ဤသတင်းကောင်းကို ရှေးဦးစွာဟောရမည်
“လူမျိုးအပေါင်းတို့အား ဤသတင်းကောင်းကို ရှေးဦးစွာဟောရမည်။”—မာကု ၁၃:၁၀၊ ကဘ။
၁၊ ၂။ သက်သေခံတို့၏ အမှတ်တံဆိပ်ကား အဘယ်အရာဖြစ်ပြီး အဘယ်ကြောင့်နည်း။
ယေဟောဝါသက်သေတို့သည် အဘယ်ကြောင့် ဤမျှစွဲစွဲမြဲမြဲဟောပြောကြသနည်း။ တစ်အိမ်တက်ဆင်း၌ဖြစ်စေ၊ လမ်းများပေါ်၌ဖြစ်စေ၊ အလွတ်သဘောတွေ့ဆုံချိန်များ၌ဖြစ်စေ ကျွန်ုပ်တို့၏ လူအများရှေ့ဓမ္မအမှုဆောင်ခြင်းကြောင့် ကျွန်ုပ်တို့ကို ကမ္ဘာကကောင်းစွာသိသည်မှာ သေချာပါသည်။ သင့်လျော်သည့်အချိန်အခါတိုင်း ကျွန်ုပ်တို့သည် မိမိကိုယ်ကို သက်သေခံများအဖြစ်ဖော်ပြပြီး ကျွန်ုပ်တို့တန်ဖိုးထားသည့် သတင်းကောင်းကို ဖြန့်ဝေနိုင်ရန် လိမ္မာပါးနပ်စွာကြိုးစားကြသည်။ အမှန်အားဖြင့် ဤဓမ္မအမှုကို ကျွန်ုပ်တို့၏အမှတ်တံဆိပ်ဟုပင် ပြောနိုင်ပါသည်တကား!—ကောလောသဲ ၄:၆။
၂ ဤအချက်ကိုသာ စဉ်းစားကြည့်ပါ—ကောင်းမွန်သပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး အိတ်ကိုယ်စီကိုင်ထားကြသော ယောက်ျား၊ မိန်းမနှင့် ကလေးများ မိမိတို့အနားသို့ရောက်လာသည်ကို လူများမြင်သောအခါတိုင်း သူတို့တွင် ချက်ချင်းမည်သည့်အတွေးပေါ်လာလေ့ရှိသနည်း။ ‘ဟော၊ ဟိုမှာ ကက်သလစ်တွေ (သို့မဟုတ် ဩသဒေါက်စ်တွေ) လာကြပြန်ပြီ!’ ဟူ၍လော၊ သို့မဟုတ် ‘ပယ်န်တီကော်စ်တလ်တွေ (သို့မဟုတ် နှစ်ခြင်းတွေ) လာကြပြန်ပြီ!’ ဟူ၍လော။ မဟုတ်ပါ။ ထိုဘာသာများသည် အုပ်စုတစ်စုလုံးလိုက် တစ်အိမ်တက်ဆင်းဓမ္မအမှုဆောင်ခြင်း မလုပ်ကြသည်ကို လူများသိကြသည်။ အချို့ဘာသာရေးအုပ်စုများသည် နှစ်နှစ်စီမံကိန်းဖြင့် ဒေသတစ်ခုခုသို့ “သာသနာပြု” ဟုဆိုသူများကို စေလွှတ်ကောင်းစေလွှတ်မည်။ သို့သော် သူတို့၏သာမန်အသင်းသားများမူ ယင်းသို့သောဓမ္မအမှုမျိုးတွင် မပါဝင်ကြပါ။ တော်သင့်သည့်အချိန်အခါတိုင်း မိမိတို့၏သတင်းကို အခြားသူများအား ဇွဲရှိရှိဝေငှပေးခြင်းကြောင့် ယေဟောဝါသက်သေများကို ကမ္ဘာချီသိနေကြသည်။ သူတို့၏ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများကြောင့်လည်း သူတို့ကို လူသိများကြသည်။—ဟေရှာယ ၄၃:၁၀-၁၂; တမန်တော် ၁:၈။
ခရစ်ယာန်ဘောင်ဓမ္မဆရာများနှင့်ဆန့်ကျင်ကွဲလွဲ
၃၊ ၄။ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် လူထုဆက်သွယ်ရေးလမ်းကြောင်းများတွင် မည်သို့သရုပ်ဖော်ခံရလေ့ရှိသနည်း။
၃ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက် အချို့တိုင်းပြည်ရှိဓမ္မဆရာများစွာတို့သည် ကလေးသူငယ်များနှင့် လိင်မှုဖောက်ပြန်သူများ၊ စာရိတ္တယိုယွင်းသည့် ကလိမ်သမားများနှင့် အရေခြုံသူများဖြစ်ကြကြောင်း သတင်းမှတ်တမ်းများက ထပ်ခါတလဲဖော်ပြသည်။ သူတို့၏ဇာတိပကတိအကျင့်များနှင့် သူတို့၏ဇိမ်ခံဘဝပုံစံတို့က လူတိုင်းသိထင်ရှားလျက်ရှိသည်။ နာမည်ကြီးသီချင်းရေးဆရာတစ်ဦးက “ရုပ်မြင်သံကြားပြပွဲတွင် ယေရှုသည် ရိုးလက်ခ်စ်နာရီပတ်မည်လော” အမည်ရှိ သူ၏သီချင်း၌ ဤသို့မေးခွန်းထုတ်ထားသည်– “ကမ္ဘာပေါ်ယေရှုပြန်လာလျှင် နိုင်ငံရေးလိုက်စားမည်လော။ ကိုယ်တော်သည် ပါမ်စပရင်း [ကာလီဖိုးနီးယားရှိ ချမ်းသာကြွယ်ဝသည့်အသိုင်းအဝိုင်း] အရပ်တွင် နောက်ထပ်အိမ်တစ်လုံးဆောက်ပြီး မိမိ၏ချမ်းသာကြွယ်ဝမှုများကို လျှို့ဝှက်ထားမည်လော။” ယာကုပ်၏စကားများ မည်မျှလျောက်ပတ်ပါသည်တကား– “သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ သတ်ရသောနေ့၌ကဲ့သို့ မိမိတို့နှလုံးကိုမွေးမြူကြပြီ။”—ယာကုပ် ၅:၅; ဂလာတိ ၅:၁၉-၂၁။
၄ ဓမ္မဆရာတို့သည် နိုင်ငံရေးသမားများနှင့် ရောရောနှောနှောပေါင်းသင်းရုံမက နိုင်ငံရေးရာထူးအတွက် ရွေးကောက်ပွဲများ၌ပင်ပါဝင်ခြင်းတို့က သူတို့အား ခေတ်သစ်ကျမ်းပြုဆရာနှင့်ဖာရိရှဲများအဖြစ် ဖော်ထုတ်ပြသသည်။ တစ်ကြိမ်တည်းတွင် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတို့ကဲ့သို့သော နိုင်ငံများတွင် ကလေးသူငယ်များနှင့် အရွယ်ရောက်သူများအပေါ် ဓမ္မဆရာများ၏ စည်းမဲ့ကမ်းမဲ့ပြုမူကျင့်ကြံမှုများကြောင့် ဖြစ်ပေါ်လာသည့် တရားဆိုင်ရခြင်းနှင့် စီရင်ချက်ချခံရခြင်းတို့အတွက် ဘာသာရေးဘဏ္ဍာတိုက်များတွင် ငွေယိုပေါက်ဖြစ်ပေါ်ခဲ့ရသည်။—မဿဲ ၂၃:၁-၃။
၅။ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် “သစ္စာနှင့်သတိပညာရှိသောကျွန်” အဘယ်ကြောင့်မဖြစ်လာသနည်း။
၅ ယေရှုက မိမိခေတ်ရှိဓမ္မဆရာများအား ဤသို့လျောက်ပတ်စွာပြောနိုင်ခဲ့သည်– “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား အဖြူသုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။” ထို့ကြောင့် ဘုရားသခင်သည် ကက်သလစ်၊ ပရိုတက်စတင့်၊ ဩသဒေါက်စ် သို့မဟုတ် မည်သည့်ဂိုဏ်းဂဏအဝင်မျှ မဟုတ်သောသူတို့၏ မည်သည့်ခရစ်ယာန်ဘောင်ဓမ္မဆရာအားမျှ သတင်းကောင်းဟောပြောခြင်းတာဝန်ကို မပေးအပ်ပါ။ သူတို့သည် ကြိုပြောထားသော “သစ္စာနှင့်သတိပညာရှိသောကျွန်” များ မဟုတ်ကြပါ။—မဿဲ ၂၃:၂၇၊ ၂၈; ၂၄:၄၅-၄၇၊ သမ။
အဘယ်ကြောင့် သတင်းကောင်း ရှေးဦးစွာ ဟောရသနည်း
၆။ မကြာမီ မည်သည့်အရာများဖြစ်ပျက်မည်နည်း။
၆ လူမျိုးအပေါင်းတို့အား သတင်းကောင်းဟောရန် ယေရှု၏အမိန့်တော်ကို တိုတိုနှင့်ထိထိမိမိပြန်ဆိုရာတွင် မာကုတစ်ဦးတည်းသာ “ရှေးဦးစွာ” ဟူသောဝေါဟာရကို အသုံးပြုသည်။ (မာကု ၁၃:၁၀; မဿဲ ၂၄:၁၄ နှိုင်းယှဉ်။) ဂျေ. ဘီ. ဖိလစ်ဘာသာပြန်ကျမ်းတွင် ဤသို့ဖတ်ရသည်– “အကြောင်းမူကား အဆုံးမရောက်မီ သတင်းကောင်းသည် လူမျိုးအပေါင်းတို့ထံ ကြေညာခြင်းခံရမည်။” “ရှေးဦးစွာ” ဟူသော ကြိယာဝိသေသနကိုအသုံးပြုခြင်းက ကမ္ဘာချီဧဝံဂေလိဟောပြောခြင်းလုပ်ငန်းနောက်တွင် အခြားအဖြစ်အပျက်များ လိုက်ပါလာမည်ဟူသည့် အဓိပ္ပာယ်သက်ရောက်သည်။ ထိုအဖြစ်အပျက်များထဲတွင် ကတိပြုထားသည့် ကြီးစွာသောဒုက္ခနှင့် ကမ္ဘာသစ်အပေါ် ခရစ်တော်၏ဖြောင့်မတ်သောအုပ်စိုးမှုတို့ ပါဝင်သည်။—မဿဲ ၂၄:၂၁-၃၁; ဗျာဒိတ် ၁၆:၁၄-၁၆; ၂၁:၁-၄။
၇။ ဘုရားသခင်သည် အဘယ်ကြောင့် ရှေးဦးစွာ သတင်းကောင်းကို ဟောပြောစေလိုသနည်း။
၇ သို့နှင့် ဘုရားသခင်သည် အဘယ်ကြောင့် သတင်းကောင်းကို ရှေးဦးစွာဟောပြောစေလိုသနည်း။ အကြောင်းတစ်ခုမှာ ကိုယ်တော်သည် မေတ္တာ၊ တရားမျှတခြင်း၊ ဉာဏ်ပညာနှင့် တန်ခိုးတို့၏အရှင်ဘုရားသခင် ဖြစ်တော်မူသောကြောင့်ဖြစ်သည်။ မဿဲ ၂၄:၁၄ နှင့် မာကု ၁၃:၁၀ တို့တွင် မှတ်တမ်းတင်ထားသော ယေရှု၏ဖော်ပြချက်များ ပြည့်စုံရာတွင် ယေဟောဝါ၏ဤဂုဏ်ရည်တော်များ စိတ်စွဲမှတ်လောက်ဖွယ်ထင်ရှားပေါ်လွင်ခြင်းကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ ယင်းတို့ကို တစ်ခုချင်းစစ်ဆေးကြည့်ပြီး ယင်းတို့သည် သတင်းကောင်းဟောပြောခြင်းနှင့် မည်သို့ဆက်နွှယ်နေသည်ကို ကြည့်ကြစို့။
သတင်းကောင်းနှင့် ယေဟောဝါ၏မေတ္တာတော်
၈။ သတင်းကောင်းဟောပြောခြင်းသည် အဘယ်နည်းဖြင့် ဘုရားသခင့်မေတ္တာတော်ကို ထင်ရှားဖော်ပြသနည်း။ (၁ ယောဟန် ၄:၇-၁၆)
၈ သတင်းကောင်းဟောပြောခြင်းသည် ဘုရားသခင်၏ မေတ္တာ ကို မည်သို့ထင်ဟပ်သနည်း။ အဓိကအားဖြင့် ယင်းသည် လူမျိုးတစ်မျိုး၊ လူအုပ်စုတစ်စုအတွက်ကိုသာ သီးခြားရည်ရွယ်သည့်သတင်း မဟုတ်သောကြောင့်ဖြစ်သည်။ ယင်းသည် “လူမျိုးအပေါင်း” အတွက် သတင်းကောင်းဖြစ်သည်။ ဘုရားသခင်သည် လူ့မိသားစုကြီးကို အလွန်ချစ်လွန်းသဖြင့် လူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ဘဲ လူသားတစ်ရပ်လုံးအတွက် အပြစ်မှရွေးနုတ်ဖိုးပူဇော်သက္ကာအဖြစ် မိမိ၏တစ်ပါးတည်းသောသားတော်ကို စေလွှတ်ခဲ့သည်။ တမန်တော်ယောဟန် ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ ဘုရားသခင်သည် သားတော်ကို ဤလောကသို့စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။” (ယောဟန် ၃:၁၆၊ ၁၇) ငြိမ်းချမ်းသော၊ သင့်မြတ်သော၊ တရားမျှတသော ကမ္ဘာသစ်ကို ကတိပြုထားသည့် သတင်းစကားဖြစ်သည့် သတင်းကောင်းသည် ဘုရားသခင်၏မေတ္တာတော်ဆိုင်ရာ အထောက်အထားတစ်ရပ်ဖြစ်ကြောင်းသေချာပေသည်။—၂ ပေတရု ၃:၁၃။
သတင်းကောင်းနှင့် ယေဟောဝါ၏တန်ခိုးတော်
၉။ ယေဟောဝါသည် သတင်းကောင်းဟောပြောရန် ခရစ်ယာန်ဘောင်၏သြဇာကြီးမားသည့်ဘာသာရေးတို့ကို အဘယ်ကြောင့်အသုံးမပြုသနည်း။
၉ သတင်းကောင်းဟောပြောခြင်းတွင် ယေဟောဝါ၏ တန်ခိုးတော် မည်သို့ထင်ရှားသနည်း။ စဉ်းစားကြည့်ပါ၊ ဤတာဝန်ကိုထမ်းဆောင်ရန် မည်သူများကို ကိုယ်တော်အသုံးပြုခဲ့သနည်း။ ရိုမန်ကက်သလစ်အသင်း သို့မဟုတ် ထင်ရှားသည့် ပရိုတက်စတင့်ဂိုဏ်းဂဏများကဲ့သို့သော ခရစ်ယာန်ဘောင်၏ ဩဇာအကြီးမားဆုံး ဘာသာရေးအသင်းအဖွဲ့များကိုလော။ မဟုတ်ပါ၊ နိုင်ငံရေးတွင် သူတို့၏ပါဝင်စွက်ဖက်မှုက ထိုတာဝန်ကိုထမ်းဆောင်ရန် သူတို့အားအရည်အချင်းမပြည့်မီစေပါ။ (ယောဟန် ၁၅:၁၉; ၁၇:၁၄; ယာကုပ် ၄:၄) သူတို့၏ ချမ်းသာကြွယ်ဝမှု၊ အုပ်ချုပ်သူလူတန်းစားမှ အကျော်အမော်ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ပေါင်းသင်းခြင်း၊ သူတို့ကိုသြဇာလွှမ်းမိုးခြင်းတို့သည်လည်းကောင်း၊ ထုံးတမ်းစဉ်လာများနှင့် ရောနှောနေသည့် ကျမ်းပညာများတို့သည်လည်းကောင်း ယေဟောဝါဘုရားသခင်၏စိတ်တော်ကို ထိမိစွဲငြိခြင်းမဖြစ်စေခဲ့ပါ။ ဘုရားသခင့်အလိုတော်ပြည့်စုံရန် လူ့တန်ခိုးအာဏာမလိုအပ်ခဲ့ပါ။—ဇာခရိ ၄:၆။
၁၀။ ဟောပြောခြင်းလုပ်ငန်းလုပ်ရန် မည်သူတို့ရွေးချယ်ခံရကြသနည်း။
၁၀ ကောရိန္သုအသင်းတော်သို့ ရေးသည့်စာတွင် တမန်တော်ပေါလုပြောထားသည့် ဤစကားများအတိုင်းပင်ဖြစ်သည်– “ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်းအကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိအများမပါ။ ထင်ရှားသောလူကြီးအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူအများမပါ။ ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။ ထို့ကြောင့် ဘုရားသခင်ရှေ့၌ အဘယ်သူမျှဝါကြွားစရာအကြောင်းမရှိ။”—၁ ကောရိန္သု ၁:၂၆-၂၉။
၁၁။ သက်သေခံများနှင့်ပတ်သက်သည့် မည်သည့်အဖြစ်မှန်က သူတို့အားထူးခြားစေသနည်း။
၁၁ ယေဟောဝါသက်သေများ၏အဖွဲ့အစည်းတွင် ချမ်းသာကြွယ်ဝသူအနည်းငယ်သာရှိပြီး နိုင်ငံရေးဩဇာအာဏာရှိသူ မည်သူမျှမရှိသည်မှာ သေချာသည်။ နိုင်ငံရေးကိစ္စများတွင် သူတို့၏အခိုင်အမာကြားနေမှုက သူတို့သည် မည်သည့်နိုင်ငံရေးဩဇာအာဏာကိုမျှ မကျင့်သုံးနိုင်ကြောင်း အဓိပ္ပာယ်သက်ရောက်သည်။ တစ်ဖက်တွင် ဤ ၂၀ ရာစုအတွင်း သူတို့သည် ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ပြင်းထန်သည့်နှိပ်စက်ညှဉ်းပန်းခြင်း၏ သားကောင်များဖြစ်ရလေ့ရှိသည်။ သို့တိုင် နာဇီဝါဒ၊ ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ လူမျိုးကြီးဝါဒနှင့် မှောက်မှားသောဘာသာရေးတို့၏ တပည့်နောက်လိုက်များက သူတို့အား ပြင်းထန်စွာဆန့်ကျင်သည့်ကြားမှ သက်သေခံများသည် ကမ္ဘာတစ်ခွင်လုံးတွင် သတင်းကောင်းကို ဟောပြောနေကြရုံမက သူတို့၏အရေအတွက်ကလည်း အံ့မခန်းဖွယ်တိုးပွားလျက်ရှိသည်။—ဟေရှာယ ၆၀:၂၂။
၁၂။ သက်သေခံများသည် အဘယ်ကြောင့် အောင်မြင်မှုရလာခဲ့ကြသနည်း။
၁၂ သက်သေခံတို့သည် သူတို့၏အောင်မြင်မှုကို မည်သည့်အရာကြောင့်ဖြစ်ကြောင်း ယူမှတ်ကြသနည်း။ ယေရှုက မိမိ၏တပည့်တော်များအား ဤသို့ကတိပြုခဲ့သည်– “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” ထို့ကြောင့် သူတို့အောင်မြင်မှု၏ ပင်မအကြောင်းကား မည်သည့်အရာဖြစ်ကိုဖြစ်ရမည်နည်း။ “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ” မည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ ယနေ့လည်း အလားတူပင် လူသားအစွမ်းသတ္တိမဟုတ်ဘဲ ဘုရားသခင်ထံမှတန်ခိုးတော်ကသာလျှင် သက်သေခံများ၏ ကမ္ဘာချီဓမ္မအမှုတွင် အောင်မြင်မှုရရှိခြင်း၏ သော့ချက်ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် အားအနည်းဆုံးဖြစ်ဖွယ်ရှိသူတို့ကို အသုံးပြု၍ သမိုင်းတွင် အကြီးကျယ်ဆုံးသောပညာပေးလုပ်ငန်းကို ဖြစ်ထွန်းအောင်မြင်စေတော်မူလျက်ရှိသည်။—တမန်တော် ၁:၈; ဟေရှာယ ၅၄:၁၃။
သတင်းကောင်းနှင့် ဘုရားသခင့်ဉာဏ်ပညာတော်
၁၃။ (က) သက်သေခံများသည် အဘယ်ကြောင့် စေတနာ့ဝန်ထမ်းအဖြစ်နှင့် အခကြေးငွေမယူဘဲ အမှုဆောင်ကြသနည်း။ (ခ) စာတန်၏ကဲ့ရဲ့ရှုတ်ချမှုကို ယေဟောဝါမည်သို့တုံ့ပြန်ချေပသနည်း။
၁၃ သတင်းကောင်းကို စေတနာ့ဝန်ထမ်းများအားဖြင့် ဟောပြောလျက်ရှိသည်။ ယေရှုက “အဖိုးမဲ့ရကြသည့်အလျောက် အခမဲ့ပေးကြလော့” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၀:၈၊ သမ) ထို့ကြောင့် မည်သည့်ယေဟောဝါသက်သေတစ်ဦးတစ်ယောက်မျှ ဘုရားသခင့်အမှုဆောင်ရန် လခမရကြပါ၊ ယင်းကို မျှော်လည်းမမျှော်ကိုးကြပါ။ အမှန်သော် သူတို့၏အစည်းအဝေးများတွင် အလှူငွေကောက်ခံခြင်းပင်မရှိချေ။ သူတို့၏ တစ်ကိုယ်ကောင်းမဆန်သည့် အကြွင်းမဲ့အမှုဆောင်ခြင်းအားဖြင့် ဘုရားသခင်အားစွပ်စွဲသူစာတန်မာရ်နတ်ကို ကိုယ်တော်ပြန်လည်ချေပစေနိုင်ကြသောကြောင့် သူတို့ပျော်ရွှင်ကြသည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် ဤနာမ်ဝိညာဉ်သတ္တဝါက လူသားများသည် ဘုရားသခင်အား တစ်ကိုယ်ကောင်းမဆန်သည့်သဘောဖြင့် ဝတ်ပြုမည်မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်သည့်စကားကို ပြောခဲ့သည်။ ယေဟောဝါသည် ဉာဏ်ပညာတော်အားဖြင့် စာတန်၏ကဲ့ရဲ့ပြစ်တင်မှုကို ဖုံးလွှမ်းလိုက်သောအဖြေကို ပေးခဲ့သည်—သန်းပေါင်းများစွာသော သစ္စာရှိခရစ်ယာန်သက်သေများသည် တစ်အိမ်တက်ဆင်းခြင်းတွင်လည်းကောင်း၊ လမ်းများပေါ်တွင်လည်းကောင်း၊ အလွတ်သဘောအရလည်းကောင်း သတင်းကောင်းကို ဟောပြောနေကြသည်။—ယောဘ ၁:၈-၁၁; ၂:၃-၅; သု. ၂၇:၁၁။
၁၄။ ပေါလုရည်ညွှန်းသည့် “နက်နဲသောဘုရားသခင့်ပညာတော်” ကား အဘယ်နည်း။
၁၄ သတင်းကောင်းကိုဟောပြောစေရာတွင် ဘုရားသခင့်ဉာဏ်ပညာတော်၏ နောက်ထပ်သာဓကတစ်ရပ်မှာ ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာကတိတော်ကိုယ်နှိုက်က ဘုရားသခင့်ဉာဏ်ပညာတော်၏ ထင်ရှားဖော်ပြမှုတစ်ရပ်ဖြစ်သည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “စုံလင်ရာရောက်သူတို့ဘောင်၌ ဉာဏ်ပညာယှဉ်သောစကားကို ငါတို့ပြောဆိုတတ်၏။ ထိုသို့ဆိုသော် ယခုကာလဉာဏ်ပညာမဟုတ်။ ပပျောက်ဆဲဖြစ်သော ယခုကာလမင်းတို့၏ ဉာဏ်ပညာလည်းမဟုတ်။ ငါတို့ဘုန်းအသရေဖြစ်စေရန် ဘုရားသခင်တင်ရင်စီမံလျက် ဝှက်ထားတော်မူခဲ့ရာ နက်နဲသောဘုရားသခင့်ပညာတော်ကို ဖော်ပြကြ၏။” ထို “နက်နဲသောဘုရားသခင့်ပညာတော်” သည် ဧဒင်တွင်အစပြုခဲ့သည့်ပုန်ကန်မှုကို အဆုံးသတ်မည့် ဘုရားသခင်၏ ဉာဏ်ပညာရှိနည်းလမ်းများကို ရည်ညွှန်းသည်။ မြင့်မြတ်သောနက်နဲရာနှင့်ဆိုင်သည့် ထိုဉာဏ်ပညာသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း၏ မဏ္ဍိုင်ဖြစ်သည့် ယေရှုခရစ်တွင် ထင်ရှားပေါ်ထွန်းသည်။a—၁ ကောရိန္သု ၂:၆၊ ၇၊ သမ; ကောလောသဲ ၁:၂၆-၂၈။
သတင်းကောင်းနှင့် ဘုရားသခင်၏တရားမျှတခြင်း
၁၅။ ယေဟောဝါသည် တရားမျှတသောဘုရားဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။ (တရားဟောရာ ၃၂:၄; ဆာလံ ၃၃:၅)
၁၅ အထူးသဖြင့် တရားမျှတမှုနှင့်ဆက်နွှယ်လျက် မာကု ၁၃:၁၀ တွင်ပါသည့် “ရှေးဦးစွာ” ဟူသောဝေါဟာရ၏အရေးကြီးမှုကို ကျွန်ုပ်တို့တွေ့ရသည်။ ယေဟောဝါသည် ချစ်ခင်ကြင်နာမှုပေါင်းစည်းထားသော တရားမျှတခြင်းရှိသည့် ဘုရားသခင်ဖြစ်တော်မူသည်။ မိမိ၏ပရောဖက်ယေရမိအားဖြင့် ကိုယ်တော်ဤသို့မိန့်တော်မူသည်– “ဝါကြွားသောသူမည်သည်ကား ငါသည် မြေကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကိုပြုသော ထာဝရဘုရားဖြစ်ကြောင်းတည်းဟူသော ငါ့သဘောကို သိနားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာဝရဘုရားမိန့်တော်မူ၏။”—ယေရမိ ၉:၂၄။
၁၆။ တရားမျှတခြင်းတွင် ဦးစွာသတိပေးခြင်းလိုအပ်ကြောင်း မည်သို့ဥပမာပေးနိုင်သနည်း။
၁၆ သတင်းကောင်းဟောပြောခြင်းနှင့်ပတ်သက်၍ ယေဟောဝါ၏တရားမျှတမှု မည်သို့တင်ပြသနည်း။ ဤသို့ဥပမာပေးကြစို့။ မိခင်တစ်ဦးသည် ဧည့်သည်လာမှစားကြရန် အရသာရှိသော ချော့ကလက်ကိတ်မုန့်တစ်လုံးကို ပြုလုပ်ထားသည်။ ယင်းကို မည်သည့်အချိန်တွင်စားရမည်ကို ကလေးများအား ဘာမျှမပြောဘဲနေလျှင် ကလေးများ၏သဘာဝအတိုင်း မည်သို့ဖြစ်လာနိုင်မည်နည်း။ ကျွန်ုပ်တို့အားလုံးသည် တစ်ချိန်က ကလေးများဖြစ်ခဲ့ကြသည်ပင်! ထိုကိတ်မုန့်ကို လက်ချောင်းကလေးများဖြင့် မြည်းစမ်းကြည့်ချင်ပေမည်! မိခင်ဖြစ်သူက တော်လျော်သည့်သတိပေးမှုမပြုခဲ့ပါက ကလေးများကိုဆုံးမနိုင်စရာအကြောင်း နည်းပါးသွားပေမည်။ အခြားတစ်ဖက်တွင်မူ ကိတ်မုန့်ကို ဧည့်သည်လာသောအခါမှ စားရမည်ဖြစ်သောကြောင့် ယင်းကိုလုံးဝမထိရန် သူမက ရှင်းရှင်းလင်းလင်းပြောပြထားလျှင် သူမသည် ပြတ်သားသည့်သတိပေးချက်ကို ပေးထားရာရောက်သည်။ မနာခံမှုပေါ်ပေါက်ပါက ခိုင်မာ၍တရားမျှတသည့် အရေးယူလုပ်ဆောင်ပိုင်ခွင့် သူမ၌ရှိပေသည်။—သု. ၂၉:၁၅။
၁၇။ ယေဟောဝါသည် ၁၉၁၉ ခုနှစ်ကတည်းက အထူးနည်းလမ်းတစ်ခုဖြင့် တရားမျှတခြင်းကို မည်သို့ထင်ရှားဖော်ပြသနည်း။
၁၇ ယေဟောဝါသည် တရားမျှတခြင်းနှင့်အညီ ဦးစွာပထမ သင့်တော်သည့်သတိပေးခြင်းမရှိဘဲ ဤဆိုးသွမ်းသောအစီအစဉ်စနစ်ကို တရားစီရင်မည်မဟုတ်ပေ။ ထိုအတွက်ကြောင့် အထူးသဖြင့် ၁၉၁၉ ခုနှစ်မှစ၍ ပထမကမ္ဘာစစ်က “ဆင်းရဲဒုက္ခ၏စူးရှနာကျင်မှုများ” ကို ပေါ်ပေါက်စေပြီးနောက်ပိုင်း ယေဟောဝါသည် မိမိ၏သက်သေများအား ကမ္ဘာတစ်ခွင်လုံးသို့သွား၍ သတင်းကောင်းကို ဇွဲရှိရှိကြေညာစေခဲ့သည်။ (မဿဲ ၂၄:၇၊ ၈၊ ၁၄၊ ကဘ) လူမျိုးများသည် ဤထူးခြားသည့်သတိပေးချက်ကို မသိရှိရပါဟု လျောက်ပတ်စွာမပြောနိုင်ပါ။
ကမ္ဘာတစ်ခွင် မည်မျှပျံ့နှံ့နေသနည်း
၁၈။ (က) ဝေးလံသည့်ဒေသများတွင် သက်သေခံများ၏လှုပ်ရှားမှုနှင့်ပတ်သက်၍ မည်သည့်အထောက်အထားရှိသနည်း။ (ခ) သင်သိသော အခြားမည်သည့်ဥပမာများရှိသေးသနည်း။
၁၈ ဤကမ္ဘာချီပညာပေးလုပ်ငန်း၏ ထိရောက်မှုအတိုင်းအတာကို နောက်ဆုံးနေရာများ—မြောက်ဘက်ပိုင်းခရီးစဉ် အမည်ရှိစာအုပ်တွင် တွေ့နိုင်သည်။ ယင်းစာအုပ်ကိုရေးသားသူက ပြန်ပြောပြသည်မှာ စကော့တလန်ပြည်မြောက်ဘက်၊ ရှက်တလန်ကျွန်းများတွင် တစ်ကျွန်းအပါအဝင်ဖြစ်သော ဝေးလံသည့်ဖူလာကျွန်း၏ ရေကြောင်းပြမြေပုံများကို သူစစ်ဆေးကြည့်ရှုသောအခါ မြေပုံက “ကျွန်းပတ်ပတ်လည်တွင် WKS (သင်္ဘောပျက်များ)၊ RKS (ကျောက်ဆောင်များ)၊ LDG (ရေအောက်ကျောက်ဆောင်များ)၊ OBS (အတားအဆီးများ)” ကို ညွှန်ပြထားသည်။ ယင်းတို့က “အနာဂတ်သင်္ဘောသားများအား ဝေးဝေးရှောင်ရန်သတိပေးသည်။ ဖူလာကျွန်းကို ဝိုင်းရံထားသည့်ရေပြင်သည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည့် မိုင်းနယ်မြေနှင့်တူသည်။ ယင်းက ရွက်လှေသမားများ၊ နေ့ချင်းပြန်ခရီးသည်များနှင့် ဘုရင်မ၏ ဆောက်လုပ်ရေးလုပ်သားများအတွက်ပင် နေချင်စဖွယ်မကောင်းပါ။ သို့သော်—ရက်အနည်းငယ်အတွင်း ကျွန်ုပ်သိခဲ့ရသည်မှာ—ယေဟောဝါသက်သေများအတွက်ကား ထိုသို့မဟုတ်ချေ။” သူဤသို့ဆက်ပြောသေးသည်– “သူတို့သည် ဘာသာပြောင်းပေးရန် မြို့ကြီးများရှိ ဆင်းရဲသားရပ်ကွက်များနှင့် တတိယကမ္ဘာအကြား နှံ့နှံ့စပ်စပ်လှည့်လည်ရှာဖွေသကဲ့သို့ ခေါင်သောဖူလာကျွန်းပေါ်တွင်လည်း မိမိတို့၏ယုံကြည်ချက်အတွက် ဘာသာသွင်းခဲ့ကြသည်။” အယ်န်ဒရူးအမည်ရှိ ဒေသခံတစ်ဦးသည် လွန်ခဲ့သည့်လအနည်းငယ်ခန့်က သူ့အိမ်တံခါးဝတွင် ကင်းမျှော်စင် တစ်စောင်ကိုရရှိခဲ့ကြောင်း ပြောပြသည်။ ထို့နောက် သူဤသို့ဆက်ပြောသည်– “နောက်တစ်ပတ်ကြာသောအခါ ဖရိုးကျွန်းစု [မြောက်ဘက်ပင်လယ်ရှိကျွန်းများ] တွင် [ဒဲနစ်ရှ်ဘာသာစကားဖြင့် နိုးလော့!] တစ်စောင်၊ နောက်နှစ်လကြာသောအခါ ဂရင်းလန်ကျွန်းရှိ နုခ်မြို့တွင် [ဒဲနစ်ရှ်ဘာသာစကားဖြင့် ကင်းမျှော်စင်] တစ်စောင်ကို ကျွန်ုပ်တွေ့ရှိခဲ့သည်။” ထိုမြောက်ပိုင်းဒေသများရှိ ယေဟောဝါသက်သေများ၏ ဇွဲရှိသောလှုပ်ရှားဆောင်ရွက်မှုအတွက် မည်မျှစိတ်ထိမိစွဲလမ်းစေသည့် အထောက်အထားပါတကား!
သက်သေခံများဆက်လက်ဟောပြောနေရန် မည်သည့်အရာကဖြစ်စေသနည်း
၁၉၊ ၂၀။ (က) ဆက်လက်ဟောပြောနေရန် ယေဟောဝါသက်သေများအား မည်သည့်အရာက လှုံ့ဆော်သနည်း။ (ခ) နောက်ထပ် မည်သည့်မေးခွန်းများ၏အဖြေကို ရရှိမည်နည်း။
၁၉ လူတစ်ဦးသည် သက်သေခံဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းမည်မျှပင်ကြာပါစေ တစ်အိမ်မှတစ်အိမ်သွား၍ သူစိမ်းများအား ဟောပြောခြင်းသည် လွယ်ကူသည့်ကိစ္စမဟုတ်သည်မှာအမှန်ပင်။ သို့ဆိုလျှင် ဤခရစ်ယာန်များ ဆက်လက်ဟောပြောနေရန် မည်သည့်အရာကဖြစ်စေသနည်း။ သူတို့၏ခရစ်ယာန်ဆက်ကပ်အပ်နှံခြင်းနှင့် တာဝန်သိတတ်သည့်စိတ်တို့က ဖြစ်သည်။ ပေါလုဤသို့ရေးသားခဲ့သည်– “ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်းအကြောင်းမရှိသေး။ အဘယ်ကြောင့်နည်းဟူမူကား မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။” စစ်မှန်သောခရစ်ယာန်များတွင် အသက်သို့ပို့ဆောင်နိုင်သည့် သတင်းတစ်ရပ်ရရှိထားရာ ယင်းကို သူတို့မည်သို့ရေငုံထားနိုင်မည်နည်း။ အန္တရာယ်ကျရောက်စဉ်ကာလ သတိပေးရန်ပျက်ကွက်ခြင်းကြောင့်ဖြစ်သည့် သွေးပြစ်ဆိုင်ရာ စည်းမျဉ်းမူသည်ပင် သတင်းကောင်းကိုဟောပြောရန် လှုံ့ဆော်သည့်အကြောင်းတစ်ရပ်ဖြစ်သည်။—၁ ကောရိန္သု ၉:၁၆; ယေဇကျေလ ၃:၁၇-၂၁။
၂၀ သို့ဆိုလျှင် သတင်းကောင်းကို မည်သို့ဟောပြောသနည်း။ သက်သေခံများ၏ အောင်မြင်မှုသော့ချက်ကား အဘယ်နည်း။ သူတို့၏ဓမ္မအမှုဆိုင်ရာ မည်သည့်အသွင်အပြင်များနှင့် ဖွဲ့စည်းစီမံမှုတို့က သူတို့အား မှန်သောဘာသာအဖြစ် သတ်မှတ်ဖော်ပြသနည်း။ နောက်ဆောင်းပါးက ထိုမေးခွန်းများကို ဖြေဆိုပါလိမ့်မည်။
သင်မှတ်မိသလော
◻ မည်သည့်အရာက ယေဟောဝါသက်သေများအား ဓမ္မဆရာများနှင့်သီးခြားဖြစ်စေသနည်း။
◻ ဟောပြောခြင်းက ဘုရားသခင်၏ မေတ္တာတော်၊ တန်ခိုးတော်နှင့် ဉာဏ်ပညာတော်တို့ကို မည်သည့်နည်းဖြင့်ထင်ဟပ်သနည်း။
◻ သတင်းကောင်းဟောပြောခြင်းက ဘုရားသခင်၏တရားမျှတခြင်းကို မည်သို့ထင်ဟပ်သနည်း။
◻ မည်သည့်အရာက ယေဟောဝါသက်သေများအား ဆက်၍ဓမ္မအမှုဆောင်နေစေသနည်း။
a ဘုရားသခင့်ဉာဏ်ပညာတော်နှင့် “မြင့်မြတ်သောနက်နဲရာ” အကြောင်း ထပ်မံရှင်းပြချက်များကို ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း [လိပ်] စာအုပ်၊ အတွဲ ၂၊ စာမျက်နှာ ၁၁၉၀ ကိုကြည့်ပါ။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
လူများမည်မျှဝေးလံသည့်နေရာတွင် ရှိနေပါစေ၊ ယေဟောဝါသက်သေများသည် သူတို့ထံရောက်လိုကြသည်