ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၀/၁ စာ. ၂၁-၂၅
  • လွင်တီးခေါင်ရပ် ဖွံ့ဖြိုးစိုပြည်လာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လွင်တီးခေါင်ရပ် ဖွံ့ဖြိုးစိုပြည်လာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝိညာဏ အမွေအနှစ်
  • ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်း
  • ပင်လယ်အနီး၌ မျိုးကြဲခြင်း
  • အိမ်ထောင်ဖက်နှင့်အတူ ဆက်၍အမှုထမ်းခြင်း
  • အတိုက်အခံကို ကျော်လွှားခြင်း
  • ပင်လယ်၌ အခက်အခဲများကြား ခံရပ်တည်ကြည်ခြင်း
  • ထပ်ဆင့်ပြုပြင်ပြောင်းလဲမှုများ
  • နယ်မြေ ဖွံ့ဖြိုးစိုပြည်လာခြင်း
  • ကျွန်းတစ်ကျွန်းမှာ သင်္ဘောပျက်ခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယေဟောဝါကို မိမိဘုရားသခင်အဖြစ် ကိုးကွယ်သောသူသည် ရွှင်လန်းဝမ်းမြောက်၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၀/၁ စာ. ၂၁-၂၅

လွင်တီးခေါင်ရပ် ဖွံ့ဖြိုးစိုပြည်လာ

အာသာ မလီးင်န်ပြောပြသည်

၁၉၃၀ ပြည့်နှစ် ကြည်လင်သောနွေဦးရာသီ နေ့ရက်တစ်ရက်၌ဖြစ်သည်။ ဗြိတိသျှကိုလံဘီယာပြည်နယ် ပရင့်စ်ရူပတ်မြို့ရှိ သင်္ဘောကျင်းတစ်ခုတွင် ကျွန်တော်ရပ်နေပါသည်။ ပင်လယ်ကြမ်းပြင်ပေါ်ရှိ သင်္ဘောတစ်စင်းကို ကြည့်ပြီး ‘ရေတွေ ဘယ်ရောက်ကုန်သလဲ’ ဟုစဉ်းစားနေမိသည်။ ခြောက်နာရီအတွင်း ၂၄ ပေအထိပင် ပင်လယ်ရေမျက်နှာပြင် ကျဆင်းသွားနိုင်သည့် ပစိဖိတ်အနောက်ကမ်းခြေ၏ ဒီရေကို ပထမအကြိမ်တွေ့ကြုံရခြင်းဖြစ်သည်။ သို့သော် မြက်တောလွင်ပြင်ကျယ်မှ ယာသမားငယ်သည် ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေသို့ မည်သို့ရောက်ရှိလာသနည်း။

ရှာမြန်သင်္ဘောမှ သင်္ဘောသားစုနှင့်တွဲပြီး ယေဟောဝါအတွက် ကျွန်တော်၏ အချိန်ပြည့်လုပ်ငန်းကို တိုးချဲ့ရန် ဖိတ်ခေါ်ခံရသည်။ ကျွန်တော်တို့၏တာဝန်မှာ ဗင်ကူးဗားမြို့မှ အလက်စကာပြည်နယ်အထိ ဝေးလံသီခေါင်သည့် အနောက်ကမ်းခြေတွင် ဟောပြောခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ရန် ဖြစ်သည်။ ဤဒေသတစ်လျှောက်တွင် ဗြိတိသျှကိုလံဘီယာပိုင် မိုင်ပေါင်းများစွာသော ကမ်းရိုးတန်းအများစုပါဝင်ပြီး ပရင့်စ်ရူပတ်မြို့တစ်မြို့တည်း၌သာ ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာသူ အုပ်စုငယ်လေးတစ်စုရှိသည်မှအပ ယေဟောဝါကို တက်ကြွလှုပ်ရှားစွာ ချီးမွမ်းထောမနာပြုသူ အလျှင်းမရှိပါ။

စတင်လုပ်ကိုင်လိုစိတ် ပြင်းပြသည့်အတွက် ရထားပေါ်မှဆင်းသည်နှင့် သင်္ဘောကျင်းသို့ တန်းပြီး ရှာမြန်သင်္ဘောနှင့် ယင်း၏ သင်္ဘောသားဖြစ်သူ အားနီနှင့် ခရစ္စတီနာ ဘားစတက်တို့ကို သွားတွေ့သည်။ သင်္ဘောပေါ် လူမရှိသဖြင့် ပြန်ထွက်ခွာခဲ့သည်။ နောက်နေ့ပြန်လာသည့်အခါ ထိတ်လန့်ခဲ့ရသည်။ သမုဒ္ဒရာကြီး ရေခမ်းနေဘိသကဲ့သို့ ဖြစ်နေသည်!

သို့သော် ဤစိတ်ဝင်စားဖွယ် တာဝန်ကိုရရန် မည်သို့အကြောင်းပေါ်လာသနည်း။

ဝိညာဏ အမွေအနှစ်

ကနေဒါနိုင်ငံ၊ အဲလ်ဘာတာလွင်ပြင်တွင် ကျွန်တော်နေထိုင်စဉ်က ဝိညာဉ်ရေးရာကို စတင်၍ တန်ဖိုးထားတတ်လာပါသည်။ သူ၏အသက်တာကို လုံးဝပြောင်းလဲစေခဲ့သော ဇိအုန်ကင်းမျှော်စင်ဝေစာအသင်းဝင် ချားလ်စ် တေဇ် ရပ်စယ်လ်ရေးသည့် ဝေစာတစ်ခုကို ကျွန်တော့်အဖေတွေ့ရှိခဲ့ပါသည်။ အဖေသည် အဲလ်ဘာတာပြည်နယ်၊ ကာလ်မာအရပ်တွင် အချိန်စားသော လယ်ယာလုပ်ငန်း လုပ်ကိုင်နေလျက်ပင် အိမ်နီးနားချင်းတို့အား စ၍ဟောပြောလေတော့သည်။ ယင်းမှာ လွန်ခဲ့သောအနှစ်တစ်ရာကျော် ၁၈၉၀ ပြည့်လွန်နှစ်များအတွင်းက ဖြစ်သည်။

နောက်ဆုံး မောင်နှမစုစုပေါင်း ဆယ်ယောက်ရှိလာသည့် ဤဘုရားတရားကြည်ညိုသောမိသားစုအဝင် အဋ္ဌမမြောက်သားအဖြစ် ကျွန်တော်သည် ၁၉၀၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် မွေးဖွားလာခဲ့ခြင်းဖြစ်သည်။ အဖေနှင့်အတူ ဤဆွီဒစ်ရှ်အသိုင်းအဝိုင်းမှ အခြားသူများပါ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများနှင့် ပေါင်းသင်းလာကြသည်။ အတန်ကြာသော် နိုင်ငံတော်ခန်းမဟု နောက်ပိုင်းတွင် ခေါ်တွင်သော စည်းဝေးရာခန်းမတစ်ခုကို သူတို့ဆောက်လုပ်ကြသည်။ ၎င်းသည် ကနေဒါနိုင်ငံတွင် ဦးဆုံးဆောက်သည့်အထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

လယ်လုပ်ကြသည့်အတွက် ခရစ်ယာန်အစည်းအဝေးများကို မတက်ဘဲနေသည့်အချိန် တစ်ခါမျှ မရှိခဲ့ပါ။ ကင်းမျှော်စင်အသင်းက စေလွှတ်သော ဧည့်သည်များ၏ ထူးခြားသောဟောပြောချက်များကို ၎င်းအစည်းအဝေးများတွင် ကြားနာခဲ့ကြရသည်။ ယင်းတို့က ကျွန်တော်တို့အား ဟောပြောခြင်းလုပ်ငန်းတွင် စိတ်အားထက်သန်စွာ ပါဝင်လိုစိတ် မွေးပေးခဲ့သည်။ အကျိုးရလဒ်အနေနှင့် ကျွန်တော်တို့မိသားစုရှိသူ အားလုံးနီးပါးသည် သမ္မာကျမ်းစာ အမှန်တရား၏ အလင်း၌ စွဲမြဲစွာလျှောက်လှမ်းခဲ့ကြပြီ။

ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခြင်း

၁၉၂၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းတွင် ပထမအကြိမ် သက်သေခံရန်တာဝန်ကို ကျွန်တော်ရရှိခဲ့သည်။ အဲဒ်မွန်တန်မြို့တွင် လူထုဟောပြောချက် ဖိတ်စာများကို တစ်အိမ်မှတစ်အိမ် ဝေငှပေးရန်ဖြစ်သည်။ ထိုနေ့တွင် တစ်ယောက်တည်း ရပ်နေစဉ် တန်ဖိုးရှိ သင်ခန်းစာတစ်ခုကို ရခဲ့သည်– ယေဟောဝါ၌ ကိုးစားပါ။ (သု. ၃:၅၊ ၆) ယေဟောဝါ၏အကူအညီဖြင့် ထိုပထမဦးဆုံးတာဝန်ကို ထမ်းဆောင်နိုင်ခဲ့သောကြောင့် ကျွန်တော်အလွန်ပျော်ရွှင်ခဲ့သည်!

ယေဟောဝါ၏ သမ္မာတရားဖြစ်သော နှုတ်ကပါဌ်တော်ကို တိုး၍ သဘောပေါက်နားလည်လာလေလေ မျက်မြင်ရအဖွဲ့အစည်းနှင့် ကိုယ်တော်၏ သစ္စာနှင့်သတိပညာရှိသောကျွန်အတန်းစားကို စိတ်ချမှီခိုမှု တိုး၍ များလာလေလေဖြစ်သည်။ ခရစ်ယာန်ဘောင်နှင့်ဆက်နွှယ်သော ခရစ္စမတ်ပွဲများ၊ မွေးနေ့ပွဲများ အစရှိသည့်ထုံးစံများကို ကျွန်တော်တို့ စွန့်လွှတ်ဖယ်ရှားခဲ့ကြသည်။ ကိုယ်ကိုယ်တိုင် ကယ်တင်ခြင်းရရေးကို စိတ်စွဲလမ်းမနေကြတော့ဘဲ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းကို ပို၍အရေးပေးလာကြသည်။ ယင်းတို့အားလုံးက ကျွန်တော့်အား အကျိုးများစွာပေးခဲ့သည်။ သို့ဖြစ်သောကြောင့် ကျွန်တော်သည် ၁၉၂၃ ခုနှစ်ဧပြီ ၂၃ ရက်တွင် ယေဟောဝါထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံပြီးနောက် များမကြာမီပင် အချိန်ပြည့်ဓမ္မအမှုဆောင်ခြင်းကို ပန်းတိုင်အဖြစ်ထားလေသည်။

အအေးဒီဂရီ သုညအောက်ရှိ မြက်တောလွင်ပြင်ကျယ် ဆောင်းတွင်း၌ ကျွန်တော်တို့သည် ကျေးလက်တောရွာဒေသတွင် မြင်းလှည်းဖြင့် သက်သေခံထွက်ကြသည်။ တစ်ခါတွင် ကားအိမ်လုပ်ငန်းဟုတွင်သော လုပ်ငန်းကို အုပ်စုတစ်စုနှင့်အတူ နှစ်ပတ်ကြာ လုပ်ကိုင်ခဲ့သည်။ ကနေဒါမြက်တောလွင်ပြင်ကျယ်များတွင် သက်သေခံနိုင်ရန် ဤအထူးမွမ်းမံထားသောကားများသည် အမှန်အသုံးတည့်သည်။ ပစိဖိတ်အနောက်ကမ်းခြေတွင် အမှုထမ်းရန် ဖိတ်ခေါ်ခံရသော ၁၉၃၀ ခုနှစ်၌ အထက်ပါ အမှတ်တရဖြစ်သောနေ့ရက် မတိုင်မီအထိ ငွေရေးကြေးရေးအကြပ်အတည်း၊ ပြင်းထန်သော ရာသီဥတုဒဏ်နှင့် ဝေးဝေးလံလံခရီးလှည့်လည်ခဲ့ရသော အခက်အခဲများကြားတွင်ပင် ဓမ္မအမှုကို ရှေ့ဆောင်အဖြစ် အဲလ်ဘာတာနယ်တွင် သုံးနှစ်ခန့် ကျွန်တော်ပြတ်တောင်းပြတ်တောင်း လုပ်ကိုင်နိုင်ခဲ့သည်။ ပင်လယ်အကြောင်း၊ သင်္ဘောများအကြောင်း ကျွန်တော် ဘာမျှမသိခဲ့သည့်အတွက် ထိုဖိတ်ခေါ်စာကို ကျွန်တော်နားမလည်နိုင်ခဲ့ပါ။

သို့သော်လည်း ပရင့်စ်ရူပတ်မြို့သို့ရောက်ပြီး မကြာမီမှာပင် သင်္ဘောပေါ်၌ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်အသစ်များနှင့် နေသားတကျဖြစ်ခဲ့ပါသည်။ ညီအစ်ကိုဘားစတက်သည် စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းကို နှစ်ချီဆောင်ရွက်ခဲ့ဖူးသောကြောင့် အသားကျနေပြီဖြစ်သောသင်္ဘောသားတစ်ဦးဖြစ်သည်။ နောက်ခြောက်နှစ်တာကာလအတွင်း ဗင်ကူးဗားမြို့မှ အလက်စကာပြည်နယ်အထိ ဗြိတိသျှကိုလံဘီယာကမ်းခြေရေပြင်တစ်လျှောက်တွင် လူးလာပြန်ခတ်ဟောပြောခြင်းလုပ်ငန်းကို ကျွန်တော်တို့ ကိုယ်ဖိရင်ဖိ ဆောင်ရွက်ခဲ့ကြသည်။ တတ်မြောက်လာသော နောက်ထပ်သင်ခန်းစာတစ်ခု– ယေဟောဝါထံမှ တာဝန်ကို တွန့်ဆုတ်ခြင်းမရှိဘဲ အမြဲလက်ခံပါ။

ပင်လယ်အနီး၌ မျိုးကြဲခြင်း

၁၉၃၀ ခုနှစ်၊ ၎င်းနွေဦးချိန်တွင် ကျွန်တော်တို့ ပထမဦးဆုံးဆိုက်ခဲ့သော သင်္ဘောဆိပ်သည် အလာစကာပြည်နယ်၊ ကက်ချီကန်မြို့ဖြစ်၍ ထိုတွင် ကျမ်းစာစာအုပ်စာတမ်းပုံး ၆၀ တင်ဆောင်ခဲ့သည်။ ကက်ချီကန်၊ ရဲန်ငါလ်၊ ပီတာ့စ်ဘာဂ်၊ ဂျူးနျူး၊ စကက်ဂဝေ၊ ဟေးန်စ်၊ စစ်တကာ အစရှိသောမြို့များနှင့် ပြန့်ကျဲနေသည့် အခြားအခြားရွာကလေးများရှိ အိမ်တိုင်းသို့ ရက်သတ္တပတ်အနည်းငယ်ခန့် လည်ပတ်ရောက်ရှိခဲ့သည်။ ထို့နောက် ဗြိတိသျှကိုလံဘီယာကမ်းခြေတစ်လျှောက်လုံးတွင် နွေမကုန်မီ ဟောပြောပြီးခဲ့သည်။ ဝေးလံသော သစ်ခုတ်လုပ်ငန်းစခန်းများ၊ ငါးစည်သွတ်စက်ရုံများ၊ အင်ဒီယန်းရွာများ၊ မြို့ငယ်များနှင့်တကွ ခေါင်သောအရပ်တွင်နေထိုင်သောသူတို့နှင့် သားမွေးမုဆိုးများထံ လည်ပတ်ခဲ့သည်။ စကားပြောဖော်တွေ့၍ ဝမ်းသာသော အထီးကျန် မီးပြတိုက်စောင့်များထံမှ တစ်ခါတစ်ရံ အတော်ပင်ကြိုးစား ထွက်ခွာရ၏။

နောက်ဆုံး၌ အသင်းမသည် သယ်ဆောင်ရန် လွယ်ကူသော ဓာတ်စက်များနှင့် ကျမ်းစာဟောပြောချက် ဓာတ်ပြားများကို အသုံးပြုစေသည်။ ယင်းတို့ကို စာအုပ်စာတမ်းများ၊ ကျမ်းစာများ၊ မဂ္ဂဇင်းများနှင့်အတူ ကျွန်တော်တို့သယ်ဆောင်လေတော့သည်။ မကြာခဏပင် ကမ်းခြေရှိ ကျောက်ဆောင်ကြီးများပေါ်တက်စဉ်တွင် ၎င်းတို့ကို ကျွန်တော်တို့သယ်ဆောင်ခဲ့ရ၏။ ဒီရေကျချိန်တွင် မြင့်မားသောသင်္ဘောဆိပ်ရောက်သည်အထိ ခနော်ခနဲ့ဖြစ်သော လှေကားများပေါ်မှ ၎င်းတို့ကို ဆွဲတင်ယူရကြသည်။ ငယ်စဉ်က မြက်တောလွင်ပြင်ကျယ်ရှိ လယ်ယာလုပ်ငန်းခွင်တွင် ရရှိခဲ့သော ကျွန်တော်၏ကာယလေ့ကျင့်မှုအတွက် ကျေးဇူးတင်မိသည်။

ကျွန်တော်တို့သင်္ဘောပေါ်ရှိ အသံချဲ့စက်သည် ဘုရားသခင့်နိုင်ငံတော်သတင်း ပျံ့နှံ့စေရန်အတွက် အလွန်အသုံးဝင်ခဲ့သည်။ ရေပြင်ပေါ်မှ အသံတန်ပြန်မှုကြောင့် ဟောပြောချက်များကို မိုင်ပေါင်းများစွာအဝေးမှ ကြားရကြလေ့ရှိသည်။ တစ်ခါက ဗင်ကူးဗားကျွန်းရှိ သီးခြားကွေ့ငယ်တစ်ခုတွင် ကျောက်ချရပ်နားစဉ် ဤကျမ်းစာဟောပြောချက်တစ်ခုကို လွှင့်ခဲ့သည်။ နောက်နေ့တွင် ကျွန်းအတွင်းကျကျ နေထိုင်သူများက “မနေ့တုန်းက ကောင်းကင်က ဟောပြောချက်တစ်ခု ကြားခဲ့ရတယ်!” ဟုစိတ်လှုပ်ရှားစွာပြောပြသည်။

နောက်တစ်ကြိမ်တွင် ဇရာအို မောင်နှံစုံတစ်တွဲက သူတို့၏မီးခိုးခေါင်းတိုင်မှ သီချင်းသံများကြားသဖြင့် အိမ်ပြင်သို့ထွက်ကြည့်သည့်အခါ ဘာအသံမျှမကြားတော့သော်လည်း အိမ်ထဲပြန်ဝင်သည့်အခါ အသံတစ်ခုကြားခဲ့ကြောင်း ပြောပြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူတို့အပြင်ထွက်ချိန်တွင် ဓာတ်ပြားကို ကျွန်တော်တို့ လဲပေးနေသည့်အချိန် ဖြစ်သောကြောင့်တည်း။ လူတို့၏အာရုံကို ဆွဲဆောင်ရန် ဦးဆုံးသီချင်းဖွင့်ပေးပြီးနောက် ကျမ်းစာဟောပြောချက်ကို ကျွန်တော်တို့ ဖွင့်ပေးလေ့ရှိသည်။

အခြားတစ်ကြိမ်တွင် အင်ဒီယန်းရွာတစ်ရွာရှိသော ကျွန်းတစ်ကျွန်းအနီး ကျောက်ချရပ်နားချိန်၌ အသံများ အဘယ်မှလာသည်ကို စူးစမ်းရန် တိုင်းရင်းသား လူငယ်လေးနှစ်ဦးသည် ကျွန်တော်တို့ရှိရာသို့ လှေလှော်ရောက်လာကြသည်။ ကျွန်းပေါ်ရှိသူအချို့က အသက်ပြန်ရှင်လာသော လူသေများအသံဖြစ်သည်ဟု ယူမှတ်ကြသည်!

ဝေးလံသီခေါင်သော ငါးစည်သွတ်စက်ရုံများတွင် အလုပ်လုပ်သူတို့နှင့် တစ်နေ့လျှင် စာအုပ်ပေါင်းတစ်ရာ ဝေငှရခြင်းသည် မထူးဆန်းပါ။ အာရုံပျံ့လွင့်စရာများ နည်းသည့်အတွက် ဝိညာဉ်ရေးရာတို့ကို စဉ်းစားရန် အချိန်ရကြသည်။ နောက်ပိုင်းတွင် ဤသီးခြားဒေသများ၌ နေထိုင်သူအများသည် သက်သေခံများ ဖြစ်လာကြသည်။ ဆက်၍ “တစ်ဦးကိုတစ်ဦး အပြန်အလှန်အားပေးနိုင်” ရန် သူတို့ထံ ပြန်လည်ပတ်သွားလိုကြသည်။—ရောမ ၁:၁၂၊ သတင်းကောင်း။

အိမ်ထောင်ဖက်နှင့်အတူ ဆက်၍အမှုထမ်းခြင်း

၁၉၃၁ ခုနှစ်တွင် ခရစ္စတီနာဘားစတက်၏ ညီအစ်မ အဲနာကို ကျွန်တော်လက်ထပ်လိုက်သည်။ ထို့နောက် ကျွန်တော်တို့သည် သင်္ဘောပေါ်တွင် ဆက်၍ရှေ့ဆောင်လုပ်ကြပြီး နှစ်ကာလများတစ်လျှောက် စိတ်ကျေနပ်ဖွယ် တွေ့ကြုံမှုများစွာရရှိခဲ့ကြသည်။ ဆီဒါပင်များ၊ ထင်းရှူးပင်များ၊ ဧရာမဒပ်ဂလက်စ်ထင်းရှူးပင်မျိုးတို့ဖြင့် ထူထပ်နေသောသစ်တော၊ ခံ့ညားထည်ဝါသော တောင်တန်းဒေသ၊ ချောင်ကျသော ရေလက်ကြားများ၊ ဆိတ်ငြိမ်အေးချမ်းသော ပင်လယ်အော်များတွင် ကျက်စားနေထိုင်သော ဝေလငါးများ၊ ပစိဖိတ်ပင်လယ်ဖျံကြီးများ၊ ဖျံများ၊ လင်းပိုင်များ၊ သမင်များ၊ ဝက်ဝံများနှင့် လင်းယုန်များတို့သည် ကျွန်တော်တို့၏ အဖော်အဖက်များဖြစ်ကြသည်။ မျိုးခြားသားကောင်များရန်မှ သမင်ငယ်ကလေးများနှင့်အတူ အလွတ်ရုန်းပြေးလွှားနေသော သမင်ဒရယ်များသည် ရေစီးသန်သော ရေလက်ကြားကို ကြိုးစားဖြတ်ကူးနေကြစဉ် ကူညီပေးခဲ့ရသည့် အကြိမ်ပေါင်းများစွာရှိခဲ့ပြီ။

မွန်းလွဲချိန်တစ်ချိန်တွင် ခေါင်းပြောင်လင်းယုန်ငှက်တစ်ကောင်သည် ချီနွတ်ဆာမန်ငါးတစ်ကောင်ကို ခြေသည်းဖြင့် ဆုပ်ကိုင်ပြီး ရေပြင်ပေါ်ကပ်၍ ပျံသန်းသွားသည်ကို တွေ့မြင်လိုက်သည်။ ငါးက ကြီးလွန်းသဖြင့် ရေထဲမှ မြင့်မြင့်မချီပင့်နိုင်သည့်အတွက် ထိုလင်းယုန်သည် ဆာမန်ငါးကို ဆွဲ၍ကမ်းသို့ဦးတည်နေခြင်းဖြစ်သည်။ သင်္ဘောသားစုအဝင်ဖြစ်သူ ဖရန့်ခ် ဖရန်စကာသည် အခွင့်ကောင်းကိုမြင်ပြီး မောပန်းနေသောလင်းယုန်ငှက်ဆီသို့ရောက်ရန် ကမ်းစပ်တစ်လျှောက်လိုက်ပြေး၍ ငါးကို လွှတ်ချလိုက်အောင် လုပ်နိုင်ခဲ့သည်။ ကျွန်တော်တို့ ရှေ့ဆောင်သင်္ဘောသားစုအတွက် ထိုနေ့ညစာမှာ အရသာရှိသော ဆာမန်ငါးဟင်းဖြစ်သည်။ ယင်းလင်းယုန်ငှက်လည်း စိတ်မပါသည့်တိုင် ဝေစားမျှစားတတ်သွားသည်။

ဗင်ကူးဗားကျွန်း၏ မြောက်ဘက်စွန်းရှိ ကျွန်းငယ်ကလေးတစ်ခုတွင် သီအော့တ်အမည်ရှိ မောင်နှံစုံတစ်စုံသည် သမ္မာတရားကို လက်ခံခဲ့ကြသည်။ အမျိုးသားသည် စာမတတ်မြောက်သော စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်အားကိုယ်ကိုးသည့် အသက် ၉၀ ကျော်ရှိပြီး အမျိုးသမီးမူကား ၈၀ ကျော်ရှိပေပြီ။ သို့သော် သမ္မာတရားကို စိတ်ဝင်စားလွန်းသဖြင့် စာတတ်ရန် မိမိကိုယ်ကိုနှိမ့်ချပြီး ဇနီး၏ အသင်အပြကိုခံယူခဲ့သည်။ မကြာမီပင် သမ္မာကျမ်းစာနှင့် အသင်းမ၏စာပေစာတမ်းများကို ကိုယ်ကိုယ်တိုင် လေ့လာဖတ်ရှုနိုင်ခဲ့သည်။ သုံးနှစ်အတွင်းတွင် သူတို့နေထိုင်သည့် ဝေးလံသောကျွန်းကလေးပေါ်တွင် သူတို့နှစ်ဦးအား ကျွန်တော်တို့၏ တက်ခတ်လှေကို နှစ်ခြင်းကန်အဖြစ်အသုံးပြုကာ ကျွန်တော်နှစ်ခြင်းပေးခွင့်ရခဲ့၍ ပျော်ရွှင်စရာပင်!

ပေါင်ဝဲလ်မြစ်မြို့နေ စဲလစ္စမိသားစုသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို တုံ့ပြန်ပြုမူလာခြင်းကိုလည်း တွေ့ရှိခဲ့ရ၍ ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။ ဝေါလ်တာသည် စစ်ဖြစ်ခြင်း သို့မဟုတ် ငြိမ်းချမ်းခြင်း—မည်သည့်အရာနည်း စာအုပ်ငယ်ကိုဖတ်ပြီးနောက် သမ္မာတရားဖြစ်သည်ကို ချက်ချင်းရိပ်စားမိသည်။ ထို့နောက်များမကြာမီပင် ဆောင်းရာသီတွင် ရှာမြန်ကို ကျွန်တော်တို့သင်္ဘောကျင်းတင်လေ့ရှိသည့် ဗင်ကူးဗားကျွန်းပေါ်တွင် သူတို့မိသားစုတစ်စုလုံးသည် ဝေါလ်တာနှင့်အတူ ရှေ့ဆောင်များအဖြစ် အမှုဆောင်ကြလေသည်။ သူသည် အလွန်စိတ်အားထက်သန်သူတစ်ဦးဖြစ်လာပြီး နှစ်များတစ်လျှောက်ဗင်ကူးဗားဒေသရှိ ညီအစ်ကိုများအသင်းအပင်းတစ်ခုလုံး၏ မေတ္တာကို ခံစားခဲ့ရသည်။ ၁၉၇၆ ခုနှစ်တွင် သူ၏မြေကြီးဆိုင်ရာအသက်တာ ပြီးဆုံးချိန်တွင် သက်သေခံမိသားစုကြီးနှင့် ခွဲခွာခဲ့သည်။

အတိုက်အခံကို ကျော်လွှားခြင်း

အင်ဒီယန်းရွာကလေးများရှိ ဓမ္မဆရာများသည် ကျွန်တော်တို့အား သူတို့၏ ဝိညာဏပိုင်နက်တွင် ကျူးကျော်ဝင်ရောက်သူများအဖြစ် ယူမှတ်ကြကာ ကျွန်တော်တို့၏လုပ်ငန်းကို မလိုတမာဖြစ်လေ့ရှိသည်။ စင်မစန်ဆိပ်ကမ်းရွာတွင် ကျွန်တော်တို့ တစ်အိမ်မှတစ်အိမ်မသွားရန် ဒေသခံဓမ္မဆရာက ရွာသူကြီးအား တားမြစ်ခိုင်းသည်။ ကျွန်တော်တို့က သူကြီးထံသွားပြီး သူ၏ရွာသားတို့သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်များမပြုနိုင်သူများဖြစ်သည်ဟု ဓမ္မဆရာ၏သတ်မှတ်ချက်ကို ဟုတ်မှန်သည်ဟု သူထင်သလောဟု မေးမြန်းခဲ့သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ဆွေးနွေးတင်ပြချက်များကို ရွာသားများအား ကြားနာခွင့်ပြုပြီး သူတို့ယုံကြည်လက်ခံလိုသကဲ့သို့ ယုံကြည်ရန် ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပြုရန် သူ့အား အကြံပေးပါသည်။ ရလဒ်ကား– သူ့ရွာထဲတွင် ဆက်ဟောပြောရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

အခြားရွာသူကြီးတစ်ဦးသည် မိမိ၏ရွာသူရွာသားများနှင့် သက်သေခံများအား အဆက်အသွယ်မရှိနိုင်ရန် ကောင်စီဝင်များနှင့် ဘာသာရေးအုပ်စုများ၏ ကြိုးစားအားထုတ်မှုများကို ဆယ်စုနှစ်ချီ၍ တားဆီးခဲ့သည်။ “ကျွန်တော် သူကြီးဖြစ်သရွေ့ ယေဟောဝါသက်သေများကို ကြိုဆိုတယ်” ဟုသူပြောခဲ့သည်။ နေရာတိုင်းတွင် ကျွန်တော်တို့အား မကြိုဆို၊ အတိုက်အခံပင် ပြုခဲ့ကြဦးတော့ အဘယ်နေရာ၌မျှ နှင်ထုတ်ခြင်း မခံခဲ့ရပါ။ သို့ဖြစ်၍ ကမ်းကပ်သည့်နေရာတိုင်းတွင် ကျွန်တော်တို့၏ ဓမ္မအမှုကိုပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပင်လယ်၌ အခက်အခဲများကြား ခံရပ်တည်ကြည်ခြင်း

နှစ်ပေါင်းများစွာအတွင်း မုန်တိုင်းများ၊ ဒီရေများ၊ ကားချပ်ပေါ် မဖော်ပြထားသည့် ကျောက်ဆောင်များနှင့် စက်ဒုက္ခပေးခြင်းနှင့်ဆိုင်သည့် အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ခဲ့ကြရသည်။ တစ်ခါက ဗင်ကူးဗားကျွန်း၏ မြောက်ဘက်မှ မိုင်တစ်ရာအကွာရှိ လားစကက်တီးကျွန်းနှင့် နီးကပ်လွန်းသွားပြီး ဒီရေအကျတွင် ကျောက်ဆောင်တန်းပေါ် သောင်တင်ခဲ့၍ သဘာဝအင်အားစုဒဏ်ကို ခံခဲ့ရသည်။ ရာသီဥတုသာ ဆိုးမည်ဆိုလျှင် ကျောက်ဆောင်ပေါ်တွင် သင်္ဘောပျက်စီးသွားရချေမည်။ သို့နှင့် ကျွန်တော်တို့အားလုံး ကျောက်ဆောင်ပေါ်တွယ်ကပ်တက်ပြီး အခြေနေဆိုးကြားမှအတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြရသည်။ ကျွန်တော်တို့သည် နေ့လည်စာ စားကြ၊ လေ့လာဖတ်ရှုစရာများ ဖတ်ရှုရင်း ဒီရေ ပြန်တက်လာချိန်ကို စောင့်လင့်လျက်နေကြသည်။

စွန့်စားမှုများနှင့် အဆင်မပြေမှုများစွာ ကြုံတွေ့ကြရသော်လည်း ကျွန်တော်တို့ဘဝသည် ကျန်းကျန်းမာမာရှိပြီး ပျော်ရွှင်အားရစရာကောင်းပါသည်။ သို့သော် ကျွန်တော်တို့၏ သားကလေးနှစ်ယောက် မွေးဖွားလာခြင်းက ကျွန်တော်တို့အတွက် ကြီးမားသောအပြောင်းအလဲဖြစ်ခဲ့သည်။ သင်္ဘောပေါ် ဆက်နေထိုင်ကြသော်လည်း မြောက်ဘက် အူးနားမြစ်အထိဝေးသည့်နေရာသို့ ရွက်လွှင့်သည့်အခါတိုင်း အဲနာနှင့်သားတို့သည် သူမ၏မိဘများနှင့် ပြန်နေထိုင်ကြသည်။ ကျွန်တော်တို့မူကား ပို၍ဝေးလံသော မြောက်ဘက်အရပ် အလက်စကာပြည်နယ်အထိ ခရီးဆက်ကြပါသည်။ တောင်ဘက်သို့ ပြန်ရောက်လာသည့်အခါ အဲနာနှင့် ကလေးများ ကျွန်တော်တို့နှင့် ပြန်၍ပူးပေါင်းလာကြသည်။

ကလေးများ တစ်ခါမျှ ညည်းညူခြင်း၊ ဖျားခြင်းကို ကျွန်တော် မမှတ်မိပါ။ အသက်ကယ်အိတ်များကို သူတို့တစ်ချိန်လုံး ဝတ်ဆင်ထား၍ တစ်ခါတစ်ရံ သူတို့ကိုယ်ကို ကြိုးနှင့်ပင် ချည်တုပ်ထားသည်။ မှန်ပါ၏၊ စိုးရိမ်တကြီးဖြစ်ရသည့် အချိန်အခါများ ရှိဖူးပါသည်။

ထပ်ဆင့်ပြုပြင်ပြောင်းလဲမှုများ

၁၉၃၆ ခုနှစ်တွင် ကျွန်တော်တို့သည် ရှာမြန်မှထွက်ခွာခဲ့ပြီး ဝမ်းစာရှာလုပ်ငန်းကို လုပ်ကိုင်ခဲ့ရသည်။ ထို့နောက် ကျွန်တော်တို့၏ တတိယသား ဖွားမြင်သည်။ အတန်ကြာလေသော် ငါးဖမ်းသင်္ဘောတစ်စင်း ဝယ်လိုက်သည်။ ၎င်းနှင့် အသက်မွေးခဲ့ကြရုံမက ကမ်းခြေတစ်လျှောက်တွင် ဟောပြောခြင်းလုပ်ငန်းကို ဆက်လုပ်ကိုင်ခွင့်ရခဲ့ကြသည်။

ပရင့်စ်ရူးပတ်မြို့မှ ပင်လယ်အော်တစ်ဖက်ရှိ ဒစ်ဂဘီကျွန်းပေါ်တွင် ကျွန်တော်တို့ အခြေစိုက်ကြပြီးနောက် မကြာမီပင် အသင်းတော်ငယ်တစ်ခု တည်ဖွဲ့လိုက်သည်။ ကနေဒါနိုင်ငံတွင် ယေဟောဝါသက်သေများ၏ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားသည့် ဒုတိယကမ္ဘာစစ်အတွင်း သန်းခေါင်ကျော်ချိန်တွင် ပရင့်စ်ရူးပတ်မြို့သို့ လှေဖြင့်သွားပြီး ရပ်ကွက်ကို “တစ်ဟုန်ထိုး” လုပ်ဆောင်လိုက်ရာ အိမ်တိုင်းတွင် စာအုပ်စာတမ်းများ ရောက်စေခဲ့ကြသည်။ ပိတ်ပင်ထားသည့်စာပေများကို ဖြန့်ချိခြင်းနှင့် ကျွန်တော်တို့၏ ညသန်းခေါင်းဖြတ်ကူးခြင်းကို မည်သူမျှ တစ်ချိန်တစ်ခါမျှ မဆက်စပ်ခဲ့ပါ!

နယ်မြေ ဖွံ့ဖြိုးစိုပြည်လာခြင်း

တဖြည်းဖြည်းနှင့် လူများစွာတို့သည် ယေဟောဝါသက်သေများနှင့် ပေါင်းသင်းလာကြသည်။ သို့နှင့် ၁၉၄၈ ခုနှစ်၌ ပရင့်စ်ရူးပတ်မြို့တွင် နိုင်ငံတော်ခန်းမတစ်ခု လိုအပ်ကြောင်း ထင်ရှားလာသည်။ ဆိပ်ကမ်း၏တစ်ဖက်တွင်ရှိ စစ်တပ် တိုက်အိမ်တစ်လုံးကို ဝယ်ပြီးနောက် ယင်းကို ဖြိုပြီး ဖောင်နှင့်သယ်ယူကာ ခန်းမဆောက်မည့်မြေကွက်သို့ ထရပ်ကားဖြင့် တင်ယူခဲ့သည်။ ကျွန်တော်တို့၏ ကြိုးပမ်းမှုကို ယေဟောဝါ ကောင်းချီးပေးတော်မူသဖြင့် ကိုယ်ပိုင်နိုင်ငံတော်ခန်းမ ရရှိလာလေသည်။

၁၉၅၆ ခုနှစ်တွင် ရှေ့ဆောင်လုပ်ငန်းကို ကျွန်တော်ပြန်လုပ်ကိုင်သည်။ ၁၉၆၄ ခုနှစ်တွင် အဲနာလည်း ကျွန်တော်နှင့်အတူ ပြန်လုပ်ကိုင်၍ ပစိဖိတ်ကမ်းခြေတစ်လျှောက် သင်္ဘောဖြင့် အမှုပြန်ဆောင်ရွက်ကြပါသည်။ တိုက်နယ်လုပ်ငန်းတွင်လည်း ကျွန်တော်တို့ တစ်ခဏပါဝင်ပြီး ကွင်းန် ရှားလတ်ကျွန်းစုမှအရှေ့ဘက် တောင်တန်းများကိုဖြတ်၍ ဖရေဇာကန်အထိ အသင်းတော်များထံ လည်ပတ်ခဲ့ရာ နောက်ပိုင်းတွင် ပရင့်စ်ဂျော့ဂ်နှင့် မက္ကင်ဇီမြို့များအထိ ရောက်ခဲ့ကြသေးသည်။ နှစ်ကာလတစ်လျှောက် ကားတစ်တန်၊ လှေတစ်တန်၊ လေယာဉ်ပျံတစ်တန် မိုင်ပေါင်းထောင်ချီ၍ ပစိဖိတ် အနောက်မြောက်ဘက်တစ်လျှောက် ခရီးလှည့်လည်ခွင့်ရခဲ့သည်။

ပရင့်စ်ရူးပတ်မြို့တွင် ဓမ္မအမှုဆောင်ခြင်း၌ တွေ့ကြုံမှုကောင်းများကို အဆက်မပြတ်ရရှိခဲ့သည်။ အဲနာနှင့်ကျွန်တော်တို့ နှစ်ယောက်စလုံး သင်ပြပို့ချခဲ့သူတို့တွင် နောက်ပိုင်း၌ ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာကျောင်းတက်ကြပြီး တိုင်းတစ်ပါးတွင် သာသနာပြုများအဖြစ် အမှုထမ်းခဲ့သူများ ပါဝင်သည်။ ဝေးလံသောတိုင်းနိုင်ငံများသို့ တန်ဖိုးအနဂ္ဃရှိ ဘုရားသခင့်နိုင်ငံတော်သတင်းကို ကျွန်တော်တို့၏ ဝိညာဏသားသမီးများ သယ်ဆောင်သွားကြခြင်းကို တွေ့ရှိရခြင်းသည် အလွန်ဝမ်းသာစရာပါတကား!

ယခု ကျွန်တော်တို့နှစ်ယောက်စလုံးသည် အသက် ၈၀ အတော်အတန်ကျော်ပြီဖြစ်၍ ကျန်းမာရေးချို့တဲ့မှုကို ရင်ဆိုင်နေရကြသော်လည်း ယေဟောဝါ၏ လုပ်ငန်းတွင် ပျော်ရွှင်မှု ရရှိနေဆဲရှိသည်။ အလက်စကာနှင့် ဗြိတိသျှကိုလံဘီယာပြည်နယ်များတွင် တွေ့မြင်ခဲ့သော သဘာဝ အလှကျက်သရေများသည် ကျွန်တော်တို့ မြတ်နိုးသည့် အောက်မေ့သတိရစရာများကို ပြန်ပေါ်ပေါက်စေသည်။ သို့ဖြစ်သော်လည်း တစ်ချိန်က သီခေါင်သော ဝိညာဏလွင်ပြင်ကျယ်သည် ယခု ယေဟောဝါအား ချီးမွမ်းထောမနာပြုသူများဖြင့် ဖွဲ့စည်းထားသည့် အသင်းတော်များစွာရှိသည်အထိ ဖွံ့ဖြိုးလာသည်ကို တွေ့ရှိရသည့်အတွက် သာ၍ပင် အားရရွှင်လန်းရပါသည်။

ကျွန်တော်တို့၏သားသမီးများနှင့်အတူ ဝိညာဏသားသမီးများပါ ယေဟောဝါကို ချီးမွမ်းသူများအဖြစ်သို့ ကြီးပြင်းလာသဖြင့် အထူးသဖြင့် စိတ်ချမ်းသာမှုရရှိခဲ့သည်။ ကမ္ဘာ၏ ဤဒေသတွင် ဝိညာဏကြီးထွားမှုရှိလာစေရန် ကျွန်တော်တို့ အနည်းအကျဉ်းပါဝင်ခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ရွှင်လန်းပါသည်။ ဥပမာ၊ အသင်းတော် ၂၅ ခုကျော်တွင် လုပ်ငန်းတော်ကို ညှိနှိုင်းပေးသည့် ကိုယ်ပိုင်ဌာနခွဲရုံးတစ်ခု အလက်စကာပြည်နယ်တွင် ယခု ရှိနေပါသည်။

၁၉၈၈ ခုနှစ်ကလည်း လှပတင့်တယ်သော နိုင်ငံတော်ခန်းမအသစ်တစ်ခုကို ပရင့်စ်ရူးပတ်မြို့လယ်ခေါင်တွင် ဆက်ကပ်အပ်နှံပွဲပြုနိုင်ခွင့် ရရှိခဲ့ပါသည်။ မှန်ပါ၏၊ ဟေရှာယနည်းတူ ကျွန်တော်တို့လည်း ဝမ်းသာအားရစွာဖြင့် “အိုထာဝရဘုရား၊ အကျွန်ုပ်တို့အမျိုးကို တိုးပွားစေတော်မူပြီ။ . . . ဘုန်းကြီးတော်မူ၏။ ပြည်တော်ကို ပတ်ဝန်းကျင်၌ ကျယ်စေတော်မူပြီ” ဟုဆိုနိုင်ကြပါသည်။—ဟေရှာယ ၂၆:၁၅။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

၁၉၆၄-၆၇ တိုက်နယ်လုပ်ငန်းတွင် ထမ်းဆောင်စဉ်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ကမ်းရိုးတန်းတစ်လျှောက်သက်သေခံရာတွင် အသုံးပြုသောသင်္ဘောမျိုး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ