“အောက်သို့လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်”
ဥဖ် ဟယ်လ်ဂဲစင် ပြောပြသည်
၁၉၈၃ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်တော့်အပေါ်ကိုင်းညွှတ်ပြီးကြည့်နေကြတဲ့ ဆရာဝန်တွေက “သူသတိရလာပြီ!” ဆိုပြီး ရုတ်တရက်အာမေဋိတ်ပြုလိုက်ကြတယ်။ ၁၅ နာရီကြာ ခက်ခဲရှုပ်ထွေးတဲ့ ခွဲစိတ်ကုသမှုအားဖြင့် ကျွန်တော့်ရဲ့ ကျောရိုးနဗ်ကြောကြီးထဲက လေး-လေးပိုင်းသုံးပိုင်းလက်မအရှည်ရှိတဲ့ အကျိတ်တစ်လုံးကို ခွဲထုတ်ခဲ့ကြတယ်။ ကျွန်တော် လုံးလုံးသွက်ချာပါဒဖြစ်သွားတယ်။
နောက်ရက်အနည်းငယ်အကြာမှာ ဆွီဒင်နိုင်ငံတောင်ပိုင်း၊ ကျွန်တော်ရဲ့ဇာတိမြို့ဖြစ်တဲ့ ဟောလ်ဆင်းဗတ် ကနေ မိုင် ၄၀ လောက်ဝေးတဲ့ ဆေးရုံတစ်ရုံကို ပြောင်းရွှေ့ရတယ်။ ပြန်လည်ထူထောင်ရေးအစီအစဉ်မှာ ပါဝင်ရတယ်။ ရူပကုထုံးနဲ့ကုသပေးသူက အလွန်အားစိုက်ထုတ်ရမယ်လို့ပြောပေမဲ့ ကျွန်တော်ကတော့ စလုပ်ဖို့ပဲစိတ်စောနေမိတယ်။ ကျွန်တော် တကယ်ပဲလမ်းပြန်လျှောက်ချင်နေပါပြီ။ တစ်ရက်ငါးနာရီကြာတဲ့လေ့ကျင့်ခန်းကို လုံ့လဝီရိယရှိရှိနဲ့ကြိုးစားတဲ့အတွက်ကြောင့် ကျွန်တော်လျင်လျင်မြန်မြန်ပဲတိုးတက်လာတယ်။
တစ်လလောက်အကြာ ကျွန်တော်တို့အသင်းတော်ကို တိုက်နယ်ကြီးကြပ်မှူးလာရောက်အမှုဆောင်တဲ့အချိန်မှာ သူနဲ့အခြားခရစ်ယာန်အကြီးအကဲတွေ ဆေးရုံကကျွန်တော်ရဲ့အခန်းလေးအတွင်းမှာ အသင်းတော်အကြီးအကဲစည်းဝေးကျင်းပဖို့အတွက် ခရီးရှည်ထွက်ခဲ့ကြရတယ်။ ညီအစ်ကိုချင်းမေတ္တာကို ဒီလိုထင်ရှားပြကြတဲ့အတွက် ကျွန်တော့်နှလုံးတကယ့်ကိုရွှင်မြူးခဲ့ရပါတယ်! စည်းဝေးပြီးသွားတဲ့အခါ လူနာဆောင်မှာရှိတဲ့သူနာပြုတွေက တစ်အုပ်စုလုံးကို လက်ဖက်ရည်၊ အသားညှပ်ပေါင်မုန့်တွေနဲ့ ဧည့်ခံကျွေးမွေးကြတယ်။
ပထမတော့ ဆရာဝန်တွေက ကျွန်တော့်ရဲ့တိုးတက်မှုအပေါ်မှာ အံ့သြမိကြတယ်။ သုံးလကြာတဲ့နောက် ဘီးတပ်ကုလားထိုင်မှ ကျွန်တော်ထထိုင်နိုင်တဲ့အပြင် အခိုက်အတန့်လေးတောင် မတ်တတ်ရပ်နိုင်လာတယ်။ ကျွန်တော်ပျော်ရွှင်ခဲ့ပြီး ပြန်လမ်းလျှောက်နိုင်ဖို့ လုံးလုံးဆုံးဖြတ်ထားတယ်။ ကျွန်တော့်မိသားစုနဲ့ ခရစ်ယာန်ချင်းတွေက သူတို့လာလည်ပတ်တဲ့အချိန်မှာ ကျွန်တော့်ကို အများကြီးအားပေးကြတယ်။ အိမ်ကိုတောင် ခဏပြန်နိုင်ခဲ့တယ်။
တကယ့်အတားအဆီးတစ်ခု
ဒါပေမဲ့ အဲ့ဒီနောက် ထပ်တိုးတက်မှုဘာမှမရှိတော့ဘူး။ မကြာခင်မှာပဲ ရူပကုထုံးနဲ့ကုသပေးသူက “ဒီထက်ပိုပြီး ခင်ဗျားကောင်းလာနိုင်မှာ မဟုတ်တော့ဘူး!” ဆိုပြီး စိတ်ဆင်းရဲစရာသတင်းကိုလာပြောတယ်။ အခု ပန်းတိုင်က ဘီးတပ်ကုလားထိုင်နဲ့ ကျွန်တော့်ဘာသာလျှောက်သွားနိုင်အောင် ခွန်အားတိုးလာစေဖို့ပါပဲ။ ကျွန်တော် ဘာဆက်ဖြစ်လာမယ်ဆိုတာကို သိလိုခဲ့တယ်။ ကျွန်တော့်ဇနီးကကော ဘယ်လိုစီမံအုပ်ထိန်းမှာလဲ။ သူမကိုယ်နှိုက်က ခွဲစိတ်မှုကြီးခံထားရတဲ့အတွက် ကျွန်တော့်အကူအညီကိုလိုနေတာ။ အများအကျိုးဆောင်အဖွဲ့အစည်းရဲ့ အမြဲစောင့်ရှောက်မှုကိုပဲ လိုနေတော့မှာလား။
အလွန်အမင်းပါပဲ ကျွန်တော်စိတ်မချမ်းမသာဖြစ်လာမိတယ်။ ကျွန်တော့်ရဲ့ခွန်အား၊ အစွမ်းသတ္တိတွေ လွင့်ပါးကုန်ကြပါပြီ။ နေ့ရက်တွေကုန်လွန်သွားတယ်၊ ကျွန်တော်ကတော့ လှုပ်ရှားနိုင်မှုမရှိသေးပါဘူး။ ကာယရေးမှာသာ သွက်ချာပါဒဖြစ်တာမဟုတ်ပဲ စိတ်ဓာတ်ရေးနဲ့ဝိညာဉ်ရေးမှာလည်း ထုံထိုင်းနေပါပြီ။ ကျွန်တော် “အောက်သို့လှဲခြင်း” ကို ခံခဲ့ရတယ်။ ကျွန်တော့်ကိုကျွန်တော် ဝိညာဉ်ရေးသန်မာတယ်လို့ အမြဲယူမှတ်ခဲ့တယ်။ ဘုရားသခင့်နိုင်ငံတော်မှာ ခိုင်ခိုင်မြဲမြဲအမြစ်တွယ်လျက်ရှိတဲ့ယုံကြည်ခြင်း ကျွန်တော့်မှာရှိခဲ့တယ်။ (ဒံယေလ ၂:၄၄; မဿဲ ၆:၁၀) ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့ကမ္ဘာသစ်မှာ ရောဂါတွေနဲ့ အိုမင်းမစွမ်းမှုတွေကုသခံရမယ်၊ အဲဒီမှာ လူသားအားလုံးဟာ စုံလင်တဲ့အသက်တာကို ပြန်လည်ရရှိမယ်ဆိုတဲ့ ကျမ်းစာကတိတော်တွေကို ကျွန်တော်ယုံကြည်လက်ခံတယ်။ (ဟေရှာယ ၂၅:၈; ၃၃:၂၄; ၂ ပေတရု ၃:၁၃) အခုတော့ကျွန်တော်ဟာ ကာယရေးမှာသာမဟုတ်ဘဲ ဝိညာဉ်ရေးမှာပါ သွက်ချာပါဒဖြစ်နေပြီ။ ကျွန်တော် ‘ဖျက်ဆီးခြင်းခံလိုက်ရ’ ပြီလို့ ခံစားရပါတယ်။—၂ ကောရိန္သု ၄:၉။
နောက်ထပ်ဆက်ပြီးမပြောပြခင် ကျွန်တော့်ရဲ့နောက်ကြောင်းကို အနည်းငယ်ပြောပြပါရစေ။
ပျော်ရွှင်သောမိသားစုတစ်စု
ကျွန်တော်ဟာ ၁၉၃၄ ခုနှစ်မှာမွေးဖွားခဲ့ပြီး အမြဲကျန်းမာရေးကောင်းခဲ့ပါတယ်။ အင်ဂရစ်ကို ၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်းမှာ ဆုံတွေ့ခဲ့တယ်။ ၁၉၅၈ ခုနှစ်မှာ လက်ထပ်ပြီး ဆွီဒင်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ အာစတာစတဲမြို့မှာအခြေချခဲ့ကြတယ်။ ယေဟောဝါသက်သေများနဲ့ ကျမ်းစာစလေ့လာတဲ့ ၁၉၆၃ ခုနှစ်မှာ ဘဝတစ်ကွေ့ချိုးခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်တို့မှာ အဲဗာ၊ ဘရော်၊ လီနာ ဆိုတဲ့ ကလေးသုံးယောက်ရှိနေပါပြီ။ မကြာမီမှာပဲ ကျွန်တော်တို့တစ်မိသားစုလုံး ကျမ်းစာလေ့လာပြီး ကျမ်းစာသမ္မာတရားအသိပညာမှာ ကောင်းစွာတိုးတက်သိရှိလာကြတယ်။
လေ့လာမှုစတင်ပြီးမကြာမီမှာပဲ ဟောလ်ဆင်းဗတ်မြို့ကို ကျွန်တော်တို့ပြောင်းရွှေ့ခဲ့ကြတယ်။ အဲဒီမှာ ယေဟောဝါထံ ကျွန်တော့်ဇနီးနှင့်ကျွန်တော်တို့ မိမိကိုယ်ကိုအပ်နှံပြီး ၁၉၆၄ ခုနှစ်မှာ နှစ်ခြင်းခံခဲ့ကြတယ်။ ၁၉၆၈ ခုနှစ်မှာ သမီးကြီးအဲဗာ နှစ်ခြင်းခံတဲ့အတွက် ကျွန်တော်တို့တိုးပြီးပျော်ရွှင်ခဲ့ရတယ်။ နောက်ခုနစ်နှစ်အကြာ၊ ၁၉၇၅ ခုနှစ်မှာ ဘရော်နှင့်လီနာတို့လည်း နှစ်ခြင်းခံကြတယ်၊ နောက်တစ်နှစ်မှာပဲ ခရစ်ယာန်အသင်းတော်မှာ အကြီးအကဲတစ်ယောက်အဖြစ် ကျွန်တော်ခန့်အပ်ခံရတယ်။
ကျွန်တော်ရဲ့လောကီအလုပ်က မိသားစုရုပ်ပစ္စည်းလိုအပ်ရာတွေကို ကောင်းကောင်းထောက်ပံ့နိုင်ခဲ့တယ်။ ဘရော်နဲ့လီနာတို့ အချိန်ပြည့်ဓမ္မအမှုကို စလုပ်ဆောင်လာတဲ့အခါ ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုထပ်တိုးလာတယ်။ မကြာမီမှာပဲ ဘရော်တစ်ယောက် အာဗိုကာမြို့မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ဌာနခွဲရုံးမှာ အမှုထမ်းဖို့ဖိတ်ခေါ်ခံရတယ်။ ပုံဆောင်သဘောအရ အသက်တာဟာ ကျွန်တော်တို့အပေါ်မှာ ပြုံးပန်းပွင့်နေပါတယ်။ အဲဒီနောက် ၁၉၈၀ ခုနှစ် နှစ်ဦးပိုင်းမှာ အကျိတ်နဲ့ပတ်သက်တဲ့ ကာယရေးအကျိုးဆက်တွေကို စတင်ခံစားလာရပြီး နောက်ဆုံး ၁၉၈၃ ခုနှစ်မှာ ခွဲစိတ်ကုသမှုအားဖြင့် ဖယ်ရှားခဲ့ရတယ်။
ဝိညာဏလေသင်တုန်းဖြတ်ခြင်းကို ကျော်လွှားခြင်း
ကျွန်တော်လမ်းပြန်လျှောက်နိုင်မှာ မဟုတ်တော့ဘူးဆိုတဲ့အကြောင်း ပြောပြခံရတဲ့အခါ ကျွန်တော့်ဝန်းကျင်တစ်ဝိုက်မှာ ဘဝကြီးပြိုပျက်သွားသလိုပါပဲ။ ဝိညာဏခွန်အားကို ကျွန်တော်ဘယ်လိုပြန်ရရှိမှာလဲ။ ကျွန်တော်ထင်ထားတာထက်တောင် ပိုလွယ်ကူနေတယ်။ ကျမ်းစာကို ကျွန်တော်ကောက်ကိုင်လိုက်ပြီး စဖတ်တော့တာပဲ။ ပိုဖတ်လေ ဝိညာဉ်ခွန်အားပိုရလေပဲ။ အားလုံးထဲမှာ ယေရှုရဲ့တောင်ပေါ်ဒေသနာကို တန်ဖိုးထားမိတယ်။ အဲ့ဒါကို ကျွန်တော်ထပ်ခါထပ်ခါဖတ်ပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။
ဘဝအပေါ် ပျော်ရွှင်နှစ်ခြိုက်တဲ့အမြင်သဘောထား ပြန်ရတယ်။ ဖတ်ရှုသုံးသပ်ရာကနေ အတားအဆီးတွေအစား အခွင့်အရေးတွေကို ကျွန်တော်စမြင်လာတယ်။ အခြားသူတွေနဲ့ ကျမ်းစာသမ္မာတရားကို ဝေမျှလိုတဲ့ဆန္ဒ ပြန်ရရှိလာပြီး ဆေးရုံဝန်ထမ်းတွေအပြင် ကျွန်တော်တွေ့ဆုံတဲ့အခြားသူများကိုပါ သက်သေခံခြင်းအားဖြင့် ဒီဆန္ဒကို ကျေနပ်စေတယ်။ ကျွန်တော့်မိသားစုဟာ ကျွန်တော့်ကို အပြည့်အဝထောက်ပံ့ခဲ့ပြီး ကျွန်တော့်ကို ဘယ်လိုပြုစုရမယ်ဆိုတာကို လေ့ကျင့်မှုရယူခဲ့ကြတယ်။ နောက်ဆုံး ကျွန်တော်ဆေးရုံကဆင်းနိုင်ခဲ့တယ်။
အဆုံးမှာတော့ ကျွန်တော်အိမ်ပြန်ရောက်ခဲ့ပါပြီ။ ကျွန်တော်တို့အားလုံးအတွက် ပျော်ရွှင်ဖွယ်နေ့တစ်နေ့ပါပဲ! ကျွန်တော့်မိသားစုဟာ ကျွန်တော့်ကိုစောင့်ရှောက်ခြင်းအပါအဝင် အစီအစဉ်တစ်ခုကို ရေးဆွဲကြတယ်။ ကျွန်တော့်ရဲ့သား ဘရော်ဟာ ယေဟောဝါသက်သေများရဲ့ဌာနခွဲရုံးမှာ အလုပ်လုပ်ခြင်းကနေနုတ်ထွက်ဖို့ ဆုံးဖြတ်ပြီး ကျွန်တော်ကိုစောင့်ရှောက်ဖို့ အိမ်ပြန်လာတယ်။ ကျွန်တော့်မိသားစုဆီက ဒီလိုမေတ္တာမျိုးနဲ့ စိုးရိမ်ကြောင့်ကြမှုကို ရရှိတဲ့အတွက် အလွန့်အလွန် စိတ်ချမ်းသာရပါတယ်။
နောက်အတားအဆီးတစ်ကို နိုင်နင်းခြင်း
ဒါပေမဲ့ အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကျွန်တော့်ရဲ့ကျန်းမာရေးဟာတဖြည်းဖြည်းပျက်ယွင်းလာပြီး ကျွန်တော်အတွက်ရွှေ့လျားလှုပ်ရှားနိုင်ဖို့ အလွန်ခက်ခဲလာတယ်။ ကျွန်တော်ရဲ့မိသားစုလည်း အကြွင်းမဲ့ကြိုးပမ်းကြပေမဲ့ နောက်ဆုံးတော့ အိမ်မှာကျွန်တော့်ကို မစောင့်ရှောက်နိုင်ကြတော့ပါဘူး။ ဒါ့ကြောင့် လူနာပြုစုရာဂေဟာသို့သွားနေခြင်းဟာ ကျွန်တော့်အတွက်ကောင်းလိမ့်မယ်လို့ ထင်မိတယ်။ တစ်ဖန် အဲဒါက ပြောင်းလဲမှုများနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာအသစ်တွေ ဖြစ်စေတယ်။ ဒါပေမဲ့ ဒါတွေကြောင့် ဝိညာဏအတားအဆီးဖြစ်ဖို့ ကျွန်တော်ခွင့်မပြုဘူး။
ကျမ်းစာဖတ်ခြင်းနဲ့ ရှာဖွေလေ့လာမှုပြုခြင်းကို ကျွန်တော်ဘယ်တော့မှ မရပ်နားခဲ့ဘူး။ ကျွန်တော်မလုပ်နိုင်တဲ့အရာကိုမဟုတ်ဘဲ လုပ်နိုင်မယ့်အရာကို အမြဲစဉ်းစားတယ်။ ယေဟောဝါသက်သေများအားလုံးမှာရှိတဲ့ ဝိညာဏကောင်းချီးတွေကို ဆင်ခြင်သုံးသပ်တယ်။ ဆုတောင်းခြင်းဖြင့် ယေဟောဝါအနီးမှနေတယ်၊ အခွင့်အရေးရသမျှကိုယူပြီး အခြားသူတွေကို ဟောပြောတယ်။
အခုဆိုရင် ကျွန်တော်ရဲ့ညအချိန်တွေနဲ့ နေ့အချိန်ရဲ့တစ်စိတ်တစ်ဒေသကို လူနာပြုစုဂေဟာမှာ ကုန်လွန်စေတယ်။ နေ့လယ်ခင်းနဲ့ ညနေခင်းအချိန်တွေကို အိမ် သို့မဟုတ် ခရစ်ယာန်အစည်းအဝေးတွေမှာ ကုန်လွန်စေတယ်။ မြူနီစပယ်ဌာနက စည်းဝေးအသွားအပြန်နဲ့ အိမ်သို့အသွားအပြန်အတွက် မှန်မှန်သယ်ယူပို့ဆောင်ဖို့ စီစဉ်ပေးထားတယ်။ ကျွန်တော့်ကိုချစ်တဲ့မိသားစု၊ အသင်းတော်က ညီအစ်ကိုများနဲ့ လူနာပြုစုဂေဟာက အမှုထမ်းများဟာ အလွန်ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ ဂရုစိုက်စောင့်ရှောက်ကြတယ်။
တတ်နိုင်ရာကို လုပ်ဆောင်ခြင်း
ကျွန်တော့်ကိုကျွန်တော် မသန်မစွမ်းတစ်ယောက်အဖြစ်မယူမှတ်သလို ကျွန်တော့်မိသားစုနဲ့ ခရစ်ယာန်ညီအစ်ကိုတွေကလည်း ကျွန်တော့်ကိုအဲ့ဒီပုံစံမျိုးနဲ့မဆက်ဆံပါဘူး။ ကျွန်တော့်ကို ယုယကြင်နာစွာနဲ့စောင့်ရှောက်ကြလို့ အကြီးအကဲတစ်ယောက်အဖြစ် ထိထိရောက်ရောက်ထမ်းဆောင်နိုင်စေတယ်။ အပတ်တိုင်း စာအုပ်ကြီးသင်တန်းတစ်ခုကိုဦးစီးရတဲ့အပြင် ဘုရားသခင့်နိုင်ငံတော်ခန်းမမှာလည်း အပတ်စဉ်အသင်းတော် ကင်းမျှော်စင် သင်တန်းကို ဦးစီးရသေးသည်။ ကျွန်တော့်အတွက် ကျမ်းစာစာမျက်နှာတွေကို လှန်ဖို့ခက်ခဲတဲ့အတွက်ကြောင့် စည်းဝေးမှာ တစ်ယောက်ယောက်ကို တာဝန်ပေးထားပြီး ကျွန်တော့်ကိုကူညီပေးတယ်။ ကျွန်တော့်ရဲ့ဘီးတပ်ကုလားထိုင်ကနေပဲ စည်းဝေးတွေကိုကျင်းပတယ်၊ ဟောပြောချက်တွေပေးတယ်။
ဒါကြောင့် သိုးထိန်းလည်ပတ်မှုအပါအဝင် အရင်ကလုပ်ခဲ့တဲ့ ကျွန်တော်နှစ်သက်တဲ့အရာများစွာကို လုပ်နိုင်နေတုန်းပါပဲ။ (၁ ပေတရု ၅:၂) ညီအစ်ကိုညီအစ်မတွေ ကျွန်တော့်ဆီက အကူအညီ သို့မဟုတ် အကြံဉာဏ်တွေလာတောင်းတဲ့အချိန်မှာ အဲဒါတွေကိုလုပ်ပါတယ်။ တယ်လီဖုန်းကိုလည်းအသုံးပြုပြီး တခြားသူတွေဆီကို ကိုယ်ကအစပြုပြီးဖုန်းဆက်တယ်။ (ရောမ ၁:၁၁၊ ၁၂) မကြာမီကပဲ မိတ်ဆွေတစ်ဦးက “ကျွန်တော်စိတ်ဓာတ်ကျနေချိန်မှာပဲ ကျွန်တော့်ဆီကို ခင်ဗျားဖုန်းဆက်ပြီး ရွှင်လန်းစေခဲ့တယ်” ဆိုပြီးပြောခဲ့သေးတယ်။ ယေဟောဝါဟာ ကျွန်တော့်ရဲ့အားထုတ်မှုတွေအပေါ်မှာ ကောင်းချီးပေးနေတယ်ဆိုတာသိရတော့ ကျွန်တော်လည်း အားရှိမိတယ်။
စည်းဝေးမစမီနဲ့ ပြီးသွားတဲ့အခါတွေမှာ အသင်းတော်က ကလေးတွေနဲ့ ကောင်းကောင်းပေါင်းသင်းခွင့်ရတယ်။ ကျွန်တော်က ဘီးတပ်ကုလားထိုင်မှာ ထိုင်ရတာဆိုတော့ မျက်လုံးချင်းတစ်တန်းတည်းဆုံပြီး တစ်ယောက်ကိုတစ်ယောက်စကားတွေပြောနိုင်ကြတယ်။ သူတို့လေးတွေရဲ့ ရိုးဖြောင့်မှုနဲ့ ပွင့်လင်းမှုကို ကျွန်တော်တန်ဖိုးထားတယ်။ တစ်ခါက လူငယ်လေးတစ်ယောက်ဆိုရင် “ခင်ဗျားဟာ တကယ့်ကိုချောတဲ့ ဒုက္ခိတကြီးပဲ!” ဆိုပြီး ပြောခဲ့တယ်လေ။
မလုပ်နိုင်တဲ့အရာတွေအပေါ် အလိုမကျဖြစ်နေမယ့်အစား လုပ်နိုင်တဲ့အရာတွေအပေါ်အာရုံစိုက်ခြင်းဖြင့် ယေဟောဝါရဲ့အမှုတော်ထမ်းရွက်ရာမှာ ကျွန်တော်ပျော်မွေ့နေမိတယ်။ ကျွန်တော့်အပေါ်ဖြစ်ပျက်ခဲ့ရာတွေကနေ အများကြီးသင်ယူရရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကြုံတွေ့ရတဲ့စုံစမ်းမှုတွေကနေ ကျွန်တော်တို့ဟာ လေ့ကျင့်မှုနဲ့ခွန်အားတွေကိုရရှိတယ်ဆိုတာ ကျွန်တော်သဘောပေါက်ခဲ့ပြီ။—၁ပေတရု ၅:၁၀။
ကျွန်တော်သတိထားမိတာက ကျန်းမာသန်စွမ်းကြတဲ့သူ များစွာတို့ဟာ ကောင်းကင်ခမည်းတော်အားဝတ်ပြုခြင်းကို အမြဲအလေးအနက်ထားရမယ်ဆိုတာ နားလည်သဘောပေါက်ဖို့ ပျက်ကွက်ကြခြင်းပါပဲ။ ကျွန်တော်တို့ပျက်ကွက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့အစီအစဉ်ဇယားတွေဖြစ်တဲ့ လေ့လာမှုပြုခြင်း၊ စည်းဝေးများတက်ခြင်းနဲ့ လယ်ကွင်းဓမ္မအမှုတို့ဟာ လုပ်ရိုးလုပ်စဉ်မျှသာဖြစ်သွားနိုင်တယ်။ ဒီလောကဆုံးခန်းကနေ ဘုရားသခင်ရဲ့ကတိထားရာမြေကြီးပရဒိသုကို ကပ်ကျော်လွတ်မြောက်နိုင်ဖို့ဆိုတာ ဒီပြင်ဆင်ပေးရာများဟာ မရှိမဖြစ်လိုအပ်တဲ့အရာတွေလို့ ကျွန်တော်ယူမှတ်တယ်။—ဆာလံ ၃၇:၉-၁၁၊ ၂၉; ၁ ယောဟန် ၂:၁၇။
ဘုရားသခင်ရဲ့ လာဆဲကမ္ဘာသစ်အသက်တာနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်ကို ကျွန်တော်တို့ရဲ့နှလုံးထဲ အမြဲရှင်သန်နေစေရမယ်။ (၁ သက်သာလောနိတ် ၅:၈) စိတ်ဓာတ်ကျဆင်းစေတဲ့ ဘယ်စိတ်ညွှတ်မှုကိုမဆို တိုက်လှန်ရာမှာ လက်လျော့အရှုံးမပေးမိဖို့လည်း ကျွန်တော်သင်ယူတတ်သိခဲ့ရတယ်။ ယေဟောဝါဟာ ကျွန်တော့်အဖေ၊ ကိုယ်တော်ရဲ့အဖွဲ့အစည်းဟာ အမေဖြစ်တယ်လို့ ရှုမြင်တတ်ဖို့သင်ယူခဲ့ရတယ်။ ကျွန်တော်တို့ ကြိုးစားအားထုတ်မယ်ဆိုရင် ယေဟောဝါဟာ ကျွန်တော်တို့ထဲကဘယ်သူ့ကိုမဆို ကိုယ်တော်ရဲ့ထိရောက်တဲ့ကျေးကျွန်တစ်ဦးအဖြစ် အသုံးပြုနိုင်တယ်ဆိုတာ ကျွန်တော်သိရှိလာရပါပြီ။
တစ်ခါတစ်ရံမှာ ကျွန်တော် “အောက်သို့လှဲခြင်း” ခံရတယ်လို့ ခံစားရပေမဲ့ ‘ဖျက်ဆီးခြင်း’ တော့ မခံရပါဘူး။ ယေဟောဝါနဲ့ ကိုယ်တော်ရဲ့အဖွဲ့အစည်းဖြစ်စေ၊ ကျွန်တော်ရဲ့မိသားစုနဲ့ ခရစ်ယာန်ညီအစ်ကိုတွေဖြစ်စေ ကျွန်တော့်ကိုဘယ်တော့မှ မစွန့်ပစ်ခဲ့ကြပါဘူး။ ကျမ်းစာကိုလှမ်းယူပြီး စဖတ်ခဲ့တဲ့အတွက်ကြောင့် ဝိညာဉ်ခွန်အားကို ကျွန်တော်ပြန်ရရှိခဲ့တယ်။ ကိုယ်တော့်ကိုယုံကြည်ကိုးစားတဲ့အခါ “သာလွန်ထူးကဲသောတန်ခိုးတော်” ကိုပေးတော်မူတဲ့ ယေဟောဝါဘုရားသခင်ကို ကျွန်တော်ကျေးဇူးတင်မိပါတယ်။—၂ ကောရိန္သု ၄:၇၊ ကဘ။
ယေဟောဝါကိုအပြည့်အဝယုံကြည်စိတ်ချကိုးစားမှုနဲ့အတူ အနာဂတ်ကို စိတ်အားထက်သန်စွာမျှော်ကြည့်နေပါတယ်။ မကြာခင် ယေဟောဝါဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ ပြန်လည်တည်ထောင်ထားတဲ့ပရဒိသုနဲ့အတူ အဲဒါကပြုလုပ်ပေးမဲ့ အံ့ဖွယ်ကောင်းချီးအားလုံးတို့အကြောင်းနဲ့ပတ်သက်တဲ့ ကိုယ်တော်ရဲ့ကတိတော်ကို ပြည့်စုံစေမယ်ဆိုတာ ကျွန်တော်ယုံကြည်စိတ်ချပါတယ်။—ဗျာဒိတ် ၂၁:၃၊ ၄။