အန္တိအုတ်မှ သီအောဖလပ်စ်ကား မည်သူနည်း
“သင်က ကျွန်ုပ်ကို ကျိန်စာသင့်သော အမည်သဖွယ်ဖြစ်သည့် ခရစ်ယာန်ဟုခေါ်သည်၊ ကျွန်ုပ်အနေနှင့် ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း အတိအလင်းဝန်ခံပါသည်။ ဤနာမည်ကို ခံယူခြင်းသည် ဘုရားသခင့်ချစ်မြတ်နိုးခံရသူဖြစ်ဖို့နှင့် ဘုရားသခင်ထံတော်တွင် အမှုတော်ထမ်းနိုင်ရန်ဟူသော မျှော်လင့်ချက်ဖြင့်ဖြစ်သည်။”
သီအောဖလပ်စ်က သီအောဖလပ်စ်မှ အော်တောလကပ်စ်ထံသို့ ဟုအမည်တပ်ထားသော သူ၏သုံးအုပ်တွဲစာအုပ်ကို ထိုသို့အစပျိုးလိုက်သည်။ ဒုတိယရာစုတွင် အယူဖောက်ပြန်ခြင်းကို ခုခံကာကွယ်သည့် သူ၏ခြေလှမ်းအစဖြစ်သည်။ သီအောဖလပ်စ်သည် မိမိကိုယ်ကို ခရစ်တော်၏နောက်လိုက်တစ်ဦးဖြစ်ကြောင်း ရဲရဲတင်းတင်းထုတ်ဖော်တင်ပြသည်။ သူသည် “ဘုရားသခင့်ချစ်မြတ်နိုးခံရသူ” ဟူသည့် သူ့နာမည်၏ဂရိဘာသာစကားအဓိပ္ပာယ်နှင့်ညီညွတ်သူ တစ်ဦးဖြစ်လာစေရန်အလို့ငှာ မိမိ၏အရေးကိစ္စများကို ကိုင်တွယ်လုပ်ဆောင်ရန် ဆုံးဖြတ်ထားပုံပေါ်သည်။ အမှန်မှာ သီအောဖလပ်စ်ကားမည်သူနည်း။ သူသည် မည်သည့်အချိန်တွင် အသက်ရှင်ခဲ့သနည်း။ အဘယ်အရာကို ပြီးမြောက်အောင် သူလုပ်ဆောင်ခဲ့သနည်း။
ကိုယ်ရေးရာဇဝင်
သီအောဖလပ်စ်၏ကိုယ်ရေးရာဇဝင်ကို သိသူနည်းပါသည်။ သူသည် ခရစ်ယာန်မဟုတ်သော မိဘများမှ မွေးဖွားလာသည်။ နောက်ပိုင်းတွင် သီအောဖလပ်စ်သည် ခရစ်ယာန်ဘာသာသို့ ပြောင်းဝင်ခဲ့သည်။ သို့ပြုခြင်းသည် ကျမ်းစာကို ဂရုတစိုက်လေ့လာပြီးမှသာဖြစ်သည်။ သူသည် ယနေ့ တူရကီနိုင်ငံရှိ အန်တကြားမြို့ဟု သိကြသော ဆီးရီးယန်းအန္တိအုတ်တွင် အသင်းတော်၏ဘိရှော့ဖြစ်လာသည်။
ယေရှုမိန့်မှာထားတော်မူသည့်အတိုင်း ပထမရာစုခရစ်ယာန်များသည် အန္တိအုတ်ပြည်သူလူထုကို ဟောပြောခဲ့ကြသည်။ သူတို့၏အောင်မြင်မှုကို လုကာ ဤသို့မှတ်တမ်းတင်ထားသည်– “ထာဝရဘုရား၏လက်တော်သည် ထိုသူတို့နှင့်အတူရှိတော်မူသဖြင့်၊ လူအများတို့သည် ယုံကြည်၍အရှင်ဘုရားထံသို့ ပြောင်းလဲကြ၏။” (တမန်တော် ၁၁:၂၀၊ ၂၁၊ သမ္မာ) ဘုရားသခင်ညွှန်ကြားထားသည့်အတိုင်း ယေရှုခရစ်၏နောက်တော်လိုက်များကို ခရစ်ယာန်များအဖြစ် လူသိများလာသည်။ ဤအသုံးအနှုန်းကို ဦးဆုံး ဆီးရီးယန်းအန္တိအုတ်တွင် အသုံးပြုခဲ့သည်။ (တမန်တော် ၁၁:၂၆) စီ.အီး. ပထမရာစုတွင် တမန်တော်ပေါလုသည် ဆီးရီးယန်းအန္တိအုတ်သို့ ခရီးဆန့်ခဲ့ရာ ယင်းသည် သူ၏အခြေစိုက်စခန်းဖြစ်လာသည်။ ဗာနဗနှင့် ပေါလုတို့သည် ယောဟန်မာကုပါလိုက်ပါလျက် သူတို့၏ပထမဆုံးသာသနာပြုခရီးစဉ်ကို အန္တိအုတ်မြို့မှ စတင်ခဲ့ကြသည်။
အန္တိအုတ်မြို့ရှိ ကနဦးခရစ်ယာန်များသည် သူတို့၏မြို့သို့ တမန်တော်များ၏လည်ပတ်မှုများမှ အကြီးအကျယ်အားပေးခံခဲ့ရပေမည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပါဌ်တော်သမ္မာတရားကို စိတ်ထက်သန်စွာတုံ့ပြန်ကြခြင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် ပထမရာစု အုပ်ချုပ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ၏ ယုံကြည်ခြင်းသန်မာစေသော လည်ပတ်မှုများကြောင့်လည်းဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။ (တမန်တော် ၁၁:၂၂၊ ၂၃) များစွာသော အန္တိအုတ်မြို့သားများသည် မိမိတို့၏အသက်တာကို ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံလိုက်သည်ကို တွေ့မြင်ရခြင်းသည် သူတို့အတွက် အလွန်အားတက်စရာဖြစ်ခဲ့မည်တည်း! သို့သော် သီအောဖလပ်စ် အန္တိအုတ်မြို့တွင် အသက်ရှင်နေထိုင်သည့်အချိန်မှာ အနှစ် ၁၀၀ ကျော်ကြာပြီးနောက်မှ ဖြစ်သည်။
သီအောဖလပ်စ်သည် ခရစ်တော်၏တမန်တော်များအချိန်မှ ရေတွက်လျှင် အန္တိအုတ်၏ ဆဋ္ဌမမြောက်ဘိရှော့ဖြစ်ကြောင်း သမိုင်းဆရာ ယူစီးဘီးယပ်စ်က ဖော်ပြခဲ့သည်။ သီအောဖလပ်စ်သည် မိစ္ဆာတိတ္ထိအယူဝါဒကို ဆန့်ကျင်သည့် နှုတ်တိုက်ဆွေးနွေးခန်းများနှင့် မှားယွင်းကြောင်းချေပချက် တော်တော်များများကို ရေးသားပြုစုခဲ့သည်။ သူသည် သူ့ခေတ်က တစ်ဒါဇင်ထက်မကသော ခရစ်ယာန်ခုခံချေပပြောဆိုသူများအဝင် ဖြစ်သည်။
သူ၏ရေးသားပြုစုချက်များကို ဆန်းစစ်ခြင်း
ယခင်ကရှိထားသော စကားစကို တုံ့ပြန်ကာ သီအောဖလပ်စ်သည် တိတ္ထိအော်တောလကပ်စ်ထံသို့ ဤစကားချီးဖြင့် ရေးသားလိုက်သည်– “စိတ်ယိုယွင်း ယုတ်ညံ့နေသူများသည် အာဝဇ္ဇန်းကောင်းပြီး စကားလုံးလှလှသုံးခြင်း၊ အလွန်အကျွံဘဝင်မြင့်ခြင်းက မွေ့လျော်သောအမွှမ်းတင်ခံရခြင်းတို့ကို သဘောကျနှစ်သက်တတ်ကြသည်။” သီအောဖလပ်စ်က ဤသို့လိပ်ပတ်လည်အောင်ရှင်းပြသည်– “အမှန်တရားကို မြတ်နိုးသူသည် မွမ်းမံစီခြယ်ထားသည့် အပြောများကို မကြည့်ဘဲ စကား၏အနှစ်သာရကို စဉ်းစားသုံးသပ်သည်။ . . . သင်သည် ကျွန်ုပ်ကို အဓိပ္ပာယ်မဲ့စကားများနှင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။ . . . ”—ဆာလံ ၁၁၅:၄-၈ နှိုင်းယှဉ်။
သီအောဖလပ်စ်သည် မှားယွင်းသောကိုးကွယ်မှုကို ဖော်ထုတ်သည်။ သူ့ပင်ကိုရေးဟန်တွင် ဘုရားစစ်ဘုရားမှန်၏ စစ်မှန်သောအဖြစ်တော်ကို ပိုကဲ၍ပြောသော်လည်း ထိထိမိမိဖြစ်အောင် ကြိုးစားဖော်ပြထားသည်။ သူဤသို့ ရေလည်အောင်ရှင်းပြသည်– “ဘုရားသခင်၏ရုပ်အသွင်ကို ပုံဖော်၍မရနိုင်၊ လူ့မျက်စိဖြင့် မမြင်နိုင်ပါ။ ကိုယ်တော်၏ဘုန်းတော်သည် တိုင်းဆ၍မရနိုင်၊ ကြီးမြတ်မှုသည် ဉာဏ်မမီနိုင်အောင် နက်နဲကာ၊ မြင့်မားမှုသည် နားလည်ရန်ခက်ခဲ၍ အစွမ်းတန်ခိုးသည် တုနှိုင်းဖွယ်မရှိ၊ ဉာဏ်ပညာတော်သည် ပြိုင်ဘက်ကင်း၊ ကောင်းမြတ်တော်မူခြင်းသည် တုပ၍မရနိုင်၊ ကြင်နာမှုသည် ပြောမကုန်နိုင်ပါ။”
သီအောဖလပ်စ်က ဘုရားသခင်၏အသွင်သဏ္ဌာန်ကို ဤသို့ဆက်၍ဖြည့်စွက်သည်– “ကိုယ်တော်သည် စကြဝဠာကို အစိုးရတော်မူသောကြောင့် အရှင်သခင်ဖြစ်တော်မူသည်; အရာအားလုံးမရှိမီ ရှိတော်မူသောကြောင့် ကိုယ်တော်သည် ခမည်းတော်ဖြစ်တော်မူ၏; စကြဝဠာကို ဖန်ဆင်း၍ပြုလုပ်တော်မူသောကြောင့် ကိုယ်တော်သည် ပုံစံပြုရှင်နှင့် ဖန်တီးရှင်ဖြစ်တော်မူသည်; ရှိရှိသမျှတို့၏အထက်တွင်ရှိတော်မူသောကြောင့် ကိုယ်တော်သည် အမြင့်မားဆုံးဖြစ်သည်; ရှိရှိသမျှကို စိုးမိုးပိုက်ပွေ့ထားသောကြောင့် ကိုယ်တော်သည် အနန္တတန်ခိုးရှင်ဖြစ်တော်မူသည်။”
ထို့နောက် ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်အချို့ကို အာရုံစိုက်စေကာ သီအောဖလပ်စ်သည် အိတ်သွန်ဖာမှောက်နှင့် ထပ်ခါတလဲပြောဆိုပုံတစ်ပိုင်းတစ်စပေါင်းစပ်ထားသော ပင်ကိုဟန်ဖြင့် ဤသို့စကားဆက်သည်– “မိုးကောင်းကင်သည် ကိုယ်တော်၏လက်ရာတော်ဖြစ်ပြီး ဤမြေမဟီသည် ကိုယ်တော်၏ဖန်ဆင်းရာဖြစ်တော်မူသည်; အဏ္ဏဝါသည် ကိုယ်တော်လက်ဖြစ်ဖြစ်တော်မူသည်; မနုဿလူသားသည် ကိုယ်တော်၏ဖန်တီးစီစဉ်မှုဖြစ်ပြီး ကိုယ်တော်၏ပုံသဏ္ဌာန်တော်ဖြစ်သည်; နေလကြယ်တာရာများသည် နိမိတ်များ၊ ဥတုရာသီ၊ နေ့ရက်များနှင့် နှစ်များအတွက် ပြုလုပ်ထားတော်မူသည့် ကိုယ်တော်၏သဘာဝအင်အားစုများဖြစ်ပြီးယင်းတို့က မနုဿလူသားကို အလုပ်အကျွေးပြုနိုင်ရန်ဖြစ်သည်; ကိုယ်တော်၏ လက်ရာတော်များနှင့် ကြီးမြတ်မှုကို သိမြင်နားလည်နိုင်စေရန်အလို့ငှာ အရာခပ်သိမ်းကို မရှိသည့်အဖြစ်မှရှိသည့်အဖြစ်သို့ ကိုယ်တော်ပြုလုပ်တော်မူခဲ့သည်။”
သီအောဖလပ်စ်သည် မိမိ၏အချေအတင်နယ်ပယ်ကို တိုးချဲ့လိုက်ကာ တိတ္ထိဝါဒကို ဆန့်ကျင်သည့် သူ၏ရပ်တည်ချက်ကို အားဖြည့်လိုက်သည်။ သူဤသို့ရေးသားသည်– “ကျွန်ုပ်ကိုးကွယ်သော ဘုရားသခင်သည် အသက်ရှင်၍ စစ်မှန်သောဘုရားဖြစ်သည်” ဟု သီအောဖလပ်စ် ကြေညာလိုက်သည်။—၂ ဓမ္မရာဇဝင် ၂၂:၄၇ နှိုင်းယှဉ်; တမန်တော် ၁၄:၁၅; ရောမ ၁:၂၂၊ ၂၃။
အဖိုးတန်အထောက်အထား
အော်တောလကပ်စ်မှားကြောင်း ချေပပြောဆိုသော သီအောဖလပ်စ်၏ သုံးအုပ်တွဲစာအုပ်တွင်ပါရှိသည့် ဩဝါဒများနှင့် တိုက်တွန်းအားပေးချက်များသည် ကဏ္ဍပေါင်းစုံမှဖြစ်ပြီး အသေးစိတ်သည်။ သီအောဖလပ်စ်၏ အခြားရေးသားပြုစုချက်များသည် ဟာမာဂျနီးဇ်နှင့် မာစီယန်တို့ကို တဲ့တိုးဆန့်ကျင်သည်။ သူသည်ခရစ်ဝင်ကျမ်းများနှင့်ပတ်သက်သော ဋီကာများအပြင် သွန်သင်ပို့ချချက်နှင့် စာရိတ္တတိုးတက်ရေးစာအုပ်များကိုလည်း ပြုစုခဲ့သည်။ သို့ရာတွင် အော်တောလကပ်စ်ထံသို့ ရေးသားသောစာအုပ်သုံးအုပ်သာ လက်ရေးစာမူတစ်ခုအဖြစ် မပျောက်မပျက်ထိန်းသိမ်းခံထားရသည်။
ပထမစာအုပ်သည် ခရစ်ယာန်ဘာသာတရားဘက်မှ ခုခံကာကွယ်ကာ အော်တောလကပ်စ်ထံသို့ ချေပပြောဆိုရှင်းလင်းရေးသားသော စာဖြစ်သည်။ အော်တောလကပ်စ်ထံသို့ရေးသော ဒုတိယစာအုပ်က ခေတ်စားနေသည့် တိတ္ထိဘာသာတရား၊ တွေးဆမှု၊ အတွေးအခေါ်ပညာရှင်များနှင့် ကဗျာလင်္ကာဆရာများကို ဆန့်ကျင်ပြောဆိုထားသည်။ တိတ္ထိစာပေနှင့် ကျမ်းစာကို သီအောဖလပ်စ်၏ တတိယစာတွင် နှိုင်းယှဉ်တင်ပြထားသည်။
သီအောဖလပ်စ်၏ တတိယစာအုပ်အစပိုင်းတွင် အော်တောလကပ်စ်သည် နှုတ်ကပါဌ်တော်သမ္မာတရားကို ဒဏ္ဍာရီပုံပြင်အဖြစ် ယူမှတ်ထားဆဲဖြစ်ပုံရသည်။ သီအောဖလပ်စ်က အော်တောလကပ်စ်ကို ဤသို့ထုတ်ဖော်အပြစ်တင်လိုက်သည်– “သင်သည် အရူးများကို ဆက်၍ဝမ်းသာအယ်လဲ လက်သင့်ခံနေသည်။ သို့မဟုတ်လျှင် သင်သည် အသိဉာဏ်မဲ့သောလူများ၏ အဓိပ္ပာယ်မရှိသည့်စကားများဖြင့် အလွှမ်းမိုးခံဖို့နှင့် အများကြိုက်ကောလာဟလကို ယုံကြည်သွားဖို့ လှုံ့ဆော်ခံရလိမ့်မည်မဟုတ်။”
“. . . ” သီအောဖလပ်စ်သည် ဒုတိယရာစုခရစ်ယာန်အခေါ်ခံသူများ၏ လွန်စွာမှားယွင်းသော တိတ္ထိသဘောထားကို ကြိုးစားတိုက်လှန်သည်။ သူသည် ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်ပါ သမ္မာတရားအလင်းကို အသုံးပြုသည်။—မဿဲ ၅:၁၁၊ ၁၂။
ဟေဗြဲနှင့် ဂရိကျမ်း နှစ်ခုစလုံးမှကျမ်းချက်များကို အကြိမ်ကြိမ်အသုံးပြု ကိုးကားခြင်းက ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် သီအောဖလပ်စ် အကျွမ်းတဝင်ရှိကြောင်း ထင်ရှားသည်။ သူသည် ခရစ်ဝင်ကျမ်းဆိုင်ရာဦးဆုံးဋီကာဆရာများထဲမှ တစ်ဦးဖြစ်သည်။ သီအောဖလပ်စ်၏ ကျမ်းစာကိုးကားချက်များစွာက သူ့ခေတ်ရှိ လူအများကြိုက်အတွေးအခေါ်များကို အကျေအလည်ထိုးထွင်းသိမြင်စေသည်။ တိတ္ထိအတွေးအခေါ်များအပေါ် သူတို့၏အလွန့်အလွန်ဦးစားပေးမှုကို ပြသရန် မှုတ်သွင်းခံရေးသားပြုစုချက်များနှင့် မိမိ၏အကျွမ်းဝင်မှုကို အသုံးပြုခဲ့သည်။
ဆုံးမသည့်လေသံ၊ ထပ်ခါတလဲပြောဆိုပုံတို့က အချို့သူများအတွက် မနှစ်မြို့စရာဖြစ်စေပေမည်။ တင်ကူးပြောထားသည့် အယူဖောက်ပြန်မှုက သူ့သဘောထားအမှန်ကို မည်သည့်အတိုင်းအတာထိ ထိခိုက်ခဲ့နိုင်သည်ကို လောလောဆယ်အချိန်တွင် ကျွန်ုပ်တို့မပြောနိုင်ပါ။ (၂ သက်သာလောနိတ် ၂:၃-၁၂) မည်သို့ပင်ဖြစ်ပါစေ သူသေဆုံးသည့် စီ.အီး. ၁၈၂ ခန့်အချိန်အထိ အားလျော့မသွားသော ခုခံကာကွယ်သူတစ်ဦးဖြစ်ကြောင်း ထင်ရှားပါသည်၊ သူ၏ရေးသားပြုစုချက်များသည် ယခုခေတ်ရှိ ခရစ်ယာန်စစ်များအတွက် စိတ်ဝင်စားစရာဖြစ်သည်။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
သီအောဖလပ်စ်သည် အော်တောလကပ်စ်၏ အချေအတင်ပြောဆိုမှုများကို မဟုတ်မမှန်ကြောင်း ရဲရင့်စွာချေပပြောဆိုခဲ့
[Picture Credit Line on page 28]
စာမျက်နှာ ၂၈ နှင့် ၃၀ ပါ သရုပ်ဖော်ပုံများကို Illustrirte Pracht - Bibel/Heilige Schrift des Alten und Neuen Testaments, nach der deutschen Uebersetzung D. Martin Luther’s