ရင့်သန်ခြင်းသို့တိုးတက်သွားရန် ကျွန်တော်၏ဆုံးဖြတ်ချက်
ကားလ် ဒတ်ကွတ်ပြောပြသည်
၁၉၄၈ ခုနှစ် ဇွန် ၁၅ ရက်ထုတ် ကင်းမျှော်စင်ပါဆောင်းပါး၏ ခေါင်းစဉ်မှာ “တိုး၍ရင့်သန်နေရန်လော၊ အပြစ်သို့ ဒုံရင်းပြန်ရန်လော၊ မည်သည့်အရာနည်း” ဖြစ်သည်။ ဤဆောင်းပါးသည် ကျွန်တော့်အား အမေရိကန်ယာမြေရှိ ဝိညာဏအန္တရာယ်ထဲမှ ၄၃ နှစ်ကျော် ခရီးဆန့်ခဲ့သည့် တောင်အမေရိက သာသနာပြု တစ်သက်လျာလုပ်ငန်းသို့ ယက်ထုတ်ပေးခဲ့သည်။
၁၉၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ကျွန်တော့်ကို မွေးချင်းသားလေးယောက်ထဲက သုံးယောက်မြောက်အဖြစ် မင်နီစိုတာပြည်နယ် ဗားဂက်စ်မြို့ရှိ သစ်လုံးအိမ်လေးမှာ မွေးဖွားခဲ့တယ်။ ကျွန်တော့်ရဲ့ ငယ်ရွယ်စဉ်နှစ်များဟာ နှစ်ခြိုက်ပျော်ရွှင်စရာပါ။ အဖေနဲ့ ငါးသွားမျှားတာကို သတိရတယ်။ ဒါပေမဲ့ အမေက ခဏခဏဖျားနေတာကြောင့် အမေ့ရဲ့အိမ်ဗာဟီရအလုပ်တွေလုပ်ပေးဖို့ ပဉ္စမတန်းအရောက်မှာ ကျောင်းထွက်လိုက်ရတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော့်အသက်ဟာ ၁၃ နှစ်ရှိပြီး အမေ့မှာ အဆုတ်ကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရတယ်။
အမေဟာ ကြာကြာနေရတော့မှာမဟုတ်ဘူးဆိုတာကို သိတဲ့အတွက်ကြောင့် သူမရဲ့နေရာမှာ တာဝန်ယူလုပ်ဆောင်ဖို့ ကျွန်တော့်ကို စပြီးလေ့ကျင့်ပေးနေပါတယ်။ မီးဖိုချောင်ထဲမှာထိုင်ပြီး ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ ကျွန်တော့်ကို နည်းပေးလမ်းညွှန်ပါတယ်။ ဒါ့အပြင် အမေဟာ ကျွန်တော့်ကို အဝတ်လျှော်ဖို့၊ ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ကြက်အကောင် တစ်ရာကို ကြည့်ရှုဖို့ သင်ပေးခဲ့ပါတယ်။ အမေက ကျွန်တော်ကို ကျမ်းစာအခန်းကြီးတစ်ခန်း နေ့စဉ်ဖတ်ဖို့အားပေးပါတယ်။ ကျွန်တော့်မှာ စာဖတ်စွမ်းရည်အနည်းအကျဉ်းသာရှိပေမဲ့လည်း ကျွန်တော်ဖတ်ခဲ့ပါတယ်။ ဆယ်လလေ့ကျင့်ပေးပြီးတဲ့နောက် ၁၉၂၈ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်မှာ အမေဆုံးသွားပါတယ်။
စစ်က ကျွန်တော်တို့ရဲ့အသက်တာကို ပြောင်းလဲပေး
၁၉၃၉ ခုနှစ်၊ စက်တင်ဘာလမှာ ဒုတိယကမ္ဘာစစ်စတဲ့နောက် ကျွန်တော်တို့ရဲ့ လူသရင်ချာ့ချ်မှာ တနင်္ဂနွေနေ့တိုင်း စစ်သည်များအတွက် ဆုတောင်းပေးကြပါတယ်။ ကျွန်တော့်ရဲ့အကို ဖရန့်ခ်ဟာ သတ်ဖြတ်မှုမလုပ်ဖို့ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် စစ်မှုထမ်းတိုက်ခိုက်ခြင်းကို ငြင်းဆန်တော့ ဖမ်းချုပ်ခံခဲ့ရပါတယ်။ သူကိုစစ်ဆေးတော့ သူက ခုလိုပြောခဲ့တယ်– “အပြစ်မဲ့တဲ့လူတွေကို ငါမသတ်ခင် ငါ့ကို ပစ်သတ်နိုင်တယ်!” ဝါရှင်တန်ပြည်နယ်ရဲ့ ကမ်းခြေအနီးမှာရှိတဲ့ မက်ခ်နီးလ်ကျွန်းမှာ သူထောင်တစ်နှစ်ကျသွားတယ်။
အဲ့ဒီနေရာမှာ စစ်ပွဲကာလအတွင်း ခိုင်ခိုင်မာမာကြားနေတဲ့အတွက်ကြောင့် ထောင်ချခံရတဲ့ ယေဟောဝါသက်သေ ၃၀၀ ကျော်ကို ဖရန့်ခ် တွေ့ခဲ့တယ်။ (ဟေရှာယ ၂:၄; ယောဟန် ၁၇:၁၆) မကြာခင်မှာပဲ သူတို့နဲ့စပြီးတော့ပေါင်းသင်းလာပြီး ထောင်ထဲမှာတင် နှစ်ခြင်းခံခဲ့ပါတယ်။ အမူအကျင့်ကောင်းကြောင့် သူ့ထောင်ဒဏ်ကိုးလထိ လျော့ချခံရတယ်။ ၁၉၄၂ နိုဝင်ဘာမှာ ဖရန့်ခ်ထောင်ကနေလွတ်ပြီဆိုတဲ့ သတင်းရရှိပြီးမကြာခင်မှာ ဘုရားသခင့်နိုင်ငံတော်သတင်းအကြောင်း ကျွန်တော်တို့ကို သူပြောပြခဲ့တယ်။ အဲ့ဒီသတင်းတရားကို ကျမ်းစာနဲ့အသေအချာစစ်ဆေးပြီးတဲ့နောက် ဖရန့်ခ်သင်ပေးခဲ့တဲ့အရာဟာ သမ္မာတရားဖြစ်ကြောင်း ကျွန်တော်တို့အားလုံး သဘောပေါက်နိုင်ခဲ့ပါတယ်။
ဝိညာဉ်ရေးတိုးတက်ရန် အတားအဆီးများ
၁၉၄၄ ခုနှစ်မှာ မွန်တားနားပြည်နယ်၊ မော်လ်တာမြို့ရဲ့ ဒေသမှာ ဦးလေးနဲ့အတူနေဖို့ ကျွန်တော်ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးဟာ ခြောက်လလောက်အိမ်ထောင်ကျပြီး ဇနီးများက စွန့်သွားကြတဲ့ ဘဝတူတွေပါပဲ။ ယာခင်းလုပ်ငန်းနဲ့ချက်ပြုတ်ရေးမှာ သူ့အတွက်ကူဖော်လောင်ဖက်အဖြစ် ကျွန်တော်လာနေမှာကို ဦးလေးက သိပ်ဝမ်းသာပါတယ်။ အမြတ်အစွန်းတစ်ယောက်တစ်ဝက်စီ ခံစားကြပါတယ်။ ဦးလေးက ကျွန်တော်သာ သူနဲ့အတူနေမယ်ဆိုရင် သူရဲ့ယာမြေ ၆၄၀ ဧကကိုအမွေပေးမယ်လို့ ပြောတယ်။ ယာခင်းလုပ်ငန်းဟာ ခေတ်ထနေတဲ့နှစ်တွေဖြစ်တာကြောင့် ကျွန်တော်သိပ်ကိုပီတိဖြာသွားခဲ့တယ်! ကျွန်တော်တို့ဟာ နှစ်တိုင်းသီးနှံအလျှံပယ်ရပြီး ဂျုံနှစ်ပုံး [တစ်တင်း] ကို ဒေါ်လာ ၃.၁၆ လောက်တောင်ရောင်းရပါတယ်။
ဒါပေမဲ့ ဦးလေးက မောလ်တာမှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ အသင်းတော်လေးမှာ စည်းဝေးတက်တာကို မကြိုက်ဘူး။ ၁၉၄၇ ခုနှစ်၊ ဇွန်လမှာ ဦးလေးကို အသိမပေးဘဲ ဝေါ့ဖ်ပွိုင့်မြို့မှာကျင်းပတဲ့ ယေဟောဝါသက်သေများရဲ့ တိုက်နယ်စည်းဝေးမှာ နှစ်ခြင်းခံခဲ့ပါတယ်။ အဲ့ဒီမှာ ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကို ရှေ့ဆောင် (ဝါ) အချိန်ပြည့်ဓမ္မအမှုဆောင်ဖြစ်ဖို့ ခေါ်ဖိတ်တယ်။ ကျွန်တော့်စိတ်ထဲမှာ အဲ့လိုလမ်းစဉ်အတိုင်း ကျွန်တော့်ဘဝကို အသုံးချချင်ပေမဲ့လည်း ဓမ္မအမှုမှာ ဒီလောက်အချိန်များများပေးဖို့ ဦးလေးကခွင့်ပြုမှာမဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ်။
အဲ့ဒီနောက်သိပ်မကြာခင်မှာ မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ယောက်ဖြစ်လာဖို့ တိုက်တွန်းတဲ့ ကျွန်တော့်ဆီ လိပ်မူထားတဲ့စာကို ဦးလေးက ဖောက်ဖတ်လိုက်ပါလေရော။ ဒေါသူပုန်ထပြီး ဦးလေးက ကျွန်တော့်ကို ရာဇသံပေးခဲ့တယ်—ဟောပြောခြင်းကို ရပ်တန်းကရပ်မလား၊ ထွက်သွားမလား။ အဲ့ဒီရာဇသံဟာ ကောင်းတဲ့အခြင်းအရာဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ လယ်ယာလုပ်ငန်းကို ကျွန်တော်အလွန်ခုံမင်တဲ့အတွက် ကိုယ့်ဘာသာကိုယ် ဘယ်လိုလုပ်ပြီး ထွက်ရမလဲဆိုတာ မသိလို့ပါပဲ။ ဒါ့ကြောင့် မင်နီစိုတာမှာရှိတဲ့ ကျွန်တော့်မိသားစုဆီကို ပြန်လာတော့ အခုသူတို့အားလုံးဟာ နှစ်ခြင်းခံပြီးကြပြီး ဒက်ထရော့ လိပ်ခ်စ်အသင်းတော်နဲ့ ပူးပေါင်းနေပါတယ်။
အစမှာတော့ ကျွန်တော့်မိသားစုဟာ ကျွန်တော့်ကို ရှေ့ဆောင်လုပ်ဖို့ အားပေးခဲ့ပေမဲ့လည်း ၁၉၄၈ ခုနှစ်ရောက်တဲ့အခါ သူတို့ဟာ ဝိညာဉ်ရေးမှာ စပြီးအေးတိအေးစက်ဖြစ်လာတယ်။ အဲ့ဒီအခါမှာ “ရင့်သန်ခြင်းသို့တိုးတက်သွားရန်လော၊ အပြစ်သို့ဒုံရင်းပြန်ရန်လော၊ မည်သည့်အရာနည်း” ဆိုတဲ့ဆောင်းပါးက ကျွန်တော်လိုအပ်နေတဲ့ ဝိညာဏတွန်းအားကို ပေးခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးက “တိုး၍သိလာသောအသိပညာနှင့်အညီ အမီလိုက်ရန် ဇွတ်တရွတ်ငြင်းဆန်လျှင် အလွန်ကြေကွဲဖွယ်ဆိုးကျိုးများ ကျိန်းသေလိုက်ပါလာမည်” ဖြစ်ကြောင်းသတိပေးတယ်။ အဲ့ဒီဆောင်းပါးက ဒီလိုပြောထားပါတယ်– “ကျွန်ုပ်တို့သည် ဆက်ရပ်နေပြီး နောက်ကျန်ခဲ့၍ မဖြစ်နိုင်ဘဲ ဖြောင့်မတ်ခြင်းတရားတွင် တဖြည်းဖြည်းတိုးတက်နေရမည်။ မရပ်တန့်ဘဲ တဖြည်းဖြည်းတိုးတက်မှုသည် ဒုံရင်းပြန်မှုကို ဆန့်ကျင်ရန် အကြီးမားဆုံးတန်ပြန်စွမ်းအားဖြစ်သည်။”
ကျွန်တော့်မိသားစုဟာ အခြားဆင်ခြေဆင်လက်များကို ပေးခဲ့ပေမဲ့ သူတို့ရဲ့ချမ်းသာကြွယ်ဝလိုတဲ့ဆန္ဒဟာ တကယ့်အရေးဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဟာ ယာမြေလုပ်ငန်းမှာ အချိန်များများပေးခြင်းကနေရတဲ့ အကျိုးအမြတ်တွေကို တွေ့မြင်နိုင်ပြီး ဟောပြောခြင်းမှာ လျော့နည်းလာတယ်။ ကျွန်တော်ဟာ ကြွယ်ဝလိုစိတ်ရဲ့ညွှတ်ဖမ်းခြင်းကို သက်ဆင်းခံမယ့်အစား ရှေ့ဆောင်ဖို့ပန်းတိုင်ချမှတ်ခဲ့တယ်။ ဒါဟာလွယ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒီအပြင် အဲဒါကိုလုပ်နိုင်မှာမဟုတ်ဘူးလို့တောင် ထင်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၄၈ ခုနှစ်မှာ နှစ်ရဲ့အဆိုးရွားဆုံးအချိန်ဖြစ်တဲ့ ဒီဇင်ဘာလမှာ ရှေ့ဆောင်လုပ်ငန်းကို ရည်ရွယ်ချက်ရှိရှိစတင်လုပ်ဆောင်ပြီး ကျွန်တော့်ကိုယ်ကို စမ်းကြည့်ခဲ့တယ်။
ရှေ့ဆောင်လုပ်ငန်းတော်ကို လက်ခံခြင်း
ယေဟောဝါဟာ ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုကို ကောင်းချီးပေးပါတယ်။ ဥပမာ တစ်နေ့မှာလေအေးတိုက်တာကို ထည့်မတွက်ရင်တောင် သုညအောက် ၁၇ ဒီဂရီဖာရင်ဟိုက်ရှိတယ်။ ကျွန်တော့်ရဲ့ လုပ်နေကျလမ်းဘေးသက်သေခံခြင်းကိုလုပ်နေပြီး အကြိမ်ကြိမ်လက်ပြောင်းပေးရတယ်—အေးနေတဲ့လက်တစ်ဖက်ကို အိတ်ကပ်မှာထည့်ထားစဉ်မှာ၊ တခြားလက်တစ်ဖက်က အေးတောင့်လာတဲ့အထိ မဂ္ဂဇင်းကိုကိုင်ထားပြီး ပြောင်းဖို့တန်ရင် အိတ်ထဲထည့်တဲ့လက်ကို ပြန်ပြောင်းတယ်။ လူတစ်ယောက်ချဉ်းလာတယ်။ အချိန်အတန်ကြာ ကျွန်တော်ရဲ့လုပ်ဆောင်မှုကို သတိပြုမိပြီး ခုလိုသူကမေးတယ်– “ဒီလောက်အရေးပါရအောင် ဒီမဂ္ဂဇင်းတွေထဲမှာ ဘာတွေပါလို့လဲ။ ဒါတွေကို ကျွန်တော်ဖတ်နိုင်အောင် ကျွန်တော့်ကို အဲ့ဒီနှစ်အုပ်ပေးပါလား။”
အဲ့ဒီအချိန်မှာ ကျွန်တော့်မိသားစုနဲ့ပူးပေါင်းနေခြင်းဟာ ကျွန်တော့်ရဲ့ဝိညာဉ်ရေးကို အန္တရာယ်ပြုနေတယ်ဆိုတာ မြင်လာတယ်၊ ဒါကြောင့် ကင်းမျှော်စင်အသင်းဆီကို တောင်းဆိုတော့ မွန်တားနားပြည်နယ် မိုင်းလ်ဇ်စီးတီးမြို့မှာ တာဝန်အသစ်ရရှိခဲ့ပါတယ်။ အဲ့ဒီမှာ အခုဦးစီးကြီးကြပ်မှူးလို့ သိတဲ့ လုပ်ဖော်ကိုင်ဖက်စု အမှုထမ်းအဖြစ် ထမ်းဆောင်ပါတယ်။ ခုနစ်ပေ × ဆယ်ပေ နောက်တွဲယာဉ်တွင် နေရပြီး အခြောက်လျှော်လုပ်ငန်းမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ကိုယ့်ကိုယ်ကိုထောက်ပံ့ခဲ့ရတယ်။ တစ်ခါတလေမှာ ကျွန်တော်အနှစ်သက်အခုံမင်ဆုံးအလုပ်—ရိတ်သိမ်းခြင်းမှာ အငှားလိုက်တယ်။
အဲ့ဒီအချိန်အတောအတွင်းမှာ ကျွန်တော့်မိသားစုရဲ့ ဝိညာဉ်ရေးအခြေအနေဟာ သိပ်ကိုဆိုးရွားလာကြောင်း ကြားနေရပါတယ်။ နောက်ဆုံးမှာ သူတို့အပြင် ဒက်ထရော့ လိပ်ခ်စ်အသင်းတော်မှာရှိတဲ့ အခြားသူများလည်း ယေဟောဝါအဖွဲ့အစည်းကို ဆန့်ကျင်တဲ့သူတွေဖြစ်လာတယ်။ အဲ့ဒီအသင်းတော်မှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၇ ယောက်အနက်က ၇ ယောက်ပဲ သစ္စာရှိရှိကျန်ရစ်တယ်။ ကျွန်တော်ရဲ့မိသားစုဟာ ကျွန်တော့်ကိုပါ ယေဟောဝါရဲ့အဖွဲ့အစည်းထဲကနေ ဆွဲထုတ်ဖို့ ဆုံးဖြတ်ထားကြတယ်၊ ဒါကြောင့် တစ်ခုတည်းသောဖြေရှင်းနည်းကတော့ ထပ်ဆင့်တိုးတက်လုပ်ဆောင်ဖို့ပဲ ဖြစ်တယ်ဆိုတာကို ကျွန်တော်သိမြင်လာတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ။
သာသနာပြုလုပ်ငန်းကို အမီလိုက်ခြင်း
၁၉၅၀ ပြည့်နှစ် နယူးယောက်မြို့ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးအတွင်းမှာ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာသင်တန်းကျောင်းရဲ့ ၁၅ ကြိမ်မြောက်သင်တန်းမှ ကျောင်းဆင်းသာသနာပြုတွေကို ကျွန်တော်တွေ့ခဲ့ပါတယ်။ ‘အိုး၊ ငါသာ တိုင်းတစ်ပါးမှာ ယေဟောဝါအမှုတော်ထမ်းဆောင်ကြမယ့်သူတို့အထဲမှာ ပါဝင်နိုင်မယ်ဆိုရင်’ လို့ တွေးခဲ့မိတယ်။
ကျွန်တော် လျှောက်လွှာတင်လိုက်ရာ ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလမှာ အစပြုမဲ့ ၁၇ ကြိမ်မြောက် ဂိလဒ်ကျောင်းသားတစ်ယောက်အဖြစ် လက်ခံခဲ့ပါတယ်။ နယူးယောက်မြို့ရဲ့ အထက်ပိုင်းယာမြေပေါ်မှာရှိတဲ့ ကျောင်းရဲ့တည်နေရာဟာ လှပတယ်။ သင်တန်းအချိန်ပြီးသွားတဲ့အခါ နွားတင်းကုပ်မှာဖြစ်ဖြစ်၊ အပြင်ဘက် သီးနှံခင်းထဲမှာဖြစ်ဖြစ် သိပ်အလုပ်လုပ်ချင်တာပဲ! ဒါပေမဲ့ အဲ့ဒီအချိန်မှာ နိုင်ငံတော်ယာခင်းရဲ့ ဦးစီးကြီးကြပ်မှူးဖြစ်တဲ့ ဂျွန်ဘုသ်က ကျွန်တော်ဟာ အခြောက်လျှော်လုပ်ငန်းမှာ အတွေ့အကြုံရှိတဲ့ တစ်ဦးတည်းသောသူဖြစ်ကြောင်း ရှင်းပြပါတယ်။ ဒါကြောင့် အဲ့ဒီအလုပ်မှာလုပ်ဖို့ ကျွန်တော်ကို တာဝန်ပေးခဲ့ပါတယ်။
ဂိလဒ်ကျောင်းဟာ ပဉ္စမတန်းလောက်သာ ပညာအရည်အချင်းရှိတဲ့ သူတစ်ယောက်အတွက် မလွယ်ဘူး။ ည ၁၀:၃၀ နာရီဆို မီးပိတ်ရပေမဲ့ ကျွန်တော်ဟာ မကြာခဏဆိုသလိုပဲ ညသန်းခေါင်အထိ လေ့လာခဲ့တယ်။ တစ်နေ့မှာ သွန်သင်သူတစ်ယောက်က ကျွန်တော့်ကို သူရဲ့ရုံးခန်းမှာ ခေါ်လိုက်တယ်။ “ကားလ်၊ မင်းရဲ့ပညာရေးအဆင့်ဟာ သိပ်မကောင်းဘူးဆိုတာကို ငါသိနိုင်ပါတယ်” ဆိုပြီး သူကပြောတယ်။
‘အိုး၊ အဲ့လိုတော့မလုပ်လိုက်ပါနဲ့၊ ကျွန်တော့်ကို ကျောင်းထွက်ဖို့ သူတို့ပြောကြတော့မှာဘဲ’ ဆိုပြီး ကျွန်တော်ဘာသာ တွေးလိုက်မိတယ်။
ဒါပေမဲ့ သွန်သင်သူက လေ့လာမှုကို သိပ်အချိန်နောက်ကျတဲ့အထိမလုပ်ဘဲ ကိုယ်ရဲ့အချိန်ကို ဘယ်လိုအကောင်းဆုံးအသုံးပြုနိုင်မလဲဆိုတဲ့ သွန်သင်ချက်တချို့ကို မေတ္တာရှိရှိ သွန်သင်ပေးခဲ့ပါတယ်။ ကျွန်တော်ကြောက်ကြောက်နဲ့ ဒီလိုမေးလိုက်တယ်– “ကျွန်တော် ဒီဂိလဒ်ကျောင်းမှာ ဆက်ပြီးနေနိုင်ဖို့ ရှိရဲ့လား။”
“အိုး၊ နေနိုင်ဖို့ရှိပါတယ်” လို့သူပြန်ဖြေပါတယ်။ “ဒါပေမဲ့ ဒီပလိုမာအတွက် အဆင့်မီမမီတော့ ငါမသိဘူး။”
ကျွန်တော်ဟာ ကျောင်းအုပ်ဖြစ်တဲ့ နေသန် အိပ်ချ်. နောရ်ရဲ့စကားကနေ သက်သာမှုရခဲ့ပါတယ်။ အဆင့်ကောင်းတဲ့သူတွေဟာ မိမိတို့ရဲ့တာဝန်တွေမှာ “စွဲစွဲမြဲမြဲတွယ်ကပ်” ထမ်းဆောင်နေကြတဲ့ သာသနာပြုတွေလောက် သူ့ကိုစွဲမှတ်စရာမဖြစ်စေခဲ့ဘူးလို့ စောစောပိုင်းမှာ သင်တန်းသားတွေကို ပြောခဲ့ပါတယ်။
ကျွန်တော့်အတွက် အဆိုးဆုံးဘာသာရပ်ကတော့ စပိန်ဘာသာစကားဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ နေရင်းအရပ်မှာ ကျင့်သားရထားတဲ့ အအေးပိုင်းဒေသဖြစ်တဲ့ အလာစကာမှာ တာဝန်ရမယ်လို့ဘဲ မျှော်လင့်နေတယ်။ ဒါ့အပြင် အင်္ဂလိပ်လိုလဲ ဟောနိုင်မယ်လေ။ သင်တန်းကာလ တစ်ဝက်မှာ တောင်အမေရိကမှာရှိတဲ့ အီကွေဒေါနိုင်ငံကို သွားဖို့ကျွန်တော့်ကို တာဝန်ပေးလိုက်တဲ့အခါ ကျွန်တော်ဘယ်လောက် အံ့သြမိန်းမောသွားမလဲဆိုဒါ တွေးကြည့်နိုင်တယ်ဗျာ။ ဟုတ်တယ်၊ ကျွန်တော်စပိန်စကား တတ်ဖို့လိုမယ်၊ ပြီးတော့ အဲ့ဒီနေရာက အရမ်းပူတဲ့ အီကွေတာပေါ်မှာရှိတာ!
တစ်နေ့မှာ အက်ဖ်ဘီအိုင်ကိုယ်စားလှယ်တစ်ယောက် ဂိလဒ်ကျောင်းမှာရှိတဲ့ ကျွန်တော့်ဆီကို လာလည်တယ်။ သူက ဒက်ထရော့ လိပ်ခ်စ်မှာရှိတဲ့ ကျွန်တော်တို့ရဲ့အသင်းတော်ကနေထွက်သွားတဲ့ လုပ်ဖော်ကိုင်ဖက်စု အမှုထမ်းရဲ့သားအကြောင်း မေးတယ်။ ကိုရီးယားစစ်ပွဲဟာ အသင့်ပြင်နေတော့ ဒီလူငယ်က သူဟာ ယေဟောဝါသက်သေများရဲ့ ဓမ္မအမှုဆောင်တစ်ယောက်ပါလို့ ပြောတဲ့အတွက်ကြောင့် စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခဲ့တယ်။ သူဟာယေဟောဝါသက်သေတစ်ယောက် မဟုတ်တော့ကြောင်း ကျွန်တော်ရှင်းပြခဲ့တယ်။ ကိုယ်စားလှယ်က ကျွန်တော့်ကို နှုတ်ဆက်ပြီးတော့ ဒီလိုပြောသွားပါတယ်– “ခင်ဗျားရဲ့ဘုရားသခင်ဟာ ခင်ဗျားရဲ့လုပ်ဆောင်မှုကို ကောင်းချီးပေးပါစေ။”
နောက်ပိုင်းမှာ ကျွန်တော်သိရတာကတော့ ဒီလူငယ်ဟာ ကိုရီးယားမှာဖြစ်တဲ့ သူ့ရဲပထမဆုံးတိုက်ပွဲမှာ အသတ်ခံလိုက်ရတယ်ဆိုဒါပါပဲ! ဘုရားသခင်ရဲ့အဖွဲ့အစည်းမှာ ရင့်သန်ခြင်းသို့တိုးတက်သွားနိုင်တဲ့ လူတစ်ယောက်အတွက် အလွန်ဝမ်းနည်းဖွယ်ရလဒ်ပါပဲ!
နောက်ဆုံးတော့ ၁၉၅၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ပျော်ရွှင်ဖွယ် ဘွဲ့နှင်းသဘင်နေ့ ရောက်လာပါတယ်။ တကယ်ဆိုရင် ကျွန်တော့်မိသားစုတစ်ယောက်မှ မရောက်ရှိနေပေမဲ့ ကျွန်တော်လုပ်ဆောင်ခဲ့တဲ့တိုးတက်မှုအတွက် ဒီပလိုမာကို ရရှိတဲ့အခါ ကျွန်တော်ရဲ့ပျော်ရွှင်မှုဟာ ပြည့်ဝခဲ့ပါတယ်။
တိုင်းတစ်ပါးလယ်ကွင်းနှင့်အညီ အလိုက်သင့် ပြုပြင်ခြင်း
တစ်ခါက ကျွန်တော်ရဲ့ခန့်အပ်နေရာမှာ အမေရဲ့လေ့ကျင့်ပေးမှုဟာ တကယ့်ကို အသုံးဝင်ကြောင်း တွေ့ရှိရပါတယ်။ အချက်အပြုတ်၊ လက်နဲ့လျှော်ဖွပ်၊ ရေသွယ်စနစ်မရှိတာတွေဟာ ကျွန်တော့်အတွက် အသစ်အဆန်းတွေမဟုတ်ခဲ့ဘူး။ ဒါပေမဲ့ စပိန်မှာဟောပြောရတာတော့ အသစ်အဆန်းပဲ! အချိန်တော်တော်ကြာကြာ စပိန်ဘာသာနဲ့ပုံနှိပ်ထားတဲ့ ဟောပြောချက်တစ်ခုကို အသုံးပြုခဲ့ရတယ်။ စပိန်စကားနဲ့ လူထုဟောပြောချက်ပေးနိုင်ဖို့ သုံးနှစ်လောက်အချိန်ယူခဲ့ရတယ်။ အဲ့ဒါတောင် အသေးစိတ် မှတ်စုမှတ်ရာတွေကို အသုံးပြုခဲ့ရတယ်။
၁၉၅၁ ခုနှစ် အီကွေဒေါကို ကျွန်တော်ရောက်တဲ့အချိန်မှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၂၀၀ လောက်တောင်မရှိဘူး။ ပထမ ၂၅ နှစ်လောက်မှာ တပည့်ဖြစ်စေခြင်းလုပ်ငန်းဟာ နှေးကွေးနေပုံရတယ်။ ကျွန်တော်တို့ရဲ့ကျမ်းစာသွန်သင်ပေးချက်တွေဟာ ကျမ်းစာနဲ့မညီတဲ့ ချာ့ချ်ဓလေ့ထုံးစံနဲ့ လုံးလုံးကွာခြားတာရယ်၊ ပြီးတော့ အိမ်ထောင်ဖက်တစ်ယောက်တည်းကို သစ္စာရှိမှုနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်တွေကို လက်ဆုပ်လက်ကိုင်ပြုထားတာတွေဟာ အထူးသဖြင့် အများကြိုက်မဟုတ်ဘူးလေ။—ဟေဗြဲ ၁၃:၄။
ဒါပေမဲ့လည်း ကျွန်တော်တို့ဟာ ကျမ်းစာစာပေအများအပြားကို ဝေငှနိုင်ခဲ့ပါတယ်။ ငှက်ပျောစိုက်ခင်းများရဲ့ အလယ်ဗဟိုမှာ တည်ရှိတဲ့မချာလာမြို့မှာ ထမ်းဆောင်ခဲ့တဲ့ ကျွန်တော့်ဓမ္မအမှုက အဲ့ဒါကိုတင်ပြပါတယ်။ နီကိုလတ်စ် ဝက်စလေနဲ့ကျွန်တော်ဟာ ၁၉၅၆ ခုနှစ်မှာ အဲ့ဒီကိုရောက်တုန်းက သက်သေခံဆိုလို့ ကျွန်တော်တို့ပဲရှိတယ်။ ကျွန်တော်တို့ဟာ အဝေးပြေးလမ်းပေါ်မှာသုံးဖို့ အဲ့ဒီအချိန်မှာပေါ်လာတဲ့ ပစ္စည်းသွန်ချထရပ်ကားနဲ့ မနက်စောစောထွက်လေ့ရှိတယ်။ သင့်တော်တဲ့အကွာအဝေးလောက်စီးပြီးတော့ ကားပေါ်ကနေဆင်းပြီး ကျွန်တော်တို့နေတဲ့နေရာကို ပြန်တဲ့လမ်းတစ်လျှောက်မှာရှိတဲ့လူတွေကို သက်သေခံတယ်။
နေ့တစ်နေ့မှာ နစ်ခ်နဲ့ ကျွန်တော်တို့ မှတ်တမ်းထားပြီးဘယ်သူကပိုပြီးမဂ္ဂဇင်းဝေရသလဲဆိုတာကြည့်ကြတယ်။ နေ့လယ်ရောက်တဲ့အခါ နစ်ခ်ကို ကျွန်တော်ကဦးဆောင်နေပေမဲ့ ညနေပိုင်းမှာကျတော့ တစ်ယောက်ကို ၁၁၄ စောင်စီဝေငှခဲ့ကြတယ်။ ကျွန်တော်တို့တစ်ဦးစီရဲ့ မဂ္ဂဇင်းလမ်းကြောင်းတွေမှာ ရာနဲ့ချီတဲ့ဂျာနယ်တွေကို လစဉ်ဝေငှကြတယ်။ တစ်လအတွင်း မဂ္ဂဇင်းတစ်ထောင်ကျော်ကို ခြောက်ကြိမ် ကျွန်တော်ဝေငှခဲ့တယ်။ အဲဒီမဂ္ဂဇင်းတွေကကနေ ကျမ်းစာသမ္မာတရားကို ဘယ်နှစ်ယောက်လေ့လာနိုင်ခဲ့မယ်ဆိုတာ စဉ်းစားကြည့်ပါတော့!
အီကွေဒေါမှာ ပထမဦးဆုံး ကိုယ်ပိုင်ဘုရားသခင့်နိုင်ငံတော်ခန်းမကို မချာလာမြို့မှာ ဆောက်လုပ်ခွင့်လည်း ကျွန်တော်တို့ရလိုက်ကြတယ်။ အဲ့ဒါဟာ လွန်ခဲ့တဲ့ ၃၅ နှစ်၊ ၁၉၆၀ ပြည့်နှစ်ကဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက စည်းဝေးတက်သူ ၁၅ ယောက်လောက်ပဲရှိသေးတယ်။ အခုဆိုရင် မချာလာမြို့မှာ တိုးပွားနေတဲ့အသင်းတော် ၁၁ ခုရှိနေပြီလေ!
အမေရိကန်သို့ အလည်အပတ်
၁၉၇၀ ပြည့်လွန်နှစ် နှောင်းပိုင်းမှာ ခွင့်ယူပြီး အမေရိကန်ကိုပြန်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်အကို ဖရန့်ခ်နဲ့ နာရီအနည်းငယ်လောက် အချိန်ဖြုန်းခဲ့တယ်။ သူက ကျွန်တော့်ကို ရက်ရိဗ္ဗာမြစ်ဝှမ်းဒေသတစ်လျှောက် အဝေးကြီးကိုမြင်နိုင်တဲ့ ကုန်းကမူတစ်ခုပေါ်ကို သူ့ကားနဲ့ခေါ်သွားတယ်။ လေထဲမှာ ယိမ်းနွဲ့ကာ မှည့်ဝင်းနေတဲ့ သီးနှံပင်တွေ၊ ခေါင်းငိုက်နေတဲ့ ဂျုံစိုက်ခင်းပြင်ကြီးတွေနဲ့ လှပနေတယ်။ အဝေးကနေ သစ်ပင်များတန်းစီပေါက်နေတဲ့ ရှိုင်ရင်းမြစ်ကို ထင်ထင်ရှားရှားတွေ့နေရတယ်။ ဆိတ်ငြိမ်လှတဲ့အလှအပ ခံစားနေတာကို အကိုရဲ့သမားရိုးကျစကားစက ဖြတ်ပစ်လိုက်တယ်။
“မင်းသာ အဲ့ဟိုတောင်အမေရိကမှာ အရူးအပေါလိုလျှောက်မသွားနေဘူးဆိုရင် ဒါကို မင်းလည်းပိုင်နိုင်တယ်လေ!”
“ဖရန့်ခ်၊” ဆိုပြီး ကျွန်တော်က အလျင်အမြန် စကားဖြတ်လိုက်တယ်။ “ဒီမှာတင်ရပ်ကွာ။”
သူဘာမှ ထပ်မပြောတော့ဘူး။ နှစ်အနည်းငယ်အကြာမှာ ရုတ်တရက်လေဖြတ်ပြီး သူသေဆုံးသွားတယ်။ စုစုပေါင်း မြေဧက တစ်ထောင်ကျော်နဲ့အတူ မြောက်ဒါကိုတာမှာရှိတဲ့ တခမ်းတနားမွေးမြူရေးခြံကြီး သုံးခြံအပြင် သူအမွေရလိုက်တဲ့ ဦးလေးရဲ့ မွန်တာနားပြည်နယ်မှာရှိတဲ့ ယာမြေ ၆၄၀ ဧကကိုပါ စွန့်ခွာကျောခိုင်းသွားခဲ့ပါတယ်။
ခုဆိုရင် ကျွန်တော့်ရဲ့မိသားစုဝင်အားလုံးဟာ သေဆုံးကုန်ကြပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်များမှာ ယေဟောဝါသက်သေအဖြစ် ကျွန်တော်တို့စတင်ပေါင်းသင်းခဲ့တဲ့ ဒက်ထရော့ လိပ်ခ်စ်မှာ ခရစ်ယာန်ညီအစ်ကိုညီအစ်မ ၉၀ ကျော်ပါဝင်တဲ့ ဝိညာဏမိသားစုတစ်စု ကျွန်တော်မှာရှိနေတာကြောင့် ကျွန်တော်ပျော်ပါတယ်။
ဝိညာဉ်ရေးဆက်၍တိုးတက်ခြင်း
လွန်ခဲ့တဲ့ ၁၅ နှစ် ဒီအီကွေဒေါမှာ ဝိညာဏရိတ်သိမ်းမှုဟာ သီးနှံလှိုင်လှိုင်ကြီး ဖြစ်ထွန်းခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ်မှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၅,၀၀၀ လောက်ရှိရာက အခုဆိုရင် ၂၆,၀၀၀ ကျော်တောင်ရှိနေပါပြီ။ ကျွန်တော်ဟာ လူတစ်ရာကျော်ကျော်လောက်ကို နှစ်ခြင်းခံဖို့ ထောက်ကူပေးရတဲ့ ကောင်းချီးကို ရိတ်သိမ်းခဲ့ရပါပြီ။
အခုအသက် ၈၀ ရှိပြီဖြစ်တဲ့ကျွန်တော်ဟာ တစ်လမှာ ၃၀ နာရီရဖို့ကို ၁၉၅၁ ခုနှစ်တုန်းက နာရီ ၁၅၀ ကိုတာကိုပြည့်မီရမှာထက်တောင် ပိုပြီးခက်လာပါတယ်။ ကျွန်တော့်မှာ ပရောစတိတ်ကင်ဆာဖြစ်နေတယ်လို့ စစ်ဆေးသိရှိရတဲ့ ၁၉၈၉ ကတည်းက နည်းနည်းသက်သာလာတဲ့အချိန်မှာ စာဖတ်ဖို့အခွင့်ကောင်းယူခဲ့ရတယ်။ အဲ့ဒီနှစ်ကတည်းကဆိုရင် ကျမ်းစာတစ်အုပ်လုံး ၁၉ ခေါက်နဲ့ ယေဟောဝါ၏သက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်ကို ၆ ခေါက်ဖတ်ပြီးခဲ့ပြီ။ ဒီနည်းနဲ့ ကျွန်တော့် ဝိညာဉ်ရေးကို ဆက်လက်တိုးတက်နေစေတယ်လေ။
ကျွန်တော်ဟာ အမေရိကန်ရဲ့ ယာခင်းတွေမှာ ရုပ်ပစ္စည်းအကျိုးအမြတ်တွေကို ရိတ်သိမ်းဖို့ အခွင့်အရေးတွေရှိခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့လည်း ဝိညာဏရိတ်သိမ်းမှုကနေရတဲ့ ရွှင်လန်းမှုနဲ့ နှိုင်းစာကြည့်မယ်ဆိုရင် ရုပ်ပစ္စည်းကြွယ်ဝမှုရဲ့ဆုကျေးဇူးတွေဟာ အချည်းနှီးပါပဲ။ ဒီအီကွေဒေါမှာရှိတဲ့ ဌာနခွဲကနေ ကျွန်တော့်ရဲ့ သာသနာပြုတစ်သက်လျာလုပ်ငန်းမှာ မဂ္ဂဇင်း ၁၄၇,၀၀၀ နဲ့ စာအုပ်ပေါင်း ၁၈,၀၀၀ ကျော်ကို ဝေငှခဲ့ကြောင်း ကျွန်တော့်ကို သတင်းပေးပို့ပါတယ်။ အဲ့ဒါတွေကို ဝိညာဏမျိုးစေ့တွေလို့ယူဆပြီး တော်တော်များများဟာ အညှောင့်ထွက်လာပါပြီ; အခြားစာအုပ်တွေကတော့ ဘုရားသခင့်နိုင်ငံတော် သမ္မာတရားကို သူတို့ဖတ်တာနဲ့အမျှ လူတွေရဲ့နှလုံးမှာ အညှောင့်ထွက်စေပါလိမ့်မယ်။
ကျွန်တော့်ရဲ့ ဝိညာဏသားသမီးတွေရယ်၊ ကျွန်တော်တို့ရဲ့ယေဟောဝါဘုရားသခင်ထံ အမှုတော်ထမ်းဖို့ ရွေးချယ်တဲ့တခြားသူ သန်းပေါင်းများစွာတို့နဲ့အတူ ဘုရားသခင့်ကမ္ဘာသစ်ထဲကို ဝင်ဖို့ဆက်ပြီးတိုးတက်နေခြင်းထက် သာပြီးတော့ကောင်းတဲ့အရာကို စဉ်းစားလို့မရနိုင်ပါဘူး။ ငွေဟာ ဆိုးသွမ်းတဲ့လောကအဆုံးကို ကပ်ကျော်ဖို့ လူတစ်ဦးကို ကယ်တင်မှာမဟုတ်ပါဘူး။ (သု. ၁၁:၄; ယေဇကျေလ ၇:၁၉) ဒါပေမဲ့ ကျွန်တော်တို့ တစ်ဦးစီဟာ ရင့်သန်ခြင်းသို့ဆက်တိုးတက်နေမယ်ဆိုရင်—ကျွန်တော်တို့ရဲ့ ဝိညာဏလုပ်ဆောင်မှုအသီးဟာ ဆက်ပြီးသီးပွင့်သွားမှာဖြစ်ပါတယ်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁၉၄၉ ခုနှစ်တွင် မွန်တားနားပြည်နယ် မိုင်းလ်စီးတီး၌ ရှေ့ဆောင်ရန် အဆင်သင့်
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁၉၅၂ ခုနှစ်တွင် ကျွန်တော်တို့ရဲ့ သာသနာပြုအိမ်အတွက် ရေဝယ်နေခြင်း
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၅၇ ခုနှစ်တွင် မချာလာမြို့၌ ဟောပြောနေခြင်း
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
မကျန်းမမာဖြစ်တဲ့ ၁၉၈၉ ခုနှစ်ကတည်းက ကျမ်းစာတစ်အုပ်လုံးကို ၁၉ ခေါက်ဖတ်ခဲ့သည်