ဘာသာတရားအားလုံး သည် ဘုရားသခင်ကို နှစ်သက်စေပါသလော
ဘသာတရားအားလုံးသည် ဘုရားသခင်ကို နှစ်သက်စေသည်ဟု သင်ထင်ပါသလော။ သင်သိထားသည့် ဝတ်ပြုရေးပုံစံတစ်မျိုးမျိုးသည် ယုတ်စွအဆုံး အတိုင်းအတာတစ်ခုအထိ အကျင့်ကောင်းကျင့်ဖို့ အားပေးဖွယ်ရှိသည်။ သို့သော် ဤသို့အားပေးရုံဖြင့် ဘုရားသခင်ကို နှစ်သက်စေဖို့ လုံလောက်ပါသလော။
‘စိတ်ရင်းကောင်းကောင်းနဲ့သာ ဝတ်ပြုပါ၊ ဘုရားသခင်ကို နှစ်သက်စေမှာပါ။ ဘာသာအားလုံးမှာ ကောင်းတဲ့အပိုင်း ရှိပါတယ်’ ဟု အချို့ပြောကြသည်။ ဥပမာ၊ ဗဟာအီယုံကြည်သက်ဝင်မှုမှာ ယင်း၏ယုံကြည်ချက်များတွင် ကမ္ဘာ့အဓိကဘာသာတရားကိုးခု၏ ယုံကြည်ချက်များကို ထည့်သွင်းလက်ခံထားသည့်အထိ အထက်ပါသဘောထားကို ခံယူထားသည်။ ဤဘာသာရေးအုပ်စုက ဘာသာတရားအားလုံးသည် ဘုရားသခင်ထံမှ အစပြုပြီး တစ်ခုတည်းသောအမှန်တရား၏ ရှုထောင့်အမျိုးမျိုးဖြစ်ကြသည်ဟု ယူဆထားသည်။ ထိုအတိုင်း မည်သို့ဖြစ်နိုင်ပါမည်နည်း။
ထို့အပြင်၊ ဘာသာတရားတစ်ခုက ယင်း၏အဖွဲ့ဝင်များကို အများပြည်သူ သွားလာနေသည့်နေရာများတွင် လူများစွာ၏အသက်ကို သေစေနိုင်သော အာရုံကြောထိခိုက်စေသည့်ဓာတ်ငွေ့ကို ထားဖို့ အမိန့်ပေးလျှင် ယင်းသည် ဘုရားသခင်ကို နှစ်သက်စေနိုင်ပါမည်လောဟု သင်စဉ်းစားစရာအကြောင်းရှိလာသည်။ ဂျပန်နိုင်ငံရှိ ဘာသာရေးအုပ်စုတစ်စုကို ထိုစွဲချက် တင်ထားသည်။ သို့မဟုတ် ယင်းအဖွဲ့ဝင်များ ကိုယ့်ကိုယ်ကိုသတ်သေကြရန် ဖန်တီးသည့် ဘာသာတရားတစ်ခုကို ဘုရားသခင် နှစ်သက်တော်မူမည်လော။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ဘာသာရေးခေါင်းဆောင် ဂျင်မ်ဂျုန်း၏နောက်လိုက်များ ဤသို့ပင်ဖြစ်ခဲ့သည်။
အစောပိုင်းအချိန်ကို ပြန်ပြောင်းကြည့်လျှင် ၁၆၁၈ ခုနှစ်မှ ၁၆၄၈ ခုနှစ်အထိ တိုက်ခိုက်ခဲ့သည့် အနှစ်သုံးဆယ်စစ် အရေးတွင်ကဲ့သို့ စစ်မှုကို ဆွပေးသည့် ဘာသာတရားများသည် ဘုရားသခင်ကို နှစ်သက်စေနိုင်ပါမည်လောဟု ကျွန်ုပ်တို့ ကောင်းကောင်းစောကြောကြပေမည်။ The Universal History of the World အဆိုအရ . . . ဘာသာရေးပဋိပက္ခသည် “ဥရောပသမိုင်းတွင် ကြောက်စရာအကောင်းဆုံး စစ်ပွဲများအနက် တစ်ခု” ဖြစ်သည်။
၁၁ ရာစုမှ ၁၃ ရာစုထိဖြစ်ပွားသော ဘာသာရေးခရူးဆိတ်စစ်ပွဲများသည်လည်း ကြောက်လန့်တုန်လှုပ်ဖွယ် သွေးထွက်သံယိုမှုကို ဖြစ်စေခဲ့သည်။ ဥပမာ၊ ပထမခရူးဆိတ်စစ်ပွဲတွင် . . . ခရူးဆိတ်တိုက်ပွဲဝင်သူများသည် ယေရုရှလင်မြို့တွင် . . . ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြသည်။
၁၃ ရာစုတွင် အစချီခဲ့ပြီး အနှစ် ၆၀၀ ခန့်သက်တမ်းရှည်ခဲ့သည့် ဘာသာရေးခုံရုံးကာလအတွင်း ဖြစ်ပျက်ခဲ့သည့်အရာများကိုလည်း သုံးသပ်ကြည့်ပါဦး။ ထောင်နှင့်ချီသောသူများခမျာ ဘာသာရေးခေါင်းဆောင်များ၏ အမိန့်ဖြင့် နှိပ်စက်ညှဉ်းဆဲခံရ၊ မီးရှို့သတ်ခြင်းခံခဲ့ရကြရှာသည်။ ပီတာဒေရိုဇာက သူ၏စာအုပ်ဖြစ်သော Vicars of Christ—The Dark Side of the Papacy တွင် ဤသို့ဖော်ပြထားသည်– “ပုပ်၏အမိန့်ဖြင့်လုပ်ဆောင်သော [စစ်ကြောမေးမြန်းသူများ] သည် [လူသား] မျိုးနွယ်သမိုင်းတွင် လူ့ယဉ်ကျေးရည်မွန်ခြင်းကို အရက်စက်အကြမ်းကြုတ်ဆုံးနှင့်တရစပ် အပြင်းအထန်တိုက်ခိုက်မှုတွင် တာဝန်ရှိသူများဖြစ်ကြသည်။” စပိန်နိုင်ငံမှ ဒိုမီနီကန်စစ်ကြောမေးမြန်းသူ တော်ကာမာဒါနှင့်စပ်လျဉ်း၍ ဒေရိုဇာက ဤသို့ဆိုထားသည်– “၁၄၈၃ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရပြီး တစ်ဆယ့်ငါးနှစ်ကြာကြာ နိုင်လိုမင်းထက် အုပ်စိုးခဲ့သည်။ သူ၏သားကောင်ဖြစ်ရရှာသူအရေအတွက်မှာ ၁၁၄,၀၀၀ ကျော်ရှိပြီး သူတို့ထဲမှ ၁၀,၂၂၀ မှာ မီးရှို့သတ်ခြင်းခံခဲ့ရကြရှာသည်။”
အမှန်မှာ ခရစ်ယာန်ဘောင်ဘာသာတရားများသာလျှင် သွေးပြစ်ကျူးလွန်သူများမဟုတ်ကြပါ။ ပြင်သစ်လူမျိုး ဒဿနိကပညာရှင် ဗလက်ဇ် ပါစကယ်ပြုစုသော ပန်စေး စာအုပ်တွင် သူဤသို့ဆိုသည်– “လူများသည် ဘာသာရေးယုံကြည်ချက်က ဆွပေးသောကြောင့် အပြစ်ပြုသလောက် ဤမျှလုံးလုံးလျားလျားနှင့် ပျော်ပျော်ရွှင်ရွှင် အပြစ်ပြုခြင်းမျိုး တစ်ခါမျှမရှိခဲ့ဖူးပါ။”
သူတို့၏အသီးများအားဖြင့် သိမှတ်ခံရ
ဘုရားသခင့်ရှုထောင့်မှကြည့်လျှင် ဘာသာတရားတစ်ခု လက်ခံမှုရရှိဖို့အရေးသည် အကြောင်းတစ်ခုတည်းပေါ်တွင်သာ အခြေခံခြင်းမဟုတ်ပါ။ ဘာသာတရားတစ်ခုကို ကိုယ်တော်လက်ခံစေဖို့အတွက် ယင်း၏သွန်သင်ချက်နှင့် လုပ်ဆောင်ချက်များသည် ရေးသားထားသော ကိုယ်တော်၏နှုတ်ကပါဌ်တော် သမ္မာကျမ်းစာနှင့် ကိုက်ညီရမည်။ (ဆာလံ ၁၁၉:၁၆၀; ယောဟန် ၁၇:၁၇) ဘုရားသခင် နှစ်သက်လက်ခံသော ဝတ်ပြုမှု၏အသီးသည် ယေဟောဝါဘုရားသခင့်စံနှုန်းများနှင့် ကိုက်ညီရမည်။
မိမိ၏တောင်ပေါ်ဒေသနာတွင် ယေရှုခရစ်က ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု မှားယွင်းစွာဆိုသော ပရောဖက်များရှိမည်ဖြစ်ကြောင်း ညွှန်ပြတော်မူခဲ့သည်။ ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “အတွင်း၌ ကြမ်းတမ်းသောဝံပုလွေဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။ သူတို့၏အသီးကိုထောက်၍ သူတို့ကို သိကြလိမ့်မည်။ ဆူးပင်၌စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘောသဖန်းသီးကို ဆွတ်တတ်သလော။ ထို့နည်းတူ၊ ကောင်းသောအပင်ရှိသမျှသည် ကောင်းသောအသီးကို သီးတတ်ကြ၏။ မကောင်းသောအပင်မူကား၊ မကောင်းသောအသီးကို သီးတတ်ကြ၏။ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသောအပင်သည် ကောင်းသောအသီးကို မသီးနိုင်။ ကောင်းသောအသီးမသီးသော အပင်ရှိသမျှကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်တတ်၏။ သို့ဖြစ်၍ ထိုပရောဖက်တို့၏အသီးကိုထောက်သော် သူတို့ကို သိရကြလိမ့်မည်။” (မဿဲ ၇:၁၅-၂၀၊ သမ္မာ) ဤစကားများက ဝိညာဉ်ရေးတွင် ကျွန်ုပ်တို့ နိုးနိုးကြားကြားနေဖို့လိုကြောင်း ပြသသည်။ ဘာသာရေးခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် ဘာသာရေးအုပ်စုတစ်ခုခုကို ဘုရားသခင်နှင့် ခရစ်တော်တို့ လက်ခံနိုင်သည်ဟု ကျွန်ုပ်တို့ထင်မှတ်နိုင်ဖွယ်ရှိသော်လည်း ကျွန်ုပ်တို့ မှားသွားနိုင်သည်။
သတိရှိဖို့လို
ဘာသာတရားတစ်ခုသည် ဘုရားသခင့်နှစ်သက်လက်ခံမှု ရထားသည်ဟုဆိုကာ ယင်း၏ဓမ္မဆရာများသည် ကျမ်းစာမှကျမ်းပိုဒ်များကို ဖတ်ကြသော်လည်း ယင်းသည် ဘုရားသခင်ကို နှစ်သက်စေသော ဝတ်ပြုမှုပုံစံတစ်ခုဖြစ်သည်ဟူသည့် အဓိပ္ပာယ်မဆောင်ပါ။ ယင်းခေါင်းဆောင်များကိုသုံး၍ ဘုရားသခင်လုပ်ဆောင်နေတော်မူသည့်အလား ထင်မှတ်ရစေသည့် စွဲမှတ်လောက်ဖွယ်အရာများကိုပင် သူတို့ လုပ်ဆောင်ကောင်းလုပ်ဆောင်မည်။ မည်သို့ပင်လုပ်ဆောင်ပါစေ ထိုဘာသာတရားသည် ဘုရားသခင်လက်ခံဖွယ် အသီးကိုမသီးဘဲနေလျှင် မှားမြဲမှားနေမည်သာဖြစ်သည်။ မောရှေခေတ်က မှော်ပညာရှင် အီဂျစ်ပုရောဟိတ်များသည် စွဲမှတ်လောက်ဖွယ်အရာများကို လုပ်ပြနိုင်ခဲ့ကြသည်၊ သို့သော် သူတို့သည် ဘုရားသခင့်နှစ်သက်လက်ခံမှုကိုလုံးဝ မရရှိခဲ့ကြပါ။—ထွက်မြောက်ရာ ၇:၈-၂၂။
အတိတ်ကနည်းတူ ယနေ့တွင်လည်း ဘာသာတရားများစွာသည် သမ္မာတရားဖြစ်ကြောင်း ဘုရားသခင်ကြေညာထားသည့်အရာကို လိုက်နာစောင့်ထိန်းကြမည့်အစား လူ့အယူအဆများနှင့် အတွေးအခေါ်များကို အားပေးအားမြှောက်ပြုကြသည်။ အထူးသဖြင့် ကျမ်းစာဤသို့သတိပေးခြင်းသည် သင့်လျော်လှသည်– “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍၊ လောကီပညာနှင့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှမလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့။”—ကောလောသဲ ၂:၈။
ကောင်းသောအသီးနှင့် မကောင်းသောအသီးအကြောင်းကို ပြောပြီးနောက် ယေရှုက “‘သခင်၊ သခင်’ ဟုငါ့ကို လျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ ‘သခင်၊ သခင် အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေးပါပြီမဟုတ်လော၊ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လော’ ဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတည့်အလင်းငါပြောမည်” ဟုမိန့်တော်မူခဲ့သည်။—မဿဲ ၇:၂၁-၂၃။
အသီးကို ဆန်းစစ်ခြင်း
ဘာသာတရားတစ်ခုသည် ဘုရားသခင်လက်ခံဖွယ်ဖြစ်သည်ဟု ကောက်ချက်မချမီ ယင်း၏အသီးကို ကြည့်ဖို့အရေးကြီးသည်မှာ ရှင်းနေပါသည်။ ဥပမာ၊ ထိုဘာသာတရားသည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသလော။ ယာကုပ် ၄:၄ တွင် မှတ်တမ်းတင်ထားသည့် ဤစကားများကို မှတ်သားပါလေ– “ဤလောကနှင့် မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။” ထို့အပြင် မိမိ၏နောက်လိုက်စစ်များနှင့်ပတ်သက်၍ ယေရှုက “အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၇:၁၆) ဘုရားသခင့်အမြင်တွင် ကောင်းသော ဘာသာတရားသည် မျက်မြင်မရသော နာမ်ဝိညာဉ်သတ္တဝါ စာတန်မာရ်နတ်ဖြစ်သည့် “ဆိုးညစ်သူ၏တန်ခိုးဩဇာအောက်တွင် ရောက်နေ” သည့် ဤလောက၏နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိရပါ။ (၁ ယောဟန် ၅:၁၉၊ ကဘ) ယင်းသို့ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဘုရားသခင်နှစ်သက်လက်ခံသည့် ဘာသာတရားသည် ယေရှုခရစ်ဦးစီးမှုအောက် ဘုရားသခင့်နိုင်ငံတော်ကို သစ္စာရှိရှိထောက်ခံပြောဆိုပြီး ထိုကောင်းကင်အစိုးရနှင့်ပတ်သက်သော သတင်းကောင်းကို ကြေညာသည်။—မာကု ၁၃:၁၀။
ဘာသာတရားတစ်ခုသည် အစိုးရအမိန့်များကို မနာခံဖို့ ထောက်ခံပြောဆိုပါက ယင်းကို ဘုရားသခင်လက်ခံမည်လော။ တမန်တော်ပေါလု၏ ဤသြဝါဒကို ကျွန်ုပ်တို့ ဂရုမူလျှင် အဖြေမှာ ရှင်းနေပါသည်– “လူတို့သည် အထွတ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှာလည်းကောင်း၊ မင်း၏စကားကို နားထောင်စေခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု၍ အသင့်ဖြစ်စေ။” (တိတု ၃:၁) မှန်ပါသည်၊ ‘ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြကာ ဘုရားသခင်၏ဥစ္စာကိုကား၊ ဘုရားသခင်အား ဆက်ပေးကြ’ ရမည်ဖြစ်ကြောင်း မိမိနောက်တော်လိုက်များကို ယေရှုပြသတော်မူခဲ့သည်။—မာကု ၁၂:၁၇။
ဘာသာတရားတစ်ခုသည် တိုင်းနိုင်ငံများ၏စစ်ပွဲများတွင် ပါဝင်ခြင်းကို အားပေးသည်ဆိုပါစို့။ ပေတရုပထမစာစောင် ၃:၁၁ [သတင်းကောင်း] က ကျွန်ုပ်တို့ကို “သုစရိုက်ကိုပြု” ၍ “ငြိမ်းချမ်းမှုအတွက် အစွမ်းကုန်ကြိုးပမ်း” ဖို့တိုက်တွန်းထားသည်။ ဘာသာတရားတစ်ခု၏ အဖွဲ့ဝင်များသည် အခြားနိုင်ငံတွင်ရှိသော ၎င်းတို့၏ဝတ်ပြုသူချင်းတို့ကို စစ်ဆင်နွှဲကာ သတ်ချင်ဖြတ်ချင်စိတ်ဝင်နေပါလျှင် ယင်းသည် ဘုရားသခင်ကို မည်သို့ နှစ်သက်စေနိုင်မည်နည်း။ ဘုရားသခင်နှစ်သက်လက်ခံသည့် ဘာသာတရား၏ အဖွဲ့ဝင်များသည် ကိုယ်တော်၏ အဓိကဂုဏ်ရည်တော်ဖြစ်သော မေတ္တာကို ရောင်ပြန်ဟပ်ကြသည်။ ထို့အပြင် ယေရှုက “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူသည်။” (ယောဟန် ၁၃:၃၅) ထိုမေတ္တာသည် နိုင်ငံများ၏ စစ်ပွဲများက မြေတောင်မြှောက်ပေးသော အကြမ်းဖက်မုန်းတီးမှုနှင့် လုံးဝမစပ်ယှက်ပါ။
ဘာသာတရားအစစ်အမှန်သည် စစ်တိုက်လိုသောသူများကို ငြိမ်းချမ်းမှုမြတ်နိုးသောသူများအဖြစ်သို့ ပြောင်းလဲသွားစေသည်။ ယင်းကို ဤစကားများဖြင့် တင်ကူးပြောထားသည်– “သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကို တစ်ပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။” (ဟေရှာယ ၂:၄) စစ်မှန်သောဝတ်ပြုရေးကို လိုက်စားသူများသည် အမုန်းစကားများကို ပွင့်အံထုတ်မည့်အစား “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” ဟူသည့် ပညတ်ကို လိုက်နာသည်။—မဿဲ ၂၂:၃၉။
စစ်မှန်သောဘာသာတရားကို လိုက်စားသူများသည် ယေဟောဝါဘုရားသခင်၏ မြင့်မားသောစံနှုန်းများနှင့်အညီ နေထိုင်ဖို့ ကြိုးစားပြီး အကျင့်ပျက်ဘဝပုံများကို ခံယူဖို့ ငြင်းဆန်ကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤသို့ဖော်ပြထားသည်– “မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့်။ မတရားသောမေထုန်၌ မှီဝဲသောသူ၊ . . . ကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။ အထက်က သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူဖြစ်ကြသော်လည်း ယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့်လည်းကောင်း၊ ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။”—၁ ကောရိန္သု ၆:၉-၁၁။
ပြတ်ပြတ်သားသားလုပ်ဆောင်ရမည့်အချိန်
မှားယွင်းသောဝတ်ပြုမှုနှင့် စစ်မှန်သောဘာသာတရားတို့၏ ကွာခြားမှုကို ပိုင်းခြားတတ်ဖို့ လိုသည်။ ဗျာဒိတ်ကျမ်းတွင် ဗာဗုလုန်ဘာသာရေး ကမ္ဘာ့အင်ပါယာကို ‘မဟာဗာဗုလုန်’၊ “လောကီရှင်ဘုရင်များနှင့် မတရားသောမေထုန်ကိုပြု” သည့် ပုံဆောင်ပြည့်တန်ဆာအဖြစ် ဖော်ပြထားသည်။ သူမသည် သွေးပြစ်ရှိပြီး “စက်ဆုပ်ရွံရှာဖွယ်သောအရာနှင့်လည်းကောင်း၊ မိမိမတရားသောမေထုန်၏ညစ်ညူးခြင်းနှင့်လည်းကောင်း ပြည့်သော” ရွှေဖလားကို ကိုင်ထားသည်။ (ဗျာဒိတ် ၁၇:၁-၆) သူမနှင့်ပတ်သက်၍ ဘုရားသခင်လက်ခံနိုင်စရာ တစ်ကွက်မျှမရှိပါလေ။
ပြတ်ပြတ်သားသားလုပ်ဆောင်ရမည့် အချိန်သည် ယခုအချိန်ဖြစ်သည်။ မဟာဗာဗုလုန်ထဲတွင် ရှိနေသေးသည့် စိတ်ရိုးမှန်သောလူများကို မေတ္တာပြည့်ဝသော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်က ဤဖိတ်ခေါ်ချက်ကို ထုတ်ဆင့်ထားတော်မူသည်– “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ သူ၏အထဲကထွက်ကြလော့။”—ဗျာဒိတ် ၁၈:၄။
ဘုရားသခင်ကို နှစ်သက်စေသည့် ဘာသာတရားကို သင်လိုက်စားလိုပါလျှင် ယေဟောဝါသက်သေများနှင့် သာ၍ရင်းနှီးမှုရှိရန် လုပ်ဆောင်ပါလေ။ ဤပူးတွဲပါဇယားသည် သူတို့၏ယုံကြည်ချက်အချို့နှင့် ယင်းယုံကြည်ချက်များအတွက် ကျမ်းစာဆိုင်ရာအကြောင်းရင်းများနှင့်အတူ စာရင်းပြုစုထားသည်။ ယေဟောဝါသက်သေတို့၏ ယုံကြည်ချက်များသည် ဘုရားသခင့်နှုတ်ကပါဌ်တော်နှင့် ညီမညီသိရန် သင့်ကျမ်းစာနှင့် စစ်ဆေးပါ။ သူတို့၏ဘာသာတရားသည် စစ်မှန်သောဝတ်ပြုမှုမှ သင်မျှော်လင့်သည့် အသီးမျိုးကို သီးမသီး စုံစမ်းပါလေ။ ယင်းသို့သီးနေကြောင်း သင်တွေ့ရှိလျှင် ဘုရားသခင်ကို နှစ်သက်စေသော ဘာသာတရားကို သင်တွေ့ပြီဖြစ်သည်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
ယေဟောဝါသက်သေတို့ ယုံကြည်သည့်အရာ
ယုံကြည်ချက် ကျမ်းစာအခြေခံ
ဘုရားသခင့်နာမတော်သည် ယေဟောဝါဖြစ်သည် ထွက်မြောက်ရာ ၆:၃; ဆာလံ ၈၃:၁၈
ကျမ်းစာသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြစ်သည် ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇
ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်သည် မဿဲ ၃:၁၆၊ ၁၇; ယောဟန် ၁၄:၂၈
လူသားတို့သည် ဆင့်ကဲဖြစ်လာခြင်းမဟုတ်ဘဲ ဖန်ဆင်းခံရသည် ကမ္ဘာဦး ၁:၂၇; ၂:၇
လူသားတို့သေခြင်းသည် ပထမလူသား၏အပြစ်ကြောင့် ဖြစ်သည် ရောမ ၅:၁၂
စိုးလ်သည် သေသောအခါ မတည်ရှိတော့ပါ ဒေသနာ ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄
ငရဲဟူသည် လူသားတို့၏သာမန် သင်္ချိုင်းဖြစ် ယောဘ ၁၄:၁၃; ဗျာဒိတ် ၂၀:၁၃၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း
ရှင်ပြန်ထမြောက်ခြင်းသည် သေဆုံးသူများအတွက်မျှော်လင့်ချက်ဖြစ်သည် ယောဟန် ၅:၂၈၊ ၂၉; ၁၁:၂၅; တမန်တော် ၂၄:၁၅
ခရစ်တော်သည် မိမိ၏မြေကြီးအသက်ကို နာခံမှုရှိသောလူသားများအတွက် မဿဲ ၂၀:၂၈; ၁ ပေတရု ၂:၂၄; ၁ ယောဟန် ၂:၁၊ ၂
ရွေးနုတ်ဖိုးအဖြစ် ပေးခဲ့သည်
ဆုတောင်းချက်များသည် မဿဲ ၆:၉; ယောဟန် ၁၄:၆၊ ၁၃၊ ၁၄
ခရစ်တော်မှတစ်ဆင့် ယေဟောဝါထံကိုသာ ဦးတိုက်ရမည်
စာရိတ္တဆိုင်ရာ ကျမ်းစာပညတ်များကို နာခံရမည် ၁ ကောရိန္သု ၆:၉၊ ၁၀
ဝတ်ပြုရေးတွင် ရုပ်ပုံများကို အသုံးမပြုရ ထွက်မြောက်ရာ ၂၀:၄-၆; ၁ ကောရိန္သု ၁၀:၁၄
နတ်ဝိဇ္ဇာအတတ်ကို ရှောင်ကြဉ်ရမည် တရားဟောရာ ၁၈:၁၀-၁၂; ဂလာတိ ၅:၁၉-၂၁
လူတစ်ဦး၏ခန္ဓာတွင်းသို့ သွေးကို မသွင်းရ ကမ္ဘာဦး ၉:၃၊ ၄; တမန်တော် ၁၅:၂၈၊ ၂၉
ယေရှု၏နောက်လိုက်စစ်များသည် ဤလောကနှင့် သီးခြားနေကြသည် ယောဟန် ၁၅:၁၉; ၁၇:၁၆; ယာကုပ် ၁:၂၇; ၄:၄
ခရစ်ယာန်များသည် သက်သေခံကြသည်၊ သတင်းကောင်းကို ကြေညာကြသည် ဟေရှာယ ၄၃:၁၀-၁၂; မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀
ရေတွင်လုံးလုံးနှစ်မြှုပ်ခြင်းအားဖြင့် နှစ်ခြင်းခံခြင်းသည် မာကု ၁:၉၊ ၁၀; ယောဟန် ၃:၂၂; တမန်တော် ၁၉:၄၊ ၅
ဘုရားသခင်ထံ ဆက်ကပ်အပ်နှံမှုကို အထိမ်းအမှတ်ပြုသည်
ဘာသာရေးဘွဲ့ထူးဂုဏ်ထူးများသည် ကျမ်းစာနှင့်မညီ ယောဘ ၃၂:၂၁၊ ၂၂; မဿဲ ၂၃:၈-၁၂
ကျွန်ုပ်တို့သည် ‘ဆုံးခန်းကာလ’ တွင် အသက်ရှင်နေရသည် ဒံယေလ ၁၂:၄; မဿဲ ၂၄:၃-၁၄; ၂ တိမောသေ ၃:၁-၅
ခရစ်တော်၏ရောက်ရှိနေခြင်းသည် မျက်မြင်မရဖြစ် မဿဲ ၂၄:၃; ယောဟန် ၁၄:၁၉; ၁ ပေတရု ၃:၁၈
စာတန်သည် ဤလောက၏ မျက်မြင်မရ အုပ်စိုးရှင်ဖြစ်သည် ယောဟန် ၁၂:၃၁; ၁ ယောဟန် ၅:၁၉
ဘုရားသခင်သည် လက်ရှိဆိုးသွမ်းသော အစီအစဉ်စနစ်ကို ဖျက်ဆီးပစ်မည် ဒံယေလ ၂:၄၄; ဗျာဒိတ် ၁၆:၁၄၊ ၁၆; ၁၈:၁-၈
ခရစ်တော်ဦးစီးမှုအောက် ဘုရားသခင့်နိုင်ငံတော်သည် ဤကမ္ဘာကို ဟေရှာယ ၉:၆၊ ၇; ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၆:၁၀
ဖြောင့်မတ်စွာအုပ်စိုးမည်
“သိုးစုငယ်” သည် ခရစ်တော်နှင့်အတူ ကောင်းကင်တွင် အုပ်စိုးရမည် လုကာ ၁၂:၃၂; ဗျာဒိတ် ၁၄:၁-၄; ၂၀:၄
ဘုရားသခင့်နှစ်သက်မှုခံရသော အခြားသူများသည် ကမ္ဘာ့ပရဒိသုတွင် လုကာ ၂၃:၄၃; ယောဟန် ၃:၁၆; ဗျာဒိတ် ၂၁:၁-၄
ထာဝရအသက်ရရှိကြမည်
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဘာသာရေးခုံရုံးများကာလအတွင်း ထောင်နှင့်ချီသောလူများ အသတ်ခံခဲ့ရကြ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ခရူးဆိတ်စစ်ပွဲများသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသော သွေးထွက်သံယိုမှုကိုဖြစ်စေခဲ့သည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
စစ်မှန်သောဘာသာတရားကို ယင်း၏အသီးကောင်းများဖြင့် သိရသည်
[Picture Credit Line on page 2]
Cover: Garo Nalbandian