မုန်းတီးမှုတစ်နေ့နေ့အဆုံးတိုင်မည်လော
သင်သည်ရုပ်မြင်သံကြားမှ သတင်းအနည်းငယ်မျှကိုပင် ကြည့်ပြီးခဲ့လျှင် မုန်းတီးမှုသည် သင်နှင့်စိမ်းမနေတော့ပါ။ မုန်းတီးမှုသည် ဤလောကတွင်နေ့စဉ်လိုလို သွေးကြောင်းများကျန်ရစ်စေပုံပေါက်စေသော အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများ၏ နောက်ကွယ်တွင်ရှိသည့် သာမန်စရိုက်တစ်ခုဖြစ်သည်။ ဘဲလ်ဖတ်စ်မှ ဘော့စနီးယားအထိ၊ ဂျေရုဆလင်မှ ဂျိုဟန်နက်စဘာ့ဂ်အထိ ကြမ္မာဆိုးဝင်သောမဆီမဆိုင်သူများသည် သတ်ဖြတ်ခံရကြသည်။
ဒုက္ခရောက်သူများသည် ၎င်းတို့အားတိုက်ခိုက်သတ်ဖြတ်သူများကို သိလေ့မရှိပါ။ သူတို့၏တစ်ခုတည်းသော “ရာဇဝတ်မှု” မှာ “အခြားတစ်ဖက်တွင်” သူတို့သက်ဆိုင်ကောင်းသက်ဆိုင်ခြင်းဖြစ်မည်။ ဤဘတစ်ပြန်ကျားတစ်ပြန်အနိဋ္ဌာရုံကြီးတွင် ယင်းသို့သောသေဆုံးမှုများမှာ ယခင်ကရက်စက်ယုတ်မာမှု သို့တည်းမဟုတ် “အမျိုးဖြုတ်သုတ်သင်မှု” တစ်မျိုးမျိုးအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကောင်းဖြစ်ပေမည်။ လုံးချာလိုက်နေသောရမ်းကားမှုတိုင်းက ရန်လိုသောအုပ်စုများကြား မုန်းတီးမှုကို မီးထိုးယပ်ခတ်လုပ်ပေးသည်။
မုန်းတီးမှု၏ဤကြောက်ခမန်းလိလိသံသရာများသည် တိုးပွားနေဟန်ရှိသည်။ မျိုးရိုးဇာတိရန်ငြိုးများသည် လူမျိုးစု၊ လူမျိုးနွယ်နှင့် လူမျိုးကွဲ (ဝါ) ဘာသာရေးအုပ်စုများကြားတွင် ပွင့်အန်ပေါက်ကွဲနေသည်။ တစ်နေ့နေ့တွင် မုန်းတီးမှုကို အမြစ်လှန်ပစ်နိုင်မည်လော။ ကျွန်ုပ်တို့သည် မုန်းတီးမှုအတွက် မွေးဖွားလာခြင်းမဟုတ်သောကြောင့် ယင်းအဖြေကိုရရန် မုန်းတီးမှုကိုဖြစ်ပေါ်သည့်အကြောင်းများကို နားလည်ဖို့လိုအပ်သည်။
မုန်းတီးမှုမျိုးစေ့များကို စိုက်ပျိုးခြင်း
ဆာရာယေဗိုမှ ဘော့စနီးယန်းမိန်းမငယ်လေး ဇလာတာဖီလီပိုဗစ်သည် မမုန်းတတ်သေးပါ။ သူငယ်မလေး၏ဒိုင်ယာရီတွင် လူမျိုးကွဲရမ်းကားမှုအကြောင်းကို စိတ်ပါလက်ပါဤသို့ရေးသားသည်– “ဘာကြောင့်ဖြစ်တာလဲ၊ ဘာအတွက်လဲ၊ ဘယ်သူ့ကို အပြစ်ဖို့ရမလဲလို့ ကျွန်မဆက်ခါဆက်ခါမေးနေတယ်။ ကျွန်မမေးနေပေမဲ့ အဖြေကတော့ထွက်မလာပါဘူး။ . . . ကျွန်မရဲ့မိန်းကလေးသူငယ်ချင်းတွေ၊ ကျွန်မတို့ရဲ့မိတ်ဆွေတွေနဲ့ ကျွန်မတို့ရဲ့မိသားစုတွေထဲမှာ ဆာ့ဘ်၊ ခရိုအက်နဲ့ မွတ်စလင်တွေရှိတယ်။ . . . ကျွန်မတို့ဟာ ဆိုးတဲ့လူတွေနဲ့မဟုတ်ဘဲ လူကောင်းတွေနဲ့သာ ရောရောထွေးထွေးနေကြတာပါ။ ပြီးတော့ ဆာ့ဘ်၊ ခရိုအက်နဲ့ မွတ်စလင်တွေထဲမှာ ဆိုးတဲ့လူတွေရှိသလို လူကောင်းတွေလည်းရှိကြပါတယ်။
အခြားတစ်ဖက်တွင်မူ အရွယ်ရောက်သူများစွာသည် အခြားတစ်မျိုးထင်မှတ်ကြသည်။ မုန်းတီးဖို့အကြောင်းတွေ သူတို့မှာအလျှံပယ်ရှိသည်ဟု ယူဆကြသည်။ အဘယ့်ကြောင့်နည်း။
တရားမမျှတမှု။ မုန်းတီးမှုအတွက် အရင်းခံရန်စမှာ တရားမမျှတမှုနှင့် ဖိနှိပ်ညှဉ်းဆဲမှု ဖြစ်ကောင်းဖြစ်နိုင်သည်။ ကျမ်းစာဆိုသကဲ့သို့ “ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကိုရူးစေတတ်၏။” (ဒေသနာ ၇:၇) လူများသည် မဆီမဆိုင်ဘဲခံရသည့်အခါ သို့မဟုတ် တိရစ္ဆာန်ကဲ့သို့ပြုမူခံရသည့်အခါ ဖိနှိပ်ညှဉ်းဆဲသူများကို သူတို့အမုန်းပွားရန် လွယ်ကူသည်။ ထို့အပြင် အကျိုးသင့်အကြောင်းသင့်မဖြစ် (ဝါ) “ရူး” ရူးမိုက်မိုက်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မုန်းတီးမှုသည် တစ်အုပ်စုလုံးကို ဦးတည်လေ့ရှိသည်။
တကယ်တရားမမျှတမှုဖြစ်စေ၊ တရားမမျှတမှုဟု ထင်မှတ်၍ပင်ဖြစ်စေ ယင်းသည် မုန်းတီးမှုကိုဖြစ်စေသည့် အရင်းခံအကြောင်းဖြစ်နိုင်သော်လည်း ယင်းသည် တစ်ခုတည်းသောအရာမဟုတ်ပါ။ နောက်တစ်ခုမှာ စိတ်စွန်းကွက်မှုဖြစ်သည်။
စိတ်စွန်းကွက်မှု။ စိတ်စွန်းကွက်မှုသည် အချို့သောလူမျိုးကွဲ သို့မဟုတ် လူမျိုးစုနှင့်ပတ်သက်လာလျှင် လျစ်လျူရှုပစ်ပယ်ရာမှ ပေါ်ပေါက်လာလေ့ရှိသည်။ တစ်ဆင့်စကား၊ ထုံးစံဓလေ့ဆိုင်ရာရန်ငြိုးနှင့် တစ်ဦး သို့မဟုတ် နှစ်ဦး၏ဆိုးရွားသော အတွေ့အကြုံတို့ကြောင့် အချို့သူတို့သည် လူမျိုးစုတစ်ခုလုံး သို့မဟုတ် လူမျိုးတစ်မျိုးလုံးအား မနှစ်မြို့ဖွယ်အရည်အသွေးများရှိနေသည်ဟု ယူဆပေမည်။ စိတ်စွန်းကွက်မှုသည် အမြစ်တွယ်သွားသည်နှင့် ယင်းကလူများအား အမှန်တရားကိုမမြင်အောင်ဖုံးကွယ်ပစ်နိုင်သည်။ “ကျွန်ုပ်တို့ အချို့သူများကိုမုန်းတီးခြင်းမှာ သူတို့ကိုမသိသောကြောင့်ဖြစ်သည်; သူတို့ကိုမုန်းသောကြောင့် သူတို့ကိုသိလိမ့်မည်မဟုတ်” ကြောင်း အင်္ဂလိပ်စာရေးဆရာ ချားလ်စ်ကဲလက်ဘ် ကိုတွန် ရှုမြင်ခဲ့သည်။
အခြားတစ်ဖက်တွင်မူ ခေါင်းဆောင်များနှင့် သမိုင်းဆရာများသည် နိုင်ငံရေး သို့မဟုတ် လူမျိုးရေးဆိုင်ရာ အကြောင်းများအတွက် စိတ်စွန်းကွက်မှုကို တမင်အားပေးလှုံ့ဆော်ပေမည်။ ဟစ်တလာသည် အဓိကနမူနာဖြစ်သည်။ ဟစ်တလာလူငယ်လှုပ်ရှားမှုအဖွဲ့ဝင်ဟောင်း ဂျော့ဂျ်က ဤသို့ဆိုသည်– “နာဇီဝါဒဖြန့်မှုသည် ကျွန်တော်တို့ကို ဦးစွာ ဂျူးများကို မုန်းဖို့၊ ထို့နောက် ရုရှားများ၊ နောက်တွင် ‘ရစ်ခ်၏ရန်သူ’ မှန်သမျှကို မုန်းဖို့ သွန်သင်ပေးခဲ့သည်။ ဆယ်ကျော်သက်တစ်ယောက်အနေနှင့် ကျွန်တော်သည် ပြောသမျှကိုယုံခဲ့သည်။ နောက်ပိုင်းတွင် ကျွန်တော်လှည့်စားခံရခြင်းဖြစ်သည်ကို သိလိုက်ရသည်။” နာဇီဂျာမနီနှင့်အခြားနေရာများတွင်ကဲ့သို့ လူမျိုးနွယ်နှင့် လူမျိုးကွဲဆိုင်ရာစိတ်စွန်းကွက်မှုကို အမျိုးသားရေးဝါဒအားဖြင့် အကြောင်းပြကာ မုန်းတီးမှု၏နောက်အရင်းအမြစ်တစ်ခုဖြစ်သည်။
အမျိုးသားရေးဝါဒ၊ လူမျိုးစုစွဲဝါဒနှင့် လူမျိုးကြီးဝါဒ။ မုန်းတီးမှုကိုပျိုးထောင်ခြင်း စာအုပ်တွင် သမိုင်းဆရာ ပီတာဂေးက ပထမကမ္ဘာစစ်ပေါက်ကွဲခဲ့ချိန်တွင် ဖြစ်ပျက်ခဲ့ရာကို ဤသို့ဖော်ပြသည်– “သစ္စာစောင့်သိမှုများတိုက်ပွဲတွင် အမျိုးသားရေးစိတ်ဓာတ်သည် အခြားသစ္စာစောင့်သိမှုရှိရှိသမျှကို ချေဖျက်ပစ်ခဲ့သည်။ မိမိ၏နိုင်ငံကိုချစ်ပြီး ယင်း၏ရန်သူကိုမုန်းတီးခြင်းသည် ဆယ့်ကိုးရာစုတစ်လျှောက်ဖြစ်ပေါ်ခဲ့သည့် ကြမ်းကြုတ်မှုအတွက် ဆီလျော်ကြောင်း တန်ခိုးအပါဆုံးအကြောင်းအဖြစ် သက်သေပြခဲ့သည်။” ဂျာမန်အမျိုးသားရေးဇောကပ်မှုက “မုန်းတီးမှုဓမ္မသီချင်း” အဖြစ်လူသိများသော စစ်သီချင်းတစ်ပုဒ်ကို လူကြိုက်များအောင်လုပ်ခဲ့သည်။ ဗြိတိန်နှင့်ပြင်သစ်တို့တွင် မုန်းတီးမှုလေသံများက ဂျာမန်စစ်သားများသည် အမျိုးသမီးများကို ဗလက္ကာယပြုကာ ကလေးသူငယ်များကို သတ်ဖြတ်နေကြောင်း လုပ်ဇာတ်များကို ဖန်တီးခဲ့ကြသည်ဟု ဂေးက ရှင်းပြသည်။ အင်္ဂလိပ်စစ်သားတစ်ယောက်ဖြစ်သူ စစ်ဂ်ဖရက်ထ် ဆက်ဆွန်က ဗြိတိသျှစစ်ပွဲဝါဒဖြန့်မှုအနှစ်သာရကို ဤသို့ဖော်ပြသည်– “လူသည် ဂျာမန်များကို သတ်ဖြတ်ဖို့ ဖန်ဆင်းခံရပုံရှိသည်။”
အမျိုးသားရေးဝါဒကဲ့သို့ပင် လူမျိုးကွဲ သို့မဟုတ် လူမျိုးနွယ်ကို အလွန်အကျွံမြှောက်စားခြင်းက အခြားလူမျိုးကွဲများ သို့မဟုတ် လူမျိုးနွယ်များအားမုန်းတီးမှုကို တွန်းပို့ပေးရာရောက်သည်။ လူမျိုးကြီးဝါဒက အနောက်ဥရောပနှင့် မြောက်အမေရိကတွင် ကပ်ဘေးတစ်ခုဖြစ်နေစဉ်တွင် လူမျိုးစုစွဲဝါဒက အာဖရိကန်နိုင်ငံများစွာတွင် သောင်းကျန်းရမ်းကားမှုမီးစကို ဆက်လက်မီးမွေးပေးနေသည်။ အမျိုးသားရေးဝါဒနှင့် ရောထွေးကောင်းရောထွေးနေမည့် ထပ်မံကွဲပြားစေသော အကြောင်းတစ်ခုမှာ ဘာသာတရားဖြစ်သည်။
ဘာသာတရား။ လောကတွင်ထိန်းမနိုင်သိမ်းမရဆုံးသော ပဋိပက္ခများထဲမှအများအပြားတွင် ထက်သန်သောဘာသာရေး အကြောင်းများရှိကြသည်။ အရှေ့အလယ်ပိုင်းတွင်ရှိ မြောက်အိုင်ယာလန်နှင့် အခြားနေရာများတွင် မိမိတို့ခံယူထားသည့်ဘာသာတရားကြောင့် လူအများထုမှာ မုန်းတီးခံနေရသည်။ လွန်ခဲ့သည့်ရာစုနှစ်ခုကျော်က အင်္ဂလိပ်စာရေးဆရာ ဂျော်နသန် စဝဖ်ထ်က ဤသို့ရှုမြင်ခဲ့သည်– “ကျွန်ုပ်တို့တွင် မုန်းတီးမှုကိုဖြစ်စေလောက်သည့် ဘာသာတရားရှိသော်လည်း အချင်းချင်းချစ်စေသည့် ဘာသာရေးတရားလောက်မရှိပါ။”
၁၉၃၃ ခုနှစ်တွင် ဟစ်တလာက ဘိရှော့အိုစနာဘရုခ်ကို ဤသို့သတင်းပို့ခဲ့သည်– ‘ဂျူးများနှင့်ပတ်သက်၍ ကက်သလစ်ချာ့ချ်က နှစ်ပေါင်း ၁,၅၀၀ ကြာမွေးစားခဲ့သည့် ထပ်တူပေါ်လစီကို ကျွန်တော်ဆက်လုပ်ဆောင်နေခြင်းဖြစ်သည်။’ သူ၏အမုန်းအစီအစဉ်များကို ဂျာမန်ချာ့ချ်ခေါင်းဆောင်အများစုက တစ်ခုမျှမရှုတ်ချခဲ့ပါ။ ပေါလ်ဂျွန်စင်က မိမိ၏စာအုပ် ခရစ်ယာန်အယူဝါဒ၏သမိုင်းတွင် “သေတမ်းစာတွင် မိမိတို့သည် မီးသင်္ဂြိုဟ်ခံလိုကြောင်းဖော်ပြသည့် ကက်သလစ်များကို ချာ့ချ်ကထုတ်ပယ်ခဲ့ . . . သော်လည်း ယင်းက ချွေးတပ်စခန်းများနှင့် အသေခံချွေးတပ်စခန်းများတွင် အလုပ်လုပ်ခြင်းကိုသူတို့အား မတားမြစ်ခဲ့ပါ” ဟု မှတ်သားခဲ့သည်။
အချို့ဘာသာရေးခေါင်းဆောင်များသည် မုန်းတီးမှုကို ခွင့်လွှတ်ခြင်းထက်မက လွန်ကဲသွားခဲ့သည်—သူတို့သည် ယင်းကို အထွတ်အမြတ်လွှဲထားခဲ့သည်။ စပိန်ပြည်တွင်းစစ်ဖြစ်ပွားသည့် ၁၉၃၆ ခုနှစ်တွင် ပုပ်ပိုင်းယပ်စ် ၁၁ သည် ရီပါဗလစ်ကင်ဘက်တွင် ကက်သလစ်ဓမ္မဆရာများရှိလျက်ပင် ရီပါဗလစ်ကင်များ၏ ‘ဘုရားသခင်ကိုစာတန်ဆန်ဆန်ဧကန်မုန်းတီးမှု’ ကိုရှုတ်ချခဲ့သည်။ အလားတူစွာ ပြည်တွင်းစစ်အတွင်း စပိန်ဂိုဏ်းချုပ်ကြီး ကားဒီနယ် ဂွန်းမေးက ‘ငြိမ်းချမ်းသည့်အခြေအနေဟူသည် လက်နက်ကိုင်တိုက်ခိုက်မှုမပါဘဲ မဖြစ်နိုင်ပါ’ ဟုပြောဆိုခဲ့သည်။
ဘာသာတရားဆိုင်ရာမုန်းတီးမှုသည် လျော့ပါးသွားသည့် လက္ခဏာမရှိကြောင်း ပြသသည်။ ၁၉၉၂ တွင် နယ်နိမိတ်မရှိသည့် လူ့အခွင့်အရေး စာအုပ်က ဂရိသြသဒေါက်စ်ချာ့ချ်၏ တာဝန်ရှိပုဂ္ဂိုလ်များလမ်းစဉ်သည် ယေဟောဝါသက်သေများကို ဆန့်ကျင်မုန်းတီးဖို့ လှုံ့ဆော်ပေးနေကြောင်း အတိအလင်းထုတ်ဖော်ခဲ့သည်။ ဥပမာများစွာထဲမှ ၁၄ နှစ်အရွယ် သက်သေခံနှစ်ဦးအပေါ် ဂရိသြသဒေါက်စ်ဓမ္မဆရာတစ်ယောက်က စွဲချက်များတင်ထားသည့် အမှုကို ယင်းကကိုးကားပြခဲ့သည်။ အဘယ်စွဲချက်နည်း။ သူက ‘သူ၏ဘာသာတရားကို ပြောင်းလဲရန်သူ့အား ကြိုးပမ်းနေသည်’ ဟု သူတို့ကို စွပ်စွဲခဲ့သည်။
မုန်းတီးမှု၏အကျိုးဆက်များ
ကမ္ဘာတစ်ဝန်းတွင် မုန်းတီးမှုမျိုးစေ့သည် တရားမမျှတမှု၊ စိတ်စွန်းကွက်မှု၊ အမျိုးသားရေးဝါဒနှင့် ဘာသာတရားတို့အားဖြင့် စိုက်ပျိုးရေလောင်းခံနေရသည်။ မလွဲမသွေသီးမည့်အသီးမှာ ဒေါသ၊ ရန်ငြိုး၊ စစ်နှင့် ပျက်စီးမှုဖြစ်သည်။ ၁ ယောဟန် ၃:၁၅ တွင်ကျမ်းစာဤသို့ဖော်ပြထားချက်က ယင်း၏အရေးကြီးမှုကို တွေ့မြင်ရန် ကျွန်ုပ်တို့အား ကူညီသည်– “ညီအစ်ကိုကိုမုန်းသောသူမည်သည်ကား လူ့အသက်ကိုသတ်သောသူဖြစ်၏။” အမှန်ပင် မုန်းတီးမှုထွန်းကားသည့်နေရာတွင် ငြိမ်သက်မှုသည်—အကယ်၍ရှိများရှိခဲ့လျှင်—အန္တရာယ်ပင်ဖြစ်သည်။
နိုဗယ်ဆုရှင်လည်းဖြစ် မီးလောင်တိုက်သွင်းမှုမှ ကပ်ကျော်ခဲ့သူလည်းဖြစ်သော လီဗီဇဲလ်က ဤသို့ရေးသားသည်– “ကပ်ကျော်သူ၏တာဝန်မှာ ဖြစ်ပျက်ခဲ့သည့်အရာကို သက်သေခံရန်ဖြစ်သည်. . . ဤအရာများသည် ဖြစ်ပျက်နိုင် ကြောင်းနှင့် ပေါ်လာနိုင်သည့်အန္တရာယ်ကို လူများအားသင်သတိပေးရမည်။ လူမျိုးနွယ်မုန်းတီးမှု၊ ရမ်းကားမှု၊ အလွန်အကျွံမြတ်နိုးမှုများ—ယင်းတို့သည် အညွန့်တလူလူတက်နေဆဲပင်။” ဤနှစ်ဆယ်ရာစုသမိုင်းက မုန်းတီးမှုသည် မိမိဘာသာလောင်ကျွမ်းပြီးငြိမ်းသွားမည့် မီးပွားတစ်ခုမဟုတ်ကြောင်း သက်သေပြနေသည်။
မုန်းတီးမှုသည် လူများ၏နှလုံးမှ တစ်နေ့နေ့တွင်အမြစ်လှန်ခံရမည်လော။ မုန်းတီးမှုသည် အမြဲတမ်း ဖျက်လိုဖျက်ဆီးလုပ်တတ်သောအရာဖြစ်သလော၊ သို့မဟုတ် အပြုသဘောဘက်ရှိသလော။ ကြည့်ကြစို့။