စိုးလ်သည် မသေနိုင်သောအရာဖြစ်သလော
သူငယ်ချင်းများနှင့် မိသားစုသည် ဖွင့်ထားသည့်ခေါင်းနားသို့ တိတ်ဆိတ်စွာတန်းစီ၍လာကြသည်။ သူတို့သည် ၁၇ နှစ်အရွယ်လူငယ်လေး၏ ရုပ်ကလာပ်ကို စိုက်ကြည့်ကြသည်။ ကျောင်းမှ သူ၏သူငယ်ချင်းများသည် သူ့ကို မမှတ်မိနိုင်တော့ပါ။ ဓာတုကုထုံးကြောင့် သူ့ဆံပင်များပါးသွားပြီး ကင်ဆာရောဂါကြောင့် ခန္ဓာကိုယ်မှာ ချုံးကျသွားသည်။ မိမိတို့၏သူငယ်ချင်းမှ ဟုတ်ပါလေစ။ သည့်အလျင် အပတ်များ၌ သူသည် ဘဝနှင့်ပတ်သက်၍ စိတ်ကူးအပြည့်၊ မေးခွန်းအပြည့်၊ စွမ်းအင်အပြည့်ရှိသောသူဖြစ်သည်! လူငယ်၏မိခင်ခမျာ မျက်ရည်စက်လက်ဖြင့် “တော်မီ ခုဆိုရင် ပိုပျော်သွားပြီ။ ဘုရားသခင်က ကောင်းကင်မှာ သူနဲ့အတူထားချင်တာကိုး” ဟု ထပ်ခါထပ်ခါပြောနေတော့သည်။
ရင်ကွဲလုမတတ်ဖြစ်နေသော အဆိုပါမိခင်ဖြစ်သူခမျာ မိမိ၏သား တစ်နည်းနည်းဖြင့်အသက်ရှင်နေသေးသည်ဟူသည့် အတွေးဖြင့် မျှော်လင့်ချက်နှင့် စိတ်သက်သာမှုအတော်အတန်ရထားသည်။ စိုးလ်ဟူသည် မသေနိုင်ကြောင်း၊ ယင်းသည် ဥပဓိရုပ်၊ သဘောထားများ၊ မှတ်ဉာဏ်များ၏ ဗဟိုချက်မ—“အဆီအနှစ်အစစ်” ဖြစ်ကြောင်း ချာ့ချ်တွင် သူမသွန်သင်ခံခဲ့ရသည်။ မိမိသား၏စိုးလ်သည် လုံးဝမသေ; အသက်ရှင်သော ဝိညာဉ်ဖြစ်သောကြောင့် မိမိ၏ခန္ဓာကို သေခြင်းတွင် စွန့်လိုက်ပြီး ဘုရားသခင်၊ ကောင်းကင်တမန်တို့နှင့်အတူနေရန် ကောင်းကင်သို့သွားသည်ဟု သူမယုံကြည်သည်။
ပူဆွေးသောကရောက်နေချိန်ဝယ် လူ့နှလုံးသားသည် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုခုကို မရမကဖက်တွယ်ထားတတ်ရာ အဆိုပါယုံကြည်ချက်သည် အဘယ်ကြောင့် အကြီးအကျယ်ဆွဲဆောင်မှုဖြစ်ရသည်ကို သိမြင်ရန်မခက်ပါ။ ဥပမာ၊ ဘဝင်ကျနည်းဖြင့်ဟောသော ဓမ္မပညာရှင် ပက်တာစင်စမစ်သ်က တမလွန်ဘဝ၏အဖြစ်မှန် စာအုပ်တွင် မိမိ၏အယူအဆကို ဤသို့ဖော်ပြသည်– “သေဆုံးပြီးနောက် သေခြင်းက ကျွန်ုပ်တို့ကို နေရာချပေးသည့် အံ့မခန်းဖွယ်လောကနှင့် စာလိုက်လျှင် သေခြင်းသည် ဘာမှမဟုတ်သောအရာဖြစ်သွားသည်။
ကမ္ဘာတစ်ဝန်း ဘာသာတရားနှင့်ယဉ်ကျေးမှုများစွာတို့မှ လူများသည် လူသားတွင် ခန္ဓာသေပြီးနောက်ဆက်အသက်ရှင်သည့် သတိရှိနေသော ဝိညာဉ်ဖြစ်သည့် မသေနိုင်သောစိုးလ်တစ်ခုရှိသည်ဟု ယုံကြည်ကြသည်။ ထောင်ချီရှိသော ခရစ်ယာန်ဘောင်ဘာသာတရားနှင့် ဂိုဏ်းဂဏအားလုံးနီးပါးတို့တွင် ထိုယုံကြည်ချက်ရှိထားကြသည်။ ယုဒဘာသာတရားတွင်လည်း ယင်းသည် တရားဝင်ပြဋ္ဌာန်းထားသော အယူဝါဒတစ်ခုဖြစ်သည်။
ဗဟိုချက်မ သို့မဟုတ် စိုးလ်သည် အစကတည်းက ဖန်ဆင်းခံရကြောင်း၊ မွေးကတည်းက ခန္ဓာကိုယ်တွင် အကျဉ်းချထားခြင်းခံရကြောင်း၊ သေသောအခါ အမြဲလည်ပတ်နေသော သံသရာစက်ဝိုင်းရှိ နောက်ခန္ဓာတစ်ခုသို့ကူးပြောင်းသွားကြောင်း ဟိန္ဒူဘာသာဝင်များ ယုံကြည်ကြသည်။ စိုးလ်သည် ခန္ဓာကိုယ်နှင့်အတူ အသက်ဝင်ဖြစ်တည်လာ၍ ခန္ဓာသေပြီးနောက် အသက်ဆက်ရှင်သည်ဟု မွတ်စလင်များ ယုံကြည်ကြသည်။ အခြားယုံကြည်မှုများဖြစ်သော သက်ရှိသက်မဲ့အားလုံးတို့တွင် စိုးလ်ရှိသည်ဟူသည့် အာဖရိကန်ဘာသာ၊ ရှင်တိုဘာသာနှင့် . . . ဘာသာဝင်များပင် တစ်နည်းတစ်ဖုံအားဖြင့် ထိုယုံကြည်ချက်ကို အသွင်အမျိုးမျိုးဖြင့် သွန်သင်ကြသည်။
အကျပ်ရိုက်စေသောမေးခွန်းအချို့
မသေနိုင်သောစိုးလ် အယူအဆသည် ခြွင်းချက်မရှိ တစ်ကမ္ဘာလုံးနီးပါးလက်ခံထားသော်လည်း ယင်းက အကျပ်ရိုက်စေသော မေးခွန်းအချို့ကို ဖြစ်ပေါ်လာစေသည်။ ဥပမာ၊ သွားလေသူသည် နမူနာမယူထိုက်သောအသက်တာမျိုး ရှိခဲ့ပါမူ ချစ်မြတ်နိုးရသောထိုသူ၏ စိုးလ်သည် မည်သည့်အရပ်သို့သွားသနည်းဟု လူများစဉ်းစားကြသည်။ သူသည် သာ၍နိမ့်ကျသော အသက်တာမျိုးသို့ ဘဝအပြောင်းခံရမည်လော။ သို့မဟုတ် ကောင်းကင်သွားဖို့ထိုက်တန်သည်ဟု ယူဆရသည်အထိ မီးဖြင့်အဆင့်ဆင့်သန့်စင်ခံရမည့် ငရဲကလေးသို့ အပို့ခံရမည်လော။ သို့သော် သာ၍ဆိုးသည်ကား မီးတောက်ငရဲတွင် ထာဝစဉ်အညှဉ်းဆဲခံရမည်လော။ သို့မဟုတ် သဘာဝအရာများတွင် စိုးလ်ရှိသည်ဟူ၍ ယုံကြည်သော ဘာသာတရားများစွာက သွန်သင်သည့်အတိုင်း ကျေနပ်အောင်ပသပေးရမည့် ဝိညာဉ်တစ်ခုဖြစ်သလော။
အဆိုပါအယူအဆများသည် အသက်ရှင်နေသူများအတွက် ဝန်လေးစေသည့်အနာဂတ်အလားအလာများကို ဖန်တီးပေးသည်။ ကျွန်ုပ်တို့ကို ပြန်ကလဲ့စားချေမည်လောဟူသည့် ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရန် မိမိတို့ချစ်မြတ်နိုးရသောသွားလေသူများ၏ ဝိညာဉ်များကို ကျေနပ်အောင်ပသပေးရမည်လော။ ကျွန်ုပ်တို့သည် သူတို့အား ကြောက်မက်ဖွယ် ငရဲကလေးတစ်ခုခုမှ ထွက်မြောက်ရန် အကူအညီပေးနိုင်ဖွယ်ရှိသလော။ ကျွန်ုပ်တို့သည် ငရဲတွင် သူတို့၏ဒုက္ခဝေဒနာကို တွေးကာ မျှော်လင့်ချက်မဲ့အထိတ်တလန့်ဖြင့် ဖိမ့်ဖိမ့်တုန်အောင်ကြောက်နေရုံသာလော။ သို့တည်းမဟုတ် အသက်ရှင်နေသောတိရစ္ဆာန်တချို့တွင် သေဆုံးသွားသော လူသားများ၏စိုးလ်များ ဝင်ရောက်နေသည်ဟူသည့် သဘောဖြင့် ၎င်းတို့ကို ဆက်ဆံရမည်လော။
ဘုရားသခင်ကိုယ်တော်တိုင်နှင့်ပတ်သက်ဆက်နွှယ်၍ ပေါ်လာသည့် မေးခွန်းများသည် ပို၍ရတက်ပွေစရာဖြစ်စေသည်။ ဥပမာ၊ အစပိုင်းတွင်ဖော်ပြခဲ့သည့် မိခင်ကဲ့သို့သော များစွာသောမိဘများသည် မိမိတို့ရင်သွေး၏မသေနိုင်သောစိုးလ်ကို ဘုရားသခင်က မိမိနှင့်အတူနေရန် ကောင်းကင်သို့ “ခေါ်သွား” သည်ဟူသည့် အယူအဆကြောင့် ပထမတွင် စိတ်သက်သာရာရခဲ့ကြသည်။ သို့သော် သေချိန်မတန်မီ ကောင်းကင်သို့ပြောင်းရွှေ့ရန်အတွက်မျှဖြင့် အပြစ်မဲ့သောကလေးတစ်ယောက်ကို ကြောက်မက်ဖွယ်ကောင်းသော ရောဂါတစ်ခုခုရစေပြီး အဆိုပါအဖိုးတန်သောသူလေးကို ရင်ကွဲလုမတတ်ဖြစ်နေသော မိဘများထံမှ လုယူသွားသည့် ဘုရားမျိုးပါလားဟု များစွာသောသူများ မကြာမီစတင်တွေးတောလာကြမည်သာဖြစ်သည်။ ထိုဘုရားမျိုးတွင် တရားမျှတမှု၊ မေတ္တာ၊ ကရုဏာဟူသည် အဘယ်မှာရှိသနည်း။ အချို့ဆိုလျှင် ဤကဲ့သို့သောဘုရားမျိုး၏ဉာဏ်ပညာကို စောဒကတက်ပင်တက်ခဲ့ကြသည်။ ဉာဏ်ပညာရှိသောဘုရားသခင်သည် သူတို့အားလုံးကို မည်သည့်နည်းဖြင့်မဆို နောက်ဆုံး၌ကောင်းကင်တွင် နေစေလိုခဲ့ပါမူ အစကတည်းက ဤစိုးလ်အားလုံးကို ကမ္ဘာပေါ်တွင် အဘယ်ကြောင့် ထားခဲ့ပါသနည်းဟု သူတို့စောကြောကြသည်။ ကမ္ဘာကိုဖန်ဆင်းခြင်းသည် အကြီးအကျယ်ဖြုန်းတီးပစ်ခြင်း အမှန်ပင်မဖြစ်ပေလော။— တရားဟောရာ ၃၂:၄; ဆာလံ ၁၀၃:၈; ဟေရှာယ ၄၅:၁၈; ၁ ယောဟန် ၄:၈ နှိုင်းယှဉ်။
သို့ဆိုလျှင် လူ့စိုးလ်မသေနိုင်ဟူသောအယူဝါဒကို မည်သည့်ပုံစံဖြင့် သွန်သင်ပါစေ ထိုအယူဝါဒသည် ရှုပ်ထွေးသည့်ပြဿနာများကို ပေါ်လာစေသည်သာမက ရှေ့နောက်မညီမှုများကို ဖြစ်ပေါ်စေကြောင်း ရှင်းနေပါသည်။ အဘယ်ကြောင့်နည်း။ ပြဿနာအများစုသည် ဤသွန်သင်ချက်၏မူလပင်ရင်းတို့ဆီသို့ ပြန်ရောက်သွားသည်။ ဤရင်းမြစ်များကို အတိုချုပ်လေ့လာဆန်းစစ်သောအခါ ရှင်းလင်းလာနိုင်ပြီး စိုးလ်နှင့်ပတ်သက်၍ ကျမ်းစာကိုယ်နှိုက်ပြောထားသည့်အရာကို သိရှိလာသောအခါ သင်အံ့အားသင့်သွားပေမည်။ ယင်းက တမလွန်ဘဝနှင့်ပတ်သက်ပြီး ကမ္ဘာ့ဘာသာတရားများ သွန်သင်လေ့ရှိသည်ထက် အင်မတန်သာလွန်သည့်မျှော်လင့်ချက်ကို ကမ်းလှမ်းပေးပါသည်။