ဘုရားသခင့်နှုတ်ကပါဌ်တော်သည် “အံ့ဖွယ်ရာများ” ကိုလုပ်ဆောင်သည်
တာရီးဇ် အေအောန်ပြောပြသည်
၁၉၆၅ ခုနှစ်ရဲ့ နေ့တစ်နေ့မှာပေါ့၊ ကျွန်မဟာ စီးပွားရေးဌာနတစ်ခုကို ဝင်ပြီး ကုန်သည်တွေကို ကင်းမျှော်စင် နဲ့ နိုးလော့! စာစောင်တွေ ဝေငှပါတယ်။ ပြန်လှည့်ထွက်တယ်ဆိုရင်ပဲ ဒိုင်းကနဲအသံတစ်သံ ကြားလိုက်ရတယ်။ ကျည်ဆံထိပ်ဖူးတစ်ခုဟာ ကျွန်မရဲ့ခြေထောက်နားက ကြမ်းပြင်ကို လာမှန်တယ်။ “ယေဟောဝါသက်သေတွေကို အဲ့လိုပဲ ဆက်ဆံရတယ်” ဆိုပြီး ကုန်သည်တစ်ယောက်က ထိကပါးရိကပါးပြောတယ်။
အဲ့ဒီအတွေ့အကြုံဟာ ကျွန်မကို အထိတ်တလန့်ဖြစ်သွားစေခဲ့ပေမဲ့လည်း အချိန်ပြည့်ဓမ္မအမှုကို စွန့်လွှတ်လောက်တဲ့အထိတော့ မဖြစ်စေခဲ့ပါဘူး။ ကျွန်မသိရှိခဲ့တဲ့ ကျမ်းစာသမ္မာတရားတွေဟာ ကျွန်မရဲ့ဓမ္မအမှုကို စွန့်လွှတ်လိုက်ဖို့ဖြစ်ပေါ်စေမဲ့ ဘယ်အရာကိုမှ ခွင့်မပြုတဲ့အထိ တန်ဖိုးကြီးမားလှပါတယ်။ ဘာကြောင့်အဲ့လိုပြောသလဲဆိုတာကို ရှင်းပြပါရစေ။
၁၉၁၈ ခုနှစ် ဇူလိုင်လမှာ ကျွန်မကို မွေးဖွားပြီးတဲ့နောက် ကျွန်မရဲ့မိဘတွေဟာ အံ့ဖွယ်အရပ်ဒေသလို့ နာမည်ကျော်တဲ့ ကနေဒါနိုင်ငံ ကွိဗက်စီရင်စုမှာရှိတဲ့ ကက်ဒီလာမက်ဒလိန်း ရွာလေးမှာ အခြေချခဲ့ကြတယ်။ ဧည့်သည်တွေဟာ အပျိုစင်မာရိရဲ့ ဗိမာန်မှာ ဂါရဝပြုဖို့ ဒီကို အစုလိုက်အပြုံလိုက်ရောက်လာကြတယ်။ မာရိပြုလုပ်ခဲ့တယ်လို့ ဆိုရိုးရှိတဲ့အံ့ဖွယ်အမှုတွေကို အထောက်အထားမပြနိုင်ပေမဲ့လည်း အဲ့ဒီရွာလေးဟာ လူဦးရေ ၃၀,၀၀၀ ကျော်တဲ့ မြို့လေးတစ်မြို့အဖြစ် ကူးပြောင်းဖွံ့ထွားသွားတာနဲ့အမျှ ဘုရားသခင့်နှုတ်ကပါဌ်တော်ဟာ လူများစွာရဲ့အသက်တာမှာ အံ့ဖွယ်အရာလို့ဆိုရမလောက်တဲ့အရာကို လုပ်ဆောင်ခဲ့ပါတယ်။
ကျွန်မအသက် ၂၀ အရွယ်မှာပေါ့၊ ဘာသာရေးကိစ္စတွေကို ကျွန်မစိတ်ဝင်စားကြောင်း အဖေသိသွားတော့ သူ့ကျမ်းစာကို ကျွန်မကို ပေးတယ်။ အဲဒါကို ကျွန်မစဖတ်တဲ့အခါ အရုပ်ကိုးကွယ်မှုကို ပြောင်ပြောင်တင်းတင်းရှုတ်ချထားကြောင်း ထွက်မြောက်ရာ အခန်းကြီး ၂၀ ကနေသိလိုက်ရတဲ့အတွက် ကျွန်မတုန်လှုပ်သွားခဲ့ရတယ်။ ချက်ချင်းဆိုသလိုပါပဲ၊ ချာ့ချ်ရဲ့သွန်သင်ချက်တွေကို ကျွန်မအယုံအကြည်မရှိတော့ဘဲ မစ္ဆားပွဲမတက်တော့ဘူး။ အရုပ်တွေကို ကျွန်မဝတ်မပြုချင်ဘူး။ အဖေက “တာရီးဇ် ချာ့ချ်မသွားဘူးလား” လို့ ပြောတာကို ကျွန်မကြားယောင်မိသေးတယ်။ “ဟင့်အင်း၊ ကျွန်မကျမ်းစာပဲဖတ်တော့မယ်” လို့ပြန်ဖြေလိုက်တယ်။
၁၉၃၈ ခုနှစ် စက်တင်ဘာလမှာ ကျွန်မအိမ်ထောင်ပြုလိုက်ပြီးတဲ့နောက်မှာတောင် ကျမ်းစာဖတ်ခြင်းဟာ ကျွန်မဘဝရဲ့ ကဏ္ဍတစ်ခု ဆက်ဖြစ်နေတုန်းပါပဲ။ ခင်ပွန်းဖြစ်သူ ရိုဇာဟာ ညဘက်မှာ အလုပ်လုပ်လေ့ရှိတဲ့အတွက်ကြောင့် သူအလုပ်သွားနေတဲ့အချိန်မှာ ကျမ်းစာကို ဖတ်ကျင့်ရှိအောင်လုပ်ခဲ့တယ်။ မကြာခင်မှာပဲ ဘုရားသခင်မှာ လူမျိုးတော်ရှိရမယ်လို့ ကျွန်မကောက်ချက်ချလိုက်ပြီး သူတို့ကို စရှာဖွေတော့တယ်။
ဘုရားသခင့်လူမျိုးတော်ကို ကျွန်မရှာပုံတော်ဖွင့်ခြင်း
ချာ့ချ်မှာ ကျွန်မသင်ယူခဲ့တဲ့အရာတွေကြောင့် ငယ်ငယ်တုန်းကဆိုရင် မီးတောက်ငရဲထဲမှာ နိုးထလာရမှာကိုကြောက်ပြီး သွားမအိပ်ရဲဘူး။ အဲ့ဒီကြောက်ရွံ့မှုကို တွန်းလှန်နိုင်ဖို့အတွက် မေတ္တာရှိတဲ့ဘုရားသခင်ဟာ ဒီလောက်ကြောက်စရာကောင်းတဲ့အရာတစ်ခုကို လုပ်ခွင့်ပြုမှာမဟုတ်ပါဘူးလို့ ကိုယ့်ဘာသာကိုယ် ပြောပြောနေရတယ်။ စိတ်ချလက်ချနဲ့ ကျမ်းစာကို ဆက်ဖတ်ပြီး သမ္မာတရားကို ရှာတယ်။ ကျွန်မဟာ ဖတ်သာဖတ်တယ် နားမလည်တဲ့ အဲသယောပိအမတ်လိုပါပဲ။—တမန်တော် ၈:၂၆-၃၉။
ကျွန်မတို့ရဲ့အောက်ထပ်ကအခန်းမှာနေကြတဲ့ ကျွန်မရဲ့အကို အင်ဒရာနဲ့ သူ့ဇနီးတို့ဟာ ၁၉၅၇ ခုနှစ်လောက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာခဲ့ကြတယ်။ အဆောက်အအုံထဲကို သက်သေခံတွေလာဟောတဲ့အခါ မျက်နှာကြက်ကို ခေါက်ပြီး ကျွန်မကို သတိပေးဖို့ ယောင်းမဖြစ်သူကို မှာထားတယ်။ ဒါမှ တံခါးမဖွင့်ပေးရမှန်း သိမှာ။ တစ်နေ့မှာ ကျွန်မကို သတိပေးဖို့ သူမေ့သွားတယ်။
ကျွန်မတံခါးဖွင့်ပေးမိလိုက်တဲ့ အဲ့ဒီနေ့မှာ ယေဟောဝါသက်သေများရဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်များကိုခေါ်တဲ့ ရှေ့ဆောင်တစ်ဦးဖြစ်တဲ့ ကေမန်ဒါနဲ့ ဆုံခဲ့တယ်။ သူမက ကျွန်မကို ဘုရားသခင့်နာမအကြောင်းပြောပြပြီး ဘုရားသခင်မှာ ယေဟောဝါလို့ခေါ်တဲ့ ကိုယ်ပိုင်နာမတော်ရှိကြောင်း ကျွန်မကို ရှင်းပြတယ်။ သူပြန်သွားတဲ့အခါ သူမပြောခဲ့တာတွေကို ကျမ်းချက်တွေက တကယ်ပဲထောက်ခံသလားဆိုတာ အခိုင်အမာသိရဖို့ ကျွန်မရဲ့ကျမ်းစာနဲ့ စစ်ဆေးကြည့်တယ်။ ကျွန်မရဲ့သုတေသနပြုမှုဟာ ကျွန်မကို ပျော်ရွှင်စေခဲ့တယ်။—ထွက်မြောက်ရာ ၆:၃၊ Douay Version, အောက်ခြေမှတ်ချက်; မဿဲ ၆:၉၊ ၁၀; ယောဟန် ၁၇:၆။
ကေးပြန်လာတဲ့အခါမှာ ဘုရားသခင်ဟာ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူလို့အဆိုရှိတဲ့ ချာ့ချ်ရဲ့ သုံးပါးတစ်ဆူအယူဝါဒအကြောင်း ဆွေးနွေးကြတယ်။ ကျမ်းစာဟာ သုံးပါးတစ်ဆူအကြောင်း မသွန်သင်ဘူးဆိုတာကို ကျေနပ်မှုရှိအောင် နောက်ပိုင်းမှာ ကျွန်မရဲ့ကျမ်းစာကို အသေအချာစိစစ်သုံးသပ်တယ်။ (တမန်တော် ၁၇:၁၁) ကျွန်မရဲ့ကိုယ်တိုင်လေ့လာမှုကနေ ယေရှုဟာ ဘုရားသခင်လောက် မကြီးမြတ်ဘူးဆိုတာကို အခိုင်အမာသိလာတယ်။ ကိုယ်တော်ဟာ ဖန်ဆင်းခံရတယ်။ ကိုယ်တော့်မှာ အစရှိပေမဲ့ ယေဟောဝါမှာတော့ အစမရှိဘူး။ (ဆာလံ ၉၀:၁၊ ၂; ယောဟန် ၁၄:၂၈; ကောလောသဲ ၁:၁၅-၁၇; ဗျာဒိတ် ၃:၁၄) သင်ယူနေတဲ့အရာတွေကို ကျေနပ်သွားပြီး ကျမ်းစာကို ပျော်ရွှင်စွာနဲ့ပဲဆက်ဆွေးနွေးခဲ့တယ်။
၁၉၅၈ ခုနှစ် နှင်းမုန်တိုင်းကျနေတဲ့ နိုဝင်ဘာလအတောအတွင်းရဲ့ နေ့တစ်နေ့မှာပေါ့၊ ငှားရမ်းထားတဲ့ ဟောခန်းတစ်ခုမှာ အဲ့ဒီညနေမှာပဲကျင်းပနေတဲ့ တိုက်နယ်အစည်းအဝေးကို တက်ရောက်ဖို့ ကေးက ကျွန်မကို ဖိတ်လိုက်တယ်။ ဖိတ်ခေါ်ချက်ကို ကျွန်မလက်ခံလိုက်ပြီး အဲ့ဒီအစီအစဉ်ကို တက်ရောက်ခဲ့တယ်။ အဲဒီနောက် ကျွန်မနားလာတဲ့ သက်သေခံတစ်ယောက်နဲ့ စကားစမြည်ပြောနေရင်း “ခရစ်ယာန်စစ်တွေဟာ တစ်အိမ်မှတစ်အိမ် ဟောပြောရမှာလား” လို့ ကျွန်မက မေးလိုက်တယ်။
“ဟုတ်တယ်၊ သတင်းကောင်းကို ကြေညာရမယ်၊ လူတွေရဲ့အိမ်တွေကို သွားရောက်ခြင်းဟာ အရေးပါတဲ့ဟောပြောနည်းတစ်ခုဖြစ်တယ်ဆိုတာကို ကျမ်းစာက ဖော်ပြတယ်” လို့ သူပြောခဲ့တယ်။—တမန်တော် ၂၀:၂၀။
သူ့ရဲ့အဖြေကို ကျွန်မအရမ်းသဘောကျသွားတယ်! အဲ့ဒါကနေ ဘုရားသခင့်လူမျိုးတော်ကို ကျွန်မတွေ့ပြီဆိုတာ စိတ်ချသွားစေတယ်။ “ဟင့်အင်း၊ မလိုပါဘူး” လို့သူပြောခဲ့မယ်ဆိုရင်တော့ ကျွန်မဟာ သမ္မာတရားတွေ့ပြီဆိုတာ သံသယဝင်မိမှာပဲ။ ဘာကြောင့်လည်းဆိုတော့ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းအကြောင်း ကျမ်းစာပြောထားတယ်ဆိုတာ ကျွန်မသိထားလို့ပဲလေ။ အဲ့ဒီအချိန်ကစပြီး ကျွန်မဟာ ဝိညာဉ်ရေးမှာ အလျင်အမြန်တိုးတက်လာပါတယ်။
အဲ့ဒီ တိုက်နယ်အစည်းအဝေးပြီးတဲ့နောက် တရိုးရစ္စရိုင်ဗိုင်းရက်စ်မြို့အနီးမှာ ကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို ကျွန်မစပြီးတက်ရောက်ခဲ့တယ်။ အဲဒီအချိန်က ကက်ဒီလာမက်ဒလန်းမှာနေကြတဲ့ သက်သေခံဆိုလို့ ကေးနဲ့ သူမရဲ့အဖော် ဖလောရင့်စ် ဘိုမင်တို့ပဲရှိတာ။ တစ်နေ့မှာ ကျွန်မက “မနက်ဖြန် ကျွန်မလည်း ရှင်တို့နဲ့အတူ လိုက်ဟောမယ်” လို့ ပြောလိုက်တယ်။ သူတို့နဲ့အတူ ကျွန်မပါဝင်တဲ့အတွက် သူတို့ပျော်ကြတယ်။
ကျွန်မ၏ဇာတိမြို့တွင် ဟောပြောခြင်း
ကျမ်းစာသတင်းတရားကို လူတိုင်းလက်ခံလိမ့်မယ်လို့ ကျွန်မထင်ခဲ့ပေမဲ့ အဲ့လိုမဟုတ်ဘူးဆိုတာကို မြန်မြန်ဆန်ဆန်ပဲ သိလိုက်ရတယ်။ ကေးနဲ့ ဖလောရင့်တို့ဟာ အခြားတစ်နေရာမှာ ခန့်အပ်ခံရတဲ့အခါ မြို့လေးထဲမှာ ကျမ်းစာသမ္မာတရားကို တစ်အိမ်မှတစ်အိမ်လိုက်ဟောတဲ့သူဆိုလို့ ကျွန်မတစ်ယောက်ပဲရှိတော့တယ်။ ကျွန်မနှစ်ခြင်းခံတဲ့ ၁၉၆၃ ခုနှစ် ဇွန်လ ၈ ရက်နေ့အထိ နှစ်နှစ်လောက် သတ္တိရှိရှိနဲ့တစ်ယောက်ထဲ ဆက်ဟောခဲ့တယ်။ အဲ့ဒီနေ့မှာပဲ အားလပ်ရှေ့ဆောင်လုပ်ငန်းလို့ အဲ့ဒီတုန်းကခေါ်တဲ့ လုပ်ငန်းမှာ နာမည်စာရင်းသွင်းလိုက်တယ်။
အားလပ်ရှေ့ဆောင်တစ်ယောက်အနေနဲ့ တစ်နှစ်လောက် ဆက်လုပ်ခဲ့တယ်။ အဲ့ဒီနောက် ဒေဘီနေ စန့်လောရန့်က ကျွန်မ မှန်မှန်ရှေ့ဆောင်ဖြစ်လာရင် တစ်ပတ်ကို တစ်ကြိမ် ကက်ဒီလာမက်ဒလန်းမြို့ကိုလာပြီး ကျွန်မနဲ့အတူ အမှုဆောင်မယ်လို့ ကတိပေးတယ်။ အဲ့ဒါနဲ့ ကျွန်မရဲ့ရှေ့ဆောင်လျှောက်လွှာကို ဖြည့်လိုက်တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကတော့ အချိန်ပြည့်ရှေ့ဆောင်လုပ်ငန်းကို ကျွန်မစမလုပ်ခင် နှစ်ပတ်အလိုမှာ ဒေဘီနေ ဆုံးသွားရှာတယ်။ ကျွန်မ ဘာလုပ်မလဲ။ ကျွန်မဟာ လျှောက်လွှာဖြည့်ထားတဲ့အတွက် နောက်မဆုတ်ချင်ဘူး။ ဒါကြောင့် ၁၉၆၄ အောက်တိုဘာလမှာ ကျွန်မ အချိန်ပြည့်ဓမ္မအမှုကို စလုပ်ခဲ့တယ်။ နောက်ထပ် လေးနှစ်အထိ တစ်ယောက်ထဲ တစ်အိမ်မှတစ်အိမ် သွားခဲ့တယ်။
ကက်ဒီလာမက်ဒလန်းမြို့မှာရှိတဲ့ ဘာသာရေးစိတ်ပြင်းထန်သူတွေဟာ မကြာခဏဆိုသလို အန္တရာယ်ပေးကြတယ်။ တချို့ဆိုရင် ဟောပြောခြင်းကို ပိတ်ပင်ဖို့ကြိုးစားတဲ့အနေနဲ့ ရဲကို ခေါ်ကြတယ်။ အစပိုင်းမှာ ကျွန်မပြောခဲ့တဲ့အတိုင်း တစ်နေ့မှာဆို ကုန်သည်တစ်ယောက်က ကျွန်မရဲ့ခြေထောက်ကို သေနတ်နဲ့ပစ်ပြီး ခြောက်လှန့်ဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒါက မြို့ထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားစေတယ်။ ဒေသခံရုပ်မြင်သံကြားဌာနက အဲ့ဒါကို ယေဟောဝါသက်သေတွေကို ဆန့်ကျင်တဲ့ ဆင်နွှဲမှုတစ်ရပ်လို့ခေါ်တယ်။ အဲ့ဒီအဖြစ်အပျက်တစ်ခုလုံးဟာ အားရဖွယ်ကောင်းတဲ့ သက်သေခံချက်တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ တိုက်တိုက်ဆိုင်ဆိုင်၊ နောက် ဆယ်နှစ်ကြာတဲ့အခါ ကျွန်မကိုသေနတ်နဲ့ပစ်တဲ့ ကုန်သည်ရဲ့အမျိုးတစ်ယောက်ကိုယ်တိုင် သက်သေခံဖြစ်လာတယ်။
ဘုရားသခင့်နှုတ်ကပါဌ်တော်က လုပ်ဆောင်ပေးသော “အံ့ဖွယ်ရာများ”
နှစ်များတစ်လျှောက် ကျမ်းစာသမ္မာတရားရဲ့ဆန့်ကျင်မှုတံတိုင်းဟာ ကက်ဒီလာမက်ဒလန်းမြို့မှာ တဖြည်းဖြည်းအစိတ်စိတ်အမြွှာမြွှာပြိုကျသွားတာကို တွေ့မြင်ခဲ့ရပါတယ်။ ၁၉၆၈ ခုနှစ်လောက်မှာ အခြားသက်သေခံတွေဟာ ဒီကို ပြောင်းရွှေ့လာကြပြီး နယ်ခံတွေဟာ ကျမ်းစာသမ္မာတရားကို စတင်တုံ့ပြန်လာကြပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းအရောက်မှာ ကျမ်းစာသင်အံမှုအရေအတွက်ဟာ အကြီးအကျယ်တိုးလာတော့တယ်။ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုမှာ အတော်အတန်ဆက်ပါဝင်နိုင်အောင် ကျွန်မသင်နေတဲ့ ကျမ်းစာသင်အံမှု တော်တော်များများကို တာဝန်ယူပေးဖို့ အခြားသက်သေခံတွေကို တောင်းခံရတဲ့အခြေအနေအထိ ဖြစ်လာတယ်။
တစ်နေ့မှာ အမျိုးသမီးငယ်တစ်ယောက်က ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရား အမည်ရှိ ကျမ်းစာသင်အံမှုအထောက်အကူပြုစာအုပ်ကို ကျွန်မဆီကနေ လက်ခံခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမရဲ့အဖော်ဖြစ်တဲ့ ကြမ်းတမ်းတဲ့ရာဇဝတ်ကောင်ပုံပေါက်နေတဲ့ အင်ဒရာအမည်ရှိ လူငယ်လေးတစ်ယောက်ဟာ စကားဝိုင်းမှာ ပါဝင်လာတယ်။ အင်ဒရာနဲ့ဆွေးနွေးရာက သူ့ရဲ့စိတ်ဝင်စားမှု နှိုးဆွခံရပြီး ကျမ်းစာသင်အံမှုစခဲ့တယ်။ အဲ့လိုနဲ့မကြာခင်မှာပဲ သူသင်ယူနေတဲ့အရာတွေအကြောင်း သူ့မိတ်ဆွေတွေကို စပြောတော့တယ်။
အဲ့ဒီအချိန်မှာ ကျွန်မဟာ လူဆိုးဂိုဏ်းက ဂိုဏ်းသားလေးယောက်နဲ့ ကျမ်းစာသင်နေပြီး သူတို့ထဲက တစ်ယောက်ဟာ စကားနည်းပေမဲ့ ကောင်းကောင်းနားထောင်တယ်။ သူ့နာမည်ကတော့ ပြီယားတဲ့။ တစ်ခုသော နံနက်ရဲ့ နှစ်နာရီအချိန်လောက်မှာ ကျွန်မရဲ့ခင်ပွန်းနဲ့ ကျွန်မတို့ တံခါးခေါက်သံကြားလိုက်ရတယ်။ ဂိုဏ်းသားလေးယောက်ဟာ အဲ့ဒီမှာပဲရပ်ပြီး ကျွန်မကို မေးခွန်းတွေမေးနေတဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်ပါရှင်။ အဲ့လိုမျိုးအချိန်မတော်ကြီး လာလည်ပတ်တာကို ရိုဇာဟာ ဘယ်တော့မှ အပြစ်တင်ညည်းညူခြင်းမရှိတာကိုပဲ ကျေးဇူးတင်ရမယ်။
အစပိုင်းမှာတော့ အဲဒီလူလေးယောက်စလုံး အစည်းအဝေးတွေတက်ကြတယ်။ ဒါပေမဲ့ အင်ဒရာနဲ့ ပြီယားတို့ပဲ မြဲတယ်။ သူတို့ရဲ့အသက်တာကို ဘုရားသခင့်စံနှုန်းနဲ့အညီ ပြုပြင်ပြီး နှစ်ခြင်းခံခဲ့ကြတယ်။ သူတို့နှစ်ယောက်စလုံးဟာ ယေဟောဝါထံမှာ သစ္စာရှိရှိအမှုဆောင်ခဲ့တာ အခုဆိုရင် အနှစ် ၂၀ ကျော်ပြီ။ သူတို့စသင်တဲ့အချိန်တုန်းက သူတို့ရဲ့ရာဇဝတ်မှုတွေကြောင့် နာမည်ကြီးပြီး ရဲတွေရဲ့ စောင့်ကြည့်ခြင်းကို ခံကြရတယ်လေ။ တစ်ခါတလေမှာဆိုရင် ကျမ်းစာသင်အံမှုတစ်ခုပြီးသွားတဲ့အခါ ဒါမှမဟုတ် အသင်းတော်အစည်းအဝေးတစ်ခု ကျင်းပနေချိန်မှာ ရဲတွေက သူတို့ကို လာလာရှာတယ်။ “လူအပေါင်း” ကို ဟောပြောဖြစ်ခဲ့တာကိုပဲ ကျွန်မပျော်မိတယ်၊ ဒါကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ဟာ အမှန်အံ့ဖွယ်ရာလို့ ဆိုရလောက်တဲ့ အပြောင်းအလဲတွေဖြစ်စေတာကို နဖူးတွေ့ဒူးတွေ့ ကျွန်မတွေ့ခဲ့ရတယ်။—၁ တိမောသေ ၂:၄။
ကက်ဒီလာမက်ဒလန်းမြို့မှာ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်လုံးဖြစ်လာပြီး ယေဟောဝါရဲ့လူမျိုးတွေနဲ့ ပြည့်နေလိမ့်မယ်လို့ ကျွန်မရဲ့ဓမ္မအမှုအစပိုင်းမှာ အပြောခံရမယ်ဆိုရင် ကျွန်မယုံမှာမဟုတ်ဘူး။ တရိုးရစ္စရိုင်ဗိုင်းရက်စ်မြို့အနီးမှာရှိတဲ့ အသင်းတော်ငယ်လေးတစ်ခုဟာ ကက်ဒီလာမက်ဒလန်းမြို့က အသင်းတော်တစ်ခုအပါအဝင် ဘုရားသခင့်နိုင်ငံတော်ခန်းမ သုံးခုမှာ အစည်းအဝေးလုပ်တဲ့ တိုးတက်နေတဲ့အသင်းတော် ခြောက်ခုအထိ တိုးပွားလာခြင်းအတွက် ကျွန်မဝမ်းသာလှပါတယ်။
ဆက်ကပ်အပ်နှံနှစ်ခြင်းခံတဲ့အဆင့်ထိရောက်အောင် လူ ၃၀ လောက်ကို ကျွန်မကိုယ်တိုင် ကူညီပေးရခြင်းကနေ ရွှင်လန်းမှုခံစားရပါတယ်။ အခုဆိုရင် ကျွန်မအသက် ၇၈ နှစ်ရှိပါပြီ။ ယေဟောဝါဆီမှာ ကျွန်မရဲ့ဘဝကို ဆက်ကပ်အပ်နှံခဲ့ခြင်းဟာ ပျော်ရွှင်စရာဖြစ်စေကြောင်း မှန်ကန်စွာပြောနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ကျခဲ့တဲ့အချိန်တွေရှိခဲ့တယ်ဆိုတာကိုတော့ ကျွန်မဝန်ခံရမယ်။ အဲ့လိုအချိန်မျိုးတွေကို အောင်မြင်စွာရင်ဆိုင်နိုင်ဖို့ ကျမ်းစာကိုဖွင့်ပြီး ကျွန်မကို အကြီးအကျယ်အားသစ်လန်းစေတဲ့ ကျမ်းပိုဒ်တချို့ကို အမြဲဖတ်တယ်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မဖတ်ဘဲ တစ်ရက်ကုန်လွန်သွားစေဖို့ ဆိုတာ စိတ်ကူးထဲတောင်မထည့်မိဘူး။ အထူးအားရှိစေတာကတော့ ယောဟန် ၁၅:၇ ပါပဲ။ အဲ့ဒီထဲမှာ “သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်” လို့ပြောထားတယ်။
မဝေးတော့တဲ့ ကမ္ဘာသစ်မှာ ရိုဇာကို ပြန်တွေ့ရလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ (၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄) ၁၉၇၅ ခုနှစ် သူမဆုံးခင်လေးမှာ နှစ်ခြင်းခံခါနီးအထိ တော်တော့်ကို တိုးတက်နေပါပြီ။ ခုအချိန်မှာတော့ အချိန်ပြည့်ဓမ္မအမှုမှာ ဆက်လုပ်ဖို့နဲ့ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ဆက်ပြီးရွှင်လန်းနေဖို့ ကျွန်မဆုံးဖြတ်ထားပါတယ်။