ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၇/၁ စာ. ၁၄-၁၈
  • “ဘုရားသခင်၏ဣသရေလအမျိုး” နှင့် “လူအုပ်ကြီး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဘုရားသခင်၏ဣသရေလအမျိုး” နှင့် “လူအုပ်ကြီး”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လူအုပ်ကြီး”
  • “ယဇ်ပုရောဟိတ်နိုင်ငံ” စစ်စစ်
  • ဣသရေလနိုင်ငံရှိ တစ်ပါးအမျိုးသားများ
  • ဝိညာဏလူမျိုး
  • ကောင်းကင်ဆိုင်ရာပြည့်စုံချက်
  • ပြန်လည်တည်ထောင်ထားသော “ပြည်တော်” တွင် အတူတကွနေထိုင်သူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ကောင်းကင်နိုင်ငံသားဖြစ်သော ခရစ်ယာန်သက်သေခံများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ‘ယခုမူကား သင်တို့သည် ဘုရားသခင်၏လူမျိုးဖြစ်ကြ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • လူသားအားလုံးကို အကျိုးပြုမယ့် တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၇/၁ စာ. ၁၄-၁၈

“ဘုရားသခင်၏ဣသရေလအမျိုး” နှင့် “လူအုပ်ကြီး”

“ထိုနောက်မှ ငါကြည့်လျှင် . . . အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့ . . . ကိုမြင်ရ၏။”​—ဗျာဒိတ် ၇:၉၊ သမ္မာ။

၁-၃။ (က) ဘိသိက်ခံခရစ်ယာန်များသည် ကောင်းကင်ဆိုင်ရာ အဘယ်အံ့ဖွယ်ရာအခွင့်အရေးများရှိသနည်း။ (ခ) ပထမရာစုအသင်းတော်ကို ပျက်စီးသွားစေရန် စာတန်မည်သို့ကြိုးစားခဲ့သနည်း။ (ဂ) ဘိသိက်ခံခရစ်ယာန်အသင်းတော်ကို ဖောက်ပြန်ယိုယွင်းသွားစေရန် စာတန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ကြောင်းတင်ပြသည့် ၁၉၁၉ ခုနှစ်တွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

စီ.အီး. ၃၃. ခု၌ “ဘုရားသခင်၏ဣသရေလအမျိုး” တည်ထောင်ခဲ့ခြင်းသည် ယေဟောဝါ၏ရည်ရွယ်ချက် ပြီးပြည့်စုံရေးတွင် အဓိကကျသောဆောင်ရွက်ချက်တစ်ခုဖြစ်သည်။ (ဂလာတိ ၆:၁၆) ယင်း၏ ဘိသိက်ခံအဖွဲ့ဝင်များသည် ခရစ်တော်နှင့်အတူ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်တွင် မသေနိုင်သော နာမ်ဝိညာဉ်သားများအဖြစ် အစိုးရခွင့်ကို မျှော်လင့်နိုင်ကြသည်။ (၁ ကောရိန္သု ၁၅:​၅၀၊ ၅၃၊ ၅၄) ထိုအခွင့်အရာတွင် သူတို့သည် ယေဟောဝါ၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေရေးနှင့် မဟာရန်သူကြီး စာတန်မာရ်နတ်၏ခေါင်းကို ကြိတ်ရေးတို့တွင် ဦးစီးဦးဆောင်ပြုမည့် ကဏ္ဍပိုင်း၌ရှိကြမည်ဖြစ်သည်။ (ကမ္ဘာဦး ၃:၁၅; ရောမ ၁၆:၂၀) ထိုကြောင့် စာတန်သည် ဤအသင်းတော်အသစ်ကို နှိပ်စက်ကလူပြုခြင်း၊ ဖောက်ပြန်ယိုယွင်းသွားစေခြင်းဖြင့် ၎င်းကို ပျက်စီးသွားဖို့ရန် အတတ်နိုင်ဆုံးကြိုးစားအားထုတ်ခဲ့ခြင်းသည် အံ့အားသင့်စရာမဟုတ်ပါတကား!​—၂ တိမောသေ ၂:၁၈; ယုဒ ၄; ဗျာဒိတ် ၂:၁၀။

၂ တမန်တော်များ အသက်ရှင်စဉ်က စာတန် မအောင်မြင်ခဲ့ပါ။ သို့ရာတွင် သူတို့သေပြီးနောက် အတားအဆီးမရှိ အယူဖောက်ပြန်မှု တိုးပွားများပြားလာသည်။ နောက်ဆုံးတွင် ယနေ့ ခရစ်ယာန်ဘောင်ဟုအမည်တွင်သော အယူဖောက်ပြန်သည့် ဘာသာတရားအတုအယောင်ကို စာတန်ဖော်ထုတ်လာသောအခါ လူ့အမြင်အရ ယေရှုတည်ထောင်ခဲ့သော ခရစ်ယာန်အသင်းတော်စစ်သည် ဖောက်ပြန်ယိုယွင်းနေပုံရှိလေသည်။ (၂ သက်သာလောနိတ် ၂:​၃-၈) မည်သို့ဆိုစေကာမူ ခရစ်ယာန်ဘာသာတရားစစ်သည် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။​—မဿဲ ၂၈:၂၀။

၃ ခရစ်ယာန်စစ်များသည် “တောမျိုးစေ့”၊ သို့မဟုတ် အတုအယောင်ခရစ်ယာန်များနှင့်အတူ ကြီးထွားပေါက်ပွားလိမ့်မည်ဟု ယေရှု၏ ကောင်းသောမျိုးစေ့နှင့် တောမျိုးစေ့ပုံဥပမာတွင် ကိုယ်တော်ကြိုတင်ဟောပြောထားသည်; ယင်းအတိုင်းပင် ဖြစ်ပျက်ခဲ့သည်။ သို့သော် နောက်ဆုံးကာလတွင် “နိုင်ငံတော်သား” တို့သည် “တောမျိုးစေ့” နှင့်မတူကြောင်း ထင်ရှားလာမည်ဟူ၍လည်း မိန့်တော်မူပါသည်။ (မဿဲ ၁၃:​၃၆-၄၃) ယင်းသည်လည်း ဟုတ်မှန်ကြောင်း ထင်ရှားခဲ့၏။ ၁၉၁၉ ခုနှစ်တွင် စစ်မှန်သော ဘိသိက်ခံခရစ်ယာန်များသည် ဗာဗုလုန်ချုပ်နှောင်မှုအောက်မှ လွတ်မြောက်လာသည်။ သူတို့အား “သစ္စာနှင့်သတိပညာရှိသောကျွန်” အဖြစ် ဘုရားသခင်အသိအမှတ်ပြုတော်မူသည်။ ထိုနောက် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ရဲရင့်စွာ ဟောပြောကြလေသည်။ (မဿဲ ၂၄:​၁၄၊ ၄၅-၄၇; ဗျာဒိတ် ၁၈:၄) သူတို့အများစုသည် တစ်ပါးအမျိုးသားများဖြစ်ကြသည်; သို့သော် သူတို့၌ အာဗြဟံ၏ယုံကြည်ခြင်းရှိသောကြောင့် သူတို့သည် အမှန်ပင် “အာဗြဟံ၏အမျိုး” ဖြစ်ကြပါသည်။ “ဘုရားသခင်၏ဣသရေလအမျိုး” အဝင်လည်း ဖြစ်ကြ၏။​—ဂလာတိ ၃:​၇၊ ၂၆-၂၉။

“လူအုပ်ကြီး”

၄။ အထူးသဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များတွင် အဘယ်ခရစ်ယာန်အုပ်စုတစ်ခုကို သိသိသာသာ တွေ့ရှိလာသနည်း။

၄ အစကနဦးတွင် ဤဘိသိက်ခံခရစ်ယာန်များ၏ ဟောပြောခြင်းကို လက်ခံနာယူသူများသည် ကောင်းကင်မျှော်လင့်ခြင်းရှိသော ဝိညာဏဣသရေလသား၊ ၁၄၄,၀၀၀ မှကြွင်းကျန်သူများဖြစ်လာကြသည်။ (ဗျာဒိတ် ၁၂:၁၇) သို့ရာတွင် အထူးသဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း အခြားအုပ်စုတစ်စုကို သိသိသာသာ တွေ့ရှိလာရသည်။ ဤသူတို့သည် သိုးခြံများပုံဥပမာပါ “အခြားသိုး” ဖြစ်ကြောင်း သိရှိလာရသည်။ (ယောဟန် ၁၀:၁၆) ဤသူတို့သည် ပရဒိသုကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ရန်မျှော်လင့်သော ခရစ်တော်၏တပည့်များဖြစ်ကြသည်။ သူတို့သည် ပုံဆောင်သဘောအရ ဘိသိက်ခံခရစ်ယာန်များ၏ ဝိညာဏအမျိုးအနွယ်ဖြစ်သည်။ (ဟေရှာယ ၅၉:၂၁; ၆၆:၂၂; ၁ ကောရိန္သု ၄:​၁၅၊ ၁၆ နှိုင်းယှဉ်။) ဤသူတို့က ဘိသိက်ခံခရစ်ယာန်အသင်းတော်ကို သစ္စာနှင့်သတိပညာရှိသောကျွန်အဖြစ် အသိအမှတ်ပြုကြကာ သူတို့၏ဘိသိက်ခံညီအစ်ကိုများနည်းတူ ယေဟောဝါကိုအလွန်ချစ်မြတ်နိုးကြသည်၊ ယေရှု၏ပူဇော်သကာကိုယုံကြည်သည်၊ ဘုရားသခင်ကိုချီးမွမ်းထောမနာပြုရန် ဇွဲရှိသည့်အပြင် ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲခံဖို့ အသင့်ရှိကြသည်။

၅။ အခြားသိုးများ၏အခွင့်အရာကို တဖြည်းဖြည်းတိုး၍တိုး၍ မည်သို့နားလည်လာသနည်း။

၅ အစကနဦးတွင် ဤအခြားသိုးများ၏အခွင့်အရာကို ကောင်းစွာနားမလည်ကြသော်လည်း အတန်ကြာလေသော် ရှင်းလင်းထင်ရှားလာသည်။ ၁၉၃၂ ခုနှစ်တွင် အခြားသိုးပါ ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ကြရန် တိုက်တွန်းပေးဖို့ ဘိသိက်ခံခရစ်ယာန်များ နှိုးဆော်ခံရ၏​—ယင်းလုပ်ငန်းကို အခြားသိုးအမြောက်အမြား ပြုလုပ်နေနှင့်ပြီဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် အခြားသိုးသည် ရေ၌နှစ်ခြင်းယူရန် အားပေးတိုက်တွန်းခံခဲ့ရသည်။ ၁၉၃၅ ခုနှစ်တွင် သူတို့သည် ဗျာဒိတ်အခန်းကြီး ၇ ပါ “လူအုပ်ကြီး” ဖြစ်ကြောင်း သိမြင်နားလည်လာသည်။ ၁၉၃၈ ခုနှစ်တွင် ယေရှုသေခြင်း၏ အောက်မေ့ရာပွဲတော်ကို ကြည့်ရှုသူများအဖြစ် သူတို့ပါတက်ရောက်ကြရန် ဖိတ်ခေါ်ခံခဲ့ရသည်။ ၁၉၅၀ ခုနှစ်တွင် သူတို့အဝင်ဖြစ်သော ရင့်ကျက်သူ ယောက်ျားများသည် “လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်” အဖြစ်အမှုထမ်းသူများဖြစ်သော “မင်းသားမှူးမတ်များ” ဖြစ်ကြောင်း သိမြင်လာသည်။ (ဆာလံ ၄၅:၁၆; ဟေရှာယ ၃၂:၁၊ ၂) ၁၉၅၃ ခုနှစ်တွင် ဘုရားသခင်၏ မြေကြီးဆိုင်ရာအဖွဲ့အစည်း​—ထိုအချိန်တိုင်သော် အများစုမှာ အခြားသိုးများ​—ဖြင့်ဖွဲ့စည်းထားရာ သူတို့သည် ကမ္ဘာအသစ်တွင်ရှိမည့် မြေကြီးအဖွဲ့အစည်း၏ မဏ္ဍိုင်ဖြစ်ကြောင်း တွေ့ရှိလာသည်။ ၁၉၈၅ ခုနှစ်တွင်မူကား ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာကြောင့် အခြားသိုးသည် အာမဂေဒုန်ကိုကပ်ကျော်ခြင်းငှာ ဘုရားသခင်၏မိတ်ဆွေအဖြစ် ဖြောင့်မတ်ရာသို့ရောက်ကြောင်း နားလည်လာပါသည်။

၆။ ယနေ့ ဘိသိက်ခံများနှင့် အခြားသိုး၏ အခွင့်အရာသည် မည်သို့ဆက်စပ်နေရာ အဘယ်မေးခွန်းများ ပေါ်ပေါက်လာစေသနည်း။

၆ ယခုအချိန်၊ “နောက်ဆုံးကာလ” ၏အဆုံးပိုင်းတိုင်လေသော် ၁၄၄,၀၀၀ မှအများစုသည် သေဆုံးနှင့်ပြီဖြစ်၍ သူတို့၏ကောင်းကင်ဆုလာဘ်ကို ခံရကြပြီဖြစ်သည်။ (၂ တိမောသေ ၃:၁; ဗျာဒိတ် ၆:​၉-၁၁; ၁၄:၁၃) ယခု မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသူ ခရစ်ယာန်များသည် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် အများဆုံးပါဝင်နေသည်။ ဤလုပ်ငန်း၌ ယေရှု၏ဘိသိက်ခံညီတော်များကို ထောက်ခံအားပေးခွင့်ရခြင်းသည် အခွင့်ထူးဖြစ်သည်ဟူ၍ သူတို့ယူမှတ်ကြသည်။ (မဿဲ ၂၅:၄၀) သို့ရာတွင် ဤဘိသိက်ခံများသည် သစ္စာနှင့်သတိပညာရှိသောကျွန်ဖြစ်၍ ဤနောက်ဆုံးကာလတစ်လျှောက် သူတို့သည် ဝိညာဉ်အစာကို တည်ခင်းကျွေးမွေးပေးနေပါသည်။ ဤဘိသိက်ခံအားလုံးသည် သူတို့၏ကောင်းကင်ဆုကျေးဇူးကို ခံယူပြီးကြသောအခါ အခြားသိုး၏အခြေအနေကား မည်သို့ရှိမည်နည်း။ ထိုအခါ အခြားသိုးအတွက် အဘယ်ပြင်ဆင်ချက်များရှိမည်နည်း။ ထိုမေးခွန်းများအတွက် အဖြေရရှိရန် ရှေးဣသရေလလူမျိုးကို အကျဉ်းချုံးကြည့်ခြင်းသည် အထောက်အကူဖြစ်လိမ့်မည်။

“ယဇ်ပုရောဟိတ်နိုင်ငံ” စစ်စစ်

၇၊ ၈။ ပညတ်တရားပဋိညာဉ်အောက်တွင် ရှေးဣသရေလလူမျိုးသည် အဘယ်အတိုင်းအတာအထိ ယဇ်ပုရောဟိတ်နိုင်ငံ၊ သန့်ရှင်းသောလူမျိုးဖြစ်သနည်း။

၇ ယေဟောဝါသည် ဣသရေလလူမျိုးကို ကိုယ်တော်၏အထူးလူမျိုးအဖြစ် ရွေးချယ်တော်မူစဉ်က သူတို့နှင့် ပဋိညာဉ်ဖွဲ့တော်မူပြီး ဤသို့မိန့်တော်မူခဲ့သည်– “ယခုတွင် သင်တို့သည် ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် လူမျိုးတကာထက် သင်တို့သည် အထူးငါပိုင်ဆိုင်ရာလူမျိုးဖြစ်ရကြလိမ့်မည်။ မြေကြီးလုံးသည် ငါ့အပိုင်ဖြစ်၏။ သင်တို့သည်လည်း ငါ့အဖို့ယဇ်ပုရောဟိတ်နိုင်ငံ၊ သီးသန့်သောလူမျိုးဖြစ်ရကြလိမ့်မည်။” (ထွက်မြောက်ရာ ၁၉:​၅၊ ၆၊ သမ္မာ) ဣသရေလလူမျိုးသည် ပညတ်တရားပဋိညာဉ်ကြောင့် ယေဟောဝါ၏ အထူးပိုင်ရာလူမျိုးဖြစ်သည်။ သို့သော် ယဇ်ပုရောဟိတ်နိုင်ငံ၊ သန့်ရှင်းသောလူမျိုးဆိုင်ရာ ကတိတော်သည် မည်သို့ပြည့်စုံလိမ့်မည်နည်း။

၈ ဣသရေလလူမျိုးသည် သစ္စာရှိစဉ်က ယေဟောဝါ၏ပိုင်သအုပ်စိုးခွင့်ကို အသိအမှတ်ပြုပြီး ကိုယ်တော်ကို သူတို့၏ရှင်ဘုရင်အဖြစ် လက်ခံထားကြသည်။ (ဟေရှာယ ၃၃:၂၂) သို့ဖြင့် သူတို့သည် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းထင်ရှားလာသည့်အတိုင်း “နိုင်ငံတော်” ဆိုင်ရာကတိတော်သည် ထိုထက်မက အဓိပ္ပာယ်ရှိရမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် ယေဟောဝါ၏ပညတ်တရားကို လိုက်နာကျင့်သုံးကြသည့်အခါ သန့်ရှင်းကြပြီး သူတို့ဝန်းကျင်ရှိလူမျိုးတို့နှင့်မတူ သီးသန့်ဖြစ်ကြောင်း ထင်ရှားသည်။ သူတို့သည် သန့်ရှင်းသောလူမျိုးဖြစ်သည်။ (တရားဟောရာ ၇:​၅၊ ၆) သူတို့သည် ယဇ်ပုရောဟိတ်နိုင်ငံဖြစ်ပါသလော။ အမှန်မှာ ဣသရေလနိုင်ငံတွင် ဗိမာန်တော်လုပ်ငန်းအတွက် လေဝိအမျိုးကို သီးသန့်ထားခဲ့သည်။ ထိုအမျိုးအနွယ်တွင်တစ်ဖန် လေဝိအနွယ်ဆက်ခံသူ ယဇ်ပုရောဟိတ်အမျိုးရှိပြန်သည်။ မောရှေပညတ္တိကျမ်းစာကို စစီရင်ထုံးဖွဲ့သောအခါ လေဝိသားယောက်ျားများကို လေဝိအမျိုးမဟုတ်သောမိသားစုတိုင်းမှ သားဦးများအတွက် အလဲအလှယ်အဖြစ် သိမ်းပိုက်ခဲ့သည်။a(ထွက်မြောက်ရာ ၂၂:၂၉; တောလည်ရာ ၃:​၁၁-၁၆၊ ၄၀-၅၁) သို့ဖြင့် ဗိမာန်တော်လုပ်ငန်းတွင် ဣသရေလနိုင်ငံရှိ မိသားစုတိုင်းသည် ကိုယ်စားပြုခံရဘိသကဲ့သို့ဖြစ်ပါသည်။ ယင်းကား လူမျိုးတစ်မျိုးအနေနှင့် ယဇ်ပုရောဟိတ်အမျိုးဖြစ်ခြင်းတွင် အနီးကပ်ဆုံးနည်းပင်ဖြစ်သည်။ သို့ဖြစ်စေကာမူ သူတို့သည် လူမျိုးအပေါင်းတို့ရှေ့တွင် ယေဟောဝါကို ကိုယ်စားပြုကြပါသည်။ စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်လိုသူ မည်သည့်တစ်ပါးအမျိုးသားမဆိုသည် ဣသရေလလူမျိုးနှင့်အတူ ပူးပေါင်းကိုးကွယ်ရမည်ဖြစ်သည်။​—၂ ရာဇဝင်ချုပ် ၆:​၃၂၊ ၃၃; ဟေရှာယ ၆၀:၁၀။

၉။ မြောက်ဘက်ဣသရေလနိုင်ငံကို ‘ကိုယ်တော်၏ယဇ်ပုရောဟိတ်အဖြစ်အမှုထမ်းခြင်းမှ ယေဟောဝါ အဘယ်ကြောင့်ပယ်ခဲ့ရသနည်း။

၉ ရှောလမုန်မင်းကြီး ကွယ်လွန်ပြီးနောက် ဘုရားသခင်၏လူမျိုးသည် ဘုရင်ယေရောဗောင်လက်အောက် မြောက်ဘက်ဣသရေလနိုင်ငံနှင့် ဘုရင်ရောဗောင်လက်အောက် တောင်ဘက်ယုဒနိုင်ငံသို့ နှစ်ခြမ်းကွဲသွားပါသည်။ စစ်မှန်သောဝတ်ပြုရေးတည်စိုက်ရာ ဗိမာန်တော်သည် ယုဒနယ်တွင်ရှိနေသည်ဖြစ်ရာ ယေရောဗောင်သည် မိမိနိုင်ငံ၏နယ်နိမိတ်အတွင်း နွားရုပ်များတည်ဆောက်ခြင်းအားဖြင့် တရားတော်နှင့်ဆန့်ကျင်သောကိုးကွယ်မှုကို စတင်လိုက်လေသည်။ ထို့ပြင် “မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။” (၃ ဓမ္မရာဇဝင် ၁၂:၃၁) တစ်ပါးအမျိုးသားဖြစ်သူ ဇနီးယေဇဗေလအား အာဟပ်မင်းသည် နိုင်ငံအတွင်း ဗာလဝတ်ပြုမှုကို တည်ထောင်ခွင့်ပြုပြီးနောက် မြောက်ဘက်လူမျိုးသည် မှောက်မှားသောဝတ်ပြုရေးတွင် နစ်သည်ထက်နစ်မွန်းလေသည်။ နောက်ဆုံး ထိုတော်လှန်ပုန်ကန်သောနိုင်ငံကို ယေဟောဝါတရားစီရင်တော်မူချက်ကိုထုတ်ပြန်ခဲ့သည်။ ဟောရှေမှတစ်ဆင့် ကိုယ်တော်က ဤသို့မိန့်တော်မူ၏– “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံးကြ၏။ သင်သည် ပညာကိုပယ်သောကြောင့် ငါ့ယဇ်ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှာ သင့်ကိုငါပယ်မည်။” (ဟောရှေ ၄:၆) ထိုနောက်မကြာမီပင် အာရှုရိလူမျိုးသည် မြောက်ဘက်ဣသရေလနိုင်ငံကို ဖျက်ဆီးချေမှုန်းပစ်ခဲ့သည်။

၁၀။ တောင်ဘက်နိုင်ငံသည် သစ္စာရှိစဉ်က လူမျိုးအပေါင်းရှေ့တွင် ယေဟောဝါကို မည်သို့ကိုယ်စားပြုသနည်း။

၁၀ တောင်ဘက်ယုဒနိုင်ငံကော၊ မည်သို့ဖြစ်ပျက်သနည်း။ ဟေဇကိမင်းလက်ထက်တွင် ဟေရှာယမှတစ်ဆင့် သူတို့အား ယေဟောဝါ ဤသို့မိန့်တော်မူသည်– “သင်တို့သည် . . . ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန်ဖြစ်ကြ၏။ . . . ကိုယ်အဖို့ ငါဖန်ဆင်းသောထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။” (ဟေရှာယ ၄၃:​၁၀၊ ၂၁; ၄၄:၂၁) တောင်ဘက်နိုင်ငံသည် သစ္စာရှိစဉ်က ယေဟောဝါ၏ဂုဏ်တော်ကို လူမျိုးအပေါင်းရှေ့ ချီးမွမ်းကာ စိတ်နှလုံးမှန်ကန်သူများအား ကိုယ်တော့်ဗိမာန်တော်တွင် ကိုယ်တော့်ကို ကိုးကွယ်ဝတ်ပြုရန်နှင့် တရားဝင်ဖြစ်သော လေဝိယဇ်ပုရောဟိတ်အစီအစဉ်အားဖြင့် အကျိုးကျေးဇူးများခံစားရစေရန် ဆွဲဆောင်နိုင်ခဲ့သည်။

ဣသရေလနိုင်ငံရှိ တစ်ပါးအမျိုးသားများ

၁၁၊ ၁၂။ ဣသရေလလူမျိုးနှင့်အတူ ယေဟောဝါထံအမှုတော်ထမ်းခဲ့သော တစ်ပါးအမျိုးသားအချို့၏အမည်ကို ဖော်ပြပါ။

၁၁ ဤလူမျိုး၏သက်သေခံချက်ကို လက်ခံနာယူသော တစ်ပါးအမျိုးသားတို့နှင့်သက်ဆိုင်သည့်အစီအစဉ်ကို မောရှေမှတစ်ဆင့်ပေးသော ပညတ္တိကျမ်းစာတွင် ထည့်သွင်းစီရင်ရေးသားထားသည်။ မောရှေ၏ဇနီး၊ ဇိပေါရပင်လျှင် မိဒျန်အမျိုးသမီးတစ်ဦးဖြစ်သည်။ ဣသရေလလူမျိုးမဟုတ်သော “အမျိုးမျိုးသောလူအများ” တို့သည် ဣသရေလလူမျိုးနှင့်အတူ အီဂျစ်နိုင်ငံမှ ထွက်ခွာခဲ့ပြီး ပညတ္တိကျမ်းစာကိုပေးခဲ့သောအချိန်တွင် သူတို့လည်းရှိပါသည်။ (ထွက်မြောက်ရာ ၂:​၁၆-၂၂; ၁၂:၃၈; တောလည်ရာ ၁၁:၄) ရာခပ်နှင့်သူမ၏အိမ်ထောင်သည် ယေရိခေါမြို့မှ ကယ်နုတ်ခံရပြီး နောက်ပိုင်းတွင် ဂျူးလူမျိုးအဝင် ဖြစ်လာလေသည်။ (ယောရှု ၆:​၂၃-၂၅) ထိုနောက်များမကြာမီပင် ဂိဗောင်မြို့သားတို့သည် ဣသရေလလူမျိုးနှင့် မိတ်သဟာယဖွဲ့ပြီးနောက် တဲတော်နှင့်ပတ်သက်သော တာဝန်များကို ဆောင်ရွက်ရန် ခန့်အပ်ခံရသည်။​—ယောရှု ၉:​၃-၂၇; ၃ ဓမ္မရာဇဝင် ၈:​၄၁-၄၃; ဧသတာ ၈:၁၇ လည်းရှု။

၁၂ နောက်ဆုံးတွင် တစ်ပါးအမျိုးသားများသည် မြင့်မားသော အခွင့်အရာရှိတာဝန်များကိုပင် ထမ်းရွက်ရသည်။ ဒါဝိဒ်၏ “သူရဲတို့” တွင် အမ္မုန်အမျိုး၊ ဇေလက်ပါဝင်သကဲ့သို့ ဗာသရှေဘ၏ယောက်ျား၊ ဟိတ္တိလူ၊ ဥရိယလည်းပါဝင်ခဲ့သည်။ (၁ ရာဇဝင်ချုပ် ၁၁:​၂၆၊ ၃၉၊ ၄၁; ၂ ဓမ္မရာဇဝင် ၁၁:​၃၊ ၄) အဲသယောပိပြည်သား ဧဗဒမေလက်သည် နန်းတော်အရာရှိတစ်ဦးဖြစ်၍ ရှင်ဘုရင်၏အထံတော်သို့ ဝင်ခွင့်ရှိသည်။ (ယေရမိ ၃၈:​၇-၉) ဗာဗုလုန်နိုင်ငံတွင် ပြည်နှင်ခံအဖြစ်မှ ဣသရေလလူမျိုးသည် ပြန်ရောက်လာကြသောအခါ ဣသရေလလူမျိုးမဟုတ်သူ နက်သနင်တို့၏ ယဇ်ပုရောဟိတ်များကို အကူအညီပေးရသောတာဝန် တိုးများလာပါသည်။ (ဧဇရ ၇:၂၄) ဤသစ္စာရှိတစ်ပါးအမျိုးသားများ၊ သို့မဟုတ် ဧည့်သည်အာဂန္တုအတော်များများသည် ယနေ့လူအုပ်ကြီးကိုပုံဆောင်သည်ဟု ယူမှတ်ထားရာ သူတို့၏အခြေအနေသည် ကျွန်ုပ်တို့အတွက်စိတ်ဝင်စားစရာဖြစ်ပါသည်။

၁၃၊ ၁၄။ (က) ဣသရေလနိုင်ငံတွင် ဘာသာဝင်များ၏ အခွင့်အရေးနှင့်တာဝန်များကား အဘယ်နည်း။ (ခ) ဣသရေလလူမျိုးသည် သစ္စာရှိဘာသာဝင်များကို မည်သို့ယူမှတ်ကြဖို့ဖြစ်သနည်း။

၁၃ ဤသူတို့သည် ဘာသာဝင်များဖြစ်ကြသည်။ မောရှေပညတ္တိကျမ်းစာအရ ယေဟောဝါကို ဝတ်ပြုသော ဆက်ကပ်အပ်နှံထားသူများဖြစ်သည်။ သူတို့သည် ဣသရေလလူမျိုးနည်းတူ အခြားလူမျိုးအပေါင်းတို့နှင့် မဆက်ဆံသီးသန့်နေကြသည်။ (ဝတ်ပြုရာ ၂၄:၂၂) ဣသရေလလူမျိုးကဲ့သို့ပင် ယဇ်ပူဇော်ကြသည်၊ မှောက်မှားသောဝတ်ပြုရေးနှင့် အသွေးကို ကြဉ်ရှောင်ကြသည်။ (ဝတ်ပြုရာ ၁၇:​၁၀-၁၄; ၂၀:၂) ရှောလမုန်၏ဗိမာန်တော်ဆောက်လုပ်ရေးတွင် သူတို့ပါဝင်ကူညီကြ၍ အာသမင်းနှင့် ဟေဇကိမင်းတို့လက်ထက်တွင် စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၂:၂; ၂ ရာဇဝင်ချုပ် ၁၅:​၈-၁၄; ၃၀:၂၅) စီ. အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ဘုရားသခင့်နိုင်ငံတော်၏ ပထမသော့ကို ပေတရုအသုံးပြုချိန်က သူ၏စကားကို “ယုဒလူဖြစ်စေ၊ [ဂျူးမဟုတ်သူ] ဘာသာဝင်ဖြစ်စေ” ကြားနာခဲ့သည်။ ထိုနေ့ရက်တွင် ဗတ္တိဇံယူခဲ့သော လူသုံးထောင်တွင် အချို့သည် ဘာသာဝင်များဖြစ်နိုင်စရာအကြောင်းရှိသည်။ (တမန်တော် ၂:​၁၀၊ ၄၁) ထိုနောက် မကြာမီအချိန်တွင်​—ဘုရားသခင့်နိုင်ငံတော်၏ နောက်ဆုံးသော့ကို ကော်နေလိနှင့် သူ၏အိမ်ထောင်အတွက် ပေတရုအသုံးမပြုမီ​—အဲသယောပိဘာသာဝင်တစ်ဦးကို ဖိလိပ္ပုနှစ်ခြင်းပေးခဲ့သည်။ (မဿဲ ၁၆:၁၉; တမန်တော် ၈:​၂၆-၄၀; ၁၀:​၃၀-၄၈) ဤတွင် ဘာသာဝင်များကို တစ်ပါးအမျိုးသားများဟု မယူမှတ်သည်ကား ထင်ရှားပါသည်။

၁၄ သို့ဖြစ်စေကာမူ နိုင်ငံအတွင်း၌ ဘာသာဝင်များ၏အခြေအနေသည် ဣသရေလတိုင်းရင်းသားအခြေအနေနှင့် မတူပါ။ ဘာသာဝင်များသည် ယဇ်ပုရောဟိတ်အမှုကို မထမ်းရွက်ကြရချေ။ သူတို့၏သားဦးများသည် လေဝိအနွယ်ဆက်ခံသူ ယဇ်ပုရောဟိတ်အဖွဲ့တွင် ကိုယ်စားပြုခြင်းမခံရပါ။bဘာသာဝင်များသည် ဣသရေလနိုင်ငံတွင် လယ်မြေကိုအမွေမခံကြရချေ။ သို့ရှိစေကာမူ ဣသရေလအမျိုးသားတို့သည် သစ္စာရှိဘာသာဝင်များအား ထောက်ထားစာနာမှုပြပြီး ညီအစ်ကိုများပမာ ဆက်ဆံကြရန် အမိန့်ရထားပါသည်။​—ဝတ်ပြုရာ ၁၉:​၃၃၊ ၃၄။

ဝိညာဏလူမျိုး

၁၅။ ဣသရေလတိုင်းရင်းသားများသည် မေရှိယကိုလက်ခံရန် ငြင်းပယ်ကြသောအခါ အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။

၁၅ ဣသရေလလူမျိုးကို စင်ကြယ်စေရန်နှင့် လူအမျိုးမျိုးတို့နှင့် သီးသန့်ဖြစ်စေရန် ပညတ်တရားကိုပေးတော်မူခြင်းဖြစ်သည်။ သို့သော် အခြားရည်ရွယ်ချက်တစ်ခုလည်းရှိသေးသည်။ တမန်တော်ပေါလုက ဤသို့ရေးသည်– “ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ပညတ်တရားသည် ခရစ်တော်ထံသို့ ငါတို့ကို ပို့ဆောင်၍ ငါတို့၏အထိန်းဖြစ်သတည်း။” (ဂလာတိ ၃:၂၄) ဝမ်းနည်းစရာကား၊ ဣသရေလအများစုသည် ခရစ်တော်ထံသို့ ပညတ်တရား၏ပို့ဆောင်မှုကို လက်မခံခဲ့ခြင်းဖြစ်သည်။ (မဿဲ ၂၃:၁၅; ယောဟန် ၁:၁၁) ထိုကြောင့် ၎င်းလူမျိုးကို ယေဟောဝါဘုရားသခင်ငြင်းပယ်တော်မူပြီး “ဘုရားသခင်၏ဣသရေလအမျိုး” ကိုဖွားမြင်စေတော်မူသည်။ ထို့ပြင် ဤဣသရေလအမျိုးသစ်၏ အရည်အချင်းပြည့် ပြည်တော်သားများဖြစ်ခွင့်ကို ဂျူးမဟုတ်သူများအား ကိုယ်တော်ကမ်းလှမ်းဖိတ်ကြားတော်မူခဲ့သည်။ (ဂလာတိ ၃:၂၈; ၆:၁၆) ဤလူမျိုးသစ်အပေါ် ထွက်မြောက်ရာ ၁၉:​၅၊ ၆ ပါတော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့ဆိုင်ရာ ယေဟောဝါ၏ကတိတော်သည် အံ့ချီးဖွယ်နည်းဖြင့် နောက်ဆုံးပြည့်စုံလာလေသည်။ မည်သို့အားဖြင့်နည်း။

၁၆၊ ၁၇။ ကမ္ဘာပေါ်ရှိ ဘိသိက်ခံခရစ်ယာန်များသည် အဘယ်သဘောမျိုးဖြင့် “မင်းစည်းစိမ်ရှိသော” သူများ “ယဇ်ပုရောဟိတ်မျိုး” ဖြစ်သနည်း။

၁၆ သူ့ခေတ်ရှိ ဘိသိက်ခံခရစ်ယာန်များထံ ပေတရုစာရေးချိန်တွင် ထွက်မြောက်ရာ ၁၉:၆ ကိုကိုးကားခဲ့သည်– “သင်တို့မူကား၊ . . . ‘ရွေးချယ်တော်မူသောအမျိုးဖြစ်၏။ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ဆိုင်တော်မူရာအထူး ဖြစ်ကြ၏။’” (၁ ပေတရု ၂:၉၊ ကဘ) ယင်းက ဘာကိုဆိုလိုသနည်း။ ကမ္ဘာပေါ်ရှိ ဘိသိက်ခံခရစ်ယာန်များသည် ရှင်ဘုရင်များ ဖြစ်ကြပါသလော။ မဟုတ်ပါ။ သူတို့၏မင်းရိုက်ရာသည် အနာဂတ်တွင် ရှိသေးသည်။ (၁ ကောရိန္သု ၄:၈) မည်သို့ဆိုစေကာမူ အနာဂတ်တွင် ဘုရင်ဆိုင်ရာအခွင့်အရေးများကို သူတို့အား အပ်နှင်းမည်ဖြစ်ရာ ဤသဘောမျိုးဖြင့် သူတို့သည် “မင်းစည်းစိမ်ရှိ” သူများဖြစ်ကြပါသည်။ ယခုပင်လျှင် သူတို့သည် မဟာပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင် ခန့်အပ်ထားတော်မူသော ရှင်ဘုရင်ယေရှု အစိုးရသောလူမျိုးဖြစ်နေ၏။ ပေါလုက ဤသို့ရေးသားသည်– “[ယေဟောဝါသည်] မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနုတ်၍ ချစ်တော်မူသောသားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။”​—ကောလောသဲ ၁:၁၃။

၁၇ ကမ္ဘာပေါ်ရှိ ဘိသိက်ခံခရစ်ယာန်များသည် ယဇ်ပုရောဟိတ်များဖြစ်ပါသလော။ တစ်နည်းအားဖြင့် ဖြစ်ကြပါသည်။ သူတို့သည် ယဇ်ပုရောဟိတ်လုပ်ငန်းကို အစုအဝေးလိုက်ထမ်းဆောင်နေကြောင်း မငြင်းဆိုနိုင်ပါ။ ယင်းအကြောင်းကို ပေတရုက ဤသို့ရှင်းပြသည်– “[သင်တို့သည်] သန့်ရှင်းသောပုရောဟိတ်များဖြစ်သည့်ပြင် . . . တည်ထားသောဝိညာဉ်ဗိမာန်ဖြစ်ကြ၏။” (၁ ပေတရု ၂:​၅၊ သမ; ၁ ကောရိန္သု ၃:၁၆) ယနေ့ အဖွဲ့လိုက်အနေနှင့် ဘိသိက်ခံခရစ်ယာန် အကြွင်းအကျန်များသည် “သစ္စာနှင့်သတိပညာရှိသောကျွန်၊” ဝိညာဏအစာဝေငှဖြန့်ဖြူးသည့် လမ်းကြောင်းဖြစ်သည်။ (မဿဲ ၂၄:​၄၅-၄၇) ရှေးဣသရေလလူမျိုးတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ ယေဟောဝါကို ဝတ်ပြုကိုးကွယ်လိုသူ မည်သူမဆိုသည် ဤဘိသိက်ခံခရစ်ယာန်များနှင့်အတူ ပေါင်းသင်း၍ ကိုးကွယ်ကြရမည်။

၁၈။ ယဇ်ပုရောဟိတ်အမျိုးအနေနှင့် ကမ္ဘာပေါ်ရှိ ဘိသိက်ခံခရစ်ယာန်အသင်းတော်၏ အဓိကတာဝန်ကား အဘယ်နည်း။

၁၈ ထို့ပြင် ဘိသိက်ခံခရစ်ယာန်များသည် ဣသရေလလူမျိုးထံမှ လူမျိုးအသီးသီးတို့အား ယေဟောဝါ၏ကြီးမြတ်တော်မူခြင်းအကြောင်းကို သက်သေခံခွင့် လွှဲပြောင်းယူလိုက်ပေပြီ။ ဘိသိက်ခံခရစ်ယာန်များအား တော်ဝင်ယဇ်ပုရောဟိတ်အမျိုးဟု ပေတရုခေါ်ဆိုခဲ့သောအခါ ဟောပြောခြင်းလုပ်ငန်းကို သူရည်စူးနေကြောင်း ရှေ့နောက်စကားများက ဖော်ပြနေပါသည်။ အမှန်မှာ၊ သူ၏ကိုးကားချက်တစ်ခုတည်းတွင် ထွက်မြောက်ရာ ၁၉:၆ ပါယေဟောဝါ၏ကတိတော်နှင့် ဟေရှာယ ၄၃:၂၁ ပါ ယေဟောဝါ၏မိန့်ဆိုချက်တို့ကို ပေါင်းစပ်၍ သူဤသို့ဆိုသည်– “သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးတော်များကို ဖော်ပြစေခြင်းငှာ . . . မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး  . . ဖြစ်ကြ၏။” (၁ ပေတရု ၂:၉) ယင်းနှင့်အညီ ယေဟောဝါ၏ဂုဏ်ကျေးဇူးတော်များကို ကြေညာခြင်းသည် ဗိမာန်တော်၌ ယဇ်ပူဇော်သကာတင်ခြင်းဖြစ်သည်ဟု ပေါလုပြောဆိုခဲ့သည်။ သူက ဤသို့ရေးသားသည်– “နာမတော်ကို လူအများရှေ့ဝန်ခံရာနှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ထံ အစဉ်မပြတ်ပူဇော်ဆက်ကပ်ကြကုန်အံ့။”​—ဟေဗြဲ ၁၃:၁၅၊ ကဘ။

ကောင်းကင်ဆိုင်ရာပြည့်စုံချက်

၁၉။ ဣသရေလလူမျိုးသည် ယဇ်ပုရောဟိတ်နိုင်ငံတော်ဖြစ်မည်ဟူသော ကတိတော်၏ ကြီးမြတ်တော်မူသော နောက်ဆုံးပြည့်စုံချက်ကား အဘယ်နည်း။

၁၉ သို့ရာတွင် ထွက်မြောက်ရာ ၁၉:​၅၊ ၆ သည် နောက်ဆုံးတွင် ထိုထက်ကြီးမြတ်ထွန်းတောက်စွာ ပြည့်စုံစရာရှိသေးသည်။ ဗျာဒိတ်ကျမ်းတွင် ရှင်ပြန်ထမြောက်သော ယေရှုကို ကောင်းကင်သားများ ဤသို့ချီးမွမ်းထောမနာပြုရာတွင် ဤကျမ်းချက်အားရည်ညွှန်းအသုံးပြုခဲ့သည်ကို တမန်တော်ယောဟန်ကြားနာခဲ့ရသည်– “ကိုယ်တော်သည် အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့် အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍ အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနုတ်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း၊ ခန့်ထား၍ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကိုပေးတော်မူ၏။” (ဗျာဒိတ် ၅:​၉၊ ၁၀) ထိုကြောင့် နောက်ဆုံးသဘောတရားအရ တော်ဝင်ယဇ်ပုရောဟိတ်အမျိုးသည် ကျွန်ုပ်တို့ဆုတောင်းရန် ယေရှုသွန်သင်ပေးတော်မူခဲ့သော အစိုးရအခွင့်အာဏာရှိ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဖြစ်ပေသည်။ (လုကာ ၁၁:၂) အဆုံးတိုင်အောင်တည်ကြည်သော ၁၄၄,၀၀၀ ဘိသိက်ခံခရစ်ယာန်အားလုံးသည် ထိုဘုရားသခင်၏နိုင်ငံတော်အစီအစဉ်တွင် ပါဝင်ခွင့်ရကြလိမ့်မည်။ (ဗျာဒိတ် ၂၀:​၄၊ ၆) မောရှေမှတစ်ဆင့် ဤမျှတိုင်ကြာမြင့်စွာအချိန်ကတည်းကပေးခဲ့သော ကတိတော်၏ အံ့သြဖွယ်ပြည့်စုံခြင်းပါတကား!

၂၀။ အဘယ်မေးခွန်းကို ဖြေဆိုပေးရန် လိုအပ်နေဆဲဖြစ်သနည်း။

၂၀ ဘိသိက်ခံအားလုံးသည် သူတို့၏အံ့သြဖွယ်အမွေတော်ကို ခံယူသည့်အခါ လူအုပ်ကြီးနှင့် သူတို့၏အနာဂတ်အခြေအနေသည် ယင်းနှင့်မည်သို့သက်ဆိုင်သနည်း။ အစဉ်လိုက်ဖြစ်သည့် ဤဆောင်းပါးများ၏ နောက်ဆုံးဆောင်းပါးတွင် ယင်းအချက်သည် ရှင်းလင်းလာလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ဣသရေလယဇ်ပုရောဟိတ်အစီအစဉ်ကို စစီရင်ထုံးဖွဲ့ချိန်က ဣသရေလလူမျိုးမှ လေဝိအနွယ်မဟုတ်သော သားဦးများနှင့် လေဝိအနွယ်မှ သားယောက်ျားအားလုံးကို ရေတွက်စာရင်းယူခဲ့သည်။ လေဝိသားတို့ထက် သားဦး ၂၇၃ ဦးပိုနေသည်ဖြစ်ရာ ထို ၂၇၃ ဦးကိုရွေးရန် တစ်ဦးစီအတွက် ငွေငါးကျပ်စီပေးရမည်ဟု ယေဟောဝါမိန့်တော်မူခဲ့သည်။

b ဘီ. စီ. အီး. ၁၅၁၃ ခုတွင် ပညတ္တိကျမ်းစာကို စစီရင်ထုံးဖွဲ့ချိန်တွင် ဣသရေလလူမျိုးမဟုတ်သူ အမျိုးမျိုးသောလူအများတို့လည်းရှိ၏။ သို့သော် ဣသရေလသားဦးများအတွက် လေဝိသားများကို လဲလှယ်မှုအဖြစ် သိမ်းပိုက်ခဲ့ချိန်တွင် သူတို့၏သားဦးများကို စာရင်းမရေတွက်ခဲ့ပါ။ (စာပိုဒ် ၈ ရှု။) ထိုကြောင့် ဣသရေလလူမျိုးမဟုတ်သူ ဤသူတို့၏သားဦးများအတွက် လေဝိသားများကို လဲလှယ်မှုအဖြစ်မသိမ်းပိုက်ခဲ့ပါ။

သင်ရှင်းပြနိုင်သလော

◻ အခြားသိုး၏အခွင့်အရာအကြောင်းကို မည်သို့တိုး၍တိုး၍ နားလည်လာသနည်း။

◻ မြောက်ဘက်ဣသရေလနိုင်ငံကို ယေဟောဝါ၏ယဇ်ပုရောဟိတ်အဖြစ်အမှုထမ်းခြင်းမှ ကိုယ်တော်အဘယ်ကြောင့်ပယ်ရှားတော်မူခဲ့သနည်း။

◻ သစ္စာရှိစဉ်က လူမျိုးအပေါင်းတို့ရှေ့တွင် ယုဒနိုင်ငံ၏အခြေအနေကား အဘယ်နည်း။

◻ ဣသရေလနိုင်ငံတွင် သစ္စာရှိဘာသာဝင်များ၏ အခွင့်အရာကား အဘယ်နည်း။

◻ ဘိသိက်ခံအသင်းတော်သည် ယဇ်ပုရောဟိတ်နိုင်ငံအဖြစ် မည်သို့အမှုထမ်းသနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

တော်ဝင်ယဇ်ပုရောဟိတ်အမျိုးအနေနှင့် ဘိသိက်ခံခရစ်ယာန်များသည် ယေဟောဝါ၏ဘုန်းကို ကမ္ဘာပေါ်တွင် ကြေညာကြသည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ထွက်မြောက်ရာ ၁၉:၆ ၏နောက်ဆုံးပြည့်စုံချက်ကား ဘုရားသခင်၏နိုင်ငံတော်ဖြစ်သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ