“ကြေကွဲသောစိတ်” ရှိသူတို့အတွက် နှစ်သိမ့်မှု
ယနေ့၊ စာတန့်လောကကြီးသည် “ရှက်ကြောက်ခြင်းမရှိ” ဖြစ်နေကြပြီ။ (ဧဖက် ၄:၁၉; ၁ ယောဟန် ၅:၁၉) သူ့မယားပြစ်မှားခြင်းနှင့် မတရားမေထုန်သည် နေရာအနှံ့ ကူးစက်ပျံ့နှံ့နေ၏။ တိုင်းနိုင်ငံများစွာတို့၌ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်များသောအိမ်ထောင်သည်တို့သည် ကွာရှင်းခြင်းတွင်လမ်းဆုံးကြရသည်။ လိင်တူဆက်ဆံခြင်းကို နေရာအနှံ့အပြား၌ လက်ခံထားကြ၏။ လိင်ဆိုင်ရာအကြမ်းဖက်မှုသည် သတင်းများ၌ အမြဲပါလာလေ့ရှိ၏။ ညစ်ညမ်းသောစာပေများသည် ဒေါ်လာဘီလီယံချီရရှိသောလုပ်ငန်းတစ်ခုဖြစ်၏။—ရောမ ၁:၂၆၊ ၂၇။
အဆိုးညစ်ဆုံးသော ဖောက်လှဲဖောက်ပြန်မှုသည် အပြစ်မဲ့ကလေးငယ်များအား လိင်ဆိုင်ရာမတော်မတရားပြုကျင့်မှုပင် ဖြစ်သည်။ စာတန့်လောက၏ ဉာဏ်ပညာနည်းတူ ကလေးငယ်များအား လိင်ဆိုင်ရာမတော်မတရားပြုကျင့်မှုသည် “ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။” (ယာကုပ် ၃:၁၅) အမေရိကန်နိုင်ငံတစ်နိုင်ငံတည်း၌ “နှစ်စဉ်ပင် မှန်မမှန်စစ်ဆေး၍ရနိုင်သော လိင်ဆိုင်ရာဗလက္ကာရပြုခြင်းနှင့်ပတ်သက်သည့် တိုင်တန်းချက် ၄၀၀,၀၀၀ ကျော်တို့ကို ကျောင်းဆရာနှင့်ဆရာဝန်များတို့က အာဏာပိုင်တို့ထံဝယ် အမှုဖွင့်ထားကြသည်” ဟု တိုင်မ်း မဂ္ဂဇင်းက ပြောသည်။ မတော်မတရားပြုကျင့်ခံရသောသူများ ကြီးပြင်းလာသောအခါ အများစုတို့သည် အလွန်စိတ်ဒုက္ခရောက်ဖွယ်နာကြည်းရာများကို ဆက်ခံစားနေရဆဲဖြစ်ပြီး၊ ယင်းတို့သည် တကယ့်ကိုပင်စိတ်နာကြည်းဖွယ်ရာများဖြစ်ကြသည်! သမ္မာကျမ်းစာက ဤသို့ဆိုသည်– “လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား အဘယ်သူသည်းခံနိုင်သနည်း။”—သု. ၁၈:၁၄။
ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းသည် “နှလုံးကြေကွဲသောသူ” နှင့် “ညှိုးငယ်သောစိတ်” ရှိသူများအပါအဝင် လူများအားလုံးတို့ကို ဆွဲဆောင်သည်။ (ဟေရှာယ ၆၁:၁-၄) စိတ်ဒုက္ခခံစားနေရသောသူများစွာတို့သည် ဤဖိတ်ခေါ်ချက်ကိုတုံ့ပြန်ခဲ့ကြခြင်းသည် အံ့ဩစရာမဟုတ်ပါ– “ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ဗျာဒိတ် ၂၂:၁၇) ဤသူများအတွက် ခရစ်ယာန်အသင်းတော်သည် နှစ်သိမ့်မှုပေးသောနေရာတစ်နေရာ ဖြစ်နိုင်၏။ မကြာမီ ဒုက္ခဆင်းရဲသည် လွန်လေပြီးသောအရာတစ်ခုသာဖြစ်တော့မည်အကြောင်း သိရှိရ၍ သူတို့ဝမ်းသာကြသည်။ (ဟေရှာယ ၆၅:၁၇) သို့သော် ထိုအချိန်အထိ သူတို့သည် ‘နှစ်သိမ့်မှု’ ပေးဖို့နှင့် ဒဏ်ရာများကို ‘ကျပ်စည်း’ ပေးဖို့ လိုအပ်ပေမည်။ သင့်လျော်စွာပင် ခရစ်ယာန်များအား ပေါလုဤသို့ ဩဝါဒပေးခဲ့သည်– “စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိစေကြလော့။”—၁ သက်သာလောနိတ် ၅:၁၄။
“တိမ်မြုပ် အမှတ်သညာများ”
မကြာသေးမီနှစ်များအတွင်းက အခြားသူများနားလည်ရခက်ခဲသော အကြောင်းရင်းများအတွက် “နှလုံးကြေကွဲသောသူ” အချို့ရှိကြ၏။ သူတို့သည် “တိမ်မြုပ် အမှတ်သညာများ” အဖြစ်ဖော်ပြခံရသော အရာအပေါ်အခြေပြု၍ ငယ်စဉ်က လိင်ဆိုင်ရာမတော်မတရားမှုပြုကျင့်ခံခဲ့ရသည်ဟု ပြောကြသောလူကြီးများဖြစ်ကြသည်။a အချို့သောသူတို့သည် အတိတ်ကတွေ့ကြုံခဲ့ရသော ကွင်းကွင်းကွက်ကွက် အရာထင်မှုများနှင့် သူတို့ငယ်စဉ်က လူကြီးတစ်ဦး (သို့မဟုတ် လူကြီးများ) ၏မတော်မတရားပြုကျင့်မှုခံရသော “အမှတ်သညာများ” ကို ရုတ်တရက်ခံစားရသည့်အချိန်အထိ ဗလက္ကာရပြုကျင့်ခံရသည်ဟူသည့်အတွေးမျိုး မရှိကြချေ။ ခရစ်ယာန်အသင်းတော်တွင်းရှိ တစ်ဦးတစ်ယောက်တွင် ဤကဲ့သို့သောအနှောင့်အယှက်ပေးသည့်အတွေးမျိုး ရှိသလော။ တိုင်းနိုင်ငံအနည်းငယ်တွင် ရှိ၏။ ဤဆက်ကပ်အပ်နှံထားသောသူတို့သည် အလွန်ဝမ်းနည်းကြေကွဲမှု၊ ဒေါသထွက်မှု၊ အပြစ်ရှိသည်ဟုခံစားရမှု၊ ရှက်ရွံ့မှု သို့မဟုတ် အထီးကျန်မှုတို့ကို ကြုံတွေ့ရနိုင်သည်။ ဒါဝိဒ်နည်းတူ ဘုရားသခင့်ထံမှ သီးခြားဖြစ်နေသည်ဟု သူတို့ခံစားရပြီး ဤသို့ဟစ်ကြွေးမိပေမည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်ကြောင့်ဝေးဝေးရပ်၍နေတော်မူသနည်း။ ဘေးအန္တရာယ်ရောက်သည်ကာလ အဘယ်ကြောင့်ပုန်းကွယ်၍ နေတော်မူသနည်း။”—ဆာလံ ၁၀:၁။
များစွာသော ဤ “အမှတ်သညာများ” ၏အသွင်အပြင်တို့ကို စိတ်ရောဂါဆိုင်ရာပါမောက္ခများ ကောင်းစွာနားမလည်ကြပါ။ သို့တိုင် ထိုကဲ့သို့သော “အမှတ်သညာများ” က ဆက်ကပ်အပ်နှံထားသောခရစ်ယာန်များ၏ ဝိညာဏစိတ်ဓာတ်ကိုထိခိုက်စေနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယင်းတို့ကိုကိုင်တွယ်ရာတွင် လမ်းညွှန်မှုအတွက် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို စိတ်ချယုံကြည်စွာဖြင့်ကြည့်ရှုကြသည်။ သမ္မာကျမ်းစာသည် “အရာရာတို့၌ ဉာဏ်” ကိုပေးသည်။ (၂ တိမောသေ ၂:၇; ၃:၁၆) ယင်းက “ငါတို့ခံသမျှသောဒုက္ခ၌ နှစ်သိမ့်စေတော်မူသည့်အလျောက် ကရုဏာသက်တော်မူသောအဘ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးပေးတော်မူသောဘုရား” ယေဟောဝါ၌ စိုးရိမ်ကြောင့်ကြမှုအားလုံးတို့ကို ယုံကြည်စိတ်ချစွာဖြင့်ပုံအပ်ရန်လည်း ကူညီပေးသည်။—၂ ကောရိန္သု ၁:၃၊ ၄၊ သမ။
၎င်း တကယ်ပင်ဖြစ်ခဲ့သလော
ကမ္ဘာပေါ်တွင် ဤ “အမှတ်သညာများ” သည် အဘယ်အရာများဖြစ်ကြောင်းနှင့် တကယ်ဖြစ်ခဲ့သောအရာများကို အဘယ်အတိုင်းအတာအထိ ယင်းကဖော်ပြကြောင်း အလွန်အငြင်းပွားမှုဖြစ်နေ၏။ ယေဟောဝါသက်သေများသည် “ဤလောကနှင့်မဆက်ဆံ” သောကြောင့် ဤအငြင်းပွားမှုတွင် မပါဝင်ကြပါ။ (ယောဟန် ၁၇:၁၆) ထုတ်ဝေထားသည့် သတင်းများအရ “အမှတ်သညာများ” သည် တစ်ခါတစ်ရံ တိကျမှန်ကန်ကြောင်း တွေ့ရှိရသည်။ ဥပမာ၊ အာမခံလျော်ကြေးငွေစာရင်းရှင်းလင်းပေးသူ ဖရန့်ခ် ဖစ်ပထရစ်က ဓမ္မဆရာတစ်ဦး၏ ဗလက္ကာရပြုကျင့်ခြင်းကိုခံရသည်ဟု “ပြန်အမှတ်ရ” ပြီးနောက် တစ်ရာနီးပါးခန့်ရှိသောအခြားသူတို့ကလည်း ထိုဓမ္မဆရာ၏မတော်မတရားပြုကျင့်ခြင်းခံရသည်ဟု ပြောကြသည်။ ဓမ္မဆရာသည် မတော်မတရားပြုခြင်းကိုဝန်ခံခဲ့ကြောင်း သတင်းကဖော်ပြခဲ့သည်။
သို့သော် မှတ်သားစရာမှာ အတော်များသောသူတို့သည် မိမိတို့၏ “အမှတ်သညာများ” ကို ခိုင်လုံစွာမတင်ပြနိုင်ကြခြင်းပင်ဖြစ်သည်။ ဤနည်းဖြင့်ဝေဒနာခံစားရသောသူ အချို့တို့သည် တစ်ဦးတစ်ယောက် မတော်မတရားကျူးလွန်ခြင်း သို့မဟုတ် တိကျသောနေရာတစ်နေရာ၌ မတော်မတရားကျူးလွန်ခံရခြင်းကို ကွက်ကွက်ကွင်းကွင်းပြန်သတိရကြ၏။ သို့သော် နောက်ပိုင်းတွင် ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သော ဆင်ခြင်တုံတရားနှင့်ကိုက်ညီသည့် သက်သေများက အသေးစိတ် “ပြန်အမှတ်ရခြင်း” သည် မမှန်နိုင်ကြောင်း ဖော်ပြသည်။
ကွန်းခိုရာတစ်ခု ပြင်ဆင်ပေးခြင်း
သို့ရာတွင် ဤကဲ့သို့သော “အမှတ်သညာများ” ကြောင့် “ညှိုးငယ်သောစိတ်” ခံစားနေရသူများကို မည်သို့နှစ်သိမ့်ပေးနိုင်မည်နည်း။ အိမ်နီးချင်းကောင်းရှမာရိလူနှင့်ပတ်သက်သော ယေရှု၏ပုံဥပမာကို အမှတ်ရပါ။ လူတစ်ဦး ဓားပြများ၏တိုက်ခိုက်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ပစ္စည်းများလုယူသွားခြင်းကို ခံရ၏။ ရှမာရိလူရောက်လာသောအခါ ဒဏ်ရာရနေသောလူကို သူသနားမိသည်။ သူဘာလုပ်ပေးသနည်း။ ရိုက်နှက်ခံရခြင်းအကြောင်းအသေးစိတ်ကို နားထောင်ဖို့ရန် တောင်းဆိုသလော။ သို့မဟုတ် ရှမာရိလူသည် ဓားပြများ၏ပုံပန်းသဏ္ဌာန်ကိုမေးပြီး သူတို့နောက်သို့လိုက်သလော။ မလိုက်ပါ။ ထိုလူမှာ ဝေဒနာခံစားနေရ၏! ထို့ကြောင့် ရှမာရိလူသည် ဒဏ်ရာများကို ကြင်နာစွာဆေးထည့်ပေးပြီး သူ့အတွက်ပြန်နာလန်ထူလာနိုင်မည့် အနီးအနားရှိ လုံခြုံသောတည်းခိုဆောင်သို့ မေတ္တာပါစွာဖြင့် သူ့ကိုသယ်ပို့ခဲ့သည်။—လုကာ ၁၀:၃၀-၃၇။
မှန်ပါသည်၊ ကိုယ်ကာယတွင်ရရှိသောဒဏ်ရာများနှင့် ကလေးဘဝက တကယ်ဖြစ်ခဲ့သော လိင်ဆိုင်ရာမတော်မတရားပြုကျင့်ခံရမှုကြောင့်ဖြစ်သည့် “ညှိုးငယ်သောစိတ်” တို့အကြား ကွာခြားမှုရှိပါသည်။ သို့သော် နှစ်မျိုးစလုံး ကြီးစွာသောဒုက္ခဝေဒနာခံစားရသည်သာဖြစ်၏။ ထို့ကြောင့် ဒဏ်ရာရထားသောဂျူးကို ရှမာရိလူလုပ်ပေးသည့်အရာက ထိခိုက်ဒုက္ခရောက်နေသောခရစ်ယာန်ချင်းတစ်ဦးကို ကူညီရန် ကျွန်ုပ်တို့ဘာလုပ်နိုင်ကြောင်း ဖော်ပြသည်။ ဦးဆုံးအရေးကြီးသည့်အရာမှာ မေတ္တာပါပါနှစ်သိမ့်မှုပေးခြင်းနှင့် ပြန်နာလန်ထူလာရန် ကူညီပေးခြင်းတို့ဖြစ်သည်။
စိတ္တ သို့မဟုတ် ကိုယ်ကာယနာကျင်မှုတစ်ခုခုသည် သစ္စာရှိယောဘ၏သမာဓိကို ချိုးဖျက်နိုင်လိမ့်မည်ဟု ထင်မှတ်လျက် သူ့ကို မာရ်နတ်ဝေဒနာခံစားစေခဲ့သည်။ (ယောဘ ၁:၁၁; ၂:၅) ထိုအချိန်ကတည်းက စာတန်သည် ဒုက္ခဝေဒနာပေးခြင်းကို အသုံးပြု၍—တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ—ဘုရားသခင့်ကျေးကျွန်များ၏ယုံကြည်ခြင်းကို အားနည်းသွားစေရန် အမြဲကြိုးစားလေ့ရှိသည်။ (၂ ကောရိန္သု ၁၂:၇-၉ နှိုင်းယှဉ်။) ယခု မာရ်နတ်သည် ကလေးငယ်အားမတော်မတရားပြုကျင့်မှုနှင့် ယင်းကိုတွေ့ကြုံခံစားခဲ့ရသော (သို့မဟုတ် ယင်းကိုတွေ့ကြုံခံစားရသည်ဟူသည့် “အမှတ်သညာများ” ၏နှောင့်ယှက်မှုကိုခံနေရသော) များစွာသောလူကြီးတို့၏ “ညှိုးငယ်သောစိတ်” ကိုအသုံးပြု၍ ခရစ်ယာန်များ၏ယုံကြည်ခြင်းကို အားနည်းသွားစေရန် ကြိုးစားနေခြင်းအပေါ် ကျွန်ုပ်တို့သံသယဖြစ်မည်လော။ စာတန်၏တိုက်ခိုက်ခြင်းကိုခံနေရချိန်၌ နာကျင်မှုဝေဒနာခံနေရသော်လည်း မိမိ၏သမာဓိကို စွန့်လွှတ်ရန် ကြံ့ကြံ့ခံ၍ငြင်းဆိုသော ခရစ်ယာန်တစ်ဦးသည် ယေရှုနည်းတူ ဤသို့ပြောဆိုနေပေသည်– “အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့!”—မဿဲ ၄:၁၀။
ဆက်လက်၍ ဝိညာဉ်ရေးသန်မာနေပါ
“သစ္စာနှင့်သတိပညာရှိသောကျွန်” သည် ကလေးငယ်အား မတော်မတရားပြုခြင်းကဖြစ်စေသော ဝိညာဏနှင့် စိတ္တထိခိုက်မှုကို ကူညီကိုင်တွယ်ဖို့ရန် အကြောင်းအရာများကို ထုတ်ဝေခဲ့ပြီ။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ဒုက္ခဝေဒနာခံစားရသူများသည် “ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံ” ကို ဝတ်ဆင်၍ ‘သခင်ဘုရား၏တန်ခိုးတော်နှင့် ကိုယ်တော်၏အစွမ်းသတ္တိတော်’ အပေါ် မှီခိုနိုင်မည်ဆိုလျှင် အကူအညီရမည်ဖြစ်ကြောင်း အတွေ့အကြုံများကပြသ၏။ (ဧဖက် ၆:၁၀-၁၇) ဤလက်နက်စုံတွင် ကျမ်းစာ “သမ္မာတရား” ပါဝင်ပြီး ယင်းက စာတန်ကို နောက်ဆုံးသောရန်သူအဖြစ် ဖော်ထုတ်ကာ သူနှင့် သူ့နောက်လိုက်များ လှုပ်ရှားနေကြသော အမှောင်ထုကို ပျောက်လွင့်စေသည်။ (ယောဟန် ၃:၁၉) ထို့နောက်တွင် “ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာ” ဖြစ်သည်။ ဝေဒနာခံစားနေရသောသူသည် ဖြောင့်မတ်သောစံချိန်ကို ကိုင်စွဲထားရန် ကြိုးစားသင့်သည်။ ဥပမာ၊ အချို့သူတို့သည် ကိုယ့်ကိုယ်ကိုအန္တရာယ်ပြုရန် သို့မဟုတ် စာရိတ္တပျက်ပြားရန် အလွန်ပြင်းထန်သော လှုံ့ဆော်မှုကိုခံရကြသည်။ ဤလှုံ့ဆော်မှုကို ခုခံတွန်းလှန်သည့်အခါတိုင်း သူတို့အောင်ပွဲခံကြရသည်!
ဝိညာဏစစ်လက်နက်စုံတွင် “ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရား” လည်း ပါဝင်သည်။ ယေဟောဝါ၏ရည်ရွယ်ချက်များအကြောင်း အခြားသူများကိုပြောပြခြင်းသည် ပြောဆိုသူကော လက်ခံနားထောင်သူ မည်သူ့ကိုမဆို ခွန်အားတိုးစေသည်။ (၁ တိမောသေ ၄:၁၆) သင်သည် သတင်းကောင်းအကြောင်းကိုပြောဆိုရန် အခက်တွေ့နေသည့် “ညှိုးငယ်သောစိတ်” ရှိသူတစ်ဦး ဖြစ်နေမည်ဆိုလျှင် ဤအရေးကြီးလုပ်ငန်းကိုလုပ်ဆောင်သော အခြားခရစ်ယာန်တစ်ဦးနှင့်ပေါင်းသင်းရန် ကြိုးစားပါ။ “ယုံကြည်ခြင်းတည်းဟူသောလွှား” ကိုလည်း မမေ့ပါနှင့်။ ယေဟောဝါသည် သင့်ကိုချစ်ကြောင်းနှင့် သင်ဆုံးရှုံးသွားသောအရာအားလုံးကို ပြန်ပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချပါ။ ယေရှုသည်လည်း သင့်ကိုချစ်ကြောင်း သင့်အတွက်အသေခံပေးခြင်းအားဖြင့် သက်သေထူခဲ့သည်ကို သံသယမရှိဘဲ ယုံကြည်ပါ။ (ယောဟန် ၃:၁၆) ယေဟောဝါသည် မိမိ၏ကျေးကျွန်တို့အားဂရုမစိုက်ဟု လိမ်လည်၍ စာတန်အမြဲပြောတတ်သည်။ ယင်းသည် သူ၏ ကြီးမား၍ ဆိုးညစ်လှသောမုသား နောက်တစ်ခုသာဖြစ်၏။—ယောဟန် ၈:၄၄; ယောဘ ၄:၁၊ ၁၅-၁၈; ၄၂:၁၀-၁၅ နှိုင်းယှဉ်။
နှလုံး၏နာကျင်မှုက ယေဟောဝါသည် သင့်ကိုအရေးစိုက်ကြောင်း ယုံရခက်နေစေမည်ဆိုလျှင် ကိုယ်တော်တကယ်ပင်အရေးစိုက်တော်မူကြောင်း ခိုင်မြဲစွာယုံကြည်ကြသည့်အခြားသူများနှင့် ပေါင်းသင်းခြင်းက အကူအညီဖြစ်စေပါလိမ့်မည်။ (ဆာလံ ၁၁၉:၁၀၇၊ ၁၁၁; သု ၁၈:၁; ဟေဗြဲ ၁၀:၂၃-၂၅) အသက်ဆုကျေးဇူးကို သင်လက်လွတ်ဆုံးရှုံးသွားရန် စာတန်ကို ခွင့်မပြုပါနှင့်။ “ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံး” သည် လက်နက်စုံ၏အစိတ်အပိုင်းအဝင်တစ်ခုဖြစ်ကြောင်း မမေ့ပါနှင့်; “ဝိညာဉ်တော်၏ဓား” သည်လည်း တစ်ခုအဝင်ဖြစ်သည်။ (၂ တိမောသေ ၃:၁၆; ဟေဗြဲ ၄:၁၂) ယင်း၏ အနာရောဂါကိုပျောက်ကင်းစေနိုင်သော စကားသည် နာကျင်ခြင်းဝေဒနာကို သက်သာစေနိုင်၏။—ဆာလံ ၁၀၇:၂၀; ၂ ကောရိန္သု ၁၀:၄၊ ၅ နှိုင်းယှဉ်။
နောက်ဆုံးအနေနှင့် ခံနိုင်ရည်ရှိရန်ခွန်အားအတွက် အဆက်မပြတ်ဆုတောင်းပါ။ (ရောမ ၁၂:၁၂; ဧဖက် ၆:၁၈) လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်းသည် ပြင်းထန်သောစိတ်ပိုင်းဆိုင်ရာဝေဒနာမှ ယေရှုအားထောက်မခဲ့သကဲ့သို့ သင့်ကိုလည်းကူညီပေးနိုင်ပါသည်။ (လုကာ ၂၂:၄၁-၄၃) သင်သည် ဆုတောင်းရန် အခက်ကြုံနေသလော။ အခြားသူများအား သင်နှင့်အတူဆုတောင်းရန်၊ သင့်အတွက်ဆုတောင်းပေးရန် တောင်းဆိုပါ။ (ကောလောသဲ ၁:၃; ယာကုပ် ၅:၁၄) သန့်ရှင်းသောဝိညာဉ်တော်က သင့်ဆုတောင်းချက်ကို ထောက်မပေးလိမ့်မည်။ (ရောမ ၈:၂၆၊ ၂၇ နှိုင်းယှဉ်။) နာကျင်သောကိုယ်ကာယဖျားနာမှု၊ အချို့တို့၌ ပြင်းထန်သောစိတ်နာကြည်းမှုတို့သည် ဤအစီအစဉ်စနစ်ကြီး၌ လုံးလုံးပျောက်သွားအောင် ကုသခံရမည်မဟုတ်ပါ။ သို့သော် ယေဟောဝါ၏အကူအညီအားဖြင့် ကျွန်ုပ်တို့ခံနိုင်ရည်ရှိနိုင်ပါသည်။ ယေရှု၏အဖြစ်အပျက်မှာကဲ့သို့ ခံနိုင်ရည်ရှိခြင်းသည် အောင်ပွဲပင်ဖြစ်သည်။ (ယောဟန် ၁၆:၃၃) “အို လူများတို့၊ ဘုရားသခင်၌ အစဉ်မပြတ်ခိုလှုံကြလော့။ ရှေ့တော်၌ စိတ်နှလုံးကို ဖွင့်ပြကြလော့။ ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်တော်မူ၏။”—ဆာလံ ၆၂:၈။
စွပ်စွဲခံရသော မတော်မတရားပြုကျင့်သူကော အသို့နည်း
ကလေးငယ်တစ်ဦးကို လိင်ဆိုင်ရာမတော်မတရားပြုကျင့်သူသည် မုဒိမ်းကောင်ဖြစ်ပြီး၊ ထိုသို့ပင် ရှုမြင်သင့်သည်။ ဤနည်းဖြင့် သားကောင်ဖြစ်ခဲ့ရသူ မည်သူမဆို သူ့အားမတော်မတရားပြုကျင့်သူကို စွဲချက်တင်ပိုင်ခွင့်ရှိသည်။ သို့တိုင် ယင်းသည် မတော်မတရားပြုကျင့်ခံရခြင်းနှင့်ပတ်သက်သော “တိမ်မြုပ် အမှတ်သညာများ” အပေါ်သာ အခြေခံပါက အလျင်စလို စွဲချက်မတင်သင့်ပါ။ ဤကိစ္စမျိုးတွင် အရေးအကြီးဆုံးမှာ ဝေဒနာခံစားနေရသူကို အတော်အတန်စိတ်သက်သာမှု ပြန်ရလာစေခြင်းဖြစ်သည်။ အချိန်အတန်ကြာကုန်လွန်သွားပြီးနောက်သာ သူသည် “အမှတ်သညာများ” ကိုအကဲဖြတ်ရန် ကောင်းသောအခြေအနေတွင်ရှိမည်ဖြစ်ပြီး တစ်ခုခုဖြစ်ပျက်ခဲ့ပါက ထိုသူတို့ကို သူဘာလုပ်လိုကြောင်း ဆုံးဖြတ်နိုင်ပေမည်။
ဒေါန်နာ၏အဖြစ်အပျက်ကို စဉ်းစားကြည့်ပါ။ သတင်းအရ သူမ၌ အစာမမှန်ခြင်းကြောင့်ဖြစ်သည့် ရောဂါဖြစ်နေရာ အကြံပေးပုဂ္ဂိုလ်—စိတ်မဝေခွဲနိုင်သူတစ်ဦးဖြစ်ဟန်ရှိသူ—ထံသွား၏။ မကြာမီပင် သူမသည် ဖခင်ဖြစ်သူအား သွေးသားနီးစပ်သူချင်းမတော်မတရားပြုမူသည်ဟု စွပ်စွဲသဖြင့် သူ့ကိုရုံးတင်ခဲ့ရသည်။ ဂျူရီအဖွဲ့သည် လိပ်ခဲတည်းလည်းဖြစ်နေရာ ဖခင်ဖြစ်သူ ထောင်မကျခဲ့သော်လည်း တရားရုံးစရိတ် ဒေါ်လာ ၁၀၀,၀၀၀ ပေးချေခဲ့ရသည်။ ထိုအရာများအားလုံးဖြစ်ပြီးနောက် ဒေါန်နာက သူမ၏မိဘများကို မတော်မတရားမှုဖြစ်ခဲ့သည်ဟု သူမ မယုံတော့ကြောင်းပြောခဲ့သည်!
ဉာဏ်ပညာရှိစွာပင် ရှောလမုန် ဤသို့ဆိုခဲ့သည်– “အလျင်အမြန် ရန်မတွေ့နှင့်။” (သု. ၂၅:၈) “စွပ်စွဲခံရသော” ကျူးလွန်သူသည် ယခုတိုင် ကလေးများအား မတော်မတရားပြုကျင့်နေသည်ဟု သံသယဖြစ်ရန် ကျိုးကြောင်းခိုင်လုံပါက သတိပေးမှုလိုအပ်ပေမည်။ အသင်းတော်အကြီးအကဲများသည် ထိုကဲ့သို့သောကိစ္စတွင် အကူအညီပေးနိုင်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အချိန်ယူပါ။ နောက်ဆုံးတွင် ကိစ္စကို ကျေကျေနပ်နပ်ပင် သင်စွန့်လွှတ်လိုက်ပေမည်။ သို့သော်ငြားလည်း (တုံ့ပြန်လာနိုင်သည့်အရာနှင့်ပတ်သက်၍ သင်မည်သို့ခံစားရမည်ကို ဦးဆုံးအကဲဖြတ်ပြီး) “စွပ်စွဲခံရသော” ကျူးလွန်သူနှင့် ရင်ဆိုင်လိုလျှင် ရင်ဆိုင်ခွင့်ရှိသည်။
“အမှတ်သညာများ” ကို တွေ့ကြုံခံစားနေရသူအား ကုစားပေးနေချိန်၌ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်အခြေအနေများပေါ်လာပေမည်။ ဥပမာ၊ သူ သို့မဟုတ် သူမ နေ့စဉ်မြင်နေရသောလူတစ်ဦးက ဗလက္ကာရပြုခဲ့သည်ဟု စိတ်တွင်းပုံရိပ်တွင် ကွက်ကွက်ကွင်းကွင်းမြင်နေပေမည်။ ယင်းကိုကိုင်တွယ်ရန် အဘယ်စည်းမျဉ်းမျှ မချမှတ်နိုင်ပါ။ “လူအသီးအသီးတို့သည် မိမိတို့ဝန်ကို ဆောင်ရွက်ရကြမည်။” (ဂလာတိ ၆:၅) တစ်ခါတစ်ရံ၌ ဆွေမျိုးတစ်ဦး သို့မဟုတ် သွေးရင်းသားရင်း မိသားစုဝင်တစ်ဦးပါဝင်သည်ဟု ခံစားရပေမည်။ ကျူးလွန်သူဟုသံသယရှိသည့်သူကို ဖော်ထုတ်တော့မည်ဆိုလျှင် အချို့သော “တိမ်မြုပ် အမှတ်သညာများ” ၏ စိတ်မချရသောသဘောတရားကို သတိရပါ။ ထိုအခြေအနေမျိုးတွင် ကိစ္စကို အခိုင်အမာ သက်သေမထူရသေးမချင်း မိသားစုနှင့်ဆက်၍ပင်ဆက်သွယ်နေခြင်း—အနည်းဆုံး မကြာခဏလည်ပတ်ခြင်း၊ စာရေးခြင်း၊ ဖုန်းဆက်ခြင်းအားဖြင့်—သည် ကျမ်းစာလမ်းစဉ်ကို သင်ကြိုးစားလိုက်လျှောက်နေကြောင်း ဖော်ပြပေမည်။—ဧဖက် ၆:၁-၃ နှိုင်းယှဉ်။
အကြီးအကဲများ ဘာလုပ်ပေးနိုင်သနည်း
ကလေးငယ်အား မတော်မတရားပြုခြင်းနှင့်ဆိုင်သည့် “တိမ်မြုပ် အမှတ်သညာများ” သို့မဟုတ် အတိတ်၏ပုံရိပ်များ အတားအဆီးမရှိဝင်လာခြင်းကို တွေ့ကြုံနေရသော အသင်းတော်သားတစ်ဦးတစ်ယောက် အကြီးအကဲများထံချဉ်းကပ်လာပါက သူတို့ထဲမှနှစ်ဦးသည် အကူအညီပေးရန် တာဝန်ပေးခံရလေ့ရှိသည်။ ဤအကြီးအကဲများသည် ဝေဒနာခံစားနေရသူအား လောလောဆယ်အချိန်၌ စိတ်သောကရောက်မှုကိုဖြေရှင်းခြင်းအပေါ် အာရုံစိုက်ရန် ကြင်နာစွာအားပေးသင့်သည်။ “ပြန်အမှတ်ရ” သော မတော်မတရားပြုကျင့်သူ မည်သူမဆို၏ အမည်များကို အတွင်းစကားအနေဖြင့် ထားသင့်၏။
အကြီးအကဲများ၏အဓိကတာဝန်သည် သိုးထိန်းအဖြစ်ပြုမူရန်ဖြစ်သည်။ (ဟေရှာယ ၃၂:၁၊ ၂; ၁ ပေတရု ၅:၂၊ ၃) သူတို့သည် အထူးသတိပြု၍ “မေတ္တာကရုဏာနှင့်ဆိုင်သော သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်” သင့်ကြသည်။ (ကောလောသဲ ၃:၁၂၊ ကဘ) ကြင်နာစွာဖြင့်နားထောင်ကာ ဝေဒနာကိုပျောက်ကင်းစေသည့် ကျမ်းစကားများကို အသုံးပြုသင့်သည်။ (သု. ၁၂:၁၈) နာကြည်းဖွယ် “အမှတ်သညာများ” ကြောင့် ဝေဒနာခံစားနေရသူအချို့တို့သည် မှန်မှန်လည်ပတ်မှုပြုခြင်း သို့မဟုတ် သူတို့မည်သို့ရှိကြောင်းသိရန် ဖုန်းဆက်၍ပင်မေးမြန်းခြင်းပြုကြသော အကြီးအကဲများကို ကျေးဇူးတင်ကြောင်းဖော်ပြကြသည်။ ဤကဲ့သို့သော ဆက်သွယ်မှုမျိုးအတွက် အချိန်များစွာပေးစရာမလိုသော်လည်း ယင်းသည် ယေဟောဝါအဖွဲ့အစည်း၏ဂရုစိုက်မှုကို ဖော်ပြ၏။ ဝေဒနာခံစားရသူသည် ခရစ်ယာန်ညီအစ်ကိုများ သူ့အပေါ် အမှန်ပင်မေတ္တာထားရှိကြောင်း သိလာသောအခါ စိတ်ပိုင်းဆိုင်ရာပုံမှန်ဖြစ်မှု အတော်အသင့် ပြန်ရှိလာရန် အကူအညီဖြစ်ပေလိမ့်မည်။
အကယ်၍ ဒုက္ခဝေဒနာခံစားရသူသည် စွပ်စွဲချက်တင်လိုသည်ဟု စိတ်ပိုင်းဖြတ်ပါက မည်သို့ ပြုမည်နည်း။bထိုသို့ဖြစ်ပါက အကြီးအကဲဖြစ်သူနှစ်ဦးသည် မဿဲ ၁၈:၁၅ ပါ စည်းမျဉ်းမူနှင့်သဘောညီစွာ ကိစ္စနှင့်ပတ်သက်၍ စွပ်စွဲခံရသူထံ ကိုယ်တိုင်ချဉ်းကပ်သင့်ကြောင်း သူ့အားအကြံပေးနိုင်သည်။ စွပ်စွဲသူသည် မျက်နှာချင်းဆိုင် ဆွေးနွေးရန် စိတ်မခိုင်ပါက ဖုန်းဆက်ခြင်း သို့မဟုတ် စာတစ်စောင်ဖြစ်ဖြစ်ရေးခြင်းဖြင့် ယင်းကို ပြုလုပ်နိုင်သည်။ ဤသို့အားဖြင့် စွပ်စွဲခံရသူသည် စွပ်စွဲချက်အတွက် သူ၏အဖြေနှင့်အတူ ယေဟောဝါ၏ရှေ့တော်မှောက်၌ ဆက်၍မှန်ရာစကားကိုဆိုနိုင်သောအခွင့်အရေး ရရှိပေမည်။ မတော်မတရားမှုကို သူကျူးလွန်ခြင်းသည် မဖြစ်နိုင်ကြောင်း သက်သေအထောက်အထားပင် ပြကောင်းပြနိုင်ပေမည်။ သို့မဟုတ် စွပ်စွဲခံရသူသည် ဝန်ခံကောင်းဝန်ခံမည်ဖြစ်ပြီး ပြန်လည်သင့်မြတ်မှုကို ရရှိပေမည်။ မည်မျှကောင်းချီးတစ်ရပ်ဖြစ်ပါမည်တကား! ဝန်ခံမှုရှိပါက အကြီးအကဲနှစ်ဦးသည် ကျမ်းစာစည်းမျဉ်းမူများနှင့်အညီ ကိစ္စကို ထပ်ဆင့်ကိုင်တွယ်နိုင်ပေသည်။
စွပ်စွဲချက်ကိုငြင်းဆိုခဲ့ပါက အကြီးအကဲများသည် တရားရေးအရ ဘာမျှဆက်လုပ်နိုင်တော့မည်မဟုတ်ကြောင်း စွပ်စွဲသူအား ရှင်းပြသင့်၏။ ထိုနောက် စွပ်စွဲခံရသူကို အသင်းတော်က အပြစ်မရှိသောပုဂ္ဂိုလ်တစ်ဦးအဖြစ် ဆက်လက်ရှုမြင်သွားပါလိမ့်မည်။ ကျမ်းစာက တရားရေးအရအရေးယူနိုင်ရန် သက်သေနှစ်ဦးသုံးဦးရှိရမည်ဟု ဆိုထား၏။ (၂ ကောရိန္သု ၁၃:၁; ၁ တိမောသေ ၅:၁၉) အကယ်၍ ထိုထပ်တူပုဂ္ဂိုလ်တစ်ဦးတည်းက မတော်မတရားပြုကျင့်သည်ကို “ပြန်အမှတ်ရ” သူ တစ်ဦးထက်မကရှိသည့်တိုင် ဤပြန်လည်အမှတ်ရရာများ၏ သဘောသဘာဝသည် အခြားအထောက်အကူပြုသောသက်သေများမရှိဘဲနှင့် ယင်းတို့အပေါ်အခြေပြု၍ တရားဆုံးဖြတ်ချက်များချမှတ်ရန်မှာမူ အလွန့်အလွန် သေချာရေရာမှုမရှိလှသောအရာဖြစ်သည်။ ယင်းက ဤကဲ့သို့သော “အမှတ်သညာများ” ကို မုသားအဖြစ် ယူမှတ်သည် (သို့မဟုတ် အမှန်တရားအဖြစ် ယူမှတ်သည်) ဟူ၍ မဆိုလိုပါ။ သို့သော် တရားရေးအရ ကိစ္စတစ်ရပ်ကိုသက်သေထူရာတွင် ကျမ်းစာစည်းမျဉ်းမူများကို လိုက်လျှောက်ရမည်။
စွပ်စွဲခံရသူသည်—အမှားပြုခြင်းကို ငြင်းဆိုနေသော်လည်း—တကယ်အပြစ်ရှိသည်ဆိုလျှင် မည်သို့ပြုမည်နည်း။ ဥပစာစကားအရ “ယင်းမှ သူထွက်ပြေးလွတ်မြောက်” သွားသလော။ အမှန်တကယ်ပင် မလွတ်မြောက်ပါ! သူ၏အပြစ်ရှိမှု သို့မဟုတ် အပြစ်မဲ့မှုနှင့်ပတ်သက်သော မေးခွန်းများကို ယေဟောဝါ၏လက်တော်၌ စိတ်ချလက်ချအပ်ထားလိုက်နိုင်သည်။ “အချို့သောသူတို့၏ အပြစ်ဒုစရိုက်များသည် သိသာထင်ရှားလှသဖြင့် အပြစ်ကျူးလွန်သူတို့အလျင် တရားခွင်သို့ပြေးသွားတတ်၏။ အချို့သောသူတို့၏အပြစ်ဒုစရိုက်မှာမူကား နောင်အခါမှ သိသာထင်ရှား၍လာတတ်၏။” (၁ တိမောသေ ၅:၂၄၊ သတင်းကောင်း; ရောမ ၁၂:၁၉; ၁၄:၁၂) နယပုံပြင်ကျမ်းက ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူ၏မျှော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏မျှော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။” “ဆိုးသောသူသည် သေသောအခါ မျှော်လင့်ခြင်းပျက်တတ်၏။” (သု. ၁၀:၂၈; ၁၁:၇) နောက်ဆုံးတွင် ယေဟောဝါဘုရားသခင်နှင့် ခရစ်တော်ယေရှုသည် တရားမျှတစွာဖြင့် ထာဝရတရားစီရင်ချက်ကို ချမှတ်ပါမည်။—၁ ကောရိန္သု ၄:၅။
မာရ်နတ်ကို တိုက်လှန်ခြင်း
ဆက်ကပ်အပ်နှံထားသည့်ပုဂ္ဂိုလ်များသည် ကြီးစွာသော ကိုယ်ကာယနှင့် စိတ္တနာကျင်မှုကို ရင်ဆိုင်ရသည့်ကြားမှ ကြံ့ကြံ့ခံရပ်တည်ကြသောအခါ ဘုရားသခင်အတွက် သူတို့၏အတွင်းခွန်အားနှင့် မေတ္တာကို ထင်ရှားပြမှုကြီးတစ်ခုဖြစ်သည်တကား! သူတို့ကိုထောက်မရန် ယေဟောဝါဝိညာဉ်တော်တန်ခိုး၏ သက်သေခံချက်တစ်ရပ်ပင်ဖြစ်သည်တကား!—၂ ကောရိန္သု ၄:၇ နှိုင်းယှဉ်။
ပေတရု၏ ဤစကားများသည် ထိုကဲ့သို့သောသူများနှင့် သက်ဆိုင်သည်– “ယုံကြည်ခြင်း၌တည်၍ [စာတန်] ကို ဆီးတားကြလော့။” (၁ ပေတရု ၅:၉) ထိုသို့ပြုလုပ်ရန် လွယ်ကူမည်မဟုတ်ပါ။ တစ်ခါတစ်ရံ ယင်းကို ရှင်းလင်းစွာနှင့် ကျိုးကြောင်းဆီလျော်စွာစဉ်းစားကြည့်ရန်ပင် ခက်ခဲပေမည်။ သို့သော် အားယူပါ! မကြာမီ မာရ်နတ်နှင့် သူ၏ကောက်ကျစ်စဉ်းလဲသောလုပ်ရပ်များသည် ဘယ်တော့မျှရှိတော့မည်မဟုတ်။ “ဘုရားသခင်သည် ကိုယ်တော်တိုင် . . . သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြ” တော့မည့်အချိန်၊ ထိုအချိန်ကို အမှန်ပင် ကျွန်ုပ်တို့ငံ့လင့်နေကြသည်။—ဗျာဒိတ် ၂၁:၃၊ ၄။
[အောက်ခြေမှတ်ချက်များ]
a “တိမ်မြုပ် အမှတ်သညာများ” နှင့် အလားတူအသုံးအနှုန်းများကို ကျွန်ုပ်တို့ယောက်တိုင်း၌ရှိသည့် ပို၍အမှတ်ထားတတ်လေ့ရှိသောအမှတ်သညာများမှ ကွဲပြားခြားနားစေရန် မျက်တောင်အဖွင့်အပိတ်များတွင် ထည့်သွင်းဖော်ပြထားသည်။
b ကိစ္စသည် အသင်းတော်အတွင်း အများသိရှိပြီးဖြစ်သွားလျှင် ဤအပိုဒ်၌ဖော်ပြထားသော အဆင့်ကို လိုက်လျှောက်ရန်လည်း လိုအပ်ပေမည်။