ရုံးတင်ခံရသည့်ဆင့်ကဲအယူဝါဒ
သစ္စာခံဆင့်ကဲဝါဒီများက သက်ရှိ၏မူလအစကို အသေအချာပြန်စစ်ဆေးရန် အပူတပြင်းတောင်းဆိုလာကြ
ရာဇဝတ်မှုတစ်ခုကို ရုံးတင်စစ်ဆေးသောအမှုတွင် သင်သည် တရားသူကြီးတစ်ဦးဖြစ်သည်ဆိုကြပါစို့။ တရားပြိုင်ဘက်က မိမိအပြစ်မရှိကြောင်း အတိအလင်းပြောဆိုပြီး သက်သေများကလည်း သူ့အတွက်သက်သေလိုက်ရန် ထွက်လာကြသည်။ သို့သော် သူတို့၏သက်သေထွက်ဆိုချက်များကို သင်နားထောင်သောအခါ တစ်ခုနှင့်တစ်ခုကိုက်ညီမှုမရှိဖြစ်နေသည်။ သို့နှင့်၊ တရားပြိုင်ဘက်မှ သက်သေများကို သူတို့ရပ်ရမည့်နေရာသို့ ပြန်ခေါ်ရာ သူတို့၏ထွက်ဆိုချက်များ ပြောင်းလဲသွားသည်။ တရားသူကြီးတစ်ဦးအနေနှင့် သင်သည် သူတို့၏သက်သေထွက်ဆိုချက်များကို အလေးပေးမည်လော။ တရားခံကို တရားသေလွှတ်မည်လော။ မဖြစ်နိုင်ပါ။ အကြောင်းမှာ တရားပြိုင်ဘက်မှ သက်သေထွက်ဆိုချက်များ၏ ညီညွတ်မှုမရှိခြင်းက ဤတရားပြိုင်ကိုယုံကြည်ရန် အားနည်းစေသည်။
ယင်းသည် ဆင့်ကဲသီအိုရီနှင့်ပတ်သက်သည့် အခြေအနေဖြစ်သည်။ မြောက်မြားစွာသောသက်သေတို့က အသက်၏မူလအစနှင့်ပတ်သက်၍ ရှင်းလင်းချက်အမျိုးမျိုးထုတ်ပြီး ဆင့်ကဲသီအိုရီကို ကာကွယ်ပြောဆိုကြသည်။ သို့သော် သူတို့၏အထောက်အထားများသည် ခိုင်လုံပါသလော။ ဤသီအိုရီကို ထောက်ခံသောသူများသည် တစ်သံတစ်သမတ်တည်းရှိကြသလော။
ဆန့်ကျင်ကွဲလွဲသည့်အထောက်အထား
အသက်မည်သို့စတင်လာသနည်း။ ယင်းထက်ပို၍ တွေးတောဆင်ခြင်စရာ၊ အငြင်းပွားစရာကောင်းသည့် အခြားမေးခွန်းမရှိနိုင်တော့ပါ။ သို့သော် ဤအချေအတင်သည် ဆင့်ကဲဖြစ်စဉ်နှင့် ဖန်ဆင်းခြင်းတို့အကြား၌သာ ရှိခြင်းမဟုတ်ဘဲ ပဋိပက္ခအများစုမှာ ဆင့်ကဲဝါဒီများထဲတွင် ရှိနေသည်။ စင်စစ် ဆင့်ကဲဖြစ်စဉ်၏ အချက်အလက်အားလုံး—ဖြစ်လာပုံဖြစ်လာနည်း၊ အစပြုသည့်နေရာ၊ ယင်းကိုအစပြုသည့်သူ သို့မဟုတ် အရာ၊ ဖြစ်စဉ်၏ကြာညောင်းသည့်ကာလ—တို့သည် အပြင်းအထန်ငြင်းခုံစရာများဖြစ်သည်။
ပူနွေးသောသြဂဲနစ် “ဟင်းချိုအိုး” ကန်ကြီးထဲမှ အသက်စတင်ကြောင်း နှစ်ပေါင်းများစွာကတည်းက ဆင့်ကဲဝါဒီတို့ အဆိုပြုလာခဲ့ကြသည်။ ပင်လယ်ထဲရှိရေမြှုပ်မှ အသက်ဖြစ်ပေါ်လာနိုင်သည်ဟု ယခုလူအချို့တို့ယုံကြည်ကြသည်။ ပင်လယ်အောက်ရေပူစမ်းများသည် အသက်စတင်သည့်နေရာဟု အဆိုရှိသောနေရာတစ်မျိုးဖြစ်သည်။ အချို့တို့က သက်ရှိဇီဝရုပ်များသည် ကမ္ဘာပေါ်သို့ကျရောက်လာသော ဥက္ကာပျံများမှ ရောက်ရှိလာသည်ဟု မှန်းဆကြသည်။ အချို့တို့ကမူ ဂြိုဟ်သိမ်ဂြိုဟ်မွှားကလေးများသည် အစိတ်စိတ်အမြွှာမြွှာကွဲလွင့်ပြီး ကမ္ဘာကိုလာရောက်ထိမှန်ကာ ကမ္ဘာ့လေထုအခြေအနေကိုပြောင်းလဲစေခြင်းဖြင့် အသက်ကိုစတင်ဖြစ်ပေါ်တိုးတက်စေခြင်း ဖြစ်နိုင်သည်ဟု ပြောကြသည်။ “သံမဏိဂြိုဟ်သိမ်ခပ်ကြီးကြီးတစ်လုံးကို ကမ္ဘာမြေကြီးထဲသို့ ထိုးစိုက်လိုက်ပါ၊ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် အဖြစ်အပျက်ကို သင်တွေ့ကြုံရမည်” ဟု သုတေသီတစ်ဦးကပြောသည်။
အသက်စတင်ဖြစ်လာသော အခြေအနေကိုလည်း ပြန်လည်ဆင်ခြင်သုံးသပ်နေကြသည်။ “အသက်သည် တစ်ချိန်ကယူဆထားသကဲ့သို့ အေးဆေးတည်ငြိမ်သည့်အခြေအနေတွင် ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ မီးတောင်ပေါက်ကွဲမှုများကြောင့် ဂြိုဟ်များပြိုကွဲပျက်စီးခြင်း၊ ကြယ်တံခွန်များနှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကြောင့် အန္တရာယ်ဖြစ်ခြင်းတို့ကြောင့် ကောင်းကင်တွင် ငရဲပွက်သည့်အခြေအနေ၌ ပေါ်ပေါက်လာရခြင်းဖြစ်သည်” ဟု တိုင်းမ် မဂ္ဂဇင်းက ဖော်ပြသည်။ ထိုသို့ဗရုတ်သုတ်ခအခြေအနေတွင် အသက်ဖြစ်ပေါ်ပြောင်းလဲလာနိုင်ရန်မှာ ယခင်ကယူဆထားသည်ထက် ပို၍တိုတောင်းသောကာလအပိုင်းအခြားအတွင်း ဖြစ်ပျက်ရမည်ဟု ယခုသိပ္ပံပညာရှင်အချို့တို့က ဆိုကြသည်။
“ကိုယ်တော်သာအမှန်တည်ရှိလျှင်”—ဘုရားသခင်ပါဝင်ပတ်သက်သည့် အခန်းကဏ္ဍနှင့်ပတ်သက်၍လည်း သိပ္ပံပညာရှင်များတွင် အယူအဆကွဲပြားကြသည်။ အချို့တို့က အသက်သည် ဖန်ဆင်းရှင်ဝင်ရောက်လုပ်ဆောင်မှုမပါဘဲ ဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာသည်ဟု ဆိုကြသကဲ့သို့ အချို့ကလည်း ဖြစ်စဉ်ကို ဘုရားသခင်ကစတင်ပြီး ဆင့်ကဲတိုးတက်ပြောင်းလဲစေသည်ဟု ဆိုကြသည်။
အသက်စတင်ပြီးနောက် ဆင့်ကဲဖြစ်စဉ်မည်သို့ဖြစ်ပျက်သနည်း။ ဤအချက်၌ပင် ရှင်းပြချက်များက ကွဲပြားကြသည်။ မျိုးစိတ်များ၏မူလအစ စာအုပ်ကို ထုတ်ဝေပြီးနောက် ရာစုတစ်ခုအကြာ ၁၉၅၈ ခုနှစ်တွင် ဆင့်ကဲဝါဒီ ဆာ ဂျူလျန် ဟပ်က်စ်လီ ဤသို့ဖော်ပြသည်– “ဒါဝင်၏ ကြီးကျယ်သောရှာဖွေတွေ့ရှိချက်ဖြစ်သည့် သဘာဝရွေးချယ်မှုဆိုင်ရာ အကြွင်းမဲ့မှန်ကန်သောစည်းမျဉ်းများသည် ဆင့်ကဲဖြစ်စဉ်အရ ကြီးမားသည့်ပြောင်းလဲခြင်း၏ တစ်ခုတည်းသော ဩဇာသက်ရောက်ရာအဖြစ် အတည်နှင့် အခိုင်အမာ သက်သေထူခြင်းခံခဲ့ရသည်။” နောက်နှစ်ဆယ့်လေးနှစ်ကြာသောအခါ ဆင့်ကဲဝါဒီမိုက်ကယ်ရုဇ် ဤသို့ရေးသားခဲ့သည်– “အရေအတွက်တိုးပွားနေသော ဇီဝဗေဒပညာရှင်များက . . . ဒါဝင်၏စည်းမျဉ်းမူအပေါ် အခြေပြုသော မည်သည့်ဆင့်ကဲသီအိုရီမဆို—အထူးသဖြင့် သဘာဝရွေးချယ်မှုကို ဆင့်ကဲပြောင်းလဲမှုဖြစ်ပေါ်စေသည့် သော့ချက်အဖြစ် ယူမှတ်သော မည်သည့်သီအိုရီမဆို—တို့သည် လွဲမှားစွာချို့တဲ့လျက်ရှိသည်ဟု ဆင်ခြေတက်နေကြသည်။”
တိုင်းမ် မဂ္ဂဇင်းက ဆင့်ကဲသီအိုရီကို ထောက်ခံသည့် “ခိုင်လုံသောအကြောင်းအချက်များစွာ” ရှိသည်ဟု ပြောသော်လည်း ဆင့်ကဲဖြစ်စဉ်သည် “ဟာကွက်များစွာရှိပြီး ကွင်းဆက်ပြတ်နေသည့် အချက်အလက်များကို မည်သို့ဖြည့်စွက်မည်နှင့်ပတ်သက်၍ ဆန့်ကျင်ကွဲလွဲသည့် သီအိုရီများစွာဖြင့်ပြီးသော” ရှုပ်ထွေးသည့်ရှင်းတမ်းတစ်ခုဖြစ်သည်ဟု ဝန်ခံထားသည်။ ယင်းအမှုကိုပိတ်ရန် တိုက်တွန်းမည့်အစား အချို့သော သစ္စာခံဆင့်ကဲဝါဒီများက သက်ရှိစတင်ဖြစ်ပေါ်လာသည့်အကြောင်းများကို အသေအချာပြန်လည်စစ်ဆေးရန် ယခုအပူတပြင်းတောင်းဆိုနေကြသည်။
သို့ဖြစ်၍ ဆင့်ကဲဖြစ်စဉ်နှင့်ပတ်သက်သော—အထူးသဖြင့် ဆင့်ကဲဖြစ်စဉ်အရ အသက်စတင်လာပုံနှင့် ပတ်သက်သော—အဆိုပြုချက်သည် တစ်သမတ်တည်းသော အထောက်အထားအပေါ်တွင် အခြေမပြုပါ။ သိပ္ပံပညာရှင် တီ.အိပ်ချ်. ဂျနာဘီက ဆင့်ကဲဖြစ်စဉ်ကို ထောက်ခံသူများသည် “နှစ်ပေါင်းများစွာတစ်လျှောက် လွဲချော်မှောက်မှားသော သီအိုရီအမြောက်အမြားတို့ကို ထုတ်ဖော်လိုက်၊ စွန့်လွှတ်လိုက်လုပ်ကြပြီး ယခုအချိန်အထိ သိပ္ပံပညာရှင်များက ယင်းသီအိုရီတစ်ခုနှင့်မျှ သဘောမတူညီနိုင်ကြသေးချေ” ဟု မှတ်ချက်ပြုသည်။
စိတ်ဝင်စားဖွယ်ရာကား ချားလ်စ်ဒါဝင်သည် ယင်းသို့သောပဋိပက္ခကို ကြိုတင်မျှော်လင့်ခဲ့သည်။ မျိုးစိတ်များ၏မူလအစ စာအုပ်၏ နိဒါန်းတွင် သူဤသို့ရေးထားသည်– “ဤစာအုပ်တွင် ဆွေးနွေးထားသည့်အချက် တစ်ခုတလေပင် တကယ့်ဖြစ်ရပ်အထောက်အထားမတင်ပြနိုင် ကြောင်း ကျွန်ုပ်ကောင်းစွာသိရှိပြီး ယင်းက ယခုအထိ ကျွန်ုပ်သဘောပေါက်လာသည့်အရာများနှင့် တိုက်ရိုက်ဆန့်ကျင်သည့် သဘောထိုင်မှုများသို့ ဆိုက်ရောက်သွားစေလေ့ရှိသည်မှာ ထင်ရှားနေပါသည်။”
အမှန်အားဖြင့် ထိုသို့သော ဆန့်ကျင်ကွဲလွဲသည့် အထောက်အထားက ဆင့်ကဲသီအိုရီကို ယုံကြည်စိတ်ချနိုင်ခြင်းနှင့်ပတ်သက်၍ အငြင်းပွားစရာပေါ်ပေါက်စေသည်အမှန်။
ဆင့်ကဲဖြစ်စဉ်သည် ဉာဏ်ပညာ၏အနှစ်သာရလော
ဆင့်ကဲဖြစ်စဉ်သည် “လူများစွာတို့အား ဆွဲဆောင်ရသည့်အကြောင်းမှာ ယင်းသည် မျိုးစိတ်ဆိုင်ရာဖန်ဆင်းခြင်းသီအိုရီထက် သာ၍ သိပ္ပံနည်းကျဟန်ရှိသောကြောင့်ဖြစ်သည်” ဟု သမိုင်းမှတ်တိုင်များ (လိပ်) စာအုပ်က မှတ်ချက်ချသည်။
ထို့အပြင် အချို့သူတို့၏ တစ်ယူသန်သည့်အဆိုများကလည်း ထိတ်လန့်စရာဖြစ်စေနိုင်သည်။ ဥပမာ၊ သိပ္ပံပညာရှင် အိပ်ချ်. အက်စ်. ရှယ်လ်တန်က မျိုးစိတ်ဆိုင်ရာဖန်ဆင်းခြင်းအယူအဆကို “လေးလေးနက်နက်စဉ်းစားကြည့်လျှင် အလွန်မိုက်မဲရာကျသည်” ဟု အခိုင်အမာပြောဆိုသည်။ ဇီဝဗေဒပညာရှင် ရစ်ချက်ဒေါ်ကန်ဇ်က ဤသို့တုံးတိတိပြောသည်– “ဆင့်ကဲပြောင်းလဲခြင်းကို မိမိမယုံဟုဆိုသူတစ်ဦးနှင့် သင်တွေ့လျှင် ထိုသူသည် အသိပညာခေါင်းပါးသူ၊ မိုက်မဲသူ၊ သို့မဟုတ် ရူးသွပ်သူဖြစ်သည်။” အလားတူ ပရော်ဖက်ဆာရနေးဒွဲဘိုးက ဤသို့ပြောသည်– “ယခုအခါ အသိဉာဏ်အပွင့်လင်းဆုံးလူများက စကြဝဠာအတွင်းရှိ အရာအားလုံး—ကောင်းကင်တန်ဆာများမှအစ လူသားများအထိ—တို့သည် ဆင့်ကဲပြောင်းလဲသည့်ဖြစ်စဉ်အားဖြင့် တိုးတက်ဖြစ်ပေါ်ခဲ့ပြီး ဆက်၍တိုးတက်ဖြစ်ပေါ်နေသည်ကို အဖြစ်မှန်အဖြစ် လက်ခံကြသည်။”
ထိုအဆိုများအရ အသိဉာဏ်အတော်အသင့်ရှိသူသည် ဆင့်ကဲပြောင်းလဲမှုကို လွယ်လင့်တကူလက်ခံမည့်ဟန်ရှိသည်။ သို့နှင့် ထိုသို့လက်ခံခြင်းဖြင့် ထိုသူသည် “မိုက်မဲ” သူမဟုတ်ဘဲ “အသိဉာဏ်ပွင့်လင်း” သူဖြစ်သည်ဟုအဓိပ္ပာယ်ရှိမည်။ သို့သော် ဆင့်ကဲသီအိုရီကို မထောက်ခံသော အဆင့်မြင့်ပညာတတ်သည့် ယောက်ျားမိန်းမများရှိကြသည်။ ဖရန်စစ္စဟစ်ချင်းရေးသားသော The Neck of the Giraffe အမည်ရှိစာအုပ်တွင် သူက “ကိုယ်တိုင်သံသယဖြစ်သော သိပ္ပံပညာရှင်များစွာနှင့် ဒါဝင်၏ဆင့်ကဲပြောင်းလဲသည့်သီအိုရီသည် သိပ္ပံဆိုင်ရာသီအိုရီလုံးဝမဟုတ်ကြောင်း ထင်ရှားလာသည်ဟုပင် ပြောလာကြသော သိပ္ပံပညာရှင်အနည်းငယ်ကို ကျွန်တော်တွေ့ဖူးသည်” ဟု ရေးသားထားသည်။
အလွန်ချီးမွမ်းခံရသော ဗြိတိသျှသိပ္ပံပညာရှင် ချန်ဒရာဝစ်ကရာမာစင်းက အလားတူအနေအထားတွင် ရပ်တည်သည်။ “ဒါဝင်၏ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ မည်သည့်အခြေခံအယူဝါဒအတွက်မျှ အထောက်အထားမရှိပါ” ဟု သူပြောခဲ့သည်။ “ယင်းသည် ၁၈၆၀ ပြည့်နှစ်က လောကကိုသြဇာလွှမ်းမိုးလာခဲ့သော လူမှုရေးဆိုင်ရာဖိအားပေးမှုတစ်ရပ်ဖြစ်သည်။ ယင်းသည် သိပ္ပံပညာအတွက် အဖျက်အမှောင့်တစ်ခုဖြစ်သည်ဟု ကျွန်ုပ်ယူဆသည်” ဟု သူဆိုသည်။
တီ. အိပ်ချ်. ဂျနာဘီက ဆင့်ကဲဝါဒီများတင်ပြသည့် အဆိုများကို စုံစမ်းစစ်ဆေးမှုပြုခဲ့သည်။ “အခြေအနေကား ကျွန်ုပ်တို့အားယုံကြည်စေသည့်အရာနှင့် များစွာခြားနားကြောင်း ကျွန်ုပ်တွေ့မြင်ရသည်။ အသက်၏မူလအစနှင့်ပတ်သက်သော အထောက်အထားမှာ အလွန်ခေါင်းပါးပြီး ထိုမျှရှုပ်ထွေးလှသည့်သီအိုရီကို မထောက်ခံနိုင်လောက်အောင် အလွန်အစိတ်စိတ်အမြွှာမြွှာဖြစ်နေသည်” ဟု သူကပြောသည်။
သို့ဖြစ်၍ ဆင့်ကဲသီအိုရီကို ဆန့်ကျင်ကန့်ကွက်သူများအား “အသိပညာခေါင်းပါးသူ၊ မိုက်မဲသူ၊ ရူးသွပ်သူ” များဟု လုံးလုံးပယ်ထား၍မသင့်ချေ။ ဆင့်ကဲပြောင်းလဲမှုကို စိန်ခေါ်သော ရှုမြင်ချက်များနှင့်ပတ်သက်၍ အယူပြင်းထန်သည့် ဂျော့ဂျ်ဂေးလော့ဒ်ဆင်ပ်ဆင်ပင် ဤသို့ဝန်ခံရမည်– “ဤရှုမြင်ချက်များကို လှောင်ပြုံးပြုံးလျှင် သို့မဟုတ် ကဲ့ရဲ့ရှုတ်ချလျှင် အမှားကြီးမှားသွားမည်။ ယင်းတို့ကို အဆိုပြုတင်ပြသူများသည် လေးလေးနက်နက်ရှိပြီး ထက်မြက်သော စူးစမ်းလေ့လာသူများဖြစ်ခဲ့ကြ (ဖြစ်ကြ) သည်။”
ယုံကြည်မှုနှင့်ဆိုင်သည့်ကိစ္စ
ဆင့်ကဲဖြစ်စဉ်ကို ယုံခြင်းသည် အဖြစ်မှန်ပေါ်တွင်အခြေပြုပြီး ဖန်ဆင်းခြင်းကိုယုံခြင်းသည် ယုံကြည်သက်ဝင်မှုအပေါ်တွင် အခြေပြုသည်ဟု လူအချို့ထင်ကြသည်။ မည်သူမျှ ဘုရားသခင်ကို မမြင်ဖူးသည်မှာ မှန်ပါသည်။ (ယောဟန် ၁:၁၈; ၂ ကောရိန္သု ၅:၇ နှိုင်းယှဉ်။) သို့သော် တစ်ဦးတစ်ယောက်မျှသက်သေမထွက်ဆိုခဲ့သော သို့မဟုတ် ထပ်မံဖြစ်ပေါ်ခြင်းမရှိသော အဖြစ်အပျက်များပေါ်တွင် တည်ဆောက်ထားသော ဆင့်ကဲသီအိုရီသည် ဤကိစ္စတွင်မခိုင်လုံပါ။
ဥပမာ၊ သိပ္ပံပညာရှင်များသည် ဇီဝပုံစံအသစ်ကို ဖြစ်ပေါ်စေသော ဗီဇပြောင်းခြင်းများ—အကျိုးပြုသောဗီဇပြောင်းခြင်းများကိုပင်—တစ်ခါမျှမတွေ့ရှိခဲ့ဖူးကြချေ; သို့သော် ယင်းသည် မျိုးစိတ်အသစ်များ ဖြစ်ပေါ်လာသည့်နည်းအတိအကျပင် ဖြစ်သည်ဟု သူတို့တထစ်ချယူမှတ်ထားကြသည်။ သူတို့သည် သက်မဲ့မှသက်ရှိအလိုအလျောက်ဖြစ်ပေါ်ခြင်းကို တစ်ခါမျှမတွေ့မြင်ဖူးသော်လည်း ယင်းသည် အသက်စတင်ဖြစ်ပေါ်သည့်နည်းဖြစ်သည်ဟု အခိုင်အမာပြောဆိုကြသည်။
ယင်းသို့အထောက်အထားမရှိခြင်းကြောင့် တီ. အိပ်ချ်. ဂျနာဘီက ဆင့်ကဲသီအိုရီကို “‘ယုံကြည်မှု’ သက်သက်” ဟု ခေါ်ဆိုသည်။ ရူပဗေဒပညာရှင် ဖရက်ဒ်ဟွိုင်းက ယင်းကို “ဒါဝင်နည်းအရ မမှားနိုင်သောအမှန်တရား” ဟုခေါ်သည်။ ဒေါက်တာအယ်ဗန်ရွှတ်က ထိုထက်ပို၍ပြင်းထန်သေးသည်။ “ဖန်ဆင်းခြင်းဝါဒီများတွင် စိတ်အားထက်သန်သော ဆင့်ကဲဝါဒီများလောက် ရှင်းပြစရာလျှို့ဝှက်နက်နဲချက်မရှိကြောင်းကို ကျွန်ုပ်သံသယဖြစ်သည်” ဟု သူပြောသည်။
အချို့ကျွမ်းကျင်သူများက ယင်းနှင့်သဘောတူညီကြသည်။ နက္ခတ္တဗေဒပညာရှင် ရားဘတ်ဂျက်စ်ထရိုက “လူသား၏သဘာဝကို သေသေချာချာစဉ်းစားကြည့်လိုက်သောအခါ နွေးသည့်ရေကန်တစ်ခုအထဲတွင် ဓာတုပစ္စည်းများပျော်ဝင်မှုကြောင့် ဤထူးခြားသည့်သက်ရှိ ပေါ်ပေါက်လာရခြင်းသည် လူသား၏မူလအစအကြောင်းဖော်ပြသည့် သမ္မာကျမ်းစာမှတ်တမ်းလောက်ပင် ထူးဆန်းအံ့သြစရာဖြစ်ဖွယ်ရှိသည်” ဟု ဝန်ခံထားသည်။
သို့လျက်ကယ် အသက်သည်ဖန်ဆင်းခြင်းခံရသည်ဟူသောအချက်ကို လူများစွာတို့က အဘယ်ကြောင့်ငြင်းဆိုနေကြဆဲဖြစ်ရသနည်း။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
အချို့သူတို့၏ တစ်ယူသန်သည့်အဆိုများက ထိတ်လန့်စရာဖြစ်စေနိုင်သည်