‘ပင်ကိုအသိပညာရှိသော’ သတ္တဝါများက ကျွန်ုပ်တို့ကို သင်ကြားပေးနိုင်သည့်အရာ
လအေးစက်စနစ်၊ ရေမခဲဆေး၊ ဆားပေါက် ဓာတ်လျှော့ခြင်းနှင့် ဆိုနာတို့သည် ၂၀ ရာစုခေတ်ရှိလူသားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာကြပြီဖြစ်သည့် တီထွင်ကြံဆမှုများဖြစ်ကြ၏။ သို့သော်လည်း ၎င်းတို့သည် နှစ်ထောင်ပေါင်းများစွာ ပိုစော၍ တိရစ္ဆာန်လောကတွင် တည်ရှိခဲ့သည်။ မှန်ပေသည်၊ ထိုကဲ့သို့ ‘ပင်ကိုအသိပညာရှိသော’ သတ္တဝါများကိုလေ့လာခြင်းအားဖြင့် လူသားများ အကျိုးကျေးဇူးရရှိခဲ့ကြလေသည်။ (သု. ၃၀:၂၄-၂၈; ယောဘ ၁၂:၇-၉) အချို့သောတိရစ္ဆာန်များသည် လူသားများ၏ အသံတိတ်နည်းပြဆရာများဖြစ်လာကြဟန်ရှိကာ ၎င်းတို့ကို စူးစမ်းလေ့လာခြင်းသည် အလွန်စိတ်ဝင်စားစရာဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့နိုင်ပေသည်။
တိရစ္ဆာန်အချို့၏စရိုက်လက္ခဏာများကို ဆင်ခြင်သုံးသပ်ခြင်းမှ ကျွန်ုပ်တို့၌ အကျိုးကျေးဇူးရရှိနိုင်မည်လော။ ယေရှုခရစ်သည် မိမိ၏နောက်တော်လိုက်များကို သိုးများ၊ မြွေများ၊ ချိုးငှက်များအပြင် ကျိုင်းကောင်များနှင့်ပင် ခိုင်းနှိုင်းခဲ့သည်။ အဆိုပါသတ္တဝါများနှင့် မိမိ၏နောက်တော်လိုက်များကို နှိုင်းယှဉ်ခဲ့စဉ်က ကိုယ်တော်၏စိတ်ထဲတွင် အဘယ်အရာရှိခဲ့မည်နည်း။ ကြည့်ကြစို့။
‘ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်ကြ၏’
သမ္မာကျမ်းစာထဲ၌ သိုးများကို အကြိမ်ပေါင်း ၂၀၀ ကျော်မျှ ဖော်ပြထားသည်။ စမစ်၏ကျမ်းစာအဘိဓာန် ရှင်းလင်းဖော်ပြချက်အရ “သိုးသည် နူးညံ့ခြင်း၊ သည်းခံခြင်းနှင့် နာခံခြင်းတို့၏သင်္ကေတတစ်ခုဖြစ်လေသည်။” ဟေရှာယ အခန်းကြီး ၅၃ ၌ ယေရှုကိုယ်တော်တိုင်ကို တင်ကူး၍ သိုးနှင့်ခိုင်းနှိုင်းခဲ့သည်။ မိမိ၏နောက်တော်လိုက်များကို ထိုတိရစ္ဆာန်နှင့်ပင် နှိုင်းယှဉ်ခြင်းသည် ကိုက်ညီလှပါသည်တကား! သို့သော် သိုးတို့၏ အဘယ်အထူးစရိုက်လက္ခဏာများ ယေရှု၏စိတ်ထဲတွင် ရှိနေခဲ့မည်နည်း။
“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏” ဟု ယေရှုမိန့် ကြားတော်မူခဲ့သည်။ (ယောဟန် ၁၀:၂၇) သို့ဖြင့် ကိုယ်တော်သည် မိမိတပည့်တော်များ၏နူးညံ့မှုနှင့် မိမိနောက်ကိုလိုက်လိုသော သူတို့၏စိတ်အားထက်သန်မှုကို ထင်ရှားပေါ်လွင်စေခဲ့၏။ ပကတိသိုးများသည် သူတို့၏သိုးထိန်းအသံကိုနားထောင်ကြပြီး သူ၏နောက်သို့ လိုလိုလားလားပင်လိုက်ကြသည်။ သိုးထိန်းသည်လည်း သိုးအုပ်ကို အလွန်တွယ်တာမှုရှိလေသည်။
သိုးအုပ်တစ်အုပ်သည် စားကျက်၌ အစာစားနေချိန်တွင် မြက်ခင်းပြင်၌ ပြန့်ကျဲနေကောင်းပြန့်ကျဲနေမည်ဖြစ်သော်လည်း သိုးတစ်ကောင်စီသည် အစုလိုက်အနေဖြင့် အုပ်စုနှင့်အမြဲတမ်းအဆက်အသွယ်ရှိနေတတ်သည်။ သို့ဖြင့် တိရစ္ဆာန်များသည် မလုံခြုံဟု ခံစားရသောအခါ သို့မဟုတ် ထိတ်လန့်သောအခါ “အလျင်အမြန် စုရုံးလိုက်နိုင်သည်” ဟု Alles für das Schaf (အရာရာသိုးများအတွက်သာ) ဟူသည့် စာအုပ်က ဖော်ပြ၏။ အကယ်၍ သိုးများသည် အန္တရာယ်မှလွတ်မြောက်ရန် ပြေးသည်ဆိုပါကလည်း အုပ်စုလိုက်သာ ပြေးကြပြီး အခြေအနေကို ခန့်မှန်းရန် ရံဖန်ရံခါရပ်နားကြသည်။ “အဆင့်ဆင့်နား၍ပြေးခြင်းက သိုးသငယ်များနှင့် အားနည်းသောအကောင်များအတွက် လိုက်မီစေနိုင်၏။ အုပ်စုသည် သူတို့ကို အထူးပင် ဂရုစိုက်လိုက်ကြသေးသည်။” ဤအပြုအမူမှ ကျွန်ုပ်တို့ ဘာသင်ယူရရှိနိုင်သနည်း။
မျက်မှောက်ခေတ်ရှိ စစ်မှန်သောခရစ်ယာန်များသည် ခရစ်ယာန်ဘောင်အသင်းများနှင့် ဂိုဏ်းဂဏများအကြားတွင် ပြန့်ကျဲနေခြင်းမရှိပါ။ သို့အစား သူတို့သည် အုပ်စုတစ်စုအဖြစ် စုရုံးခံရကြ၏။ ခရစ်ယာန်ယောက်စီယောက်တိုင်းတို့သည် ဤဘုရားသခင်၏လူအုပ်ကို တွယ်တာမှုရှိကြပြီး ယင်းက ယေဟောဝါသက်သေများ၏အဖွဲ့အစည်းကို စည်းလုံးမှုရှိစေသည်။ အသည်းအသန်ဖျားနာ၍သော်လည်းကောင်း၊ စစ်ဖြစ်၍သော်လည်းကောင်း၊ သဘာဝဘေးဒဏ်ဖြစ်၍သော်လည်းကောင်း၊ မည်သည့်အချိန်၌ပင် အကျပ်အတည်းကြုံရပါစေ ဝတ်ပြုကိုးကွယ်သူယောက်စီယောက်တိုင်းတို့သည် လမ်းညွှန်မှုနှင့်ကာကွယ်မှုကို အဘယ်နေရာ၌ ရှာဖွေကြသနည်း။ ဝိညာဏလုံခြုံမှုကိုပေးသော ယေဟောဝါ၏အဖွဲ့အစည်းတွင်ဖြစ်လေသည်။
သမ္မာကျမ်းစာသြဝါဒကို မည်သို့ရရှိနိုင်မည်နည်း။ ကင်းမျှော်စင် နှင့် ယင်း၏တွဲဖက်ဂျာနယ် နိုးလော့! တို့ကဲ့သို့သော စာပေစာတမ်းများမှတစ်ဆင့်ရရှိနိုင်၏။ ဤမဂ္ဂဇင်းများနှင့် ခရစ်ယာန်အစည်းအဝေးများသည် သိုးအုပ်ထဲရှိ သိုးသငယ်များနှင့် အားနည်းသောသိုးများကဲ့သို့ အထူးဂရုစိုက်မှုလိုအပ်သောသူများကိုပင် အထူးအကူအညီ ပေးလေသည်။ ဥပမာ၊ ကြင်ဖော်မဲ့မိဘများနှင့် စိတ်ဓာတ်ကျဆင်းမှု ဝေဒနာခံစားနေရသူများကို ဂရုစိုက်ပေးကြသည်။ ထို့ကြောင့် မဂ္ဂဇင်းတိုင်းကို ဖတ်ရန်၊ အသင်းတော်အစည်းအဝေးတိုင်းကိုတက်ရန်နှင့် သင်ယူတတ်သိခဲ့ရာများကို လိုက်လျှောက်ရန် မည်မျှအရေးကြီးလှသည်တကား! ထိုသို့အားဖြင့် နူးညံ့သိမ်မွေ့မှုနှင့် ဘုရားသခင်၏သိုးအုပ်ကို အလွန်တွယ်တာမှုရှိကြောင်း ကျွန်ုပ်တို့ပြသကြပေမည်။—၁ ပေတရု ၅:၂။
“မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့အဆိပ်ကင်းလျက် ရှိကြလော့”
စမစ်၏ကျမ်းစာအဘိဓာန်က “အရှေ့တိုင်းတစ်ခွင်လုံးတွင် မြွေကို ဆိုးညစ်သောမူဝါဒ၊ နာခံမှုမရှိသော စိတ်ဓာတ်၏သင်္ကေတတစ်ခုအဖြစ် အသုံးပြုကြသည်” ဟုဖော်ပြ၏။ အခြားတစ်ဖက်တွင်မူ ‘ငါ့ချိုးငှက်’ ဟူသည် ချစ်ခင်နှစ်သက်မှုနှင့်စပ်လျဉ်းသော အသုံးအနှုန်းတစ်ရပ်ဖြစ်၏။ (ရှောလမုန်သီချင်း ၅:၂) သို့ဖြစ်လျှင် “မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့အဆိပ်ကင်းလျက်ရှိကြလော့” ဟု မိမိ၏နောက်တော်လိုက်များကို ယေရှုအားပေးတိုက်တွန်းခဲ့စဉ်က ကိုယ်တော်၏စိတ်ထဲတွင် အဘယ်အရာရှိနေခဲ့မည်နည်း။—မဿဲ ၁၀:၁၆။
ယေရှုသည် ဟောပြောခြင်းနှင့် သွန်သင်ခြင်းအတွက် ညွှန်ကြားချက်များပေးနေခြင်းဖြစ်သည်။ ကိုယ်တော်၏တပည့်တော်များသည် အမျိုးစုံသောလက်ခံတုံ့ပြန်မှုကို မျှော်လင့်နိုင်သည်။ အနည်းငယ်တို့သည် စိတ်ဝင်စားမှု တင်ပြကြလိမ့်မည်ဖြစ်သော်လည်း အခြားသူတို့မူ သတင်းကောင်းကို ငြင်းဆန်ကြလိမ့်မည်။ အချို့သူတို့သည် ဘုရားသခင်၏ ဤစစ်မှန်သောကျေးကျွန်များကို ညှဉ်းပန်းနှိပ်စက်မှုပင် ပြုကြလိမ့်မည်။ (မဿဲ ၁၀:၁၇-၂၃) ညှဉ်းပန်းနှိပ်စက်မှုကို တပည့်တော်များ မည်သို့တုံ့ပြန်ကြရမည်နည်း။
“ရန်သူများက အပြစ်တင်ရန် ခြေမြစ်သောအကြောင်းပြချက် တစ်စုံတစ်ရာပေါ်ပေါက်မည်ကို စိုးရိမ်ရသောကြောင့် သစ္စာရှိမှု၊ စိတ်ရင်းမှန်မှု၊ ပွင့်လင်းမှုတို့တွင် . . . လိမ္မာပါးနပ်မှုကို ပေါင်းစပ်ပေးရမည်ဖြစ်သည်။ ယေရှု၏သံတမန်များသည် စာနာထောက်ထားမှုကင်းမဲ့သော၊ တမန်တော်များကို သက်ညှာမှုမရှိ၊ အခွင့်အရေးရလျှင်ရသလို တိုက်ခိုက်ခဲ့ကြသော ကြင်နာမှုကင်းမဲ့သည့် ဆန့်ကျင်သူများအကြားတွင် ရှိနေကြရသည်။ ထို့ကြောင့် မြွေကဲ့သို့ပင် ဆန့်ကျင်သူများကို သတိနှင့်ကြည့်နေရန်၊ အမြင်နှင့်အာရုံများကို နိုးနိုးကြားကြားထားပြီး အခြေအနေကို သုံးသပ်ရန်; အကောက်ကြံခြင်း သို့မဟုတ် လိမ်လည်လှည့်ဖြားခြင်းမရှိဘဲ အခြေအနေကို နိုင်နင်းကာ အပြောနှင့်အလုပ်တွင် စင်ကြယ်ပြီး စစ်မှန်ခြင်းအားဖြင့် ချိုးငှက်ကဲ့သို့ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သက်သေထူရန် လိုအပ်ပေသည်” ဟု Das Evangelium des Matthäus (မဿဲခရစ်ဝင်ကျမ်း) ၌ ဖရစ် ရီနစ်ကာက မဿဲ ၁၀:၁၆ နှင့်စပ်လျဉ်း၍ ဆိုထားသည်။
မဿဲ ၁၀:၁၆ တွင်တွေ့ရသော ယေရှု၏စကားများမှ ဘုရားသခင်၏ မျက်မှောက်ခေတ်ကျေးကျွန်များ အဘယ်အရာသင်ယူရရှိနိုင်သနည်း။ ယနေ့ခေတ်ရှိ လူများသည် ပထမရာစုတွင် ပြုခဲ့ကြသည့်နည်းအတိုင်း သတင်းကောင်းကို တုံ့ပြန်ကြသည်။ ညှဉ်းပန်းနှိပ်စက်မှုနှင့်ရင်ဆိုင်ရသောအခါ စစ်မှန်သောခရစ်ယာန်များသည် ချိုးငှက်၏ဖြူစင်မှုနှင့် မြွေ၏ပါးနပ်မှုကို ပေါင်းစပ်ပေးရန်လိုအပ်လေသည်။ ခရစ်ယာန်များသည် အခြားသူများထံ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြေညာရာ၌ လိမ်လည်မှု သို့မဟုတ် မရိုးသားမှုကို အသုံးမပြုဘဲ အကျင့်ပျက်ပြားမှုမရှိ စစ်မှန်ပြီး ရိုးသားမှုရှိကြသည်။
ပမာပြရသော် အလုပ်မှ လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းတွင်ရှိ လူငယ်လေးများနှင့် သင့်မိသားစုဝင်များပင် ယေဟောဝါ၏သက်သေတစ်ဦးအနေဖြင့် သင်၏ယုံကြည်ချက်များနှင့်ပတ်သက်၍ နာလိုခံခက်ဖြစ်သော စကားများကိုပြောပေမည်။ သူတို့၏ယူဆချက်နှင့်ပတ်သက်၍ ထပ်တူပစ်ပစ်ခါခါပြောဆိုခြင်းအားဖြင့် သူတို့နည်းတူ ချက်ချင်းတုံ့ပြန်လိုက်နိုင်သည်။ သို့သော် အပြစ်ကင်းပါ့မည်လော။ လုံးဝကင်းလိမ့်မည်မဟုတ်ပါ။ သင့်ကို အပြစ်ရှာသူများ၏ပြောဆိုချက်များက သင်၏နှစ်လိုဖွယ်ကိုယ်နှုတ်အမူအရာအပေါ် မည်သည့်အကျိုးမျှသက်ရောက်မှုမရှိကြောင်း သင်ပြသမည်ဆိုလျှင် သူတို့သည် ပိုကောင်းသည့်အခြေအနေသို့ ပြောင်းလဲလာကောင်း ပြောင်းလဲလာနိုင်သည်။ သို့ဖြင့် သင်သည် လိမ္မာပါးနပ်ပြီး အပြစ်ကင်းပေလိမ့်မည်—‘မြွေကဲ့သို့လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့အဆိပ်ကင်းလျက် ရှိပေလိမ့်မည်။’
“ကျိုင်းကောင်တို့သည် စစ်ပွဲဝင်ရန် အသင့်ပြင်လျက်နေသော မြင်းများနှင့်တူကြ၏”
၁၇၈၄ ခုနှစ်၌ တောင်အာဖရိကသည် “သမိုင်းမှတ်တမ်းတင်ခဲ့ဖူးသမျှ၌ အကြီးမားဆုံးသော [ကျိုင်းကောင်] အုပ်စုကြီး” ၏တိုက်ခိုက်မှုကို အကြီးအကျယ်ခံလိုက်ရသည်ဟု GEO မဂ္ဂဇင်းက ဖော်ပြ၏။ ထိုအုပ်စုကြီးသည် ဟောင်ကောင်၏ဧရိယာထက် ငါးဆခန့်ပိုကြီးသော စတုရန်းမိုင် နှစ်ထောင်ရှိသည့် အရပ်ဒေသတစ်ခုကို ဖုံးလွှမ်းသွားလေသည်။ ကျိုင်းကောင်သည် “၎င်းရောက်ရှိသွားသောနိုင်ငံရှိ အသီးအရွက်များကို အကြီးအကျယ်ဖျက်ဆီးပစ်တတ်သည်” ဟု စမစ်ကျမ်းစာအဘိဓာန်က ဖော်ပြသည်။
“သခင်ဘုရားနေ့” အတောအတွင်း၌ဖြစ်ပျက်လိမ့်မည့် ဘုရားပေးအရာများကို ဖွင့်ဟပြရာတွင် ယေရှုသည် ကျိုင်းကောင်အုပ်တစ်အုပ်နှင့်ဆိုင်သော ရူပါရုံတစ်ခုကို အသုံးပြုခဲ့သည်။ ၎င်းတို့နှင့်စပ်လျဉ်း၍ “ထိုကျိုင်းကောင်တို့သည် စစ်ပွဲဝင်ရန် အသင့်ပြင်လျက်နေသော မြင်းများနှင့်တူကြ၏” ဟု မိန့်ကြားတော်မူခဲ့သည်။ (ဗျာဒိတ် ၁:၁၊ ၁၀; ၉:၃-၇၊ သတင်းကောင်း) ဤကိုယ်စားပြုသင်္ကေတ၏ ထူးခြားချက်ကား အဘယ်နည်း။
ဗျာဒိတ်ကျမ်း အခန်းကြီး ၉ ပါ ကျိုင်းကောင်များသည် ဤရာစုနှစ်၌ ကမ္ဘာမြေပေါ်တွင်ရှိသော ဘုရားသခင်၏ ဘိသိက်ခံကျေးကျွန်များကို ပုံတင်ပြကြောင်း ကြာမြင့်စွာကပင် ယေဟောဝါသက်သေများနားလည်ခဲ့ကြသည်။a ဤခရစ်ယာန်များသည် ကမ္ဘာမြေတစ်ခွင်လုံး၌ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ဟောကြားပြီး တပည့်ဖြစ်စေကြရန်တည်းဟူသော အထူးလုပ်ငန်းတစ်ရပ်ကို ရရှိထားကြ၏။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ယင်းက အခက်အခဲများကို ကျော်လွှားရန်နှင့် သူတို့၏အလုပ်၌ စွဲမြဲနေရန် တောင်းဆိုလေသည်။ ၎င်းအတွက် ဦးလည်မသုန်ဇွဲရှိလှသော ကျိုင်းကောင်များထက် သာ၍ကောင်းသည့်ပုံဥပမာ ရှိနိုင်ပါဦးမည်လော။
ကျိုင်းကောင်သည် အလျားနှစ်လက်မကျော်မျှသာရှိသော်လည်း သာမန်အားဖြင့် တစ်နေ့လျှင် မိုင်ပေါင်း ၆၀ နှင့် ၁၂၀ အကြား ခရီးသွားတတ်လေသည်။ ကန္တာရကျိုင်းကောင်သည် မိုင် ၆၀၀ အထိပင် ခရီးဆန့်နိုင်လေသည်။ “၎င်း၏တောင်ပံများသည် တစ်စက္ကန့်လျှင် ၁၈ ကြိမ်ရိုက်ခတ်ပြီး တစ်နေ့လျှင် ၁၇ နာရီကြာ တောင်ပံကို ရိုက်ခတ်၏။ ယင်းသည် အဘယ်အင်းဆက်မျှမလုပ်နိုင်သောအရာဖြစ်သည်” ဟု GEO က ရှင်းပြသည်။ ထိုမျှသေးငယ်သော သတ္တဝါလေးတစ်ကောင်အတွက် အတိုင်းထက်အလွန်ကြီးကျယ်လှသည့် လုပ်ဆောင်မှုပါတကား!
အုပ်စုတစ်စုအနေနှင့် ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းဖြန့်ဝေခြင်းကို စွဲမြဲစွာလုပ်ဆောင်ကြသည်။ ယခု သူတို့သည် နိုင်ငံပေါင်း ၂၃၀ ကျော်တို့တွင် ဟောပြောလျက်ရှိကြ၏။ ဤဘုရားသခင်၏ကျေးကျွန်များသည် အလုပ်ကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း၌ ပါဝင်နိုင်ရန်အတွက် အခက်အခဲများစွာကို ကျော်လွှားကြရသည်။ အဘယ်ကဲ့သို့သော ပြဿနာများ သူတို့ရင်ဆိုင်ကြရသနည်း။ စိတ်စွန်းကွက်မှု၊ ဥပဒေအရ ကန့်သတ်မှုများ၊ ဖျားနာမှု၊ စိတ်ဓာတ်ကျဆင်းမှုနှင့် ဆွေမျိုးများထံမှ အတိုက်အခံပြုမှုတို့သည် အနည်းငယ်သောဖော်ပြချက်သာရှိသေး၏။ သို့သော် သူတို့၏တိုးတက်မှုကို အဘယ်အရာကမျှ ဆီးတားပိတ်ပင်နိုင်စွမ်းမရှိပါ။ သူတို့သည် ဘုရားပေးလုပ်ငန်း၌ စွဲစွဲမြဲမြဲလုပ်ကိုင်ကြ၏။
ခရစ်ယာန်အရည်အသွေးများကို ဆက်လက်ပြသကြလော့
မှန်ပေသည်၊ ယေရှုသည် မိမိ၏နောက်တော်လိုက်များကို သိုးများ၊ မြွေများ၊ ချိုးငှက်များ၊ ကျိုင်းကောင်များတို့နှင့် နှိုင်းယှဉ်ခဲ့၏။ ၎င်းသည် ကျွန်ုပ်တို့၏ခေတ်အတွက် အလွန်တရာမှ ကိုက်ညီလှပေသည်။ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ ဤစနစ်၏အဆုံးသည် ရောက်လုနီးပြီဖြစ်ပြီး ပြဿနာများသည် ယခင်ကထက် ပို၍ဖိစီးလာလေသည်။
ယေရှု၏ပုံဥပမာစကားများကို စိတ်တွင်စွဲမှတ်ထားလျက် စစ်မှန်သောခရစ်ယာန်များသည် ဘုရားသခင်၏သိုးတော်စုနှင့် အမြဲပူးပေါင်းကြပြီး ယေဟောဝါ၏အဖွဲ့အစည်းတော်မှလာသော ဩဝါဒကို နှိမ့်ချစွာဖြင့် လက်ခံနာယူကြသည်။ သူတို့သည် အရာခပ်သိမ်း၌ အပြစ်ဆိုဖွယ်မရှိအောင်နေထိုင်စဉ် သူတို့၏ခရစ်ယာန်လှုပ်ရှားမှုများကို အဟန့်အတားဖြစ်စေနိုင်သော အခြေအနေများကို နိုးနိုးကြားကြားနှင့် သတိထားလျက်နေကြ၏။ ထို့အပြင် သူတို့သည် အခက်အခဲများကို ရင်ဆိုင်ရသည့်ကြားမှ ဘုရားသခင်၏အလိုတော်ကို စွဲမြဲစွာလုပ်ဆောင်ကြလေသည်။ ထို့ပြင် ‘ပင်ကိုအသိပညာရှိသော’ သတ္တဝါအချို့တို့ထံမှ သူတို့ဆက်လက်၍သင်ယူနေကြလေသည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ နယူးယောက်မှ ပုံနှိပ်ထုတ်ဝေသော ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! စာမျက်နှာ ၂၂ ရှု။