ကောင်းကင်တမန်များနှင့်ပတ်သက်သော အမှန်တရား
တစ်ဦးတစ်ယောက်ကိုရင်းနှီးကျွမ်းဝင်ခြင်းတွင် များသောအားဖြင့် ထိုသူ၏မိသားစုအကြောင်း အတန်အရာသိရှိခြင်းပါဝင်သည်။ ယေဟောဝါဘုရားသခင်ကို သိရှိလာခြင်းသည်လည်း ထို့အတူပင်ဖြစ်သည်။ ကိုယ်တော်၏နာမတော်ကို သိခြင်းထက်မကပါဝင်သည်။ ကောင်းကင်ဘုံရှိ ကိုယ်တော်၏ “မိသားစု” အကြောင်းကို အတန်အရာ သိရှိရမည်။ (ဧဖက် ၃:၁၄၊ ၁၅၊ ကဘ နှိုင်းယှဉ်။) ကျမ်းစာက ကောင်းကင်တမန်များကို ဘုရားသခင်၏ ‘သားများ’ ဟုခေါ်ထားသည်။ (ယောဘ ၁:၆) ကျမ်းစာပါ သူတို့၏အရေးပါလှသောအခန်းကဏ္ဍကိုထောက်ချင့်လျက် ဘုရားသခင့်ရည်ရွယ်ချက်တွင် သူတို့၏နေရာကိုနားလည်ရန် သူတို့အကြောင်းကိုပိုသိချင်စိတ်ရှိသင့်သည်။
အသစ်သောအလေ့အကျင့်တစ်ခု တိုးတက်ဖြစ်ပွားနေသည်။ လူအများ ကောင်းကင်တမန်ကို ယုံကြည်ပါသည်ဟု ပြောဆိုနေကြရုံတင်မကတော့ပါ; တစ်နည်းမဟုတ်တစ်နည်းဖြင့် သူတို့ထံမှအကျိုးသက်ရောက်မှုကိုခံရသည်ဟုပြောသူ များသည်ထက်များလာနေသည်။ “ခင်ဗျားရဲ့အသက်တာမှာ ကောင်းကင်တမန်တစ်ပါး ရှိနေတယ်လို့ ကိုယ်တိုင်ခံစားဖူးတာရှိသလား” ဟု အမေရိကန်နိုင်ငံသား ၅၀၀ ကို မေးမြန်းသောအခါ သုံးပုံနီးပါးက ရှိသည်ဟု ဖြေကြသည်။ အံ့ဩစရာကောင်းသည်မှာ အမေရိကန်နိုင်ငံ၌ပြုလုပ်သော ဆန္ဒမဲကောက်ခံမှုတစ်ခုအရ ကောင်းကင်တမန်ကိုယုံကြည်သည်ဟုဖော်ပြသည့် ၇၆ ရာခိုင်နှုန်းပြည့်ဖြစ်သော လူငယ်များ၏အရေအတွက်ပင်ဖြစ်သည်! ကောင်းကင်တမန်များကို လူတို့စိတ်ဝင်စားနေကြသည်မှာ ရှင်းနေပါသည်။ သို့သော် ကောင်းကင်တမန်များနှင့်ပတ်သက်သော လက်ရှိတွေးခေါ်ယူဆချက်များသည် ကျမ်းစာသမ္မာတရားနှင့် မည်မျှကိုက်ညီသနည်း။
စာတန့်ကဏ္ဍကို မမြင်သာအောင်ပြုလုပ်ခြင်း
ကောင်းကင်တမန်များအကြောင်း ပြောဆိုရာတွင် ဘုရားသခင်ကိုပုန်ကန်ခဲ့သည်ဟု သမ္မာကျမ်းစာကဆိုခဲ့သော ကောင်းကင်သတ္တဝါများ၊ ဆိုးညစ်သောကောင်းကင်တမန်များကို လျစ်လျူမရှုသင့်ပေ။ ယင်းတို့တွင် အထင်ရှားဆုံးမှာ စာတန်မာရ်နတ်ဖြစ်သည်။ သင့်ကောင်းကင်တမန်များကိုမေးပါ ဟု အမည်ရသည့် နာမည်ကြီးစာအုပ်တစ်အုပ်က စာတန်သည် အဆက်မပြတ်သွေးဆောင်ခြင်းအားဖြင့် လူသားတို့၏ “ဝိညာဏကြွက်သားများ” ကို သန်မာအောင်ကူညီပေးသော “ဘုရားသခင်၏ အသွင်အပြင်တစ်ခု” မျှသာဖြစ်ကြောင်း တင်ပြထား၏။ အာဘော်ရှင်များက “မေတ္တာပါသောရည်ရွယ်ချက်များ” ဖြင့် စာတန်ပြုသော်ငြားလည်း ရာစုနှစ်များတစ်လျှောက် သူ့ကိုကောက်ကျစ်စဉ်းလဲသူအဖြစ် လွဲမှားစွာဖော်ပြခဲ့ကြသည်ဟု ဆိုကြသည်။ စာတန်နှင့် ယေရှုသည် “တစ်ယောက်နှင့်တစ်ယောက် တိတိကျကျအပြန်အလှန်အကျိုးမပြုကြသော်လည်း အနည်းဆုံး တူညီသောပန်းတိုင်ရှိကြသည်။ ပုဂ္ဂိုလ်တစ်ဦးတည်း၏ ပြီးပြည့်စုံစေရန် လိုအပ်သောအစိတ်အပိုင်းများဖြစ်ကြသည်” ဟု ထပ်ဖြည့်စွက်ထားသည်။ ဤအရာတို့သည် အံ့ဩစရာကောင်းသည့်အခိုင်အမာပြောဆိုချက်များဖြစ်သော်လည်း ကျမ်းစာက မည်သို့ဆိုထားသနည်း။
စာတန်သည် “ဘုရားသခင်၏ အသွင်အပြင်တစ်ခု” မဟုတ်ဘဲ ဘုရားသခင်၏ရန်သူတစ်ပါးဖြစ်ကြောင်း ကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ (လုကာ ၁၀:၁၈၊ ၁၉; ရောမ ၁၆:၂၀) သူသည် ယေဟောဝါ၏ပိုင်သအုပ်စိုးခွင့်ကို အာခံခဲ့သဖြင့် လူသားများအပေါ် သူ၏ရည်ရွယ်ချက်မှာ “မေတ္တာ” ဖြစ်ရန်ခဲယဉ်းသည်။ သူ၏အမျက်ဒေါသကို ဘုရားသခင်၏မြေကြီးပေါ်ရှိကျေးကျွန်များအပေါ် အကြင်နာကင်းမဲ့စွာ ဖွင့်အန်ထုတ်နေသည်။ ဘုရားသခင့်ရှေ့တော်တွင် နေ့ရောညပါ သူတို့အား စွဲချက်တင်၏!a (ဗျာဒိတ် ၁၂:၁၀၊ ၁၂၊ ၁၅-၁၇) မည်သည့် နစ်နာဆုံးရှုံးမှုပင်ဖြစ်ပါစေ စာတန်သည် သူတို့ပျက်စီးဖို့သာ အာရုံစူးစိုက်နေသည်။ ဖြောင့်မတ်သောအမျိုးသားယောဘအပေါ် ငဲ့ညှာမှုကင်းမဲ့စွာနှိပ်စက်ညှဉ်းပန်းခြင်းက လူသားတို့၏ဒုက္ခဆင်းရဲအပေါ် သူ၏စာနာမှုကင်းမဲ့သောသဘောထားကို လှစ်ဟပြသည်။—ယောဘ ၁:၁၃-၁၉; ၂:၇၊ ၈။
“တူညီသောပန်းတိုင်” ရှိဖို့ဝေးစွ၊ စာတန်နှင့် ယေရှုသည် တစ်ဦးကိုတစ်ဦး ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကြ၏။ စာတန်သည် မြောက်မြားလှသောကလေးကိုသတ်ရန်အမိန့်ထုတ်ဖို့ ဟေရုဒ်အားလှုံ့ဆော်တိုက်တွန်းခဲ့သည်မှာ သေချာလှ၏။ ယင်းသည် ကလေးငယ်ယေရှုကိုရှင်းပစ်ရန် အစွမ်းကုန်အားထုတ်မှုသာဖြစ်သည်! (မဿဲ ၂:၁၆-၁၈) စာတန်၏သနားညှာတာမှုကင်းမဲ့သော တိုက်ခိုက်မှုသည် ယေရှုသေဆုံးသည့်အထိ ဆက်သွားသည်။ (လုကာ ၄:၁-၁၃; ယောဟန် ၁၃:၂၇) ထို့ကြောင့် “ပုဂ္ဂိုလ်တစ်ဦးတည်း၏ ပြီးပြည့်စုံစေရန် လိုအပ်သောအစိတ်အပိုင်းများ” ဖြစ်ဖို့နေနေသာသာ ယေရှုနှင့်စာတန်သည် လုံးဝဆန့်ကျင်ဘက်များဖြစ်ကြသည်။ ရန်ငြိုးသည် ရှောင်လွှဲ၍မရသောအရာဖြစ်ကြောင်း ကျမ်းစာပရောဖက်ပြုချက်ကဖော်ပြ၏။ (ကမ္ဘာဦး ၃:၁၅) လျော်ကန်စွာပင် ဘုရားသခင့်ချိန်းချက်ရာအချိန်၌ စာတန်အားဖျက်ဆီးမည့်သူမှာ ရှင်ပြန်ထမြောက်တော်မူသောယေရှုပင်ဖြစ်မည်။—ဗျာဒိတ် ၁:၁၈; ၂၀:၁၊ ၁၀။
မည်သူ့ထံဆုတောင်းရမည်နည်း
ကောင်းကင်တမန်များဆိုင်ရာခေတ်ထမှုကို ထောက်ခံသူများသည် ကောင်းကင်တမန်များနှင့်ဆက်သွယ်နိုင်ရန် ကြားဝင်ဆက်သွယ်ပေးခြင်းနှင့် အခြားနည်းနိဿယများကို ထောက်ခံအားပေးကြသည်။ “ကောင်းကင်ဘုံရှိ မည်သည့်မိသားစုဝင်နှင့်မဆိုဆက်သွယ်ရန်အတွက် စိတ်ရင်းမှန်ဖြင့်တောင်းဆိုလာမှုကို အရေးမစိုက်ဘဲနေမည်မဟုတ်။ တောင်းလျှောက်ပါ၊ သင်အဖြေရကိုရမည်” ဟု စာအုပ်တစ်အုပ်က ဖော်ပြ၏။ အတိုင်ပင်ခံရန်အတွက် ထိုစာအုပ်ကအကြံပေးသောကောင်းကင်တမန်များအနက်မှအချို့မှာ မိက္ခေလ၊ ဂါဗြေလ၊ ဥရေလ၊ နှင့် ရာဖီယယ်လ် တို့ဖြစ်သည်။b
သို့ရာတွင် မိမိ၏နောက်တော်လိုက်များကို ယေရှုက ကောင်းကင်တမန်များထံမဟုတ်ဘဲ ဘုရားသခင်ထံ ဆုတောင်းရန် သွန်သင်ပေး၏။ (မဿဲ ၆:၉၊ ၁၀) ထိုနည်းတူပင်၊ ပေါလု ဤသို့ရေးသားခဲ့သည်–“အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။” (ဖိလိပ္ပိ ၄:၆) ထို့ကြောင့် ခရစ်ယာန်များသည် သူတို့၏ဆုတောင်းချက်၌ ဘုရားသခင်မှလွဲ၍ မည်သူ့ထံမှမချဉ်းကပ်ကြပါ။ ထိုသို့တောင်းလျှောက်ရာတွင်လည်း ယေရှုခရစ်တော်၏နာမအားဖြင့် တောင်းလျှောက်ကြသည်။c—ယောဟန် ၁၄:၆၊ ၁၃၊ ၁၄။
ဂိုဏ်းဂဏမရှိသည့် ကောင်းကင်တမန်များလော
AngelWatch Networkကို ကြီးကြပ်သော အိုင်လင်း အီလီအဲ ဖရီမင် အဆိုအရ “ကောင်းကင်တမန်များသည် အဘယ်ဘာသာတရား၊ အဘယ်အတွေးအခေါ်၊ အဘယ်အယူဝါဒနှင့်မျှ မနှီးနွှယ်
ပါ။ ကျွန်မတို့သိသည်အတိုင်း ကောင်းကင်တမန်များ၌ ဘာသာတရားမရှိပါ။”
သို့ရာတွင် သစ္စာရှိသောကောင်းကင်တမန်များ၌ ဘာသာတရားရှိကြောင်း ကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်; သူတို့သည် အခြားဘုရားများ ဆိုင်ပြိုင်လာခြင်းကို သည်းခံတော်မမူသော စစ်မှန်သည့်ဘုရားသခင်ယေဟောဝါကို ကိုးကွယ်ကြသည်။ (တရားဟောရာ ၅:၆၊ ၇; ဗျာဒိတ် ၇:၁၁) ထို့ကြောင့် ကောင်းကင်တမန်တစ်ပါးက ဘုရားသခင်၏ပညတ်တော်ကိုနာခံသူတို့နှင့် “လုပ်ဖော်ဆောင်ဖက် အစေခံတစ်ဦး” အဖြစ် တမန်တော်ယောဟန်ထံ မိမိကိုယ်ကိုမိမိ ဖော်ပြခြင်းဖြစ်သည်။ (ဗျာဒိတ် ၁၉:၁၀) ဝတ်ပြုမှုအခြားပုံစံတစ်မျိုးကို သစ္စာရှိကောင်းကင်တမန်များ ထောက်ခံအားပေးကြကြောင်း ကျမ်းစာ၏မည်သည့်နေရာ၌မျှ ကျွန်ုပ်တို့မဖတ်ရပါ။ ယေဟောဝါထံ အကြွင်းမဲ့ဆည်းကပ်ထားကြသည်။—ထွက်မြောက်ရာ ၂၀:၄၊ ၅။
“မုသား၏အဘ”
ကောင်းကင်တမန်များနှင့်တွေ့ဆုံခဲ့ရသည်ဟု ဆိုသောသူအများသည် လူသေများနှင့်ဆက်သွယ်ခြင်းတွင်ပါဝင်ခဲ့ကြသည်။ အဲလစ်အမည်ရှိသောအမျိုးသမီးတစ်ဦးက နိမိတ်ဟု သူမ ယူဆသောအရာကိုရရှိပြီးနောက် “ဦးလေးက ကျွန်မနဲ့ဆက်သွယ်ဖို့နည်းလမ်းကိုရှာတွေ့ပြီး နောက်ဆုံးမှာတော့သူပျော်နေပါပြီဆိုပြီး ကျွန်မကိုအသိပေးတယ်လို့ ကျွန်မခံစားရတယ်” ဟု ပြောပြသည်။ တာအီသည်လည်း ချစ်ခင်ရသော သွားလေသူမိတ်ဆွေတစ်ဦးကို အမှတ်ရခဲ့သည်။ သူမ ဤသို့ပြောပြ၏– “ဈာပနကိစ္စပြီးလို့ တစ်ပတ်အကြာမှာ ကျွန်မဆီကို သူလာတယ်။ ကျွန်မကတော့အိပ်မက်လို့ပဲ ထင်မိတာပေါ့။ သူက ကျွန်မကိုပြောတယ်၊ သူခွဲခွာသွားတဲ့အတွက် ပူဆွေးဝမ်းနည်း မနေသင့်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ သူဟိုမှာပျော်နေပြီတဲ့။”
သို့သော် သမ္မာကျမ်းစာက လူသေသည် “အဘယ်အရာကိုမျှမသိ” ဟု ဖော်ပြထားသည်။ (ဒေသနာ ၉:၅) လူတစ်ဦးသေသောအခါ “ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏” ဟူ၍လည်း ယင်းကဆိုထားသည်။ (ဆာလံ ၁၄၆:၄) သို့သော် စာတန်မူ “မုသား၏အဘ” ဖြစ်၏။ (ယောဟန် ၈:၄၄) သေပြီးနောက် လူ့ဝိညာဉ်စိုးလ် မသေဘဲကျန်ရစ်သည်ဟူသည့်မုသားကို စတင်ခဲ့သူမှာ သူပင်ဖြစ်၏။ (ယေဇကျေလ ၁၈:၄ နှိုင်းယှဉ်။) စာတန့်ရည်ရွယ်ချက်နှင့် ကိုက်ညီစေသော ယင်းအချက်ကို ယနေ့ လူအများ ယုံကြည်နေကြသည်။ အကြောင်းမှာ ခရစ်ယာန်ဘာသာ၏အခြေခံအယူဝါဒတစ်ခုဖြစ်သော ထမြောက်ခြင်းတွင် ယုံကြည်ဖို့လိုအပ်မှုကို ယင်းကပျက်ပြယ်စေသည်။ (ယောဟန် ၅:၂၈၊ ၂၉) ထို့ကြောင့် လူသေများကို မေးမြန်းခြင်း သို့မဟုတ် သူတို့ထံမှသတင်းများရသည်ဟုထင်မြင်ခြင်းသည် ဘုရားသခင်မနှစ်သက်သော ကောင်းကင်တမန်များဆိုင်ရာခေတ်ထမှု၏ နောက်ရှုထောင့်တစ်မျိုးဖြစ်၏။
ကောင်းကင်တမန်များထံချဉ်းကပ်ခြင်းလော၊ နတ်ဆိုးများထံလော
လက်ရှိကောင်းကင်တမန်များဆိုင်ရာခေတ်ထမှုအများသည် မှော်အတတ်ဆန်သောပညာရပ်၌ မတောက်တခေါက်ပါဝင်ကြသည်။ မားရှဲ၏တွေ့ကြုံမှုအား သုံးသပ်ကြည့်ပါ။ သူမဤသို့ပြောပြသည်– “၁၉၈၆ ခုနှစ် စက်တင်ဘာကနေ ဒီဇင်ဘာအထိ၊ ‘သဘာဝထက်ကျော်လွန်တဲ့’ နေရာကသတင်းတွေကို ကျွန်မစပြီး ရရှိလာတယ်။ ကိုယ်ယောင်ထင်ပြတာကို ကျွန်မမြင်ရတယ်၊ ယုံရခက်တဲ့ ‘ယခင်အသက်တာ’ ကို အိပ်မက်မက်တယ်။ သေဆုံးသွားပြီဖြစ်တဲ့မိတ်ဆွေတွေနဲ့ ဆက်သွယ်ခဲ့တယ်၊ အခုမှတွေ့ဆုံတဲ့ လူတွေရဲ့အကြောင်းကိုသိတဲ့ အခြားစိတ်နယ်လွန်အတွေ့အကြုံတွေလည်းတွေ့ကြုံခဲ့ရတယ်။ အလိုအလျောက်စာရေးတဲ့ ဆုကျေးဇူးကိုလည်းကျွန်မရရှိတယ်၊ နာမ်ဝိညာဉ်တွေဆီက သတင်းတွေကိုလည်း ရတယ်။ သူတို့ရဲ့မြေကြီးအသက်တာမှာ ကျွန်မတစ်ခါမှမတွေ့ခဲ့ဘူးတဲ့သူအချို့က ကျွန်မကနေတစ်ဆင့် တခြားသူတွေဆီကို သတင်းပို့ခိုင်းတယ်။”
ကောင်းကင်တမန်များနှင့် “ဆက်သွယ်” ရန် နည်းလမ်းအဖြစ် အတိတ်နိမိတ်ဖတ်ခြင်းကိုအသုံးပြုခြင်းသည် လူတိုင်းမသိသောအရာမဟုတ်ပါ။ စာအုပ်တစ်အုပ်က ဆန်းကြယ်သောကျောက်များ၊ ဖဲချပ်ဗေဒင်များ၊ အီကျင်ဒ င်္ဂါးပြားများ၊ လက္ခဏာပညာနှင့် နက္ခတ်ဗေဒင်ပညာတို့ကို အသုံးပြုရန် စာဖတ်သူများကို ဘွင်းဘွင်းပင်တိုက်တွန်းထားသည်။ အာဘော်ရှင်များက “မှန်ကန်တဲ့နတ်ကွန်းသို့ သင့်အားညွှန်ပြရန် သင်၏အတွင်းစိတ်အား အခွင့်ပေးပါ။ ထိုတွင် သင့်ကိုကောင်းကင်တမန်တစ်ပါး တွေ့ဆုံလိမ့်မည်ကို ယုံကြည်စိတ်ချပါ” ဟုရေးသားထား၏။
သို့သော်၊ ကျမ်းစာအရမူ ‘ထိုတွင် သင့်အားတွေ့ဆုံမည့်’ မည်သည့်အရာမဆို ဘုရားသခင်၏ကောင်းကင်တမန်များထဲမှတစ်ပါးမဟုတ်သည်မှာသေချာသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အတိတ်နိမိတ်ဖတ်ကြားခြင်းသည် ဘုရားသခင်အား ပြောင်ပြောင်တင်းတင်းဖီဆန်ခြင်းဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးရှိ စစ်မှန်သောဝတ်ပြုသူများသည် ယင်းကိုလုံးဝရှောင်ကြဉ်ကြသည်။ ဣသရေလနိုင်ငံတွင် အတိတ်နိမိတ်ဖတ်ကြားခြင်းသည် ကြီးလေးသောအပြစ်တစ်ခုဖြစ်၏! ပညတ်တော်က “ထိုသို့ ပြုတတ်သောသူအပေါင်းတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏” ဟုဖော်ပြထားသည်။—တရားဟောရာ ၁၃:၁-၅; ၁၈:၁၀-၁၂။
“လင်းသောကောင်းကင်တမန်”
စာတန်သည် အတိတ်နိမိတ်ဖတ်ကြားခြင်းကို အကျိုးရှိသယောင်ယောင်၊ ကောင်းကင်တမန်များနှင့်ပင်သက်ဆိုင်သယောင်ယောင်ဖြစ်အောင် လုပ်နိုင်သည်ကို ကျွန်ုပ်တို့မအံ့သြသင့်ပါ။ သမ္မာကျမ်းစာက စာတန်သည် “လင်းသောကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏” ဟုဆိုထားသည်။ (၂ ကောရိန္သု ၁၁:၁၄) သူသည် နိမိတ်လက္ခဏာများကိုပင်လုပ်ကြံဖန်တီးနိုင်ပြီး ယင်းတို့ကိုတကယ်ဖြစ်လာအောင် ပြုလုပ်ကာ အတိတ်နိမိတ်သည် ဘုရားသခင်ထံမှလာကြောင်း တွေ့မြင်သူများထင်မှတ်အောင် လှည့်ဖြားသည်။ (မဿဲ ၇:၂၁-၂၃; ၂ သက်သာလောနိတ် ၂:၉-၁၂ နှိုင်းယှဉ်။) သို့သော် စာတန့်လုပ်ရပ်အားလုံးသည် မည်မျှပင်ဖြူစင် သို့မဟုတ် မည်မျှပင်နိမိတ်မကောင်းပုံပေါက်ပါစေ ရည်ရွယ်ချက်နှစ်ခုမှ တစ်ခုခုကိုဖြစ်မြောက်စေသည်– လူများ ယေဟောဝါထံမှလှည့်ထွက်သွားရန် သို့မဟုတ် ‘ခရစ်တော်၏ဘုန်းအသရေတော်နှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကိုမပေးရလေအောင်’ သူတို့၏ဉာဏ်မျက်စိကို ကွယ်စေရန်အတွက်သာဖြစ်သည်။ (၂ ကောရိန္သု ၄:၃၊ ၄) ဤနောက်ဆုံးပိုင်းလှည့်ဖြားနည်းသည် အထိရောက်ဆုံးဖြစ်လေ့ရှိသည်။
ပထမရာစုရှိ အစေခံကျွန်မိန်းမငယ်လေးတစ်ဦးနှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းကို သုံးသပ်ကြည့်ပါ။ သူမ၏ဗေဒင်ဟောကိန်းများသည် သူမ၏သခင်များအတွက် အကျိုးများစွာဖြစ်ထွန်းစေသည်။ သူမသည် ရက်ပေါင်းများစွာ တပည့်တော်တို့နောက်သို့လိုက်၍ ဤသို့ပြောဆိုနေ၏– “ဤသူတို့ကားအမြင့်မြတ်ဆုံးသောဘုရား၏အစေခံများဖြစ်၍ သင်တို့အား ကယ်တင်ခြင်းတရားကို ဟောပြောသူများတည်း။” သူမ၏စကားများသည် မှန်ကန်၏။ သို့သော် သူမအားလွှမ်းမိုးထိန်းချုပ်ထားသူမှာ ကောင်းကင်တမန်မဟုတ်ဘဲ “ဗေဒင်ဟောနိုင်သောနတ်မိစ္ဆာ” ဖြစ်ကြောင်း မှတ်တမ်းက ကျွန်ုပ်တို့အားပြောပြ၏။ အဆုံးတွင် ပေါလုသည် “နောက်သို့လှည့်၍ ‘သင်သည် သူငယ်မအထဲမှထွက်သွားလော့။ ယေရှုခရစ်နာမတော်ကိုအမှီပြု၍ သင့်အားငါအမိန့်ပေး၏’ ဟု နတ်မိစ္ဆာအားဆို၏။ ထိုခဏ၌ပင်လျှင် နတ်မိစ္ဆာသည် ထွက်သွား၏။”—တမန်တော် ၁၆:၁၆-၁၈၊ သတင်းကောင်း။
ဤနာမ်ဝိညာဉ်ကို ပေါလုအဘယ်ကြောင့် နှင်ထုတ်လိုက်ရသနည်း။ အမှန်တကယ်တွင် ၎င်းသည် နတ်ဆိုးလွှမ်းမိုးထိန်းချုပ်ခံထားရသော မိန်းမငယ်လေး၏သခင်တို့ကို ဝင်ငွေရွှင်စေသည်။ သဘာဝလွန်တန်ခိုးအားဖြင့် အစေခံကျွန်မိန်းမငယ်လေးသည် လယ်သမားများ အဘယ်အချိန်တွင်စိုက်ပျိုးရမည်၊ လုံမပျိုလေးများ အဘယ်အချိန်တွင် အိမ်ထောင်ပြုရမည်၊ သတ္တုတွင်းအလုပ်သမားများ အဘယ်နေရာတွင် ရွှေရှိမည်တို့ကို ပြောပြပေမည်။ ဤနာမ်ဝိညာဉ်သည် မိန်းမငယ်လေးအား အမှန်တရားနှင့်ဆိုင်သောစကားအချို့ကိုပင်ပြောဆိုစေကာ တပည့်တော်များကို လူပုံအလယ်၌ချီးမွမ်းရန် လှုံ့ဆော်ခဲ့၏!
သို့ဖြစ်သော်လည်း ယင်းသည် “ဗေဒင်ဟောနိုင်သောနတ်မိစ္ဆာ” ဖြစ်သည်။ သို့ဖြစ်သောကြောင့် ၎င်းတို့တွင် ယေဟောဝါအကြောင်းနှင့် ကယ်တင်ခြင်းအတွက် ကိုယ်တော်၏ပြင်ဆင်ထားချက်အကြောင်း ကြေညာခွင့်မရှိကြပါ။ ယင်း၏ချီးမွမ်းစကားသည် ကြည့်ရှုနေသူများကို ခရစ်တော်၏စစ်မှန်သောနောက်တော်လိုက်များထံမှ အာရုံလွဲသွားစေပြီး အစေခံကျွန်မိန်းမငယ်လေး၏ဗေဒင်ဟောကိန်းတို့ကို ယုံကြည်စေရန်ပြောခြင်းဖြစ်ကောင်းဖြစ်မည်။ ခိုင်လုံသည့်အကြောင်းဖြင့် ကောရိန္သုမြို့သားများအား ပေါလုဤသို့သတိပေးခဲ့သည်– “‘သခင်ဘုရား (“ယေဟောဝါ၊” ကဘ) ၏စားပွဲ၊’ နတ်ဆိုးတို့၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ။” (၁ ကောရိန္သု ၁၀:၂၁) ပထမရာစုရှိခရစ်ယာန်များသည် ဗေဒင်အတတ်နှင့်ဆက်စပ်မှုရှိနေသော သူတို့၏စာအုပ်အားလုံးကို ဖျက်ဆီးခဲ့သည်မှာ အံ့ဩစရာမဟုတ်ပါ။—တမန်တော် ၁၉:၁၉။
‘ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသော ကောင်းကင်တမန်’ တစ်ပါး
ကျွန်ုပ်တို့သိမြင်ခဲ့ရသည့်အတိုင်း ကျမ်းစာက လက်ရှိ ကောင်းကင်တမန်များဆိုင်ရာခေတ်ထမှုအများသည် ဘုရားသခင်၏ရန်သူတော်ကြီး စာတန်မာရ်နတ်နှင့်အလွန်နီးကပ်စွာဆက်သွယ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းက သန့်ရှင်းသောကောင်းကင်တမန်များသည် လူသားရေးရာကိစ္စများ၌ ပါဝင်စွက်ဖက်မှုမရှိဟု ဆိုလိုပါသလော။ ၎င်းနှင့်ဆန့်ကျင်လျက် သူတို့သည် ကမ္ဘာပေါ်တွင် အလွန်ကြီးကျယ်သောလုပ်ငန်းတစ်ခုကို ယခု လုပ်ကိုင်နေကြသည်။ ယင်းကား အဘယ်နည်း။ အဖြေအတွက် သမ္မာကျမ်းစာ၏ဗျာဒိတ်ကျမ်းစောင်ကို ကြည့်ရှုရမည်ဖြစ်သည်။ အခြားမည်သည့်ကျမ်းစောင်ထက်မဆို ဤကျမ်းစောင်၌ ကောင်းကင်တမန်များအား အကြိမ်ရေပို၍ ဖော်ပြထားသည်။
ဗျာဒိတ် ၁၄:၆၊ ၇ (သတင်းကောင်း) တွင် တမန်တော်ယောဟန်ရရှိခဲ့သော ပရောဖက်ပြုမြင်ကွင်းနှင့်ပတ်သက်သည့် သူ၏မှတ်တမ်းကို ဤသို့ဖတ်ရ၏– “ကောင်းကင်အလယ်တွင် ကောင်းကင်တမန်တစ်ပါး ပျံဝဲလျက်နေသည်ကို ငါမြင်ရ၏။ သူသည် တိုင်းနိုင်ငံအသီးသီးရှိဘာသာစကားအမျိုးမျိုးကိုပြောဆိုသူ လူအမျိုးအနွယ်ခပ်သိမ်းတို့အားကြေညာရန် ထာဝရသတင်းကောင်းကို ယူဆောင်လာ၏။ ထိုကောင်းကင်တမန်က ‘ထာဝရဘုရား တရားစီရင်တော်မူရာနေ့ရက်သည် ကျရောက်၍လာလေပြီ။ ထိုကြောင့် ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြလော့။ ဂုဏ်တော်ကို ချီးကျူးကြလော့။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ပင်လယ်နှင့် စမ်းပေါက်များကိုလည်းကောင်း ဖန်ဆင်းတော်မူသောအရှင်ကို ရှိခိုးကြလော့’ ဟု အသံကျယ်စွာကြွေးကြော်လေ၏။”
ဤကျမ်းချက်က ယနေ့ ကောင်းကင်တမန်များ၏ အရေးကြီးအထင်ရှားဆုံးလုပ်ငန်းကို မီးမောင်းထိုးပြသည်။ သူတို့သည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ကြေညာခြင်းတည်းဟူသော အဓိကထားဦးစားပေးရမည့်တာဝန်တွင် ပါဝင်နေကြ၏။ ဤလုပ်ငန်းနှင့်ပတ်သက်၍ မိမိ၏နောက်တော်လိုက်များကို ယေရှုဤသို့ကတိပေးခဲ့သည်– “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်။” (မဿဲ ၂၈:၁၈-၂၀) ယေရှုသည် မိမိနောက်တော်လိုက်များနှင့် မည်သို့အတူရှိမည်နည်း။ တစ်နည်းမှာ ဤအလွန်ကြီးမားသောလုပ်ငန်းကို ပြီးမြောက်နိုင်ရန် သူတို့အတွက် ကောင်းကင်တမန်ကူညီဖို့ ပြင်ဆင်ပေးခြင်းအားဖြင့်ဖြစ်သည်။
ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောရန်အတွက် နှစ်စဉ် အချိန်နာရီသန်းပေါင်းတစ်ထောင်ထက်မနည်း အသုံးပြုကြသည်။ ဤလုပ်ငန်းကို လုပ်ဆောင်ရာတွင် ကောင်းကင်တမန်များ ညွှန်ကြားနေသည့်သာဓကများကို သူတို့တွေ့ရှိရ၏။ သူတို့၏တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ဘုရားသခင်၏ရည်ရွယ်ချက်များကိုနားလည်ရန် တစ်စုံတစ်ဦးလာကူညီဖို့ ခုလေးတင်ဆုတောင်းနေသောသူများနှင့်ဆက်သွယ်မိမှု မကြာခဏဖြစ်ပျက်ခဲ့သည်။ ကောင်းကင်တမန်၏လမ်းညွှန်မှုနှင့် သက်သေခံများ၏ဦးဆောင်လှုပ်ရှားမှုတို့ကြောင့် အကျိုးရလဒ်အနေနှင့် နှစ်စဉ် ထောင်ပေါင်းများစွာသောသူတို့ ယေဟောဝါကိုသိကျွမ်းလာကြသည်!
ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသော ကောင်းကင်တမန်၏ကြေညာချက်ကို သင်နားထောင်နေသလော။ ယေဟောဝါသက်သေများရောက်လာသောအခါ သူတို့နှင့် ဤကောင်းကင်တမန်ဆိုင်ရာသတင်းကို ပိုမိုပြည့်စုံစွာဆွေးနွေးလျှင် မကောင်းပေလော။
[အောက်ခြေမှတ်ချက်များ]
a “စာတန်” နှင့် “မာရ်နတ်” ဟူသော စကားလုံးများသည် “ပုန်ကန်သူ” နှင့် “ရှုတ်ချဂုဏ်ဖျက်သူ” ဟု အဓိပ္ပာယ်ရ၏။
b မိက္ခေလနှင့် ဂါဗြေလအား သမ္မာကျမ်းစာ၌ဖော်ပြထားသော်လည်း ရာဖီယယ်လ်နှင့် ဥရေလဟူသည့်အမည်များမူ သမ္မာကျမ်းစာစောင်၏အစိတ်အပိုင်းများအဝင်မဟုတ်သော ကျမ်းပိုများတွင်သာတွေ့ရသည်။
c ဆုတောင်းချက်သည် ခရစ်တော်ထံသို့ မဟုတ်ဘဲ ကိုယ်တော့်ထံမှတစ်ဆင့် ဖြစ်ကြောင်းသတိပြုပါ။ ယေရှုသွန်းလောင်းခဲ့သောအသွေးတော်က ဘုရားသခင်ထံချဉ်းကပ်ရန်လမ်းကို ဖွင့်စေသောကြောင့် ကိုယ်တော်၏နာမမှတစ်ဆင့် ဆုတောင်းရခြင်းဖြစ်၏။—ဧဖက် ၂:၁၃-၁၉; ၃:၁၂။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
ကောင်းကင်တမန်များကား မည်သူတို့နည်း
လူအများ ယုံကြည်ထားသည်နှင့်ဆန့်ကျင်လျက် ကောင်းကင်တမန်များသည် သေဆုံးသွားသောသူတို့၏ ခွဲခွာသွားသော ဝိညာဉ်များမဟုတ်ကြပါ။ သေလွန်သူများသည် “အဘယ်အရာကိုမျှမသိ” ဟု ကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ (ဒေသနာ ၉:၅) သို့ဆိုလျှင် ကောင်းကင်တမန်များ အဘယ်ကလာကြသနည်း။ မြေကြီးတိုက်မြစ်မချမီ သူတို့တစ်ဦးချင်းကို ဘုရားသခင်ဖန်ဆင်းခဲ့ကြောင်း သမ္မာကျမ်းစာက ညွှန်ပြထားသည်။ (ယောဘ ၃၈:၄-၇) ဘုရားသခင့်ကောင်းကင်ဆိုင်ရာမိသားစု၏ အရွယ်ပမာဏတွင် သန်းရာပေါင်းများစွာရှိကောင်းရှိမည်။ သန်းထောင်ပေါင်း သို့မဟုတ် ထိုထက်ပင်ပိုကောင်းပိုပေမည်! အချို့ကောင်းကင်တမန်များသည် စာတန်၏ပုန်ကန်မှုတွင် ပူးပေါင်းခဲ့ကြသည်။—ဒံယေလ ၇:၁၀; ဗျာဒိတ် ၅:၁၁; ၁၂:၇-၉။
ယေဟောဝါရှင်သည် စည်းစနစ်ကျနသောဘုရားသခင်ဖြစ်သောကြောင့် ကိုယ်တော်၏ကြီးမားလှသော ကောင်းကင်တမန်ဆိုင်ရာမိသားစုအား စနစ်တကျဖွဲ့စည်းထားသည်မှာ အံ့ဩစရာမဟုတ်ပါ။—၁ ကောရိန္သု ၁၄:၃၃။
•တန်ခိုးနှင့်အာဏာ နှစ်မျိုးစလုံးတွင် အဦးကျဆုံးသောကောင်းကင်တမန်မှာ မိက္ခေလဟုလည်းခေါ်သော ကောင်းကင်တမန်မင်း ယေရှုခရစ်ဖြစ်သည်။ (၁ သက်သာလောနိတ် ၄:၁၆; ယုဒ ၉) ကိုယ်တော်၏အခွင့်အာဏာအောက်တွင် သရပ်များ၊ ခေရုဗိမ်များနှင့် ကောင်းကင်တမန်များရှိကြ၏။
•သရပ်များသည် ဘုရားသခင့်ပလ္လင်တော်၌ ခစားသူများဖြစ်ကြသည်။ သူတို့၏တာဝန်မှာ ဘုရားသခင်၏သန့်ရှင်းမှုကို ကြေညာနေခြင်းနှင့် ကိုယ်တော်၏လူမျိုးတော်ကို သန့်ရှင်းအောင်ထားခြင်းတို့ ပါဝင်ကြောင်း ထင်ရှား၏။—ဟေရှာယ ၆:၁-၃၊ ၆၊ ၇။
•ခေရုဗိမ်များသည်လည်း ယေဟောဝါ၏ရှေ့တော်မှောက်တွင်တွေ့ရသည်။ ဘုရားသခင့်ပလ္လင်တော်၏အစောင့်အကြပ်များအနေဖြင့် သူတို့သည် ယေဟောဝါ၏ဘုန်းတန်ခိုးတော်ကြီးမြတ်မှုကို ထောက်ခံအားပေးကြသည်။—ဆာလံ ၈၀:၁; ၉၉:၁; ယေဇကျေလ ၁၀:၁၊ ၂။
•ကောင်းကင်တမန်များ (“သတင်းပို့သူများ” ဟု အဓိပ္ပာယ်ရ) သည် ယေဟောဝါ၏ကိုယ်စားလှယ်များဖြစ်ကြ၏။ သူတို့သည် ဘုရားသခင့်အလိုတော်ဖြစ်သည့် မိမိ၏လူမျိုးတော်ကို ကယ်လွှတ်ခြင်းဖြစ်စေ သို့မဟုတ် ဆိုးညစ်မှုကို အမြစ်ပြတ်သုတ်သင်ခြင်းဖြစ်စေ ဆောင်ရွက်ကြသည်။—ကမ္ဘာဦး ၁၉:၁-၂၆။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကောင်းကင်အလယ်၌ပျံဝဲလျက်ရှိသော ကောင်းကင်တမန်၏ကြေညာချက်ကို သင်နားထောင်နေသလော