ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၄/၁၅ စာ. ၂-၆
  • ဘာသာရေးဆိုင်ရာအမှန်တရားသည် လက်လှမ်းမီနိုင်ရာလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာသာရေးဆိုင်ရာအမှန်တရားသည် လက်လှမ်းမီနိုင်ရာလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဒဿနိကဗေဒနှင့် အမှန်တရား
  • အမှန်တရားဖွင့်ပြချက် လိုအပ်၏လော
  • ဘာသာတရားနှင့် အမှန်တရား
  • ‘ဂျုံမျိုးကောင်းနှင့် ဂျုံရိုင်းများ’
  • ခရစ်ယာန်များသည် ဝိညာဉ်နှင့် အမှန်တရားဖြင့် ဝတ်ပြုကိုးကွယ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • အမှန်တရားကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • အမှန်တရား၏ဘုရားသခင်ကို တုပခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ‘အမှန်တရားသည် သင်တို့ကိုလွှတ်လိမ့်မည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၄/၁၅ စာ. ၂-၆

ဘာသာရေးဆိုင်ရာအမှန်တရားသည် လက်လှမ်းမီနိုင်ရာလော

ဆွီဒင်နိုင်ငံ အပ်စေလာတက္ကသိုလ်တည်ရှိရာမြို့တွင်ရှိ ဝိညာဉ်ရေးဆိုင်ရာစူးစမ်းလေ့လာသူတစ်ဦးသည် ကွဲပြားသောဘာသာတရားများ၏ ယုံကြည်ချက်ကို လေ့လာရန်ဆုံးဖြတ်ခဲ့ပြီး ဝတ်ပြုကျောင်းများသို့ပင် သွား၍လည်ပတ်သည်။ သူတို့ဓမ္မဆရာ၏ဟောပြောချက်ကို သူနားထောင်ခဲ့ပြီး အသင်းသားတချို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ယေဟောဝါသက်သေများကသာ မိမိတို့သည် “အမှန်တရားတွေ့” ထားပြီဖြစ်ကြောင်း အခိုင်အမာယုံကြည်ကြပုံပေါက်သည်ကို သူသတိပြုမိသည်။ တည်ရှိနေသည့် မြောက်မြားလှသော ဘာသာတရားအယူအဆများကို ဆင်ခြင်ကြည့်ရင်း သက်သေခံများ ယင်းကဲ့သို့ထုတ်ဖော်ပြောဆိုနိုင်ပုံကို သူစဉ်းစားခဲ့သည်။

ဘာသာတရားနှင့်ပတ်သက်၍ အမှန်တရားသည် လက်လှမ်းမီနိုင်သောအရာဖြစ်သည်ဟု သင်ကိုယ်တိုင် စဉ်းစားဖူးသလော။ ခြွင်းချက်မရှိအမှန်တရားပါဟု ခေါ်နိုင်သည့်အရာကို ဆုံးဖြတ်ရန်ပင်ဖြစ်နိုင်မည်လော။

ဒဿနိကဗေဒနှင့် အမှန်တရား

ဒဿနိကဗေဒကို လေ့လာသူများတွင် ခြွင်းချက်မရှိအမှန်တရားသည် လူ့လက်လှမ်းမမီနိုင်သည့်အရာဖြစ်သည်ဟူသည့် သဘောထား ပေါက်ပွားလျက်ရှိသည်။ ဒဿနိကဗေဒသည် “ဖြစ်တည်မှုအစနှင့် အသက်၏မူလဘူတကို ကြိုးစားရှင်းပြသည့် သိပ္ပံပညာ” အဖြစ်အနက်ဖွင့်ထားသည်ကို သင်သိပေမည်။ သို့သော်လည်း ယင်းသည် ထိုအဆင့်သို့ရောက်ရန် အမှန်ပင်ခဲယဉ်းပါသည်။ ဖီလိုစိုဖင်းစ် ဟစ္စတိုးရီးအာ (ဒဿနိကဗေဒ၏ သမိုင်းကြောင်း) တွင် ဆွီဒင်စာရေးဆရာ အာ့ဖ်အားလ်ဘတ်က ဤသို့ရေးခဲ့သည်– “များစွာသောဒဿနိကဆိုင်ရာ မေးခွန်းများသည် ယင်းတို့အတွက် တိကျသောအဖြေမပေးနိုင်သည့် အမျိုးအစားမျိုးဖြစ်သည်။ . . . လူများစွာက တက္ကိကဗေဒဆိုင်ရာ ပြဿနာအမေးများ [အရာဝတ္တုများ၏ အခြေခံထင်ရှားသည့်ဥပဒေသများ] ရှိရှိသမျှသည် ဤ . . . အုပ်စုတွင်ပါဝင်ကြောင်း ထင်မြင်ယူဆကြသည်။”

အကျိုးရလဒ်အနေနှင့်၊ အသက်နှင့်ပတ်သက်၍ အရေးပါသောမေးခွန်းများကို ဒဿနိကဗေဒအားဖြင့် အဖြေရှာရန်ကြိုးစားခဲ့သူများသည် အားမလိုအားမရ သို့မဟုတ် စိတ်သောကလောင်မြိုက်ရသည့်အခြေအနေသို့ ဆိုက်ရောက်လေ့ရှိခဲ့ပြီ။ မိမိ၏စာအုပ် တင်းကာလင်ယာ အော့ခ် ထရူးစဖော်မာ (အတွေးအခေါ်လမ်းစဉ်များနှင့် ဘာသာတရားယုံကြည်ချက်) တွင် ဆွီဒင်စာရေးဆရာ ဂန်းနာအက်စ်ပလင်ဤသို့ဆိုခဲ့သည်– “ကျွန်တော်မြင်တာတစ်ခုကတော့ လူ့သဘာဝဟာ လိပ်ပြာနဲ့ခြင်များရဲ့သဘာဝထက် ပိုပြီးစိတ်ဝင်စားစရာ မရှိပါဘူး . . . စကြဝဠာနဲ့ ကျွန်တော်တို့ရဲ့အတွင်းကမ္ဘာမှာဖြစ်ပေါ်နေတဲ့ သဘာဝစွမ်းအားစုများနဲ့ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ဟာ ပြုသမျှနုရမယ့် လုံးဝစွမ်းအားမဲ့ဖြစ်သွားတယ်။ အသက်နဲ့ပတ်သက်တဲ့ ဒီသဘောထားကို တိုးတက်မှုမှာယုံကြည်ပြီး သာပြီးတော့ကောင်းတဲ့ အနာဂတ်ကို လူတွေ အိပ်မက်မက်ခဲ့တဲ့ ရာစုတစ်ခုအဆုံးပိုင်းလောက်က ထုတ်ဝေတဲ့စာအုပ်တွေမှာ မကြာခဏတွေ့ရကြပါပြီ။”

အမှန်တရားဖွင့်ပြချက် လိုအပ်၏လော

လူ့ကြိုးစားအားထုတ်မှုတစ်ခုတည်းဖြင့် အသက်နှင့်ပတ်သက်သောအမှန်တရားကို ရှာဖွေခြင်းသည် အထမမြောက်ခဲ့ကြောင်းရှင်းနေပြီး ယင်းသည် ဘယ်တော့မျှအထမြောက်မည့်ပုံမပေါ်ပေ။ ထို့ကြောင့် ဘုရားသခင်ဆိုင်ရာဖွင့်ပြချက်မျိုးလိုအပ်သည်ဟု ကောက်ချက်ချရန် အကြောင်းကောင်းဖြစ်သည်။ လူအများအခေါ်သဘာဝ စာအုပ်က ဖွင့်ပြချက်တချို့ကိုပေးသည်။ ယင်းက အသက်၏မူလဘူတနှင့်ပတ်သက်သည့် အပြီးသတ်အသေးစိတ်အချက်အလက်များကို မပေးစေကာမူ အသက်နှင့်ပတ်သက်၍ ရုပ်အကောင်အထည်ဆိုင်ရာ ရှင်းပြချက်သက်သက်ထက် ပို၍ကျေနပ်ဖွယ်ကောင်းသောအရာ တစ်ခုရှိသည်ကို ပြသပါသည်။ အမှိုက်ကျင်းတစ်ခုတွင်ရှိ ထောင်မတ်ကြီးထွားနေသည့် မြက်ပင်၏အရွက်လေးတစ်ရွက်သည် ကျောက်ပုံတစ်ပုံကိုထိန်းချုပ်ထားသည့်နိယာမတရားကိုမဟုတ်ဘဲ အခြားတစ်ခုကိုအမှန်ပင်လိုက်လျှောက်သည်။ သဘာဝတွင်ရှိ သက်ရှိအရာများသည် သက်မဲ့အရာဝတ္တုများမလုပ်သည့်နည်းဖြင့် မိမိတို့ကိုယ်ကို တည်ဆောက်ကာစနစ်တကျဖွဲ့စည်းသည်။ သို့အားဖြင့် နိယာမတရားနှင့်ဘာသာတရားတွင် ထင်ရှားသောကျောင်းသားတစ်ဦး ကောက်ချက်ချခြင်းအတွက် အခြေခံရှိထားသည်– “ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။”—ရောမ ၁:၂၀။

သို့ရာတွင် ဤတည်ဆောက်မှုနှင့် စနစ်တကျဖွဲ့စည်းမှု၏နောက်ကွယ်တွင် ရှိသည့်ပုဂ္ဂိုလ်သည်မည်သူဖြစ်ကြောင်း ဖော်ထုတ်နိုင်ရန် ထပ်ဆင့်ဖွင့်ပြချက်တစ်ခု ကျွန်ုပ်တို့လိုအပ်သည်။ ဤသို့သောဖွင့်ပြချက်တစ်ခုရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်သင့်သလော။ ကမ္ဘာပေါ်တွင် အသက်အတွက် တာဝန်ရှိသူတစ်ဦးက မိမိ၏ဖန်ဆင်းရာသတ္တဝါများကို မိမိ၏အဖြစ်တော်အားဖွင့်ပြလိမ့်မည်ဟု မျှော်လင့်ခြင်းသည် အကျိုးသင့်အကြောင်းသင့် မဖြစ်ပေလော။

ကျမ်းစာက ဤသို့သောဖွင့်ဆိုချက်တစ်ခုကို အခိုင်အမာဖော်ပြသည်။ ဤမဂ္ဂဇင်းတွင် ဤအခိုင်အမာဖော်ပြချက်ကို လက်ခံဖို့အတွက် အကြောင်းကောင်းများကို ကျွန်ုပ်တို့ မကြာခဏတင်ဆက်ခဲ့ပြီး ဆင်ခြင်ဉာဏ်ရှိသောလူများစွာ ယင်းကိုလက်ခံထားကြသည်။ ကျမ်းရေးသူများသည် မိမိတို့၏အာဘော်များကို ရေးခြင်းမဟုတ်ကြောင်းရှင်းလင်းဖော်ပြရန် အမှန်ပင်စိတ်ပြင်းပြခြင်းကိုယ်နှိုက်က လုံးဝထူးခြားမှတ်သားဖွယ်ရာဖြစ်သည်။ “ထာဝရဘုရား . . . မိန့်တော်မူသည်” ကဲ့သို့သောအသုံးအနှုန်းမျိုး သုံးနှုန်းထားသည့် ကျမ်းစာပရောဖက်ပြုချက်များကို အကြိမ်ပေါင်း ၃၀၀ ထက်မနည်း ကျွန်ုပ်တို့တွေ့ရှိရသည်။ (ဟေရှာယ ၃၇:၃၃; ယေရမိ ၂:၂; နာဟုံ ၁:၁၂) စာအုပ်များနှင့် ဆောင်းပါးများကိုရေးသားသည့် အမျိုးသားအမျိုးသမီးများသည် မိမိတို့၏လက်ရာများကို လက်မှတ်ထိုးရန် အများအားဖြင့် လုံးလုံးအာသီသရှိလေ့ရှိသည်ကို သင်သိပေမည်။ သို့သော်လည်း ကျမ်းရေးသူများမူ မိမိတို့ကိုယ်ကို နောက်ကွယ်တွင် နေခဲ့ကြသည်; အချို့ကိစ္စများတွင် ကျမ်းစာ၏အချို့သောအပိုင်းများကို မည်သူရေးကြောင်း ဆုံးဖြတ်ရန်ပင် ခက်ခဲသည်။

ကျမ်းစာ၏နောက်အသွင်အပြင်တစ်ရပ်မှာ ယင်း၏အတွင်းသဘောချင်းညီညွတ်မှုသည် ထူးခြားကြောင်း သင်တွေ့မြင်ရပေမည်။ ကျမ်းစာ ၆၆ အုပ်ကို နှစ်ပေါင်း ၁,၆၀၀ ကျော်ကာလပိုင်းအတွင်း ရေးသားခဲ့သည်ကို ထောက်ရှုကြည့်သော် အမှန်ပင်ထူးခြားမှတ်သားဖွယ်ရာဖြစ်သည်။ သင်သည် ပြည်သူ့စာကြည့်တိုက်သို့သွားပြီး ရာစုပေါင်း ၁၆ ခုအတွင်းရေးသားခဲ့သည့် ဘာသာရေးစာအုပ် ၆၆ အုပ်ကိုရွေးခဲ့သည်ဆိုပါစို့။ ထို့နောက် သင်သည် ဤစာအုပ်တစ်အုပ်ချင်းစီကို စာအုပ်တွဲတစ်ခုအဖြစ် ပေါင်းချုပ်လိုက်သည်။ ဤစာအုပ်တွဲသည် ဘုံခေါင်းစဉ်တစ်ခုရှိပြီး သဟဇာတဖြစ်သော သတင်းအချက်များပါရှိမည်ဟု သင်မျှော်လင့်မည်လော။ ခဲယဉ်းလေစွ။ ယင်းသို့ဖြစ်ရန် အံ့ဖွယ်အမှုတစ်ခုဖြစ်ဖို့ လိုအပ်မည်။ ဤအချက်ကိုစဉ်းစားကြည့်ပါ။ ကျမ်းစာ၏စာအုပ်များတွင် ဘုံခေါင်းစဉ်တစ်ခုရှိထားပြီး ယင်းတို့သည် တစ်ခုကိုတစ်ခု ထောက်ခံကြသည်။ ဤသည်က ကျမ်းရေးသူများ မှတ်တမ်းတင်ပြုစုသည့်အရာများကို ညွှန်ကြားပေးသူမှာ ပဲ့ကိုင်ဉာဏ်ကြီးရှင် သို့မဟုတ် အာဘော်ရှင် တစ်ဦးတည်းဖြစ်ရမည်ဖြစ်ကြောင်း ပြသသည်။

သို့ရာတွင် ကျမ်းစာသည် ဘုရားသခင်မှမူလဘူတဖြစ်ကြောင်း အပြသဆုံးအကြောင်းတစ်ခုကို သင်တွေ့ပေမည်။ ပရောဖက်ပြုချက်များ—အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကို တိတိကျကျကြိုတင်ရေးသားထားသည့် အချက်အလက်များဖြစ်သည်။ “ထိုကာလ၌ . . . [ဖြစ်] လိမ့်မည်” နှင့် “နောက်ဆုံးသောကာလ၌ [ဖြစ်] လိမ့်မည်” ကဲ့သို့သောအသုံးအနှုန်းများက ကျမ်းစာကို သူမတူထူးခြားစေသည်။ (ဟေရှာယ ၂:၂; ၁၁:၁၀၊ ၁၁; ၂၃:၁၅; ယေဇကျေလ ၃၈:၁၈; ဟောရှေ ၂:၂၁-၂၃; ဇာခရိ ၁၃:၂-၄) ယေရှုခရစ်မြေကြီးပေါ်မလာမီ နှစ်ရာပေါင်းများစွာကတည်းက ဟေဗြဲကျမ်းစောင်များတွင် ကိုယ်တော်၏အသက်တာအကြောင်း ဖွားမြင်ခြင်းမှသေဆုံးခြင်းအထိ အသေးစိတ်အချက်အလက်များကို ပေးထားသည်။ သမ္မာကျမ်းစာသည် အသက်နှင့်ပတ်သက်သောအမှန်တရား၏ ရင်းမြစ်ဖြစ်သည်ဟူသော အကျိုးသင့်အကြောင်းသင့်ကောက်ချက်ချခြင်းထက် အခြားမရှိတော့ချေ။ ဤစကားနှင့်အတူ ယေရှုကိုယ်တော်တိုင် ယင်းကို အခိုင်အမာထောက်ခံခဲ့သည်– “ကိုယ်တော်၏နှုတ်ကပါဌ်တော်သည် သမ္မာတရား ဖြစ်ပါ၏။”—ယောဟန် ၁၇:၁၇။

ဘာသာတရားနှင့် အမှန်တရား

ကျမ်းစာကို ယုံကြည်သည်ဟုဆိုသူ မြောက်မြားစွာပင် ခြွင်းချက်မရှိအမှန်တရားသည် လက်လှမ်းမမီနိုင်ရာဖြစ်ကြောင်း လက်ခံထားကြသည်။ အမေရိကန်ဓမ္မဆရာ ဂျွန် အက်. စပွန်းက ဤသို့မှတ်ချက်ချသည်– “ကျွန်ုပ်တို့၌ အမှန်တရားရှိသည်ဟူသောအမြင်ကို ပြောင်းပစ်ရမည်။ ခြွင်းချက်မရှိအမှန်တရားသည် ကျွန်ုပ်တို့အားလုံး လက်လှမ်းမမီနိုင်သည့်အရာဖြစ်ကြောင်းကျွန်ုပ်တို့အမြင်အတိုင်း ရှုမြင်လာရမည်။ ရိုမင်ကက်သလစ်စာရေးဆရာ ခရစ္စတိုဖာဒါးရစ်ခ်က အမှန်တရားရှာတွေ့ခြင်းနှင့်ပတ်သက်သည့် ဤကဲ့သို့သောအပျက်သဘောထားများအတွက် အကြောင်းရင်းတစ်ခုကို ဤသို့ဖော်ပြသည်– “ဘာသာတရားဆိုင်ရာ ‘အမှန်တရား’ ဟူသောပြောဆိုချက်တိုင်းသည် သိသည်ဟူ၍ဖော်ပြခြင်းမျိုးဖြစ်ကာ . . . အခြားသူ တစ်ဦးသည် မှားနိုင်သည်ဟု သင်ဆိုလိုသည်; ယင်းကို လုံးလုံးလက်ခံနိုင်ဖွယ်မရှိချေ။”

သို့သော် ဆင်ခြင်ဉာဏ်ရှိသောလူတစ်ဦးအနေနှင့် သင်သည် တချို့သောချက်ကျသည့်မေးခွန်းများကို သုံးသပ်လျှင်ကောင်းမည်။ အမှန်တရားသည် လက်လှမ်းမမီနိုင်ရာဖြစ်ပါမူ ယေရှုက အဘယ်ကြောင့်ဤသို့ဆိုသနည်း– “သမ္မာတရား [အမှန်တရား] ကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။” ထို့အပြင် ယေရှု၏တမန်တော်တစ်ပါးက ဘုရားသခင့်အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရား [အမှန်တရား] ကိုသိစေခြင်း” ဖြစ်ကြောင်း အဘယ်ကြောင့်ပြောမည်နည်း။ ယုံကြည်ခြင်းနှင့်ဆက်နွှယ်၍ “သမ္မာတရား” ဟူသောစကားလုံးသည် ဂရိကျမ်းစာစောင်များတွင် အကြိမ်တစ်ရာကျော် အဘယ်ကြောင့်တွေ့ရသနည်း။ မှန်သည်၊ အမှန်တရားသည် လက်လှမ်းမမီနိုင်ရာဖြစ်လျှင် ထိုသို့ဖော်ပြမည်လော။—ယောဟန် ၈:၃၂; ၁ တိမောသေ ၂:၃၊ ၄။

အမှန်မှာ ယေရှုက အမှန်တရားသည် လက်လှမ်းမီနိုင်ရာဖြစ်ကြောင်း ထောက်ပြခဲ့ရုံသာမကဘဲ ကျွန်ုပ်တို့ဝတ်ပြုမှုကို ဘုရားသခင်နှစ်သက်လက်ခံစေလိုလျှင် ယင်းကိုရှာဖွေဖို့လိုကြောင်းကိုပါ ပြသခဲ့သည်။ ရှမာရိအမျိုးသမီးတစ်ဦးသည် မှန်ကန်သောဝတ်ပြုမှုပုံစံကားအဘယ်အရာနည်း—ယေရုရှလင်တွင် ဂျူးများဝတ်ပြုကြသည့် ဝတ်ပြုမှုလော (ဝါ) ဂေရဇိမ်တောင်တွင် ရှမာရိလူမျိုးဝတ်ပြုသည့် ဝတ်ပြုမှုလော—ဟု စဉ်းစားနေစဉ်တွင် ယေရှုက အမှန်တရားသည် လက်လှမ်းမမီနိုင်ရာဖြစ်သည်ဟု ပြောခြင်းဖြင့်မဖြေဆိုခဲ့ပါ။ ယင်းအစား ကိုယ်တော်ဤသို့မိန့်ခဲ့သည်– “ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရား [အမှန်တရား] နှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည်အလိုရှိတော်မူ၏။ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရား နှင့်လည်းကောင်း ကိုးကွယ်ရမည်။”—ယောဟန် ၄:၂၃၊ ၂၄။

လူများစွာက ‘ကျမ်းစာကို နည်းအမျိုးမျိုးနဲ့ အနက်ပြန်နိုင်ပါတယ်၊ ဒါကြောင့် လူတစ်ဦးက အမှန်တရားဟာ ဘာဖြစ်တယ်ဆိုတာကို ကျိန်းသေမပြောနိုင်ဘူး’ ဟု ထုတ်ပြောကြသည်။ သို့သော် သင်သည် သေချာပေါက်နားမလည်နိုင်သည့်အထိ မသဲမကွဲနည်းဖြင့် ကျမ်းစာကို ရေးသားထားသလော။ အချို့သော ပရောဖက်ပြုချက်ဆိုင်ရာနှင့် အထိမ်းအမှတ်ဆိုင်ရာ စကားအသုံးအနှုန်းကို နားလည်ရန်ခက်ခဲပေမည်။ ဥပမာ၊ ဘုရားသခင်က ပရောဖက်ဒံယေလအား မိန့်တော်မူခဲ့သည့် ပရောဖက်ပြုချက်ဆိုင်ရာ စကားအသုံးအနှုန်း အများအပြားပါဝင်သော သူ၏စာစောင်ကို “အမှုကုန်ရသည့်ကာလ” အထိ လုံးဝနားမလည်ခဲ့ပါ။ (ဒံယေလ ၁၂:၉) အချို့သောပုံဆောင်စကားများနှင့် အထိမ်းအမှတ်များကို အနက်ပြန်ရန်လိုကြောင်း ယင်းက ထင်ရှားစေသည်။

အမှန်တရားဖြင့် ဘုရားသခင်ကို ဝတ်ပြုရန် အခြေခံခရစ်ယာန်သွန်သင်ချက်များနှင့် စာရိတ္တစံနှုန်းများ မရှိမဖြစ်လိုအပ်ကြောင်း ကျမ်းစာကတဲ့တိုးပြောထားသည်မှာ ရှင်းနေပါသည်။ ယင်းက ရှေ့နောက်မညီသည့်အနက်ပြန်ဆိုမှုများအတွက် နေရာမပေးပါ။ ဧဖက်မြို့သားများထံရေးသော စာတွင် ခရစ်ယာန်ယုံကြည်ခြင်းသည် “တစ်ပါး” တည်းဖြစ်ကြောင်းဖော်ပြပြီး ယုံကြည်ခြင်းအများမရှိကြောင်း ပြသသည်။ (ဧဖက် ၄:၄-၆) ‘ခြားနားသောနည်းအမျိုးမျိုးဖြင့် ကျမ်းစာကိုတော်တည့်မှန်ကန်စွာ အနက်မပြန်နိုင်ရိုးမှန်လျှင် အဘယ့်ကြောင့် သီးခြား “ခရစ်ယာန်” ဂိုဏ်းခွဲများ ဤမျှများရပါသနည်း’ ဟုသင်စဉ်းစားကောင်းစဉ်းစားမည်။’ ကျွန်ုပ်တို့သည် ယေရှု၏တမန်တော်များသေဆုံးပြီးနောက် မကြာမီတွင် စစ်မှန်သောခရစ်ယာန်ယုံကြည်ခြင်းမှ အယူဖောက်ပြန်မှု တိုးပွားလာခြင်းကို ပြန်ပြောင်းသုံးသပ်ပါက အဖြေကိုတွေ့ရသည်။

‘ဂျုံမျိုးကောင်းနှင့် ဂျုံရိုင်းများ’

ယေရှုက ဤအယူဖောက်ပြန်ခြင်းကို ဂျုံမျိုးကောင်းနှင့် ဂျုံရိုင်းများနှင့်ပတ်သက်သော မိမိ၏ပုံဆောင်စကားတွင် တင်ကူးဖော်ပြခဲ့သည်။ “မျိုးကောင်း” က စစ်မှန်သောခရစ်ယာန်များကို ကိုယ်စားပြုသည်; “ဂျုံရိုင်း” က မှားယွင်းသော သို့မဟုတ် အယူဖောက်ပြန်သော ခရစ်ယာန်များကို ကိုယ်စားပြုသည်။ ယေရှုက “ရန်သူ” သည် မျိုးကောင်းဂျုံခင်းထဲတွင် ဂျုံရိုင်းများကို ကြဲမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ဤကြဲခြင်းသည် တမန်တော်များသေဆုံးပြီးနောက်တွင် စတင်ခဲ့သည်။ ဤပုံဆောင်စကားက စစ်မှန်သောခရစ်ယာန်ကို မှားယွင်းသောခရစ်ယာန်များနှင့် ရောထွေးလိုက်ခြင်းသည် “ယခုခေတ်ကာလအဆုံး” အထိတိုင်ဆက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။ သို့ဖြစ်၍ ရာစုနှစ်များတစ်လျှောက် ဘာသာတရားလယ်ကွင်းကို အမည်ခံမျှသာဖြစ်သောခရစ်ယာန်များက လွှမ်းမိုးခြယ်လှယ်ခဲ့သောကြောင့် စစ်မှန်သောခရစ်ယာန်များ၏ ပီပြင်ထင်ရှားမှုသည် ဝိုးတိုးဝါးတားဖြစ်နေခဲ့ပြီ။ သို့ရာတွင် “ယခုခေတ်ကာလအဆုံး” တွင် အပြောင်းအလဲတစ်ခုဖြစ်ပျက်မည်။ “လူသား” သည် စစ်မှန်သောခရစ်ယာန်များမှ မှားသောခရစ်ယာန်များကို ခွဲထုတ်ရန် “မိမိကောင်းကင်တမန်တို့” ကိုစေလွှတ်မည်ဖြစ်သည်။ ယင်း၏ဆိုလိုရင်းမှာ ခရစ်ယာန်အသင်းတော်ကို ဤအချိန်တွင်အလွယ်တကူသိရှိမည်ဖြစ်ပြီး တမန်တော်များခေတ်က ရှိခဲ့သည့်အခြေအနေမျိုးရရှိမည်ဟူ၍ဖြစ်သည်။—မဿဲ ၁၃:၂၄-၃၀၊ သမ၊ ၃၆-၄၃။

ဟေရှာယနှင့် မိက္ခာတို့၏ပရောဖက်ပြုချက် နှစ်ခုစလုံးက “နောက်ဆုံးသောကာလ၌” စစ်မှန်သောဝတ်ပြုသူများအား ဤသို့သောစုသိမ်းမှုတစ်ခုအကြောင်း တင်ကူးပြောထားသည်။ ဟေရှာယ ဤသို့ဆိုသည်– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ များပြားသောသူတို့ကလည်း ‘လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်။’” အဖြစ်အပျက်များကို ပိုင်းခြားကြည့်ရှုခြင်းက ဟေရှာယပရောဖက်ပြုချက်သည် ကျွန်ုပ်တို့အချိန်တွင် ပြည့်စုံနေကြောင်း ပြသသည်။—ဟေရှာယ ၂:၂၊ ၃; မိက္ခာ ၄:၁-၃။

သို့သော် ခရစ်ယာန်အသင်းတော် တိုးတက်ကြီးထွားလာခြင်းသည် လူ့အားထုတ်မှုတစ်စုံတစ်ရာကြောင့် မဟုတ်ပါ။ ယေရှုက ဤစုသိမ်းခြင်းလုပ်ငန်းဆီသို့ “မိမိကောင်းကင်တမန်တို့” ကို စေလွှတ်မည်ဖြစ်ကြောင်း တင်ကူးမိန့်မြွက်ခဲ့သည်။ ကိုယ်တော်က ယင်းအတွက် အလွန်ထူးသည့်ရည်ရွယ်ချက်တစ်ခုကိုလည်း ဖော်ပြသည်– “ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းကြလတ္တံ့။” (မဿဲ ၁၃:၄၃) ယင်းက ထွန်းလင်းခြင်း သို့မဟုတ် ပညာပေးလုပ်ငန်းကို ခရစ်ယာန်အသင်းတော်အားဖြင့် ကမ္ဘာတစ်ခွင်လုံးတွင် ဆောင်ကြဉ်းသွားမည်ဖြစ်ကြောင်း ပြသသည်။

ယေဟောဝါသက်သေများသည် ယနေ့နိုင်ငံပေါင်း ၂၃၂ နိုင်ငံတွင် မိမိတို့သယ်ပိုးနေသည့် ပညာပေးလုပ်ငန်းဖြင့် ဤပရောဖက်ပြုချက်များပြည့်စုံမှုကို တွေ့မြင်ကြရသည်။ သက်သေခံများ၏ ယုံကြည်ချက်များ၊ အကျင့်အကြံစံနှုန်းများနှင့် ကျမ်းစာနှင့်အညီဖွဲ့စည်းမှုတို့ကို နှိုင်းယှဉ်ခြင်းအားဖြင့် ဘက်မလိုက်ပုဂ္ဂိုလ်များက ယင်းတို့သည် ပထမရာစု ခရစ်ယာန်အသင်းတော်နှင့် တစ်ထေရာတည်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိမြင်နိုင်ကြသည်။ သက်သေခံများက မိမိတို့ယုံကြည်ခြင်းသည် “အမှန်တရား” ဖြစ်ကြောင်း ပြောခြင်းမှာ မိမိကိုယ်ကို ချီးမြှောက်ကာရောင့်တက်ခြင်းတစ်မျိုးမျိုးကြောင့် ထွက်ပေါ်လာခြင်းမဟုတ်ပါ။ ယင်းအစား သူတို့ယင်းသို့ဆိုခြင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကျမ်းစာကို သူတို့သည် ကျယ်ကျယ်ပြန့်ပြန့်လေ့လာကာ ဘာသာတရားကို မှန်ကန်စွာတိုင်းတာနိုင်သည့် တစ်ခုတည်းသောအရာအဖြစ် ယင်းနောက် သူတို့လိုက်လျှောက်ခြင်းကြောင့်ဖြစ်သည်။

ကနဦးခရစ်ယာန်များသည် မိမိတို့၏ယုံကြည်ခြင်းကို “သမ္မာတရား” [အမှန်တရား] အဖြစ် ယူမှတ်ခဲ့ကြသည်။ (၁ တိမောသေ ၃:၁၅; ၂ ပေတရု ၂:၂; ၂ ယောဟန် ၁) သူတို့အတွက်အမှန်တရားဖြစ်ခဲ့သည့်အရာသည် ယနေ့ကျွန်ုပ်တို့အတွက်လည်း အမှန်တရားဖြစ်ရမည်။ ယေဟောဝါသက်သေများသည် လူတိုင်းအား မိမိတို့ကိုယ်တိုင်ကျမ်းစာလေ့လာခြင်းအားဖြင့် ယင်းကို သေချာစွာဆန်းစစ်ရန် ဖိတ်ခေါ်ပါသည်။ ဤသို့ပြုခြင်းအားဖြင့် သင်သည် အခြားသူတို့ထက်ထူးကဲသည့် ဘာသာတရားတစ်ခုကို တွေ့ရှိခြင်းမှသာမဟုတ် အမှန်တရားကိုပါတွေ့ရှိခြင်းမှ ရွှင်လန်းမှုကိုလည်း တွေ့ကြုံခံစားရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့မျှော်လင့်ပါသည်!

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

အမှန်တရားကိုဆန့်ကျင်သည့် ဒဿနိကဗေဒပညာတချို့

မျက်မြင်ဖြစ်တည်မှုပဓာနဝါဒ– ဘာသာတရား၏သဘောသကန်သည် မှန်မမှန်စစ်ဆေး၍မရသော အဓိပ္ပာယ်မဲ့ရာဖြစ်၍ ဒဿနိကပညာ၏ရည်မှန်းချက်သည် တိလင်းပြတ်သားသောသိပ္ပံပညာရပ်များကို တစ်လုံးတစ်ခဲတည်းဖြစ်စေရန်စုစည်းသည့် အယူအဆဖြစ်သည်။

လက်ရှိဘဝအမှန်ဝါဒ– ယင်းကိုထောက်ခံပြောဆိုသူများသည် ဒုတိယကမ္ဘာစစ်၏ စိတ်ချောက်ချားဖွယ်ရာများဖြင့် အလွန်ပင်လွှမ်းမိုးခံခဲ့ရပြီးယင်းကြောင့် အသက်နှင့်ပတ်သက်၍ အဆိုးမြင်သဘောထားရှိလာကြသည်။ ယင်းက သေခြင်းနှင့် ဘဝ၏ဟာလာဟင်းလင်းဖြစ်ပုံကို မျက်မှောက်ပြုလျက် လူ့သောကလောင်မြိုက်မှုကို စိစစ်ဖို့အလေးပေးသည်။ လက်ရှိဘဝအမှန်ဝါဒီ စာရေးဆရာ ဇဲန်ပေါ စပ်တာက ဘုရားမရှိသည့်အတွက်ကြောင့် လူသည် လုံးဝဥပေက္ခာပြုခံရသည့် စကြဝဠာတွင် စွန့်ပစ်ခံရသည်ဟု ဆိုခဲ့သည်။

သံသယဝင်ဝါဒ– အကဲခတ်ကြည့်ရှုခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်းအားဖြင့် ဖြစ်တည်မှုနှင့်ပတ်သက်၍ မည်သည့်အကြောင်းအချက်၊ အကြွင်းမဲ့မှန်ကန်သောအသိပညာ—မည်သည့်အမှန်တရား—ကိုမျှ မချမှတ် နိုင်ကြောင်း စွဲကိုင်ထားသည်။

လက်ငင်းအကျိုးကြည့်ဝါဒ– ပညာရေး၊ စာရိတ္တရေးရာများနှင့် နိုင်ငံရေးရာများကို ပုံစံသစ်ပြုပြင်ခြင်းကဲ့သို့သော လူ့အကျိုးစီးပွားအပေါ် လက်တွေ့သက်ဆိုင်ပုံအားဖြင့် လုံးလုံးလျားလျား ကျွန်ုပ်တို့ယုံကြည်စိတ်ချမှု၏ မှန်ကန်သောတန်ဖိုးကို ခန့်မှန်းဆုံးဖြတ်ခြင်းဖြစ်သည်။ ယင်းသည် အမှန်တရားကိုယ်နှိုက်တွင် တန်ဖိုးတစ်စုံတစ်ရာရှိသည်ကို ထည့်သွင်းစဉ်းစားခြင်းမရှိ။

[Picture Credit Line on page 2]

Page 3: Second from left: Courtesy of The British Museum; Right: Sung Kyun Kwan University, Seoul, Korea

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ