ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၇/၁ စာ. ၁၉-၂၄
  • စစ်မှန်သောဝတ်ပြုသူများ၏အောင်ပွဲ နီးကပ်နေပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်သောဝတ်ပြုသူများ၏အောင်ပွဲ နီးကပ်နေပြီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်ဝိညာဏဗိမာန်တော်ရှိ တိုင်းတစ်ပါးသားများ
  • သန့်ရှင်းသောအခန်းနှင့် ယင်း၏အသုံးအဆောင်များ
  • စစ်မှန်သောဝတ်ပြုရေး၏ အပြီးသတ်အောင်ပွဲ
  • မြေကြီးဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်း
  • ပုံဆောင်တဲနေပွဲ
  • ဣသရေလလူမျိုးတို့၏ သမိုင်းမှတ်တိုင်ထူသော ပွဲတော်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ‘သင်သည် အမှန်ရွှင်လန်းခြင်းကို ပြုရမည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဧရာမ လူအုပ်ကြီး
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ယေဟောဝါ၏ မဟာဝိညာဏဗိမာန်တော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၇/၁ စာ. ၁၉-၂၄

စစ်မှန်သောဝတ်ပြုသူများ၏အောင်ပွဲ နီးကပ်နေပြီ

“ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် တစ်ပြည်လုံးတွင် ရှင်ဘုရင်ဖြစ်တော်မူမည်။”—ဇာခရိ ၁၄:၉။

၁။ ပထမကမ္ဘာစစ်အတွင်း ဘိသိက်ခံခရစ်ယာန်များ၏တွေ့ကြုံမှုကား အဘယ်နည်း၊ ယင်းအကြောင်း မည်သို့တင်ကူးပြောထားသနည်း။

ပထမကမ္ဘာစစ်အတွင်း ဘိသိက်ခံခရစ်ယာန်များသည် စစ်ဖြစ်နေသောနိုင်ငံများ၏ လက်ထဲတွင် အခက်အခဲများနှင့် ထောင်ချခြင်းတို့ကို တွေ့ကြုံခံစားခဲ့ရကြသည်။ ယေဟောဝါကို သူတို့ချီးမွမ်းသော ယဇ်များသည် အပြင်းအထန်ကန့်သတ်ပိတ်ပင်ခံခဲ့ရပြီး ဝိညာဉ်ရေးအရချုပ်နှောင်ခံခဲ့ကြရသည်။ ယင်းနှင့်ပတ်သက်သမျှကို ဇာခရိ ၁၄:၂ က တင်ကူးပြောထားပြီး ယေရုရှလင်မြို့ကို နိုင်ငံတကာကတိုက်ခိုက်ကြမည့်အကြောင်း ဖော်ပြထားသည်။ ဤပရောဖက်ပြုချက်တွင်ပါသော မြို့မှာ ဘုရားသခင့် ကောင်းကင်နိုင်ငံတော်၊ “ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ရှိ” ရာ “ကောင်းကင်ယေရုရှလင်မြို့” ဖြစ်သည်။ (ဟေဗြဲ ၁၂:၂၂၊ ၂၈; ၁၃:၁၄; ဗျာဒိတ် ၂၂:၃) ကမ္ဘာပေါ်ရှိ ဘုရားသခင်၏ဘိသိက်ခံများသည် ထိုမြို့ကို ကိုယ်စားပြုသည်။ သူတို့ထဲမှ သစ္စာရှိသူများသည် တိုက်ခိုက်မှုကို ကပ်ကျော်ခဲ့ကာ “ထိုမြို့” မှ နယ်နှင်ထုတ်ခံသည့်အဖြစ်မျိုး မိမိတို့ကိုယ်ကို အရောက်မခံကြပါ။a

၂၊ ၃။ (က) ၁၉၁၉ ခုနှစ်မှစ၍ ယေဟောဝါ၏ဝတ်ပြုရေးသည် မည်သို့အောင်ပွဲခံခဲ့ပြီနည်း။ (ခ) ၁၉၃၅ ခုနှစ်မှစ၍ မည်သည့်တိုးပွားမှုဖြစ်ပေါ်ခဲ့ပြီနည်း။

၂ ၁၉၁၉ ခုနှစ်တွင် သစ္စာရှိဘိသိက်ခံများသည် အချုပ်အနှောင်ဘဝမှ လွတ်မြောက်ပေးခြင်းခံရကာ စစ်ကြီးအပြီး ငြိမ်သက်သည့်အချိန်အခါကို ချက်ချင်းအသုံးချခဲ့ကြသည်။ ကောင်းကင်ယေရုရှလင်၏ သံတမန်များအနေနှင့် သူတို့သည် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ဟောပြောရန်နှင့် ၁၄၄,၀၀၀ မှ နောက်ဆုံးအဖွဲ့ဝင်များကို စုသိမ်းရာတွင် အကူအညီပေးရန် ထူးမြတ်သည့်အခွင့်အရေးကို မလွတ်တမ်းအသုံးချခဲ့ကြသည်။ (မဿဲ ၂၄:၁၄; ၂ ကောရိန္သု ၅:၂၀) ၁၉၃၁ ခုနှစ်တွင် ယေဟောဝါသက်သေများဟူသည့် လျောက်ပတ်သောကျမ်းပေးအမည်ကို ခံယူလိုက်ကြသည်။—ဟေရှာယ ၄၃:၁၀၊ ၁၂။

၃ ထိုအချိန်ကတည်းက ဘုရားသခင့်ဘိသိက်ခံ သက်သေများသည် တစ်ခါမျှနောက်ကြောင်းပြန်မလှည့်ခဲ့ကြပါ။ နာဇီစစ်ယန္တရားရှင် ဟစ်တလာသည်ပင် သူတို့ကို နှုတ်ပိတ်သွားရန် မစွမ်းနိုင်ခဲ့ပါ။ ကမ္ဘာချီနှိပ်စက်ညှဉ်းပန်းမှုများကြားမှ သူတို့၏လုပ်ငန်းသည် ကမ္ဘာအရပ်ရပ်တွင် အသီးများသီးပွင့်ခဲ့သည်။ အထူးသဖြင့် ၁၉၃၅ ခုနှစ်မှစ၍ ဗျာဒိတ်ကျမ်းတွင် တင်ကူးပြောထားသည့် အပြည်ပြည်ဆိုင်ရာ ‘လူအုပ်ကြီး’ သည် သူတို့နှင့် ပူးပေါင်းခဲ့သည်။ ဤသူတို့သည်လည်း ဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံထားသော ခရစ်ယာန်များဖြစ်ပြီး “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ဖြူစေ” ခဲ့ကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၄) သို့ရာတွင် သူတို့သည် ကောင်းကင်အသက်တာမျှော်လင့်ချက်ရှိသော ဘိသိက်ခံများမဟုတ်ကြပါ။ သူတို့၏မျှော်လင့်ချက်မှာ အာဒံနှင့်ဧဝတို့ဆုံးရှုံးခဲ့သည့်အသက်တာ၊ တစ်နည်းအားဖြင့် ပရဒိသုကမ္ဘာပေါ်တွင် စုံလင်သောလူ့အသက်တာကို အမွေခံရန်ဖြစ်သည်။ (ဆာလံ ၃၇:၂၉; မဿဲ ၂၅:၃၄) ယနေ့ဆိုလျှင် ထိုလူအုပ်ကြီးသည် အရေအတွက် ငါးသန်းကျော်နေပြီ။ ယေဟောဝါ၏ စစ်မှန်သောဝတ်ပြုရေးသည် အောင်ပွဲခံနေသည်၊ သို့သော် နောက်ဆုံးအောင်ပွဲခံရန် ရှိသေးသည်။

ဘုရားသခင့်ဝိညာဏဗိမာန်တော်ရှိ တိုင်းတစ်ပါးသားများ

၄၊ ၅။ (က) လူအုပ်ကြီးသည် ယေဟောဝါကို မည်သည့်နေရာတွင် ဝတ်ပြုသနည်း။ (ခ) မည်သည့်အခွင့်ထူးများကို သူတို့တပျော်တပါးခံစားကြရသနည်း၊ မည်သည့်ပရောဖက်ပြုချက် ပြည့်စုံသနည်း။

၄ ကြိုပြောထားသည့်အတိုင်း လူအုပ်ကြီးသည် “ဗိမာန်တော်၌ ဘုရားဝတ်ကို နေ့ညမပြတ်ပြု” နေကြသည်။ (ဗျာဒိတ် ၇:၁၅) သူတို့သည် ယဇ်ပုရောဟိတ်အတန်းအစား ဝိညာဏဣသရေလများမဟုတ်ရကား ဗိမာန်တော်ရှိ တစ်ပါးအမျိုးသားများဆိုင်ရာ အပြင်ရင်ပြင်တွင် သူတို့ရပ်နေကြသည်ကို ယောဟန်မြင်ခဲ့ဖွယ်ရှိသည်။ (၁ ပေတရု ၂:၅) ဗိမာန်တော်၏ပရဝုဏ်တွင် ကိုယ်တော်အားချီးမွမ်းနေကြသည့် ဝိညာဏဣသရေလအကြွင်းအကျန်များနှင့်အတူ ဤလူအုပ်ကြီးတို့ဖြင့် ပြည့်နေခြင်းက ယေဟောဝါ၏ဝိညာဏဗိမာန်တော်ကို အလွန်ဘုန်းကြီးစေပါသည်တကား!

၅ လူအုပ်ကြီးသည် သာ၍အတွင်းပိုင်းကျသော ယဇ်ပုရောဟိတ်များအတွက်ရင်ပြင်က ပုံတင်ပြသည့် အခြေအနေဖြင့် ဘုရားသခင်ထံ အမှုမဆောင်ပါ။ သူတို့သည် ဘုရားသခင်၏ ဝိညာဏမွေးစားသားများဖြစ်လာရန်ဟူသည့် ရည်ရွယ်ချက်အတွက် ဖြောင့်မတ်ကြောင်း ကြေညာမခံရပါ။ (ရောမ ၈:၁၊ ၁၅) မည်သို့ပင်ဆိုစေ၊ သူတို့သည် ယေရှု၏ရွေးနုတ်ဖိုးကို ယုံကြည်ကြောင်းတင်ပြခြင်းဖြင့် ယေဟောဝါရှေ့ စင်ကြယ်သောအနေအထားတွင် ရှိကြသည်။ သူတို့သည် ကိုယ်တော်၏မိတ်ဆွေများဖြစ်လာရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ဖြောင့်မတ်ကြောင်း ကြေညာခံရကြသည်။ (ယာကုပ် ၂:၂၁၊ ၂၃ နှိုင်းယှဉ်။) သူတို့သည်လည်း ဘုရားသခင့်ဝိညာဏယဇ်ပလ္လင်ပေါ်တွင် လက်ခံတော်မူဖွယ် ပူဇော်သကာများကို ပေးဆက်ခွင့်ရှိကြသည်။ ထို့ကြောင့် အဆိုပါလူအုပ်ကြီးနှင့်ပတ်သက်၍ ဟေရှာယ ၅၆:၆၊ ၇ ပါပရောဖက်ပြုချက်သည် ဘုန်းကျက်သရေထည်ဝါစွာ ပြည့်စုံလျက်ရှိသည်– “ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော်ကို ချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်းအလို့ငှာ ထာဝရဘုရား၌မှီဝဲသော တစ်ပါးအမျိုးသားတို့ကို . . . ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့၍ ငါ၏ပတ္ထနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့မီးရှို့ရာယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံမည်။ ငါ့အိမ်ကို လူအမျိုးမျိုး ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့။”

၆။ (က) တိုင်းတစ်ပါးသားများသည် မည်သည့်ပူဇော်သကာမျိုးတို့ကို ပူဇော်ကြသနည်း။ (ခ) ယဇ်ပုရောဟိတ်များရင်ပြင်တွင်းရှိ ရေအင်တုံက မည်သည့်အရာနှင့်ပတ်သက်၍ သူတို့ကိုနှိုးဆော်သတိပေးသနည်း။

၆ ဤတိုင်းတစ်ပါးသားများ ပူဇော်သည့် ယဇ်များတွင် “[ဘုရားသခင့်] နာမတော်ကို ဝန်ခံရာ [ကောင်းစွာပြင်ဆင်ထားသည့် သီးနှံပူဇော်သကာများကဲ့သို့] နှုတ်ခမ်းအသီး” နှင့် ‘အခြားသူများအား ကျေးဇူးပြုခြင်း၊ ပေးကမ်းခြင်း’ တို့ပါဝင်သည်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆၊ သမ) ယဇ်ပုရောဟိတ်များ မိမိတို့ကိုယ်ကို ဆေးကြောသန့်စင်ရန် အသုံးပြုရကြသော ရေအင်တုံကြီးသည်လည်း ဤတိုင်းတစ်ပါးသားများအတွက် အရေးကြီးသောသတိပေးနှိုးဆော်ချက်တစ်ခုဖြစ်သည်။ သူတို့အတွက် ဘုရားသခင့်နှုတ်ကပါဌ်တော် တိုးတက်ရှင်းလင်းလာသည်နှင့်အမျှ ဝိညာဏနှင့် စာရိတ္တသန့်စင်ရေးကိုလည်း သူတို့လက်ခံကျင့်သုံးကြရမည်။

သန့်ရှင်းသောအခန်းနှင့် ယင်း၏အသုံးအဆောင်များ

၇။ (က) လူအုပ်ကြီးသည် သန့်ရှင်းသောယဇ်ပုရောဟိတ်အဖွဲ့၏အခွင့်ထူးများကို မည်သို့သဘောထားသနည်း။ (ခ) တိုင်းတစ်ပါးသားအချို့သည် မည်သည့်ထပ်ဆင့်အခွင့်ထူးများ ရရှိထားကြသနည်း။

၇ သန့်ရှင်းသောအခန်းနှင့် ယင်း၏အသုံးအဆောင်များသည် အဆိုပါတိုင်းတစ်ပါးသား လူအုပ်ကြီးအတွက် အဓိပ္ပာယ်တစ်ခုခုရှိပါသလော။ အမှန်မှာ၊ သူတို့သည် သန့်ရှင်းသောအခန်းက ပုံတင်ပြသည့် အခြေအနေသို့ ဘယ်တော့မျှရောက်မည်မဟုတ်ပါ။ သူတို့သည် ကောင်းကင်နိုင်ငံသားများဖြစ်သော ဘုရားသခင့်ဝိညာဏသားများအဖြစ် တစ်ဖန်မွေးဖွားခြင်းကို မခံရကြပါ။ ယင်းက သူတို့ကို မနာလိုသဝန်တိုစိတ်ဝင်စေပါသလော။ မဝင်စေပါ၊ ယင်းသို့မဖြစ်ဘဲ ၁၄၄,၀၀၀ မှ ကျန်ကြွင်းသူများကို ထောက်ပံ့ကူညီရသည့် မိမိတို့၏အခွင့်ထူးတွင် ပျော်ပိုက်ကြပြီး လူသားများအား စုံလင်သည့်အခြေအနေသို့ မြှင့်တင်ပေးရာတွင် ခရစ်တော်နှင့်အတူပါဝင်ကြမည့် အဆိုပါဝိညာဏသားများကို မွေးစားရခြင်း၏ ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို နှစ်နှစ်ကာကာတန်ဖိုးထားမှု တင်ပြကြသည်။ ထို့အပြင် ထိုတိုင်းတစ်ပါးသားလူအုပ်ကြီးသည် ပရဒိသုတွင် မြေကြီးဆိုင်ရာ ထာဝရအသက်မျှော်လင့်ချက်ပေးခြင်းဖြင့်ဖြစ်သည့် ဘုရားသခင်၏မခံစားထိုက်သော ကြီးမားလှသည့်ကရုဏာတော်အတွက် ကျေးဇူးတင်မဆုံးဖြစ်နေကြသည်။ ဤတိုင်းတစ်ပါးသားများမှ အချို့သောသူများသည် ရှေးခေတ်က နက်သနင်များကဲ့သို့ သန့်ရှင်းသောယဇ်ပုရောဟိတ်အဖွဲ့ကို အကူအညီပေးရာတွင် ကြီးကြပ်ခြင်းလုပ်ငန်းများကိုလုပ်ကိုင်ခွင့်များ ပေးအပ်ထားခြင်းခံရကြသည်။b (ဟေရှာယ ၆၁:၅) “မြေတစ်ပြင်လုံးတွင် မင်းအရာ” ၌ ယေရှုခန့်ထားတော်မူသောသူတို့မှာ ဤသူများထဲမှဖြစ်သည်။—ဆာလံ ၄၅:၁၆။

၈၊ ၉။ လူအုပ်ကြီးသည် သန့်ရှင်းသောအခန်း၏အသုံးအဆောင်များကို ဆင်ခြင်သုံးသပ်ခြင်းမှ အဘယ်အကျိုးကျေးဇူး ရရှိလာသနည်း။

၈ တိုင်းတစ်ပါးသားလူအုပ်ကြီးသည် ပုံဆောင်သန့်ရှင်းသောအခန်းသို့ မည်သည့်အခါမျှ ဝင်ကြမည်မဟုတ်သော်လည်း သူတို့သည် ယင်း၏အသုံးအဆောင်များမှ အဖိုးတန်သင်ခန်းစာများကို သင်ယူရရှိကြသည်။ မီးခုံတိုင်သည် ဆီမပြတ်ဖြည့်ပေးဖို့လိုအပ်သကဲ့သို့ တိုင်းတစ်ပါးသားများသည်လည်း “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့်စီးဆင်းလာသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ တိုးပွားလာသည့်သမ္မာတရားများကို နားလည်ဖို့ အကူအညီဖြစ်စေရန် သန့်ရှင်းသောဝိညာဉ်တော်လိုအပ်သည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ထို့အပြင် ဤဖိတ်ခေါ်ချက်ကို တုံ့ပြန်ရာတွင် ဘုရားသခင့်ဝိညာဉ်တော်က သူတို့ကို အကူအညီပေးသည်– “ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီး [ဘိသိက်ခံအကြွင်းအကျန်] က ‘လာခဲ့ပါ!’ ဟုဆိုကြ၏။ ကြားသောသူကလည်း ‘လာခဲ့ပါ!’ ဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ။” (ဗျာဒိတ် ၂၂:၁၇) ထို့ကြောင့် မီးခုံတိုင်က လူအုပ်ကြီးသည် ခရစ်ယာန်များအဖြစ်ထွန်းလင်းရန်၊ ဘုရားသခင့်ဝိညာဉ်တော်ကို စိတ်နာစေမည့် သဘောထား၊ အတွေးအခေါ်၊ အပြောအဆို သို့မဟုတ် အကျင့်အကြံတိုင်းကို ရှောင်ရန်ဟူသည့် သူတို့၏တာဝန်အတွက် သတိပေးနှိုးဆော်ချက်တစ်ခုဖြစ်သည်။—ဧဖက် ၄:၃၀။

၉ လူအုပ်ကြီးသည် ဝိညာဉ်ရေးဘက် ဆက်၍ကျန်းမာသန်စွမ်းနေနိုင်ရန် သမ္မာကျမ်းစာနှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” ၏ စာပေများမှရသည့် ဝိညာဉ်အစာကို မှန်မှန်စားသုံးကြရမည်ဖြစ်ကြောင်း ရှေ့တော်မုန့်စားပွဲက သတိပေးနှိုးဆော်သည်။ (မဿဲ ၄:၄) နံ့သာယဇ်ပလ္လင်က သမာဓိဆက်၍တည်ကြည်နိုင်ဖို့ အကူအညီပေးရန် ယေဟောဝါထံ ထက်သန်ပြင်းပြစွာဆုတောင်းခြင်း၏ အရေးကြီးမှုနှင့်ပတ်သက်ပြီး လူအုပ်ကြီးကို နှိုးဆော်သတိပေးသည်။ (လုကာ ၂၁:၃၆) သူတို့၏ဆုတောင်းချက်များတွင် ချီးမွမ်းခြင်းနှင့် ကျေးဇူးတင်ခြင်းတို့၏ လှိုက်လှဲသောမြွက်ဟချက်များ ပါဝင်သင့်သည်။ (ဆာလံ ၁၀၆:၁) နံ့သာယဇ်ပလ္လင်က ခရစ်ယာန်စည်းဝေးများတွင် ဘုရားသခင့်နိုင်ငံတော်သီချင်းများကို နှလုံးအပြည့်သီဆိုခြင်း၊ “ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်” ထိထိရောက်ရောက် “ဝန်ခံ” ရန် သူတို့ကောင်းစွာပြင်ဆင်ခြင်းတို့ကဲ့သို့သော အခြားနည်းများဖြင့် ဘုရားသခင်အားချီးမွမ်းရန် လိုအပ်ကြောင်းတို့ကိုလည်း နှိုးဆော်သတိပေးသည်။—ရောမ ၁၀:၁၀။

စစ်မှန်သောဝတ်ပြုရေး၏ အပြီးသတ်အောင်ပွဲ

၁၀။ (က) မည်သည့်ကြီးမြတ်သည့်အလားအလာကို ကျွန်ုပ်တို့ရှုမျှော်နိုင်သနည်း။ (ခ) ဦးဆုံး အဘယ်တိုးပွားမှု ဖြစ်ရမည်နည်း။

၁၀ ယနေ့ လူမျိုးအားလုံးမှ “များပြားသောသူတို့” သည် ယေဟောဝါ၏ဝတ်ပြုရေးအိမ်တော်သို့ တသီတတန်းကြီးဝင်လာနေကြသည်။ (ဟေရှာယ ၂:၂၊ ၃) ယင်းအချက်ကို အတည်ပြုသည့်အနေနှင့် ဗျာဒိတ် ၁၅:၄ ကဤသို့ဖော်ပြသည်– “အိုထာဝရဘုရား၊ ကိုယ်တော်ကို မကြောက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့်စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးအပေါင်းတို့သည် လာ၍ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်။” နောက်ဆက်ဖြစ်မည့်အရာများကို ဇာခရိ အခန်းကြီး ၁၄ က ဖော်ပြသည်။ မဝေးတော့သော အနာဂတ်တွင် ကမ္ဘာသားအများစု၏ သဘောဆိုးသည် ယေရုရှလင်မြို့—ကောင်းကင်ယေရုရှလင်၏ မြေကြီးပေါ်ရှိ ကိုယ်စားလှယ်များကို စစ်တိုက်ရန် နောက်ဆုံးအကြိမ် စုရုံးကြသောအခါ အထွတ်အထိပ်သို့ရောက်မည်။ ထိုအခါ ယေဟောဝါသည် အရေးယူတော်မူမည်။ စစ်သူကြီးဘုရားအနေနှင့် ကိုယ်တော်သည် ဤသို့တိုက်ခိုက်ဝံ့သည့် “ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။”—ဇာခရိ ၁၄:၂၊ ၃။

၁၁၊ ၁၂။ (က) ယေဟောဝါသည် မိမိ၏ဗိမာန်တော်ရှိ ဝတ်ပြုသူများအပေါ် ကျရောက်လာမည့် ကမ္ဘာချီတိုက်ခိုက်မှုကို မည်သို့လက်တုံ့ပြန်တော်မူမည်နည်း။ (ခ) ဘုရားသခင့်စစ်ပွဲ၏ ရလဒ်ကား မည်သို့ရှိမည်နည်း။

၁၁ “ယေရုရှလင်မြို့ကို တိုက်ခိုက်သော လူမျိုးအပေါင်းတို့၌ ထာဝရဘုရားပေးတော်မူသော ဘေးဒဏ်ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားဆွေးမြေ့ခြင်း၊ မျက်အိမ်၌ မျက်လုံးဆွေးမြေ့ခြင်း၊ ခံတွင်း၌ လျှာဆွေးမြေ့ခြင်းတည်း။ ထိုနေ့ရက်တွင် ထာဝရဘုရားမှဖြစ်သော ထိတ်လန့်ခြင်းသည် သူတို့၌ရှိသဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ကိုင်ဖမ်း၍ လက်ရောက်ပြုကြလိမ့်မည်။”—ဇာခရိ ၁၄:၁၂၊ ၁၄၊ သမ္မာ။

၁၂ ဤဘေးဒဏ်သည် စာသားအတိုင်းလော၊ ပုံဆောင်အရလောဆိုသည်ကို ကျွန်ုပ်တို့စောင့်ကြည့်ရမည်။ သို့သော် တစ်ခုတော့ သေချာသည်။ ဘုရားသခင့်ရန်သူများသည် ယေဟောဝါ၏ ကျေးကျွန်များကို တစ်ကမ္ဘာလုံးဝိုင်းတိုက်ဖို့ ရွေ့ရှားချီတက်နေစဉ် အံ့သြမိန်းမောဖွယ်ကောင်းလောက်အောင် ဘုရားသခင်၏အနန္တတန်ခိုးတော်ပြသခြင်းဖြင့် သူတို့ကို ရပ်တန့်ပစ်မည်။ သူတို့၏နှုတ်သည် အသံတိတ်သွားမည်။ အာခံသော သူတို့၏လျှာများသည် ဆွေးမြေ့ပုပ်ရိသွားသကဲ့သို့ ဖြစ်မည်။ သူတို့၏စိတ်တူသဘောတူပန်းတိုင်သည် မျက်စိများ ဆွေးမြေ့ပုပ်ရိသွားသည့်အလား သူတို့၏မြင်ကွင်းတွင် မှုန်ဝါးသွားမည်။ တိုက်ပွဲဝင်ဖို့ သူတို့အားသတ္တိပေးသည့် ကာယအစွမ်းများသည် လုံးပါးပါးကုန်မည်။ အချင်းချင်းရှုပ်ထွေးမှားယွင်းကာ အကြီးအကျယ်သတ်ဖြတ်ကြမည်။ သို့နှင့် ဘုရားသခင့်ဝတ်ပြုရေး၏ မြေကြီးဆိုင်ရာ ရန်သူရှိရှိသမျှသည် သုတ်သင်ခံရမည်။ နောက်ဆုံး၌ လူမျိုးအားလုံးသည် ယေဟောဝါ၏ စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အသိအမှတ်ပြုရန် မဖြစ်မနေတိုက်တွန်းခံရမည်။ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် တစ်ပြည်လုံးတွင် ရှင်ဘုရင်ဖြစ်တော်မူမည်” ဟူသည့် ပရောဖက်ပြုချက် ပြည့်စုံသွားမည်။ (ဇာခရိ ၁၄:၉) ထိုနောက်တွင် ခရစ်တော်၏ အနှစ်တစ်ထောင်စိုးစံမှုက လူသားတို့အတွက် မဟာကောင်းချီးများကို စပြီးပြန်လည်ပေးသောအခါ စာတန်နှင့် သူ၏နတ်ဆိုးများသည် ချုပ်နှောင်ခံရမည်။—ဗျာဒိတ် ၂၀:၁၊ ၂; ၂၁:၃၊ ၄။

မြေကြီးဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်း

၁၃။ “လူမျိုးအပေါင်းတို့တွင် ကျန်ကြွင်းသမျှသော” သူတို့ကား မည်သူများနည်း။

၁၃ ဇာခရိပရောဖက်ပြုချက်က အခန်းကြီး ၁၄၊ အခန်းငယ် ၁၆ (သမ္မာ) တွင် ဤသို့ဆက်သည်– “ယေရုရှလင်မြို့တစ်ဖက်သို့ချီလာသော လူမျိုးအပေါင်းတို့အနက် ကျန်ကြွင်းသမျှသောသူတို့သည် ရှင်ဘုရင်ဖြစ်သော ဗိုလ်ခြေတို့အရှင် ထာဝရဘုရားကို ကိုးကွယ်၍၊ တဲနေပွဲခံအံ့သောငှာ၊ နှစ်တိုင်းအစဉ် တက်လာကြလိမ့်မည်။” ကျမ်းစာအရ ဤဆိုးသွမ်းသောစနစ်၏အဆုံးထိ ဆက်၍အသက်ရှင်ပြီး စစ်မှန်သောဝတ်ပြုရေး၏ရန်သူများအဖြစ် စီရင်သတ်မှတ်ခံရသော ယနေ့သက်ရှိထင်ရှားနေသူအားလုံးသည် “ထာဝရပျက်စီးခြင်းတည်းဟူသောအပြစ်ဒဏ်” ကို တွေ့ကြုံခံစားကြရမည်။ (၂ သက်သာလောနိတ် ၁:၇-၁၀; မဿဲ ၂၅:၃၁-၃၃၊ ၄၆ လည်းရှု။) သူတို့၌ ရှင်ပြန်ထမြောက်ခြင်းရှိမည်မဟုတ်ပါ။ ထိုအချိန်၌ “ကျန်ကြွင်းသမျှသော” သူများတွင် ဘုရားသခင်၏ အဆုံးသတ်စစ်ပွဲမတိုင်မီ သေသွားကြသည့် လူမျိုးများမှလူများပါဝင်ဖွယ်ရှိပြီး သူတို့အတွက်မူ ကျမ်းစာအခြေပြုသော ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် ရှိသည်။ “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကို ကြား၍ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့” ဟု ယေရှု ကတိပြုတော်မူခဲ့သည်။—ယောဟန် ၅:၂၈၊ ၂၉။

၁၄။ (က) ထမြောက်လာသူများသည် ထာဝရအသက်ရရန် မည်သည့်အမှုပြုရမည်နည်း။ (ခ) ယေဟောဝါထံ ကိုယ့်ကိုယ်ကို ဆက်ကပ်အပ်နှံဖို့၊ စစ်မှန်သောဝတ်ပြုရေးကို လိုက်စားဖို့ငြင်းဆန်သူမှန်သမျှ မည်သို့ဖြစ်မည်နည်း။

၁၄ ရှင်ပြန်ထမြောက်လာမည့် ဤသူအားလုံးတို့သည် တရားစီရင်ခံရဖို့မဟုတ်ဘဲ အသက်ရှင်ဖို့အတွက် ရှင်ပြန်ထမြောက်လာခြင်းဖြစ်စေရန် တစ်ခုခုလုပ်ဆောင်ရမည်။ သူတို့သည် ယေဟောဝါဗိမာန်တော်၏ မြေကြီးဆိုင်ရာရင်ပြင်များသို့ လာပြီး ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံကာ ညွတ်ပျပ်ကိုးကွယ်ရမည်။ ယင်းကိုလုပ်ဆောင်ဖို့ ငြင်းဆိုသည့် ထမြောက်လာသောသူ မည်သူမဆိုသည် မျက်မှောက်ခေတ်လူမျိုးများပေါ် ကျရောက်မည့် ဘေးဒဏ်ကို ထပ်တူခံရလိမ့်မည်။ (ဇာခရိ ၁၄:၁၈) ထမြောက်လာသူမည်မျှသည် ပုံဆောင်တဲနေပွဲကျင်းပရာတွင် လူအုပ်ကြီးနှင့်အတူ တပျော်တပါးပူးပေါင်းမည်ကို မည်သူသိမည်နည်း။ များပြားမည်ဖြစ်ပြီး ရလဒ်အနေနှင့် ယေဟောဝါ၏ မဟာဝိညာဏဗိမာန်တော်သည် သာ၍ပင် ဘုန်းကြီးလာမည်အမှန်!

ပုံဆောင်တဲနေပွဲ

၁၅။ (က) ရှေးဣသရေလတဲနေပွဲ၏ ထင်ရှားသောအခြင်းအရာတချို့ကား အဘယ်နည်း။ (ခ) ပွဲတော်အတွင်း နွားထီး ၇၀ ကို အဘယ့်ကြောင့် ပူဇော်သနည်း။

၁၅ ရှေးဣသရေလလူမျိုးသည် နှစ်စဉ်နှစ်တိုင်း တဲနေပွဲကျင်းပရန် တောင်းဆိုခံရသည်။ ၎င်းပွဲတော်သည် တစ်ပတ်ကြာပြီး သီးနှံရိတ်သိမ်းပြီးချိန်တွင်ဖြစ်သည်။ ၎င်းသည် ကျေးဇူးတော်ချီးမွမ်းသည့် ရွှင်မြူးဖွယ်ကောင်းသော အခါသမယဖြစ်သည်။ ဤအပတ်အတွင်း သစ်ရွက်များ၊ အထူးသဖြင့် စွန်ပလွံရွက်များဖြင့် မိုးထားကာထားသည့် ယာယီတဲများတွင် နေကြရသည်။ ဤပွဲတော်က အီဂျစ်ပြည်မှ သူတို့၏ဘိုးဘေးများကို ကယ်တင်တော်မူခဲ့ပုံနှင့် ကတိထားရာပြည်သို့ရောက်သည့်အထိ တောကန္တာရထဲတွင် အနှစ် ၄၀ လှည့်လည်သွားလာနေစဉ် တဲများတွင် နေခဲ့ရသည့်အခါ ကိုယ်တော် သူတို့ကို မည်သို့စောင့်ရှောက်ခဲ့ပုံတို့နှင့်ပတ်သက်၍ ဣသရေလလူမျိုးများကို ပြန်လည်အမှတ်ရစေသည်။ (ဝတ်ပြုရာ ၂၃:၃၉-၄၃) ပွဲတော်အတွင်း နွားထီး ၇၀ ကို ယဇ်ပလ္လင်ပေါ်တွင် ယဇ်ပူဇော်သည်။ အထောက်အထားအရ ပွဲတော်၏ဤအခြင်းအရာသည် ယေရှုခရစ်လုပ်ဆောင်သော စုံလင်ပြည့်ဝသည့် အသက်ကယ်ခြင်းလုပ်ငန်း၏ရှေ့ပြေးပုံတင်ပြချက်ဖြစ်သည်။ ကိုယ်တော့်ရွေးနုတ်ဖိုးပူဇော်သကာ၏ အကျိုးကျေးဇူးများသည် နောဧမှ ဆင်းသက်လာသည့် လူ့မိသားစု ၇၀ ၏ မရေတွက်နိုင်သောသားစဉ်မြေးဆက်များဆီသို့ တဖြည်းဖြည်းစီးဆင်းလာမည်။—ကမ္ဘာဦး ၁၀:၁-၂၉; တောလည်ရာ ၂၉:၁၂-၃၄; မဿဲ ၂၀:၂၈။

၁၆၊ ၁၇။ (က) ပုံဆောင်တဲနေပွဲကို မည်သည့်အချိန်တွင် စတင်သနည်း၊ ယင်းကို မည်သို့ဆက်၍ကျင်းပသနည်း။ (ခ) လူအုပ်ကြီးသည် ပွဲတော်တွင် မည်သို့ပါဝင်သနည်း။

၁၆ ထို့ကြောင့် ရှေးတဲနေပွဲသည် ရွေးနုတ်ခံရသောအပြစ်သားများကို ယေဟောဝါ၏ မဟာဝိညာဏဗိမာန်တွင်းသို့ တပျော်တပါးစုသိမ်းခြင်းကို ညွှန်ပြသည်။ ဤပွဲတော်၏ပြည့်စုံချက်သည် ခရစ်ယာန်အသင်းတော်တွင်းသို့ ဝိညာဏဣသရေလလူမျိုးကို တပျော်တပါးစုသိမ်းခြင်းနှင့် အစပြုသည့် စီ.အီး. ၃၃ ခုနှစ်တွင် စတင်ခဲ့သည်။ (တမန်တော် ၂:၄၁၊ ၄၆၊ ၄၇) အဆိုပါဘိသိက်ခံများသည် စစ်မှန်သော “ကောင်းကင်ပြည်တော်သားများဖြစ်ကြ” သောကြောင့် စာတန့်လောကတွင် “ဧည့်သည်အာဂန္တု” ဖြစ်ကြခြင်းကို ကျေးဇူးတင်ကြသည်။ (၁ ပေတရု ၂:၁၁; ဖိလိပ္ပိ ၃:၂၀၊ သမ) ဤရွှင်မြူးဖွယ်ပွဲတော်သည် အခိုက်အတန့်အားဖြင့် ခရစ်ယာန်ဘောင်ဖွဲ့စည်းပေါ်ပေါက်မှုကြောင့် ဖြစ်ပေါ်လာသော အယူဖောက်ပြန်ခြင်း၏ လောင်းရိပ်မိခဲ့သည်။ (၂ သက်သာလောနိတ် ၂:၁-၃) သို့သော် ၁၉၁၉ ခုနှစ်တွင် ဝိညာဏဣသရေလ ၁၄၄,၀၀၀ ၏နောက်ဆုံးအဖွဲ့ဝင်များကို တပျော်တပါး စုသိမ်းခြင်းဖြင့် ထိုပွဲတော်ကို ပြန်စခဲ့သည်။ ယင်းနောက် ဗျာဒိတ် ၇:၉ ပါ အပြည်ပြည်ဆိုင်ရာ လူအုပ်ကြီးကို စုသိမ်းခြင်းလိုက်ပါလာသည်။

၁၇ လက်ထဲတွင် စွန်ပလွံခက်များကိုင်ထားသည့်အဖြစ်ဖြင့် ဤလူအုပ်ကြီးကို ပုံဖော်ထားသည်။ ယင်းက သူတို့သည်လည်း ပုံဆောင်တဲနေပွဲကို တပျော်တပါးကျင်းပသူများဖြစ်ကြောင်း ပြသသည်။ ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်များအနေနှင့် သူတို့သည် သာ၍များသော ဝတ်ပြုသူများကို ယေဟောဝါ၏ဗိမာန်တော်တွင်းသို့ စုသိမ်းသည့်လုပ်ငန်းတွင် တပျော်တပါးပါဝင်ကြသည်။ ထို့အပြင် သူတို့သည် အပြစ်သားများအဖြစ်နှင့်ဆိုလျှင် ကမ္ဘာပေါ်တွင် အမြဲနေခွင့် မရှိကြောင်း နားလည်ထားကြသည်။ သူတို့သည် အနာဂတ်ထမြောက်လာမည့်သူများနှင့်အတူ ခရစ်တော်၏အနှစ်တစ်ထောင် အုပ်စိုးမှုအဆုံးတွင် လူ့စုံလင်မှုသို့ရောက်သည့်အထိ ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြကြရမည်။—ဗျာဒိတ် ၂၀:၅။

၁၈။ (က) ယေရှုခရစ်၏ အနှစ်တစ်ထောင်စိုးစံမှုအဆုံးတွင် မည်သည့်အရာဖြစ်မည်နည်း။ (ခ) ယေဟောဝါ၏ စစ်မှန်သောဝတ်ပြုရေးသည် နောက်ဆုံး၌ မည်သို့အောင်ပွဲခံမည်နည်း။

၁၈ ထိုအချိန်တွင် ကမ္ဘာပေါ်၌ ဘုရားသခင်အား ဝတ်ပြုသူများသည် ကောင်းကင်ဆိုင်ရာ ယဇ်ပုရောဟိတ်အဖွဲ့မလိုအပ်ဘဲ လူ့စုံလင်မှုဖြင့် ကိုယ်တော်ရှေ့တွင် ရပ်တည်ကြမည်။ ယေရှုခရစ်သည် ဘုရားသခင့် “နိုင်ငံတော်ကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော်မူ” သော အချိန်ရောက်လာမည်။ (၁ ကောရိန္သု ၁၅:၂၄) စုံလင်သောလူသားတို့ကို စမ်းသပ်ရန် စာတန်ကို “ခဏ” လွှတ်ဦးမည်။ သစ္စာမရှိသောသူတိုင်းသည် စာတန်၊ သူ၏နတ်ဆိုးများနှင့်အတူ ထာဝရဖျက်ဆီးခြင်းခံရမည်။ သစ္စာတည်ကြည်သောသူများသည် ထာဝရအသက်ကို ရရှိကြမည်။ သူတို့သည် မြေကြီးပရဒိသုတွင် အမြဲနေခွင့်ရသူများဖြစ်လာမည်။ သို့ဖြင့် ပုံဆောင်တဲနေပွဲသည် ဘုန်းကျက်သရေရှိသော အောင်မြင်မှုဖြင့်နိဂုံးချုပ်သွားမည်။ စစ်မှန်သောဝတ်ပြုရေးသည် ယေဟောဝါ၏ ထာဝရဘုန်းတော်နှင့် လူသားတို့၏ထာဝစဉ်ပျော်ရွှင်မှုအတွက် အောင်ပွဲခံသွားမည်။—ဗျာဒိတ် ၂၀:၃၊ ၇-၁၀၊ ၁၄၊ ၁၅။

[အောက်ခြေမှတ်ချက်များ]

a ဇာခရိ အခန်းကြီး ၁၄ ပါ အခန်းငယ်တစ်ခုချင်းအလိုက် အသေးစိတ်ရှင်းလင်းချက်အတွက် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း နယူးယောက်မြို့က ၁၉၇၂ ခုနှစ်တွင် ထုတ်ဝေလိုက်သော Paradise Restored to Mankind—By Theocracy! [လိပ်] စာအုပ် အခန်း ၂၁၊ ၂၂ တွင်ရှု။

b ခေတ်သစ် နက်သနင်အကြောင်း ထပ်ဆင့်အချက်အလက်များအတွက် ၁၉၉၂၊ ဧပြီ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ၊ ၁၆ တွင်ရှု။

ပြန်လည်ဆွေးနွေးရန်မေးခွန်းများ

◻ ပထမကမ္ဘာစစ်အတွင်း “ယေရုရှလင်မြို့” သည် တိုက်ခိုက်ခံရသည့်အဖြစ်တွင် မည်သို့ရှိခဲ့သနည်း။—ဇာခရိ ၁၄:၂။

◻ ၁၉၁၉ ခုနှစ်မှစ၍ ဘုရားသခင့်လူမျိုးတော်အပေါ် မည်သည့်အရာဖြစ်ပျက်ခဲ့ပြီနည်း။

◻ ပုံဆောင်တဲနေပွဲကျင်းပရာတွင် ယနေ့မည်သူများပါဝင်သနည်း။

◻ စစ်မှန်သောဝတ်ပြုရေးသည် မည်သို့အပြီးသတ်အောင်ပွဲခံမည်နည်း။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

တဲနေပွဲကျင်းပရာတွင် စွန်ပလွံခက်များကို အသုံးပြုသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ