ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၁/၁၅ စာ. ၁၅-၂၀
  • ယေဟောဝါ၏သိုးများသည် ကြင်နာယုယသောစောင့်ရှောက်မှုလိုအပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏သိုးများသည် ကြင်နာယုယသောစောင့်ရှောက်မှုလိုအပ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိုးတော်စုအတွက် တလိုတလားရှိသောသိုးထိန်းများ
  • လူသစ်တစ်ဦး ဟောပြောချင်သောအခါ
  • အထူးလိုအပ်ချက်များကိုပြည့်မီခြင်း
  • လူသစ်တစ်ဦးအပြစ်ပြုမိသော်
  • ‘ရင့်ကျက်သည့်အဖြစ်သို့တက်လှမ်း’ ရန် သူတို့ကို ကူညီ
  • သိုးထိန်းတို့၊ အကြီးမြတ်ဆုံးသိုးထိန်းတွေကို တုပကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ‘သင်တို့စောင့်ရှောက်နေသော ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • အကြီးအကဲများ—ဘုရားသခင့်သိုးတော်စုကို ကြင်နာယုယစွာဆက်ဆံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သတင်းကောင်း ကြေညာသူများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၁/၁၅ စာ. ၁၅-၂၀

ယေဟောဝါ၏သိုးများသည် ကြင်နာယုယသောစောင့်ရှောက်မှုလိုအပ်

“ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ . . . ငါတို့သည်လည်း ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ကျက်စားသော သိုးစုလည်းဖြစ်ကြ၏။”—ဆာလံ ၁၀၀:၃။

၁။ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို မည်သို့ဆက်ဆံသနည်း။

ယေဟောဝါသည် မဟာသိုးထိန်းရှင်ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ကျေးကျွန်များဖြစ်ပါက ကိုယ်တော်သည် ကျွန်ုပ်တို့ကို မိမိ၏သိုးများအဖြစ်ရှုမြင်ပြီး ကြင်နာယုယစွာစောင့်ရှောက်ပေးတော်မူသည်။ ကျွန်ုပ်တို့ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့ကို စိတ်သက်သာမှုပေးပြီး လန်းဆန်းစေကာ “နာမတော်အဖို့အလို့ငှာ တရားလမ်းထဲ၌သွေးဆောင်တော်မူသည်။” (ဆာလံ ၂၃:၁-၄) ကောင်းသောသိုးထိန်း ယေရှုခရစ်သည် မိမိ၏စိုးလ်ကို ကျွန်ုပ်တို့အတွက် စွန့်လွှတ်သည့်အထိ ကျွန်ုပ်တို့ကိုအလွန်ချစ်တော်မူသည်။—ယောဟန် ၁၀:၇-၁၅။

၂။ ယေဟောဝါ၏လူမျိုးတော်သည် မည်သည့်အခြေအနေတွင်ရှိသနည်း။

၂ ကြင်နာယုယသောစောင့်ရှောက်မှု ခံစားရသူများအနေနှင့် ကျွန်ုပ်တို့သည် ဆာလံဆရာနှင့်အတူ ဤသို့ဆိုနိုင်သည်– “ထာဝရဘုရား၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ဝင်ကြလော့။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ထာဝရဘုရား၏လူဖြစ်ကြ၏။ အထံတော်၌ကျက်စားသော သိုးစုလည်းဖြစ်ကြ၏။” (ဆာလံ ၁၀၀:၂၊ ၃) မှန်ပါသည်၊ ကျွန်ုပ်တို့သည် ရွှင်လန်းကြပြီး လုံခြုံစွာနေရသည်။ ကျွန်ုပ်တို့သည် ခိုင်မာသောကျောက်နံရံများကာရံထားသည့် သိုးခြံအတွင်းတွင် လုယက်ဖျက်ဆီးသော သားရဲများရန်မှ ကင်းလွတ်ခဲ့သည့်အလားဖြစ်သည်။—တောလည်ရာ ၃၂:၁၆; ၁ ဓမ္မရာဇဝင် ၂၄:၃; ဇေဖနိ ၂:၆။

သိုးတော်စုအတွက် တလိုတလားရှိသောသိုးထိန်းများ

၃။ ခန့်အပ်ခံခရစ်ယာန်အကြီးအကဲများသည် ဘုရားသခင့်သိုးတော်စုကို မည်သို့ဆက်ဆံသနည်း။

၃ ဘုရားသခင့်သိုးများအနေနှင့် ကျွန်ုပ်တို့ရွှင်လန်းကြသည်မှာ အံ့ဩစရာမဟုတ်ပါတကား! ခန့်အပ်ခံအကြီးအကဲများသည် ကျွန်ုပ်တို့ထဲတွင် ဦးဆောင်ဦးရွက်ပြုကြသည်။ သူတို့သည် ကျွန်ုပ်တို့အပေါ်တွင် “မင်းမူ” အရှင်သခင်လုပ်ခြင်းသော်လည်းကောင်း၊ ကျွန်ုပ်တို့ယုံကြည်ခြင်းအပေါ်တွင် အစိုးတရပြုရန် ကြိုးစားခြင်းသော်လည်းကောင်း မလုပ်ကြပါ။ (တောလည်ရာ ၁၆:၁၃၊ သမ; မဿဲ ၂၀:၂၅-၂၈; ၂ ကောရိန္သု ၁:၂၄; ဟေဗြဲ ၁၃:၇) ယင်းသို့မလုပ်ဘဲ သူတို့သည် တမန်တော်ပေတရု၏ ဤသြဝါဒကို လိုက်နာကြသည့် မေတ္တာပြည့်ဝသောသိုးထိန်းများဖြစ်ကြသည်– “သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကိုတပ်မက်သောကြောင့်မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူဖြစ်ကြလော့။” (၁ ပေတရု ၅:၂၊ ၃) တမန်တော်ပေါလုသည် အကြီးအကဲချင်းတို့ကို ဤသို့ပြောခဲ့သည်– “သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိ [“သားတော်၏၊” ကဘ] အသွေးနှင့်ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုအအုပ်အချုပ်ခန့်ထားတော်မူသော သိုးတော်စုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။” ဝိညာဉ်တော်ဖြင့် ခန့်အပ်ထားသော ထိုသူများသည် ‘သိုးတော်စုကို ကြင်နာယုယစွာဆက်ဆံ’ သည့်အတွက်ကြောင့် သိုးများသည် မည်မျှကျေးဇူးတင်လိုက်မည်ဖြစ်ခြင်း!—တမန်တော် ၂၀:၂၈-၃၀။

၄။ သိုးတော်စုနှင့် မည်သို့သောဆက်ဆံရေးမျိုးရှိထားသောကြောင့် ချားလ် တီ. ရပ်စယ်လ်ကို လူသိများသနည်း။

၄ ယေရှုသည် အသင်းတော်အား ယေဟောဝါ၏သိုးတော်စုကို ကြင်နာယုယသောနည်းဖြင့် ဆက်ဆံသည့် “ပါစတာ” သို့မဟုတ် သိုးထိန်းများကဲ့သို့သော “လူတို့တွင်ဆုလာဘ်များ” ကိုပေးအပ်ခဲ့သည်။ (ဧဖက် ၄:၈၊ ကဘ; ၁၁) ဤသူများထဲမှတစ်ဦးမှာ ကင်းမျှော်စင်အသင်း၏ ပထမဥက္ကဋ္ဌ ချားလ်စ် တီ. ရပ်စယ်လ်ဖြစ်သည်။ သူသည် သိုးထိန်းကြီးဖြစ်သော ယေရှုခရစ်၏လက်အောက်တွင် သိုးတော်စုကို ထိန်းကျောင်းရာ၌ မေတ္တာပြည့်ဝပြီး သနားကြင်နာသော လုပ်ရပ်များကြောင့် ပါစတာရပ်စယ်လ်ဟု အခေါ်ခံရသည်။ ယနေ့တွင် ခရစ်ယာန်အကြီးအကဲများကို ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့က ခန့်အပ်ပြီး “ပါစတာ”၊ “အကြီးအကဲ” သို့မဟုတ် “ဆရာ” ကဲ့သို့သောအသုံးအနှုန်းတို့ကို ဂုဏ်ပုဒ်အနေနှင့် အသုံးမပြုရန် သတိထားကြသည်။ (မဿဲ ၂၃:၈-၁၂) သို့တိုင်၊ မျက်မှောက်ခေတ်အကြီးအကဲများသည် ယေဟောဝါထံတော်၌ကျက်စားသောသိုးစု၏ အကျိုးအတွက် ပါစတာအလုပ် သို့မဟုတ် သိုးထိန်းအလုပ်ကို လုပ်ဆောင်ကြသည်။

၅။ လူသစ်များသည် ခရစ်ယာန်အသင်းတော်ရှိ ခန့်အပ်ခံအကြီးအကဲများကို အဘယ်ကြောင့် သိကျွမ်းရန် လုပ်ဆောင်သင့်သနည်း။

၅ သိုးထိန်းများအနေနှင့် အကြီးအကဲများသည် လူသစ်များဝိညာဉ်ရေးဘက်တိုးတက်ရေးအတွက် အရေးကြီးသောကဏ္ဍမှနေ၍လုပ်ဆောင်ကြသည်။ ထို့ကြောင့် ထာဝရအသက်ရစေသော အသိပညာ စာအုပ်သစ်က စာမျက်နှာ ၁၆၈ တွင် ဤသို့ဆိုသည်– “အသင်းတော်ရှိခန့်အပ်ခံအကြီးအကဲများကို သိကျွမ်းအောင် လုပ်ဆောင်ပါ။ သူတို့သည် ကြီးကြပ်မှူးများအတွက် ကျမ်းစာတွင်ချမှတ်ထားသည့် အရည်အသွေးများကို ပြည့်မီသောကြောင့် ဘုရားသခင်ကိုသိကျွမ်းခြင်းပညာကို လက်တွေ့ကျင့်သုံးရာတွင် သူတို့၌ အတွေ့အကြုံများစွာရှိသည်။ (၁ တိမောသေ ၃:၁-၇; တိတု ၁:၅-၉) သင်သည် ဘုရားသခင့်တောင်းဆိုချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ဝသီတစ်ခု သို့မဟုတ် စရိုက်တစ်ခုကို ကျော်လွှားနိုင်ရန် ဝိညာဏအကူအညီလိုအပ်ပါက သူတို့ထဲမှတစ်ဦးဦးထံ ချဉ်းကပ်ဖို့ မဝံ့မရဲဖြစ်မနေပါနှင့်။ ထိုအကြီးအကဲများသည် ပေါလု၏ဤသြဝါဒကို လိုက်လျှောက်ကြောင်း သင်တွေ့ရလိမ့်မည်– “‘စိတ်ငယ်သောသူတို့ကို အားပေးကြလော့။ အားနည်းသောသူတို့ကို ထောက်မကြလော့။ ခပ်သိမ်းသောသူတို့အားလည်း ရှည်သောစိတ်ရှိစေကြလော့။’—၁ သက်သာလောနိတ် ၂:၇၊ ၈; ၅:၁၄။”

လူသစ်တစ်ဦး ဟောပြောချင်သောအခါ

၆။ ကျမ်းစာသင်သားတစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်ကြေညာသူတစ်ဦးဖြစ်ချင်ပါက အဘယ်အစီအစဉ်ကို လိုက်ရမည်နည်း။

၆ ကျမ်းစာသင်သားတစ်ဦးသည် အချိန်အတန်ကြာ အသိပညာရယူပြီး အစည်းအဝေးများကို တက်ရောက်ခဲ့ပြီးနောက်ပိုင်းတွင် သူသည် သတင်းကောင်းဟောပြောသူဖြစ်သော ဘုရားသခင့်နိုင်ငံတော်ကြေညာသူတစ်ဦး ဖြစ်လိုပေမည်။ (မာကု ၁၃:၁၀) ဤသို့ဖြစ်လိုပါက သူ့ကိုကျမ်းစာသင်ပေးသော သက်သေခံသည် ကျမ်းစာသင်သားနှင့် သင်ပေးသူတို့ကို တွေ့ဆုံရန် အသင်းတော်လုပ်ငန်းတော်ကော်မတီဝင် အကြီးအကဲတစ်ဦးနှင့် နောက်အကြီးအကဲတစ်ဦးကို စီစဉ်ပေးမည့် ဦးစီးကြီးကြပ်မှူးကို ဆက်သွယ်သင့်သည်။ ဆွေးနွေးခန်းကို မိမိတို့ဓမ္မအမှုကျေပွန်စေရန် အဖွဲ့အစည်း စာအုပ် စာမျက်နှာ ၁၂၃ နှင့် ၁၂၄ တို့တွင်အခြေခံမည်။ လူသစ်ဖြစ်သူသည် အခြေခံကျမ်းစာသွန်သင်ချက်များကို ယုံကြည်ကြောင်းနှင့် ဘုရားသခင့်မူများကို လိုက်နာကြောင်း ဤအကြီးအကဲနှစ်ဦးတွေ့ရှိပါက လူထုရှေ့ဓမ္မအမှုတွင် ပါဝင်ရန်အရည်အချင်းပြည့်မီကြောင်း သူ့ကိုပြောမည်။a သူသည် လယ်ကွင်းလုပ်ငန်းမှတ်တမ်းပေးကာ မိမိ၏ဓမ္မအမှုကို မှတ်တမ်းသွင်းသောအခါ သူ့အမည်ရေးထားသည့် အသင်းတော်ကြေညာသူမှတ်တမ်းကတ်ပြားတစ်ခုတွင် စာရင်းရေးသွင်းမည်။ လူသစ်ဖြစ်သူသည် ရွှင်လန်းစွာဖြင့် “ဘုရားသခင့်နှုတ်ကပါဌ်တရားတော်ကို ဟောပြော” သည့် သန်းနှင့်ချီသောအခြားသူများနှင့်အတူ သူ၏သက်သေခံခြင်းလုပ်ငန်းကို ယခုအခါတွင် မှတ်တမ်းသွင်းနိုင်သည်။ (တမန်တော် ၁၃:၅) သူသည် နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးဖြစ်ကြောင်း ကြေညာချက်တစ်ခုကို အသင်းတော်တွင် ကြေညာမည်။

၇၊ ၈။ နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးအား ဓမ္မအမှုတွင် လိုအပ်သောအကူအညီကို အဘယ်နည်းများဖြင့် ပေးနိုင်မည်နည်း။

၇ နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးသည် အကြီးအကဲများနှင့် အခြားရင့်ကျက်သောခရစ်ယာန်များ၏ အကူအညီလိုအပ်သည်။ ဥပမာ၊ သူ၏ဝိညာဉ်ရေးတိုးတက်မှုသည် သူတက်ရောက်သည့် အသင်းတော်စာအုပ်ကြီးသင်တန်း၏ သင်တန်းမှူးစိတ်ဝင်စားရမည့် ကိစ္စဖြစ်သည်။ ကြေညာသူလူသစ်သည် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ထိထိရောက်ရောက်ဟောပြောဖို့ အခက်တွေ့ပေမည်။ (တမန်တော် ၂၀:၂၀) ထို့ကြောင့် သူသည်ထောက်ပံ့ကူညီမှုကို မျှော်ကိုးပေမည်။ အထူးသဖြင့် မိမိကို အသိပညာစာအုပ်ဖြင့် ကျမ်းစာသင်ပေးသူထံမှဖြစ်သည်။ ယေရှုခရစ်သည် မိမိ၏တပည့်တော်များကို ဓမ္မအမှုအတွက် ပြင်ဆင်ပေးသောကြောင့် ဤကဲ့သို့သောလက်တွေ့ကျ အကူအညီသည်သင့်လျော်ပါသည်။—မာကု ၆:၇-၁၃; လုကာ ၁၀:၁-၂၂။

၈ ကျွန်ုပ်တို့ဓမ္မအမှုထိရောက်ရလေအောင် ကောင်းစွာကြိုတင်ပြင်ဆင်မှုသည် မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် ကြေညာသူနှစ်ဦးသည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ၏လစဉ်ထုတ်များပါ အကြံပြုထားသည့် တင်ဆက်ပုံများကို ဦးဆုံးအတူလေ့ကျင့်နိုင်သည်။ သူတို့၏လယ်ကွင်းလုပ်ငန်းကို စတင်သောအခါ ပို၍အတွေ့အကြုံရှိသောသူသည် ပထမတစ်အိမ်နှစ်အိမ်ကိုစဟောနိုင်သည်။ တရင်းတနှီးမိတ်ဆက်စကားပြောပြီးနောက် ကြေညာသူနှစ်ဦးစလုံးသည် သက်သေခံခြင်းတွင် ပါဝင်နိုင်သည်။ ဓမ္မအမှုတွင် အပတ်အနည်းငယ်ကြာ အတူတကွအမှုဆောင်ခြင်းသည် ပြန်လည်ပတ်မှုများကို ရရှိစေနိုင်ပြီး ထာဝရအသက်ရစေသော အသိပညာ စာအုပ်ဖြင့် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုပင် ရနိုင်ပေမည်။ ပို၍အတွေ့အကြုံရှိသောကြေညာသူက အချိန်ခဏတာ သင်အံမှုကျင်းပပေးနိုင်ပြီး နောက်ပိုင်းတွင် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူလူသစ်ထံသို့ လွှဲပေးလိုက်နိုင်သည်။ ထိုကျမ်းစာသင်အံမှုသည် ဘုရားသခင်ကိုသိကျွမ်းခြင်းပညာအပေါ် လေးမြတ်တန်ဖိုးထားခြင်း တင်ပြလာပါက ကြေညာသူနှစ်ဦးစလုံး မည်မျှပျော်ရွှင်လိုက်မည်ဖြစ်ခြင်း!

၉။ ကြေညာသူတစ်ယောက်သည် နှစ်ခြင်းခံလိုပါက အဘယ်အစီအစဉ်များကို စီစဉ်မည်နည်း။

၉ နှစ်ခြင်းမခံရသေးသောကြေညာသူသည် ဝိညာဉ်ရေးဘက်တိုးတက်လာသည်နှင့်အမျှ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ မိမိကိုယ်ကိုဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုပေမည်။ (မာကု ၁:၉-၁၁ နှိုင်းယှဉ်။) နှစ်ခြင်းခံလိုသည့်မိမိ၏ဆန္ဒကို အသင်းတော်ဦးစီးကြီးကြပ်မှူးထံ အသိပေးသင့်သည်။ အသင်းတော်ဦးစီးကြီးကြပ်မှူးက မိမိတို့ဓမ္မအမှုကျေပွန်စေရန် အဖွဲ့အစည်းစာအုပ် စာမျက်နှာ ၂၁၄ မှ ၂၈၇ အထိပါ မေးခွန်းများကို ထိုကြေညာသူနှင့် ပြန်ဆွေးနွေးရန် အကြီးအကဲများကိုစီစဉ်ပေမည်။ အပိုင်းလေးပိုင်းခွဲထားသည့် ဤမေးခွန်းများကို ဖြစ်နိုင်လျှင် အကြီးအကဲသုံးဦးက အချိန်ပိုင်းသုံးခုဖြင့်ပြီးစီးစေပေမည်။ ထိုနှစ်ခြင်းမခံရသေးသောကြေညာသူသည် ကျမ်းစာသွန်သင်ချက်များကို အတော်အတန်နားလည်ထားပြီး အခြားနည်းများဖြင့်လည်း အရည်အချင်းပြည့်မီကြောင်း သူတို့လက်ခံသဘောတူပါက နှစ်ခြင်းခံနိုင်ပြီဖြစ်ကြောင်း သူ့ကိုပြောမည်။ သူ၏ဆက်ကပ်အပ်နှံမှုနှင့် နှစ်ခြင်းခံခြင်းမှရသည့် အကျိုးမှာ ကယ်တင်ခြင်းအတွက် ‘မှတ်သားခံရ’ သူဖြစ်လာခြင်းပင်တည်း။—ယေဇကျေလ ၉:၄-၆။

အထူးလိုအပ်ချက်များကိုပြည့်မီခြင်း

၁၀။ လူတစ်ဦးသည် အသိပညာစာအုပ်ဖြင့် သင်အံမှုပြီးဆုံးကာ နှစ်ခြင်းခံပြီးနောက်ပိုင်း သူ၏ကျမ်းစာအသိပညာကို မည်သို့တိုးပွားစေမည်နည်း။

၁၀ လူတစ်ဦးသည် အသိပညာစာအုပ်ဖြင့် ကျမ်းစာသင်အံမှုပြီးစီးကာ နှစ်ခြင်းခံပြီးနောက်ပိုင်း စစ်မှန်သောဘုရားသခင့်ဝတ်ပြုရေးတွင် တစည်းတလုံးတည်းb စာအုပ်ကဲ့သို့သော ဒုတိယစာအုပ်ဖြင့် လုပ်ရိုးလုပ်စဉ်သင်အံမှုကို ပြုရန် လိုအပ်တော့မည်မဟုတ်ပါ။ မှန်ပါသည်၊ လောလောလတ်လတ်နှစ်ခြင်းခံထားသူသည် ခရစ်ယာန်အစည်းအဝေးများအတွက်ပြင်ဆင်ကာ မှန်မှန်တက်ရောက်ခြင်းကဲ့သို့သော လေ့လာသင်ယူစရာများစွာရှိမည်။ ထို့အပြင်သူသည် ခရစ်ယာန်စာပေများကို ကိုယ်ပိုင်ဖတ်ရှုလေ့လာရန်နှင့် ကျမ်းဆိုင်ရာကိစ္စရပ်များကို ယုံကြည်သူချင်းများနှင့် ဆွေးနွေးရန် သမ္မာတရား ဆာလောင်မွတ်သိပ်မှုက သူ့ကို လှုံ့ဆော်သည်နှင့်အမျှ ထပ်ဆင့်အသိပညာများကို ကြိုးကုတ်ရယူမည်။ သို့သော် အထူးလိုအပ်ချက်များ ပေါ်လာပါက အသို့နည်း။

၁၁။ (က) အာပေါလုသည် ပြစ်ကိလနှင့် အာကုလတို့အားဖြင့် မည်သို့အကူအညီပေးခံခဲ့ရသနည်း။ (ခ) အိမ်ထောင်ပြုရန် စဉ်းစားနေသည့် နှစ်ခြင်းခံပြီးခါစ လူငယ်ကို အဘယ်အကူအညီ ပေးနိုင်ဖွယ်ရှိသနည်း။

၁၁ အာပေါလုသည် “ကျမ်းစာတော်ကို အထူးပင်တတ်ကျွမ်းသူ” ဖြစ်ပြီး ယေရှုနှင့်ဆိုင်သည့် တိကျမှန်ကန်သောအချက်များကို သွန်သင်သူဖြစ်လျက်နှင့် အတွေ့အကြုံများသော ခရစ်ယာန်များဖြစ်သည့် ပြစ်ကိလနှင့် အာကုလတို့က “သူ့ကိုအိမ်သို့ခေါ်ဖိတ်၍ ထာဝရဘုရား၏လမ်းစဉ်အကြောင်းကို ပိုမိုတိကျစွာရှင်းလင်းပေးကြ” သောအခါတွင် အကျိုးရရှိခဲ့သည်။ (တမန်တော် ၁၈:၂၄-၂၆၊ သတင်းကောင်း; တမန်တော် ၁၉:၁-၇ နှိုင်းယှဉ်။) ထို့ကြောင့် လောလောလတ်လတ်နှစ်ခြင်းခံထားသောလူငယ်သည် ပိုးပန်းပြီးအိမ်ထောင်ပြုဖို့ စဉ်းစားနေသည်ဆိုပါစို့။ ပို၍အတွေ့အကြုံရှိသော ခရစ်ယာန်တစ်ဦးက ဤအချက်များနှင့်ပတ်သက်၍ ကင်းမျှော်စင်အသင်းစာပေများတွင် အချက်အလက်ရှာယူရန် သူ့အားအကူအညီပေးနိုင်ကောင်းသည်။ ဥပမာ၊ ယင်းနှင့်စပ်လျဉ်း၍ အကူအညီဖြစ်စေသောအကြောင်းအရာကို လူငယ်များအမေး—တာသွားသည့်အဖြေ၊ အပိုင်း ၇ တွင်တွေ့ရသည်။c သူ့ကိုကျမ်းစာသင်ပေးသည့် ကြေညာသူသည် ထိုလူသစ်နှင့် ပုံမှန်သင်အံမှုလုပ်တော့မည်မဟုတ်သော်လည်း ထိုအကြောင်းကို ဆွေးနွေးနိုင်သည်။

၁၂။ ပြဿနာများရှိနေသည့် နှစ်ခြင်းခံပြီးခါစအိမ်ထောင်ဖက်များကို အဘယ်အထောက်အကူ ပေးနိုင်ကောင်းသနည်း။

၁၂ နောက်ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ နှစ်ခြင်းခံပြီးခါစအိမ်ထောင်ဖက်များသည် ဘုရားရေးရာမူများကို ကျင့်သုံးရာ၌ အခက်အခဲပြဿနာများရှိနေနိုင်သည်။ သူတို့သည် မိမိတို့နှင့်အတူ ကျမ်းစာဆွေးနွေးပေးဖို့နှင့် ကင်းမျှော်စင်အသင်းစာပေများတွင်တွေ့ရသည့် အချက်အလက်များကို အာရုံစိုက်ရန် ညွှန်ကြားပေးဖို့ အချို့သောညနေပိုင်းများတွင် အချိန်ပေးနိုင်မည့် အကြီးအကဲတစ်ဦးနှင့် ဆွေးနွေးလိုပေမည်။ သို့သော် ထိုအကြီးအကဲသည် ဤမောင်နှံနှင့် ပုံမှန်ကျမ်းစာသင်အံမှုကို ပြန်လုပ်မည်မဟုတ်ပါ။

လူသစ်တစ်ဦးအပြစ်ပြုမိသော်

၁၃။ အပြစ်ပြုသော်လည်း နောင်တယူသည့် နှစ်ခြင်းခံပြီးခါစပုဂ္ဂိုလ်တစ်ဦးကို အသင်းတော်အကြီးအကဲများသည် အဘယ်ကြောင့် ကရုဏာပြသင့်သနည်း။

၁၃ အကြီးအကဲများသည် ဤသို့မိန့်တော်မူသည့် မဟာသိုးထိန်းရှင်ယေဟောဝါကို တုပကြသည်– “ငါသည် ငါ့သိုးများကို ကျွေးမွေးမည်။ . . . အရိုးကျိုးသောသိုးကို အဝတ်နှင့်စည်းမည်။ အားနည်းသောသိုးကို မစမည်။” (ယေဇကျေလ ၃၄:၁၅၊ ၁၆; ဧဖက် ၅:၁) ထိုစိတ်သဘောတော်နှင့်အညီ တပည့်တော်ယုဒက သံသယဝင်နေသော သို့မဟုတ် အပြစ်ပြုမိခဲ့သော ဘိသိက်ခံခရစ်ယာန်များကို ကရုဏာပြရန် တိုက်တွန်းခဲ့သည်။ (ယုဒ ၂၂၊ ၂၃) ကျွန်ုပ်တို့သည် အတွေ့အကြုံများသောခရစ်ယာန်များထံမှ အမြောက်အမြားကို မှန်ကန်စွာမျှော်လင့်ရကား အပြစ်ပြုသော်လည်း နောင်တယူသည့်—သိုးသငယ်လေးသာဖြစ်သော—နှစ်ခြင်းခံပြီးခါစပုဂ္ဂိုလ်တစ်ဦးကို ကရုဏာပြသင့်သည်မှာ သေချာသည်။ (လုကာ ၁၂:၄၈; ၁၅:၁-၇) ထို့ကြောင့် ‘ယေဟောဝါ၏အမှုတော်ကို စီရင်ပေး’ ရသည့်အကြီးအကဲများသည် ဤကဲ့သို့သောသိုးများကို ကြင်နာယုယစွာ စောင့်ရှောက်ပြီး နူးညံ့သောသဘောဖြင့် သူတို့ကို ပြုပြင်တည့်မတ်ပေးသည်။—၂ ရာဇဝင်ချုပ် ၁၉:၆; တမန်တော် ၂၀:၂၈၊ ၂၉; ဂလာတိ ၆:၁။d

၁၄။ လောလောလတ်လတ်နှစ်ခြင်းခံထားသော ကြေညာသူတစ်ဦး ကြီးလေးသောအပြစ်တစ်ခုကို ကျူးလွန်မိသောအခါ အဘယ်အရာလုပ်ဆောင်သင့်ပြီး သူမည်သို့အကူအညီ ရရှိနိုင်သနည်း။

၁၄ လောလောလတ်လတ် နှစ်ခြင်းခံထားသောကြေညာသူသည် ယခင်က အသောက်အစားပြဿနာရှိခဲ့ပြီး တစ်ကြိမ် နှစ်ကြိမ်သောက်ကြူးခဲ့ဖူးသည်ဆိုပါစို့။ သို့မဟုတ် သူသည် နှစ်ရှည်လများဆေးလိပ်စွဲသည့်အကျင့်ကို ကျော်လွှားခဲ့သော်လည်း ဆေးလိပ်သောက်ဖို့ သွေးဆောင်မှုတွင် တစ်ကြိမ်နှစ်ကြိမ် အညံ့ခံလိုက်ခြင်းဖြစ်ကောင်းဖြစ်မည်။ ကျွန်ုပ်တို့၏ညီအစ်ကိုအသစ်သည် ဘုရားသခင်ခွင့်လွှတ်ပေးဖို့အတွက် ဆုတောင်းခဲ့သော်ငြားလည်း အပြစ်သည် အကျင့်ပါသွားသည့်အရာဖြစ်မသွားရလေအောင် အကြီးအကဲတစ်ဦး၏ အကူအညီကို သူရှာယူသင့်သည်။ (ဆာလံ ၃၂:၁-၅; ယာကုပ် ၅:၁၄၊ ၁၅) သူသည် မိမိ၏အပြစ်ကို အကြီးအကဲတစ်ဦးအား ဖွင့်ပြောသည့်အခါ ထိုအကြီးအကဲသည် လူသစ်အား ကရုဏာပါသောနည်းဖြင့် ကြိုးစားပြီး ပြုပြင်တည့်မတ်ပေးသင့်သည်။ (ဆာလံ ၁၃၀:၃) ဤနောက်ပိုင်းတွင် သူ၏ခြေလှမ်းကို တည့်မတ်ပေးဖို့ထောက်ကူရန် ကျမ်းစာသွန်သင်ချက်ပေးခြင်းဖြင့် လုံလောက်ပေမည်။ (ဟေဗြဲ ၁၂:၁၂၊ ၁၃) ဤအကြီးအကဲသည် အနာဂတ်တွင်ပေးသင့်သည့် အကူအညီကိုဆုံးဖြတ်ရန် အသင်းတော် ဦးစီးကြီးကြပ်မှူးနှင့်အတူ အခြေအနေများကို ဆွေးနွေးမည်။

၁၅။ အချို့ကိစ္စများတွင် လောလောလတ်လတ်နှစ်ခြင်းခံထားသူတစ်ဦး အပြစ်ပြုသောအခါ အဘယ်အရာ လိုအပ်ကောင်းလိုအပ်မည်နည်း။

၁၅ တချို့ကိစ္စများတွင် ယင်းထက်ပို၍လိုအပ်ပေမည်။ ဟိုးလေးတကျော်မဖြစ်၊ သိုးတော်စုကိုအန္တရာယ်မဖြစ်ပါက သို့မဟုတ် အခြားကြီးလေးသောပြဿနာများပါဝင်ပတ်သက်နေပါက အကြီးအကဲအဖွဲ့သည် ထိုကိစ္စကို စုံစမ်းရန် အကြီးအကဲနှစ်ဦးကိုတာဝန်ပေးမည်။ ထိုကိစ္စသည် တရားရေးကော်မတီလိုအပ်လောက်သည့်အထိကြီးလေးကြောင်း ဤအကြီးအကဲများတွေ့ရှိပါက ယင်းကိုအကြီးအကဲအဖွဲ့ထံသို့ သတင်းပေးပို့မည်ဖြစ်သည်။ အကြီးအကဲအဖွဲ့သည် ထိုအချိန်တွင် အပြစ်ပြုသူကိုထောက်မပေးရန် တရားရေးကော်မတီတစ်ခုကိုဖွဲ့မည်။ တရားရေးကော်မတီသည် သူ့အား ကြင်နာသောနည်းဖြင့် ကိုင်တွယ်သင့်သည်။ သူတို့သည် သူ့အား ကျမ်းစာအတိုင်းပြုပြင်တည့်မတ်ပေးရန်ကြိုးစားသင့်သည်။ သူသည်တရားရေးကော်မတီ၏ ကြင်ကြင်နာနာကြိုးစားလုပ်ဆောင်မှုကို တုံ့ပြန်ပါက ဘုရားသခင့်နိုင်ငံတော်ခန်းမတွင်ကျင်းပသည့် အစည်းအဝေးများ၌ စင်မြင့်ပေါ်ကဏ္ဍများတွင် သူ့အား အခွင့်အရေး တစ်စုံတစ်ရာပေးဖို့ရှိမရှိ အစည်းအဝေးများတွင် ဖြေဆိုရန် ခွင့်ပြုသင့်မသင့်တို့ကို သူတို့ဆုံးဖြတ်နိုင်သည်။

၁၆။ အကြီးအကဲများသည် အပြစ်ပြုသောသူကို အကူအညီပေးရန် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

၁၆ အပြစ်ပြုသူက တုံ့ပြန်ပါက တရားရေးကော်မတီတွင်ပါဝင်သော အကြီးအကဲတစ်ဦး သို့မဟုတ် နှစ်ဦးသည် ထိုသူ၏ယုံကြည်ခြင်းကိုဖေးမပေးရန်နှင့် ဘုရားသခင့်ဖြောင့်မတ်သောစံညွှန်းများအပေါ် တန်ဖိုးထားလေးမြတ်ခြင်းကို တည်ဆောက်ပေးရန်ရည်သန်ကာ သိုးထိန်းလည်ပတ်မှုများလုပ်ဖို့ စီစဉ်နိုင်သည်။ သူတို့တစ်ဦးစီသည် ရံဖန်ရံခါဆိုသလို လယ်ကွင်းဓမ္မအမှုတွင် ထိုသူနှင့်အတူအမှုဆောင်နိုင်မည်။ သူတို့သည် ထိုသူနှင့်အတူ သင့်တော်သည့် ကင်းမျှော်စင်နှင့် နိုးလော့! ဆောင်းပါးများကို အသုံးပြုကာ ကျမ်းစာဆွေးနွေးခန်းအနည်းငယ်ကို စီစဉ်နိုင်ဖွယ်ရှိသော်လည်း ပုံမှန်ကျမ်းစာသင်အံမှုကို စီစဉ်ဆောင်ရွက်နေခြင်းမဟုတ်ပါ။ ဤသို့သော ကြင်နာသည့် စောင့်ရှောက်မှုကြောင့် အပြစ်ပြုသူသည် နောင်တွင် သွေးသားအားနည်းမှုများကို တွန်းလှန်နိုင်သည့်အထိ သန်မာလာပေမည်။

၁၇။ နှစ်ခြင်းခံပြီးသည့် အပြစ်ပြုသူတစ်ဦးသည် နောင်တမယူ၊ မိမိ၏အပြစ်ရှိသောလမ်းစဉ်ကိုလည်းမစွန့်လွှတ်ပါက အဘယ်ခြေလှမ်းများကို လှမ်းယူရသနည်း။

၁၇ အမှန်မှာ၊ လောလောလတ်လတ်နှစ်ခြင်းခံထားခြင်းသည် အပြစ်ကိုနောင်တမယူတမ်း ဆက်လုပ်နေရန်အတွက်ဆင်ခြေမဟုတ်ပါ။ (ဟေဗြဲ ၁၀:၂၆၊ ၂၇; ယုဒ ၄) နှစ်ခြင်းခံထားသော အပြစ်ပြုသူမည်သူမဆို နောင်တမယူ၊ မိမိ၏အပြစ်ရှိသောလမ်းစဉ်ကို မစွန့်လွှတ်ပါက ထိုသူသည် အသင်းတော်မှ နှင်ထုတ်ခံရမည်။ (၁ ကောရိန္သု ၅:၆၊ ၁၁-၁၃; ၂ သက်သာလောနိတ် ၂:၁၁၊ ၁၂; ၂ ယောဟန် ၉-၁၁) အရေးယူဖို့ လိုအပ်သည်ဟုယူဆသောအခါ အကြီးအကဲအဖွဲ့သည် တရားရေးကော်မတီတစ်ခုကို ရွေးမည်။ နှင်ထုတ်ဖို့ရှိပါက ဤအတိုချုပ်ကြေညာချက်ကို ကြေညာမည်– “ . . . ကို နှင်ထုတ်လိုက်ပါပြီ။”e

‘ရင့်ကျက်သည့်အဖြစ်သို့တက်လှမ်း’ ရန် သူတို့ကို ကူညီ

၁၈။ နှစ်ခြင်းခံပြီးခါစခရစ်ယာန်များနှင့် အခြားသူများသည် ယေဟောဝါနှင့် ကိုယ်တော့်အလိုတော်အကြောင်း အမြဲပင် လေ့လာစရာများစွာရှိသည်ဟု အဘယ်ကြောင့် ကျွန်ုပ်တို့သေချာပေါက်ပြောနိုင်သနည်း။

၁၈ ဘုရားသခင့်ကျေးကျွန်အများစုမှာ သိုးတော်စုတွင် ဆက်ရှိနေကြမည်။ ကျွန်ုပ်တို့အားလုံးလည်း ကိုယ်တော်နှင့် ကိုယ်တော့်အလိုတော်အကြောင်းကို အမြဲတမ်းတိုး၍သင်ယူနိုင်မည်ဖြစ်သောကြောင့် မိမိတို့ကောင်းကင်ခမည်းတော်ထံ ယခင်ကထက် သာ၍နီးကပ်စွာချည်းကပ်နိုင်မည်ဖြစ်သည်။ (ဒေသနာ ၃:၁၁; ယာကုပ် ၄:၈) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ထောင်နှင့်ချီသော နှစ်ခြင်းခံသူများသည် တိုးတက်သင်ယူစရာရှိခဲ့မည်မှာ သေချာသည်။ (တမန်တော် ၂:၅၊ ၃၇-၄၁; ၄:၄) ကျမ်းစာနောက်ခံမရှိထားသော တစ်ပါးအမျိုးသားများလည်း အလားတူပင်ဖြစ်သည်။ ဥပမာ၊ အေသင်မြို့ရှိ အာရေတောင်ပေါ်တွင် ပေါလုဟောပြောချက်ပေးပြီးနောက် နှစ်ခြင်းခံသူများသည် ဤသို့ပင်ဖြစ်ခဲ့သည်။ (တမန်တော် ၁၇:၃၃၊ ၃၄) ယနေ့တွင်လည်း နှစ်ခြင်းခံပြီးခါစပုဂ္ဂိုလ်များသည် သင်ယူစရာများစွာရှိကြပြီး ဘုရားသခင့်အမြင်တွင် မှန်ရာကိုဆက်လက်လုပ်ဆောင်မည့် မိမိတို့၏သန္နိဋ္ဌာန်ကို ပိုမိုခိုင်မာလာစေရန် အချိန်နှင့် အကူအညီလိုအပ်သည်။—ဂလာတိ ၆:၉; ၂ သက်သာလောနိတ် ၃:၁၃။

၁၉။ နှစ်ခြင်းခံကြသူများသည် ‘ရင့်ကျက်ခြင်းအဖြစ်သို့ တက်လှမ်း’ ရန် မည်သို့အကူအညီပေးခံရနိုင်သနည်း။

၁၉ နှစ်စဉ်နှစ်တိုင်း ထောင်နှင့်ချီသောသူများ နှစ်ခြင်းယူကြရာ သူတို့သည် ‘ရင့်ကျက်သည့်အဖြစ်သို့တက်လှမ်း’ နိုင်ရန် အကူအညီလိုအပ်သည်။ (ဟေဗြဲ ၆:၁-၃၊ ကဘ) အပြောအဆို၊ ပုံနမူနာနှင့် ဓမ္မအမှုတွင် လက်တွေ့ကျအကူအညီပေးခြင်းတို့အားဖြင့် အချို့သောသူများကို ဥပဓိရုပ်သစ်ဝတ်ဆင်ရန်နှင့် “သမ္မာတရားအတိုင်း . . . လျှောက်လိုက်” နေရန် သင်ကူညီနိုင်ပေမည်။ (၃ ယောဟန် ၄၊ သမ; ကောလောသဲ ၃:၉၊ ၁၀) သင်သည် အတွေ့အကြုံရှိသော ကြေညာသူတစ်ဦးဖြစ်ပါက အကြီးအကဲများသည် လယ်ကွင်းလုပ်ငန်းတွင် ယုံကြည်သူချင်းဖြစ်လာသောလူသစ်များကို ကူညီရန် သို့မဟုတ် ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်း၊ ခရစ်ယာန်အစည်းအဝေးများကို သူတို့၏တန်ဖိုးထားခြင်းစသည်တို့တွင် သန်မာလာစေရန်အလို့ငှာ အပတ်အနည်းငယ်ကြာ သူတို့နှင့် အချို့သောကျမ်းစာအချက်အလက်များကို ဆွေးနွေးရန် သင့်ကို ဖိတ်မန္တကပြုပါလိမ့်မည်။ သိုးတော်စုအပေါ် သိုးထိန်းများ၏ဆက်ဆံရေးသည် တိုက်တွန်းအားပေးတတ်သည့် ဖခင်ကဲ့သို့လည်းကောင်း၊ နူးညံ့သိမ်မွေ့သည့် မိခင်ကဲ့သို့လည်းကောင်း ဖြစ်သည်။ (၁ သက်သာလောနိတ် ၂:၇၊ ၈၊ ၁၁) သို့တိုင် အကြီးအကဲနှင့် ဓမ္မအမှုထမ်းတချို့သည် အသင်းတော်လိုအပ်ရာမှန်သမျှကို စောင့်ရှောက်ကူညီခြင်းငှာ မတတ်နိုင်ကြပါ။ ကျွန်ုပ်တို့အားလုံးသည် အချင်းချင်းကူညီယိုင်းပင်းတတ်သည့် အိမ်သားများပါဝင်သော မိသားစုတစ်စုနှယ်ဖြစ်သည်။ ကျွန်ုပ်တို့ယောက်စီသည် ဝတ်ပြုသူချင်းများကို တစ်ခုမဟုတ်တစ်ခု အကူအညီပေးနိုင်ကြသည်။ သင်ကိုယ်တိုင်သည် အားပေးမှုပြုခြင်း၊ စိတ်ဓာတ်ကျသူများကို နှစ်သိမ့်မှုပေးခြင်းနှင့် အားနည်းသူများကို ထောက်ပံ့ပေးခြင်းတို့ကို ပြုနိုင်ပေမည်။—၁ သက်သာလောနိတ် ၅:၁၄၊ ၁၅။

၂၀။ ဘုရားသခင်အားသိကျွမ်းခြင်းပညာကို ဖြန့်ချိရန်နှင့် ယေဟောဝါအထံတော်၌ ကျက်စားသောသိုးများကို ကြင်နာယုယသောစောင့်ရှောက်မှုပေးရန် သင်ဘာလုပ်နိုင်သနည်း။

၂၀ လူသားသည် ဘုရားသခင်ကိုသိကျွမ်းခြင်းပညာလိုအပ်လေရာ ယေဟောဝါသက်သေတစ်ယောက်အနေနှင့် သင်သည် ယင်းကို ရွှင်လန်းစွာပါဝင်ဖြန့်ချိနိုင်သည်။ ယေဟောဝါ၏သိုးများသည် ကြင်နာယုယသောစောင့်ရှောက်မှုလိုအပ်ပြီး ယင်းသို့အထောက်အကူပြုရေးတွင် မေတ္တာပါသောတာဝန်တစ်ခုကို သင်ထမ်းဆောင်နိုင်သည်။ ယေဟောဝါသည် သင့်ဓမ္မအမှုကို ကောင်းချီးသွန်းဖြိုးကာ ကိုယ်တော်ထံ၌ကျက်စားသောသိုးများကို အကူအညီပေးရန် သင်၏လှိုက်လှဲသောအားထုတ်မှုများအတွက် ဆုချပေးသနားတော်မူပါစေ။

[အောက်ခြေမှတ်ချက်များ]

a ဤအချိန်တွင် ထိုလူသစ်သည် မိမိတို့ဓမ္မအမှုကျေပွန်စေရန် အဖွဲ့အစည်းစာအုပ်တစ်အုပ်ကို ရရှိပေမည်။

b နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည်။

c နယူးယောက်မြို့၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည်။

d နှစ်ခြင်းမခံရသေးသော ကြေညာသူများအတွက် ဤကဲ့သို့သောအစီအစဉ်တစ်ခုကို ၁၉၈၉၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၅-၂၀ တွင်တွေ့ရသည့် “ဘုရားသခင်ကိုဝတ်ပြုရန် အခြားသူတို့အား ကူညီခြင်း” ဆောင်းပါးတွင် အကြမ်းဖျင်းဖော်ပြထားသည်။

e နှင်ထုတ်ဖို့ဆုံးဖြတ်လိုက်ပြီး အယူခံဝင်ခြင်းရှိပါက ကြေညာချက်ကို ခေတ္တဆိုင်းထားသည်။ မိမိတို့ဓမ္မအမှုကျေပွန်စေရန် အဖွဲ့အစည်းစာအုပ် စာမျက်နှာ ၁၈၀-၈၁ ရှု။

သင်မည်သို့ဖြေဆိုမည်နည်း

◻ ယေဟောဝါသည် မိမိ၏သိုးများကို မည်သို့ဆက်ဆံသနည်း။

◻ လူသစ်များသည် ဟောပြောချင်သောအခါ အဘယ်အရာကိုလုပ်ဆောင်သနည်း။

◻ ယုံကြည်သူချင်းများသည် အထူးလိုအပ်ချက်များရှိသည့် လူသစ်များကို မည်သို့ကူညီပေးနိုင်သနည်း။

◻ အပြစ်ပြုသော်လည်း နောင်တယူသူများကို အကြီးအကဲများ မည်သို့အကူအညီပေးနိုင်သနည်း။

◻ နှစ်ခြင်းခံပြီးခါစ လူတစ်ဦး ‘ရင့်ကျက်ခြင်းအဖြစ်သို့တက်လှမ်း’ ရန် သင်မည်သို့အကူအညီပေးနိုင်ဖွယ်ရှိသနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ချားလ် တီ. ရပ်စယ်လ်ကို မေတ္တာပြည့်ဝသော သိုးထိန်းတစ်ဦးအဖြစ် လူသိများကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ထောက်ထားကြင်နာသော သိုးထိန်းများသည် ဘုရားသခင့်သိုးတော်စုကို ကြင်နာယုယစွာ ဆက်ဆံကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ