အသက်တစ်ရာရှိပြီဖြစ်ကာ သန်စွမ်းနေတုန်းပင်
ရက်ဖ် မစ်ချယ်လ်ပြောပြသည်
အရပ် သာမန်ဖြစ်တဲ့ ကျွန်တော့်အဖေဟာ မက်သဒစ် တရားဟောဆရာတစ်ယောက်ဖြစ်ပါတယ်။ နှစ်နှစ်သုံးနှစ်တိုင်းလိုလိုပါပဲ ချာ့ချ်တစ်ခုကနေတစ်ခု သူဆက်တိုက်ပြောင်းရွှေ့ရတဲ့မြို့တွေဟာ အများအားဖြင့် မြို့ငယ်လေးတွေပဲဖြစ်တယ်။ ၁၈၉၅ ဖေဖော်ဝါရီမှာ ကျွန်တော့်ကိုမွေးဖွားခဲ့တဲ့ အမေရိကန်နိုင်ငံ၊ ကာရိုလီနာမြောက်ပိုင်း၊ အာရှိဗေလီမြို့လေးလည်း အပါအဝင်ပေါ့။ ဒါကြောင့် ခရစ်ယာန်ဘောင်နဲ့အတော်လေးရင်းနှီးမှုရှိစွာ ကျွန်တော်ကြီးပြင်းလာပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်ရဖို့—သူတို့အခေါ်အရ “ဘာသာတရားရဖို့”—ပြန်လည်ဆန်းသစ်ခြင်းစည်းဝေးမှာရှိတဲ့ “ပူဆွေးသူများ၏ခုံတန်း” ဆီကို ကလေးငယ်လေးတစ်ယောက်သာဖြစ်သေးစဉ် လက်တွဲခေါ်သွားခံရတာ မှတ်မိသေးတယ်။ ကျွန်တော့်အပြစ်ကို ဝန်ချဖို့၊ ပညတ်တော်ဆယ်ပါးကို စောင့်ထိန်းဖို့၊ ကောင်းကောင်းနေဖို့ အပြောခံရတယ်။ ဒါမှ သေတဲ့အခါ ကောင်းကင်သွားရမှာဖြစ်တယ်။ ‘ကျွန်တော့်အနေနဲ့ကတော့ ငရဲကိုပဲသွားရလိမ့်မယ်လို့ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကောင်းကင်တက်နိုင်လောက်အောင် ကျွန်တော်မကောင်းနိုင်လို့ပါပဲ။’ အထူးသဖြင့် တရားဟောဆရာတွေဖြစ်တဲ့လူကြီးတွေပဲ ကျမ်းစာစံချိန်နဲ့အညီ အသက်ရှင်တယ်လို့ ကျွန်တော်ထင်ခဲ့တယ်။
ဒါပေမဲ့ ဆယ်ကျော်သက်မရောက်မီလေးမှာပဲ ဘာသာရေးအရေခြုံမှုကို ကျွန်တော်သတိပြုမိလာတယ်။ ဥပမာအနေနဲ့ ကျွန်တော့်အဖေဟာ အထွေထွေညီလာခံမှာ မိသားစုလိုအပ်ရာသုံးဖို့ငွေတွေကို ဂိုဏ်းအုပ်ရန်ပုံငွေလေးအတွက် ငွေအမြောက်အမြားကိုပေးလိုက်တယ်။ အဲဒီလိုပေးမှ ပိုကြီးမားတဲ့ချာ့ချ်တစ်ခုမှာ ခန့်အပ်ခံရလိမ့်မယ်လို့ သူထင်တယ်လေ။ ဝါဂွမ်းစိုက်ပျိုးရေးသမားတစ်ယောက်လည်းဖြစ်တဲ့ ဒေသခံတရားဟောဆရာတစ်ဦးကို ကျွန်တော်မှတ်မိသေးတယ်။ သူဟာ အထင်ကရဖြစ်မယ့်ရာထူးတစ်ခုကို ရလိုစိတ်ပြင်းထန်သူတစ်ဦးဖြစ်တယ်။ ဒါကြောင့် ဝါဂွမ်းအထုပ်ပေါင်းတစ်ရာကိုရောင်းပြီး အိတ်ကပ်မှာငွေအပြည့်နဲ့ ညီလာခံကိုလာတက်တယ်။ တရားဟောဆရာတွေအများစုဖြစ်တဲ့ပရိသတ်ဆီကနေ သူတို့ငွေရနိုင်သမျှရရှိပြီးဟန်ရှိတဲ့အခါ ဒီဝါဂွမ်းစိုက်ပျိုးရေးသမားတရားဟောဆရာက ခုန်ထလာပြီး “ဘုန်းတော်ကြီးကို ခင်ဗျားတို့ပေးတာ ဒါအကုန်ပဲလား။ ဘယ်တရားဟောဆရာမဆို ငါးဒေါ်လာနဲ့လာရင် အဲဒါကို ကျွန်တော်ဆယ်ဒေါ်လာနဲ့ဖုံးအုပ်လိုက်မယ်!” လို့အော်ပြောတယ်။ ဒေါ်လာတစ်ထောင်ကျော်လောက် ကောက်ခံရရှိပြီးနောက် ဘုန်းတော်ကြီးက အဲဒီလူကို အဖေ့ပေါ်ကြီးကြပ်သူအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒီလိုမျိုးခန့်အပ်မှုဟာ ဘုရားသခင်ဆီကလာတယ်ဆိုတာ ကျွန်တော်မယုံနိုင်လောက်အောင်ပဲဖြစ်ခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ဆောင်မှုတွေကို ကျွန်တော်အယုံအကြည်မရှိတော့ဘူး။
ပထမကမ္ဘာစစ်ထဲ အမေရိကန်နိုင်ငံပါဝင်လာတဲ့အခါ ကျွန်တော်စစ်ထဲဝင်ရတယ်။ ကျွန်တော်တို့စစ်သားတွေကို စစ်တပ်နဲ့တွဲဖက်ထားတဲ့ ဓမ္မဆရာတွေက ကိုယ့်နိုင်ငံအတွက်သစ္စာရှိရှိစစ်တိုက်ဖို့ ဟောပြောတာတွေကို နားထောင်ခဲ့ရတာ မှတ်မိသေးတယ်။ အဲဒါက ကျွန်တော့်ရဲ့ဘာသာရေးမနှစ်သက်မှုကို ပိုမြှင့်တင်ပေးပါတယ်။ ကျွန်တော့်ရဲ့ပန်းတိုင်တွေဟာ ဆက်အသက်ရှင်ကျန်ဖို့၊ ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ဖို့၊ ပြီးတော့လက်ထပ်ဖို့ပါပဲ။ အနာဂတ်နဲ့ပတ်သက်တဲ့ ကျွန်တော့်အစီအစဉ်မှာ ဘာသာရေးအတွက်နေရာမရှိဘူး။
သဘောထားပြောင်းလဲမှု
၁၉၂၂ ခုနှစ်မှာ လဝိစ်အမည်ရှိတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်နဲ့ ကျွန်တော်မေတ္တာမျှခဲ့တယ်။ ဖြစ်ချင်တော့ သူမဟာ စိတ်အားထက်သန်တဲ့ကက်သလစ်တစ်ဦးဖြစ်နေတယ်။ ကျွန်တော်တို့လက်ထပ်ဖို့ဆုံးဖြတ်တော့ ကက်သလစ်ထုံးစံအတိုင်း သူကလက်ထပ်လိုတယ်။ ကျွန်တော်က ဘယ်ဘာသာရေးအခမ်းအနားမှ မလုပ်လိုတဲ့အတွက် နယူးယောက်စီတီက မြူနီစီပယ်အဆောက်အအုံတစ်ခုမှ လက်ထပ်ဖို့ သူမ သဘောတူခဲ့တယ်။
ပထမမှာတော့ ကျွန်တော်တို့မှာ ဘာသာရေးပဋိပက္ခ ဘာမှမရှိခဲ့ဘူး။ ဘာသာရေးကို ကျွန်တော်ယုံကြည်စိတ်ချမှုမရှိတဲ့အကြောင်း၊ အဲ့ဒီအကြောင်းမပြောသ၍ကာလပတ်လုံး ပြဿနာမရှိဘဲအတူနေနိုင်မှာဖြစ်တဲ့အကြောင်း သူမကို ကျွန်တော်ရှင်းရှင်းလင်းလင်းပြောပြတယ်။ ဒါနဲ့ ၁၉၂၄ ကနေ ၁၉၃၇ ခုနှစ်အတွင်းမှာ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာလိုက်တာ ယောက်ျားလေးငါးယောက်နဲ့ မိန်းကလေးငါးယောက် ရလာတဲ့အထိပါပဲ! လဝိစ်က ကလေးတွေကို ကက်သလစ်ကျောင်းတက်စေချင်တယ်။ ကျွန်တော်က ကလေးတွေကို ဘယ်ဘာသာရေးလေ့ကျင့်မှုပုံစံကိုမှ မခံယူစေချင်ဘူး။ ဒါကြောင့် ကျွန်တော်တို့နှစ်ယောက်အချင်းများကြပါလေရော။
၁၉၃၉ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ဘာသာရေးအပေါ် ကျွန်တော့်ရဲ့အမြင်သဘောထားကို လုံးလုံးပြောင်းသွားစေမယ့်အရာ ဖြစ်ပျက်ခဲ့တယ်။ ယေဟောဝါသက်သေနှစ်ဦးဖြစ်တဲ့ ဟင်နရီ ဝက်ဘာနဲ့ ဟယ်ရီ ပိုင်ယက်တို့ နယူးဂျာစီပြည်နယ်၊ ရိုစလီမြို့မှာရှိတဲ့ ကျွန်တော့်နေအိမ်ကို ရောက်လာတယ်။ ဆွေးနွေးပြောဆိုဖို့ ကျွန်တော်စိတ်ဝင်စားမှုမရှိတဲ့ ဘာသာရေးအကြောင်းတစ်ခုတည်းကို သူတို့ပြောဆိုချင်နေကြတယ်ဆိုတာ လျင်လျင်မြန်မြန်ပါပဲ ပေါ်လွင်လာပါတယ်။ ကျွန်တော့်ရဲ့ယုံကြည်ခြင်းဟာ ဌာနေမှာရှိတဲ့ ဘာသာရေးသမားတွေက ‘လူ့အသက်ကို မသတ်ရ’ လို ပြောဆိုနေချိန်မှာ စစ်တပ်နဲ့တွဲဖက်ထားတဲ့ ဓမ္မဆရာတွေက စစ်တပ်အတွင်းမှာ ‘သင့်နိုင်ငံအတွက် စစ်တိုက်ပါ’ လို ပြောဆိုနေကြတဲ့အဖြစ်အပျက်ကြောင့် နာကြည်းနေတုန်းပါပဲ။ တကယ့်ကို အရေခြုံမှုကြီးပါပဲ! ဒီသက်သေခံနှစ်ယောက်ကို တည့်မတ်ပေးရမယ်ဆိုပြီး ကျွန်တော်စဉ်းစားမိတယ်။ “ခင်ဗျားတို့ကို ကျွန်တော်ပြောရဦးမယ်။ ခင်ဗျားတို့ရဲ့ဘာသာမှန်တယ်ဆိုရင် တခြားဘာသာအားလုံးမှားရမှာပဲ။ ဒါမှမဟုတ် တခြားတစ်ခုခုကမှန်တယ်ဆိုရင်တောင် ခင်ဗျားတို့ပါအပါအဝင် ကျန်တာတွေအားလုံးမှားရမယ်။ မှန်တဲ့ဘာသာဆိုတာ တစ်ခုတည်းပဲရှိနိုင်တယ် လို့ သူတို့ကိုပြောလိုက်တယ်။ ကျွန်တော် အတော်အံ့အားသင့်သွားရတာက ကျွန်တော်နဲ့ သူတို့သဘောချင်းတိုက်ဆိုင်နေခြင်းပါပဲ!
ပြီးတော့ ကျွန်တော့်ကျမ်းစာကိုယူခိုင်းပြီး ၁ ကောရိန္သု ၁:၁၀ ကို ဖွင့်ဖို့ပြောတယ်။ အဲဒီမှာ ကျွန်တော်ဖတ်ရတာက “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံတစ်သမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း ငါတို့သခင်ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏” တဲ့။ ဒီကျမ်းချက်က ကျွန်တော့်ကိုဆွဲဆောင်မှုဖြစ်စေခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ဒီလူနှစ်ယောက်ဟာ တစ်ယူသန်ဂိုဏ်းပုံစံတစ်မျိုးမျိုးမှာ ကျွန်တော် ပါဝင်လာအောင်ကြိုးစားနေကြမှာကိုလည်း စိုးရိမ်မိတယ်။ ဒါပေမဲ့ ခရစ်ယာန်တွေမှာ ကွဲပြားမှုမရှိသင့်ဘူးဆိုတာတော့ ကျွန်တော်သိလိုက်ရတယ်။ ကျွန်တော်ရဲ့စိတ်ထဲမှာ တခြားမေးခွန်းတွေအများကြီးရှိနေသေးတယ်။ ဥပမာ၊ သေပြီးနောက် ဝိညာဉ်စိုးလ် ဘာဖြစ်သွားသလဲ။ သူတို့နဲ့ အဲဒီမေးခွန်းကို ကျွန်တော်သိပ်ဆွေးနွေးချင်တယ်! ဒါပေမဲ့ အိမ်တွင်းမှာ ဘာသာရေးအငြင်းပွားမှုပိုဖြစ်စေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။
အဲဒီနှစ်ယောက်ထဲက တစ်ယောက်က “နောက်အပတ်ကျရင် ကျွန်တော်တို့ ပြန်လာပြီး စကားပြန်ပြောချင်ပါသေးတယ်” လို့ပြောတယ်။ သူတို့ကို လိမ္မာပါးနပ်စွာအဆက်ဖြတ်လိုက်ဖို့ ကြိုးစားပေမဲ့ ကျွန်တော့်ဇနီးက အသံကျယ်ကျယ်နဲ့ “ရက်ဖ်၊ သူတို့ဘယ်တော့ပြန်လာနိုင်မလဲဆိုတာ သိချင်နေတယ်လေ” လို့ပြောလိုက်တယ်။ အဲဒါက ကျွန်တော့်ကိုအံ့အားသင့်သွားစေတယ်။ သူက ထက်သန်တဲ့ကက်သလစ်တစ်ယောက်ဖြစ်နေတာကိုး! ဒါပေမဲ့ ‘ဘာပဲဖြစ်ဖြစ် ဘာသာရေးနဲ့ပတ်သက်လို့ သဘောတူညီမှုတချို့တော့ရနိုင်ကောင်းပါရဲ့’ လို့ထင်ခဲ့တယ်။ ဒါကြောင့် ဟင်နရီ ဝက်ဘာနှင့် ဟယ်ရီ ပလက်တို့ကို နောက်သောကြာနေ့မှာပြန်လာဖို့ ကျွန်တော်သဘောတူလိုက်တယ်။
ဒီလိုနဲ့ပဲ ယေဟောဝါသက်သေတွေနဲ့ကျမ်းစာစလေ့လာဖြစ်ခဲ့တယ်။ ဒါတွေဖြစ်ပြီးလို့မကြာမီမှာ နယူးယောက်စီတီ၊ မိတ်ဒီဆင် စကွဲ ဂါးဒင်းမှာကျင်းပတဲ့ စည်းဝေးကြီးတစ်ခုကိုတက်ရောက်ဖို့ ဖိတ်ခေါ်ခံရတယ်လေ။ ၁၉၃၉၊ ဇွန် ၂၅ ရက်နေ့မှာ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ် ဟောပြောခဲ့တဲ့ “အစိုးရနှင့် ငြိမ်သက်ခြင်း” ဆိုတဲ့ ဟောပြောချက်ကို ကျွန်တော်ကောင်းကောင်းမှတ်မိသေးတယ်။ တက်ရောက်သူ ၁၈,၀၀၀ မှာ ကျွန်တော်တစ်ယောက်အပါအဝင်ဖြစ်တယ်။ အမှန်မှာတော့ ရေဒီယိုဖုန်းလိုင်းကိုအသုံးပြုပြီး အပြည်ပြည်ဆိုင်ရာအသံလွှင့်ခြင်းနဲ့ချိတ်ဆက်သူတွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ဟောပြောချက်ကို ၇၅,၀၀၀ ကြားနာခဲ့ရပါတယ်။
ဒါပေမဲ့ အရာရာတိုင်းတော့ အဆင်ပြေချောမောခြင်းမရှိခဲ့ပါဘူး။ ကက်သလစ်ဘုန်းတော်ကြီး ချားလ်စ် ကောလင်းရဲ့နောက်လိုက်တွေက အစည်းအဝေးကိုပျက်အောင်လုပ်မယ်လို့ ခြိမ်းခြောက်ကြတယ်။ တကယ်ပဲ ညီအစ်ကို ရပ်သဖော့ဒ်ရဲ့ဟောပြောချက် တစ်ဝက်လောက်ရောက်တဲ့အခါမှာ ရာနဲ့ချီပြီး စိတ်တိုနေတဲ့လူတွေက စပြီးလှောင်ပြောင်သရော်ကြ၊ “ဟိုင်းလ် ဟစ်တလာ!”၊ “ဗီဗာ ဖာရက်ကို!” စတဲ့ ကြွေးကြော်သံတွေနဲ့ ဟစ်အော်ကြတယ်။ ဆူပူအုံကြွသံတွေကို ဖုန်းလိုင်းတွေကနေတောင်ကြားနိုင်လောက်တဲ့အထိ တော်တော်လေးရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တယ်! ရုန်းရင်းဆန်ခတ်ပြုသူလူစုကို ငြိမ်အောင်လုပ်ဖို့အတွက် ဧည့်ကြိုတွေဟာ ၁၅ မိနစ်လောက်အချိန်ယူခဲ့ရတယ်။ အဲဒီလိုဖြစ်နေချိန်တစ်လျှောက်လုံး ညီအစ်ကိုရပ်သဖော့ဒ်ကို ပရိသတ်က ထပ်ခါထပ်ခါသြဘာပေး ထောက်ခံနေစဉ် မကြောက်မရွံ့ဘဲဆက်ဟောနေခဲ့တယ်။
အဲဒီအချိန်မှာ ကျွန်တော်ရဲ့သိလိုစိတ်ဟာ အလွန်ပြင်းပြနေပါပြီ။ ယေဟောဝါသက်သေတွေကို ဒီလောက်မုန်းတီးစိတ်ဖြစ်အောင် ကက်သလစ်ဓမ္မဆရာတွေက ဘာကြောင့်နှိုးဆွပေးရတာလဲ။ ရပ်သဖော့ဒ်ဟောပြောချက်ထဲမှာ ကျွန်တော်တို့လိုမျိုးလူတွေကို ဓမ္မဆရာတွေက မကြားစေလိုတဲ့အရာတစ်ခုခုရှိရမယ်လို့ ကျွန်တော်ခန့်မှန်းမိတယ်။ ဒါကြောင့် ကျွန်တော် ဆက်ကျမ်းစာသင်အံမှုပြုပြီး တိုးတက်လာခဲ့တယ်။ နောက်ဆုံး ၁၉၃၉၊ အောက်တိုဘာလမှာ ယေဟောဝါထံ ကျွန်တော့်ရဲ့ဆက်ကပ်အပ်နှံခြင်းအထိမ်းအမှတ်အနေနဲ့ ရေနှစ်ခြင်းခံခဲ့တယ်။ နောက်တစ်နှစ်မှာ ကျွန်တော့်ကလေးတွေထဲက တချို့ နှစ်ခြင်းခံတယ်။ ကျွန်တော့်ဇနီး လဝိစ်က ၁၉၄၁ ခုနှစ်မှာ နှစ်ခြင်းခံတယ်။
စုံစမ်းမှုများကို ရင်ဆိုင်ခြင်း
သမ္မာတရားကိုလက်ခံပြီးမကြာခင်မှာပဲ ကျွန်တော့်အမေကွယ်လွန်သွားတဲ့အတွက်ကြောင့် ဈာပနအတွက် ကာရိုလီနာမြောက်ပိုင်းကိုပြန်ခဲ့ရတယ်။ မက်သဒစ်ချာ့ချ်ထဲမှာကျင်းပမယ့် ဆုတောင်းဝတ်ပြုမှုတွေမှာကို ပါဝင်တက်ရောက်ဖို့ ဩတ္တပ္ပစိတ်ကြည်လင်နိုင်မှာမဟုတ်ဘူးဆိုပြီး ကျွန်တော်ခံစားရတယ်။ ဒါကြောင့် ခရီးမထွက်ခင် အဖေ့ဆီဖုန်းဆက်ပြီး အခေါင်းကို ဈာပနခန်းမဆောင်မှာပဲထားဖို့ပြောလိုက်တယ်။ သူသဘောတူပေမဲ့ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ချာ့ချ်ဘက်ကိုသူတို့သွားနေကြပြီလေ။ အဲဒီမှာ သူတို့နဲ့ကျွန်တော်ပါဝင်လိမ့်မယ်လို့ထင်ကြတယ်။
ဒါပေမဲ့ ကျွန်တော်မပါဝင်ခဲ့ဘူး။ အဲဒါက ကျွန်တော့်မိသားစုအတွင်းမှာ အတော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့တယ်။ ညီမလေး အဲနာဆိုရင် ကျွန်တော်နဲ့အမြဲရင်းရင်းနှီးနှီးရှိခဲ့ပေမဲ့ အမေ့ဈာပနပြီးနောက်မှာ ကျွန်တော့်ကိုစကားမပြောတော့ဘူး။ ကျွန်တော်စာရေးပေမဲ့ သူ့ဆီက ပြန်စာမလာဘူး။ နွေရာသီတိုင်း စီတီကောလိပ်မှာ ဆရာများသင်တန်းကျောင်းကိုတက်ရောက်ဖို့ နယူးယောက်ကို အဲနာလာချိန်မှာ သူနဲ့တွေ့ဆုံဖို့ ကျွန်တော်အမြဲကြိုးစားတယ်။ ဒါပေမဲ့ အလုပ်များနေတယ်ဆိုပြီး ကျွန်တော့်ကိုရှောင်တယ်။ နောက်ဆုံး သူ့ကိုသွားအနှောင့်အယှက်ပေးနေသလိုဖြစ်တာကြောင့် ကျွန်တော်လက်လျော့လိုက်တော့တယ်။ နှစ်တွေအတော်ကုန်လွန်သွားပြီးနောက်မှပဲ သူဆီကသတင်းကြားရတော့တယ်။
အမေရိကန်နဲ့ ကနေဒါက ကလေးအများလိုပဲ အလံအလေးပြုဖို့ ငြင်းဆိုတဲ့အတွက်ကြောင့် ၁၉၄၁ ခုနှစ်မှာ ကျွန်တော့်ကလေးခြောက်ယောက် ကျောင်းထုတ်ခံရတယ်။ ပညာရေးဆိုင်ရာ ဥပဒေသတ်မှတ်ထားချက်ကို ပြည့်မီဖို့ သက်သေခံတို့က ဘုရားသခင်နိုင်ငံတော်ကျောင်းများလို့ခေါ်ကြတဲ့ သူတို့ရဲ့ကိုယ်ပိုင်ကျောင်းများကို စီစဉ်ကြတယ်။ နယူးဂျာစီ၊ လိပ်ခ်ဝုရပ်ကွက်က ဟိုတယ်ဟောင်းတစ်ခုဟာ ကျွန်တော့်ကလေးတွေတက်ခဲ့တဲ့ ကျောင်းရဲ့တည်နေရာပါပဲ။ ပထမအထပ်မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုနဲ့ ကျောင်းစာသင်ခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်းတို့ရှိတယ်။ မိန်းကလေးများအိပ်တဲ့အပိုင်းက ဒုတိယအထပ်မှာရှိတယ်၊ ယောက်ျားလေးတွေရဲ့အိပ်ခန်းက တတိယအထပ်မှာရှိတယ်။ တကယ့်ကိုကောင်းတဲ့ကျောင်းတစ်ကျောင်းပါပဲ။ အဲဒီမှာ ကျောင်းအိပ်ကျောင်းစားနေကြတဲ့ကလေးအများစုဟာ သီတင်းပတ်ကုန်ရက်တွေမှာပဲ အိမ်ကိုပြန်ကြတယ်။ ပိုဝေးတဲ့နေရာမှာနေတဲ့သူတွေကတော့ တစ်ပတ်ခြားတစ်ခါပြန်ကြတယ်။
ကျွန်တော့်ရဲ့ သမ္မာတရားအတွင်းအစောပိုင်းနှစ်တွေမှာ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူတွေလို့ခေါ်တဲ့ ရှေ့ဆောင်တစ်ဦးဖြစ်လိုစိတ်ပြင်းပြခဲ့တယ်။ ၁၉၄၁ ခု၊ မစ်ဆိုရိပြည်နယ်၊ စိန့် လုဝိစ်မြို့ စည်းဝေးကြီးအစီအစဉ်မှာပါတဲ့ ညီအစ်ကိုတစ်ဦးက ကလေး ၁၂ ယောက်ကို ပြုစုပျိုးထောင်ရင်း သူဘယ်လိုရှေ့ဆောင်နိုင်ခဲ့တဲ့အကြောင်းကို ပြောပြတယ်။ ‘သူတောင် ၁၂ ယောက်နဲ့ ရှေ့ဆောင်လုပ်နိုင်ရင် ငါလည်း ၁၀ ယောက်နဲ့လုပ်နိုင်တာပေါ့’ လို့ ကျွန်တော်တွေးမိသေးတယ်။ ဒါပေမဲ့ နောက် ၁၉ နှစ်ကြာတဲ့အချိန်အထိ ရှေ့ဆောင်စလုပ်ဖို့ ကျွန်တော့်အတွက် အခွင့်မသာခဲ့ဘူး။ နောက်ဆုံးတော့ ၁၉၆၀၊ အောက်တိုဘာ ၁ ရက်နေ့မှာ မှန်မှန်ရှေ့ဆောင်အဖြစ် ယေဟောဝါကို ကျွန်တော်စပြီး အမှုထမ်းနိုင်ခဲ့ပါတယ်။
အံ့သြဖွယ် လည်ပတ်မှုတစ်ခု
၁၉၇၅ ခုနှစ်မှာ ညီမလေး အဲနာဆီက ဖုန်းလက်ခံရရှိခဲ့တယ်။ အဲဒီအချိန်က ကျွန်တော့်အသက် ၈၀ ရှိနေပါပြီ။ သူမကို မတွေ့ရ၊ သူမအသံကို မကြားရတာ အနှစ် ၂၀ လောက်တောင်ရှိပြီလေ။ သူ လေဆိပ်ကနေဖုန်းဆက်နေတာဖြစ်တယ်။ သူမနဲ့သူမရဲ့ယောက်ျားကို လာခေါ်ဖို့ပြောတယ်။ အဲနာကိုပြန်တွေ့ရတာဟာ ပျော်ရွှင်စရာဖြစ်ပေမဲ့ ပိုပြီးအံ့သြစရာရှိနေသေးတယ်။ အိမ်အပြန်လမ်းမှာ သူမရဲ့ယောက်ျားက “ခင်ဗျားတို့ဘာသာဝင်တစ်ယောက်ရပြီ” ဆိုပြီးပြောတယ်။ သူဘာကိုဆိုလိုတာလဲဆိုတာ ကျွန်တော်နားမလည်ဘူး။ အိမ်ကိုရောက်တော့ သူက နောက်တစ်ခါ “ဒီမှာလေ ခင်ဗျားတို့ဘာသာဝင်တစ်ယောက်” ဆိုပြီး ပြန်ပြောရော။ ကျွန်တော့်ဇနီးက ချက်ချင်းသဘောပေါက်လိုက်တယ်။ ညီမလေးဘက်ကိုလှည့်ပြီး “အဲနာ ရှင်သက်သေခံတစ်ယောက်လား” လို့ သူမကမေးလိုက်တော့ “တကယ်ပဲပေါ့” ဆိုပြီး အဲနာပြန်ဖြေတယ်။
သမ္မာတရားကို အဲနာဘယ်လိုလို့လက်ခံခဲ့တာလဲ။ ၁၉၇၂ ခုနှစ်မှာ ကျွန်တော်တို့ရဲ့စိမ်းကားနေတဲ့ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေဖို့ ကင်းမျှော်စင် နှစ်စဉ်ကြေးတစ်ခုကို လက်ဆောင်ပို့ပေးခဲ့တယ်။ တစ်နှစ်လောက်ကြာပြီးတဲ့နောက် အဲနာဖျားပြီး သူ့အိမ်တွင်းမှာပဲ အောင်းနေခဲ့တယ်။ မဂ္ဂဇင်းတွေက ထုပ်လျက်သား သူ့ရဲ့စားပွဲပေါ်မှာရှိနေသေးတယ်။ သိလိုစိတ်မရှိပါဘဲ တစ်စောင်ကိုဖွင့်ပြီး စဖတ်လိုက်တယ်။ မဂ္ဂဇင်းဖတ်ပြီးသွားတော့ ‘ဒါဟာသမ္မာတရားပဲ!’ ဆိုပြီး သူမဘာသာသူမ တွေးမိတယ်။ ယေဟောဝါသက်သေတွေ သူဆီလည်ပတ်ရောက်ရှိလာချိန်မှာ ကင်းမျှော်စင် မဂ္ဂဇင်းတစ်ပုံလုံးကို သူဖတ်ပြီးနေပြီ။ ကျမ်းစာသင်အံမှုလက်ခံခဲ့ပြီး အဲဒီနည်းနဲ့ပဲ သူမယေဟောဝါသက်သေတစ်ဦးဖြစ်လာခဲ့တယ်။
ဆုံးရှုံးမှုကို ရင်ဆိုင်တိုက်လှန်ခြင်း
ကျွန်တော့်ဇနီး လဝိစ်ဟာ အဆုံးမှာ ဆီးချိုရောဂါဖြစ်ပြီး အခြေအနေဆိုးသထက်ဆိုးလာတာ အသက် ၈၂ နှစ်အရွယ်၊ ၁၉၇၉ ခုနှစ် သူကွယ်လွန်သွားတဲ့ အချိန်အထိပါပဲ။ လဝိစ်သေဆုံးသွားတဲ့အခါ ကျွန်တော့်ရဲ့အစိတ်အပိုင်းတစ်ခုလည်း သေဆုံးသွားတယ်။ ကျွန်တော့်ရဲ့ကမ္ဘာလေးတစ်ခုလုံး ရပ်တန့်သွားတယ်။ ကျွန်တော်ဘာလုပ်လို့လုပ်ရမှန်း မသိတော့ပါဘူး။ အနာဂတ်အတွက် ကျွန်တော့်မှာ အစီအစဉ်တွေမရှိတော့ဘူး။ အားပေးမှုတကယ်လိုအပ်ခဲ့တယ်။ နယ်လှည့်ကြီးကြပ်မှူး ရစ်ချက် စမစ်က ကျွန်တော့်ရဲ့ရှေ့ဆောင်လုပ်ငန်းကို ဆက်လုပ်ဆောင်ဖို့ အားပေးခဲ့တယ်။ ကျွန်တော်ရရှိခဲ့တဲ့အကြီးမားဆုံးနှစ်သိမ့်မှုကတော့ ချစ်မြတ်နိုးရသူဆုံးရှုံးသွားတဲ့ တခြားသူတွေကို နှစ်သိမ့်ပေးခြင်းကပဲဆိုတာ တွေ့ရှိရတယ်။
ကင်းမျှော်စင်အသင်းက ၁၉၇၉ ခုနှစ်မှာ အစ္စရေးတစ်ပတ် ခရီးလှည့်ဖို့ ဖွဲ့စည်းနေတာကြောင့် ကျွန်တော်လက်မှတ်ထိုးလိုက်တယ်။ အဲဒီခရီးဟာ ကျွန်တော့်ကို တကယ်လှုံ့ဆော်မှုဖြစ်စေခဲ့တဲ့အတွက် အိမ်ပြန်တဲ့အခါ ရှေ့ဆောင်လုပ်ငန်းကို ချက်ချင်းပြန်လုပ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး နှစ်စဉ်နှစ်တိုင်းပါပဲ နိုင်ငံရဲ့တခြားနေရာတွေမှာ တာဝန်မပေးထားတဲ့ ဒါမှမဟုတ် တစ်ခါတလေသာအမှုဆောင်တဲ့ဒေသတွေမှာကူညီဖို့ ကျွန်တော့်ရဲ့အလုပ်အနေနဲ့ခံယူခဲ့တယ်။ ကျွန်တော်အသက်ကြီးနေပြီဖြစ်ပေမဲ့ ဒီအခွင့်အရေးအတွက် ကျွန်တော့်ကိုကျွန်တော်အသုံးတော်ခံနိုင်ပါသေးတယ်။
နှစ်တွေတစ်လျှောက် လူပေါင်း ၅၀ လောက်ကို အသက်လမ်းပေါ်ရောက်အောင် ကူညီပေးခြင်းမှာနှစ်ထောင်းအားရမှုရှိခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော့်ကလေးအများစုဟာလည်း သမ္မာတရားမှာရှိကြတယ်။ သမီးနှစ်ယောက်က မှန်မှန်ရှေ့ဆောင်တွေအဖြစ်လုပ်ဆောင်ကြတယ်။ နောက်သမီးတစ်ယောက်ဖြစ်တဲ့ လဝိစ် ဘလန်တန်က သူရဲ့အမျိုးသား ဂျော့ဂျ်နဲ့အတူ နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေများရဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုထမ်းနေကြတယ်။ သားတစ်ယောက်ကတော့ အကြီးအကဲအနေနဲ့ နှစ်ပေါင်းများစွာ အမှုထမ်းခဲ့တယ်။
ကျွန်ုပ်တို့ရဲ့ကနဦးမိဘတွေဆီကအမွေရခဲ့တဲ့ မစုံလင်မှုကြောင့် အားလုံးဖျားနာသေဆုံးကြရတာပါပဲ။ (ရောမ ၅:၁၂) ကျွန်တော့်အသက်တာမှာလည်း ကိုက်ခဲနာကျင်မှုတွေကနေ ကင်းလွတ်ခြင်းမရှိခဲ့တာတော့ အမှန်ပါပဲ။ ယခုလောလောဆယ်မှာ ဘယ်ဘက်ခြေထောက်က အဆစ်ရောင်ရောဂါဝေဒနာကို ခံစားနေရတယ်။ တစ်ခါတလေ တအားနာကျင်ပေမဲ့ သွားလာနေခြင်းကနေတော့ ကျွန်တော့်ကိုမဟန့်တားနိုင်ပါဘူး။ အဲ့ဒီလိုဟန့်တားမှုမဖြစ်ဖို့လည်း ကျွန်တော်ဆုတောင်းတယ်။ ကျွန်တော်ဆက်ပြီးလုပ်ဆောင်နေလိုတယ်။ ယေဟောဝါရဲ့နာမတော်နဲ့ရည်ရွယ်ချက်တွေကိုထင်ရှားစေဖို့ ကျွန်တော်တတ်နိုင်သမျှလုပ်ဆောင်ရင်း အဆုံးတိုင်အောင်ရှေ့ဆောင်လုပ်ငန်းမှာ ဆက်ပါဝင်သွားလိုခြင်းဟာ ကျွန်တော့်ရဲ့အကြီးမားဆုံးသောဆန္ဒဖြစ်ပါတယ်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျွန်တော့်သမီးရီတာနဲ့အတူ