ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၉/၁ စာ. ၂၇-၃၀
  • ကက်သရိုင်းများ သူတို့သည် ခရစ်ယာန်အာဇာနည်များလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကက်သရိုင်းများ သူတို့သည် ခရစ်ယာန်အာဇာနည်များလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အလယ်ခေတ်ဥရောပတွင် ဘာသာတရားဆိုင်ရာ သဘောထားကွဲလွဲမှု
  • နယ်လှည့်တရားဟောဆရာများ
  • ကက်သရိုင်းကား မည်သူတို့နည်း
  • သမ္မာကျမ်းစာအပေါ် သဘောထား
  • ခရစ်ယာန်များမဟုတ်
  • သန့်ရှင်းခြင်းမရှိသော ခရူးဆိတ်စစ်ပွဲ
  • ဘာသာရေးခုံရုံးက လက်စတုံးပစ်
  • ဝေါလ်ဒဲန်းဆီစ် အယူမှားခြင်းမှ ပရိုတက်စတင့်အယူဝါဒသို့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သမ္မာကျမ်းစာကို သာမန်လူတွေလက်ထဲ မရောက်စေဖို့ ကြိုးစားခဲ့ကြ
    နိုးလော့!—၂၀၁၁
  • ဓမ္မဆရာအုပ်ချုပ်ရေး—ယင်းသည်အဖြေလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၉/၁ စာ. ၂၇-၃၀

ကက်သရိုင်းများ သူတို့သည် ခရစ်ယာန်အာဇာနည်များလော

“သူတို့အားလုံးကိုသတ်ပစ်; ဘုရားသခင် သူ့သားသမီးတွေကို သိပါလိမ့်မယ်။” ၁၂၀၉ ခုနှစ်၏ နွေရာသီ ရက်တစ်ရက်တွင် ပြင်သစ်နိုင်ငံတောင်ဘက်ပိုင်းရှိ ဗေဇေယေမြို့သူမြို့သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ ပုပ်ရဟန်းမင်းကြီး၏အာဏာရ သံတမန်အဖြစ် ခန့်အပ်ခံရသူ ချာ့ချ်ခရူးဆေဒါများ၏ခေါင်းဆောင် ရဟန်းအာနောလ်ဒ် အာမာလ်ရီခ်သည် သက်ညှာမှုလုံးဝမပြခဲ့ပါ။ သူ၏တပည့်များက ချာ့ချ်နှင့် မိစ္ဆာတိတ္ထိများကို မည်သို့ခွဲခြားသိမြင်နိုင်မည်နည်းဟု မေးမြန်းသောအခါ ကျော်မကောင်းကြားမကောင်းသော အထက်ပါအဖြေကို ပေးခဲ့သည်ဟုဆိုကြသည်။ ချာ့ချ်သမိုင်းဆရာများက ဤသို့စကားဖာကြသည်– “မပူပါနှင့်။ ဘာသာဝင်ဖြစ်လာသူ နည်းမည်ထင်သည်။” သူ၏မူလအဖြေ မည်သို့ပင်ရှိစေကာမူ အကျိုးဆက်မှာ ယောက်ျား၊ မိန်းမနှင့် ကလေးများအနည်းဆုံး ၂၀,၀၀၀ တို့သည် ချာ့ချ်၏ ဂိုဏ်းအုပ်ဂိုဏ်းချုပ်များဦးစီးသော ခရူးဆေဒါ ၃၀၀,၀၀၀ ခန့်၏လက်ချက်ဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

အဘယ်အရာက ဤသိမ်းရုံးသတ်ဖြတ်မှုကို ဖြစ်ပေါ်စေသနည်း။ ပြင်သစ်နိုင်ငံ တောင်ဘက်အလယ်ပိုင်းရှိ လန်းဂဒါ့ခ်နယ်မှ မိစ္ဆာတိတ္ထိဟူ၍ခေါ်ခံရသူများကို ပုပ်ရဟန်းမင်း အင်နိုစင့် ၃ ကစတင်တိုက်ခိုက်သော အယ်လ်ဘဂျင်ရှန်ခရူးဆိတ်စစ်ပွဲ၏ အစပိုင်းသာရှိသေးသည်။ နောင်နှစ်ပေါင်း ၂၀ ခန့်အကြာ ယင်းနိဂုံးမချုပ်မီ လူပေါင်းတစ်သန်း—ကက်သရိုင်း၊ ဝါလ်ဒင်းစ်နှင့် ကက်သလစ်အမြောက်အမြားပင်—အသက်ဆုံးရှုံးခဲ့ဖွယ်ရှိသည်။

အလယ်ခေတ်ဥရောပတွင် ဘာသာတရားဆိုင်ရာ သဘောထားကွဲလွဲမှု

စီ.အီး. ၁၁ ရာစုတွင် ကုန်သွယ်ရေး အလျင်အမြန်တိုးတက်လာခြင်းက အလယ်ခေတ်ဥရောပတွင် လူမှုရေးနှင့် စီးပွားရေးအဆောက်အအုံများ၌ အကြီးအကျယ်ပြောင်းလဲမှုများ ပေါ်ပေါက်စေသည်။ သို့ဖြစ်၍ အရေအတွက်တိုးများလာသော လက်မှုပညာရှင်များနှင့် ဆိုင်ရှင်များနေထိုင်ရာ မြို့များ ရုတ်တရက်ထွက်ပေါ်လာသည်။ ယင်းကြောင့် အယူအဆအသစ်များအတွက် အခွင့်အလမ်းများလည်း ထွက်ပေါ်လာသည်။ ဥရောပတိုက်ရှိ အခြားအဘယ်နေရာနှင့်မျှမတူအောင် အလွန်သဘောထားကြီးပြီး တိုးတက်သောယဉ်ကျေးမှုရှိသည့် လန်းဂဒါ့ခ်နယ်တွင် ဘာသာတရားဆိုင်ရာသဘောထားကွဲလွဲမှု အမြစ်တွယ်လာလေသည်။ လန်းဂဒါ့ခ်နယ်ရှိ တူးလွတ်ဇ်မြို့သည် ဥရောပတိုက်တွင် တတိယအကြွယ်ဝဆုံးမြို့တော်ကြီးဖြစ်သည်။ ယင်းသည် နိုင်ငံရေးနှင့် ဘာသာရေးအကြောင်းများကို ခံစားချက်တေးကဗျာများတွင် အရိပ်အမြွက်ဖော်ညွှန်းသည့် အောင်မြင်ကျော်ကြားသောစာဆိုတော်များ၏ လောကဖြစ်သည်။

၁၁ နှင့် ၁၂ ရာစုနှစ်များအတွင်း ဘာသာရေးအခြေအနေကို ဖော်ပြရာတွင် ရီဗျူး ဒစ္စဝါးရ် အေ ဒ ဖီလိုစိုဖီ ရီလီဇီအိုဝက်စ်စာအုပ်က ဤသို့ဆိုသည်– “၁၂ ရာစုတွင် ယခင်ရာစု၌ကဲ့သို့ လူတို့သည် ဓမ္မဆရာများ၏စာရိတ္တ၊ သူတို့၏ချမ်းသာကြွယ်ဝမှု၊ တံစိုးစားမှုနှင့် ကိုယ်ကျင့်တရားပျက်ပြားမှုတို့ကို ဆက်ကန့်ကွက်နေသေးသော်လည်း သူတို့၏ ချမ်းသာကြွယ်ဝမှုနှင့် အခွင့်အာဏာ၊ လောကီအာဏာစက်များနှင့် မတရားလျှို့ဝှက် ပူးပေါင်းဆောင်ရွက်ခြင်း၊ သူတို့ကို ခယဝယပြုခြင်းတို့ကို အဓိကအားဖြင့် ပြစ်တင်ဝေဖန်ကြသည်။”

နယ်လှည့်တရားဟောဆရာများ

ဥရောပတိုက်တွင်၊ အထူးသဖြင့် ပြင်သစ်နိုင်ငံတောင်ပိုင်းနှင့် အီတလီနိုင်ငံမြောက်ပိုင်းတို့တွင် သဘောထားကွဲလွဲသော နယ်လှည့်တရားဟောဆရာများ၏အရေအတွက် တိုးများလာခြင်းသည် ချာ့ချ်အတွင်း အဂတိလိုက်စားမှု ပျံ့နှံ့နေသောကြောင့်ဖြစ်သည်ဟု ပုပ်ရဟန်းမင်း အင်နိုစင့် ၃ ကပင် အသိအမှတ်ပြုသည်။ ဤသူတို့တွင် အများစုမှာ ကက်သရိုင်း သို့မဟုတ် ဝါလ်ဒင်းစ်များဖြစ်ကြသည်။ လူတို့ကို မသွန်သင်ပေးသည့်အတွက် ဓမ္မဆရာများကို သူဤသို့ကြိမ်းမောင်းခဲ့သည်– “သင်တို့သည် မုန့်ဖဲ့မကျွေးချင်ကြသည့်အတွက် ကလေးတို့သည် အစာဆင်းရဲနေကြရသည်။” သို့ပင်ငြားလည်း လူတို့ကို ကျမ်းစာပညာပေးမည့်အစား “ဘုရားသခင့်ကျမ်းစာသည် နက်နဲလွန်းလှသဖြင့် ရိုးအ၍ စာမတတ်သူများသာမက တတ်သိလိမ္မာသူများပင် ယင်းကိုနားလည်နိုင်စွမ်းမရှိ” ဟုအင်နိုစင့်က ဆိုသည်။ ဓမ္မဆရာများမှတစ်ပါး မည်သူမျှကျမ်းစာဖတ်ရှုခွင့်မရှိသည့်အပြင် လက်တင်ဘာသာစကားဖြင့်သာဖတ်ခွင့်ရှိသည်။

နယ်လှည့်တရားဟောဆရာများ၏လုပ်ငန်းကို တန်ပြန်သည်အနေနှင့် ပုပ်ရဟန်းမင်းသည် ကိုရင်တရားဟောဆရာများအဖွဲ့ သို့မဟုတ် ဒိုမီနီကန်များအဖွဲ့ကိုတည်ထောင်ဖို့ သဘောတူညီခဲ့သည်။ စည်းစိမ်ယစ်သည့် ကက်သလစ်ဓမ္မဆရာများနှင့်မတူသော ဤကိုရင်များသည် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ “မိစ္ဆာတိတ္ထိများ” ကိုဆန့်ကျင်ပြီး ကက်သလစ်များ၏အယူမှန်ကို ထောက်ခံပေးရန် နယ်လှည့်ဟောပြောကြသည်။ ပုပ်ရဟန်းမင်းသည် ကက်သရိုင်းတို့ကိုဖျောင်းဖျပြီး သူတို့ကိုကက်သလစ်အသိုင်းအဝိုင်းအတွင်း ပြန်ရောက်လာစေရန် ကြိုးစားဖို့ ရဟန်းမင်းကြီး၏အာဏာရ သံတမန်များကို စေလွှတ်ခဲ့သည်။ ဤကြိုးပမ်းမှုများမအောင်မြင်ဘဲ သံတမန်တစ်ဦးကို မိစ္ဆာတိတ္ထိတစ်ဦးက သတ်ပစ်သည်ဟုဆိုကာ ပုပ်ရဟန်းမင်း အင်နိုစင့် ၃ သည် ၁၂၀၉ ခုနှစ်တွင် အယ်လ်ဘဂျင်ရှန်ခရူးဆိတ်စစ်ပွဲစတင်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ ကက်သရိုင်း အများစုနေထိုင်သည့် မြို့တစ်မြို့၏အမည်မှာ အယ်လ်ဘီဖြစ်သည့်အတွက် ကက်သရိုင်းတို့ကို အယ်လ်ဘဂျင်စ္စ (ပြင်သစ်၊ အယ်လ်ဘဂျိုးစ္စ) ဟူ၍ ချာ့ချ်ရာဇဝင်မှတ်တမ်းတင်သူများက ခေါ်ဆိုပြီး ထိုအရပ်ဒေသရှိ ဝါလ်ဒင်းစ်များအပါအဝင် “မိစ္ဆာတိတ္ထိ” အားလုံးကို ထိုအမည်ဖြင့် ခေါ်ဝေါ်လေတော့သည်။ (အောက်ပါအကွက်ကိုရှု။)

ကက်သရိုင်းကား မည်သူတို့နည်း

“ကက်သား” ဟူသောစကားလုံးသည် “သန့်စင်” အဓိပ္ပာယ်ရှိ ဂရိစကားလုံး ကဲသရော့စ္စမှ ဆင်းသင်သည်။ ၁၁ မှ ၁၄ ရာစုအထိ ကက်သရိုင်းဘာသာသည် အထူးသဖြင့် အီတလီနိုင်ငံမြောက်ပိုင်း၊ လောမ်ဘာဒီနှင့် လန်းဂဒါ့ခ်နယ်များတွင် ပျံ့နှံ့လာသည်။ ကက်သားအယူအဆများသည် တိုင်းတစ်ပါးမှ ကုန်သည်များ၊ သာသနာပြုများနှင့် အတူပါလာသည့် အရှေ့တိုင်း၏ နှစ်ခုစွဲဝါဒနှင့် အသိပညာပဓာနဝါဒတို့ကိုပေါင်းစပ်ထားခြင်းဖြစ်သည်။ ဘာသာတရားအဘိဓာန်က ကက်သား၏ နှစ်ခုစွဲဝါဒကို “မူဝါဒနှစ်ခု– ဝိညာဉ်ရေးရာအားလုံးနှင့်ဆိုင်သည့် အကောင်းတစ်ခုနှင့် လူ့ခန္ဓာကိုယ်အပါအဝင် ရုပ်ပိုင်းဆိုင်ရာလောကကိုပေါ်လာစေသည့် အဆိုးတစ်ခု” ကိုယုံကြည်ခြင်းဟူ၍ ရှင်းပြထားသည်။ ဖျက်ဆီးခံရရန် မပြောင်းလဲမပယ်ဖျက်နိုင်သည့် စီရင်ချက်ချခြင်းခံရသော ရုပ်လောကကို စာတန်ဖန်ဆင်းသည်ဟု ကက်သရိုင်းတို့ယုံကြည်ကြသည်။ ဤဆိုးသွမ်းသော ရုပ်လောကမှလွတ်မြောက်ဖို့ သူတို့မျှော်လင့်ကြသည်။

ကက်သရိုင်းတို့ကို ပြည့်စုံသူနှင့် ယုံကြည်သူများအဖြစ် နှစ်တန်းနှစ်စား ခွဲခြားထားသည်။ ပြည့်စုံသူတို့ကို ကောန်စိုလာမင်တမ်ခေါ် ထုံးတမ်းစဉ်လာအခမ်းအနားအရ ဝိညာဏနှစ်ခြင်းပေးခြင်းအားဖြင့် လက်ခံသည်။ တစ်နှစ်ကြာ အစမ်းသပ်ခံစေပြီးနောက် လက်တင်ခြင်းအားဖြင့် ယင်းကိုပြုသည်။ ဤအခမ်းအနားအားဖြင့် ရဟန်းလောင်းကို စာတန်၏အုပ်ချုပ်မှုအောက်မှ လွတ်မြောက်စေပြီး အပြစ်ရှိသမျှ ကင်းစင်စေကာ သူ့အပေါ် သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်စေသည်ဟုဆိုသည်။ ယင်းက “ပြည့်စုံသူ” ဟူသောဘွဲ့ကိုဖြစ်စေပြီး ယင်းကိုယုံကြည်သူများအတွက် ဓမ္မဆရာများအဖြစ်အမှုထမ်းသည့် လူနည်းစုနှင့်ပတ်သက်၍သာ အသုံးပြုပါသည်။ ပြည့်စုံသူသည် အစာရှောင်ခြင်း၊ စင်ကြယ်ခြင်း၊ နွမ်းပါးခြင်းဆိုင်ရာ ကတိသစ္စာများကိုပြုရသည်။ သူသည် အိမ်ထောင်ရှိမည်ဆိုလျှင် သူ၏အိမ်ထောင်ဖက်ကို စွန့်ပစ်ရ၏။ အကြောင်းမှာ ပထမပြစ်မှားခြင်းသည် လိင်ဆက်ဆံခြင်းဖြစ်သည်ဟု ကက်သရိုင်းတို့က ယုံကြည်ကြသောကြောင့်ဖြစ်သည်။

ယုံကြည်သူများမူကား ခြိုးခြံသောဘဝပုံစံကို မခံယူသော်လည်း ကက်သားသွန်သင်ချက်များကို လက်ခံကြသည်။ မယ်လီအိုရာမင်တွမ်ခေါ် ထုံးတမ်းစဉ်လာအခမ်းအနားတစ်ခုတွင် ပြည့်စုံသူကို ဂုဏ်တင်သည့်အနေနှင့် ဒူးထောက်ခြင်းအားဖြင့် ယုံကြည်သူသည် ခွင့်လွှတ်ခံရဖို့နှင့် ကောင်းချီးရဖို့ တောင်းဆို၏။ ယုံကြည်သူများသည် သာမန်အသက်တာအတိုင်း နေထိုင်နိုင်ကြရန် ပြည့်စုံသူနှင့် ကောန်ဗီနင်ဇာ သို့မဟုတ် သဘောတူညီချက်စာချုပ်ပြုထားကြသည်။ ယင်းက သူတို့သေခါနီးတွင် ဝိညာဏနှစ်ခြင်း သို့မဟုတ် ကောန်စိုလာမင်တမ်ခံရခွင့်ရှိစေသည်။

သမ္မာကျမ်းစာအပေါ် သဘောထား

ကက်သရိုင်းတို့သည် ကျမ်းစာကိုမြောက်မြားစွာ ကိုးကားသော်လည်း ၎င်းကို အဓိကအားဖြင့် သရုပ်ဖော်ဇာတ်လမ်းများနှင့် ပုံပြင်များအဖြစ် သဘောထားကြသည်။ ဟေဗြဲကျမ်းစာစောင်အများစုကို မာရ်နတ်ထံမှရရှိသည်ဟု သူတို့ယူမှတ်သည်။ သူတို့၏နှစ်ခုစွဲဝါဒကိုကျားကန်ပေးရန် ဂရိကျမ်းစာစောင်များမှ အသွေးအသားနှင့် နာမ်ဝိညာဉ်ကို ခြားနားသည့် ကျမ်းချက်များ အစရှိသောကျမ်းပိုဒ်များကို အသုံးပြုကြသည်။ သခင်အရှင်၏ဆုတောင်းချက်တွင် “အသက်မွေးလောက်သောအစာ” အစား (“ဝိညာဉ်အစာ” အဓိပ္ပာယ်ရှိသည့်) “သာလွန်ထူးကဲသောအစာ” အတွက် သူတို့တောင်းဆိုသည်။ အကြောင်းမှာ သူတို့၏အမြင်တွင် အသက်မွေးလောက်သောအစာသည် လိုအပ်သောအဆိုးတစ်ခုဖြစ်သည်။

ကက်သားသွန်သင်ချက်မြောက်မြားစွာသည် သမ္မာကျမ်းစာနှင့် တိုက်ရိုက်ဆန့်ကျင်နေသည်။ ဥပမာ၊ သူတို့သည် ဝိညာဉ်မသေနိုင်အယူ၊ လူဝင်စားခြင်းအယူတို့ကို ယုံကြည်ကြသည်။ (ဒေသနာ ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄၊ ၂၀ နှိုင်းယှဉ်။) သူတို့၏ယုံကြည်ချက်များကို ကျမ်းပိုမှကျမ်းချက်များအပေါ်တွင်လည်း အခြေခံထားသည်။ မည်သို့ဆိုစေကာမူ ကက်သရိုင်းတို့သည် ကျမ်းစာစောင်များကို တိုင်းရင်းဘာသာစကားသို့ အတော်အသင့်ဘာသာပြန်ဆိုသည့်အတွက် အလယ်ခေတ်တွင် သမ္မာကျမ်းစာကို ပိုမိုသိရှိသောစာအုပ်တစ်အုပ်ဖြစ်စေခဲ့ကြသည်။

ခရစ်ယာန်များမဟုတ်

ပြည့်စုံသူတို့က မိမိကိုယ်ကို တမန်တော်များ၏အရာ ဆက်ခံသူများဖြစ်သည်ဟု ယူမှတ်ကြသည်။ သို့ဖြစ်သောကြောင့် သူတို့ကိုယ်ကို “ခရစ်ယာန်များ” ဟူ၍ခေါ်ဆိုကြသည်။ ယင်းကိုလေးနက်စေရန် “စစ်မှန်သော” သို့မဟုတ် “ကောင်းမြတ်သော” ဟူသည့်စကားလုံးများဖြင့် တွဲအသုံးပြုကြသည်။ အမှန်မှာ ကက်သားအယူအဆများစွာတို့သည် ခရစ်ယာန်ဘာသာတရားနှင့် တခြားစီဖြစ်သည်။ ကက်သရိုင်းတို့သည် ယေရှုကို ဘုရားသခင်၏သားတော်အဖြစ် အသိအမှတ်ပြုကြသော်လည်း ကိုယ်တော်သည် အသွေးအသားဖြင့် ကြွရောက်လာခြင်းနှင့် ရွေးနုတ်ဖိုးပူဇော်သကာဆက်သခဲ့ခြင်းတို့ကို လက်မခံကြချေ။ လူသားနှင့် လောကကို သမ္မာကျမ်းစာက အပြစ်စီရင်ခြင်းအကြောင်းကို မှားယွင်းစွာအနက်ဖွင့်ဆိုခြင်းဖြင့် ဒြပ်ဝတ္တုအားလုံးသည် အဆိုးမှဖြစ်ပေါ်လာသည်ဟု ယူမှတ်ကြသည်။ ထို့ကြောင့် ယေရှု၌ ဝိညာဏကိုယ်ခန္ဓာသာရှိနိုင်၍ မြေကြီးပေါ်ရှိစဉ် အသွေးအသားကိုယ်ခန္ဓာရှိပုံသာပေါက်သည်ဟူ၍ သူတို့ဆိုကြသည်။ ပထမရာစုက အယူဖောက်ပြန်သူများနည်းတူ ကက်သရိုင်းတို့သည် “လူဇာတိအားဖြင့်ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်” ကြသည်။—၂ ယောဟန် ၇။

အလယ်ခေတ်ဆိုင်ရာ မိစ္ဆာတိတ္ထိဟူသော အမ်. ဒီ. လမ်ဘတ်၏စာအုပ်တွင် သူက ဤသို့ရေးသားသည်။ ကက်သရိုင်းဝါဒသည် “ခရစ်ယာန်ကိုယ်ကျင့်တရားကို အလွန်ခြိုးခြံစွာမဖြစ်မနေကျင့်ခြင်းဖြင့် အစားထိုးသည်။ . . . [ခရစ်တော်၏သေခြင်းကြောင့်] ကယ်တင်ခြင်းတန်ခိုးကို လက်မခံ ငြင်းပယ်ခြင်းအားဖြင့် ရွေးနုတ်ဖိုးကိုပယ်ရှားလိုက်သည်။” “ပြည့်စုံသူတို့သည် အမှန်ဆိုလျှင် အရှေ့အရပ်ဒေသမှ ခြိုးခြံစွာကျင့်သောဆရာများ၊ တရုတ်ပြည် သို့မဟုတ် အိန္ဒိယနိုင်ငံမှ ဗောန်ဇ်များနှင့် ဖကီးရ်များ၊ ဩဖစ်ခ် နက်နဲရာတို့၏ ကျွမ်းကျင်သူများ သို့မဟုတ် အသိပညာပဓာနဝါဒီဆရာများတို့နှင့် ပိုနီးစပ်သည်” ဟူ၍ သူယူဆပါသည်။ ကက်သားအယူတွင် ကယ်တင်ခြင်းသည် ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်သကာအပေါ်မဟုတ်ဘဲ ကောန်စိုလာမင်တမ် သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်အထဲသို့ နှစ်ခြင်းယူခြင်းအပေါ် အမှီပြုသည်။ ဤသို့စင်ကြယ်ခြင်းခံရသူများအတွက် သေခြင်းသည် ဒြပ်ဝတ္တုမှ လွတ်မြောက်မှုပေးမည်ဖြစ်သည်။

သန့်ရှင်းခြင်းမရှိသော ခရူးဆိတ်စစ်ပွဲ

သာမညလူတန်းစားသည် ဓမ္မဆရာများ၏ မတန်တဆတောင်းဆိုချက်များနှင့် အလွန်အမင်းအကျင့်ပျက်မှုတို့ကိုစိတ်ပျက်နေကြရာ ကက်သရိုင်းတို့၏ဘဝပုံစံကို သဘောကျနှစ်သက်ကြသည်။ ပြည့်စုံသူတို့က ကက်သလစ်ချာ့ချ်နှင့် ၎င်း၏ဘာသာရေးရာ အကြီးအမှူးအဖွဲ့ကို ဗျာဒိတ် ၃:၉ နှင့် ၁၇:၅ ပါ “စာတန်၏အပေါင်းအသင်း” နှင့် “ပြည့်တန်ဆာတို့၏အမိ” အဖြစ်သတ်မှတ်သည်။ ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် ကက်သားဝါဒသည် တိုးတက်ကြီးပွားပြီး ချာ့ချ်နေရာအစားဝင်နေသည်။ ပုပ်ရဟန်းမင်း အင်နိုစင့် ၃ ၏တုံ့ပြန်ပုံက အယ်လ်ဘဂျင်ရှန်ခရူးဆိတ်ဟူ၍ခေါ်သောစစ်ပွဲကို စတင်ဆင်နွှဲစေရန်နှင့် ငွေကြေးထောက်ပံ့ရန်ဖြစ်သည်။ ယင်းခရူးဆိတ်စစ်ပွဲသည် ခရစ်ယာန်ဘောင်တွင် ခရစ်ယာန်အမည်ခံသူများကို တိုက်ခိုက်သည့် ပထမဦးဆုံးခရူးဆိတ်စစ်ပွဲဖြစ်သည်။

သတင်းလွှာများ၊ သံတမန်အဖွဲ့များအားဖြင့် ပုပ်ရဟန်းမင်းသည် ဥရောပတိုက်ရှိ ကက်သလစ်ရှင်ဘုရင်များ၊ မှူးမတ်များ၊ မင်းညီမင်းသားများနှင့် သူရဲကောင်းများတို့ကို နားပူတိုက်ခဲ့သည်။ မိစ္ဆာတိတ္ထိအယူကို “မည်သည့်နည်းဖြင့်မဆို” ချေမှုန်းနိုင်မည့်သူတိုင်းကို ပစားပေးမည်၊ လန်းဂဒါ့ခ်နယ်၏ စည်းစိမ်ချမ်းသာများကိုပေးမည်ဟု သူကတိပြုသည်။ သူ၏ဆင့်ဆိုချက်ကို သူတို့တုံ့ပြန်ကြသည်။ သို့နှင့် ကက်သလစ်ဘုန်းကြီးများ၊ ရဟန်းများဦးစီးသည့် ပြင်သစ်မြောက်ပိုင်း၊ ဖလဲန်းဒါစ္စနှင့် ဂျာမနီနိုင်ငံတို့မှ ခရူးဆေဒါစစ်သားပေါင်းစုံတို့သည် ရိုးန်ချိုင့်ဝှမ်းမှ မြောက်ဘက်သို့ချီတက်သွားကြသည်။

ဗေဇေယေမြို့၏ပျက်စီးခြင်းသည် လန်းဂဒါ့ခ်နယ်တစ်လျှောက် ပရမ်းပတာမီးရှို့သတ်ဖြတ်ပြီး အောင်ပွဲခံသည့်စစ်ပွဲ၏အစဖြစ်သည်။ အယ်လ်ဘီ၊ ကာကစောန်၊ ကာ့စတာ၊ ဖွာ၊ နာဘောန်၊ တဲမာနှင့် တူးလွတ်ဇ်မြို့များအားလုံးသည် သွေးဆာသောခရူးဆေဒါများလက်ချက်ဖြင့် ကျရှုံးသွားလေသည်။ ကက်သားအင်အားကြီးမားသည့် ကာစေ၊ မီနာဗာနှင့် လာဗောမြို့များတွင် ပြည့်စုံသူများရာနှင့်ချီ၍ နှက်တိုင်တင် မီးရှို့ခံခဲ့ရကြသည်။ ရာဇဝင်မှတ်တမ်းတင်သူ ရဟန်း ပိုင်အဲရ် ဒီ ဗိုဒစဲရ်နာ၏အဆိုအရ ခရူးဆေဒါများသည် ‘ပြည့်စုံသူတို့ကို ပျော်ရွှင်အားရစွာ အရှင်လတ်လတ်မီးရှို့သတ်ပစ်ကြသည်။’ နှစ်ပေါင်း ၂၀ ကြာပဋိပက္ခဖြစ်၍ အကြီးအကျယ်ပျက်စီးပြီးနောက် ၁၂၂၉ ခုနှစ်တွင် လန်းဂဒါ့ခ်ပြည်နယ်သည် ပြင်သစ်နိုင်ငံ၏အုပ်ချုပ်မှုအောက် ရောက်ရှိလေသည်။ သို့သော် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် ဤမျှနှင့်မပြီးဆုံးသေးချေ။

ဘာသာရေးခုံရုံးက လက်စတုံးပစ်

၁၂၃၁ ခုနှစ်တွင် ပုပ်ရဟန်းမင်း ဂရယ်ဂရီ ၉ သည်လက်နက်ကိုင်တပ်သား၏ တိုက်ခိုက်မှုကို ထောက်ခံအားပေးရန် ရဟန်းမင်းကြီး၏အာဏာဖြင့် ဘာသာရေးခုံရုံးကို ဖွဲ့စည်းလိုက်သည်။aအစအဦးတွင် ဘာသာရေးခုံရုံးဆိုင်ရာစနစ်သည် စွပ်စွဲမှုများနှင့် ကန့်သတ်ချုပ်နှောင်မှုများကိုသာ ပြုမူစီရင်သည်။ သို့သော် နောက်ပိုင်းတွင် စနစ်တကျညှဉ်းဆဲနှိပ်စက်မှုများပြုလာလေသည်။ ယင်း၏ရည်မှန်းချက်မှာ ဓားနှင့်မဖျက်ဆီးနိုင်သည့်အရာကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းပစ်ရန်ဖြစ်သည်။ ဘာသာရေးခုံရုံး တရားသူကြီးများ—များသောအားဖြင့် ဒိုမီနီကန်နှင့် ဖရန်စစ္စကန် ကိုရင်များ—သည်ပုပ်ရဟန်းမင်းကိုသာ ရှင်းလင်းတင်ပြကြရသည်။ မီးရှို့သတ်ပစ်ခြင်းသည် မိစ္ဆာတိတ္ထိများအတွက် တရားဝင်ဒဏ်စီရင်ချက်ဖြစ်သည်။ ခုံလူကြီးများသည် ဤမျှတိုင် တစ်ယူသန်၍ ရက်စက်ကြမ်းကြုတ်သောကြောင့် အခြားနေရာများဖြစ်သည့် အယ်လ်ဘီနှင့်တူးလွတ်ဇ်မြို့များတွင် တော်လှန်မှုများဖြစ်ပေါ်လာသည်။ အာဗင်ရောနေမြို့တွင် ဘာသာရေးခုံရုံးမှ ခုံလူကြီး အားလုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ကြရသည်။

၁၂၄၄ ခုနှစ်တွင် ပြည့်စုံသူများစွာတို့၏ နောက်ဆုံးခိုလှုံရာဖြစ်သော မောန့်တ်စေဂရူးတောင်ပေါ်ခံတပ်၏ လက်နက်ချခြင်းက ကက်သရိုင်းဝါဒ၏ချုပ်ငြိမ်းမှုဖြစ်သည်။ ယောက်ျားမိန်းမ ၂၀၀ ခန့်သည် နှက်တိုင်တင် မီးရှို့သတ်ခံခဲ့ကြရသည်။ ဘာသာရေးခုံရုံးသည် ကျန်ကြွင်းသောကက်သရိုင်းတို့ကို တဖြည်းဖြည်းနှင့် ရှာဖွေဖော်ထုတ်နိုင်သည်။ နောက်ဆုံးကက်သားကို ၁၃၃၀ ခုနှစ်၌ လန်းဂဒါ့ခ်နယ်တွင် တိုင်တင်၍ မီးရှို့သတ်ပစ်သည်ဟု ဆိုကြသည်။ အလယ်ခေတ် မိစ္ဆာတိတ္ထိအယူစာအုပ်က ဤသို့သတိပြုသည်– “ကက်သရိုင်းဝါဒကျရှုံးသွားခြင်းက ဘာသာရေးခုံရုံး၏ အဓိကဂုဏ်ပြုဘွဲ့တံဆိပ်ဖြစ်သည်။”

ကက်သရိုင်းတို့သည် စစ်မှန်သောခရစ်ယာန်များ လုံးဝမဖြစ်နိုင်ချေ။ သို့သော် ချာ့ချ်ကို သူတို့ပြစ်တင်ရှုတ်ချခဲ့ခြင်းကြောင့် ခရစ်ယာန်အမည်ခံသူများ၏ ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်မှုကို ခံထိုက်ပါသလော။ သူတို့အား နှိပ်စက်ညှဉ်းဆဲ၊ သတ်ဖြတ်သော ကက်သလစ်များသည် ဘုရားသခင်နှင့်ခရစ်တော်၏အသရေကိုရှုတ်ချပြီး သဘောထားကွဲလွဲသူ ထောင်ပေါင်းများစွာကို နှိပ်စက်ညှဉ်းဆဲ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းကြောင့် ခရစ်ယာန်ဘာသာတရားစစ်ကို အထင်လွဲစရာဖြစ်စေကြသည်။

[အောက်ခြေမှတ်ချက်များ]

a အလယ်ခေတ်ဆိုင်ရာ ဘာသာရေးခုံရုံးအကြောင်း အသေးစိတ်ထပ်မံသိလိုလျှင် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း ထုတ်ဝေသည့် ၁၉၈၆၊ ဧပြီ ၂၂၊ နိုးလော့! [လိပ်] စာမျက်နှာ ၂၀-၃ ပါ “ထိတ်လန့်ဖွယ် ဘာသာရေးခုံရုံး” အကြောင်းကိုရှု။

[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]

ဝါလ်ဒင်းစ်များ

၁၂ ရာစုအကုန်ပိုင်းတွင် လီအောန်မြို့မှ ချမ်းသာသောကုန်သည်၊ ပိုင်အဲရ် ဗောလ်ဒက်စ် သို့မဟုတ် ပီတာဝါလ်ဒိုသည် ပြင်သစ်နိုင်ငံတောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် ပြောဆိုလေ့ရှိသည့် ပရာဗန်ကဲလ် တိုင်းရင်းသားဘာသာစကား အမျိုးမျိုးသို့ သမ္မာကျမ်းစာစောင်အချို့ကို ဦးဆုံးဘာသာပြန်ဆိုရန် ငွေကြေးထောက်ပံ့ပေးခဲ့သည်။ သူသည် စိတ်ရင်းမှန်သောကက်သလစ်တစ်ဦးဖြစ်ပြီး မိမိ၏လုပ်ငန်းကိုစွန့်ကာ သတင်းကောင်းဟောပြောရန် ကိုယ်ကိုယ်ကို ဆက်ကပ်ခဲ့သည်။ အကျင့်ပျက်သောဓမ္မဆရာများကိုစိတ်ပျက်သူ အခြားကက်သလစ်မြောက်မြားစွာတို့သည်လည်း သူ့နောက်လိုက်ပြီး နယ်လှည့်တရားဟောဆရာများ ဖြစ်လာကြသည်။

ဝါလ်ဒိုသည် မကြာမီပင် သူ၏သက်သေခံခြင်းလုပ်ငန်းကို ပိတ်ပင်လိုက်ရန် ပုပ်ရဟန်းမင်းအား သွေးဆောင်သော ဒေသခံဓမ္မဆရာများ၏ ရန်လိုမုန်းထားမှုခံရသည်။ သူက ဤသို့ဖြေဆိုခဲ့ကြောင်း ကြားသိရသည်– “လူထက်ဘုရားသခင်ကို ကျွန်ုပ်တို့သာ၍နာခံရမည်။” (တမန်တော် ၅:၂၉ နှိုင်းယှဉ်။) သူ၏မဆုတ်မနစ်သောဇွဲကြောင့် ဝါလ်ဒိုသည် အသင်းတော်မှ နှင်ထုတ်ခံရသည်။ ဝေါလ်ဒင်းစ် သို့မဟုတ် လီအောန်မြို့မှလူမွဲများခေါ် သူ၏နောက်လိုက်များသည် သူ၏ပုံသက်သေကို ဇွဲလုံ့လရှိရှိ ကြိုးစားလိုက်လျှောက်ကြပြီး လူတို့၏အိမ်တွင် နှစ်ယောက်တစ်တွဲဟောပြောကြသည်။ ယင်းကြောင့် သူတို့၏သွန်သင်ချက်များသည် ပြင်သစ်နိုင်ငံ၏တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့အပြင် အီတလီနိုင်ငံမြောက်ပိုင်းတွင်လည်း ပျံ့နှံ့သွားသည်။

များသောအားဖြင့် သူတို့သည် အစောပိုင်း ခရစ်ယာန်ဘာသာတရား၏ ယုံကြည်ချက်များနှင့် အကျင့်ဓလေ့များကို ပြန်လုပ်ကိုင်ကြရန် ထောက်ခံအားပေးကြသည်။ သူတို့သည် အခြားသွန်သင်ချက်များအပြင် ငရဲလေး၊ လူသေများအတွက် ဆုတောင်းပေးခြင်း၊ မာရိကိုကိုးကွယ်ခြင်း၊ “စိန့်တ်များ” ထံဆုတောင်းခြင်း၊ လက်ဝါးကပ်တိုင်ကို ကြည်ညိုမြတ်နိုးခြင်း၊ အပြစ်မှလွတ်ရန် ငွေဖြင့်ဆောင်းခြင်း၊ ပွဲတော်မုန့်နှင့်စပျစ်ရည်၊ နို့စို့ကလေးကို နှစ်ခြင်းပေးခြင်းတို့ကို ကန့်ကွက်ကြသည်။b

ဝါလ်ဒင်းစ်တို့၏သွန်သင်ချက်များသည် ကက်သရိုင်းတို့၏ ခရစ်ယာန်မဆန်သော နှစ်ခုစွဲအယူသွန်သင်ချက်များနှင့် လုံးဝကွာခြားပါသည်။ ယင်းအဖွဲ့နှစ်ဖွဲ့သည် အတူတူဖြစ်သည်ဟူ၍ မကြာခဏ အထင်မှားကြသည်။ ဤသို့အထင်မှားခံရခြင်းသည် အဓိကအားဖြင့် ဝါလ်ဒင်းစ်များသည် အဲလ်ယ်ဘဂျင်းစ် သို့မဟုတ် ကက်သရိုင်းတို့၏သွန်သင်ချက်များကို ဟောပြောသည်ဟု အငြင်းအခုံပြုသော ကက်သလစ်များ၏ တမင်ကြိုးစားဖော်ပြမှုကြောင့်ဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

b ဝါလ်ဒင်းစ်များအကြောင်း ထပ်ဆင့်သိလိုပါက ၁၉၈၁၊ ဩဂုတ် ၁၊ ကင်းမျှော်စင် စာမျက်နှာ ၁၂-၁၅ [လိပ်] ပါ “ဝါလ်ဒင်းစ်—မိစ္ဆာတိတ္ထိများလော၊ သမ္မာတရား ရှာဖွေသူများလော” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ယောက်ျား၊ မိန်းမနှင့် ကလေး ၂၀,၀၀၀ ကိုသိမ်းရုံးသတ်ဖြတ်ခဲ့သော ဗေဇေယေမြို့ရှိ စိန့်တ်မေရီမဂ္ဂဒလီးန်ချာ့ချ်တွင် လူပေါင်းခုနစ်ထောင် သေဆုံးခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ