခြင်း အဘယ်ကြောင့် မပြုသင့်သနည်း။ (ခ) သူတစ်ထူးထံမှ မိမိမျှော်လင့်သောအရာနှင့်စပ်လျဉ်း၍ သစ္စာရှိညီအစ်မတစ်ဦး အဘယ်သို့ ပြုပြင်ပြောင်းလဲခဲ့ရသနည်း။

၁၅ မှန်ပါသည်၊ ယေရှုက မိမိ၏နောက်တော်လိုက်တို့အား ‘ကြိုးစားအားထုတ်ကြလော့’ ဟုတိုက်တွန်းတော်မူခဲ့သည်။ (လုကာ ၁၃:၂၄) သို့သော် ထိုသို့ပြုကြရန် သူတို့အား တစ်ခါမျှ အတင်းအကျပ် ပြုတော်မမူခဲ့ချေ။ သူတို့ကို လှုံ့ဆော်တိုက်တွန်းသည်၊ ပုံသက်သေပြ၍ ဦးစီးဦးဆောင် လမ်းပြတော်မူပြီး သူတို့၏နှလုံးကိုထိမိအောင် ကြိုးစားတော်မူသည်။ ကျန်ရှိသောအမှုတို့ကို ယေဟောဝါ၏ ဝိညာဉ်တော်တန်ခိုးက စွမ်းဆောင်လိမ့်မည်ဟု ယုံကြည်စိတ်ချတော်မူခဲ့သည်။ ယနေ့ အကြီးအကဲများလည်း သိုးတော်စုအား ယေဟောဝါ၏အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ထမ်းဆောင်ကြရန် အလားတူ အားပေးတိုက်တွန်း သင့်သော်လည်း ယေဟောဝါ၏အမှုတော်ဆောင်ရာတွင် သူတို့ပြုမူဆောင်ရွက်နေကြသမျှသည် ချွတ်ယွင်း၍ လက်ခံနိုင်ဖွယ်မရှိသည့်သဘောမျိုးဖြင့် အပြစ်ရှိသည်ဟုထင်အောင်၊ မျက်နှာပျက်အောင် အနိုင်အထက်မပြုသင့်ပေ။ “ပိုလုပ်ကြပါ၊ ပိုလုပ်ကြပါ၊ ပိုလုပ်ကြပါ!” ဟုအတင်းအကျပ် တိုက်တွန်းခြင်းသည် အတတ်နိုင်ဆုံးကြိုးစားနေသူတို့ကိုပင် စိတ်ဓာတ်ကျစေနိုင်သည်။ အကြီးအကဲတစ်ဦးသည် “အလိုမကျနိုင်သူ”—အကျိုးသင့်အကြောင်းသင့်သဘောရှိခြင်းနှင့် အလွန်ခြားနားသည့် နာမည်ရလာမည်ဆိုလျှင် အလွန်ဝမ်းနည်းစရာ ဖြစ်ပေမည်!—၁ ပေတရု ၂:၁၈၊ ကဘ။

၁၆ သူတစ်ပါးထံမှ ကျွန်ုပ်တို့မျှော်လင့်ရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့အားလုံးသည် အကျိုးသင့်အကြောင်းသင့်သဘောရှိသင့်ပေသည်! သာသနာပြုမောင်နှံစုံတစ်စုံသည် သူမ၏ဖျားနာနေသောမိခင်ကို ပြုစုရန်အတွက် သာသနာပြုလုပ်ငန်းမှ ထွက်လိုက်ပြီးနောက် ညီမဖြစ်သူက ဤသို့ရေးသားခဲ့သည်– “ဤအချိန်အခါသည် အသင်းတော်ရှိ ကြေညာသူများဖြစ်သည့်ကျွန်မတို့အတွက် အမှန်ပင် ခဲယဉ်းသောအချိန်ဖြစ်သည်။ တိုက်နယ်နှင့် ခရိုင်လုပ်ငန်းတွင် ဤသို့သောဖိစီးမှုများကို မခံစားရဘဲ ပါဝင်လုပ်ဆောင်ခဲ့ပြီးနောက်တွင် ဖိစီးမှုများအကြောင်း ရုတ်တရက်သိရှိလာရ၍ ဝမ်းနည်းမိသည်။ ဥပမာ၊ ‘ဤလအတွက် ဝေငှရမည့်စာပေကို ထိုညီအစ်မ အဘယ်ကြောင့်မပြသနည်း။ နိုင်ငံတော်ဓမ္မအမှုကို မဖတ်၍လော’ ဟုယခင်က ကျွန်မစိတ်ထဲပေါ်ခဲ့ဖူးသည်။ ယခုမူကား အကြောင်းမှန်ကို သိနားလည်ပါပြီ။ အချို့သူများအတွက် [အမှုဆောင်] ထွက်နိုင်ဖို့ရန် အတော်ပင်ကြိုးစားကြရသည်။” ညီအစ်ကိုများ လုပ်ဆောင်သည့်အရာကို ချီးမွမ်းခြင်းသည် သူတို့မလုပ်ဆောင်သည့်အရာကို အပြစ်တင်ပြောဆိုခြင်းထက် သာ၍ကောင်းသည်တကား!

၁၇။ ယေရှုသည် အကျိုးသင့်အကြောင်းသင့်သဘော ရှိခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အတွက် မည်သို့ပုံသက်သေထားခဲ့သနည်း။

၁၇ ယေရှုသည် မိမိ၏အခွင့်အာဏာကို အကျိုးသင့်အကြောင်းသင့်ရှိနည်းလမ်းဖြင့် မည်သို့ကျင့်သုံးတော်မူကြောင်း နောက်ဆုံးဥပမာတစ်ခုကို ဆင်ခြင်သုံးသပ်ကြည့်လေ။ ခမည်းတော်နည်းတူ ယေရှုသည် မိမိ၏အခွင့်အာဏာကို သဝန်တိုစွာ ကာကွယ်ခြင်းပြုတော်မမူချေ။ ကိုယ်တော်သည်လည်း တာဝန်လွှဲအပ်တတ်သည့် အဓိပတိတစ်ပါးဖြစ်ပြီး ကမ္ဘာပေါ်ရှိ “မိမိဥစ္စာရှိသမျှတို့ကို” ကြည့်ရှုပြုစုခြင်းငှာ သစ္စာရှိကျေးကျွန်အတန်းစားအား တာဝန်ခန့်အပ်တော်မူခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇) သူတစ်ပါး၏ အယူအဆများကိုလည်း နားထောင်ရန် ကြောက်တော်မမူ။ တရားနာပရိသတ်အား “အဘယ်သို့ထင်သနည်း” ဟုကိုယ်တော်မေးမြန်းလေ့ရှိသည်။ (မဿဲ ၁၇:၂၅; ၁၈:၁၂; ၂၁:၂၈; ၂၂:၄၂) ယနေ့ ခရစ်တော်၏နောက်လိုက်အားလုံးအတွင်းလည်း ထို့အတူဖြစ်သင့်သည်။ အခွင့်အာဏာ မည်မျှရရှိထားစေကာမူ နားမထောင်လိုသည့်သဘော မရှိသင့်ပေ။ ထိုကြောင့် မိဘများ၊ နားထောင်ကြလေ! လင်ယောက်ျားများ၊ နားထောင်ကြလေ! အကြီးအကဲများ၊ နားထောင်ကြလေ!

၁၈။ (က) ကျွန်ုပ်တို့သည် အကျိုးသင့်အကြောင်းသင့်သဘောရှိသည် ဟူသောနာမည်ရှိမရှိ မည်သို့သိရှိနိုင်မည်နည်း။ (ခ) ကျွန်ုပ်တို့အားလုံး အဘယ်သန္နိဋ္ဌာန်ချလျှင် ကောင်းမည်နည်း။

၁၈ ကျွန်ုပ်တို့အားလုံးသည် “အကျိုးသင့်အကြောင်းသင့်သဘောရှိသည် ဟူသောနာမည်” ကိုဧကန်မုချရလိုကြသည်။ (ဖိလိပ္ပိ ၄:၅၊ ဖိလစ်ပ်စ်) သို့သော် ထိုသို့သောနာမည် ကျွန်ုပ်တို့၌ ရှိမရှိ မည်သို့သိရှိနိုင်မည်နည်း။ ယေရှုက မိမိအကြောင်း လူများ မည်သို့ပြောဆိုနေကြကြောင်းကို သိလိုသောအခါ မိမိ၏ယုံကြည်အားထားနိုင်သော အပေါင်းအဖော်များအား မေးမြန်းခဲ့သည်။ (မဿဲ ၁၆:၁၃) ကိုယ်တော်၏ပုံသက်သေကို အတုယူပါ။ အသင်သည် အကျိုးသင့်အကြောင်းသင့်သဘောရှိသူ၊ အလျှော့အတင်းပြုတတ်သူဖြစ်သည်ဟူသော နာမည်ရရှိထားမထား ပွင့်လင်းစွာပြောဆိုမည့်အားထားနိုင်သည့်သူတစ်ဦးအား မေးမြန်းနိုင်ပါသည်။ ယေရှု၏ အကျိုးသင့်အကြောင်းသင့်သဘောဆိုင်ရာ ပြည့်ဝစုံလင်သောပုံသက်သေကို ကျွန်ုပ်တို့ပိုမိုအနီးကပ်လိုက်လျှောက် အတုယူလုပ်ကိုင်စရာ မြောက်မြားစွာရှိသည်ကား အမှန်ပင်! အထူးသဖြင့် သူတစ်ထူးအပေါ် အခွင့်အာဏာအတန်အရာရှိမည်ဆိုလျှင် ယေဟောဝါနှင့်ယေရှု၏ ပုံသက်သေကို အမြဲအတုယူကာ အခွင့်အာဏာကို အကျိုးသင့်အကြောင်းသင့်စွာ အမြဲအသုံးပြုပြီး သင့်တော်လျောက်ပတ်သည့်အခါတိုင်း အမြဲအပြစ်လွှတ်လိုသောသဘော၊ ပြုပြင်ပြောင်းလဲလိုသောသဘော၊ အလျှော့အတင်းပြုတတ်သောသဘော တင်ပြကြစို့လေ။ ကျွန်ုပ်တို့ယောက်စီယောက်တိုင်း “အကျိုးသင့်အကြောင်းသင့်သဘောရှိ” ရန်မလွဲမသွေ ကြိုးစားနိုင်ပါစေ!—တိတု ၃:၂၊ ကဘ။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ခရစ်ယာန်များသည် အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့်သဘော ရှိလိုသင့်သနည်း။

◻ အကြီးအကဲများသည် အပြစ်လွှတ်လိုသောသဘောနှင့်ပြည့်စုံခြင်း၌ ယေရှုကို မည်သို့အတုယူနိုင်သနည်း။

◻ ယေရှုကဲ့သို့ပင် အလျှော့အတင်းသဘောရှိရန် အဘယ်ကြောင့်ကြိုးစားသင့်သနည်း။

◻ အခွင့်အာဏာကို ကျင့်သုံးရာတွင် အကျိုးသင့်အကြောင်းသင့်သဘောကို မည်သို့တင်ပြနိုင်သနည်း။

◻ ကျွန်ုပ်တို့သည် အမှန်တကယ်ပင် အကျိုးသင့်အကြောင်းသင့်သဘောရှိသူဖြစ်မဖြစ် မိမိကိုယ်ကို မည်သို့စစ်ဆေးကြည့်နိုင်သနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

နောင်တရသောပေတရုကို ယေရှုခွင့်လွှတ်ရန် အသင့်ရှိတော်မူ၏

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မိန်းမတစ်ဦးက ယုံကြည်ခြင်း ထူးခြားစွာတင်ပြသောအခါ ဤအချိန်အခါသည် ယေဘုယျစည်းမျဉ်းအတိုင်း လိုက်ရမည့်အချိန်မဟုတ်ကြောင်း ယေရှုသိမြင်တော်မူခဲ့သည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မိဘများ နားထောင်ကြလေ!

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

လင်ယောက်ျားများ နားထောင်ကြလေ!

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အကြီးအကဲများ နားထောင်ကြလေ!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ