ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၁/၁၅ စာ. ၂၆-၂၈
  • ‘အခွန်ခံထိုက်သူအား အခွန်ပေးလော့’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အခွန်ခံထိုက်သူအား အခွန်ပေးလော့’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လမ်းညွှန်မှု ငါးခု
  • ဘုရားသခင်ကိုဂုဏ်တင်သော နာမည်ကောင်းကို မပျောက်စေနှင့်
  • အခွန် ဆောင်ဖို့ လိုသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ယင်းသည် အမှန်ပင် မရိုးသားမှုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၁/၁၅ စာ. ၂၆-၂၈

‘အခွန်ခံထိုက်သူအား အခွန်ပေးလော့’

“ဤလောကတွင် သေခြင်းနှင့်အခွန်ဆက်ခြင်းမှလွဲ၍ ကျိန်းသေသောအရာ ဘာမျှမရှိပါ။” ၁၈ ရာစုနိုင်ငံ့ခေါင်းဆောင်နှင့် တီထွင်သူ ဘင်ဂျမင်ဖရန့်ကလင်က ထိုသို့ဆိုခဲ့သည်။ မကြာခဏကိုးကားလေ့ရှိသော သူ၏စကားသည် ရှောင်လွဲ၍မရသည့် အခွန်ဆက်ရခြင်းကိုသာမက ယင်းကြောင့် ဖြစ်ပေါ်သော ကြောက်ရွံ့စိုးရိမ်စိတ်ကိုပါ ဖော်ပြသည်။ လူအများစုသည် သေခြင်းကို မလိုလားသကဲ့သို့ အခွန်ပေးခြင်းကိုလည်း မလိုလားကြပါ။

အခွန်ပေးခြင်းသည် နှစ်သက်ဖွယ်မကောင်းသော်လည်း ယင်းကို စစ်မှန်သောခရစ်ယာန်များသည် အရေးကြီးသောတာဝန်တစ်ခုအဖြစ် ယူမှတ်ထားကြ၏။ ရောမမြို့ရှိ ခရစ်ယာန်အသင်းတော်ထံ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “အခွန်ခံထိုက်သူ့အားအခွန်၊ အကောက်ခံထိုက်သူ့အားအကောက်၊ ခန့်ညားထိုက်သူ့အား အခန့်အညား၊ ရိုသေထိုက်သူ့အား အရိုအသေကို မင်းအသီးအသီးအား ပေးသင့်သည့်အလျောက် ဆက်ပေးကြလော့။” (ရောမ ၁၃:၇၊ သမ) ယေရှုခရစ်တော်ကလည်း “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” ဟုမိန့်တော်မူစဉ် အခွန်ပေးခြင်းကိစ္စကို အတိအလင်းဆိုလိုနေတော်မူခြင်းဖြစ်သည်။—မာကု ၁၂:၁၄၊ ၁၇။

ယေဟောဝါသည် အစိုးရဆိုင်ရာ “မင်းအာဏာစက်များ” ကိုတည်ရှိစေရန် ခွင့်ပြုထားတော်မူလျက် မိမိ၏ကျေးကျွန်တော်တို့အား ယင်းတို့ကို ခြွင်းချက်ဖြင့် လက်အောက်ခံစေလိုတော်မူသည်။ ထိုသို့ဖြစ်လျှင် ကိုယ်တော်အား ဝတ်ပြုသူများသည် အဘယ်ကြောင့် အခွန်ပေးရသနည်း။ အခြေခံအကြောင်းပြချက် သုံးခုကို ပေါလုကဖော်ပြသည်– (၁) ဥပဒေချိုးဖောက်သူတို့ကို ဒဏ်ပေးသည့် “မင်းအာဏာစက်” ၏ “အမျက်” (၂) အခွန်ပေးခြင်းနှင့်ပတ်သက်၍ လိမ်လည်မည်ဆိုလျှင် ကြည်လင်နိုင်မည်မဟုတ်သည့် ခရစ်ယာန်တစ်ဦး၏ ဩတ္တပ္ပစိတ်; (၃) ဤ “အမှုတော်ဆောင်များ” ပြုလုပ်သောအမှုများ၊ ငြိမ်ဝပ်မှု အတော်အသင့်ရှိနေစေခြင်းတို့အတွက် အခပေးဖို့လို၍ ဖြစ်ပါသည်။ (ရောမ ၁၃:၁-၇) လူအများသည် အခွန်မပေးလိုကြပေ။ သို့သော် ရဲတပ်ဖွဲ့မရှိ၊ မီးသတ်မရှိ၊ လမ်းပြင်ခြင်းမရှိ၊ စာသင်ကျောင်းများမရှိ၊ စာပို့စနစ်မရှိသောနိုင်ငံတွင် အမှန်နေထိုင်လိုမည်မဟုတ်။ အမေရိကန်ဥပဒေပညာရှင် ဩလစ်ဗာ ဝဲန်ဒဲလ် ဟိုးမ်စ် ဆိုသူက တစ်ခါက ဤသို့တင်ပြခဲ့သည်– “ယဉ်ကျေးမှုရှိလူ့အဖွဲ့အစည်းအတွက် အခွန်အတုတ်များကို ကျွန်ုပ်တို့ပေးဆက်ကြခြင်းဖြစ်သည်။”

အခွန်ပေးဆက်ခြင်းသည် ဘုရားသခင့်ကျေးကျွန်တို့အတွက် အသစ်အဆန်းမဟုတ်ပါ။ ရှေးဣသရေလနိုင်ငံသားများသည် ရှင်ဘုရင်များအား ထောက်မပေးရန် အခွန်များဆက်သခဲ့ကြရ၏။ အုပ်စိုးသောရှင်ဘုရင်အချို့တို့သည်လည်း အခွန်များကို မတော်မတရားတောင်းဆိုကြ၍ လူတို့အပေါ် ဝန်ပိစေခဲ့သည်။ ဂျူးတို့သည် သူတို့ကိုစိုးမိုးခဲ့သော အီဂျစ်၊ ပေရသိနှင့်ရောမအာဏာစက်တို့ကို လက်ဆောင်ပဏ္ဏာများနှင့် အခွန်အတုတ်များ ဆက်သခဲ့ကြရသေးသည်။ ယင်းကြောင့် အခွန်ဆက်ခြင်းအကြောင်းကို ပေါလုပြောဆိုစဉ် သူနှင့်တစ်ခေတ်တည်းသား ခရစ်ယာန်များက သူအဘယ်အကြောင်းကို ဆိုလိုနေကြောင်း ကောင်းစွာသိရှိကြသည်။ ပေးဆက်ရမည့်အခွန်ငွေသည် သင့်တော်သည်ဖြစ်စေ၊ မသင့်တော်သည်ဖြစ်စေ၊ ယင်းငွေကို အစိုးရသည် မည်သို့ပင် အသုံးပြုစေကာမူ ဆက်သရမည့်အခွန်ကို ပေးရမည်ဟု သိထားကြသည်။ ယနေ့လည်း ခရစ်ယာန်များသည် ထိုသို့ပင်ပြုရမည်ဖြစ်သည်။ သို့ရာတွင် ဤရှုပ်ထွေးသောကာလတွင် အခွန်ပေးခြင်းနှင့်ပတ်သက်၍ အဘယ်လမ်းညွှန်မှုများ ရှိသနည်း။

လမ်းညွှန်မှု ငါးခု

စည်းစနစ်ရှိပါ။ “စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းကို လိုလားတော်မမူ၊ ငြိမ်ဝပ်ပိပြားမှုကို လိုလားတော်မူသော” ယေဟောဝါဘုရားကို ကျွန်ုပ်တို့ဝတ်ပြုကိုးကွယ်၍ ကိုယ်တော်ကျင့်တော်မူသည်အတိုင်း ကျင့်ကြသည်။ (၁ ကောရိန္သု ၁၄:၃၃၊ သတင်းကောင်း; ဧဖက် ၅:၁) အခွန်ပေးခြင်းနှင့်ပတ်သက်၍ စည်းစနစ်ရှိခြင်းသည် အလွန်အရေးကြီးသည်။ သင့်စာရွက်စာတမ်းများ အပြည့်အစုံရှိရုံမက တိကျမှန်ကန်၍ ကျနစွာစုဆောင်းသိမ်းဆည်းထားသလော။ များသောအားဖြင့် ဈေးနှုန်းကြီးသောဖိုင်တွဲစနစ်တစ်ခု ရှိစရာမလိုပါ။ (အကုန်အကျအသီးသီးကို တစ်ခုချင်းစီဖော်ပြသည့် ပြေစာများ အစရှိသည့်) စာရွက်စာတမ်းတစ်မျိုးစီအတွက် ဖိုင်တို့ကို သက်ဆိုင်သလို ရေးမှတ်ဖော်ပြထားနိုင်ပါသည်။ ယင်းတို့ကို စုပြီး ဖိုင်တွဲကြီးတစ်ခုအဖြစ် နှစ်စဉ်သိမ်းဆည်းထားရန်သာ လိုအပ်ပေမည်။ နိုင်ငံများစွာတို့တွင် အစိုးရဌာနက စာရွက်စာတမ်းအဟောင်းများကို စစ်ဆေးကြည့်ရှုလိုပါက ပြသနိုင်ရန် ဤသို့သောဖိုင်များကို နှစ်အတန်ကြာ သိမ်းဆည်းထားရန်လိုသည်။ ထို့ကြောင့် လုံးဝမလိုအပ်တော့ကြောင်း မကျိန်းသေမချင်း အဘယ်စာရွက်စာတမ်းကိုမျှ မပစ်ပါနှင့်။

ရိုးသားဖြောင့်မတ်ပါ။ ပေါလုက ဤသို့ရေးသားခဲ့သည်– “အနည်းနည်းတွင် ရိုးဖြောင့်စွာ ငါတို့ကျင့်ကြံပြုမူလိုသည့်အလျောက် ကြည်လင်သောသြတ္တပ္ပစိတ်ရှိကြောင်း စိတ်ချသော ငါတို့အဖို့ ပတ္ထနာပြုကြလော့။” (ဟေဗြဲ ၁၃:၁၈၊ သမ) အခွန်ပေးရာတွင် ရိုးသားဖြောင့်မတ်လိုစိတ် အမြဲရှိသင့်သည်။ ဦးဆုံး၊ အစီခံရမည့်ဝင်ငွေအပေါ် ပေးရမည့် အခွန်ကိုစဉ်းစားကြည့်စို့။ နိုင်ငံများစွာတွင် သတ်မှတ်ထားသည့်နှုန်းထက်ပိုသည်နှင့် ဘောက်ဆူးများ၊ ကျပန်းအလုပ်များ၊ အရောင်းအဝယ်များ အစရှိသည်တို့မှရသည့် ထပ်ဆင့်ဝင်ငွေအပေါ် အခွန်တင်ထားသည်။ “ရိုးသားသောသြတ္တပ္ပစိတ်ရှိ” သောခရစ်ယာန်တစ်ဦးသည် မိမိနေထိုင်ရာအရပ်တွင် အခွန်စည်းကြပ်နိုင်သောဝင်ငွေကား အဘယ်သို့ဖြစ်ကြောင်း စုံစမ်းထားကာ သက်ဆိုင်သည့်အခွန်ကို ပေးဆက်ပါမည်။

ဒုတိယကား၊ လျှော့တွက်သည့်ကိစ္စများရှိသည်။ အစိုးရများသည် အခွန်ပေးသူများ ပေးဆက်ရမည့်အခွန်အတုတ်မှ သူတို့အား လျှော့တွက်နုတ်ယူခွင့်ပြုလေ့ရှိသည်။ ဤမရိုးသားသောလောကတွင် ယင်းလျှော့တွက်နုတ်ယူပိုင်ခွင့်များကို ရယူရန် “ကြံဖန်ခြင်း” သည် မမှားပါဟု ယူမှတ်ပေမည်။ အမေရိကန်နိုင်ငံတွင် အမျိုးသားတစ်ဦးသည် မိမိ၏ဇနီးအတွက် တန်ဖိုးကြီးမားသော သားမွေးကုတ်အင်္ကျီတစ်ထည်ဝယ်ခဲ့ပြီးနောက် အခွန်လျှော့တွက်နိုင်ရန် မိမိအလုပ်ဌာနအတွက် “မွမ်းမံဆင်ယင်ခြင်း” အဖြစ် လုပ်ငန်းခွင်တွင် တစ်ရက်တာ ချိတ်ဆွဲထားကြောင်း ဆိုသည်! အခြားအမျိုးသားတစ်ဦးမူကား သမီး၏ ထိမ်းမြားမင်္ဂလာပွဲ ကုန်ကျစရိတ်များကို လုပ်ငန်းဆိုင်ရာလျှော့တွက်မှုအဖြစ် စာရင်းတင်ပြခဲ့သည်။ အခြားတစ်ဦးကျပြန်လျှင် အရှေ့ဖျားဒေသတွင် မိမိနှင့်အတူ လနှင့်ချီ၍ ဇနီးသည်လိုက်ပါ ခရီးသွားလာခြင်း စရိတ်စကကို နုတ်ယူရန် ကြိုးစားခဲ့သည်။ အမှန်ဆိုလျှင် သူမသည် အဓိကအားဖြင့် လူမှုရေးအပေါင်းအသင်းနှင့် အပန်းဖြေကိစ္စအတွက် ထိုဒေသတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ ဤသို့သောကိစ္စမျိုး မနည်းပါ။ ရိုးရိုးတင်ပြရလျှင် လုပ်ငန်းဆိုင်ရာလျှော့တွက်မှု မဟုတ်သည့်အရာကို ထိုသို့ဆို၍ ပြုလုပ်ခြင်းသည် လိမ်လည်နည်းတစ်နည်း—ကျွန်ုပ်တို့ဘုရားသခင် ယေဟောဝါ စက်ဆုပ်ရွံရှာသောအရာ—သာဖြစ်သည်။—သု. ၆:၁၆-၁၉။

လိမ္မာပါးနပ်ပါ။ ယေရှုက “မြွေကဲ့သို့ လိမ္မာလျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိကြလော့” ဟုတပည့်နောက်လိုက်များအား တိုက်တွန်းခဲ့သည်။ (မဿဲ ၁၀:၁၆) ထိုအကြံပေးချက်ကို အခွန်ပေးခြင်းနှင့်ပတ်သက်၍လည်း ကျင့်သုံးနိုင်ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် စာရင်းကိုင်အဖွဲ့တစ်ခု သို့မဟုတ် ကြေးစားပညာသည်တစ်ဦးတစ်ယောက်အား မိမိတို့၏အခွန်ငွေကို စိစစ်သတ်မှတ်ပေးရန်အခပေး ခိုင်းစေသူအရေအတွက် ယနေ့ များသည်ထက်များလာပေပြီ။ ထိုနောက် ပုံစံစာရွက်များကို သူတို့သည် မစစ်မဆေးလက်မှတ်ထိုးဖြည့်ပြီး ချက်လက်မှတ်ဖြင့် ငွေချေကြသည်။ ဤတွင် သု. ၁၄:၁၅ တွင်မှတ်တမ်းတင်ထားသည့် “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဟူသောသတိပေးချက်ကို ကျင့်သုံးရန် အခွင့်အခါကောင်းဖြစ်သည်။

မရိုးသားသော ငွေစာရင်းကိုင် သို့မဟုတ် အတွေ့အကြုံမရှိသော အခွန်တွက်ချက်သူတစ်ဦး ‘ပြောသမျှစကားကို ယုံမိ’ သောကြောင့် အစိုးရနှင့် ဒုက္ခကြုံတွေ့ခဲ့သည့် အခွန်ဆောင်သူ မြောက်မြားစွာရှိခဲ့ပြီ။ ပါးရည်နပ်ရည်ရှိရန် မည်မျှသာ၍ကောင်းသည်တကား! လက်မှတ်မထိုးမီ အဘယ်စာရွက်စာတမ်းကိုမဆို အသေအချာဖတ်ရှုခြင်းအားဖြင့် လိမ္မာပါးနပ်ပါလေ။ ထည့်သွင်းရေးသားထားချက် သို့မဟုတ် မထည့်သွင်းဘဲ ထုတ်နုတ်ထားချက်တစ်ခုခုကို သတိပြုမိလျှင် ရှင်းလင်းဖော်ပြရန် တောင်းဆိုပါ။ ယင်းကိစ္စသည် ရိုးရိုးသားသားဖြစ်သည့်အပြင် တရားဝင်မဝင် အသေအချာသိနားလည်သည့်တိုင်အောင် လိုအပ်ပါက အကြိမ်ကြိမ်ရှင်းပြစေပါ။ အချို့နိုင်ငံများတွင် အခွန်ဥပဒေများသည် အလွန်ရှုပ်ထွေးလာသည်မှာ မှန်ပါ၏။ သို့သော် အဘယ်အရာကိုမဆို လက်မှတ်မထိုးမီ အတတ်နိုင်ဆုံး သဘောပေါက်နားလည်ထားခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်သည်။ အချို့အကြောင်းကိစ္စများကို အခွန်ဥပဒေအကြောင်း အကျွမ်းဝင်သူ ခရစ်ယာန်ချင်းတစ်ဦးသည် အနည်းအကျဉ်းရှင်းပြနိုင်ပေလိမ့်မည်။ အခွန်ကိစ္စများကို ကိုင်တွယ်ရသော ခရစ်ယာန်အကြီးအကဲတစ်ဦးက လိုရင်းတိုရှင်း ဤသို့ဆိုသည်– “သင့်စာရင်းကိုင်က မယုံနိုင်လောက်အောင် ကောင်းလွန်းသည့်အရာတစ်ခုကို ပြောလျှင် ယင်းသည် မမှန်နိုင်ပါ!”

တာဝန်သိတတ်ပါ။ “လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်” ဟုတမန်တော်ပေါလုရေးသားခဲ့သည်။ (ဂလာတိ ၆:၅) အခွန်ပေးဆက်ခြင်းနှင့်ပတ်သက်လာလျှင် ခရစ်ယာန်တစ်ဦးစီသည် ရိုးသားဖြောင့်မတ်၍ ဥပဒေလိုက်နာသူဖြစ်ရန် ကိုယ်တိုင်တာဝန်ယူ ထမ်းဆောင်ရမည်။ ဤကိစ္စသည် အသင်းတော်အကြီးအကဲများ သိုးတော်စုအပေါ်ကြီးကြပ်ရမည့်ကိစ္စများမဟုတ်ပါ။ (၂ ကောရိန္သု ၁:၂၄) ကြီးလေးသောအပြစ်၊ ရပ်ရွာတွင် နာမည်ပျက်စရာကိစ္စမဟုတ်သ၍ အကြီးအကဲများသည် အခွန်ပေးဆက်ခြင်းကိစ္စတို့တွင် ပါဝင်ပတ်သက်လိမ့်မည်မဟုတ်ပါ။ အများအားဖြင့်ဆိုလျှင် ယင်းကိစ္စကို ခရစ်ယာန်တစ်ဦးစီ ကိုယ်တိုင်ကိုယ်ကျတာဝန်ယူ၍ ကျမ်းစာမူများနှင့်အညီ မိမိ၏လေ့ကျင့်ခံသြတ္တပ္ပစိတ်ကို ထိုက်သင့်လျော်ကန်စွာ အသုံးပြုဖို့တာဝန်ရှိသည်။ (ဟေဗြဲ ၅:၁၄) မည်သူမဆို ရေးဆွဲပြင်ဆင်သည့် အခွန်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးခြင်းသည် ထိုစာတမ်းကို အသင်ဖတ်ရှုပြီး၍ ယင်း၌ပါဝင်ချက်သည် မှန်ကန်ကြောင်းကို သဘောတူညီပါသည်ဟု တရားဝင်ဝန်ခံချက် ပါဝင်ကြောင်း သိရှိထားခြင်းဖြစ်သည်။a

အပြစ်တင်ခွင့်နှင့် ကင်းလွတ်ပါ။ ခရစ်ယာန်အကြီးအကဲများသည် မိမိတို့၏အရာကို ခံယူနိုင်ခွင့်အရည်အချင်းရှိရန် “အပြစ်တင်ခွင့်နှင့် ကင်းလွတ်” ကြရမည်။ ထိုနည်းတူစွာ အသင်းတော်တစ်ခုလုံးသည် ဘုရားသခင့်မျက်မှောက်တော်တွင် အပြစ်တင်ခွင့်နှင့် ကင်းလွတ်ရပါမည်။ (၁ တိမောသေ ၃:၂; ဧဖက် ၅:၂၇ နှိုင်းယှဉ်။) ထို့ကြောင့် ရပ်ရွာတွင် အခွန်ပေးဆက်ခြင်းကိစ္စ၌ပင် နာမည်ကောင်းရရှိသူဖြစ်ရန် အတတ်နိုင်ဆုံးကြိုးစားမည်။ ယင်းကိစ္စတွင် ယေရှုခရစ်တော်ကိုယ်တိုင် ပုံသက်သေချမှတ်တော်မူခဲ့၏။ ယေရှုသည် ဒ င်္ဂါးနှစ်ပြားမျှဖြစ်သော ဗိမာန်တော်အခွန်ကို ပေးသလောဟု တပည့်တော်ပေတရု အမေးခံခဲ့ရသည်။ အမှန်မှာ ဗိမာန်တော်သည် ကိုယ်တော့်ခမည်းတော်၏အိမ်တော်ဖြစ်၍ အဘယ်ဘုရင်မျှ မိမိသားကိုအခွန်ကောက်မည်မဟုတ်သောကြောင့် ယေရှုသည် အခွန်လွတ်ငြိမ်းခွင့်ရှိ၏။ ထိုသို့ပင် ယေရှုမိန့်ဆိုသော်လည်း အခွန်ပေးဆက်တော်မူ၏။ အမှန်သော် လိုအပ်သောငွေ ဖြစ်ပေါ်လာစေရန် အံ့ဖွယ်အမှုကိုပင် ကိုယ်တော်ပြုတော်မူခဲ့သည်တကား! အခွန်လွတ်ငြိမ်းခွင့် အတိအလင်းရှိလျက်နှင့် အဘယ်ကြောင့် အခွန်ပေးတော်မူသနည်း။ ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်အတိုင်းပင် “ငါတို့သည် ထိုသူတို့၌ တိုက်လဲရန်အကြောင်း မဖြစ်စေခြင်းငှာ” ဖြစ်သည်။—မဿဲ ၁၇:၂၄-၂၇၊ သမ။b

ဘုရားသခင်ကိုဂုဏ်တင်သော နာမည်ကောင်းကို မပျောက်စေနှင့်

ယနေ့ ယေဟောဝါသက်သေများလည်း သူတစ်ပါးကို ထိမိ၍မလဲစေလိုကြပါ။ ထို့ကြောင့် အုပ်စုတစ်စုအနေနှင့် ကမ္ဘာတစ်ဝန်းတွင် ရိုးသားဖြောင့်မတ် မှန်ကန်စွာအခွန်ပေးသော ပြည်သူများအဖြစ် နာမည်ကောင်းရရှိထားခြင်းသည် အံ့ဩစရာမဟုတ်ပါ။ ဥပမာ၊ အဲလ် ဒီအာရယို ဗာ့စကို ဟူသောစပိန်သတင်းစာက စပိန်နိုင်ငံရှိ အခွန်ရှောင်မှု မည်မျှများပြားကြောင်းကို ဖော်ပြပြီး ဤသို့သတိပြုစေသည်– “ထူးခြားချက်မှာ ယေဟောဝါသက်သေများသာဖြစ်သည်။ သူတို့အရောင်းအဝယ်ပြုသည့်အခါ သူတို့ဖော်ပြသည့် တန်ကြေးသည် လုံးလုံးမှန်ကန်ပေသည်။” ထိုနည်းထပ်တူ စန်ဖရန်စစ္စကို အဲ့ဇမ်မနာ ခေါ်ယူ.အက်စ်. သတင်းစာတွင် လွန်ခဲ့သောနှစ်အနည်းငယ်က ဤသို့ဆိုခဲ့သည်– “[ယေဟောဝါသက်သေများ] အား စံပြပြည်သူများအဖြစ် ယူမှတ်နိုင်သည်။ အခွန်ကို တာဝန်သိသိ ပေးဆက်ကြသည်။ လူနာများကို ပြုစုသည်။ စာတတ်မြောက်ရေးအတွက် ကြိုးပမ်းကြသည်။”

ဤကြိုးစားပမ်းစား ရထားသည့် နာမည်ကောင်းကို ပျက်စီးသွားစေမည့် အဘယ်အမှုမျိုးကိုမဆို စစ်မှန်သောခရစ်ယာန် တစ်ဦးတစ်ယောက်ကမျှ ပြုလိုမည်မဟုတ်ပါ။ ရွေးချယ်စရာကြုံလာမည်ဆိုလျှင် ငွေအနည်းငယ်အတွက်နှင့် အခွန်ကိုလိမ်လည်သူဟူသောနာမည်ကို ရလိုမည်လော။ မရရှိလိုပါ။ သင့်နာမည်ကောင်းကို ပျက်စီး၊ သင့်တန်ဖိုးကို စွန့်လွှတ်၍ ယေဟောဝါအားဝတ်ပြုရေးကိုပင် အထင်လွဲမှားစေမည့်အစား ငွေကိုအရှုံးခံမည်မှာအမှန်။

အမှန်ဆိုလျှင် တရားပြီး ရိုးသားဖြောင့်မတ်သူဟူသော နာမည်ကောင်းကို ထိန်းသိမ်းထားနိုင်ရန် တစ်ခါတစ်ရံ ငွေပင်ကုန်မည်ဖြစ်သည်။ လွန်ခဲ့သော ရာစုနှစ်ပေါင်း ၂၄ ခုခန့်က ဂရိအတွေးအခေါ်ပညာရှင် ပလေတိုက ဤသို့ကောက်ချက်ချခဲ့သည့်အတိုင်းဖြစ်သည်– “အမြတ်ခွန်ပေးဆက်ချိန်တွင် ထပ်တူထပ်မျှအမြတ်အတွက် တရားသောသူသည် ပို၍၊ မတရားသောသူသည် လျှော့၍ပေးကြပေမည်။” တရားသောသူသည် တရားသဖြင့်ပြုခြင်းအတွက် အနစ်နာခံသော်လည်း ဘယ်သောအခါမျှ နောင်တရစရာမလိုဟု သူထပ်ဆင့်၍ဆိုပေမည်။ ဤနာမည်ကောင်းရထားခြင်းပင်လျှင် အကျိုးနပ်ပေပြီ။ ယင်းသည် ခရစ်ယာန်များနှင့်စပ်လျဉ်း၍ မှန်ကန်ပေသည်။ သူတို့၏ နာမည်ကောင်းကို သူတို့တန်ဖိုးထားကြ၏။ အကြောင်းမူကား ယင်းကြောင့် သူတို့၏ကောင်းကင်ခမည်းတော် ဘုန်းထင်ရှားပြီး သူတို့၏အသက်လမ်းစဉ်သို့သော်လည်းကောင်း၊ သူတို့၏ ဘုရားသခင်ယေဟောဝါထံသို့သော်လည်းကောင်း သူတစ်ပါးအား သွေးဆောင်ရန် အထောက်အကူပြုသည်။ —သု. ၁၁:၃၀; ၁ ပေတရု ၃:၁။

သို့သော် အရာခပ်သိမ်းထက် ခရစ်ယာန်စစ်များသည် ယေဟောဝါနှင့်ဆက်ဆံရေးကောင်းရှိခြင်းကို တန်ဖိုးထားကြသည်။ သူတို့ပြုလေသမျှကို ဘုရားသခင် တွေ့မြင်တော်မူ၍ ကိုယ်တော်ကို သူတို့ရွှင်လန်းစေလိုကြပါသည်။ (ဟေဗြဲ ၄:၁၃) ထို့ကြောင့် အစိုးရကို လိမ်လည်ရန်ကြိုးစားဖို့ သွေးဆောင်ခံရခြင်းကို သူတို့ငြင်းပယ်ကြသည်။ ဘုရားသခင်သည် ရိုးသားဖြောင့်မတ်သော အပြုအမူကို မြတ်နိုးကြောင်း သူတို့သိရှိနားလည်ထားကြသည်။ (ဆာလံ ၁၅:၁-၃) ယေဟောဝါ၏နှလုံးကို သူတို့ရွှင်မြူးစေလိုကြသောကြောင့် ပေးဆက်ရန်ရှိသမျှသောအခွန်ကို သူတို့ပေးဆက်ကြသည်။—သု. ၂၇:၁၁; ရောမ ၁၃:၇။

[အောက်ခြေမှတ်ချက်များ]

a ဤတွင် မယုံကြည်သူတစ်ဦးနှင့် တွဲဖက်၍ အခွန်စီရင်ခံစာ ပြုလုပ်ထားသူ ခရစ်ယာန်များအတွက် ပြဿနာဖြစ်ပေါ်စေနိုင်သည်။ ခရစ်ယာန်ဇနီးသည်သည် ကဲသာ၏ အခွန်ဥပဒေများကို လိုက်နာရခြင်းနှင့် ဦးစီးမှုမူအောက်ရှိခြင်းတို့ကို အတတ်နိုင်ဆုံးကြိုးစား လိုက်နာရပါမည်။ သို့သော် မှားယွင်းစွာဖော်ပြထားသောစာတမ်းတစ်ခုကို သိလျက်နှင့် လက်မှတ်ရေးထိုးလျှင် ဥပဒေအရ အပြစ်ဒဏ်ခံရမည်ကို သူမသတိရှိသင့်သည်။—ရောမ ၁၃:၁ နှိုင်းယှဉ်; ၁ ကောရိန္သု ၁၁:၃။

b စိတ်ဝင်စားစရာမှာ ယေရှု၏ မြေကြီးပေါ်အသက်တာတွင် ဤအဖြစ်အပျက်ကို မဿဲ၏ ခရစ်ဝင်ကျမ်းတစ်ခုတည်းကသာ ဖော်ပြထားသည်။ ကိုယ်တိုင် ယခင်ကအခွန်ခံတစ်ဦးဖြစ်ခဲ့သည့် မဿဲအတွက် ယေရှု၏စိတ်ဓာတ်သည် စွဲမှတ်ဖွယ် ဖြစ်ခဲ့မည်မှာ ယုံမှားစရာမရှိပေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ