စာရှုသူများထံမှ မေးခွန်းလွှာ
ခရစ်ယာန်နှစ်ခြင်းမင်္ဂလာယူချိန်တွင် အဘယ်သဘောထားမျိုးကို တင်ပြသင့်သနည်း။
ဤမေးခွန်းသည် စိတ်ဝင်စားစရာဖြစ်သည်။ အကြောင်းမူကား ကျွန်ုပ်တို့၏စာရှုသူ အများစုသည် နှစ်ခြင်းယူပြီးသူများ ဖြစ်ကြလျက်ပင် နှစ်ခြင်းခံမည့်သူများကဲ့သို့ ဤမေးခွန်းသည် သူတို့နှင့်ပတ်သက်ပါသည်။ လုံးလုံးနှစ်မြုပ်ခြင်းဖြစ်သည့် နှစ်ခြင်းခံယူမည့်သူများအပေါ် ဦးဆုံးမှတ်ချက်ချကြစို့။ သူတို့၏စိတ်သဘောထားသည် မည်သို့ဖြစ်သင့်သနည်း။
မဿဲ ၂၈:၁၉၊ ၂၀ တွင် ယေရှုက တပည့်တော်များအား သင်တို့သည် သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ဗတ္တိဇံကိုပေးကြလော့ဟု မှာကြားခဲ့သည်။ နှစ်ခြင်းယူခြင်းသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော၊ ရုတ်တရက် စိတ်တက်ကြွ၍ ပေါ်ပေါက်လာသည့် အပြုအမူအဖြစ် ကိုယ်တော်တင်ပြတော်မမူချေ။ ယေရှု၏ပုံသက်သေမှ ကျွန်ုပ်တို့တွေ့ရှိခဲ့ရသည့်အတိုင်း ယင်းသည် အရေးပါသောခြေလှမ်းတစ်လှမ်းဖြစ်သည်။ လုကာ ၃:၂၁ ကဤသို့ဆိုသည်– “ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ၍ ဆုတောင်းစဉ်တွင် ကောင်းကင်ဖွင့်လှစ်” ခဲ့သည်။ မှန်သည်၊ ကျွန်ုပ်တို့၏ စံနမူနာရှင်သည် ဆုတောင်းကာ နှစ်ခြင်းကို အလေးအနက်သဘောထားတော်မူခဲ့သည်။ နှစ်ခြင်းယူပြီးသည့်အခါ အောင်ပြီဟူသော သင်္ကေတလက္ခဏာကို ပြခြင်း၊ လက်နှစ်ဖက်မြှောက်ပြီး နိုင်ပြီဟုအမူအရာပြုခြင်း၊ သို့မဟုတ် အောင်ပွဲခံလေသံပေးခြင်းတို့ကို ကိုယ်တော်ပြုလိမ့်မည်ဟု မစဉ်းစား၊ မမြင်ယောင်နိုင်သော်လည်း မကြာမီက အချို့ထိုသို့ပြုမူခဲ့ကြပါသည်။ ထိုသို့မပြုဘဲ ယောဟန်တစ်ဦးတည်းရှေ့တွင် ယေရှုသည် မိမိ ခမည်းတော်ထံ ဆုပတ္ထနာပြုခဲ့သည်။
သို့သော် နှစ်ခြင်းမင်္ဂလာယူချိန်သည် သုန်မှုန်ညှိုးငယ်ရမည့်အချိန်၊ ယနေ့ခရစ်ယာန်ဘောင်တွင်ရှိ တချို့သောချာ့ချ်များက တောင်းဆိုသကဲ့သို့ အထူးအနေအထားမျိုး၊ သို့မဟုတ် စကားတစ်မျိုးမျိုး ရွတ်ဆိုရမည့် အချိန်အခါအဖြစ် သမ္မာကျမ်းစာက မဖော်ပြပါ။ ပင်တေကုတ္တေပွဲနေ့တွင် ထောင်နှင့်ချီသောဂျူးများနှင့် ဘာသာဝင်တစ်ပါးအမျိုးသားတို့ ခရစ်ယာန်နှစ်ခြင်းခံကြခြင်းကို စဉ်းစားကြည့်ပါ။ သူတို့သည် ဘုရားသခင့်ပညတ္တိကျမ်းကို သင်ယူခဲ့ပြီး ကိုယ်တော်နှင့်ဆက်ဆံရေးရှိနှင့်ပြီးသူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် ယေရှုနှင့်ပတ်သက်၍ လေ့လာရန်နှင့် မေရှိယအဖြစ်လက်ခံရန်လောက်သာ လိုအပ်ခဲ့သည်။ သူတို့ဤသို့ပြုပြီးပါက နှစ်ခြင်းခံနိုင်သည်။
တမန်တော် ၂:၄၁ (ကဘ) အရ “သူ၏စကားကို နှလုံးလှိုက်လှဲစွာခံယူသောသူတို့သည် နှစ်ခြင်းခံယူကြသည်” ဟုဆိုသည်။ ဝေးမတ်သ်ဘာသာပြန်ကျမ်းက ဤသို့ဆိုသည်– “ထိုကြောင့် သူ၏စကားကို ရွှင်လန်းစွာကြိုဆိုလက်ခံသူတို့သည် ဗတ္တိဇံယူကြသည်။” သူတို့သည် မေရှိယအကြောင်းစိတ်လှုပ်ရှားဖွယ်သတင်း၌ ရွှင်လန်းမှုကိုတွေ့ရှိကြသည်။ ထိုရွှင်လန်းမှုသည် နှစ်ခြင်းယူခြင်းကို ရာနှင့်ချီ ရှုစားနေကြသော ဝမ်းသာအားရဖြစ်ကြသူတို့ထံ အမှန်ကူးစက်ခဲ့ပေမည်။ ကောင်းကင်တမန်များပင် ရှုစားကြပြီး ဝမ်းသာအားရဖြစ်ကြသည်။ ယေရှုမိန့်တော်မူခဲ့သော ဤစကားများကို သတိရပါ– “ငါဆိုသည်ကား ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် နောင်တရသောလူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်။”—လုကာ ၁၅:၁၀။
နှစ်ခြင်းမင်္ဂလာယူခြင်း၏ လေးနက်သောသဘောနှင့် ရွှင်လန်းမှုကို ကျွန်ုပ်တို့တစ်ဦးစီ ဖော်ပြနိုင်သော နည်းအမျိုးမျိုးရှိပါသည်။ အချို့ချာ့ချ်များတွင် နှစ်ခြင်းယူမည့်သူတို့သည် ဝတ်လုံအဖြူ သို့မဟုတ် အနက်ကို ဝတ်ဆင်ကြသည်။ ဤသို့ပြုရမည်ဟူ၍ ကျမ်းစာက ထောက်ခံထားသည်ကို မတွေ့ရှိရပါ။ တစ်ကြိမ်တည်းတွင် အလွန်တိုနံ့နံ့ဖြစ်သော၊ သို့မဟုတ် မလုံမလဲဖြစ်သော အမျိုးသား သို့မဟုတ် အမျိုးသမီး ရေကူးဝတ်စုံများသည်လည်း သင့်တော်လျောက်ပတ်သည်ဟု မဆိုနိုင်ပါ။ သတိပြုစေခဲ့သည့်အတိုင်း ရေမှထွက်ပေါ်လာသည့်အခါ ခရစ်ယာန်လူသစ်သည် အထူးလက်ဟန်အမူအရာများပြခြင်း သို့မဟုတ် အောင်ပွဲခံခဲ့သကဲ့သို့ ပြုမူခြင်းတို့ကို မပြသင့်ပါ။ ထိုလူသစ် နှစ်ခြင်းယူသည်ကို ကျန်ရှိသောခရစ်ယာန်ညီအစ်ကို အသင်းအပင်းတို့က ဝမ်းသာကြသည်။ သို့သော် ယုံကြည်ခြင်းရှိကြောင်း ဤသို့သက်သေထင်ရှားပြခြင်းသည် ဘုရားသခင့်မျက်နှာသာတော်ရရန် သမာဓိစောင့်သိရမည့် ရှည်လျားသောလမ်းခရီးစဉ်၏ အစမျှသာရှိသေးကြောင်း သူသဘောပေါက်သင့်သည်။—မဿဲ ၁၆:၂၄။
လုထုရှေ့နှစ်ခြင်းခံခြင်းကို ရှုစားသူများအနေနှင့် ကျွန်ုပ်တို့သည် ဤရွှင်လန်းဖွယ်အချိန်အခါတွင် ပါဝင်ရွှင်လန်းကြသည်။ အထူးသဖြင့် ဆွေမျိုးတစ်ဦး သို့မဟုတ် ကျွန်ုပ်တို့နှင့်ကျမ်းစာသင်သူတစ်ဦး နှစ်ခြင်းယူသည့်အခါတွင်ဖြစ်သည်။ သို့ရာတွင် အပြည့်အဝပါဝင်ရန် နှစ်ခြင်းယူမည့်သူများနှင့်အတူ ဟောပြောချက်တစ်ခုလုံးကိုသာမက သူတို့အား မေးသောမေးခွန်းများကို လူအများကြားလောက်အောင် သူတို့၏ဖြေဆိုခြင်းကို နားထောင်ပြီး ဆုတောင်းချက်တွင် ပါဝင်သင့်သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် နှစ်ခြင်းယူခြင်းနှင့်ပတ်သက်၍ ထားသင့်သည့်သဘောထားရှိရန် ကျွန်ုပ်တို့အားထောက်ကူမည်; ယင်းနှင့်စပ်လျဉ်း၍ ဘုရားသခင့်အမြင်မျိုး ကျွန်ပ်တို့ရရှိမည်။ နှစ်ခြင်းခံယူပြီးနောက်တွင် ကျွန်ုပ်တို့၏ပျော်ရွှင်မှုအတွက် အောင်ပွဲခံခြင်း၊ ပန်းစည်းဆက်ခြင်း သို့မဟုတ် နှစ်ခြင်းယူသူအား ဂုဏ်ပြုပါတီပွဲပေးခြင်းတို့ ပြုလုပ်စရာမလိုအပ်ပါ။ သို့သော် ညီအစ်ကို၊ ညီအစ်မအသစ်တစ်ဦး ယူခဲ့သည့်ဝမ်းမြောက်ဖွယ်ခြေလှမ်းသည် ကျွန်ုပ်တို့အား ပျော်ရွှင်မှုပေးကြောင်းနှင့် ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကို အသင်းအပင်းထဲသို့ သူ့အား လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်းကို ဖော်ပြနိုင်ပါသည်။
သို့ဖြစ်၍ အကျဉ်းချုပ်အားဖြင့် နှစ်ခြင်းခံယူသူများအပါအဝင် ကျွန်ုပ်တို့အားလုံးသည် နှစ်ခြင်းမင်္ဂလာယူခြင်းအပေါ် သင့်တော်လျောက်ပတ်သည့် လေးနက်သောသဘောထားရှိသင့်သည်။ ဤအချိန်အခါသည် ဝမ်းသာအားရ အော်ဟစ်ခြင်း၊ ပါတီပွဲများ ကျင်းပခြင်း သို့မဟုတ် ဆူဆူညံညံမြူးထူးခြင်း ပြုရသော အချိန်အခါမဟုတ်ပါ။ တစ်ကြိမ်တည်းတွင် သုန်မှုန်ညှိုးငယ်ရသော အချိန်အခါမျိုးလည်းမဟုတ်ပါ။ ထာဝရအသက်လမ်းခရီးပေါ်တွင် ကျွန်ုပ်တို့နှင့်အတူ လူသစ်များလိုက်ပါလာသည့်အတွက် အမှန်ပင်ဝမ်းသာအားရနိုင်ပါသည်။ ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မအသစ်များကို ရွှင်လန်းစွာ ကြိုဆိုနိုင်ပါသည်။
[Full-page picture on page 31]