မိတ်စစ်ဆွေစစ်များကို ကျွန်ုပ်တို့လိုအပ်
ဂျဲနီနှင့် စုတို့သည် စကားလက်ဆုံကျနေကြသည်။ အပြုံးရိပ်များ၊ တောက်ပသည့်မျက်လုံးများ—သူတို့၏ဟန်ပန်အမူအရာအားလုံးတို့က အခြားသူတစ်ဦးပြောမည့်စကားများကို စိတ်ဝင်တစားရှိကြောင်း ဖော်ပြနေသည်။ နောက်ခံခြင်းမတူညီကြသော်လည်း သူတို့သည် အများစု၌ အသွင်တူညီမှုရှိပြီး တစ်ဦးကိုတစ်ဦး လေးစားမှုရှိကြောင်း သိသာလှပေသည်။
အခြားတစ်နေရာ၌မူ အဲရစ်ခ်နှင့် ဒဲနစ်စ်တို့သည် နှစ်များတစ်လျှောက်လုပ်ကိုင်ခဲ့ကြသော စီမံကိန်းများစွာတို့အနက်မှတစ်ခု၌ အတူတကွလုပ်ကိုင်လျက်ရှိကြသည်။ သူတို့သည် ပျော်ပျော်ပါးပါး၊ ရယ်ရယ်မောမောရှိကြသည်။ အာလာပသလ္လာပပြောဆိုရာမှ အရေးကြီးသည့်အကြောင်းများသို့ ကူးပြောင်းသွားသောအခါ၌လည်း ယူဆချက်များကို ပွင့်ပွင့်လင်းလင်း ဖလှယ်ကြသည်။ တစ်ဦးနှင့်တစ်ဦး လေးလေးစားစားရှိကြသည်။ ဂျဲနီနှင့် စုတို့ကဲ့သို့ပင် အဲရစ်ခ်နှင့် ဒဲနစ်စ်တို့သည် မိတ်စစ်ဆွေစစ်များဖြစ်ကြသည်။
ဤဖော်ပြချက်များက သင့်နှလုံးကို နွေးထွေးစေပြီး သင့်မိတ်ဆွေများအကြောင်း စဉ်းစားစရာဖြစ်စေပေမည်။ နောက်တစ်နည်းဆိုရလျှင် ၎င်းကဲ့သို့သောခင်မင်ရင်းနှီးမှုမျိုးကို တောင့်တမှုဖြစ်စေပေမည်။ အသင်လည်း သူတို့ကိုရရှိနိုင်ပါသည်တကား!
မိတ်စစ်ဆွေစစ်များကို ကျွန်ုပ်တို့လိုအပ်ရခြင်းအကြောင်း
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာမှုအတွက် အကျိုးရှိသောခင်မင်ရင်းနှီးမှုများ မရှိမဖြစ်လိုအပ်၏။ သို့သော် ကျွန်ုပ်တို့အထီးကျန်စိတ်ခံစားရသောအခါ ယင်းက ကျွန်ုပ်တို့၌ တစ်ခုခုမှားယွင်းနေသည်ဟု မဆိုလိုပါ။ အထီးကျန်ဖြစ်ခြင်းသည် ကျွန်ုပ်တို့၌ အပေါင်းအသင်းငတ်မွတ်နေကြောင်း၊ ပေါင်းသင်းဆက်ဆံမှုလိုအပ်နေသည်ကို ဖော်ညွှန်းသည့် ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း အချို့သောသုတေသီများက ဆိုကြ၏။ မည်သို့ပင်ဆိုစေ အစာသည် ငတ်မွတ်မှုကို လျော့ပါး သို့မဟုတ် ပြေစေသကဲ့သို့ တော်မှန်သည့်ခင်မင်ရင်းနှီးမှုသည် အထီးကျန်ဖြစ်မှုကို လျော့ပါး သို့မဟုတ် ပျောက်ကင်းစေနိုင်ပေသည်။ ထို့ ပြင် ကျွန်ုပ်တို့ကိုအလေးထားသော မိတ်ဆွေကောင်းများရှိခြင်းသည် မရနိုင်သည့်အရာမဟုတ်ချေ။
လူသားများကို အပေါင်းအသင်းလိုအပ်မှုဖြင့် ဖန်ဆင်းထားသည်။ (ကမ္ဘာဦး ၂:၁၈) စစ်မှန်သော မိတ်ဆွေ သို့မဟုတ် အပေါင်းအသင်းသည် “ဒုက္ခကာလအဖို့မွေးဖွားလျက်ရှိ၏” ဟု ကျမ်းစာဆိုသည်။ (သု. ၁၇:၁၇) ထို့ကြောင့် စစ်မှန်သောမိတ်ဆွေများသည် လိုအပ်သောအခါ၌ တစ်ဦးကိုတစ်ဦး အကူအညီတောင်းခံနိုင်သောသူ ဖြစ်သင့်သည်။ သို့သော် မိတ်ဆွေဟူသည် အကူအညီအတွက် ထားရှိခြင်း၊ အလုပ်ဖော် သို့မဟုတ် ကစားဖော်ဖြစ်ခြင်းထက်မက အဓိပ္ပာယ်ရှိသည်။ မိတ်ဆွေကောင်းများသည် တစ်ဦးစီ၌ရှိသော အကောင်းဆုံးအရာများကို ပေါ်ထွက်လာစေသည်။ နယပုံပြင် ၂၇:၁၇ က ဤသို့ဆိုသည်– “သံကို သံဖြင့်ထက်စေသကဲ့သို့ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။” သံတုံးတစ်တုံးက မျိုးတူသတ္တုဖြင့်ပြုလုပ်ထားသော ဓားသွားကိုထက်အောင်လုပ်ရန်အတွက် အသုံးပြုနိုင်သကဲ့သို့ မိတ်ဆွေတစ်ဦးသည် အခြားတစ်ယောက်၏ ဆင်ခြင်ဉာဏ်နှင့် ဝိညာဏအခြေအနေကို ထက်စေနိုင်သည်။ စိတ်ပျက်မှုက ကျွန်ုပ်တို့ကိုဖိစီးနေပါက မိတ်ဆွေတစ်ဦး၏ စာနာသောအကြည့်နှင့် ကျမ်းစာအားပေးချက်က အလွန်တည်ဆောက်မှုဖြစ်စေနိုင်ပေသည်။
ကျမ်းစာ၌ ခင်မင်ရင်းနှီးမှုသည် မေတ္တာ၊ အကျွမ်းဝင်မှု၊ ယုံကြည်စိတ်ချမှု၊ ပေါင်းသင်းဆက်ဆံမှုတို့နှင့် ဆက်စပ်နေသည်။ ခင်မင်ရင်းနှီးမှုတွင် အိမ်နီးချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ စသည်တို့ပါဝင်ပေမည်။ အချို့ကလည်း ဆွေမျိုးသားချင်းအချို့ကို အရင်းနှီးဆုံးမိတ်ဆွေအဖြစ် ယူမှတ်ပေမည်။ သို့သော်လည်း ယနေ့များစွာသောသူတို့အဖို့ မိတ်စစ်ဆွေစစ်များကို ရှာဖွေ၊ ထိန်းသိမ်းထားရှိရန် ခက်ခဲနေသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ စစ်မှန်သော၊ ထာဝစဉ်တည်တံ့သော မိတ်ဆွေအဖြစ်ကို သင်မွေ့လျော်ခံစားနိုင်မည်လော။