အကြမ်းဖက်မှု၏ထာဝရနိဂုံး —မည်သို့အားဖြင့်နည်း
အကြမ်းဖက်မှုဒီရေကိုတားဆီးရန် အမေရိကန်နိုင်ငံရှိမြို့ကြီးပြကြီးအချို့တွင် အကြံသစ်တစ်ခုကို စမ်းသပ်ခဲ့ကြ၏—သေနတ်များကို ပြန်အပ်မည်ဆိုလျှင် ငွေ သို့မဟုတ် ကုန်ပစ္စည်းကိုပေးမည်၊ စစ်ဆေးမေးမြန်းခြင်းရှိမည်မဟုတ်။ အကျိုးရလဒ်ကားအသို့နည်း။ ဥပမာ စိန့် လုဝိစ်မြို့တွင် ကုန်ကျစရိတ် ဒေါ်လာ ၃၄၁,၀၀၀ ဖြင့် သေနတ် ၈,၅၀၀ ကိုစုစည်းရရှိခဲ့သည်။ နယူးယောက်မြို့တော်တွင် ထပ်တူအစီအစဉ်ကို ပြုလုပ်ခဲ့ရာ လက်နက်တစ်ထောင်ထက်မနည်း ရရှိခဲ့၏။
ဤအရာအားလုံးတို့က ရာဇဝတ်မှုအပေါ် မည်သည့်အကျိုးသက်ရောက်မှုရှိခဲ့သနည်း။ ဝမ်းနည်းဖွယ်မှာ အနည်းငယ်သာရှိခဲ့သည်။ နောက်တစ်နှစ်၌ သေနတ်နှင့်ဆက်နွှယ်နေသောလူသတ်မှုများသည် စိန့် လုဝိစ်မြို့တွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ နယူးယောက်မြို့တော်တွင် လမ်းများပေါ်၌ သေနတ်နှစ်သန်းရှိဦးမည်ဟု ခန့်မှန်းကြသည်။ အမေရိကန်နိုင်ငံတွင် ကိုယ်ပိုင်သေနတ် သန်း ၂၀၀ ခန့်ရှိကာ၊ ယင်းသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး တစ်ယောက်တစ်လက်နီးပါးခန့်ပင်ဖြစ်သည်။ အခြားနိုင်ငံများတွင် သေနတ်နှင့်ဆက်နွှယ်နေသောအကြမ်းဖက်မှုသည် ထိတ်လန့်ဖွယ်နှုန်းထားဖြင့် တိုးများလာလျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင် “ရဲမှတ်တမ်းအရ ၁၉၈၃ နှင့် ၁၉၉၃ ခုနှစ်အကြား၌ သေနတ်ပါဝင်သည့် ပြစ်မှုအရေအတွက်သည် ၁၄,၀၀၀ အထိတိုင် နှစ်ဆနီးပါးမျှတိုးများလာသည်” ဟု သည်အီကောနမစ္စက ဆို၏။ အချိုးအစားအရဆိုလျှင် လူသတ်မှုနှုန်းသည် နိမ့်သော်လည်း ထိုနိုင်ငံ၌ တရားမဝင်လက်နက်တစ်သန်းခန့်ရှိပေသည်။
ထိုကြောက်မက်ဖွယ်အရေအတွက်ကို လျှော့ချခဲ့သည့်မည်သည့်လျှော့ချမှုမဆိုသည် ရှေ့သို့တစ်လှမ်းတိုးခြင်း အမှန်ပင်ဖြစ်ပေသည်။ သို့သော်လည်း အထက်တွင်ဖော်ပြခဲ့သော လုပ်ငန်းစဉ်များသည် အကြမ်းဖက်မှု၏ဇာစ်မြစ်အကြောင်းရင်းသို့ ရောက်ရှိဖို့ဝေးပေသေးသည်။ ထိုအကြောင်းရင်းများကား အဘယ်နည်း။ အကြောင်းများစွာကို ဖော်ပြခဲ့ပြီဖြစ်သော်လည်း ယင်းတို့မှအနည်းငယ်တို့သာ အခြေခံကျသည်။ မိသားစုတည်ငြိမ်မှုနှင့် စာရိတ္တဆိုင်ရာသင်ကြားပို့ချမှုမရှိခြင်းတို့က များစွာသောလူငယ်တို့အား ပိုင်ဆိုင်ခံလိုစိတ်ဖြင့် ဂိုဏ်းဝင်များဖြစ်စေခဲ့သည်။ အမြတ်အစွန်းကြီးကြီးမားမားရနိုင်သည့် ဆွဲဆောင်မှုက များစွာသောသူတို့အား အကြမ်းဖက်မှုကိုကျူးလွန်ရန် လှုံ့ဆော်ပေးသည်။ တရားမျှတမှုမရှိခြင်းက အခြားသူများအား အကြမ်းဖက်နည်းများကို အသုံးပြုရန် တွန်းအားပေးသည်။ နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ် သို့မဟုတ် အဆင့်အတန်းဂုဏ်တို့သည် အခြားသူတို့၏ဒုက္ခကို လျစ်လျူရှုစေသည်။ ယင်းတို့သည် နက်ရှိုင်းစွာအမြစ်တွယ်နေသည့်အခြေခံအကြောင်းတရားများဖြစ်ရာ လျင်မြန်စွာပြုပြင်နိုင်သည့်နည်းလမ်းဟူ၍မရှိပါ။
ဘာပြုလုပ်နိုင်မည်နည်း
ရဲသားများထပ်တိုးခြင်း၊ ပို၍ပြင်းထန်သည့်ထောင်ဒဏ်ချမှတ်ခြင်း၊ လက်နက်ကိုထိန်းချုပ်ခြင်း၊ သေဒဏ်ပေးခြင်း—ဤအရာအားလုံးတို့ဖြင့် ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုကို ထိန်းချုပ်ရန်အကြံပြုပြီး စမ်းသပ်ကြည့်ခဲ့ကြပြီ။ အောင်မြင်မှုအတိုင်းအတာအမျိုးမျိုးရရှိခဲ့သော်လည်း ဝမ်းနည်းစရာမှာ အကြမ်းဖက်မှုသည် အများအပြားရှိမြဲရှိဆဲပင်ဖြစ်၏။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ အဆိုပါလုပ်ငန်းစဉ်များသည် ရောဂါ၏လက္ခဏာများကိုသာ ကုသသည့်အတွက်ကြောင့်ဖြစ်၏။
အခြားတစ်ဖက်တွင်မူ ကျွမ်းကျင်သူအများက အကြမ်းဖက်မှုကိုအဆုံးသတ်ရန်အတွက် သော့ချက်မှာ ပညာရေးပင်ဖြစ်သည်ဟု ယူမှတ်ကြ၏။ ဤအကြံမှာ ကောင်းသော်လည်း အကြမ်းဖက်မှုသည် ပညာသင်နိုင်ခွင့်ကန့်သတ်ချက်ရှိသော နိုင်ငံများ၌သာ ကန့်သတ်ထားခြင်းမရှိကြောင်း သတိပြုရပေမည်။ အမှန်ဆိုရသော် အကြမ်းဖက်မှုအဆိုးဆုံး နိုင်ငံအချို့သည် ပညာရေးအဆင့်အတန်းအမြင့်မားဆုံး နိုင်ငံများပင်ဖြစ်ပုံရှိပေသည်။ လိုအပ်နေသောအရာမှာ ပညာရေးမျှသာမဟုတ်ဘဲ အမျိုးအစားမှန်ကန်သည့် ပညာရေးဖြစ်ကြောင်း တွေ့ရှိရန်မခဲယဉ်းပါ။ ယင်းသည် အဘယ်သို့သော အမျိုးအစားဖြစ်သနည်း။ လူများအား ငြိမ်သက်မှုကိုမြတ်နိုး၍ ဖြောင့်မတ်သည့်သူများဖြစ်လာအောင် သင်ပေးနိုင်သူ တစ်စုံတစ်ယောက်များရှိပါသလော။
“ငါယေဟောဝါသည် သင်တို့၏ဘုရား၊ သင်တို့ကိုယ်တိုင်အကျိုးကျေးဇူးခံစားရရန် သွန်သင်ပေးသောအရှင်၊ လျှောက်သင့်သောလမ်းအတိုင်း သင်တို့၏ခြေကိုလှမ်းစေသောအရှင်ဖြစ်၏။ သင်တို့သည် ငါ့ပညတ်တော်များကို အမှန်သာဂရုစိုက်လေ! သို့ဆိုလျှင် သင်တို့၏ငြိမ်သက်ခြင်းသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်တို့၏ဖြောင့်မတ်ခြင်းသည် ပင်လယ်လှိုင်းကဲ့သို့လည်းကောင်း ဖြစ်လာမည်။” (ဟေရှာယ ၄၈:၁၇၊ ၁၈၊ ကဘ) လူများအား ငြိမ်သက်မှုမြတ်နိုး၍ ဖြောင့်မတ်သူများဖြစ်အောင် ယေဟောဝါဘုရားသခင် မည်သို့သွန်သင်ပေးသနည်း။ အဓိကနည်းမှာ ကိုယ်တော်၏နှုတ်ကပါဌ်တော်ကျမ်းစာအားဖြင့်ဖြစ်သည်။
ဘုရားသခင့်နှုတ်ကပါဌ်တော်၏ တန်ခိုး
ကျမ်းစာသည် ခေတ်နောက်ကျ၍ သက်ဆိုင်မှုမရှိတော့သော ရှေးဒဏ္ဍာရီများနှင့် ဆိုရိုးများကို စုစည်းထားခြင်းမျှသာဖြစ်ဖို့ဝေးစွ။ ယင်း၌ လူ့သဘောသဘာဝကို အမြင့်ဆုံးနေရာမှနေ၍ မည်သူထက်မဆိုကောင်းစွာသိနားလည်တော်မူသော လူ့ဖန်ဆင်းရှင်ထံမှ မူများနှင့် အကြံဉာဏ်များပါရှိသည်။ “မိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏” ဟု ယေဟောဝါဘုရားသခင် မိန့်တော်မူ၏။—ဟေရှာယ ၅၅:၉။
ဤအကြောင်းကြောင့် တမန်တော်ပေါလုက “ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏” ဟု သက်သေခံခဲ့ခြင်းဖြစ်သည်။ (ဟေဗြဲ ၄:၁၂) မှန်၏၊ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် လူတစ်ဦး၏နှလုံးထိတိုင် ထိမိ၍ သူ၏အတွေးအခေါ်နှင့်အကျင့်အကြံများကိုပြောင်းလဲပေးသည့် တန်ခိုးရှိသည်။ ယင်းသည် ယနေ့ လူတို့၏အကြမ်းဖက်သည့်လမ်းစဉ်ကို ပြောင်းလဲရန်လိုအပ်သည့်အရာပင် မဟုတ်ပေလော။
နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ယခု အရေအတွက်ငါးသန်းခန့်ရှိသော ယေဟောဝါသက်သေများသည် ဘုရားသခင့်နှုတ်ကပါဌ်တော်က သာ၍ကောင်းသောအသက်တာသို့ ပြောင်းလဲပေးနိုင်သည့်တန်ခိုး အမှန်ပင်ရှိကြောင်း သက်ရှိသက်သေများပင်ဖြစ်သည်။ သူတို့သည် လူမျိုးအသွယ်သွယ်၊ ဘာသာစကားအသီးသီးမှဖြစ်ကြ၏။ လူတန်းစားအလွှာစုံ၊ လူမှုရေးနောက်ခံပေါင်းစုံတို့မှ လာကြခြင်းလည်းဖြစ်သည်။ သူတို့ထဲမှအချို့တို့သည် ယခင်က အကြမ်းဖက်ပြီး တည်ငြိမ်မှုကင်းမဲ့သော အသက်တာမျိုးရှိခဲ့ကြသည်။ သို့သော် ဤကဲ့သို့သောအကြောင်းရင်းများကို သူတို့စပ်ကြား၌ ရန်လိုမုန်းထားခြင်း၊ အန်တုဖက်ပြိုင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းနှင့် မုန်းတီးခြင်းတို့ကို ဆွပေးခွင့်ပြုမည့်အစား ၎င်းအရံအတားများကိုကျော်လွှားရန် သင်ယူပြီး ကမ္ဘာတစ်ဝန်း၌ ငြိမ်သက်မှုကိုမြတ်နိုးသော၊ စည်းလုံးသည့်လူမျိုးဖြစ်လာကြလေသည်။ ယင်းကို အဘယ်အရာက ဖြစ်စေသနည်း။
အကြမ်းဖက်မှုကို နိဂုံးချုပ်စေသော လုပ်ငန်းစဉ်
ယေဟောဝါသက်သေများသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကျမ်းစာတွင်ဖော်ပြထားသည့် ကိုယ်တော့်ရည်ရွယ်တော်မူချက်နှင့်ပတ်သက်သော တိကျမှန်ကန်သည့်အသိပညာကို အခြားသူများရရှိအောင်ကူညီပေးဖို့ရန် တာဝန်လွှဲအပ်ခြင်းခံထားရသည်။ အရပ်ဒေသအသီးသီးတို့၌ ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလိုသူ၊ ကိုယ်တော့်သွန်သင်မှုကို ခံလိုသူများကို သူတို့ကြိုးစား၍ရှာဖွေနေကြ၏။ သူတို့၏ကြိုးစားအားထုတ်မှုများသည် အသီးသီးပွင့်လျက်ရှိသည်။ ဤပညာပေးလုပ်ငန်းစဉ်၏အကျိုးရလဒ်မှာ အံ့ဖွယ်ပရောဖက်ပြုချက်တစ်ခုကို ပြည့်စုံနေစေခြင်းပင်ဖြစ်သည်။
လွန်ခဲ့သောနှစ်ပေါင်း ၂,၇၀၀ ခန့်က ပရောဖက်ဟေရှာယသည် ဤသို့ရေးသားရန် မှုတ်သွင်းခံရသည်– “နောက်ဆုံးသောကာလ၌ . . . များပြားသောသူတို့ကလည်း ‘လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်’ ဟု ခရီးသွားလျက်ပြောဆိုကြလိမ့်မည်။”—ဟေရှာယ ၂:၂၊ ၃။
ယေဟောဝါ၏သွန်သင်မှုကို ခံရခြင်းနှင့် ကိုယ်တော့်လမ်းတော်တွင် လျှောက်လှမ်းနေခြင်းသည် လူတို့၏အသက်တာ၌ အံ့ဖွယ်သောပြောင်းလဲမှုများကို ဖြစ်စေနိုင်သည်။ ထိုပရောက်ဖက်ပြုချက်၌ပင် ပြောင်းလဲမှုများထဲမှ တစ်ခုကို ဤသို့ ကြိုဟောထား၏– “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည်စစ်မတိုက် စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။” (ဟေရှာယ ၂:၄) ဤကျမ်းချက်ကို လူအများ ဖတ်ပြီးဖြစ်မည်။ အမှန်ဆိုရလျှင် ဤကျမ်းပိုဒ်ကို နယူးယောက်မြို့တော်ရှိ ယူအဲန်ပလဆာမှ နံရံတစ်ခုပေါ်တွင် ထွင်းထုထားသည်။ ယင်းသည် ယူအဲန် ကြိုးပမ်းနေသည့်အရာနှင့်ပတ်သက်သော သတိပေးချက်ဖြစ်သော်လည်း ယင်းကိုအကောင်အထည်ပေါ်အောင် မလုပ်ဆောင်နိုင်ကြပေ။ ဤစစ်နှင့် အကြမ်းဖက်မှုကို အစတုံးပစ်ခြင်းသည် မည်သည့်လူ့အုပ်ချုပ်ရေးအဖွဲ့အစည်းအားဖြင့်မျှ အောင်မြင်နိုင်မည်မဟုတ်ပေ။ ယင်းသည် ယေဟောဝါဘုရားသခင်တစ်ပါးတည်းသာ လုပ်ဆောင်နိုင်သောအရာဖြစ်သည်။ ယင်းကို ကိုယ်တော် မည်သို့ ဖြစ်မြောက်စေမည်နည်း။
ရှင်းနေသည်မှာ လူအားလုံး “ထာဝရဘုရား၏တောင်တော် . . . သို့တက်သွား” ကာ ‘ကိုယ်တော့်လမ်းခရီးတော်အကြောင်း ပြသသွန်သင်မှုခံယူ’ ၍ “ခြေတော်ရာသို့လိုက်” ရန် ဖိတ်ခေါ်ချက်ကို တုံ့ ပြန်ကြလိမ့်မည်မဟုတ်ကြောင်း၊ အားလုံးတို့သည် “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်” လိုကြလိမ့်မည်မဟုတ်ကြောင်းထင်ရှားသည်။ ထိုသို့သောသူတို့ကို ယေဟောဝါ မည်သို့ ပြုတော်မူလိမ့်မည်နည်း။ ကိုယ်တော်သည် အခွင့်အရေးတံခါးကို ထာဝစဉ်ဖွင့်ထားမည် သို့မဟုတ် သူတို့ပြောင်းလဲလာရန် ထာဝစဉ် စောင့်မျှော်နေမည် မဟုတ်ပါ။ အကြမ်းဖက်မှုကို နိဂုံးချုပ်ရန် အကြမ်းဖက်မှုလမ်းစဉ်ကိုမစွန့်လိုသူများကို ယေဟောဝါ နိဂုံးချုပ်တော်မူမည်။
အရေးကြီးသင်ခန်းစာတစ်ခု
နောဧခေတ်တွင် ဘုရားသခင်လုပ်ဆောင်ခဲ့ရာများသည် ယနေ့ ကျွန်ုပ်တို့အတွက် သတိပေးသင်ခန်းစာတစ်ရပ်ဖြစ်၏။ ထိုအချိန်က အဘယ်ကဲ့သို့သောကမ္ဘာလောကတည်ရှိခဲ့ကြောင်း ကျမ်းစာမှတ်တမ်းက ဤသို့ဖော်ပြသည်– “မြေကြီးသည် ဘုရားသခင့်ရှေ့ မှာပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။” ဤအကြောင်းကြောင့် နောဧအား ဘုရားသခင်က “သတ္တဝါအပေါင်းတို့၏အဆုံးသည် ငါ့မျက်မှောက်တွင်ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်” ဟု အသိပေးခဲ့ခြင်းဖြစ်သည်။—ကမ္ဘာဦး ၆:၁၁၊ ၁၃။
အရေးကြီးသည့်အချက်တစ်ချက်ကို ကျွန်ုပ်တို့ သတိပြုရမည်။ ထိုလူမျိုးဆက်အပေါ် ရေလွှမ်းခဲ့ချိန်က နောဧနှင့် သူ၏မိသားစုကို ဘုရားသခင်ကာကွယ်စောင့်မပေးတော်မူခဲ့သည်။ အဘယ့်ကြောင့်နည်း။ ကျမ်းစာက ဤသို့ဖြေဆို၏– “နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏။” (ကမ္ဘာဦး ၆:၉; ၇:၁) ထိုအချိန်၌အသက်ရှင်ခဲ့သူယောက်စီယောက်တိုင်းသည် အကြမ်းဖက်သည့်ပုဂ္ဂိုလ်ဖြစ်မည်မဟုတ်သော်လည်း နောဧနှင့် သူ၏မိသားစုသာ “ဘုရားသခင်နှင့်အတူသွားလာ” ခဲ့သည်။ ယင်းအကြောင်းကြောင့်ပင် ထိုအကြမ်းဖက်လောကကြီးကို နိဂုံးချုပ်ပစ်ရာတွင် သူတို့အသက်ရှင်လွတ်မြောက်ခဲ့ခြင်းဖြစ်၏။
ကမ္ဘာကြီးသည် နောက်တစ်ဖန် “အဓမ္မအမှုနှင့်ပြည့်” လာနေသည်ကို ကျွန်ုပ်တို့တွေ့မြင်သကဲ့သို့ ဘုရားသခင် မသိမမြင်ဘဲနေမည်မဟုတ်ကြောင်း ကျွန်ုပ်တို့သေချာနိုင်သည်။ နောဧခေတ်၌ ကိုယ်တော်ပြုတော်မူခဲ့သကဲ့သို့ပင် မကြာမီအချိန်၌ ကိုယ်တော်သည် အကြမ်းဖက်မှုကို အရေးယူဆောင်ရွက်ကာ ထာဝစဉ်နိဂုံးချုပ်စေတော်မူမည်။ သို့သော် ယခုအချိန်၌ ‘မှန်သောဘုရားသခင်နှင့်အတူသွားလာ’ ရန် သင်ယူနေကြသူ၊ ငြိမ်းချမ်းမှုအတွက် ကိုယ်တော်၏ကြီးမားလှသောပညာပေးလုပ်ငန်းစဉ်ကို တုံ့ ပြန်နေကြသူများအတွက် လုံခြုံသည့်လမ်းကိုလည်း ကိုယ်တော်ပြင်ဆင်ပေးပေလိမ့်မည်။
ဆာလံဆရာမှတစ်ဆင့် ဤအာမခံချက်ကို ယေဟောဝါပေးတော်မူခဲ့သည်– “ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကိုစေ့စေ့ရှာ၍မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”—ဆာလံ ၃၇:၁၀၊ ၁၁။
“ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်” ဟု ပြောသောသူများနှင့် အသင်တွဲဖက်နိုင်ဖို့ ယေဟောဝါသက်သေများသည် အသင်နှင့်ကျမ်းစာလေ့လာမှုပြုရန် ပျော်ရွှင်ကြပေမည်။ (ဟေရှာယ ၂:၃) ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် အသင်သည် ဆိုးသွမ်းမှုနှင့် အကြမ်းဖက်မှုအားလုံးတို့၏နိဂုံးကို တွေ့ မြင်ရမည့်သူများအဝင် ဖြစ်နိုင်ပေမည်။ သင်သည် “များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်” နိုင်မည်တည်း။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
Reuters/Bettmann