ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၉/၁၅ စာ. ၃၀-၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြွေးကိစ္စ ဖြေရှင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ငွေရေးကြေးရေးပြဿနာတွေ ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၁၉၉၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၉/၁၅ စာ. ၃၀-၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

စီးပွားရေးကြပ်တည်းသည့် ဤခေတ်ကာလတွင် လူတစ်ဦးချင်းနှင့် ကုမ္ပဏီများသည် ဒေဝါလီခံခြင်းကို တိုး၍အသုံးပြုလာကြသည်။ ခရစ်ယာန်တစ်ဦးအနေနှင့် ဒေဝါလီခံစာရင်းသွင်းခြင်းသည် ကျမ်းစာနှင့်ညီညွတ်လျော်ကန်ပါသလော။

ဤမေးခွန်း၏အဖြေက ခေတ်ပေါ်ထူးခြားသည့်ကိစ္စများနှင့်ပတ်သက်၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အား လက်တွေ့ကျလမ်းညွှန်မှုမည်သို့ပေးကြောင်း အလွန်ကောင်းသည့်ဥပမာတစ်ရပ်ကို ပေးသည်။ ဖော်ပြထားသကဲ့သို့ နိုင်ငံများစွာတို့တွင် ဒေဝါလီခံခြင်းကို ထိန်းချုပ်ကန့်သတ်ပေးသော ဥပဒေများရှိကြသည်။ ဥပဒေများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံခြားနားပြီး ခရစ်ယာန်အသင်းတော်သည် ဤကိစ္စနှင့်ပတ်သက်၍ တရားဥပဒေဆိုင်ရာအကြံပြုချက်များကို ပေးရန်မဟုတ်ပါ။ သို့သော် ဒေဝါလီခံခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းချက်ကို ကျွန်ုပ်တို့ခြုံငုံသုံးသပ်ကြည့်ကြစို့။

အစိုးရများက တစ်ဦးချင်းအလိုက်နှင့် လုပ်ငန်းအုပ်စုအလိုက် ဒေဝါလီခံရန် ကြေညာခွင့်ပြုရသည့် အကြောင်းတစ်ခုမှာ ငွေချေးပေးသောသူများ သို့မဟုတ် အကြွေးဖြင့်ပေးသူများ (မြီရှင်များ) အား ငွေချေးယူသော သို့မဟုတ် အကြွေးယူသော လူ သို့မဟုတ် လုပ်ငန်းအုပ်စုများ (မြီစားများ) က အကြွေးမပေးခြင်းမှ ကာကွယ်မှုအတန်အရာရစေရန်အတွက် ဖြစ်သည်။ မြီရှင်များအတွက် တစ်ခုတည်းသောအကူအညီဖြစ်ဟန်ရှိသည်မှာ မြီစားများ၏ပိုင်ဆိုင်ရာပစ္စည်းများကို အချို့အဝက်ကြွေးပြန်ဆပ်ခြင်းအဖြစ် ရနိုင်ရန်အတွက် ဒေဝါလီခံကြောင်း မြီစားများအားကြေညာစေရန် တရားရုံးသို့အယူခံဝင်ခြင်းဖြစ်သည်။

ဒေဝါလီခံခြင်းက အကျိုးသက်ရောက်စေသည့်နောက်တစ်နည်းမှာ မြီရှင်များ ကျေနပ်လောက်အောင် အမှန်တကယ်မပေးနိုင်သည့်မြီစားများအား အကာအကွယ်ပေးသည့်အစီအစဉ်ဖြစ်သည်။ မြီစားသည် ဒေဝါလီခံစာရင်းသွင်းခွင့်ပြုခံရပြီးနောက် သူ၏မြီရှင်က သူ့ပစ္စည်းဥစ္စာအချို့ကို သိမ်းယူနိုင်သည်။ သို့ဖြစ်သည့်တိုင် သူ့အိမ် သို့မဟုတ် အနည်းအကျဉ်းသောပစ္စည်းဥစ္စာများကို ပြန်ရရှိပြီး ဆုံးရှုံးခြင်း သို့မဟုတ် မြီရှင်၏အသိမ်းခံရခြင်းတို့ကို ဆက်လက်စိုးရိမ်နေရသည့်ဘဝမှ ဥပဒေကလွတ်ကင်းခွင့်ပြုပေမည်။

ဤဥပဒေများသည် ငွေရေးကြေးရေးအရ သို့မဟုတ် စီးပွားရေးလုပ်ငန်းကိုင်ငန်းအရ နှစ်ဦးနှစ်ဘက်လုံးအား အတန်အရာကာကွယ်ပေးရန် ရည်ရွယ်ကြောင်းထင်ရှားသည်။ သမ္မာကျမ်းစာက အကူအညီဖြစ်စေသည့်သြဝါဒများကို မှတ်သားကြစို့။

လူတစ်ဦးသည် သမ္မာကျမ်းစာကို အစမှအဆုံးဖတ်လျက် အကြွေးအတင်ခံခြင်းကို ကျမ်းစာအားမပေးကြောင်း သတိမထားမိဘဲနေမည်မဟုတ်ပါ။ ထိုသတိပေးချက်ကို သု. ၂၂:၇ တွင် ကျွန်ုပ်တို့တွေ့ရသည်– “ငွေရတတ်သောသူသည် ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ကျွန်ဖြစ်၏။”

ကြွေးမြီများစွာတင်နေသော ကျွန်တစ်ဦးပါဝင်သည့် မဿဲ ၁၈:၂၃-၃၄ ပါ ယေရှု၏ပုံဥပမာကိုလည်း ပြန်သတိရပါ။ “ကိုယ်မှစ၍ သားမယားဥစ္စာရှိသမျှတို့ကိုရောင်း၍ ကြွေးကိုဆပ်စေဟု သူ၏သခင်စီရင်၏။” သို့သော် နောင်ပိုင်းတွင် သခင်ဖြစ်သောမင်းကြီးသည် သူ့အကြွေးကိုလျှော်ပေးလိုက်ပြီး ကရုဏာပြသခဲ့သည်။ နောင်ပိုင်း ထိုကျွန်သည် ကရုဏာကင်းမဲ့ကြောင်း ထင်ရှားလာသောအခါ မင်းကြီးက သူ့အား ‘ကြွေးရှိသမျှတို့ကို မဆပ်မီနိုင်အောင် အာဏာသားတို့လက်ကိုအပ်လေ၏။’ ထင်ရှားသည်ကား အကောင်းဆုံး၊ အသင့်လျော်ဆုံးအကြံပြုချက်ကား ငွေချေးယူခြင်းကိုရှောင်ရန်ဖြစ်သည်။

ရှေးဣသရေလအချိန်က ဘုရားသခင့်ကျေးကျွန်များတွင် စီးပွားရေးဆက်ဆံမှုများရှိခဲ့ပြီး ငွေ ချေးပေးချေးယူခြင်းများရှိခဲ့သည်။ သူတို့မည်သို့ပြုရန် ယေဟောဝါညွှန်ကြားခဲ့သနည်း။ လူတစ်ဦးသည် စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ရန် သို့မဟုတ် တိုးချဲ့ရန် ငွေချေးလိုသည်ဆိုပါက ဟေဗြဲတစ်ဦးအတွက် အတိုးယူခြင်းသည် တရားဝင်ပြီး လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် မိမိ၏လူများအား ဆင်းရဲသောဣသရေလများအား ချေးငှားရာတွင် တစ်ကိုယ်ကောင်းမဆန်ရန် တိုက်တွန်းခဲ့သည်; သူတို့သည် အခြေအနေဆိုးဝါးမှုကို အမြတ်ထုတ်ပြီး အတိုးယူခြင်းမပြုကြရပါ။ (ထွက်မြောက်ရာ ၂၂:၂၅) တရားဟောရာ ၁၅:၇၊ ၈ က ဤသို့ပြောသည်– “ဆင်းရဲသော ညီအစ်ကိုချင်းရှိလျှင် . . . သင်၏လက်ကို သူ့အဖို့ကျယ်ကျယ်ဖွင့်၍ သူ၏ဆင်းရဲပျောက်လောက်အောင် ချေးငှားရမည်။”

မြီရှင်သည် မြီစား၏မိသားစုကြိတ်ဆုံ သို့မဟုတ် ညအချိန်တွင်နွေးထွေးစေသော အဝတ်အထည်ကဲ့သို့သော အသက်ရှင်နေထိုင်ရေးအတွက် လိုအပ်ရာများကို မသိမ်းယူရန် ဥပဒေပြဋ္ဌာန်းချက်က အလားတူကြင်နာခြင်း သို့မဟုတ် ထောက်စာခြင်းကို ထင်ဟပ်သည်။—တရားဟောရာ ၂၄:၆၊ ၁၀-၁၃; ယေဇကျေလ ၁၈:၅-၉။

မိမိတို့၏ ကြီးမြတ်သောတရားသူကြီးနှင့် ပညတ်ပေးရှင်ထံမှ ဤမေတ္တာပါသောပညတ်များ၏ ဆိုလိုရင်းသဘောကို ဂျူးအားလုံးက ခံယူပြီး လိုက်လျှောက်ကြခြင်းမရှိသည်မှာအမှန်။ (ဟေရှာယ ၃၃:၂၂) အချို့လောဘကြီးသောဂျူးတို့သည် မိမိတို့၏ညီအစ်ကိုများကို ခက်ထန်စွာဆက်ဆံကြသည်။ ထိုနည်းထပ်တူ ယနေ့လည်း မြီရှင်အချို့တို့သည် ကြိုမသိနိုင်သော အခါအခွင့်သင့်ခြင်းကို ကြုံရသောကြောင့် ယခုအခါ အကြွေးမပေးနိုင်သော ရိုးသားသည့်ခရစ်ယာန်များအပေါ်၌ပင် ပြင်းထန်ပြီး တရားမျှတမှုမရှိသည့် တောင်းဆိုမှုများကို ပြုလုပ်ကောင်းပြုလုပ်ကြမည်။ (ဒေသနာ ၉:၁၁) လောကမြီရှင်များက အလျော့အတင်းမရှိ၊ မရမနေ ဖိအားပေးခြင်းအားဖြင့် ထိုသို့သောမြီစားမျိုးက မိမိကိုယ်ကိုကာကွယ်ရမည်ဟု ယူမှတ်သောအခြေအနေသို့ရောက်အောင် တွန်းပို့ရာရောက်ပေမည်။ မည်သို့အားဖြင့်နည်း။ အချို့ကိစ္စများတွင် မြီရှင်များ အသိအမှတ်ပြုမည့် တစ်ခုတည်းသောနည်းမှာ ဒေဝါလီခံရန် တရားဥပဒေအရလုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် မိမိအကြွေးနှင့်စပ်လျဉ်း၍ လောဘကြီးသူ၊ ဂရုမစိုက်သောသူ မဟုတ်သော ခရစ်ယာန်တစ်ဦးသည် ဒေဝါလီခံစာရင်းသွင်းပေမည်။

သို့သော် အခြားတစ်ဖက်ကိုလည်း ကျွန်ုပ်တို့သတိပြုသင့်သည်။ ခရစ်ယာန်တစ်ဦးသည် မိမိသုံးစွဲသည့်အရာ၊ သုံးစွဲသည့်အတိုင်းအတာတို့တွင် ကိုယ်ကိုကိုယ်ချုပ်တည်းမှုကို မကျင့်သုံးသောကြောင့် သို့မဟုတ် မိမိ၏စီးပွားရေးဆိုင်ရာအဆုံးအဖြတ်များတွင် အမြော်အမြင်ရှိရှိ သတိပညာကို အသုံးမပြုသောကြောင့် အကြွေးတင်ခြင်းဖြစ်နိုင်သည်။ အကြွေးကို ပေါ့ပေါ့တန်တန်သဘောထားပြီး ဒေဝါလီခံခြင်းအားဖြင့် အလျင်အမြန်လွတ်လမ်းရှာရန် ကြိုးစားသင့်သလော။ သို့အားဖြင့် သူ၏မခြေမြစ်သောဆုံးဖြတ်ချက်ကြောင့် သူတစ်ပါးကို ထိခိုက်နစ်နာစေသင့်သလော။ ငွေရေးကြေးရေးနှင့်ပတ်သက်၍ ဤသို့ မျက်နှာလွှဲခဲပစ်ပြုမူခြင်းကို သမ္မာကျမ်းစာက မထောက်ခံပါ။ ဘုရားသခင့်ကျေးကျွန်များအား ဟုတ်သည်ကို အဟုတ်ဖြစ်စေရန် ယင်းကတိုက်တွန်းသည်။ (မဿဲ ၅:၃၇) မျှော်စင်တစ်ခုကို စတင်မဆောက်မီ အကုန်အကျကိုတွက်ချက်ရန် ယေရှု၏မှတ်ချက်ကိုလည်း ပြန်သတိရပါ။ (လုကာ ၁၄:၂၈-၃၀) ယင်းနှင့်အညီ ခရစ်ယာန်တစ်ဦးသည် ငွေကြေးအကြွေးမယူမီ ပေါ်ပေါက်လာဖွယ်ရှိသည့် မလိုလားအပ်သောအကျိုးဆက်များကို လေးလေးနက်နက်ဆင်ခြင်သင့်သည်။ အကြွေးယူပြီဆိုလျှင် သူပြန်ပေးရမည့် လူတစ်ဦးချင်း သို့မဟုတ် ကုမ္ပဏီများကိုပြန်ဆပ်ရန် မိမိတာဝန်ရှိကြောင်း သတိပြုသင့်သည်။ လူများစွာတို့က ခရစ်ယာန်တစ်ဦးအား တာဝန်မဲ့သူ သို့မဟုတ် စိတ်မချရသူအဖြစ်ယူမှတ်လာပါက သူကြိုးစားထိန်းသိမ်းလာခဲ့သည့် ဂုဏ်သိက္ခာကို သေးသိမ်စေရာကျပြီး သူလည်း ပြင်ပလူတို့ရှေ့တွင် အသရေမရှိတော့ချေ။—၁ တိမောသေ ၃:၂၊ ၇။

မည်သို့သောလူစားမျိုးကို ယေဟောဝါလက်ခံတော်မူကြောင်း ဆာလံ ၁၅:၄ ဖော်ပြထားသည့်အချက်ကို ပြန်သတိရပါ– “[ဘုရားသခင်နှစ်သက်သောသူကား] ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆိုသောသစ္စာကတိကိုမဖျက်။” မှန်ပါသည်၊ ခရစ်ယာန်များသည် မိမိတို့၏မြီရှင်များကို မိမိတို့ဆက်ဆံခံရလိုသည့်နည်းအတိုင်း ဆက်ဆံရန် ဘုရားသခင်မျှော်လင့်သည်။—မဿဲ ၇:၁၂။

အချုပ်ပြောရလျှင် အခြေအနေဆိုးဆိုးဝါးဝါးဖြစ်လာသောအခါ လုပ်နိုင်ဖွယ်ရှိသည့်အရာများကို သမ္မာကျမ်းစာက မတားမြစ်ထားသောကြောင့် ခရစ်ယာန်တစ်ဦးသည် ကဲသာကပေးသော ဒေဝါလီခံခြင်းဆိုင်ရာဥပဒေ၏ ကာကွယ်မှုကို ရယူနိုင်သည်။ မည်သို့ဆိုစေ ခရစ်ယာန်များသည် ရိုးသားမှု၊ ယုံကြည်စိတ်ချမှုတို့နှင့်ပတ်သက်လာလျှင် ထူးခြားရမည်။ သို့အားဖြင့် သူတို့သည် ငွေရေးကြေးရေးဆိုင်ရာတာဝန်များကို ကျေပွန်လိုသော အရင်းခံစိတ်ဆန္ဒအားဖြင့် ပုံနမူနာကောင်းဖြစ်သင့်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ