မိမိကိုယ်ကိုဖြောင့်မတ်သည်ဟူသည့် အထင်ကို သတိပြုလော့!
ပထမရာစုအချိန်က ဖာရိရှဲများသည် ဘုရားသခင်အား ဖြောင့်မတ်စွာဝတ်ပြုသူများဖြစ်ကြသည်ဟူသည့် နာမည်ကောင်း၌ ပျော်မွေ့ခဲ့ကြ၏။ သူတို့သည် နှုတ်ကပါဌ်တော်ကိုလေ့လာသည့် စိတ်အားထက်သန်သောကျောင်းသားများဖြစ်ကြပြီး အဖန်တလဲလဲဆုတောင်းကြသည်။ အချို့သူတို့က သူတို့သည်ရိုသေခန့်ညားဖွယ်ကောင်းပြီး အကျိုးသင့်အကြောင်းသင့်ရှိသောသူဟု ရှုမြင်ကြသည်။ ဂျူးသမိုင်းဆရာဂျိုစီဖတ်စ်က ဤသို့ရေးသား၏– “ဖာရိရှဲများသည် အချင်းချင်းချစ်ခင်စုံမက်ကြပြီး အများပြည်သူတို့နှင့် သင့်မြတ်သောဆက်ဆံမှုများကို ပျိုးထောင်ကြသည်။” ထိုအချိန်က သူတို့သည် ဂျူးအသိုင်းအဝိုင်း၌ အလွန်ရိုသေသမှုနှင့် လေးစားမှုခံရသောသူများ ဖြစ်ဖွယ်ရှိသည်မှာ အံ့ဩစရာမဟုတ်ပါလေ!
သို့ရာတွင် ယနေ့ “ဖာရိစေအစ်” ဟူသည့် စကားလုံးနှင့် ယင်းနှင့်အတူဆက်နွှယ်နေသည့် ဝေါဟာရများမှာ ဂုဏ်နိမ့်သော၊ သီလကြောင်နှင့် အနက်တူသံကွဲစကားဖြစ်သော၊ မိမိကိုယ်ကို ဖြောင့်မတ်သည်ဟုအထင်ရှိသော၊ သင့်ထက်ငါမွန်မြတ်သည်ဟု အထင်ရှိသော၊ ဘုရားတရားအကြည်ညိုလွန်သော၊ အပြောသာရှိသော ဟူ၍ဖြစ်၏။ ဖာရိရှဲများ အဘယ်ကြောင့်သူတို့၏နာမည်ကောင်းကို ဆုံးရှုံးသွားရသနည်း။
ဂျူးအများနှင့်မတူဘဲ ယေရှုသည် ဖာရိရှဲများ၏အပြင်ပန်းပုံသဏ္ဌာန်အားဖြင့် လှည့်ဖြားမခံခဲ့သောကြောင့်ဖြစ်သည်။ ကိုယ်တော်က သူတို့အား “အဖြူသုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏” ဟု ခိုင်းနှိုင်းခဲ့သည်။—မဿဲ ၂၃:၂၇။
မှန်သည်၊ သူတို့သည် လူအများရှိသောနေရာများတွင် ကြာရှည်သောပတ္ထနာကို တောင်းကြ၏။ သို့သော် ယေရှုပြောသည့်အတိုင်း ယင်းတို့မှာ လူမြင်ကောင်းအောင်သာဖြစ်သည်။ သူတို့၏ဝတ်ပြုရေးသည် ဟန်ဆောင်မှုသာဖြစ်သည်။ သူတို့သည် ပွဲသဘင်များနှင့် တရားဇရပ်များ၌ မြင့်မြတ်သောနေရာကို နှစ်သက်ကြ၏။ ဂျူးအားလုံးသည် သူတို့၏အဝတ်များ၌ ပန်းပွားများတပ်ရမည်ဖြစ်ရာ ဖာရိရှဲတို့သည် လူများအထင်ကြီးအောင် အလွန်ရှည်သောပန်းပွားများကိုတပ်ကြ၏။ အဆောင်လက်ဖွဲ့အဖြစ်ဝတ်ဆင်သော ပို၍ကြီးအောင်လုပ်ထားသော ကျမ်းချက်ပါသည့်ဘူးများကို သိသာစေရသည့်အတွက် ဂုဏ်ယူကြ၏။(မဿဲ ၆:၅; ၂၃:၅-၈) သူတို့၏အရေခြုံမှု၊ သူတို့၏လောဘကြီးမှုနှင့် သူတို့၏မာနထောင်လွှားမှုတို့က နောက်ဆုံး သူတို့ကိုဂုဏ်ပျက်စေခဲ့သည်။
ဖာရိရှဲများအား ဘုရားသခင်ငြင်းပယ်ကြောင်း ယေရှုဤသို့ဖော်ပြသည်– “လျှို့ဝှက်သောသူတို့ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ‘ဤလူမျိုးသည် နှုတ်နှင့်ငါထံသို့ချဉ်းကပ်၍ နှုတ်ခမ်းနှင့်ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကိုအချည်းနှီးကိုးကွယ်ကြ၏’ ဟု နောင်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာဟောခဲ့ပြီ။” (မဿဲ ၁၅:၇-၉) သူတို့၏ဖြောင့်မတ်ခြင်းသည် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်ခြင်း အမှန်ပင်ဖြစ်သည်။ ယေရှုသည် မိမိ၏တပည့်တော်များအား “ဖာရိရှဲတို့၏ဟန်ဆောင်မှုတည်းဟူသောတဆေးကို သတိပြုကြလော့” ဟု သတိပေးခဲ့ခြင်းကို သဘောပေါက်နိုင်ပါသည်။ (လုကာ ၁၂:၁၊ သတင်းကောင်း) ယနေ့ ကျွန်ုပ်တို့သည်လည်း မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်သောသူ မဖြစ်အောင် “သတိပြု” ရမည် သို့မဟုတ် ဘာသာရေးအရေခြုံများဖြစ်လာခြင်းကို ကာကွယ်ရမည်။
ထိုသို့ပြုရာတွင် လူတစ်ယောက်သည် ကိုယ့်ဘာသာကိုယ်ဖြောင့်မတ်ခြင်းသည် ညတွင်းချင်းမဖြစ်လာကြောင်းကို အသိအမှတ်ပြုသင့်၏။ ယင်းအစား ဤတိမ်းယိမ်းမှုသည် အချိန်အတန်ကြာအတွင်း အဆင့်ဆင့်မသိမသာဝင်လာသည်။ လူတစ်ဦးသည် ဖာရိရှဲတို့၏မနှစ်သက်ဖွယ်သောစရိုက်ကို မထင်မှတ်ဘဲ ရသွားနိုင်သည်။
သာလွန်လိုသော သဘောထား
ကျွန်ုပ်တို့ “သတိပြု” ရမည့် စရိုက်အချို့ကားအဘယ်နည်း။ ကိုယ့်ဘာသာကိုယ်ဖြောင့်မတ်နေသူများသည် “သူတို့သည် တစ်ခါမှအမှားမလုပ်ဖူးသကဲ့သို့ ရှုမြင်၊ ရပ်တည်၍ ပြောဆို” တတ်လေ့ရှိကြောင်း Encyclopædia of Religion and Ethics က ရှင်းပြသည်။ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်မှတ်သူများသည် ဖာရိရှဲများ၏အဓိကပြဿနာဖြစ်ခဲ့သော ဝါကြွားခြင်း၊ ကိုယ့်ကိုယ်ကို ချီးမြှောက်ခြင်းကိုလည်း ပြုတတ်သည်။
ဤဖာရိရှဲများ၏သဘောထားကို ပုံဥပမာတစ်ခုဖြင့် ယေရှုဖော်ပြခဲ့သည်– “လူနှစ်ယောက်သည် ဆုတောင်းပတ္ထနာပြုရန် ဗိမာန်တော်သို့သွားကြ၏။ တစ်ယောက်ကဖာရိရှဲ၊ အခြားတစ်ယောက်က အခွန်ခံသူဖြစ်၏။ ဖာရိရှဲသည် တစ်ယောက်တည်းရပ်လျက် ‘အိုထာဝရဘုရား အခြားသောသူတို့သည် လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့အိမ်ရာကို ပြစ်မှားသူများဖြစ်ကြပါ၏။ အကျွန်ုပ်သည် ထိုသူတို့ကဲ့သို့မဟုတ်သဖြင့်လည်းကောင်း၊ ဤအခွန်ခံသူကဲ့သို့ပင်မဟုတ်သဖြင့်လည်းကောင်း၊ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ အကျွန်ုပ်သည် ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်တိုင်တိုင် အစာရှောင်ပါ၏။ ရရှိသမျှဥစ္စာပစ္စည်း၏ ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏’ ဟု ဆုတောင်းပတ္ထနာပြု၏။” ဆန့်ကျင်ဘက်အနေနှင့် အခွန်ခံသည် နှိမ့်ချစွာဖြင့် သူ၏အမှားများကို ဝန်ချကာ ဝါကြွားသောဖာရိရှဲထက် ဖြောင့်မတ်ကြောင်း သက်သေထူခဲ့သည်။ ယေရှုသည် ဤပုံဥပမာကို “မိမိတို့ကိုယ်ကို သူတော်ကောင်းဟုယုံကြည်ကာ သူတစ်ပါးတို့ကိုအထင်အမြင်သေးတတ်သူ” တို့အား ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။—လုကာ ၁၈:၉-၁၄၊ သတင်းကောင်း။
မစုံလင်သူလူသားများအနေနှင့် ကျွန်ုပ်တို့၏ပင်ကိုအရည်အချင်းများ သို့မဟုတ် အရေးသာမှုများကြောင့် အခြားသူများထက်ပိုသာသည်ဟု ရံဖန်ရံခါ ကျွန်ုပ်တို့ထင်မှတ်ပေမည်။ သို့သော် ခရစ်ယာန်များသည် ဤကဲ့သို့သောအတွေးများကို အလျင်အမြန်ဖယ်ရှားသင့်သည်။ သင်သည် ခရစ်ယာန်အသက်တာနှင့်ပတ်သက်၍ နှစ်များစွာအတွေ့အကြုံရှိခဲ့ပေမည်။ ကျမ်းစာကို ကျွမ်းကျင်စွာသွန်သင်နိုင်သူဖြစ်ပေမည်။ သို့မဟုတ် ကောင်းကင်တွင်ခရစ်တော်နှင့်အတူစိုးစံရန်အတွက် ဘိသိက်ပေးခံရသူဖြစ်ကြောင်း သင်ပြောဆိုကောင်းပြောဆိုပေမည်။ အချို့တို့မူ အသင်းတော်အတွင်း အချိန်ပြည့် ဓမ္မအမှုဆောင်များ၊ အကြီးအကဲများ သို့မဟုတ် ဓမ္မအမှုထမ်းများအဖြစ် အထူးအခွင့်အရေးများကို ရရှိခံစားကြပေမည်။ ‘ယေဟောဝါပေးထားရာကို အခြားသူများထက်သာလွန်သည်ဟုထင်ရန်အတွက် အခြေခံအဖြစ်အသုံးပြုမည်ဆိုလျှင် ကိုယ်တော်မည်သို့ခံစားရမည်နည်း’ ဟု ကိုယ့်ကိုယ်ကိုမေးပါ။ ယင်းကို ကိုယ်တော်နှစ်သက်လိမ့်မည်မဟုတ်ကြောင်းသေချာသည်။—ဖိလိပ္ပိ ၂:၃၊ ၄။
ဘုရားပေးအရည်အချင်း၊ အခွင့်အရေး သို့မဟုတ် အခွင့်အာဏာများကြောင့် သာလွန်လိုသောသဘောထားကို ခရစ်ယာန်တစ်ဦးပြသလျှင် အမှန်ပင် ဘုရားသခင်သာခံထိုက်သည့် ဂုဏ်ကျက်သရေနှင့် ချီးမွမ်းမှုကို ကိုယ်တော့်ထံမှလုယူနေခြင်းဖြစ်သည်။ ကျမ်းစာက ခရစ်ယာန်များအား “ကိုယ်ကိုထင်သင့်သည့်အတိုင်းထက်လွန်၍ မထင်” ရန် ရှင်းလင်းစွာဆုံးမထားသည်။ ယင်းက “အချင်းချင်း စိတ်သဘောတညီတညွှတ်တည်းရှိကြလော့။ ဂုဏ်စည်းစိမ်ကို ငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဖော်လုပ်ကြလော့။ ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်” ဟု ကျွန်ုပ်တို့အား တိုက်တွန်းထားသည်။—ရောမ ၁၂:၃၊ ၁၆။
“စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်”
ကျမ်းစာစွယ်စုံကျမ်းတစ်အုပ်အရ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်သူတစ်ဦးသည် “ဆိုလိုရင်းကို ဂရုမစိုက်ဘဲ ဥပဒေတောင်းဆိုချက်များကို စာသားအတိုင်း မိမိလိုက်လျှောက်သောကြောင့် စာရိတ္တရေးဖြောင့်မှန်သည် သို့မဟုတ် ဘုရားသခင်ရှေ့၌ တော်မှန်သောအနေအထားရှိသည်ဟု မိမိကိုယ်ကိုယူမှတ်” သည်ဟူ၏။ နောက်စာပေတစ်အုပ်က မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်သူများကို “အခြားသူတို့၏ဆိုးယုတ်မှုကို တစ်ချိန်လုံးလိုက်ရှာနေသည့် လွန်ကျွံလွန်းသောဘာသာရေးသမား” အဖြစ်ဖော်ပြထားသည်။
ဖာရိရှဲများသည် ယင်းအပြစ်ကို ကျူးလွန်ခဲ့ကြသည်။ နောက်ဆုံး၌ သူတို့၏လူ့စည်းမျဉ်းများသည် ဘုရားသခင့်ပညတ်နှင့်မူများထက် ပို၍အရေးကြီးဟန်ရှိနေပေတော့၏။ (မဿဲ ၂၃:၂၃; လုကာ ၁၁:၄၁-၄၄) မိမိကိုယ်ကို တရားသူကြီးများအဖြစ်ခန့်အပ်ကြပြီး သူတို့၏ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်သော စံချိန်များနှင့်အညီမပြည့်မီသူ မည်သူ့ကိုမဆို အပြစ်တင်လေ့ရှိသည်။ သူတို့၏သာလွန်လိုသည့်သဘောထားနှင့် ပုံကြီးချဲ့၍ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းက အခြားသူများအပေါ်ချုပ်ကိုင်လိုမှုကိုဖြစ်ပေါ်စေသည်။ ယေရှုကိုသူတို့ထိန်းချုပ်နိုင်စွမ်းမရှိခြင်းက သူတို့ကိုအမျက်ဒေါသထွက်စေသောကြောင့် ကိုယ်တော့်ကိုသတ်ရန် လျှို့ဝှက်ကြံစည်ကြသည်။—ယောဟန် ၁၁:၄၇-၅၃။
မိမိကိုယ်ကို တရားသူကြီးအဖြစ်တင်မြှောက်ပြီး အမြဲတမ်းအမှားရှာနေကာ အနားရှိလူတိုင်းကိုစိစစ်၍ ရဲသဖွယ်ကြီးကြပ်နေတတ်သူတစ်ဦးရှိသည့်လူစုတွင် နေရခြင်းသည် စိတ်ချမ်းသာဖွယ်ကောင်းမည်မဟုတ်ပါ။ အမှန်ပင်၊ အသင်းတော်ရှိမည်သူ၌မျှ မိမိယူဆချက်များနှင့် မိမိဖန်တီးသည့်စည်းမျဉ်းများကို အခြားသူများအပေါ်ပြဋ္ဌာန်းရန် အခွင့်အာဏာမရှိပါ။ (ရောမ ၁၄:၁၀-၁၃) နေ့စဉ်အသက်တာ၏ကဏ္ဍများစွာနှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရမည်ဖြစ်ကြောင်း မျှတမှုရှိသောခရစ်ယာန်များ သိရှိကြသည်။ အထူးသဖြင့် အပြစ်အနာအဆာကင်းခြင်းကို လိုလားတတ်သူ၊ တောင်းဆိုလွန်းတတ်သူသည် အခြားသူများအား စစ်ကြောဆုံးဖြတ်ခြင်းကို ရှောင်ရမည်။
မှန်ပါသည်၊ ယေဟောဝါ့မြေကြီးဆိုင်ရာအဖွဲ့အစည်း၏လုပ်ငန်းစဉ် ချောမောမှုရှိစေသော လမ်းညွှန်ချက်များကို ခရစ်ယာန်အသင်းတော်သည် ထုတ်ပိုင်ခွင့်ရှိ၏။ (ဟေဗြဲ ၁၃:၁၇) သို့သော် အချို့သူတို့သည် ဤလမ်းညွှန်ချက်များကို တလွဲဖြစ်စေကြ သို့မဟုတ် ကိုယ်ပိုင်စည်းမျဉ်းများကို ထပ်ဖြည့်ကြသည်။ တစ်နေရာ၌ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ကျောင်းသားအားလုံးသည် ဟောပြောချက်ပေးနေစဉ် ဝတ်စုံများဝတ်၍ အပေါ်အင်္ကျီများကို ကြယ်သီးတပ်ထားရသည်။ ထိုသို့ပြုရန်ပျက်ကွက်သောကျောင်းသားများသည် နောက်နောင် ဟောပြောချက်ပေးဖို့ အရည်အချင်းမပြည့်မီတော့ပါ။ ဤကဲ့သို့သော ပုံသေကားကျစည်းမျဉ်းများကိုထုတ်မည့်အစား လိုအပ်သည့်လမ်းညွှန်မှုကို ကြင်နာစွာနှင့် နှစ်ကိုယ်ကြားပေးခြင်းသည် ပို၍အကျိုးသင့်အကြောင်းသင့်ရှိပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်၏သဘောနှင့်ပို၍မကိုက်ညီပေလော—ယာကုပ် ၃:၁၇။
မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်မှတ်သူသည် ခရစ်ယာန်တစ်ဦး ကိုယ်ရေးကိုယ်တာပြဿနာများကြုံတွေ့နေလျှင် ဝိညာဉ်ရေးလိုအပ်နေ၍ဖြစ်ရမည်ဟူသည့်အမြင်မျိုးကိုလည်း ထားရှိပေမည်။ ယင်းသည် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်သောဧလိဖတ်၊ ဗိလဒဒ်နှင့် ဇောဖာတို့က သစ္စာရှိယောဘနှင့်ပတ်သက်၍ ထင်မြင်သည့်အရာ အမှန်ပင်ဖြစ်သည်။ သူတို့သည် အခြေအနေနှင့်ပတ်သက်၍ ပီပီပြင်ပြင်မသိရှိသောကြောင့် ယောဘကို အမှားများပြုလုပ်သည်ဟု စွပ်စွဲခြင်းသည် ရောင့်တက်ရာကျပေသည်။ ယောဘ၏ဆင်းရဲဒုက္ခရောက်မှုကို လွဲမှားစွာအကဲဖြတ်ကြသောကြောင့် ယေဟောဝါသူတို့ကို ဆုံးမခဲ့သည်။—ယောဘ၊ အခန်းကြီး ၄၊ ၅၊ ၈၊ ၁၁၊ ၁၈၊ ၂၀ ကိုရှု။
လွဲမှားသော ဇွဲ
မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်ခြင်းနှင့် ဇွဲသည် အပြန်အလှန်ဆက်စပ်နေလေ့ရှိတတ်သည်။ တမန်တော်ပေါလုက ဘာသာရေးဘက်သာသဘောတိမ်းညွတ်သောဂျူးများသည် “မှန်သောပညာမရှိသော်လည်း ဘုရားသခင်ဘက်၌စိတ်အားကြီးသည်ဟု သူတို့အဖို့ငါသက်သေခံ၏။ ထိုသူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကိုမသိဘဲ ကိုယ်ဖြောင့်မတ်ခြင်းကိုတည်စေခြင်းငှာ ရှာကြံသောကြောင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကိုဝန်မခံကြ” ဟုပြောခဲ့သည်။ (ရောမ ၁၀:၂၊ ၃) ဖာရိရှဲတစ်ယောက်အနေနှင့် ပေါလုကိုယ်တိုင်လည်း အလွန့်အလွန်ဇွဲစိတ်ပြင်းထန်ခဲ့သည်။ သို့သော် သူ၏ဇွဲသည်လွဲမှားနေပြီး ယေဟောဝါ၏ဖြောင့်မတ်ခြင်းအပေါ်အခြေမခံပေ။—ဂလာတိ ၁:၁၃၊ ၁၄; ဖိလိပ္ပိ ၃:၆။
လျော်ကန်စွာပင် ကျမ်းစာကဤသို့သတိပေးဆုံးမထားသည်– “လွန်ကြူးစွာ မဖြောင့်မတ်နှင့်။ လွန်ကြူးစွာ ပညာမရှိနှင့်။ အဘယ်ကြောင့်ကိုယ်အကျိုးကို ဖျက်ချင်သနည်း။” (ဒေသနာ ၇:၁၆) အသင်းတော်၌ ခရစ်ယာန်တစ်ဦးသည် တာဝန်သိတတ်သောစိတ်ဖြင့် စတင်လုပ်ဆောင်ပေမည်။ သို့သော် သူ၏တာဝန်သိတတ်သောစိတ်နှင့် ဇွဲသည် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်ခြင်းအဖြစ်သို့ ရောက်သွားစေနိုင်သည်။ ယေဟောဝါ၏ဖြောင့်မတ်မှုမဟုတ်ဘဲ လူ့ဉာဏ်ပညာ၏လမ်းညွန်မှုကိုခံယူမည်ဆိုလျှင် ဘာသာရေးဇွဲသည် အခြားသူတို့ကိုထိခိုက်နိုင်သည်။ မည်သို့အားဖြင့်နည်း။
ဥပမာ၊ မိဘများသည် အခြားသူတို့၏ဝိညာဏလိုအပ်ရာများကိုလုပ်ဆောင်ပေးခြင်း၌ အလွန်အလုပ်များလာနိုင်ပြီး ထိုသို့လုပ်ဆောင်နေစဉ် မိမိတို့မိသားစုလိုအပ်ရာများကို လျစ်လျူရှုမိနိုင်သည်။ သို့မဟုတ် မိဘများသည် လွန်ကဲစွာဇွဲရှိကာ မိမိတို့၏ကလေးများလုပ်နိုင်သည်ထက် ပိုတောင်းဆိုမိကောင်းတောင်းဆိုမိပေမည်။ (ဧဖက် ၆:၄; ကောလောသဲ ၃:၂၁) ထိုကဲ့သို့သောအကျိုးသင့်အကြောင်းသင့်မရှိသည့်တောင်းဆိုမှုများကို မစွမ်းဆောင်နိုင်သောကလေးများသည် နှစ်ဘဝစံအသက်တာသို့ဦးတည်သောပုံစံဖြင့် တုံ့ပြန်ကြသည်။ အကျိုးသင့်အကြောင်းသင့်ရှိသောမိဘတစ်ဦးသည် မိသားစု၏အကန့်အသတ်သာရှိမှုကိုထည့်တွက်ပြီး သင့်လျော်သောပြုပြင်မှုများကိုပြုလုပ်မည်ဖြစ်သည်။—ကမ္ဘာဦး ၃၃:၁၂-၁၄ နှိုင်းယှဉ်။
လွန်ကဲသောဇွဲက အခြားသူများနှင့်ဆက်ဆံရာတွင်အရေးပါသော လိမ္မာပါးနပ်မှု၊ စာနာမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ကို ကင်းမဲ့စေနိုင်၏။ လူတစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားတိုးတက်စေရေးအတွက် အလွန်ကြိုးစားလုပ်ကိုင်မည်။ သို့ရာတွင် လွန်ကဲသောဇွဲကို သူတင်ပြစဉ် အခြားသူများကိုထိခိုက်နိုင်သည်။ ပေါလု ဤသို့ပြော၏– “ပရောဖက်ဉာဏ်ကို ငါရ၍ နက်နဲသောအရာရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကိုတတ်သော်လည်းကောင်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့်ပြည့်စုံသော်လည်းကောင်း မေတ္တာမရှိလျှင် အချည်းနှီးသက်သက်ဖြစ်၏။ သူတစ်ပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကိုစွန့်ကြဲသည်သာမက ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှာအပ်သော်လည်း မေတ္တာမရှိလျှင် ငါ၌အကျိုးမရှိ။”—၁ ကောရိန္သု ၁၃:၂၊ ၃။
စိတ်နှိမ့်ချသောသူတို့ကို ဘုရားသခင်နှစ်သက်
ခရစ်ယာန်များအနေနှင့် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်ခြင်း စဖြစ်မလာမီ ယင်း၏အန္တရာယ်ကိုခွဲခြားသိဖို့လိုသည်။ လူ့ဉာဏ်အပေါ်အခြေပြုသည့် သာလွန်လိုသောသဘောထား၊ အခြားသူများကို စစ်ကြောဆုံးဖြတ်တတ်သောအကျင့်နှင့် အဆင်အခြင်ကင်းမဲ့သော ဇွဲတို့ကို ကြဉ်ရှောင်ရမည်။
ဖာရိရှဲတို့၏သဘောထားကို ကျွန်ုပ်တို့ “သတိပြု” ကြစဉ် အခြားသူများအား မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုထင်သူများအဖြစ် စစ်ကြောစီရင်ခြင်းပြုနေမည့်အစား မိမိတို့၏ဉာဉ်များနှင့် တိမ်းညွတ်တတ်သည့်သဘောကို အာရုံစိုက်လျှင် ကောင်းပေလိမ့်မည်။ မှန်ပါသည်၊ ယေရှုသည် ဖာရိရှဲများကိုစစ်ကြောစီရင်ပြီး ထာဝရဖျက်ဆီးခြင်းခံထိုက်သော “မြွေဆိုး၏သားမြေးတို့” အဖြစ် ရှုတ်ချခဲ့သည်။ သို့သော် လူတို့၏နှလုံးကို ယေရှုသိနိုင်သည်။ ကျွန်ုပ်တို့မူ မသိနိုင်ပေ။—မဿဲ ၂၃:၃၃၊ သတင်းကောင်း။
ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းကိုမဟုတ်ဘဲ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ရှာကြစို့။ (မဿဲ ၆:၃၃) ထိုသို့အားဖြင့်သာ ယေဟောဝါ၏နှစ်သက်မှုကို ရနိုင်မည်ဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့အားလုံးကို ကျမ်းစာကဤသို့သတိပေးဆုံးမထားသည်– “အချင်းချင်းတစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။”—၁ ပေတရု ၅:၅။