ယေဟောဝါသည် ကျွန်တော်နှင့်အတူရှိတော်မူ၏
မက်စ် ဟဲနင် ပြောပြသည်
၁၉၃၃၊ ဂျာမနီနိုင်ငံမှာ အဒေါ့ဖ် ဟစ်တလာ အာဏာရလာခါစအချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာလင်နယ်ပယ်အတွင်းမှာရှိတဲ့ ယေဟောဝါသက်သေ ၅၀၀ ခန့်ဟာ ယိမ်းယိုင်ခဲ့ခြင်းတော့မရှိပါဘူး။ လူငယ်များစွာတို့ဟာ အချိန်ပြည့်ဓမ္မအမှုဆောင်များဖြစ်တဲ့ ရှေ့ဆောင်တွေဖြစ်လာကြပြီး တချို့ဆိုရင် အခြားဥရောပနိုင်ငံတွေမှာ တာဝန်ခန့်အပ်တာကိုတောင် လက်ခံခဲ့ကြတယ်။ ကျွန်တော့်ရဲ့သူငယ်ချင်း ဝယ်နာ ဖလက်တင်နဲ့ ကျွန်တော်ဟာ “ချီတုံချတုံနဲ့ ဘာဖြစ်လို့အချိန်တွေကို အလဟဿဖြုန်းနေကြတာလဲ။ ရှေ့ဆောင်ထွက်လုပ်ကြရအောင် ” ဆိုပြီး တစ်ယောက်ကိုတစ်ယောက် မေးတတ်လေ့ရှိပါတယ်။
၁၉၀၉၊ ကျွန်တော့်ကိုမွေးဖွားခဲ့ပြီးလို့ ရှစ်ရက်အကြာမှာ မေတ္တာရှင်မွေးစားမိဘများရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအောက်ကို ကျွန်တော်ရောက်ခဲ့ရတယ်။ ၁၉၁၈ ခုနှစ်မှာ ကျွန်တော်ရဲ့မွေးစားညီမလေး ရုတ်တရက်သေဆုံးသွားတာကြောင့် မိသားစုမှာ ဝမ်းနည်းပူဆွေးကြရတယ်။ အဲဒီနောက်မကြာမီမှာပဲ ယေဟောဝါသက်သေများလို့ နောက်ပိုင်းမှာ လူသိများလာကြတဲ့ ကျမ်းစာကျောင်းသားများဟာ ကျွန်တော်တို့အိမ်ကို လာရောက်လည်ပတ်ခဲ့ကြပြီး ကျွန်တော်ရဲ့မွေးစားမိဘများဟာ ကျမ်းစာသမ္မာတရားကို လိုလိုလားလားလက်သင့်ခံခဲ့ကြတယ်။ ဝိညာဉ်ရေးနဲ့ဆိုင်တဲ့အရာတွေကို တန်ဖိုးထားလေးမြတ်တတ်ဖို့ ကျွန်တော့်ကိုလည်း သွန်သင်ပေးကြတယ်။
လောကီပညာရေးမှာ ကျွန်တော်ကြိုးစားခဲ့လို့ ပိုက်ပြင်ဆရာတစ်ဦးဖြစ်လာတယ်။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာကတော့ ဝိညာဉ်ရေးဘက်မှာ ကျွန်တော်ရပ်တည်ခဲ့တာပါပဲ။ ၁၉၃၃၊ မေလ ၅ ရက်နေ့ကစပြီး ဝယ်နာနဲ့ ကျွန်တော်ရှေ့ဆောင်လုပ်ခဲ့ကြတယ်။ ဘာလင်မြို့ကနေ မိုင် ၆၀ လောက်ဝေးတဲ့ မြို့လေးတစ်မြို့ကို ကျွန်တော်တို့စက်ဘီးနဲ့သွားကြ၊ အဲဒီမှာ နှစ်ပတ်ကြာနေပြီး ဟောပြောကြတယ်။ အဲဒီနောက် လိုအပ်တာတွေ လုပ်ဆောင်ဖို့ ဘာလင်ကိုပြန်လာကြတယ်။ ပြီးနောက် ကျွန်တော်တို့ရဲ့ဟောပြောရာနယ်မြေကို နောက်နှစ်ပတ်ကြာ ပြန်သွားကြတယ်။
တခြားနိုင်ငံမှာ အမှုထမ်းဆောင်ဖို့ ကျွန်တော်တို့လျှောက်ထားခဲ့တာ ၁၉၃၃၊ ဒီဇင်ဘာလမှာ အဲဒီအချိန်က ယူဂိုဆလားဗီးယားလို့သိကြတဲ့ဒေသကို တာဝန်ခန့်အပ်ခံရတယ်။ ဒါပေမဲ့ ကျွန်တော်တို့မထွက်ခွာသွားမီအချိန်လေးမှာပဲ နယ်သာလန်နိုင်ငံ၊ ယူထရက်မြို့ကို ကျွန်တော်တို့ပြောင်းလဲတာဝန်ခန့်အပ်ခံရတယ်။ နောက်မကြာမီအချိန်မှာပဲ ကျွန်တော်နှစ်ခြင်းခံခဲ့ပါတယ်။ အဲဒီအချိန်က နှစ်ခြင်းခံခြင်းကို သိပ်အလေးမပေးကြဘူး; ဓမ္မအမှုက အရေးကြီးတဲ့အရာဖြစ်တယ်။ ယေဟောဝါအပေါ် မှီခိုအားထားခြင်းဟာ အခုအချိန်မှာ ကျွန်တော့်အသက်တာရဲ့ တည်မြဲတဲ့ကြန်အင်လက္ခဏာဖြစ်လာပါတယ်။ “ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူမတော်မူ၏။ ငါ့အသက်ကိုထောက်ပင့်သောသူတို့တွင် ထာဝရဘုရားရှိတော်မူ၏” ဆိုတဲ့ ကျမ်းစာဆာလံဆရာရဲ့ စကားတွေကနေ များစွာစိတ်လက်ချမ်းသာမှုကို ကျွန်တော်တွေ့ရှိခဲ့ရတယ်။—ဆာလံ ၅၄:၄။
နယ်သာလန်နိုင်ငံ၌ ရှေ့ဆောင်ခြင်း
နယ်သာလန်နိုင်ငံကိုရောက်လို့မကြာခင်မှာပဲ ရော့တ်တဒမ်မြို့ကို တာဝန်ခန့်အပ်ခံရပြန်တယ်။ ကျွန်တော်တို့တည်းခိုနေတဲ့ မိသားစုထဲက အဖေနဲ့ သားတစ်ယောက်ဟာလည်း ရှေ့ဆောင်တွေဖြစ်တယ်။ လအနည်းငယ်ကြာပြီးနောက် ယူထရက်မြို့နဲ့သိပ်မဝေးလှတဲ့ လာဆမ်းမြို့ကအိမ်ကြီးတစ်လုံးကို ရှေ့ဆောင်တွေနေထိုင်ဖို့ဆိုပြီး ဝယ်ခဲ့လို့ ဝယ်နာနဲ့ ကျွန်တော် အဲဒီကိုပြောင်းကြရတယ်။
အဲဒီရှေ့ဆောင်အိမ်မှာနေစဉ်ကာလ အနီးအနားနယ်မြေတွေကို ကျွန်တော်တို့စက်ဘီးတွေနဲ့သွားကြပြီး ပိုဝေးတဲ့နယ်မြေတွေကိုတော့ လူခုနစ်ဦးဆံ့တဲ့ကားကို အသုံးပြုကြရတယ်။ အဲဒီအချိန်က နယ်သာလန်တစ်နိုင်ငံလုံးမှာမှ သက်သေခံ တစ်ရာပဲရှိတယ်။ နောင်နှစ်ပေါင်း ၆၀ အကြာ၊ အခုအချိန်မှာတော့ ရှေ့ဆောင်အိမ်ကနေ ကျွန်တော်တို့လုပ်ခဲ့ကြတဲ့ နယ်မြေမှာ အသင်းတော်ပေါင်း ၅၀ ခန့်နဲ့ ကြေညာသူပေါင်း ၄,၀၀၀ ကျော်ရှိနေပါပြီ!
နေ့စဉ် ၁၄ နာရီအထိ ဓမ္မအမှုမှာကြိုးစားလုပ်ဆောင်ခဲ့ပြီး အဲဒါက ကျွန်တော်တို့ကို ပျော်ရွှင်စေပါတယ်။ အဓိကရည်ရွယ်ချက်တစ်ခုကတော့ စာပေစာတမ်းတွေကို ဝေငှနိုင်သမျှဝေငှဖို့ပါပဲ။ ပုံမှန်အားဖြင့် တစ်ရက်ကို စာအုပ်ငယ်ပေါင်းတစ်ရာကျော် စိတ်ဝင်စားသူတွေဆီ ကျွန်တော်တို့ဝေငှနိုင်ခဲ့တယ်။ ပြန်လည်ပတ်မှုတွေ၊ ကျမ်းစာသင်အံမှုတွေပြုလုပ်ခြင်းဟာ ကျွန်တော်တို့ရဲ့ပုံမှန်လှုပ်ရှားဆောင်ရွက်မှုအစိတ်အပိုင်းတွေမဟုတ်သေးဘူး။
တစ်နေ့ ကျွန်တော့်အဖော်နဲ့ ကျွန်တော် ဖရေးဗိခ်မြို့မှာ ဟောပြောနေကြတယ်။ စစ်ခံတပ်ရဲ့ဂိတ်မှာရှိတဲ့လူတစ်ယောက်ကို သူသက်သေခံနေတုန်း ကျွန်တော်က အချိန်ယူပြီး ကျမ်းစာဖတ်နေလိုက်တယ်။ ကျမ်းစာမှာက အနီလိုင်း၊ အပြာလိုင်းတွေနဲ့ ရှုပ်ပွနေတာ။ နောက်ပိုင်း အနီးအနားခေါင်မိုးပေါ်မှာ အလုပ်လုပ်နေတဲ့လက်သမားတစ်ဦးက ဂိတ်ကလူကို ကျွန်တော်ဟာ သူလျှိုဖြစ်နိုင်တယ်လို့ သတိပေးလိုက်တယ်။ ရလဒ်အနေနဲ့ကတော့ အဲဒီနေ့မှာပဲ စတိုးဆိုင်အစောင့်တစ်ယောက်ကို သက်သေခံနေတုန်း အဖမ်းခံရပြီး ကျွန်တော့်ကျမ်းစာအုပ် အသိမ်းခံခဲ့ရတယ်။
ကျွန်တော့်ကို တရားရုံးခေါ်သွားကြတယ်။ ကျွန်တော့်ကျမ်းစာထဲမှာပါတဲ့ အမှတ်အသားတွေဟာ ခံတပ်ပုံကြမ်းကိုဆွဲဖို့ကြိုးစားတာဖြစ်တယ်လို့ စွပ်စွဲကြတယ်။ ကျွန်တော့်မှာအပြစ်ရှိတယ်လို့ တရားစီရင်ပြီး ထောင်ဒဏ်နှစ်နှစ်ချမှတ်လိုက်တယ်။ ဒါပေမဲ့ အယူခံပြန်ဝင်ခဲ့လို့ အပြစ်ကနေ တရားသေလွတ်မြောက်ခဲ့ပါတယ်။ လွတ်မြောက်မှုအတွက် ကျွန်တော်ပျော်ခဲ့ရပါတယ်။ မှတ်တမ်းမှတ်ရာတွေပြည့်နေတဲ့ ကျွန်တော့်ကျမ်းစာအုပ်ကို ပြန်ပေးတဲ့အခါမှာတော့ ကျွန်တော်ပိုပြီးလို့တောင်ပျော်ရွှင်ခဲ့ရပါတယ်!
၁၉၃၆၊ နွေရာသီကာလအတွင်း အဲဒီအိမ်က ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ ရစ်ချက် ဗရုနင်နဲ့ ကျွန်တော် နိုင်ငံ့မြောက်ဘက်ပိုင်းမှာ နွေရာသီဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြတယ်။ ပထမလ၊ ဓမ္မအမှုမှာ နာရီ ၂၄၀ ကျွန်တော်တို့အသုံးပြုခဲ့ပြီး စာပေစာတမ်းတွေ အများကြီး ဝေငှခဲ့ရတယ်။ ရွက်ဖျင်တဲလေးတစ်လုံးမှာ ကျွန်တော်တို့နေထိုင်ပြီး အဝတ်လျှော်တာ၊ ချက်ပြုတ်တာစတဲ့ ကျွန်တော်တို့ရဲ့လိုအပ်ရာတွေအားလုံးကို ကျွန်တော်တို့လုပ်ဆောင်ကြတယ်။
နောက်ပိုင်း နယ်သာလန်မြောက်ပိုင်းမှာ လူသိများလာတဲ့ အလင်းဆောင်သူ ဆိုပြီး အမည်ပေးထားတဲ့ သင်္ဘောဆီ ကျွန်တော်ပြောင်းရွှေ့ရတယ်။ သင်္ဘောပေါ်မှာ ရှေ့ဆောင်ငါးယောက်နေပြီး အဲဒီကနေ သီးခြားနယ်မြေအများအပြားဆီ ကျွန်တော်တို့ရောက်ရှိနိုင်ခဲ့ကြတယ်။
ထပ်ဆင့်အခွင့်အရေးများ
၁၉၃၈ ခုနှစ်မှာ နောက်ပိုင်း ယေဟောဝါသက်သေများရဲ့ တိုက်နယ်ကြီးကြပ်မှူးလို့ခေါ်ကြတဲ့ ဇုန်အမှုထမ်းတစ်ဦးအဖြစ် ကျွန်တော်ခန့်အပ်ခံရတယ်။ ဒါကြောင့် အလင်းဆောင်သူ ကို ကျွန်တော်စွန့်ခွာခဲ့ရပြီး တောင်ပိုင်းကနယ်သုံးနယ်မှာရှိတဲ့ အသင်းတော်တွေနဲ့ သီးခြားဖြစ်နေတဲ့ သက်သေခံတွေဆီ ကျွန်တော်စတင်လည်ပတ်ရပါတယ်။
စက်ဘီးဟာ ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေးနည်းလမ်းဖြစ်တယ်။ အသင်းတော်တစ်ခု ဒါမှမဟုတ် စိတ်ဝင်စားသူအုပ်စုတစ်စုကနေ နောက်တစ်စုကိုသွားဖို့ တစ်နေကုန်အောင်ကြာတတ်ပါတယ်။ ကျွန်တော်လည်ပတ်ခဲ့တဲ့မြို့တွေထဲမှာ အခုကျွန်တော်နေထိုင်နေတဲ့ ဘာရီတာမြို့လည်းပါတယ်။ အဲဒီအချိန်က ဘာရီတာမြို့မှာ အသင်းတော်မရှိသေးဘဲ သက်ကြီးရွယ်အိုသက်သေခံမောင်နှံတစ်စုံသာရှိတယ်။
လင်းဗာခ်နယ်က ညီအစ်ကိုတွေဆီ လည်ပတ်နေတုန်း ယိုဟန် ပိုက်ပါအမည်ရှိတဲ့ မိုင်းတွင်းအလုပ်သမားတစ်ယောက်ကမေးတဲ့ မေးခွန်းတွေကိုဖြေကြားဖို့ ဖိတ်ခေါ်ခံရတယ်။ သူဟာ ကျမ်းစာသမ္မာတရားအတွက် ခိုင်မြဲစွာရပ်တည်ခဲ့ပြီး ရဲရင့်တဲ့ဟောပြောသူတစ်ဦးဖြစ်လာတယ်။ လေးနှစ်လောက်ကြာပြီးတဲ့နောက် သူဟာ ချွေးတပ်စခန်းတစ်ခုမှာ သုံးနှစ်ခွဲကြာအဖမ်းခံခဲ့ရတယ်။ ပြန်လွတ်လာတဲ့နောက် ဟောပြောခြင်းကို နောက်တစ်ဖန် ဇွဲရှိရှိပြန်လုပ်ဆောင်ပြီး ကနေ့ထက်ထိ သစ္စာရှိအကြီးအကဲတစ်ဦးဖြစ်နေပါသေးတယ်။ လင်းဗာခ်နယ်က သက်သေခံ ၁၂ ယောက်ပဲရှိတဲ့ အသင်းတော်ငယ်လေးဟာ အခုတော့ ကြေညာသူ ၁,၅၅၀ ယောက်ကျော်ရှိတဲ့ အသင်းတော် ၁၇ ခုအထိ ကြီးထွားလာပြီလေ!
နာဇီ၏ဖဝါးအောက်ဝယ်
၁၉၄၀၊ မေလမှာ နယ်သာလန်နိုင်ငံကို နာဇီတွေ ကျူးကျော်ဝင်ရောက်လာတယ်။ အမ်စတာဒမ်မြို့မှာရှိတဲ့ ကင်းမျှော်စင်အသင်းရဲ့ဌာနခွဲရုံးမှာ တာဝန်ခန့်အပ်ချက်တစ်ရပ်ကို ကျွန်တော်လက်ခံရရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်းကို သတိကြီးစွာနဲ့ ဆက်လက်လုပ်ဆောင်နေကြရတယ်။ အဲဒါက “အဆွေခင်ပွန်းသည် . . . ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” လို့ဆိုတဲ့ ကျမ်းစာစကားပုံကို ကျွန်တော်တို့တန်ဖိုးထားလေးမြတ်လာစေတယ်။ (သု. ၁၇:၁၇) ဒီဖိစီးရာကာလအတွင်းမှာ ခိုင်မာလာတဲ့ နှစ်လိုဖွယ်စည်းလုံးမှုအနှောင်အဖွဲ့က ကျွန်တော့်ရဲ့ဝိညာဏကြီးထွားဖွံ့ဖြိုးမှုမှာ အကျိုးများစွာဖြစ်ထွန်းစေတယ်၊ ရှေ့ မှာရှိတဲ့ သာ၍ခက်ခဲသောနေ့ရက်တွေအတွက် ကျွန်တော့်ကို ပြုပြင်ပြောင်းလဲပေးပါတယ်။
ကျွန်တော်ရဲ့တာဝန်ကတော့ စာပို့သမားတွေအားဖြင့် ပြုလုပ်လေ့ရှိတဲ့ အသင်းတော်တွေဆီ စာပေစာတမ်းတွေဖြန့်ဝေခြင်းကို ဦးစီးဖို့ဖြစ်ပါတယ်။ ဂျာမန်ဂက်စ်တာပိုအဖွဲ့ဟာ ယောက်ျားပျိုလေးတွေကို အမြဲရှာဖွေနေပြီး ဂျာမနီမှာ အလုပ်ကြမ်းသမားတွေအဖြစ် အတင်းအကျပ်အလုပ်လုပ်ခိုင်းကြတယ်။ ဒါကြောင့် ခရစ်ယာန်ညီအစ်မတွေကိုပဲ စာပို့သမားတွေအဖြစ် အသုံးပြုကြရတယ်။ တစ်ချိန်မှာ နော်နီလို့ အများကသိကြတဲ့ ဝယ်ဟမီနာ ဘာကာကို သည် ဟဂူမြို့ကနေ ကျွန်တော်တို့ဆီကိုပို့လိုက်လို့ သူမကို ဌာနခွဲကြီးကြပ်ရေးမှူး၊ အာတာ ဝင်ကာ ပုန်းခိုနေတဲ့နေရာဆီ ကျွန်တော်ခေါ်ဆောင်သွားရတယ်။ အတတ်နိုင်ဆုံး မပေါ်လွင်အောင်ဆိုပြီး ဒတ်ချ်လယ်သမားပုံစံလို ခုံဖိနပ်နဲ့ တခြားကျန်အရာတွေပါ ကျွန်တော်ဝတ်ဆင်လိုက်တယ်။ ပြီးတော့ဓာတ်ရထားနဲ့ နော်နီကို စောင့်ရှောက်လိုက်ပို့ခဲ့တယ်။ ကျွန်တော့်ပုံက ပေါ်လွင်လွန်းနေတယ်လို့ သူမထင်မှတ်တာကြောင့် မရယ်ဘဲမနေနိုင်အောင်ဖြစ်ခဲ့ရတယ်ဆိုတာ နောက်ပိုင်းမှ ကျွန်တော်သိခဲ့ရတယ်။
၁၉၄၁၊ အောက်တိုဘာ ၂၁ မှာ အမ်စတာဒမ်မြို့မှာရှိတဲ့ စာပေစာတမ်းနဲ့ စာရွက်သိုလှောင်တဲ့နေရာကို ရန်သူတွေသိသွားကြတယ်။ ဂျာမန်ဂက်စ်တာပိုအဖွဲ့ ဝင်စီးချိန်အတွင်းမှာ ဝင်ကာနဲ့ နော်နီတို့ အဖမ်းခံခဲ့ရတယ်။ အကျဉ်းထောင်ဆီ သူတို့ကိုလွှဲပြောင်းလိုက်တဲ့အချိန်မှာ ဂျာမန်ဂက်စ်တာပိုနှစ်ဦးက လူတွေပြည့်ကျပ်နေတဲ့လမ်းမပေါ်မှာ ခြေရာပျောက်သွားတဲ့ “ဆံပင်နက်နဲ့ကောင်လေးတစ်ယောက်” ကို ဘယ်လိုလိုက်ခဲ့ကြတယ်ဆိုတဲ့အကြောင်း ပြောနေကြတာကို သူတို့အမှတ်တမဲ့ကြားလိုက်ရတယ်။ ကျွန်တော့်အကြောင်းကို ပြောနေတယ်ဆိုတာသိသာလှတာကြောင့် ဝင်ကာက ညီအစ်ကိုတွေဆီ သတင်းရောက်သွားနိုင်ဖို့အတွက် လုပ်ပေးခဲ့တယ်။ ချက်ချင်းပဲ ကျွန်တော့်ကို သည် ဟာဂူမြို့ဆီ ပြောင်းရွှေ့လိုက်ကြတယ်။
အဲဒီအချိန်မှာ နော်နီ အကျဉ်းထောင်ကလွတ်လာပြီး ရှေ့ဆောင်လုပ်ဖို့အတွက် သည် ဟာဂူမြို့ကို ပြန်လာတယ်။ သူမနဲ့ ကျွန်တော် တစ်ဖန်ပြန်ဆုံကြရတယ်ပေါ့။ ဒါပေမဲ့ ရော့တ်တဒမ်မြို့မှာရှိတဲ့ အသင်းတော်အမှုထမ်း အဖမ်းခံရတဲ့အခါ သူ့ရဲ့နေရာကိုဆက်ခံဖို့အတွက် ကျွန်တော့်ကိုပို့လိုက်တယ်။ နောက်ပိုင်း ဂေါ်သာအသင်းတော်က အသင်းတော်အမှုထမ်း ဖမ်းဆီးခံရလို့ သူ့အစား အဲဒီကို ကျွန်တော်ပြောင်းရပြန်တယ်။ နောက်ဆုံး ၁၉၄၃၊ မတ် ၂၉ မှာ ကျွန်တော်အဖမ်းခံရတယ်။ ကျမ်းစာစာပေစာတမ်းသိုလှောင်ရုံကို ကျွန်တော်စစ်ဆေးနေတုန်း ဂျာမန်ဂက်စ်တာပိုတွေ ဝင်စီးခဲ့တာကြောင့် ကျွန်တော်အံ့သြသွားခဲ့ရတယ်။
စားပွဲပေါ် ဖြန့်ကျဲထားတဲ့ကျမ်းစာစာပေစာတမ်းတွေရဲ့ဘေးမှာ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေရဲ့ နာမည်စာရင်းလည်းရှိတယ်။ ဒါပေမဲ့ စကားဝှက်ပုံစံနဲ့ဖြစ်တယ်။ ဟောပြောဖို့လွတ်နေသေးတဲ့သူတွေကို ကာကွယ်ဖို့အတွက် အခွင့်အလမ်းတစ်ခုပေးပါလို့ ယေဟောဝါထံမှာ စိုးရိမ်တကြီးနဲ့ ကျွန်တော်ဆုတောင်းနေမိသေးတယ်။ ဘယ်သူမှမသိလိုက်ဘဲ နာမည်များစာရင်းပေါ် ကျွန်တော့်လက်ဝါးကိုအုပ်လိုက်ပြီး ချေမွပစ်လိုက်နိုင်တယ်။ အဲဒီနောက် အိမ်သာသွားဖို့ခွင့်တောင်းပြီး စာရင်းစာရွက်ကိုဆွဲဆုတ်ပြီး၊ အိမ်သာရေထဲကို မျှောချလိုက်တယ်။
ဒီလိုအန္တရာယ်များတဲ့အကျပ်အတည်းကြား ရောက်နေရချိန်မှာ ရှေးက မိမိရဲ့လူမျိုးတော်တွေနဲ့ ယေဟောဝါပြုမူဆက်ဆံခဲ့တဲ့ပုံ၊ ကယ်လွှတ်ခြင်းနဲ့ဆိုင်တဲ့ ကိုယ်တော်ရဲ့ကတိတော်တွေကနေ ခွန်အားရယူဖို့ ကျွန်တော်တတ်သိခဲ့ရတယ်။ “ထာဝရဘုရားသည် ငါတို့ဘက်မှာရှိတော်မမူလျှင် လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျို ကြပြီတကား” ဆိုတာဟာ ကျွန်တော့်စိတ်ထဲမှာ အမြဲစူးဝင်ကပ်ငြိနေတဲ့ မှုတ်သွင်းခံအာမခံချက်တစ်ရပ်ဖြစ်ပါတယ်။—ဆာလံ ၁၂၄:၂၊ ၃။
အကျဉ်းထောင်နှင့် ချွေးတပ်စခန်းများ
ကျွန်တော့်ကို ရော့တ်တဒမ်အကျဉ်းထောင်ဆီခေါ်သွားတယ်၊ အဲဒီမှာ ကျွန်တော့်ကျမ်းစာကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်မိတယ်။ ကျွန်တော့်မှာ ကယ်တင်ခြင်း စာအုပ်၊ လူငယ်များ ဆိုတဲ့စာအုပ်ရဲ့အပိုင်းတွေလည်းရှိတယ်၊ ပြီးတော့ အဲဒီစာပေစာတမ်းတွေကို ဖတ်ရှုဖို့ အချိန်များစွာလည်း ရရှိခဲ့တယ်။ ခြောက်လကြာပြီးနောက် ကျွန်တော်အသည်းအသန်ဖျားနာလာလို့ ဆေးရုံတက်ရတယ်။ အကျဉ်းထောင်ကမထွက်ခွာလာခင် မွေ့ရာအောက်မှာ စာပေစာတမ်းတွေကို ကျွန်တော်ဝှက်ထားခဲ့တယ်။ ပက် ပရူချက်ဆိုတဲ့ တခြားသက်သေခံတစ်ယောက် ကျွန်တော့်အကျဉ်းခန်းဆီပြောင်းရွှေ့ခံရပြီး အဲဒါတွေကို ရှာတွေ့သွားတယ်လို့ နောက်ပိုင်းမှ ကျွန်တော်သိရတယ်။ ဒီလိုနဲ့ အဲဒီစာပေစာတမ်းတွေဟာ ယုံကြည်ခြင်းမှာရှိနေသေးတဲ့ အခြားသူတွေကို ခွန်အားရှိစေဖို့အတွက် အသုံးဝင်နေဆဲပဲပေါ့လေ။
ကျွန်တော်ပြန်နေကောင်းလာတဲ့အခါ သည် ဟာဂူမြို့က အကျဉ်းထောင်ကို ကျွန်တော်ပြောင်းရွှေ့ရတယ်။ အဲမှာရှိနေတုန်း နာဇီသိမ်းပိုက်မှုကို တော်လှန်ပုန်ကန်တဲ့အတွက် အကျဉ်းထောင်ထဲရောက်နေတဲ့ ဥပဒေကျောင်းသားတစ်ဦးဖြစ်တဲ့ လီယို စီ. ဗင် ဒါ ထပ်စ်နဲ့ဆုံတွေ့တယ်လေ။ သူက ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး တစ်ခါမှမကြားဖူးလို့ သူ့ကို ကျွန်တော်သက်သေခံခွင့်ရလိုက်တယ်။ တစ်ခါတစ်ခါ ညကြီးသန်းခေါင် ကျွန်တော့်ကိုနှိုးပြီး မေးခွန်းတွေမေးတယ်။ သက်သေခံတွေနဲ့ပတ်သက်ပြီး ကြည်ညိုလေးစားရတာကို သူမဖုံးကွယ်နိုင်ခဲ့ဘူးလေ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကိုစွန့်လွှတ်ကြောင်း စာချုပ်မှာလက်မှတ်ထိုးလိုက်ရုံနဲ့ လွတ်မြောက်နိုင်တယ်ဆိုတာ သိရတော့ အထူးသဖြင့် သူကြည်ညိုလေးစားခဲ့တယ်။ စစ်ပြီးသွားတဲ့နောက် လီယိုဟာ ရှေ့နေတစ်ဦးဖြစ်လာပြီး လွတ်လပ်စွာဝတ်ပြုကိုးကွယ်မှုနဲ့ပတ်သက်တဲ့ တရားရေးအမှုကိစ္စ ဒါဇင်ပေါင်းများစွာကို ကင်းမျှော်စင်အသင်းအတွက် ကြိုးပမ်းပေးခဲ့တယ်။
၁၉၄၄၊ ဧပြီ ၂၉ ရက်နေ့မှာ ဂျာမနီနိုင်ငံကို ၁၈ ရက်ကြာ ဒုက္ခခရီးနှင်ဖို့ ရထားပေါ်တက်ခဲ့ရတယ်။ မေလ ၁၈ ရက်နေ့ရောက်တဲ့အခါ ကျွန်တော့်နောက်ကျောဘက်မှာရှိတဲ့ ဘူချင်ဝေါ ချွေးတပ်စခန်းရဲ့ဂိတ်တံခါးကြီး ပိတ်သွားတယ်။ နောက်တစ်နှစ်လောက်အကြာ၊ မဟာမိတ်တပ်ဖွဲ့များက ကျွန်တော်တို့ကို မလွတ်မြောက်စေမီအချိန်အထိ ဘဝအသက်တာဟာ ပြောမပြနိုင်လောက်အောင် ဆိုးဝါးလွန်းလှပါတယ်။ လူတွေထောင်နဲ့ချီသေကျေသွားကြတဲ့ထဲက အများစုဟာ ကျွန်တော်တို့ရှေ့ မှာတင်ပါပဲ။ အနားက စစ်ပစ္စည်းတွေထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ဖို့ ကျွန်တော်ငြင်းဆန်တာကြောင့် မိလ္လာပိုက်လိုင်းမှာလုပ်ရတယ်။
တစ်နေ့တော့ စက်ရုံမှာ ဗုံးပေါက်ကွဲပါလေရော။ အများက စစ်တန်းလျားထဲကို လုံခြုံအောင်ဆိုပြီးပြေးဝင်ကြတယ်၊ တခြားသူများက တောအုပ်ထဲကို ပြေးကြတယ်။ လွင့်စဉ်လာတဲ့ဗုံးတွေက စစ်တန်းလျားကိုထိမှန်ပြီး မီးလောင်ဗုံးတွေက တောအုပ်ကို မီးစွဲလောင်သွားစေတယ်။ တကယ့်ကိုကြောက်မက်ဖွယ်မြင်ကွင်းတစ်ရပ်ပါပဲလား! လူတွေအများကြီးဟာ အရှင်လတ်လတ်မီးလောင်ခံရတယ်! လုံခြုံတဲ့ပုန်းကွယ်ရာတစ်နေရာမှာ ကျွန်တော်ပုန်းခိုနေခဲ့ပြီး မီးငြိမ်းသွားတဲ့အခါမှ ချွေးတပ်စခန်းကို လူသေအလောင်းမြောက်မြားစွာကို ဖြတ်ကျော်ပြီးပြန်ခဲ့ရတယ်။
ကနေ့များစွာသောသူတို့ဟာ နာဇီမီးလောင်တိုက်သွင်းခြင်းရဲ့ ထိတ်လန့်ကြောက်မက်ဖွယ်ရာတွေကို သိကြပါတယ်။ ကျွန်တော့်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကို ယေဟောဝါခွန်အားရှိစေတာကြောင့် နှစ်များတစ်လျှောက် ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်ကြောက်မက်ဖွယ်ရာတွေက ကျွန်တော့်တွေးခေါ်မှုတွေကို မလွှမ်းခဲ့တာကို ကျွန်တော်ကျေးဇူးတင်မိပါတယ်။ ကျွန်တော်ထောင်ချခံခဲ့ရတဲ့ကာလပိုင်းကို စဉ်းစားကြည့်တဲ့အခါ ယေဟောဝါရဲ့နာမတော် ထင်ပေါ်ကျော်ကြားရေးအတွက် ကိုယ်တော့်အပေါ် သစ္စာစောင့်သိခဲ့ရလို့ ကျွန်တော်အထူးရွှင်လန်းရပါတယ်။—ဆာလံ ၁၂၄:၆-၈။
စစ်ပြီးကာလ လှုပ်ရှားမှု
ကျွန်တော်လွတ်မြောက်လာပြီး အမ်စတာဒမ်မြို့ကိုပြန်သွားတယ်။ တာဝန်ခန့်အပ်မှုတစ်ရပ်အတွက် ဌာနခွဲရုံးကို တိုက်ရိုက်အကြောင်းကြားခဲ့ပါတယ်။ ကျွန်တော်မရှိစဉ်ကာလအတွင်းမှာ ဘာတွေများဖြစ်ခဲ့သလဲဆိုတာကို သိလိုစိတ်စောနေခဲ့ပါတယ်။ နော်နီက အဲဒီမှာအလုပ်လုပ်နေနှင့်ပြီးဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်စစ်ပွဲအတောအတွင်းက သူမဟာ အသင်းတော်များဆီ ကျမ်းစာစာပေစာတမ်းတွေဖြန့်ဝေတဲ့ စာပို့သမားအဖြစ် အမှုထမ်းခဲ့တယ်။ နောက်တစ်ခါ အဖမ်းမခံရတော့ပေမဲ့ အကြိမ်ကြိမ်ပဲ သီသီလေးလွတ်မြောက်ခဲ့တာတွေရှိတယ်။
ဟအာလမ်မြို့မှာ ခဏသာရှေ့ဆောင်ခဲ့ရပေမဲ့လည်း ၁၉၄၆ ခုနှစ်မှာ ထုပ်ပိုးတင်ပို့ရေးဌာနမှာ အလုပ်လုပ်ဖို့ အမ်စတာဒမ်မြို့မှာရှိတဲ့ ဌာနခွဲဆီ အခေါ်ခံရတယ်။ ၁၉၄၈ ခုနှစ်ကုန်ခါနီးမှာ နော်နီနဲ့ ကျွန်တော် လက်ထပ်ထိမ်းမြားခဲ့ပြီး အတူတကွရှေ့ဆောင်လုပ်ဖို့ ဌာနခွဲကို စွန့်ခွာခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ရှေ့ဆောင်တာဝန်ခန့်အပ်ချက်က အဲစဲမြို့မှာဖြစ်တယ်။ လွန်ခဲ့သော ဆယ့်နှစ်နှစ်က ရစ်ချက် ဗရုနင်နဲ့ ကျွန်တော် အဲဒီမှာ နွေရာသီအချိန်မှာ ရွက်ဖျင်တဲလေးနဲ့နေပြီး ဟောပြောခဲ့ကြတယ်။ ရစ်ချက်ဟာ ချွေးတပ်စခန်းဆီအသွား သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ကျွန်တော်ကြားသိရတယ်။
အကျဉ်းချခံရချိန်ကာလက ကျွန်တော်ရဲ့ကျန်းမာရေးကို ပျက်စီးစေခဲ့မှာ သေချာလှပါတယ်။ ဘူချင်ဝေါကနေ လွတ်မြောက်လာပြီး ခြောက်နှစ်အကြာမှာ ဖျားနာမှုက ကျွန်တော်ကိုအိပ်ရာထဲ လေးလကြာလှဲစေခဲ့တယ်။ အဲဒီနှစ်တွေနောက်ပိုင်း၊ ၁၉၅၇ ခုနှစ်မှာ တစ်နှစ်တာလုံး အဆုတ်ရောဂါနဲ့ နာမကျန်းဖြစ်ခဲ့တယ်။ ကျွန်တော်ရဲ့ကိုယ်ခန္ဓာမှာ အင်အားယုတ်လျော့လာပေမဲ့လည်း ကျွန်တော်၏ရှေ့ဆောင်စိတ်ဓာတ်ကတော့ သန်မာနေဆဲပါပဲ။ ကျွန်တော်ဖျားနာနေတဲ့အချိန်အတွင်းမှာ အခွင့်အရေးရသမျှ သက်သေခံခဲ့ပါတယ်။ ဒီရှေ့ဆောင်စိတ်ဓာတ်ကပဲ ကျွန်တော်ဖျားနာနေချိန်မှာ အလကားအားနေတဲ့လူနာကြီးတစ်ယောက်ဖြစ်မသွားဖို့ အရေးကြီးတဲ့အကြောင်းရင်းဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ နော်နီနဲ့ ကျွန်တော်ဟာ ကျန်းမာရေးက ခွင့်ပြုနေသ၍ကာလပတ်လုံး အချိန်ပြည့်လုပ်ငန်းတော်မှာပဲ စွဲကပ်နေဖို့ ဆုံးဖြတ်ထားကြတယ်။
ကျွန်တော်ကျန်းမာလာတဲ့နောက် ဘာရီတာမြို့ဆီ ကျွန်တော်တို့တာဝန်ခန့်အပ်ခံရတယ်။ ဒါဟာ ဇုန်အမှုထမ်းအဖြစ်နဲ့ အဲဒီမြို့ကိုကျွန်တော်လည်ပတ်ခဲ့ပြီးတဲ့နောက် ၂၁ နှစ်အကြာမှာဖြစ်ပါတယ်။ ၁၉၅၉၊ ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ သက်သေခံ ၃၄ ဦးပဲရှိတဲ့ အသင်းတော်ငယ်လေးတစ်ခုဖြစ်ခဲ့တယ်။ ၃၇ ခုနှစ်ကြာပြီးတဲ့နောက် အခုအချိန်မှာတော့ ဘုရားသခင့်နိုင်ငံတော်ခန်းမသုံးခုမှာတွေ့ဆုံကြတဲ့ သက်သေခံ ၅၀၀ ကျော်ရှိတဲ့ အသင်းတော်ခြောက်ခုအထိ ကြီးထွားလာပါပြီ! ဒေသခံစည်းဝေးတွေနဲ့ စည်းဝေးကြီးတွေမှာ ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုတချို့ကြောင့် ကျမ်းစာသမ္မာတရားအသိပညာကို ရရှိလာကြတဲ့သူများစွာကို တွေ့ရပါတယ်။ “ငါ၏သားသမီးတို့သည် သမ္မာတရား၌ ကျင်လည်သည်ကို ငါကြား၍ဝမ်းမြောက်ခြင်းထက်သာ၍ဝမ်းမြောက်ခြင်းမရှိ” ဆိုပြီးရေးသားခဲ့တဲ့ တမန်တော်ယောဟန်လိုပဲ ကျွန်တော်တို့ခံစားကြရပါတယ်။—၃ ယောဟန် ၄။
အခုတော့ ကျွန်တော်တို့အသက်ကြီးပါပြီ။ ကျွန်တော့်အသက်က ၈၆ နှစ်၊ နော်နီအသက်က ၇၈ နှစ်ရှိပေမဲ့လို့ ရှေ့ဆောင်ခြင်းဟာ ကျန်းမာရေးကိုအထောက်အကူပြုတဲ့လုပ်ငန်းဖြစ်တယ်ဆိုတာ ကျွန်တော်ပြောရပါမယ်။ ဘာရီတာမြို့မှာ ကျွန်တော်ရှိနေချိန်ကစပြီး ထောင်ကျတုန်းက ကျွန်တော်ရရှိခဲ့တဲ့ ကျန်းမာရေးပြဿနာအများစုကို ကျွန်တော်အောင်မြင်နိုင်ခဲ့ပါတယ်။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ အကျိုးဖြစ်ထွန်းတဲ့နှစ်တွေမှာလည်း ကျွန်တော်ပျော်မွေ့ခဲ့ရပါတယ်။
သီးပွင့်ဖြစ်ထွန်းတဲ့လုပ်ငန်းတော်နှစ်တွေတစ်လျှောက် နောက်ကြောင်းပြန်တွေးကြည့်ခြင်းဟာ ကျွန်တော်တို့နှစ်ဦးစလုံးအတွက် ပျော်ရွှင်ခြင်းရဲ့အရင်းအမြစ်ဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ရက်ဆက်ဆုတောင်းကြတာကတော့ ကျွန်တော်တို့အသက်ရှင်နေသ၍ကာလပတ်လုံး ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ကို စိတ်ဓာတ်နဲ့ ခွန်အားပေးဖို့ပါပဲ။ “ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူမတော်မူ၏။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရားရှိတော်မူ၏” လို့ဆိုတဲ့ ဆာလံဆရာ၏စကားရပ်တွေနဲ့အညီ ကျွန်တော်တို့ယုံကြည်စိတ်ချစွာ ပြောဆိုကြပါမယ်လေ။—ဆာလံ ၅၄:၄။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၃၀ ပြည့်လွန်နှစ်များက ရှေ့ဆောင်လုပ်စဉ် ကျွန်တော်တို့အသုံးပြုခဲ့သော ရွက်ဖျင်တဲ၏ဘေးတွင် ရပ်နေခြင်းဖြစ်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သီးခြားနယ်မြေသို့သွားရောက်ရန် ကျွန်တော်တို့အသုံးပြုခဲ့သော သင်္ဘော
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၅၇ ခုနှစ် ခရိုင်စည်းဝေးကြီးအစီအစဉ်၌ လူတွေ့မေးမြန်းခံနေခြင်း
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ယနေ့အချိန်၌ ကျွန်တော့်ဇနီးနှင့်အတူ