သင်မှတ်မိသလော
သင်သည် မကြာသေးမီက လစဉ်ထုတ်ကင်းမျှော်စင်များ ဖတ်ရှုရခြင်းကို တန်ဖိုးထားလေးစားခဲ့ပြီလော။ တန်ဖိုးထားပါက၊ အောက်ပါမေးခွန်းများကို သင်ဖြေနိုင်မနိုင် ကြည့်ပါ–
▫ ကနဦးခရစ်ယာန်များသည် ယေရှုမွေးနေ့ပွဲကို အဘယ်ကြောင့်မကျင်းပခဲ့ကြသနည်း။ ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းအရ “ကနဦးခရစ်ယာန်များသည် မည်သူ၏မွေးနေ့ပွဲကိုမဆိုကျင်းပခြင်းပမှာ တိတ္တိထုံးစံဖြစ်သည်ဟု ယူမှတ်ကြသဖြင့် [ယေရှု] ၏မွေးနေ့ပွဲကို မကျင်းပကြပါ။”—၁၂/၁၅၊စာမျက်နှာ ၄။
▫ ယေရှုထံတိုက်ရိုက် ဆုတောင်းသင့်သလော။ မတောင်းသင့်ပါ၊ အကြောင်းမှာ ဆုတောင်းချက်များသည် အနန္တတန်ခိုးရှင်ဘုရားသခင် အကြွင်းမဲ့ပိုင်ဆိုင်သည့် ဝတ်ပြုမှုပုံစံတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်အားလုံးကို ယေဟောဝါဘုရားသခင်ထံသို့ ဦးတိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယေရှု၏– “ကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့အဘ” ဟု ဆုတောင်းရန် ညွှန်ကြားခဲ့သည့်အတိုင်း နှလုံးသွင်းကြောင်းတင်ပြကြသည်။ (မဿဲ ၆:၉)—၁၂/၁၅၊ စာမျက်နှာ ၂၅။
▫ အာနနိနှင့်ရှဖိရေတို့၏အပြစ်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ဒါဝိဒ်ပြုခဲ့သည့်ကြီးလေးသောအပြစ်အတွက် အဘယ်ကြောင့်ခြားနားသောစီရင်ချက် ချမှတ်ခဲ့ရသနည်း။ (၂ ဓမ္မရာဇဝင် ၁၁:၂–၂၄; ၁၂:၁–၁၄; တမန်တော် ၅:၁–၁၁) ဒါဝိဒ်၏အပြစ်သည် အသွေးအသားအားနည်းမှုကြောင့်ဖြစ်သည်။ သူလုပ်ခဲ့သည့်အရာများကို တေ့တေ့ဆိုင်ဆိုင်ဖော်ပြခံရသောအခါ သူနောင်တယူခဲ့ပြီး—သူပြုခဲ့သည့်အပြစ်အကျိုးဆက်များကို ခံစားခဲ့ရသော်လည်း ယေဟောဝါသူ့အားခွင့်လွှတ်ခဲ့သည်။ အာနနိနှင့်ရှဖိရေတို့မူ ပရိယာယ်ဆင်၍ လိမ်ညာကာခရစ်ယာန်အသင်းတော်ကိုလှည့်ဖြားရန် ကြိုးစားကြပြီး ‘ဘုရားသခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စား’ ခြင်းအားဖြင့် အပြစ်ပြုခဲ့ကြသည်။ (တမန်တော် ၅:၃၊ ၄) ယင်းက ဆိုးညစ်သောနှလုံး၏ သာဓကဖြစ်လာသည်။ သို့နှင့် သူတို့သည် သာ၍ပြင်းထန်စွာစီရင်ခံရကြသည်။—၁/၁၊ စာမျက်နှာ ၂၇၊ ၂၈။
▫ ယေဟောဝါ၏အမှုတော်ကို ရွှင်လန်းသောနှလုံးနှင့်ဆောင်ရွက်နိုင်ရန် အဘယ်အရာက ကူညီနိုင်မည်နည်း။ ကျွန်ုပ်တို့၏ကောင်းချီးများနှင့် ဘုရားပေးဓမ္မအမှုအခွင့်အရေးများအား အပြုသဘောဆောင်သော ကျေးဇူးတင်လေးစားခြင်းသဘောကို မွေးမြူသင့်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလိုက်နာသည့်အတွက် အလိုတော်နှင့်တွေ့ကြောင်း ကျွန်ုပ်တို့ဘယ်တော့မျှမမေ့သင့်ပေ။—၁/၁၅၊ စာမျက်နှာ ၁၆၊ ၁၇။
▫ ကျွန်ုပ်တို့သည် ထိရောက်စွာအားပေးလိုလျှင် အဘယ်အရာနှစ်ခုကို စိတ်ထဲစွဲမှတ်ထားရမည်နည်း။ ဦးဆုံး၊ တိတိကျကျအားပေးဖို့ ပြောဆိုရမည့်စကားကို စဉ်းစားပါ။ ဒုတိယမှာ ချီးမွမ်းခံထိုက်သူ၊ သို့မဟုတ် တည်ဆောက်မှုလိုသူထံအခွင့်အရေးကောင်းရှာပြီး သွား၍အားပေးပါ။—၁/၁၅၊ စာမျက်နှာ ၂၃။
▫ “လူအုပ်ကြီး” သည် အဘယ်ကြောင့် “လက်ထဲတွင် စွန်ပလွံခက်ကိုကိုင်” ထားကြသနည်း။ (ဗျာဒိတ် ၇:၉) စွန်ပလွံခက်များကိုဝှေ့ယမ်းခြင်းက “လူအုပ်ကြီး” သည် ယေဟောဝါ၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဘိသိက်ခံမင်းခရစ်တော်ယေရှုကို ရွှင်လန်းစွာ ချီးမွမ်းကြွေးကြော်ကြကြောင်း ဖော်ပြသည်။ (ဝတ်ပြုရာ ၂၃:၃၉၊ ၄၀ ရှု။)—၂/၁၊ စာမျက်နှာ ၁၈။
▫ ယောဘဝတ္ထုတွင် အဘယ်အဖိုးတန်သင်ခန်းစာများကို တွေ့ရှိရသနည်း။ ယောဘဝတ္ထုက ကျွန်ုပ်တို့အား ပြဿနာများကိုင်တွယ်ပုံကို ပြသသည်။ ယင်းက စုံစမ်းမှုများရင်ဆိုင်နေရသောသူကို မည်သို့သွန်သင်ချက်ပေးသင့်—မပေးသင့်နှင့်ပတ်သက်၍ ထိရောက်လှုံ့ဆော်သော နမူနာများကို ပေးသည်။ ထို့အပြင် ယောဘ၏ကိုယ်တွေ့ဖြစ်ရပ်သည် ဒုက္ခသုက္ခအခြေအနေများက ကျွန်ုပ်တို့အားထိုးနှက်နေကြောင်း တွေ့ရှိရသောအခါ ချင့်ချိန်နှိုင်းဆသောနည်းဖြင့် တုံ့ပြန်ရန် ကျွန်ုပ်တို့ကို အထောက်အကူပြုနိုင်သည်။—၂/၁၅၊ စာမျက်နှာ ၂၇။
▫ ယေရှု၏အံ့ဖွယ်အမှုများက ကျွန်ုပ်တို့အား အဘယ်အရာ သင်ပေးသနည်း။ ယေရှု၏အံ့ဖွယ်အမှုများက ဘုရားသခင့်ဘုန်းတော်ကိုထင်ရှားစေပြီး ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေရန် ခရစ်ယာန်များအတွက် စံနမူနာဖြစ်ပေသည်။ (ရောမ ၁၅:၆) ယင်းတို့က ကောင်းမှုပြုရန်၊ ရက်ရောရန်၊ ကြင်နာစိတ်ရှိရန် အားပေးသည်။—၃/၁၊ စာမျက်နှာ ၈။
▫ အကြီးအကဲများသည် ဆက်ကပ်အပ်နှံခါစလူသစ်များနှင့် အသင့်ပြင်ဆင်ပြီးသားမေးခွန်းများကို ပြန်လည်ဆွေးနွေးခြင်းက အဘယ်ရည်ရွယ်ချက်ကို အထမြောက်စေသနည်း။ သမ္မာကျမ်းစာ၏ အခြေခံသွန်သင်ချက်များကို မေးမြန်းခံရသူတိုင်း အပြည့်အဝနားလည်စေရန်နှင့် ယေဟောဝါ၏သက်သေတစ်ဦးဖြစ်ခြင်းတွင် အဘယ်အရာများပါဝင်ကြောင်း သိမသိတို့ကို ယင်းကစိတ်ချစေပါသည်။—၃/၁၊ စာမျက်နှာ ၁၃။
▫ ကျမ်းစာပါဆုတောင်းချက်များသည် ကျွန်ုပ်တို့အား မည်သို့အကျိုးပြုနိုင်သနည်း။ ကျမ်းစာဆုတောင်းချက်များကို အနီးကပ်ကြည့်ရှုခြင်းအားဖြင့် ကျွန်ုပ်တို့ကိုယ်တွေ့ အခြေအနေများနှင့် ဆင်တူသည့်အခြေအနေများအောက်တွင် ယင်းတို့ကိုပြောဆိုခဲ့ကြောင်း သိရှိနိုင်သည်။ ဤကဲ့သို့သော ဆုတောင်းချက်မျိုးကို တွေ့ရှိခြင်း၊ ဖတ်ရှုခြင်းနှင့် တွေးတောဆင်ခြင်ခြင်းသည် ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို အရည်အသွေးတိုးတက်ကောင်းမွန်စေရန် ထောက်ကူနိုင်ပါမည်။—၃/၁၅၊ စာမျက်နှာ ၃၊ ၄။
▫ ဘုရားရေးရာကြောက်ရွံ့ခြင်းကား အဘယ်နည်း။ ဘုရားရေးရာကြောက်ရွံ့ခြင်းမှာ ယေဟောဝါအားစိုးရွံ့ရိုသေခြင်း၊ ကိုယ်တော်အား အလွန်ကြည်ညိုလေးစားခြင်းနှင့်အတူ ကိုယ်တော့်စိတ်တော်ငြိုငြင်အောင်ပြုခြင်းကို ကြောက်ရွံ့ခြင်းတို့ဖြစ်သည်။ (ဆာလံ ၈၉:၇)—၃/၁၅၊ စာမျက်နှာ ၁၀။
▫ ဘုရားသခင့်အမြင်တွင် ကျွန်ုပ်တို့သည်တန်ဖိုးရှိကြောင်း ကျမ်းစာကပြသည့် နည်းသုံးနည်းကားအဘယ်နည်း။ ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်၏အမြင်တွင် တန်ဖိုးရှိသည်ဟု သမ္မာကျမ်းစာက သွန်သင်ထားသည် (လုကာ ၁၂:၆၊ ၇); ယေဟောဝါသည် ကျွန်ုပ်တို့ကို တန်ဖိုးထားတော်မူကြောင်း ယင်းကရှင်းပြပေးထားသည် (မာလခိ ၃:၁၆); ယေဟောဝါသည် ကျွန်ုပ်တို့အပေါ်ထားရှိသည့် မေတ္တာကို ပြသရန် လုပ်ဆောင်တော်မူခဲ့ရာတို့ကို ပြောထားသည်။ (ယောဟန် ၃:၁၆)—၄/၁၊ စာမျက်နှာ ၁၁၊ ၁၂၊ ၁၄။
▫ ဟေဗြဲ ၁၀:၂၄၊ ၂၅ ပါ ခရစ်ယာန်များအတူတကွစည်းဝေးခြင်းသည် အမိန့်တစ်ခုမျှလောက်ထက်မက အဘယ်ကြောင့်ပိုမိုသနည်း။ ပေါလု၏ဤစကားများက ခရစ်ယာန်စည်းဝေးအားလုံးအတွက်— ခရစ်ယာန်များ အတူတကွပေါင်းသင်းသည့် အခါသမယတိုင်းအတွက်– မြင့်မြတ်သောမှုတ်သွင်းခံ စံနှုန်းတစ်ခုကို ချမှတ်ခြင်းဖြစ်သည်။—၄/၁၊ စာမျက်နှာ ၁၆။