ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁/၁၅ စာ. ၂၄-၂၉
  • ဘုရားသခင်ကိုကြောက်ရွံ့သူများ နှင့်အတူ စည်းဝေးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကိုကြောက်ရွံ့သူများ နှင့်အတူ စည်းဝေးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့’
  • ‘ဘုရားရေးရာကြောက်ရွံ့ခြင်းနှင့် စိုးရွံ့မှုဖြင့် သန့်ရှင်းမြင့်မြတ်သောအမှုတော်ကိုထမ်းရွက်လော့’
  • “ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့”
  • ယေဟောဝါအားကြောက်ရွံ့ခြင်းမှ ရွှင်လန်းမှုကိုတွေ့ရန်သင်ယူခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါအားကြောက်ရွံ့သည့် စိတ်နှလုံးကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေဟောဝါကိုခန့်ညား၍ သန့်ရှင်းသောနာမတော်ကိုချီးမွမ်းကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • စစ်မှန်သောဘုရားသခင်ကို ကြောက်ရွံ့ခြင်း၏ အကျိုးကျေးဇူးများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁/၁၅ စာ. ၂၄-၂၉

ဘုရားသခင်ကိုကြောက်ရွံ့သူများ နှင့်အတူ စည်းဝေးခြင်း

“နေရာအနှံ့အပြားရှိ လူတို့သည် ကြောက်ရွံ့ခြင်း—အဓမ္မမှုကိုကြောက်ရခြင်း၊ အလုပ်လက်မဲ့ဖြစ်မှုကိုကြောက်ရခြင်း၊ အသည်းအသန်ဖျားနာရခြင်းကိုကြောက်ခြင်း အစရှိသည်တို့—မှကင်းဝေးလိုကြသည်။ ကျွန်ုပ်တို့လည်း ထိုလိုအင်ဆန္ဒမျိုးရှိသည်။ . . . သို့ဆိုလျှင် ကြောက်ရွံ့ခြင်းသဘောကို မွေးမြူကြရန် အဘယ်ကြောင့်ဆွေးနွေးနေရသနည်း။” ထိုစိတ်ဝင်စားဖွယ်မေးခွန်းကို အဓိကဟောပြောချက်ပေးသူက ၁၉၉၄ ဇွန်လတွင်စတင်ခဲ့သော “ဘုရားရေးရာကြောက်ရွံ့ခြင်း” ခရိုင်စည်းဝေးပွဲကြီးအသီးသီးတွင် ဟောပြောခဲ့သည်။

ဦးဆုံး၊ မြောက်အမေရိကတိုက်၊ ထို့နောက် ဥရောပတိုက်၊ အလယ်ပိုင်းနှင့်တောင်အမေရိကတိုက်၊ အာဖရိကတိုက်၊ အာရှတိုက်နှင့် ကျွန်းကြီးကျွန်းငယ်ရှိ စည်းဝေးပွဲကြီးတက်ရောက်ခဲ့သူ သန်းပေါင်းများစွာတို့သည် ထိုသို့သောကြောက်ရွံ့ခြင်းကို မွေးမြူတတ်ရန် စိတ်ပြင်းပြကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ယေဟောဝါ၏လူမျိုးတော်အတွက် ဘုရားသခင်သိုမှီးထားသော ကောင်းချီးများကိုခံစားလိုလျှင် ဘုရားရေးရာကြောက်ရွံ့ခြင်းရှိရမည်ဖြစ်သည်။ ဘုရားရေးရာ ကြောက်ရွံ့ခြင်းအကြောင်း သိနားလည်လိုကြ၍ စည်းဝေးပွဲကြီးကို တက်ရောက်ခဲ့ကြပါသည်။ သုံးရက်တာအစီအစဉ်အတွင်း ဤအရေးပါသောခရစ်ယာန်အရည်အချင်းအကြောင်း သူတို့များစွာသင်ယူခဲ့ကြသည်။

‘ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့’

စည်းဝေးပွဲကြီး၏ပထမနေ့အတွက် အဓိကအချက်မှာ ထိုသို့ပင်ဖြစ်သည်။ ယင်းသည် ဒေသနာ ၁၂:၁၃ ကိုအခြေပြုသည်။ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအဓိပ္ပာယ်ကား အဘယ်နည်း။ အစီအစဉ်၏အစပိုင်းတွင်ပင် စည်းဝေးပွဲကြီးသဘာပတိက ဘုရားရေးရာကြောက်ရွံ့ခြင်းမည်သည် ယေဟောဝါကိုစိုးရွံ့တကြီးကြည်ညိုလေးစားခြင်းနှင့် ကိုယ်တော့်စိတ်ထိခိုက်မည်ကိုစိုးရိမ်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ ဤဘုရားရေးရာကြောက်ရွံ့ခြင်းသည် ပျက်ပြားချောက်ချားစေသည့်ကြောက်ရွံ့ခြင်းမျိုးမဟုတ်; အကျိုးဖြစ်ထွန်းသောကြောက်ရွံ့ခြင်းဖြစ်၍ သင့်လျော်ပေသည်။

အကျိုးဖြစ်ထွန်းသော ဤကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့ကိုမည်သို့အကျိုးပြုသနည်း။ နောက်ဟောပြောချက် “နွမ်းလျလာကာ အရှုံးမပေးနှင့်” ကဘုရားသခင်၏ပညတ်တော်များကို ရွှင်လန်းမှုဖြင့်စောင့်ထိန်းရန် ဘုရားရေးရာကြောက်ရွံ့ခြင်းက လှုံ့ဆော်ပေးမည်ဖြစ်ကြောင်း ရှင်းပြသည်။ ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်နှင့်စပ်ဆိုင်သူကိုလည်းကောင်း ချစ်ခြင်းအပြင် ဝိညာဏအားအင်ကိုလည်း ထည့်သွင်းပေးပါလိမ့်မည်။ မှန်ပါသည်၊ ထာဝရအသက်ရဖို့ ပြေးပွဲတွင် ကြိုးစားမှုကို လျှော့မပစ်ရန် ဘုရားရေးရာကြောက်ရွံ့ခြင်းက ကူညီပေးနိုင်သည်။

၎င်းနောက် ဘုရားရေးရာကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့အားထောက်မနိုင်ကြောင်း လူတွေ့ခေါ်မေးမြန်းခန်းအစီအစဉ်က သက်သေထူသည်။ ဘုရားသခင်ကိုရိုသေခန့်ညားသောသဘောဖြင့် ကြောက်ရွံ့ခြင်းက လျစ်လျူရှုမှု၊ စိတ်မဝင်စားမှု သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုခံရသော်ငြားလည်း ဓမ္မအမှုတွင် ဆက်ပါဝင်ရန် မည်သို့သြဇာလွှမ်းမိုးခဲ့ကြောင်း လူတွေ့ခေါ်မေးခံရသူများက ပြောပြသည်။ ခက်ခဲသောစုံစမ်းခြင်းများကိုရင်ဆိုင်ရလျက်နှင့် မည်သို့ခံနိုင်ရည်ရှိခဲ့ကြောင်းပြောပြကြသည်။

သို့သော် အချို့သူများမှာ ဘုရားရေးရာကြောက်ရွံ့ခြင်းရှိသော်လည်း အခြားသူများတွင်မူ အဘယ်ကြောင့်မရှိပါသနည်း။ “ဘုရားရေးရာကြောက်ရွံ့ခြင်းကို မွေးမြူလျက်အကျိုးရယူခြင်း” ဟောပြောချက်တွင် အဓိကဟောပြောချက်ပေးသူက ယေရမိ ၃၂:၃၇-၃၉ ၌ယေဟောဝါက မိမိလူများအား ဘုရားသခင်ကိုကြောက်ရွံ့သောစိတ်နှလုံးပေးတော်မူမည်ဟု ကတိတော်ရှိကြောင်းရှင်းပြသည်။ ကျွန်ုပ်တို့၏နှလုံးတွင် ဘုရားရေးရာကြောက်ရွံ့ခြင်းကို ယေဟောဝါထည့်သွင်းပေးတော်မူသည်။ မည်သို့နည်း။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ကိုယ်တော်၏မှုတ်သွင်းခံနှုတ်ကပါဌ်တော် သမ္မာကျမ်းစာအားဖြင့်ဖြစ်သည်။ သို့ရာတွင် ထင်ရှားနေသည်ကား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကြိုးစားလေ့လာပြီး ဝိညာဏပြင်ဆင်ချက်မြောက်မြားစွာတို့ကို အပြည့်အဝအသုံးချရန်လိုသည်။ ၎င်းတို့တွင် ကိုယ်တော်အားကြောက်ရွံ့စေသည့် စည်းဝေးပွဲကြီးများနှင့် အသင်းတော်အစည်းအဝေးများပါ ပါဝင်သည်။

မွန်းလွဲပိုင်းအစီအစဉ်သည် ယေဟောဝါနှင့်ကိုယ်တော့်နှုတ်ကပါဌ်တော်ကိုယုံစားရန်ဟူသော ဩဝါဒဖြင့်စတင်သည်။ ထို့နောက် ခရစ်ယာန်များအပေါ် ဘုရားသခင့်နိုင်ငံတော်က အကျိုးသက်ရောက်စေသင့်သည့် အဓိကနည်းများကို ဆွေးနွေးတင်ပြသည်။

၎င်းနောက် စည်းဝေးပွဲကြီးတွင်တင်ဆက်သော အခန်းဆက်ဟောပြောချက်သုံးခုအနက် ပထမဆုံးတစ်ခုကို ကြားနာရသည်။ “ဘုရားရေးရာကြောက်ရွံ့ခြင်းက ကျွန်ုပ်တို့အား မြင့်မြတ်သောတောင်းဆိုချက်များကိုနာခံရန် လှုံ့ဆော်” ခေါင်းစဉ်ရှိအကြောင်းသည် မိသားစုနှင့်အထူးသက်ဆိုင်သည်။ ကြားနာခဲ့ရသော ကျမ်းစာမှလက်တွေ့ကျသြဝါဒစကားအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

▫ လင်ယောက်ျားများအတွက်– ယောက်ျားသည် မိမိတို့၏ကိုယ်ခန္ဓာကဲ့သို့ မိမိဇနီးကိုချစ်မြတ်နိုးရန် ဘုရားရေးရာကြောက်ရွံ့ ခြင်းကတိုက်တွန်းသည်။ (ဧဖက် ၅:၂၈၊ ၂၉) လူတစ်ဦးသည် မိမိခန္ဓာကိုယ်ကို တမင်သက်သက်မဖျက်ဆီး၊ မိမိ၏မိတ်ဆွေများရှေ့တွင် ကိုယ့်ကိုယ်ကိုအပုပ်မချ၊ သို့မဟုတ် မိမိနှင့်ပတ်သက်၍ ကိုယ်ပိုင်မှားယွင်းချွတ်ချော်မှုများကို သားပုပ်လေလွင့်မပြောပါ။ သို့ဖြစ်သောကြောင့် မိမိကိုယ်ကိုဆက်ဆံပြုမူသကဲ့သို့ မိမိ၏ဇနီးကို လေးလေးစားစား၊ ဂုဏ်သိက္ခာကိုထောက်ထားပြီးဆက်ဆံပါမည်။

▫ ဇနီးသည်များအတွက်– ယေရှု၏ဘုရားရေးရာကြောက်ရွံ့ခြင်းက ‘ဘုရားသခင်နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ပြုရန်’ ကိုယ်တော့်အားလှုံ့ဆော်ခဲ့သည်။ (ယောဟန် ၈:၂၉) ယင်းသည် လင်ယောက်ျားတို့နှင့်ဆက်ဆံရာတွင် ဇနီးသည်များတုပရန်အတွက် အလွန်ကောင်းသောသဘောထားတစ်ခုဖြစ်သည်။

▫ မိဘများအတွက်– ခရစ်ယာန်မိဘများသည် မိဘဝတ္တရားများကို အလေးအနက်ထားခြင်း၊ ယေဟောဝါထံတော်မှ အမွေအနှစ်အဖြစ် သားသမီးများကိုရှုမြင်ခြင်းအားဖြင့် ဘုရားရေးရာကြောက်ရွံ့ခြင်းကို ပြသနိုင်သည်။ (ဆာလံ ၁၂၇:၃) မိဘတို့၏အဓိကရည်ရွယ်ချက်သည် မိမိတို့၏သားသမီးများကို ခရစ်ယာန်စစ်များဖြစ်လာဖို့ မွေးမြူပေးရန်ဖြစ်သင့်သည်။

▫ သားသမီးများအတွက်– “သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကို” နာခံကြရန် သားသမီးများကိုယေဟောဝါညွှန်ကြားသည်။ (ဧဖက် ၆:၁) သို့ဖြစ်၍ မိဘကိုနာခံခြင်းသည် ဘုရားသခင်ကိုနာခံခြင်းဖြစ်သည်။

ဤနေ့၏နောက်ဆုံးဟောပြောချက်က ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးခြင်းကြောင့် ခံစားရသော ဝမ်းနည်းပူဆွေးမှုအကြောင်းကို ဆွေးနွေးတင်ပြရာ စိတ်ဓာတ်ကိုထိခိုက်ညွတ်ပြောင်းစေသည်။ သို့သော်ဟောပြောချက် တစ်ဝက်ခန့်တိုင်လေသော် သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသည့်အခါ [လိပ်] ဘရိုရှာအသစ်ကိုထုတ်ဝေလိုက်သောကြောင့် ပရိသတ်အတွက်ဝမ်းသာအားရစရာဖြစ်ခဲ့သည်။ ဤ ၃၂-မျက်နှာရှိရောင်စုံရုပ်ပုံများပါစာစောင်သည် ချစ်မြတ်နိုးရသူတစ်ဦးဆုံးပါးခြင်းကြောင့် ခံစားကြရသောဝမ်းနည်းကြေကွဲမှုကိုသဘောပေါက်နားလည်ပြီး ယင်းကိုကိုင်တွယ်နိုင်ရန် ဝမ်းနည်းသူများအား များစွာကူညီပေးမည်။ သင်သည် ဝမ်းနည်းကြေကွဲသူတစ်ဦးအား နှစ်သိမ့်မှုမပေးတတ်ဘဲဖြစ်ဖူးသလော။ သူတို့ကိုကျွန်ုပ်တို့မည်သို့ကူညီပေးနိုင်ကြောင်း ဤဘရိုရှာ၏အပိုင်းတစ်ခုတွင် ဆွေးနွေးဖော်ပြထားသည်။ ဟောပြောချက်ကိုနားထောင်နေစဉ် ဤဘရိုရှာအသစ်သည် မည်သူမည်ဝါအတွက်အကျိုးရှိမည်ဟူ၍ စဉ်းစားမိသူများ ပရိသတ်တွင်ရှိပေမည်။

‘ဘုရားရေးရာကြောက်ရွံ့ခြင်းနှင့် စိုးရွံ့မှုဖြင့် သန့်ရှင်းမြင့်မြတ်သောအမှုတော်ကိုထမ်းရွက်လော့’

ယင်းသည် ဟေဗြဲ ၁၂:၂၈ ကိုအခြေပြုသည့် ဒုတိယနေ့အတွက်အဓိကခေါင်းစဉ်ဖြစ်သည်။ နံနက်ပိုင်းအစီအစဉ်တွင် ဒုတိယအခန်းဆက်ဖြစ်သည့် “ယေဟောဝါကိုကြောက်ရွံ့ခြင်း၌ လျှောက်လှမ်းနေသောအသင်းတော်များ” ကိုကြားနာရ၏။ ပထမအပိုင်းက အစည်းအဝေးများကိုတက်ခြင်းအကြောင်းဖြစ်သည်။ စည်းဝေးတက်ခြင်းအားဖြင့် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်၏ ဝိညာဏပြင်ဆင်ချက်များကိုလည်းကောင်း တန်ဖိုးထားလေးမြတ်ကြောင်း ထင်ရှားစေသည်။ စည်းဝေးတက်ခြင်းအားဖြင့် နာမတော်ကိုကြောက်ရွံ့ပြီး အလိုတော်ကိုဆောင်ရွက်လိုကြောင်း ဖော်ပြသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဒုတိယဟောပြောသူက အသင်းတော်တစ်ခုလုံးသည် ယေဟောဝါကိုကြောက်ရွံ့ခြင်း၌လျှောက်လှမ်းရာတွင် တစ်ဦးတစ်ယောက်ချင်းစီ အကျင့်အကြံကောင်းကိုထိန်းသိမ်းဖို့လိုကြောင်းရှင်းပြသည်။ နောက်ဆုံးဟောပြောသူက ခရစ်ယာန်အားလုံး၏ အခွင့်အရေးနှင့်တာဝန်ဖြစ်သည့် သတင်းကောင်းကိုလက်မလျှော့ဘဲကြေညာခြင်းအကြောင်း ပြောပြသည်။ ဟောပြောခြင်းကို မည်မျှကြာကြာဆက်ပြုလုပ်ရမည်နည်း။ တော်ပြီဟုယေဟောဝါပြောသည့်အထိဖြစ်သည်။—ဟေရှာယ ၆:၁၁။

“ယေဟောဝါ၌ရွှင်လန်းခြင်းသည် သင်၏ရဲတိုက်” ကနောက်ဟောပြောချက်၏ခေါင်းစဉ်ဖြစ်သည်။ ယင်းသည် ဤမဂ္ဂဇင်းပါသင်တန်းဆောင်းပါးများဖြစ်သည်။ (နေဟမိ ၈:၁၀) ယေဟောဝါ၏လူများသည် အဘယ်ကြောင့်ရွှင်လန်းရသနည်း။ အကြောင်းအချို့ကို ဟောပြောသူကဖော်ပြသည်။ အလွန်ထူးခြားသောအကြောင်းတစ်ခုမှာ ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးဖြစ်၍ ယင်းက ကျွန်ုပ်တို့အား ကမ္ဘာပေါ်တွင် အရွှင်လန်းဆုံးသောလူမျိုးဖြစ်စေသည်။ ကျွန်ုပ်တို့သည် ယေရှုခရစ်ထံသို့ ယေဟောဝါဆွဲဆောင်ခဲ့သူများအဝင်ဖြစ်ခွင့်ရခြင်းကိုစဉ်းစားကြည့်လေဟု စည်းဝေးပွဲကြီးတက်သူများအား ဟောပြောသူကသတိပေးသည်။ (ယောဟန် ၆:၄၄) ရွှင်လန်းအားရစရာကောင်းသော အကြောင်းပါတကား!

စည်းဝေးပွဲကြီးတိုင်း၏ ထင်ရှားသောအဖြစ်အပျက်မှာ နှစ်ခြင်းယူခြင်းဖြစ်၍ “ဘုရားရေးရာကြောက်ရွံ့ခြင်း” စည်းဝေးပွဲကြီးတွင်လည်း ထပ်တူပင်ဖြစ်သည်။ “ယေဟောဝါ၌ကြောက်ရွံ့ခြင်းတွင် ဆက်ကပ်အပ်နှံခြင်းနှင့်နှစ်ခြင်း” ဟောပြောချက်ကိုဟောသူက နှစ်ခြင်းခံသူအားလုံး၌ ကိုယ်စီတာဝန်လေးဆင့်ရှိကြောင်းရှင်းပြသည်။ (၁) ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နားလည်ရန်နှင့် လက်တွေ့ကျင့်သုံးရန်ထောက်ကူသည့် စာပေစာတမ်းများကိုလေ့လာရမည်; (၂) ဆုတောင်းရမည်; (၃) အသင်းတော်အစည်းအဝေးများတွင် ယုံကြည်သူချင်းများနှင့် ပေါင်းသင်းရမည်; နှင့် (၄) ယေဟောဝါ၏နာမတော်နှင့် နိုင်ငံတော်ကို သက်သေခံရမည်ဖြစ်သည်။

စနေနေ့မွန်းလွဲပိုင်းအစီအစဉ်သည် အားရှိစေသော “ယေဟောဝါပစ်ပယ်မထားသောလူမျိုး” အကြောင်းနှင့်စတင်သည်။ ရာစုသုံးဆယ့်ငါးခုအလွန်က ခက်ခဲသောကာလကိုရင်ဆိုင်နေရသည့် ဣသရေလလူမျိုးအား မောရှေမှတစ်ဆင့် ယေဟောဝါဤသို့အာမခံသည်– “ထာဝရဘုရားသည် သင်တို့ဘုရားသခင်ဖြစ်၍ . . . သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူ။” (တရားဟောရာ ၃၁:၆) ကတိထားရာပြည်ကို ဣသရေလလူမျိုးဝင်ရောက်အပိုင်ယူချိန်တွင် သူတို့အားကာကွယ်ပေးခြင်းဖြင့် ဤအာမခံချက်သည် ဟုတ်မှန်ကြောင်း ယေဟောဝါသက်သေထူခဲ့သည်။ ယနေ့အခက်အခဲများကိုကြုံတွေ့ရသည့်အခါ ကျွန်ုပ်တို့သည် ယေဟောဝါနှင့်ပူးပူးကပ်ကပ်နေပြီး ကိုယ်တော့်နှုတ်ကပါဌ်တော်၏အကြံဉာဏ်ကို လိုက်နာမည်ဆိုလျှင် ကျွန်ုပ်တို့ကိုလည်း ယေဟောဝါပစ်ပယ်ထားမည်မဟုတ်ကြောင်း စိတ်ချနိုင်ပါသည်။

ကျမ်းစာဖတ်ရှုခြင်း၌ မည်သို့ပျော်မွေ့နိုင်သနည်း။ “ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုလော့” ဟောပြောချက်ကိုဟောသူက စူးစမ်းသည့်သဘောဖြင့်ဖတ်ပြီး ဤမေးခွန်းများကို မေးမြန်းရန်အကြံပြုသည်– ဤမှတ်တမ်းက ယေဟောဝါ၏အရည်အချင်းများ၊ နည်းလမ်းတော်များနှင့်ပတ်သက်၍ ကျွန်ုပ်ကိုဘာသင်ပေးသနည်း။ ဤကဏ္ဍများတွင် ကျွန်ုပ်တို့သည် ယေဟောဝါနှင့်မည်သို့ပို၍တူနိုင်သနည်း။ သမ္မာကျမ်းစာကို ဤသို့ဖတ်ရှုခြင်းက နှစ်ခြိုက်ဖွယ်ကောင်းပြီးတန်ဖိုးရှိသည်။

၎င်းနောက် အစီအစဉ်၏တတိယအခန်းဆက် “ယေဟောဝါအားကြောက်ရွံ့သူများကိုထောက်ကူရန် ပြင်ဆင်ပေးချက်များ” အကြောင်းကိုအာရုံပြုစေသည်။ ယနေ့ ယေဟောဝါ၏ကျေးကျွန်များကို အံ့ဖွယ်နည်းများဖြင့် ကိုယ်တော်အကူအညီပေးမည်မဟုတ်သော်လည်း မိမိကိုကြောက်ရွံ့သူများအား ယေဟောဝါအကူအညီပေးမြဲပေးသည်။ (၂ ပေတရု ၂:၉) အခန်းဆက်ဟောပြောချက်များက ဤခဲယဉ်းသောကာလအတွင်း ကျွန်ုပ်တို့အားအကူအညီပေးရန် ယေဟောဝါထံမှပြင်ဆင်ပေးချက်လေးခုကို ဆင်ခြင်သုံးသပ်ပါသည်။ (၁) မိမိခွန်အားဖြင့် ကျွန်ုပ်တို့မရယူနိုင်သောအရာများကို ကိုယ်တော်၏ဝိညာဉ်တော်အားဖြင့် ယေဟောဝါလုပ်ဆောင်နိုင်စွမ်းရှိသည်။ (၂) ဘုရားသခင့်နှုတ်ကပါဌ်တော်အားဖြင့် ကျွန်ုပ်တို့ကိုကိုယ်တော်ဆုံးမသြဝါဒနှင့် လမ်းညွှန်ပေးသည်။ (၃) ရွေးနုတ်ဖိုးအားဖြင့် စင်ကြယ်သောသြတ္တပ္ပစိတ်ကိုပေးတော်မူသည်။ (၄) အကြီးအကဲများအပါအဝင် ကိုယ်တော်၏အဖွဲ့အစည်းအားဖြင့် လမ်းညွှန်ပြီးကာကွယ်မှုပေးသည်။ (လုကာ ၁၁:၁၃; ဧဖက် ၁:၇; ၂ တိမောသေ ၃:၁၆; ဟေဗြဲ ၁၃:၁၇) ယင်းပြင်ဆင်ချက်တို့ကိုအပြည့်အဝအသုံးချခြင်းအားဖြင့် ခံရပ်တည်ကြည်နိုင်မည်ဖြစ်၍ ယေဟောဝါ၏နှစ်သက်လက်ခံမှုရရှိကြမည်ဖြစ်သည်။

စနေနေ့မွန်းလွဲပိုင်းအတွက် နောက်ဆုံးဟောပြောချက်မှာ မာလခိပရောဖက်ပြုချက်ကို အခြေခံသည့် “ယေဟောဝါ၏ကြောက်ရွံ့တုန်လှုပ်ဖွယ်နေ့ နီးပြီ” ဖြစ်သည်။ စီ.အီး. ၇၀ ယေရုရှလင်မြို့ဖျက်ဆီးခြင်းခံရချိန်ကကဲ့သို့ အတိတ်တွင် ကြောက်ရွံ့တုန်လှုပ်ဖွယ်နေ့များရှိခဲ့သည်။ သို့သော် လူတို့တွေ့ကြုံခဲ့သမျှတွင် ကြောက်ရွံ့တုန်လှုပ်ဖွယ်အဖြစ်ဆုံးနေ့ရက်ကား ‘ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ သတင်းကောင်းကိုနားမထောင်သောသူတို့ကို . . . ဒဏ်ပေးတော်မူသော” ယေဟောဝါ၏နေ့ကြီးဖြစ်မည်။ (၂ သက်သာလောနိတ် ၁:၆-၈) ယင်းသည် မည်မျှနီးကပ်နေပြီနည်း။ ဟောပြောသူက ဤသို့ဆိုသည်– “အဆုံးနီးပြီ! ထိုအချိန်နာရီကို ယေဟောဝါသိတော်မူသည်။ ကိုယ်တော်၏ အချိန်ဇယားကို ပြောင်းလဲတော်မူလိမ့်မည်မဟုတ်။ စိတ်ရှည်ရှည်နှင့်သည်းခံနေကြရန် ကျွန်ုပ်တို့အားတိုက်တွန်းထားသည်။”

နှစ်ရက်ပင်ကုန်လွန်သွားပြီဖြစ်ကြောင်းကို မယုံနိုင်ဖွယ်ဖြစ်ရသည်။ နောက်ဆုံးနေ့ရက်ကား မည်သို့ဖြစ်မည်နည်း။

“ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့”

တတိယနေ့အဓိကခေါင်းစဉ်သည် ဗျာဒိတ် ၁၄:၇ ကိုအခြေခံသည်။ နံနက်ပိုင်းအစီအစဉ်တွင် အခြားဘာသာရေးအဖွဲ့အစည်းများနှင့် ယေဟောဝါသက်သေများကို သီးခြားဖြစ်စေသည့် အယူဝါဒအချို့ကို ဆက်တိုက်ဟောပြောချက်အချို့က ဖော်ပြသည်။

“ဖြောင့်မတ်သောသူ၏ထမြောက်ခြင်းရှိလိမ့်မည်” ဟောပြောချက်တွင် ဟောပြောသူက စိတ်ဝင်စားဖွယ်မေးခွန်းတစ်ခုကို မေးမြန်းခဲ့သည်– “ထိုအနှစ်တစ်ထောင်တရားစီရင်ရာနေ့တွင် စာတန့်အစီအစဉ်စနစ်၏ ဤနောက်ဆုံးကာလ၌ သစ္စာရှိစွာသေဆုံးခဲ့ကြသူများ မည်သည့်အချိန်တွင် ထမြောက်ကြမည်နည်း။ အဖြေကားအဘယ်နည်း။ “ယင်းကို သမ္မာကျမ်းစာမပြောထားပါ။ သို့သော် ကျွန်ုပ်တို့ခေတ်တွင် သေဆုံးသူများသည် တရားစီရင်ရာနေ့အတွင်းဖြစ်မြောက်မည့် ကြီးမားသည့်ပညာပေးလုပ်ငန်းတွင် အာမဂေဒုန်ကပ်ကျော်သူများနှင့်အတူပါဝင်ရန် ဦးစွာထမြောက်ခံရမည်ဟူသည် ဆင်ခြင်တုံတရားနှင့်မညီညွတ်ပေလော။ အမှန်ပင်ညီညွတ်ပါသည်တကား!” ဟုရှင်းပြသည်။ ကပ်ကျော်မည့်သူများ ရှိမည်လော။ အမှန်ရှိမည်။ နောက်ဟောပြောချက်ဖြစ်သည့် “ကြီးစွာသောဒုက္ခတစ်လျှောက် အရှင်လတ်လတ်ကယ်တင်ခံရခြင်း” အကြောင်းတွင် ယင်းကိုကျမ်းစာသွန်သင်ချက်များနှင့် ပုံဥပမာများအားဖြင့် အတိအကျရှင်းပြပေးသည်။

သမ္မာကျမ်းစာသည် အကျိုးရလဒ်နှစ်ခုကိုကမ်းလှမ်းထားကြောင်း ယေဟောဝါသက်သေများ သဘောပေါက်ခဲ့သည်မှာ အချိန်ကြာမြင့်ပေပြီ။ တစ်ခုကား အရေအတွက်အကန့်အသတ်မရှိ သန်းပေါင်းများစွာသောသူများအတွက် ပရဒိသုကမ္ဘာပေါ်ထာဝရအသက်ဖြစ်၍ အခြားတစ်ခုမှာ ခရစ်တော်၏နိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူဘုန်းဝင်စားမည့် အရေအတွက်အကန့်အသတ်ရှိ မသေနိုင်သောကောင်းကင်အသက်တာရသူများဖြစ်သည်။ ကောင်းကင်မျှော်လင့်ချက်အကြောင်းကို “သိုးစုငယ်၊ မကြောက်ကြနှင့်” ဟူသော ဟောပြောချက်တွင် ဆွေးနွေးထားပါသည်။ (လုကာ ၁၂:၃၂) လက်ရှိကမ္ဘာ့အခြေအနေအရ သိုးစုငယ်သည် ကြောက်ရွံ့ခြင်းနှင့်ကင်းရမည်။ သူတို့တစ်ဦးစီသည် အဆုံးထိတိုင်ခံရပ်သွားရမည်။ (လုကာ ၂၁:၁၉) သူတို့၏အကြောက်အရွံ့ကင်းခြင်းက လူအုပ်ကြီးတွင်ပါဝင်သူများအား အားပေးမှုဖြစ်စေသည်။ သူတို့သည်လည်း မြေကြီးတွင်တစ်ခါမျှမကြုံဖူးသော အကြီးမားဆုံးဘေးဒုက္ခကာလအတွင်း လွတ်မြောက်မှုကိုမျှော်မှန်းရင်း ကြောက်ရွံ့ခြင်းကင်းသည့်သဘောထားကို ပြုစုပျိုးထောင်သွားသင့်သည်” ဟုဟောပြောသူပြောသည်။

နံနက်ပိုင်းအစီအစဉ်၏နိဂုံးတွင် ပရိသတ်သည် သင်ရင်ဆိုင်ရသည့်ရွေးချယ်စရာများ ကျမ်းစာပြဇာတ်ကို အားရဝမ်းသာရှုစားကြသည်။ ယောရှုခေတ်နှင့် ပရောဖက်ဧလိယခေတ်တွင် ဣသရေလလူမျိုးသည် မဖြစ်မနေရွေးချယ်ရသည့်အရာရှိသည်။ ဧလိယက “သင်တို့သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ်လုံး ယုံမှားသောစိတ်နှင့်နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည်ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်းကပ်ကြလော့။ ဗာလသည်ဘုရားသခင်မှန်လျှင် ထိုဘုရားကိုဆည်းကပ်ကြလော့။” (၃ ဓမ္မရာဇဝင် ၁၈:၂၁) ယနေ့လည်း လူတို့သည်မဖြစ်မနေရွေးချယ်ရမည့်အရာရှိသည်။ ဤအချိန်သည် အယူအဆနှစ်ခုစပ်ကြားမှာ ယုံမှားစိတ်ဖြစ်နေရမည့်အချိန်မဟုတ်ပါ။ မှန်ကန်စွာရွေးချယ်ရာကား အဘယ်နည်း။ ရှေးခေတ်ကယောရှုပြုခဲ့သောရွေးချယ်မှုဖြစ်သည်။ သူက “ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာဝတ်ပြုမည်” ဟုဆို၏။—ယောရှု ၂၄:၁၅။

ဤတွင် တနင်္ဂနွေနေ့မွန်းလွဲပိုင်းသို့ ရုတ်တရက်ရောက်နေဘိသကဲ့သို့ဖြစ်သည်။ “အဘယ်ကြောင့်စစ်မှန်သောဘုရားကို ယခုကြောက်ရွံ့ရန်လို” ခေါင်းစဉ်ရှိ လူထုဟောပြောချက်ကို ကြားနာရတော့မည်။ ဗျာဒိတ် ၁၄:၆၊ ၇ တွင်လူသားအပေါင်း ဤသို့တိုက်တွန်းခံရသည်– “ဘုရားသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့။” ယခုဘုရားသခင်ကိုကြောက်ရွံ့ရန် အဘယ်ကြောင့်အရေးကြီးသနည်း။ ကျမ်းချက်ကဆက်လက်ထောက်ပြသည့်အတိုင်း “တရားစီရင်တော်မူသောအချိန်ရောက်လာပြီ” ဖြစ်သောကြောင့်တည်း။ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် ယခုနန်းထိုင်နေတော်မူသောသားတော်အားဖြင့် ယေဟောဝါသည် လက်ရှိသန့်ရှင်းမှုကင်းမဲ့၍ ပုန်ကန်ထကြွသောအစီအစဉ်စနစ်ကို အဆုံးစီရင်တော်မူမည်။ ဤနည်းတစ်နည်းတည်းအားဖြင့်သာလျှင် ဘုရားသခင်ကိုကြောက်ရွံ့သူများ သက်သာရာရကြပြီး ကျွန်ုပ်တို့ကမ္ဘာမြေကြီးကိုထိန်းသိမ်းစောင့်ရှောက်ထားနိုင်မည်။ ကျွန်ုပ်တို့အချိန်အခါသည် ဤအစီအစဉ်စနစ်၏နိဂုံးချုပ်ပိုင်းဖြစ်သောကြောင့် စစ်မှန်သောဘုရားသခင်ကို ယခုပင်ကြောက်ရွံ့ကြရန်အရေးကြီးပေသည်!

ထိုအပတ်အတွက် ကင်းမျှော်စင်အကျဉ်းချုပ်ကိုကြားနာရပြီးနောက် နောက်ဆုံးဟောပြောချက်ကိုနားထောင်ရန်အချိန်ရောက်လာသည်။ စည်းဝေးပွဲကြီးအစီအစဉ်၏အကျိုးကျေးဇူးကြောင့် စည်းဝေးပွဲကြီးတက်ရောက်သူများအတွက် ဘုရားရေးရာကြောက်ရွံ့ခြင်းသည် ပိုမိုအဓိပ္ပာယ်ရှိလာကြောင်းသူကရှင်းပြသည်။ ဘုရားသခင်ကိုကြောက်ရွံ့သူများခံစားရသည့်အကျိုးကျေးဇူးများကို သူအလေးအနက်ဖော်ပြပါသည်။ မြင့်မြတ်သောသွန်သင်ခြင်းအားဖြင့်စည်းလုံးခြင်း ဗီဒီယိုခွေအသစ်တစ်ခုကိုထုတ်ဝေကြောင်းလည်း ကြေညာပေးပါသည်။ ၁၉၉၃-၉၄ “မြင့်မြတ်သောသွန်သင်ခြင်း” အပြည်ပြည်ဆိုင်ရာစည်းဝေးပွဲကြီးများ၏ ထူးခြားသောအဖြစ်အပျက်များကို ယင်းကတင်ပြသည်။ ဟောပြောချက်နိဂုံးတိုင်ခါနီးတွင် များစွာသောသူတို့က ‘နောက်နှစ်အတွက် ဘာကိုစောင့်မျှော်နိုင်မလဲ’ ဟုစဉ်းစားနေကြသည်။ သုံးရက်ကြာခရိုင်စည်းဝေးပွဲများကို နေရာအသီးသီးတွင် ကျင်းပပါမည်။

နိဂုံးတွင် ဟောပြောသူက ဤသို့ဆိုသော မာလခိ ၃:၁၆ ကိုညွှန်းသည်– “ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်၍ပြောဆိုကြ၏။ ထာဝရဘုရားသည်လည်း နားထောင်၍ကြားတော်မူ၏။ ထာဝရဘုရားကိုကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။” စည်းဝေးပွဲကြီးကိုလာကြသူများသည် ယေဟောဝါ၏နာမကိုထောက်ပြီး ဘုရားရေးရာကြောက်ရွံ့ခြင်းဖြင့် ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်မည်ဟု ပြတ်ပြတ်သားသားဆုံးဖြတ်ကာ ပြန်သွားကြလေသည်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

နှစ်ခြင်းခံမည့်သူများသည် ဘုရားရေးရာကြောက်ရွံ့ခြင်းကို ဆက်တင်ပြနေဖို့လို

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

“သင်ရင်ဆိုင်ရသည့် ရွေးချယ်စရာများ” ပြဇာတ်က ယေဟောဝါ၏အမှုတော်ဆောင်ရာ၌ ပြတ်သားဖို့လိုကြောင်းကို နားထောင်သူတို့စွဲမှတ်သွားကြသည်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

“သင်ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသည့်အခါ” [လိပ်] ဘရိုရှာအသစ်ကိုရရှိခဲ့ကြ၍ စည်းဝေးပွဲလာသူများ ဝမ်းသာအားရနေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ