ကမ္ဘာချီ ညီအစ်ကိုများအသင်းအပင်းအစစ်တွင် ပျော်ရွှင်နေခြင်း
ဝီလီဒေးဗစ္စ ပြောပြသည်
၁၉၃၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးတွင် စီးပွားရေးပျက်ကပ် ဆိုက်ရောက်နေရာ အမေရိကန်နိုင်ငံသားတို့သည် စီးပွားရေး မတည်ငြိမ်မှုဒုက္ခကို အလူးအလိမ့်ခံနေကြရ၏။ အိုဟိုင်အိုပြည်နယ်၊ ကလီဖလန်မြို့တွင် အလားအလာရှိ ထောက်ပံ့ရေးဌာနအပြင်ဘက်၌ ရဲတစ်ဦးနှင့် ကွန်မြူနစ်ဝါဒီတစ်ဦး အကြိတ်အနယ်တိုက်ခိုက်နေကြသည်။ ထိုကွန်မြူနစ်ဝါဒီနှင့်တကွ ဘေးပန်း၌ရှိသူ ကျွန်တော်၏အဖွား ဗီနီဝီလျမ်းစ္စကို ရဲကပစ်သတ်ခဲ့သည်။
အဖွားက လူမည်းဖြစ်ပြီး ရဲသားမူကား လူဖြူဖြစ်နေရာ ဤသေဆုံးမှုကို လူမျိုးရေးကိစ္စဖြစ်စေရန် ကွန်မြူနစ်ဝါဒီတို့က ကြိုးစားခဲ့ကြသည်။ “လူမျိုးရေးစိတ်ဓာတ်ရှိ ကလီဖလန်ရဲတပ်ဖွဲ့” နှင့် “ဤသတ်ပွဲများကို ကလဲ့စားချေကြ” ဟူသောခေါင်းစဉ်များပါ သတင်းလွှာတို့ကို သူတို့ဖြန့်ဝေခဲ့ကြသည်။ ကွန်မြူနစ်တို့က ကျွန်တော့်အဖွား၏ဈာပနကိစ္စကို အစမှအဆုံး စီစဉ်ပေးကြသည်။ လူဖြူချည်းသာဖြစ်သည့် ပါတီဝင်များဖြစ်သူ အခေါင်းသယ်ဆောင်ကြသူတို့ပုံတစ်ပုံ ကျွန်တော့်မှာရှိသေးသည်။ ပုံတွင် သူတို့အားလုံး လက်သီးဆုပ်ပြီး ကြွေးကြော်နေကြသည်။ နောက်ပိုင်းတွင် ဤပုံစံကို လူမည်းအာဏာအထိမ်းအမှတ်အဖြစ် လက်ခံအသုံးပြုကြလေသည်။
ကျွန်တော့်အဖွား ကွယ်လွန်ချိန်တွင် သူ၏သမီးသည် ကိုယ်ဝန်နှင့်ကျန်ရစ်ခဲ့သည်။ လေးလအကြာတွင် ကျွန်တော့်ကိုဖွားမြင်လာသည်။ ကျွန်တော့်မှာ စကားထစ်ငေါ့သည့်ချို့ယွင်းချက်နှင့် ကြီးပြင်းလာသဖြင့် ကျောင်းစနေချိန်တွင် စကားပြောကုထုံးကို ခံယူခဲ့ရပါသည်။
ကျွန်တော့်အသက် ငါးနှစ်အရွယ်တွင် အဖေနှင့်အမေကွဲသွားသည့်နောက် ကျွန်တော့်အစ်မနှင့်ကျွန်တော်သည် အမေ့လက်အောက် ကြီးပြင်းလာခဲ့ကြသည်။ ဆယ်နှစ်အရွယ်တွင် ကျောင်းဆင်းသည်နှင့် ကုန်စုံပို့လုလင်အဖြစ် ကျွန်တော်စတင်အလုပ်လုပ်ကိုင်ပြီး မိသားစုစရိတ်စကဖူလုံရန် ကူညီပေးခဲ့ရသည်။ နှစ်နှစ်အကြာတွင် ကျောင်းမတက်မီနှင့် ကျောင်းဆင်းချိန်တွင်ပါ စတင်အလုပ်လုပ်ခဲ့ရာ မိသားစု၏အဓိကဝင်ငွေပေါက်ဖြစ်ခဲ့ရသည်။ အမေဆေးရုံတက်ရပြီး အကြိမ်ကြိမ်ခွဲစိတ်ကုသခံဖို့ လိုအပ်လာသောအခါ ကျွန်တော်ကျောင်းထွက်၍ အချိန်ပြည့်အလုပ်လုပ်ခဲ့ရပါသည်။
ညီအစ်ကိုများအသင်းအပင်းတစ်ခုကို စတင်သိရှိရခြင်း
၁၉၄၄ ခုနှစ်တွင် ယေဟောဝါသက်သေတစ်ဦးသည် ကျွန်တော့်ဝမ်းကွဲ၏ဇနီးအား “သမ္မာတရားသည် သင်တို့ကို လွှတ်လိမ့်မည်” စာအုပ် (လိပ်) ကိုဝေခဲ့ပြီးနောက် သူမနှင့်ကျင်းပသော ကျမ်းစာသင်အံမှုတွင် ကျွန်တော်ပါ ပါဝင်လေ့လာခဲ့သည်။ ထိုနှစ်အတွင်းပင် အိစိုက်ဒ်အသင်းတော်၌ သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို ကျွန်တော်စတက်ပါသည်။ ကျောင်းကြီးကြပ်မှူး အဲလ်ဘတ် ခရာဒေါ့ခ်သည်လည်း ကျွန်တော်နည်းတူ စကားထစ်သည့်ချို့ယွင်းချက်ရှိခဲ့ရာ သူသည် ယင်းအခက်အခဲကို ယခုဖျောက်ဖျက်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် ကျွန်တော့်အတွက် တကယ့်အားယူစရာဖြစ်ခဲ့သည်တကား!
ကျွန်တော်တို့၏ပတ်ဝန်းကျင်တွင် နေထိုင်ကြသူတို့သည် အီတာလျန်၊ ပိုလစ်ရှ်၊ ဟန်ဂေရီယန်နှင့် ဂျူးများဖြစ်ကြသောကြောင့် အသင်းတော်ကို ဤလူစုများမှ လူမျိုးတို့ဖြင့်ဖွဲ့စည်းထားပါသည်။ ကျွန်တော်နှင့်ကျွန်တော့်ဝမ်းကွဲ၏ဇနီးမှာမူ ဤလူဖြူအသင်းတော်နှင့်အတူ စည်းဝေးတက်ခဲ့ကြသော ပထမကပ္ပလီအမေရိကန်များဖြစ်ကြသော်လည်း သက်သေခံများသည် လူမျိုးရေးခွဲခြားသည့်စိတ်ထားဖြင့် ကျွန်တော်တို့ကို တစ်ခါမျှမဆက်ဆံခဲ့ပါ။ ယင်းအစား သူတို့၏အိမ်များသို့ ကျွန်တော့်အား မကြာခဏခေါ်ဖိတ်ကျွေးမွေးဧည့်ခံခဲ့သည်။
၁၉၅၆ ခုနှစ်တွင် ဓမ္မအမှုဆောင်များ ပိုလိုအပ်သော အမေရိကန်ပြည်ထောင်စု၏ တောင်ဘက်သို့ ကျွန်တော်ရွှေ့ပြောင်းနေထိုင်ပါသည်။ ခရိုင်စည်းဝေးပွဲကြီးတက်ရန် မြောက်ဘက်ပိုင်းသို့ နွေရာသီအချိန်တစ်ချိန်တွင် အလည်ပြန်လာသောအခါ ကလီဖလန်မြို့တွင်ရှိ ညီအစ်ကိုအမြောက်အမြားသည် ကျွန်တော့်ထံအလည်အပတ်လာကြပြီး ရင်းနှီးခင်မင်စွာ သတင်းမေးမြန်းပေါင်းဖော်ခဲ့သည်။ ကျွန်တော့်အရေးကို သူတို့ဤမျှစိတ်ဝင်စားမှုပြခဲ့ကြခြင်းက ကျွန်တော့်အတွက် အရေးကြီးသည့် သင်ခန်းစာတစ်ခုကိုသင်ပေးခဲ့သည်– “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်” ခြင်းကို အမြဲစောင့်ထိန်းရန်ဖြစ်သည်။—ဖိလိပ္ပိ ၂:၄။
တိုးချဲ့လာသော အချိန်ပြည့်ဓမ္မအမှု
ရှေ့ဆောင်တစ်ဦးအဖြစ် အချိန်ပြည့်ဓမ္မအမှုတွင် သုံးနှစ်လုံးလုံးပါဝင်ပြီးနောက် ၁၉၅၉ နိုဝင်ဘာလတွင် နယူးယောက်မြို့ရှိ ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်၊ ဘရွတ်ကလင်ဗေသလတွင် အမှုထမ်းရန် ကျွန်တော်ဖိတ်ခေါ်ခံရသည်။ တင်ပို့ရေးဌာနတွင် ကျွန်တော်တာဝန်ကျခဲ့သည်။ လူဖြူတို့ဖြစ်ကြသော ကျွန်တော့်ဌာနကြီးကြပ်မှူး ကလောစ္စ ဂျင်စင်နှင့် ကျွန်တော့်အခန်းဖော် ဝီလျမ် ဟဲနင်တို့သည် ကျွန်တော်၏ ဝိညာဏဖခင်များ ဖြစ်လာကြသည်။ သူတို့သည် ကျွန်တော် ဗေသလအိမ်သို့ ရောက်လာချိန်တွင် အနှစ် ၄၀ နီးပါးစီ အမှုထမ်းနှင့်ခဲ့ကြပြီဖြစ်သည်။
၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းတွင် ဗေသလအိမ်သား စုစုပေါင်း ၆၀၀ ခန့်ရှိ၍ ထိုတွင် ကပ္ပလီအမေရိကန် ၂၀ ခန့်ရှိသည်။ ထိုစဉ်က အမေရိကန်ပြည်ထောင်စုတွင် လူမျိုးရေးစိတ်ထား ပြင်းထန်လာ၍ လူမျိုးရေးဆက်ဆံမှု တင်းမာနေပါသည်။ မည်သို့ဆိုစေကာမူ “ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ” ဟုသမ္မာကျမ်းစာသွန်သင်ထားသည့်အလျောက် ကျွန်တော်တို့သည် ထိုသို့မဖြစ်သင့်ပါ။ (တမန်တော် ၁၀:၃၄၊ ၃၅) ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင့်ရှုမြင်ချက်ကို ကျွန်တော်တို့ အခိုင်အမာလက်ခံထားနိုင်ကြရန် ဗေသလထမင်းစားပွဲတွင် နံနက်တိုင်းဆွေးနွေးခဲ့ကြသော ဝိညာဉ်ရေးဆိုင်ရာအကြောင်းအရာများက များစွာအထောက်အကူပြုပါသည်။—ဆာလံ ၁၉:၇။
ဘရွတ်ကလင်ဗေသလတွင် အမှုထမ်းနေစဉ် ဗာဂျီးနီးယားပြည်နယ်၊ ရစ်ချမန်ဒ်မြို့မှ ရှေ့ဆောင်တစ်ဦးဖြစ်သူ လိုအစ္စ ရပ်ဖဲင်နှင့် ကျွန်တော်တွေ့ဆုံခဲ့၍ ၁၉၆၄ ခုနှစ်တွင် သူနှင့်အိမ်ထောင်ပြုခဲ့သည်။ အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် ကျွန်တော်တို့စိတ်ဆုံးဖြတ်သည့်အတိုင်း ထိမ်းမြားပြီးနောက်တွင် အမေရိကန်ပြည်ထောင်စု၏ တောင်ဘက်ပိုင်းသို့ ပြန်သွားနေထိုင်ကြသည်။ အထူးရှေ့ဆောင်များအဖြစ် ဦးဆုံးအမှုထမ်းကြပြီးနောက် ၁၉၆၅ ခုနှစ်တွင် တိုက်နယ်လုပ်ငန်းကို လုပ်ကိုင်ရန် ကျွန်တော်တာဝန်ခန့်အပ်ခံခဲ့ရသည်။ နောက်ဆယ်နှစ်လုံးလုံး ကင်တပ်ကီ၊ တက်ဆတ်၊ လွီစီအဲနာ၊ အဲလဘားမား၊ ဂျော်ဂျီယာ၊ မြောက်ကယ်ရိုလိုင်းနားနှင့် မစ်စစ္စပီပြည်နယ်တို့တွင်ရှိ အသင်းတော်များထံသို့ ကျွန်တော်တို့လှည့်လည်ခဲ့ကြရသည်။
ကျွန်တော်တို့ ညီအစ်ကိုများအသင်းအပင်းအတွက် စမ်းသပ်မှုတစ်ခု
ထိုစဉ်အခါက အပြောင်းအလဲများ အကြီးအကျယ်ဖြစ်ပေါ်နေသည်။ တောင်ဘက်ပိုင်းသို့ ကျွန်တော်တို့ မရွှေ့ပြောင်းမီ လူမျိုးခွဲခြားမှုအရေးအခင်း ပေါ်ပေါက်နေသည်။ လူမည်းတို့သည် လူဖြူများနှင့် တစ်ကျောင်းတည်းမတက်ရ၊ စားသောက်ဆိုင် တစ်ခုတည်းတွင် မစားကြရ၊ ဟိုတယ်တစ်ခုတည်း၌ မတည်းခိုရ၊ ဆိုင်တစ်ဆိုင်တည်းတွင် မဝယ်ခြမ်းရ၊ သောက်ရေပန်းတစ်ခုတည်းမှပင် ရေမသောက်ကြရဟု ဥပဒေချမှတ်ထားပါသည်။ သို့သော် ၁၉၆၄ ခုနှစ်တွင် ပြည်ထောင်စုအမေရိကန်ကွန်ဂရက်က ကိုယ်ပိုင်အခွင့်အရေးအက်ဥပဒေကို ပြန်ထုတ်သည်။ ၎င်းက သယ်ယူပို့ဆောင်ရေးအပါအဝင် အများပြည်သူသွားလာဝင်ထွက်ခွင့်ရှိနေရာများတွင် ကျောသားရင်သားခွဲခြားပြီး ပြုမူဆက်ဆံခြင်းကို ပိတ်ပင်ပါသည်။ ထို့ကြောင့် တရားဝင် လူမျိုးရေးခွဲခြားခွင့် လုံးဝမရှိတော့ချေ။
ထိုအခါ မေးမြန်းစရာကား လူမည်းချည်းသက်သက်၊ လူဖြူချည်းသက်သက်ဖြစ်သော အသင်းတော်များသည် လူဖြူလူမည်းမခွဲခြားတော့ဘဲ တစ်ဦးကိုတစ်ဦး မေတ္တာပြနိုင်ကြမည်လော၊ သို့မဟုတ် အရပ်ဒေသမှ ဖိစီးတိုက်တွန်းမှုအပြင် ယခင်က ရှိနှင့်ခဲ့သောစိတ်ထားများကြောင့် လူဖြူလူမည်းခွဲခြားခြင်းကို ငြင်းဆန်နိုင်ပါမည်လော ဟူ၍ဖြစ်သည်။ ဤကျမ်းပေးအမိန့်တော်ကို လိုက်နာရန် စိန်ခေါ်ချက်တစ်ခုဖြစ်နေသည်– “ညီအစ်ကိုချစ်ခြင်းအရာမှာ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက် ချီးမြှောက်ကြလော့။”—ရောမ ၁၂:၁၀။
မည်သူမဆို မှတ်မိနိုင်သလောက်ဆိုလျှင် အထူးသဖြင့်တောင်ဘက်တွင် အနှံ့အပြားယူဆကြသည်ကား လူမည်းသည် အဆင့်အတန်းနိမ့်ကျသူဟူ၍ဖြစ်သည်။ ဤအယူအဆကို လူ့အဖွဲ့အစည်း အဘက်ဘက်ရှိ ချာ့ချ်များပါအပါအဝင် လူတိုင်း၏စိတ်တွင် ရိုက်သွင်းထားပါသည်။ ထို့ကြောင့် လူမည်းများကို မိမိနှင့်တန်းတူဖြစ်သည်ဟု လူဖြူအချို့ယူဆနိုင်ရန် မလွယ်ကူပါ။ ထိုအချိန်အခါသည် ကျွန်တော်တို့၏ညီအစ်ကိုအသင်းအပင်းဖြစ်သော လူမည်းနှင့် လူဖြူတို့အတွက်ပါ အမှန်တကယ်ပင် အစမ်းသပ်ခံရချိန်ဖြစ်သည်။
ဝမ်းသာစရာကား ခြုံကြည့်လိုက်လျှင် ကျွန်ုပ်တို့၏အသင်းတော်များတွင် လူဖြူလူမည်းခွဲခြားမှုပယ်ဖျက်ရေးကို အားတက်သရောထောက်ခံတုံ့ပြန်ခြင်း ဖြစ်သည်။ လူမျိုးရေးအရ အဆင့်မြင့်သည်ဟု နှစ်ချီ၍ အသေအချာသွတ်သွင်းခံထားသော ထိုအယူအဆများကို ရုတ်တရက်မဖျက်ပစ်နိုင်ခဲ့ပါ။ သို့တိုင် လူဖြူလူမည်းခွဲခြားမှုကို စတင်ပယ်ဖျက်ချိန်တွင်ပင် ညီအစ်ကိုအများသည် ဝမ်းသာအားရစွာ လက်ခံနာယူခဲ့ကြသည်။ တစ်စုတစ်ဝေး စည်းဝေးနိုင်ကြသည့်အတွက် ညီအစ်ကိုအများအပြားကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။
စိတ်ဝင်စားစရာကား အသင်းတော်များ၌ လူဖြူလူမည်းမခွဲခြားခြင်းကို သက်သေခံမဟုတ်သူတို့ပင် ပါဝင်လုပ်ဆောင်ခဲ့ကြသည်။ ဥပမာ၊ အဲလဘာမားပြည်နယ်၊ လနက်မြို့တွင် ဘုရားသခင့်နိုင်ငံတော်ခန်းမအနီးတစ်ဝိုက် နေထိုင်သူများသည် လူမည်းတို့ စည်းဝေးလာတက်ကြခြင်းကို ကန့်ကွက်ကြမည်လောဟု မေးမြန်းစုံစမ်းခဲ့ရာ လူဖြူအဖွားအိုတစ်ဦးက လူမည်းညီအစ်ကိုတစ်ဦး၏လက်ကို ဆွဲနှုတ်ဆက်၍ “ငါတို့ရပ်ကွက်မှာ မင်းတို့ဘုရားကို ကြိုက်သလို လာဝတ်ပြုကြစမ်းပါ!” ဟုဖြေဆိုပါသည်။
အီသီယိုးပီးယားနိုင်ငံမှ သစ္စာရှိ ညီအစ်ကိုများ
ကျွန်တော်တို့သည် ၁၉၇၄ ခုနှစ်တွင် နယူးယောက်မြို့ရှိ ဂိလဒ် ကင်းမျှော်စင် ကျမ်းစာကျောင်းတွင် ငါးလခွဲတိုင် သာသနာပြုရန်လေ့ကျင့်မှု ခံယူခွင့်ရရှိခဲ့သည့်အတွက် ဝမ်းသာခဲ့ရသည်။ ထိုနောက် အာဖရိကတိုက်ရှိ အီသီယိုးပီးယားနိုင်ငံတွင် တာဝန်ကျ၏။ ဧကရာဇ်မင်း ဟေးလ်စီလက်စီ နန်းကျခါစ အကျယ်ချုပ်ခံနေရချိန်တွင်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်တို့၏ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားသည့်အတွက် ကျွန်တော်တို့၏ ခရစ်ယာန်ညီအစ်ကိုများအသင်းအပင်းမှ ရင်းနှီးခင်တွယ်မှုကို အလွန်တန်ဖိုးထားလေးမြတ်ကြရသည်။
စစ်မှန်သောဝတ်ပြုရေးကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြသည့်အတွက် နောင်တွင် အကျဉ်းချခံခဲ့ရသူများစွာနှင့်အတူ ကျွန်တော်တို့နေထိုင်စားသောက် အမှုထမ်းဆောင်ခွင့်ရခဲ့ပါသည်။ ကျွန်တော်တို့ချစ်မြတ်နိုးရသောမိတ်ဆွေအချို့ပင်လျှင် အသတ်ခံခဲ့ရပြီ။ အာဒဲရာ တက်စိုးမီးသည် အီသီယိုးပီးယားနိုင်ငံ၏မြို့တော်ဖြစ်သည့် အက်ဒါစဘာဘာရှိအသင်းတော်တစ်ခုတွင် ကျွန်တော်နှင့်အတူ အကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းခဲ့သူဖြစ်သည်။a သုံးနှစ်တိုင် အကျဉ်းချခံရပြီးနောက် သူအသတ်ခံခဲ့ရသည်။ သူ၏ဇနီးဖြစ်သူသည် ဝမ်းနည်းကြေကွဲရသော်လည်း နောင်နှစ်အနည်းငယ်အကြာတွင် ရှေ့ဆောင်တစ်ဦးအဖြစ် သူ၏ကြည်ရွှင်အားရသောမျက်နှာကို ကျွန်တော်တို့တွေ့ရခြင်းသည် အလွန်ဝမ်းသာအားရစရာဖြစ်ခဲ့ပေသည်!
ဝေါကူးအဘီးဘီအမည်ရှိ သစ္စာတည်ကြည်သော ညီအစ်ကိုနောက်တစ်ဦးအား ရှစ်ကြိမ်တိုင် သေဒဏ်ပေးခဲ့ပါသည်။b သို့သော် သူတစ်ခါမျှကြောက်လန့်တုန်လှုပ်ခြင်း မရှိခဲ့ချေ! သူနှင့် ကျွန်တော်နောက်ဆုံးတွေ့ခဲ့ချိန်က ရိုင်ဖယ်သေနတ်ဒင်နှင့် သူ၏နားရွက်များကို ထောင်မှူးများ ရိုက်နှက်ခဲ့သောဒဏ်ရာဒဏ်ချက်များကို သူပြသည်။ နံနက်စာ၊ နေ့လည်စာ၊ ညစာအဖြစ် ရိုင်ဖယ်သေနတ်ဒင်များကို သူဝအောင်စားခဲ့ရသည်ဟူ၍ ပျော်စေပျက်စေ ပြောဆိုခဲ့ဖူးသည်။ ယခုသူမရှိတော့သော်လည်း ညီအစ်ကိုများသည် သူ့အား လွမ်းဆွတ်သတိရဆဲပင်ဖြစ်သည်။
ဟိုင်လူးယမီးရူးကိုလည်း ကျွန်တော်မမေ့နိုင်ပါ။c သူ့ဇနီးအပေါ် အတုယူလောက်သော မေတ္တာကို သူပြခဲ့ပါသည်။ သူမသည် အဖမ်းခံရချိန်တွင် ကိုယ်ဝန်ရှိနေ၍ သားဖွားခါနီးဖြစ်နေသောကြောင့် ဇနီးဖြစ်သူအစား မိမိအား ထောင်ချနိုင်မည်လောဟု ထောင်အရာရှိများကို အခွင့်တောင်းဆိုခဲ့သည်။ နောင်တွင် သူ၏ယုံကြည်ခြင်းကို အလျှော့ပေးလိုက်လျောခြင်းမရှိသည့်အတွက် ဟိုင်လူးသည် အသတ်ခံခဲ့ရသည်။—ယောဟန် ၁၅:၁၂၊ ၁၃; ဧဖက် ၅:၂၈။
အီသီယိုးပီးယားနိုင်ငံတွင် နိုင်ငံရေးအခြေအနေ ပိုမိုဆိုးရွားလာသောကြောင့် ၁၉၇၆ ခုနှစ်တွင် ကင်ညာနိုင်ငံသို့ ကျွန်တော်တို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပါသည်။ ခုနစ်နှစ်တိုင် နယ်လှည့်လုပ်ငန်းတွင် ပါဝင်အမှုထမ်းပြီး ကင်ညာနိုင်ငံ၊ အီသီယိုးပီးယားနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ စီချဲလီနိုင်ငံ၊ ယူဂန်ဒါနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံများပါအပါအဝင် အရှေ့ပိုင်းအာဖရိကရှိ နိုင်ငံများစွာမှ ညီအစ်ကိုများထံ လည်ပတ်တွေ့ဆုံခွင့်ရရှိခဲ့သည်။ ဘူရွန်ဒီနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံသို့လည်း ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးအဖြစ် အကြိမ်ကြိမ်ရောက်ခဲ့သည်။ ထိုနိုင်ငံများတွင် ကျွန်တော်တို့၏လုပ်ငန်းကို တရားဝင်မှတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ အရာရှိတို့နှင့် ဆွေးနွေးနှီးနှောခွင့်ရခဲ့သည်။
၁၉၉၂ ဇန်နဝါရီလတွင် အီသီယိုးပီးယားနိုင်ငံသို့ ပြန်လာပြီး ကျွန်တော်တို့၏လုပ်ငန်းကို ပိတ်ပင်ထားချက် ဖယ်ရှားသည့်နောက် ပထမအကြိမ်ကျင်းပခဲ့သော ခရိုင်စည်းဝေးပွဲကို တက်ရောက်ခွင့်ရခဲ့ပါသည်။ ယခင်က အုပ်စုငယ်များလိုက်သာ စုစည်းဝေးခဲ့ရသောကြောင့် ပရိသတ်တွင်ရှိ ၇,၀၀၀ ကျော်သောသူတို့မှ အများစုသည် တစ်ဦးကိုတစ်ဦး မသိကျွမ်းကြပါ။ စည်းဝေးပွဲကြီးကျင်းပချိန်အတွင်း ညီအစ်ကိုအများသည် နေ့စဉ်နေ့တိုင်း အစီအစဉ်မစမီ နှစ်နာရီကြိုတင်လာပြီး ညနေမိုးချုပ်ချိန်အထိ နေကြပြီး ညီအစ်ကိုများအသင်းအပင်း၏ ရင်းနှီးချစ်ခင်မှုကို ခံစားနေကြသည်။
လူမျိုးစုစွဲဝါဒကို အနိုင်ယူခြင်း
လူမျိုးစုစွဲဝါဒသည် နှစ်ရာစုပေါင်းများစွာကတည်းက အာဖရိကတိုက်တစ်လျှောက် လွှမ်းမိုးခဲ့သည်။ ဥပမာ၊ ဘူရွန်ဒီနိုင်ငံနှင့် ရဝမ်ဒါနိုင်ငံတွင် အဓိကလူမျိုးစုများဖြစ်သော ဟူးတူးနှင့် တွတ်စီလူမျိုးစုတို့သည် အစဉ်အဆက်မုန်းတီး ခဲ့ကြပြီ။ ဤနိုင်ငံများသည် ၁၉၆၂ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံမှ လွတ်လပ်ခွင့်ရကတည်းက ဤလူမျိုးစုနှစ်စုတို့သည် တစ်ယောက်ကိုတစ်ယောက် ထောင်ချီ၍ အခါအားလျော်စွာသတ်ပစ်ခဲ့ကြပြီ။ ထို့ကြောင့် ယေဟောဝါသက်သေများ ဖြစ်လာကြသူ ဤလူမျိုးစုဝင်သူတို့သည် အတူတကွအသင့်အတင့်လုပ်ကိုင်ဆောင်ရွက်နေကြခြင်းကို တွေ့ရှိရ၍ အထူးနှစ်ခြိုက်စရာပင်ဖြစ်သည်တကား! တစ်ဦးကိုတစ်ဦး သူတို့ပြသော မေတ္တာစစ်မေတ္တာမှန်ကြောင့် အခြားသူမြောက်မြားစွာတို့ကိုပါ ကျမ်းစာသမ္မာတရားကို နာယူရန် အားပေးမှုဖြစ်ခဲ့ပြီ။
ထိုနည်းတူစွာ ကင်ညာနိုင်ငံရှိ လူမျိုးစုများသည် စိတ်သဘောကွဲလွဲမှုရှိခဲ့ကြသည်။ ကင်ညာနိုင်ငံရှိ ယေဟောဝါ၏လူမျိုးတော်အဝင်ခရစ်ယာန်ညီအစ်ကိုများအသင်းအပင်းမူကား အလွန်ကွာခြားလှသည်တကား! ကွဲပြားခြားနားသောလူမျိုးစုများမှ လူအသီးသီးတို့သည် ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် စည်းလုံးညီညွတ်စွာ ဝတ်ပြုနေကြသည်ကို တွေ့ရှိနိုင်ပါသည်။ ဤသူတို့မှ အများအပြားသည် သူတို့၏ လူမျိုးစုအစွဲဖြစ်ခဲ့သော ရန်ငြိုးကို ငြိမ်းစေပြီး အခြားလူမျိုးစုတို့မှ ညီအစ်ကိုညီအစ်မများကို စစ်မှန်သောမေတ္တာဖြင့် ချစ်မြတ်နိုးနေကြသည်ကို ကျွန်တော်တွေ့ရှိခွင့်ရ၍ နှစ်ထောင်းအားရခဲ့ပြီ။
ကျွန်တော်တို့၏ ညီအစ်ကိုများအသင်းအပင်းအတွက် ဝမ်းသာအားရ
ဘုရားသခင်၏အဖွဲ့အစည်းနှင့် အနှစ် ၅၀ ကျော်ပေါင်းသင်းခွင့်ရခဲ့ခြင်းကို ပြန်စဉ်းစားလိုက်သည့်အခါ ယေဟောဝါနှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့ကို ကျေးဇူးတင်စိတ် ပြည့်လျှံနေပါသည်။ ကမ္ဘာမြေကြီးပေါ်တွင် သူတို့ ဖြစ်မြောက်စေတော်မူခဲ့သောအရာသည် အမှန်တကယ်ပင် အထူးအံ့သြစရာဖြစ်နေပြီတကား! ဘုရားသခင်၏လူမျိုးအလယ်တွင် အခြေအနေများသည် အမြဲတမ်းပြည့်ဝစုံလင်ခဲ့သည်မဟုတ်ပါ။ ယနေ့လည်း မစုံလင်သေးချေ။ သို့သော် နှစ်ချီ၍သွန်သင်ခဲ့သော စာတန်၏လောကရှိ လူမျိုးရေးစိတ်ဓာတ်ကို နေ့ချင်းညချင်း ချေဖျက်ပပျောက်စေရန် မဖြစ်နိုင်သည့်ကိစ္စဖြစ်သည်။ အမှန်ဆိုလျှင် ကျွန်တော်တို့အားလုံး မစုံလင်သူများသာ ဖြစ်ဆဲရှိသေးသည်။—ဆာလံ ၅၁:၅။
ယေဟောဝါ၏အဖွဲ့အစည်းကို လောကနှင့်နှိုင်းယှဉ်ကြည့်လျှင် ကျွန်တော်တို့၏ ကမ္ဘာချီ စစ်မှန်သောညီအစ်ကိုများအသင်းအပင်းကို ကျေးဇူးတင်လေးစားသောသဘော ပြည့်လျှံသွားပါသည်။ သမ္မာတရားတွင် ကျွန်တော့်ကို လေ့ကျင့်ပညာပေးခဲ့သော လူဖြူချည်းသာဖြစ်သည့် ကလီဖလန်မြို့မှ ညီအစ်ကိုများကို ခင်မင်ရင်းနှီးစွာဖြင့် သတိရမှတ်မိနေတုန်းပင်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းရှိ လူဖြူများနှင့် လူမည်းများပါဖြစ်သော ကျွန်တော်၏ညီအစ်ကိုများသည် သူတို့၏လူမျိုးရေးဘက်လိုက်သည့်သဘောကို လှိုက်လှဲသော ညီရင်းအစ်ကိုမေတ္တာဖြင့် အစားထိုးခဲ့ခြင်းက ကျွန်တော့်အား ဝမ်းမြောက်ရွှင်လန်းစေခဲ့ပါသည်။ ထို့နောက် အာဖရိကတိုက်သို့သွားပြီး ယေဟောဝါ၏နှုတ်ကပါဌ်တော်သည် လူမျိုးစုအစွဲဖြစ်သော ရန်ငြိုးကို ငြိမ်းစေနိုင်ခြင်းကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ခြင်းကလည်း ကျွန်တော်၏ ကမ္ဘာချီ ညီအစ်ကိုများအသင်းအပင်းကို ပို၍ပင်တန်ဖိုးထားလေးမြတ်စေခဲ့ပြီ။
ရှေးခေတ် ဒါဝိဒ်မင်းကြီးက “ကြည့်ရှုလော့! ညီအစ်ကိုတို့သည် စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်ကြသည့်အရာမှာ အလွန်ကောင်း၍ တင့်တယ်ပေ၏” ဟုကောင်းစွာမိန့်တော်မူခဲ့ပြီတကား!—ဆာလံ ၁၃၃:၁၊ ကဘ။
[အောက်ခြေမှတ်ချက်]
a အာဒဲရာတက်စိုးမီးနှင့် ဟိုင်လူးယမီးရူးတို့၏ပုံများကို ယေဟောဝါသက်သေများ၏ ၁၉၉၂ နှစ်ချုပ်စာအုပ် (လိပ်) စာမျက်နှာ ၁၇၇ တွင် တွေ့ရသည်; ဝေါတူးအဘီးဘီ၏တွေ့ကြုံမှုကို စာမျက်နှာ ၁၇၈-၈၁ တွင် ပြောပြထားသည်။
b အာဒဲရာတက်စိုးမီးနှင့် ဟိုင်လူးယမီးရူးတို့၏ပုံများကို ယေဟောဝါသက်သေများ၏ ၁၉၉၂ နှစ်ချုပ်စာအုပ် (လိပ်) စာမျက်နှာ ၁၇၇ တွင် တွေ့ရသည်; ဝေါတူးအဘီးဘီ၏တွေ့ကြုံမှုကို စာမျက်နှာ ၁၇၈-၈၁ တွင် ပြောပြထားသည်။
c အာဒဲရာတက်စိုးမီးနှင့် ဟိုင်လူးယမီးရူးတို့၏ပုံများကို ယေဟောဝါသက်သေများ၏ ၁၉၉၂ နှစ်ချုပ်စာအုပ် (လိပ်) စာမျက်နှာ ၁၇၇ တွင် တွေ့ရသည်; ဝေါတူးအဘီးဘီ၏တွေ့ကြုံမှုကို စာမျက်နှာ ၁၇၈-၈၁ တွင် ပြောပြထားသည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျွန်တော့်အဖွား၏ ဈာပန
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
တွတ်စီနှင့် ဟူးတူးလူမျိုးစုများမှ သက်သေခံတို့သည် ငြိမ်းချမ်းစွာအတူတကွလုပ်ဆောင်ကြ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဇနီးလိုအစ္စနှင့်အတူ