ယေဟောဝါ၏အလိုတော်ကို သူတို့လုပ်ဆောင်ခဲ့ကြ
ရဲစွမ်းသတ္တိရှိရှိပြောဆိုခဲ့သော မိန်းမငယ်လေးတစ်ဦး
ဘီ.စီ.အီး. ဆယ်ရာစုနှစ်အတောအတွင်းက ဣသရေလနိုင်ငံနှင့် ရှုရိနိုင်ငံတို့၏ ဆက်ဆံရေးသည် တင်းမာနေခဲ့သည်။ လျှပ်တစ်ပြက်တိုက်ပွဲများသည် မြင်နေဖြစ်နေကျဖြစ်ရာ အကြမ်းဖက်မှုမရှိဘဲ သုံးနှစ်ကြာသောအချိန်ကုန်လွန်သွားခဲ့ရသည့်အတွက်ကြောင့် ယင်းမှာ သမိုင်းမှတ်တမ်းတင်စရာဖြစ်ခဲ့ရလေသည်။—၃ ဓမ္မရာဇဝင် ၂၂:၁။
ထိုအချိန်က အထူးသဖြင့် ဒုက္ခပေးနေသည်မှာ လှည့်လည်လုယက်တိုက်ခိုက်နေသော ရှုရိတပ်ဖွဲ့များပင်ဖြစ်သည်။ အချို့အဖွဲ့ ၌ တပ်သား ရာနှင့်ချီပါဝင်လေသည်။ ဤစစ်သည်များသည် ဣသရေလလူမျိုးတို့ကို စီးနင်းတိုက်ခိုက်၊ လုယက်ကြပြီး အတင်းအဓမ္မဖမ်းဆီးကာ များစွာသောသူတို့ကိုလည်း ကျွန်ပြုကြလေသည်။ ကလေးများကိုပင် ဖမ်းဆီးကျွန်ပြုကြသည်။
စီးနင်းတိုက်ခိုက်မှုတစ်ရပ်၌ “မိန်းမငယ်” တစ်ဦးကို ဘုရားတရားကြောက်ရွံ့သော သူမ၏မိသားစုနှင့်ဝေးရာသို့ ရက်ရက်စက်စက် ခွဲထုတ်ခဲ့ကြလေသည်။ (၄ ဓမ္မရာဇဝင် ၅:၂) ရှုရိပြည်သို့ ခေါ်ဆောင်သွားပြီး နေ၊ လ၊ ကြယ်၊ သစ်ပင်နှင့်ကျောက်တုံးများကိုပင် ဝတ်ပြုကိုးကွယ်ကြသော သူမအတွက် ကြောက်ရွံ့၍ အစိမ်းသက်သက်ဖြစ်နေသောသူတို့အလယ်တွင် နေထိုင်စေသည်။ သူတို့သည် တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားသခင် ယေဟောဝါကို ဝတ်ပြုကိုးကွယ်သည့် သူမ၏မိသားစု၊ မိတ်ဆွေသင်္ဂဟတို့နှင့် မည်မျှကွာခြားလိုက်မည်ဖြစ်ခြင်း! သို့သော်လည်း အစိမ်းသက်သက်ဖြစ်နေသည့် ဤအသိုင်းအဝိုင်း၌ပင် မိန်းကလေးသည် ယေဟောဝါအား ဝတ်ပြုခြင်းနှင့်စပ်လျဉ်းသော ထင်ရှားသည့်ရဲစွမ်းသတ္တိကို ပြသခဲ့သည်။ ရလဒ်အနေနှင့် သူမသည် ရှုရိမင်း၏လက်အောက်တွင် အမှုထမ်းနေသော ထင်ရှားကျော်ကြားသည့် အရာရှိတစ်ဦး၏ဘဝကို ပြောင်းလဲနိုင်ခဲ့လေသည်။ မည်သို့ ပြုခဲ့သည်ကို ကြည့်ကြစို့။
ထုတ်ဖော်ပြောဆိုဝံ့သည့် ရဲစွမ်းသတ္တိ
သမ္မာကျမ်းစာမှတ်တမ်းတွင် မိန်းမငယ်လေး၏အမည်ကို ဖော်ပြမထားပေ။ သူမသည် ဒုတိယမြောက် ဗင်ဟာဒဒ်မင်းလက်အောက်ရှိ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော ဗိုလ်ချုပ်မင်းနေမန်၏ဇနီးသည်အတွက် အစေခံမလေးဖြစ်လာလေသည်။ (၄ ဓမ္မရာဇဝင် ၅:၁) နေမန်သည် အထင်ကြီးလေးစားခံရသော်လည်း ရွံရှာဖွယ်ကောင်းသော နူနာရောဂါ စွဲကပ်နေသည်။
မိန်းကလေး၏တလေးတစားပြုမူမှုက သူမကို နေမန့်ဇနီး ယုံကြည်စိတ်ချလာအောင် ဖြစ်စေခဲ့ဟန်တူ၏။ မိန်းကလေးကို အမျိုးသမီးက ‘ဣသရေလနိုင်ငံမှာ နူနာရောဂါအတွက် ဘာလုပ်ပေးကြသလဲ’ ဟူ၍ မေးမြန်းခဲ့ကောင်းမေးမြန်းခဲ့မည်။ ဤဣသရေလအစေခံမလေးသည် သတ္တိရှိရှိဖြင့် “ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသောနူနာကို ပျောက်စေလိမ့်မည်” ဟု ထုတ်ဖော်ပြောဆိုရန် မရှက်ကြောက်ခဲ့ပေ။—၄ ဓမ္မရာဇဝင် ၅:၃။
မိန်းကလေး၏စကားများကို အိပ်မက်ဆန်သော ကလေးအတွေးအဖြစ် မပယ်ချခဲ့ပါ။ ယင်းသို့မပယ်ချဘဲ ၎င်းတို့ကို ဗင်ဟာဒဒ်မင်းထံသို့ အစီရင်ခံခဲ့သည်။ သူက ထိုပရောဖက်အားရှာဖွေရန်အတွက် မိုင် ၁၀၀ ခရီးဝေးသော ရှမာရိသို့ နေမန်နှင့် အခြားသူတို့ကို စေလွှတ်ခဲ့သည်။—၄ ဓမ္မရာဇဝင် ၅:၄၊ ၅။
နေမန်ကို ကုသပေးမှု
နေမန်နှင့် သူ့လူများသည် ဗင်ဟာဒဒ်မင်းထံမှ မိတ်ဆက်စာနှင့် အတော်အတန်များသော ငွေကြေးလက်ဆောင်ဘဏ္ဍာများယူလျက် ဣသရေလရှင်ဘုရင် ယဟောရံထံသို့ သွားရောက်လေသည်။ နွားသငယ်ရုပ်ကို ကိုးကွယ်သော ယဟောရံမင်းသည် ဘုရားသခင်၏ပရောဖက်အပေါ်၌ အစေခံမိန်းကလေး တင်ပြခဲ့သော ယုံကြည်ခြင်းမျိုးမရှိသည်မှာ အံ့ဩစရာမဟုတ်ပေ။ သို့အစား နေမန်သည် တမင်ရန်လာရှာခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။ ယဟောရံ၏စိုးရိမ်ပူပန်မှုကို ဘုရားသခင်၏ပရောဖက်ဧလိရှဲ ကြားသိသောအခါ နေမန်ကို သူ့အိမ်သို့ စေလွှတ်လိုက်ရန် ဘုရင့်ထံသို့ တောင်းခံစာ ချက်ချင်းပေးပို့လိုက်သည်။—၄ ဓမ္မရာဇဝင် ၅:၆-၈။
ဧလိရှဲအိမ်သို့ နေမန်ရောက်ရှိလာသောအခါ ပရောဖက်သည် စေတမန်တစ်ယောက်ကို စေလွှတ်လိုက်သည်။ နေမန်ကို သူက “သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနှစ်ကြိမ်တိုင်အောင်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်” ဟု ပြောပြလေသည်။ (၄ ဓမ္မရာဇဝင် ၅:၉၊ ၁၀) နေမန် အလွန်ဒေါသထွက်သွားသည်။ သူက ခမ်းခမ်းနားနားနှင့် အံ့သြဖွယ်ကောင်းလောက်အောင် ပြုလုပ်လိမ့်မည်ဟု မျှော်လင့်လျက် “ဒမာသက်ပြည်၌ အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက်သာ၍ကောင်းသည်မဟုတ်လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလော” ဟု မေးမြန်းခဲ့လေသည်။ ဒေါသထွက်ကာ ဧလိယ၏အိမ်မှ နေမန်လှည့်ထွက်သွားလေသည်။ သို့သော် နေမန်၏ကျွန်တစ်ဦးက သူနှင့် အကျိုးအကြောင်းဆင်ခြင်၍ ပြောဆိုသောအခါ နောက်ဆုံး သူအလျှော့ပေးလိုက်သည်။ ယော်ဒန်မြစ်တွင် ခုနှစ်ခါ ရေချိုးပြီးနောက် “သူ၏အသားသည် သူငယ်၏အသားကဲ့သို့ပြောင်း၍ သန့်ရှင်းခြင်းသို့ရောက်၏။”—၄ ဓမ္မရာဇဝင် ၅:၁၁-၁၄။
ဧလိယထံသို့ ပြန်လာပြီး နေမန်က “ဣသရေလပြည်မှတစ်ပါး အဘယ်ပြည်၌မျှဘုရားသခင်မရှိသည်ကို ယခုအကျွန်ုပ်သိပါ၏” ဟု ပြောဆိုလေသည်။ “မီးရှို့ရာယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားအား နောက်တစ်ဖန်မပူဇော်ပါ” ဟု နေမန် ကတိပြုခဲ့သည်။—၄ ဓမ္မရာဇဝင် ၅:၁၅-၁၇။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ
အစေခံမိန်းမငယ်လေးသာ ရဲစွမ်းသတ္တိရှိရှိဖြင့် ထုတ်ဖော်မပြောခဲ့လျှင် ပရောဖက်ဧလိယထံသို့ နေမန်သွားခဲ့လိမ့်မည်မဟုတ်။ ယနေ့ လူငယ်မြောက်မြားစွာတို့လည်း ထိုနည်းတူပြုမူလျက်ရှိကြသည်။ ကျောင်း၌ သူတို့သည် ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်း၌ စိတ်ဝင်စားမှုမရှိကြသော ကျောင်းသူကျောင်းသားများဖြင့် ဝန်းရံလျက်ရှိမည်။ သို့သော်လည်း သူတို့သည် သူတို့ယုံကြည်သည့်အကြောင်းအရာများကို ထုတ်ဖော်ပြောပြကြသည်။ အချို့သောသူတို့သည် အလွန်ငယ်ရွယ်သောအချိန်ကပင် ထိုသို့ ပြုလုပ်နေပေသည်။
ဩစတြေးလျမှ အလက်ဇန္ဒြာယားအမည်ရှိ ငါးနှစ်အရွယ် မိန်းမငယ်လေးတစ်ဦးအကြောင်းကို သုံးသပ်ကြည့်ပါ။ သူမ ကျောင်းတက်ခါစတွင် သူမ၏မိခင်က ယေဟောဝါသက်သေများ၏ယုံကြည်ချက်များအကြောင်း ဆရာမကို ရှင်းပြရန် ချိန်းဆိုခဲ့သည်။ သို့သော် အလက်ဇန္ဒြာယား၏မိခင် အလွန်အံ့အားသင့်သွားခဲ့ရသည်။ “ရှင်တို့ရဲ့ ယုံကြည်ချက်အတော်များများနဲ့ ကျွန်မအကျွမ်းဝင်နေပါပြီ။ ပြီးတော့ ကျောင်းမှာ အလက်ဇန္ဒြာယား ဘာကိုတော့လုပ်မယ်၊ ဘာကိုတော့မလုပ်ဘူးဆိုတာလည်း သိပြီးနေပါပြီ” ဟု ဆရာမက ဆို၏။ ထိုကျောင်း၌ အခြားသက်သေခံကလေးများလည်းမရှိသည့်အတွက် အလက်ဇန္ဒြာယား၏မိခင်မှာ အလွန်အံ့အားသင့်နေသည်။ “အလက်ဇန္ဒြာယားက ကျွန်မတို့ကို ပြောပြခဲ့တာပါ” ဟု ဆရာမက ရှင်းပြသည်။ မှန်ပေသည်၊ ဤမိန်းမငယ်လေးသည် သူမ၏ဆရာမနှင့် လိမ္မာပါးနပ်စွာ ဆွေးနွေးပြီးနေပေပြီ။
ထိုကဲ့သို့သောကလေးငယ်များသည် ရဲစွမ်းသတ္တိရှိရှိဖြင့် ထုတ်ဖော်ပြောဆိုကြသည်။ သို့အားဖြင့် “လူပျိုနှင့် အပျိုများ၊ လူအိုနှင့် လူကလေးများတို့ ထာဝရဘုရားကိုချီးမွမ်းကြလော့။ နာမတော်တစ်ပါးတည်းသာလျှင်မြတ်၍ ဘုန်းတော်သည် မြေကြီးနှင့် ကောင်းကင်အပေါ်ထက်၌ရှိသောကြောင့် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြစေ” ဟူသည့် ဆာလံ ၁၄၈:၁၂၊ ၁၃ နှင့်အညီ သူတို့ပြုမူကျင့်ကြံလျက်ရှိကြသည်။