ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၉/၁၅ စာ. ၁၀-၁၅
  • လူအားလုံး ဘုရားသခင်ထံ စာရင်းရှင်းကြရမည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူအားလုံး ဘုရားသခင်ထံ စာရင်းရှင်းကြရမည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန်များ စာရင်းရှင်းဖို့တာဝန်ရှိ
  • ဘုရားသခင့်သားတော် စာရင်းရှင်းရန်တာဝန်ရှိ
  • တိုင်းနိုင်ငံများအလိုက် စာရင်းရှင်းရန်တာဝန်ရှိ
  • တစ်ဦးချင်းစာရင်းရှင်းရမည့်တာဝန်ရှိခြင်းဆိုင်ရာ နမူနာများ
  • ခရစ်ယာန်အသင်းတော်အတွင်း စာရင်းရှင်းရမည့်တာဝန်
  • ယေဟောဝါရှင်သည် သင်၏စာရင်းရှင်းချက်ကို မျက်နှာသာပြပါစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ခရစ်ယာန်များ တစ်ဦးကိုတစ်ဦး လိုအပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “ငါဟာ ယေဟောဝါပဲဆိုတာ” လူမျိုးခြားတွေ “သိရကြလိမ့်မယ်”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၉/၁၅ စာ. ၁၀-၁၅

လူအားလုံး ဘုရားသခင်ထံ စာရင်းရှင်းကြရမည်

“ငါတို့အားလုံးသည် မိမိတို့ပြုခဲ့သမျှကို ထာဝရဘုရားအား အစီရင်ခံ [“စာရင်းရှင်း၊” ကဘ] ကြရမည်။”—ရောမ ၁၄:၁၂၊ သတင်းကောင်း။

၁။ အာဒံနှင့် ဧဝတို့၏လွတ်လပ်မှုတွင် မည်သည့်ကန့်သတ်ချက်များ ရှိသနည်း။

ယဟောဝါ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကနဦးမိဘများဖြစ်သော အာဒံနှင့်ဧဝတို့ကို လွတ်လပ်စွာလုပ်ပိုင်ခွင့် ရှိသူများအနေနှင့် ဖန်ဆင်းတော်မူခဲ့သည်။ သူတို့သည် ကောင်းကင်တမန်များ၏ အောက်နိမ့်ကျသော်လည်း တော်မှန်သောဆုံးဖြတ်ချက်များချနိုင်သည့် အသိဉာဏ်ရှိသတ္တဝါများဖြစ်သည်။ (ဆာလံ ၈:၄၊ ၅) သို့သော် အဆိုပါ ဘုရားပေးလွတ်လပ်မှုသည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ပေးသည့် လိုင်စင်တစ်ခုမဟုတ်ပါ။ သူတို့သည် မိမိတို့ဖန်ဆင်းရှင်ထံ စာရင်းရှင်းရန်တာဝန်ရှိပြီး ဤတာဝန်သည် သူတို့၏သားစဉ်မြေးဆက်များအထိ ဆက်သွားသည်။

၂။ ယေဟောဝါသည် မည်သည့်စာရင်းရှင်းမှုကို မကြာမီပြုတော်မူမည်နည်း၊ အဘယ်ကြောင့်နည်း။

၂ ယခုအခါတွင် ကျွန်ုပ်တို့သည် ယေဟောဝါရှင် စာရင်းရှင်းတော့မည့် ဤအစီအစဉ်စနစ်ဆိုး၏ အဆုံးပိုင်းတွင် ရှိနေကြသည်။ (ရောမ ၉:၂၈ နှိုင်းယှဉ်။) ဘုရားတရားမဲ့သူများသည် ကမ္ဘာ့သယံဇာတပစ္စည်းများကို အဓမ္မလုယူမှု၊ လူအသက်ကို ဖျက်လိုဖျက်ဆီးလုပ်မှုနှင့် အထူးသဖြင့် ယေဟောဝါဘုရားသခင်၏ကျေးကျွန်များကို နှိပ်စက်ညှဉ်းပန်းမှုတို့အတွက် မကြာမီ ကိုယ်တော့်ထံ စာရင်းရှင်းရကြလိမ့်မည်။—ဗျာဒိတ် ၆:၁၀; ၁၁:၁၈။

၃။ မည်သည့်မေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။

၃ သွေးအေးအေးနှင့်ပြုမူနေသော အဆိုပါမြင်ကွင်းကို တွေ့မြင်နေရရာ အတိတ်ကာလက မိမိဖန်ဆင်းထားသောသတ္တဝါများနှင့် ယေဟောဝါ၏ ဖြောင့်မှန်သောဆက်ဆံမှုများကို ပြန်လည်သုံးသပ်ကြည့်ခြင်းသည် ကျွန်ုပ်တို့အတွက် အကျိုးရှိသည်။ ကျွန်ုပ်တို့အပိုင်းမှ မိမိတို့ဖန်ဆင်းရှင် လက်ခံနိုင်တော်မူဖွယ် စာရင်းရှင်းချက်ကို တင်သွင်းရန် ကျမ်းစာက ကျွန်ုပ်တို့အား မည်သို့ထောက်ကူနိုင်သနည်း။ မည်သည့်ပုံသက်သေများသည် အကူအညီဖြစ်စေနိုင်ပြီး မည်သည့်ပုံသက်သေများကို အတုမယူရှောင်ရှားသင့်သနည်း။

ကောင်းကင်တမန်များ စာရင်းရှင်းဖို့တာဝန်ရှိ

၄။ ကောင်းကင်တမန်များသည် သူတို့၏အပြုအမူများအတွက် စာရင်းရှင်းရန် တာဝန်ရှိသည်ဟု ဘုရားသခင်ယူမှတ်တော်မူကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။

၄ ယေဟောဝါ၏ ကောင်းကင်တမန်များသည် ကျွန်ုပ်တို့ကဲ့သို့ပင် ကိုယ်တော်ထံ စာရင်းရှင်းရန် တာဝန်ရှိကြသည်။ နောဧခေတ် ရေလွှမ်းမမိုးမီ၌ အချို့ကောင်းကင်တမန်များသည် အမျိုးသမီးများနှင့် သံဝါသပြုနိုင်ရန်အလို့ငှာ နာခံမှုမဲ့စွာ အသွေးအသားခန္ဓာယူခဲ့ကြသည်။ လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိသော ဤနာမ်ဝိညာဉ်သတ္တဝါများအနေနှင့် အဆိုပါဆုံးဖြတ်ချက်ကို ချနိုင်သော်လည်း သူတို့ စာရင်းရှင်းရန် တာဝန်ရှိသည်ဟု ဘုရားသခင်ယူမှတ်တော်မူသည်။ နာခံမှုမရှိသော ထိုကောင်းကင်တမန်များသည် နာမ်ဝိညာဉ်ဘောင်သို့ပြန်သွားသောအခါ သူတို့၏မူလရာထူးများကို ပြန်လည်ထမ်းဆောင်ခွင့် ယေဟောဝါ သူတို့အားမပေးတော့ပါ။ တပည့်တော်ယုဒက သူတို့ကို “ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလို့ငှာ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ” ကြောင်း ကျွန်ုပ်တို့အားပြောပြသည်။—ယုဒ ၆။

၅။ စာတန်နှင့် သူ၏နတ်ဆိုးများသည် မည်သည့်ကျရှုံးမှုကို တွေ့ကြုံခဲ့ရသနည်း၊ သူတို့၏ပုန်ကန်မှုအတွက် စာရင်းရှင်းချက်ကို မည်သို့ ဖြေရှင်းမည်နည်း။

၅ နာခံမှုမရှိသော ဤကောင်းကင်တမန်များ သို့မဟုတ် နတ်ဆိုးများ၌ သူတို့၏အုပ်စိုးရှင် စာတန်မာရ်နတ်ရှိသည်။ (မဿဲ ၁၂:၂၄-၂၆) ဆိုးသွမ်းသော ဤကောင်းကင်တမန်သည် မိမိ၏ဖန်ဆင်းရှင်ကို ထောင်ထားခြားနားကာ ယေဟောဝါ၏ အကြွင်းမဲ့ပိုင်သအုပ်စိုးပိုင်ထိုက်မှုကို စောဒကတက်ခဲ့သည်။ စာတန်သည် ကျွန်ုပ်တို့၏ ကနဦးမိဘများကို အပြစ်နွံနစ်စေခဲ့ရာ နောက်ဆုံးသေကိန်းဆိုက်ရတော့သည်။ (ကမ္ဘာဦး ၃:၁-၇၊ ၁၇-၁၉) ယင်းနောက်ပိုင်း၌ ယေဟောဝါသည် စာတန်ကို ကောင်းကင်တရားရုံးသို့လာရန် အချိန်ကာလတစ်ခုကြာကြာ ခွင့်ပြုထားသော်လည်း ဘုရားသခင်သတ်မှတ်ထားသောအချိန်တွင် ဤဆိုးသွမ်းသူကို မြေကြီးဝန်းကျင်သို့ နှင်ချမည်ဖြစ်ကြောင်း ဗျာဒိတ်ကျမ်းက တင်ကူးပြောထားသည်။ ယင်းသည် ၁၉၁၄ ခုနှစ်၌ နိုင်ငံတော်အာဏာကို ယေရှုရရှိပြီးနောက် မကြာမီအချိန်တွင် ဖြစ်ပျက်ခဲ့ကြောင်း သာဓကကတင်ပြသည်။ နောက်ဆုံးတွင် မာရ်နတ်နှင့် သူ၏နတ်ဆိုးများသည် ထာဝရဖျက်ဆီးခံရမည်။ နောက်ဆုံးတွင် အကြွင်းမဲ့ပိုင်သအုပ်စိုးမှုပြဿနာ ရှင်းလင်းသွားကာ ပုန်ကန်မှုအတွက် စာရင်းရှင်းချက်သည် ထိုအချိန်တွင် နည်းမှန်လမ်းကျ ပြီးပြတ်သွားမည်။—ယောဘ ၁:၆-၁၂; ၂:၁-၇; ဗျာဒိတ် ၁၂:၇-၉; ၂၀:၁၀။

ဘုရားသခင့်သားတော် စာရင်းရှင်းရန်တာဝန်ရှိ

၆။ ယေရှုသည် မိမိခမည်းတော်ထံ ကိုယ်တိုင်စာရင်းရှင်းရမည့်တာဝန်ကို မည်သို့သဘောထားသနည်း။

၆ အလွန်ကောင်းသော နမူနာတစ်ခုကို ဘုရားသခင့်သားတော် ယေရှုခရစ်ပြသတော်မူခဲ့သည်! ယေရှုသည် အာဒံနှင့် ညီမျှသော စုံလင်သည့် လူသားတစ်ဦးအနေနှင့် ဘုရားသခင့် အလိုတော်ဆောင်ရခြင်းကို အားရနှစ်သက်တော်မူသည်။ ကိုယ်တော်သည် ယေဟောဝါ၏ ပညတ်တော်ကို လိုက်လျှောက်မှုအတွက် စာရင်းရှင်းရန်တာဝန်ဆက်ရခြင်းကို ဝမ်းသာခဲ့သည်။ ကိုယ်တော်နှင့်ပတ်သက်၍ ဆာလံဆရာက “အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်၏နှလုံးထဲမှာရှိပါ၏” ဟု လျော်ကန်စွာပရောဖက်ပြုခဲ့သည်။—ဆာလံ ၄၀:၈; ဟေဗြဲ ၁၀:၆-၉။

၇။ မိမိသေဆုံးမည့်ညနေတွင် ဆုတောင်းသောအခါ ယေရှုသည် ယောဟန် ၁၇:၄၊ ၅ ပါစကားများကို အဘယ်ကြောင့် ပြောနိုင်တော်မူခဲ့သနည်း။

၇ ယေရှုသည် ဆိုးဆိုးဝါးဝါးဆန့်ကျင်မှုကို တွေ့ကြုံခဲ့ရသော်ငြားလည်း ဘုရားသခင့်အလိုတော်ကို ထမ်းဆောင်ခဲ့ပြီး ညှဉ်းဆဲခံရာနှက်တိုင်ပေါ်တွင် သေသည်အထိ သမာဓိစောင့်သိခဲ့သည်။ ဤနည်းအားဖြင့် ကိုယ်တော်သည် အာဒံ၏အပြစ်ကြောင့်ရလာသည့် သေစေနိုင်သော အကျိုးဆက်များမှ လူသားများကို ရွေးရန် ရွေးနုတ်ဖိုးကို ပေးတော်မူခဲ့သည်။ (မဿဲ ၂၀:၂၈) ထို့ကြောင့် မိမိသေဆုံးသည့် ညနေတွင် ယေရှုသည် စိတ်ချလက်ချ ဤသို့ဆုတောင်းနိုင်ခဲ့သည်– “အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ်၌အပ်ပေးတော်မူသော အမှုကို အကျွန်ုပ်ဆောင်ရွက်၍ပြီးပါပြီ။ အိုအဘ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။” (ယောဟန် ၁၇:၄၊ ၅) ယေရှုသည် စာရင်းရှင်းရမည့်တာဝန်စမ်းသပ်မှုကို အောင်မြင်ခဲ့ရာ ဘုရားသခင်လက်ခံနိုင်တော်မူဖွယ်ဖြစ်ခဲ့သည့်အတွက် မိမိ၏ကောင်းကင်ခမည်းတော်ကို ဤစကားများနှုတ်မြွက်နိုင်ခဲ့ခြင်းဖြစ်သည်။

၈။ (က) ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်ထံ မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ စာရင်းရှင်းရမည်ဖြစ်ကြောင်း ပေါလုမည်သို့ပြသခဲ့သနည်း။ (ခ) ဘုရားသခင့်လက်ခံတော်မူခြင်းကို ရရှိရန် မည်သည့်အရာက ကျွန်ုပ်တို့ကို ထောက်ကူမည်နည်း။

၈ စုံလင်သောလူသားဖြစ်သူ ယေရှုခရစ်နှင့်မတူဘဲ ကျွန်ုပ်တို့သည် မစုံလင်ကြပါ။ သို့တိုင် ကျွန်ုပ်တို့သည် ဘုရားသခင်ထံ စာရင်းရှင်းရန် တာဝန်ရှိသည်။ တမန်တော်ပေါလုက ဤသို့ပြောခဲ့သည်– “ထို့ကြောင့် သင်တို့သည် အဘယ်ကြောင့် မိမိတို့၏ ခရစ်ယာန်ညီအစ်ကိုများကို စစ်ကြောစီရင်ကြသနည်း။ အဘယ်ကြောင့် သူတို့အားအထင်သေးကြသနည်း။ ငါတို့အားလုံးပင် တရားစီရင်ခြင်းခံရရန် ထာဝရဘုရား၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ကြရမည်။ ကျမ်းစာတော်တွင် ထာဝရဘုရားမိန့်တော်မူသည်ကား ‘ငါသည် အသက်တော်ကိုတိုင်တည်၍ မိန့်တော်မူသည်။ ငါ၏ရှေ့၌ လူတိုင်း ပျပ်ဝပ်ရလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း လူတိုင်းဝန်ခံရလိမ့်မည်’ ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ ငါတို့အားလုံးသည် မိမိတို့ပြုခဲ့သမျှကို ထာဝရဘုရားအား အစီရင်ခံ [“စာရင်းရှင်း၊” ကဘ] ကြရမည်။” (ရောမ ၁၄:၁၀-၁၂၊ သတင်းကောင်း) ကျွန်ုပ်တို့သည် ဤသို့စာရင်းရှင်းချက်ကောင်းပြုပြီး ယေဟောဝါရှင်၏ နှစ်သက်လက်ခံမှုရရှိစေနိုင်ရန်အလို့ငှာ ကျွန်ုပ်တို့ပြောဆိုလုပ်ကိုင်မှုကို လမ်းညွှန်ပေးဖို့ ကိုယ်တော်သည် ဩတ္တပ္ပစိတ်နှင့် မိမိ၏နှုတ်ကပါဌ်တော် ကျမ်းစာကို ကျွန်ုပ်တို့အား မေတ္တာဖြင့် ပေးသနားထားတော်မူသည်။ (ရောမ ၂:၁၄၊ ၁၅; ၂ တိမောသေ ၃:၁၆၊ ၁၇) ယေဟောဝါ၏ ဝိညာဏပြင်ဆင်ပေးမှုများမှ အကျိုးကျေးဇူး အပြည့်အဝရယူကာ ကျမ်းစာဖြင့်လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်ကို လိုက်နာခြင်းသည် ဘုရားသခင့်နှစ်သက်လက်ခံမှုရရှိစေဖို့ ကျွန်ုပ်တို့ကို ထောက်ကူမည်။ (မဿဲ ၂၄:၄၅-၄၇) ယေဟောဝါ၏ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည့် တက်ကြွလှုပ်ရှားသော စွမ်းအားသည် ခွန်အားနှင့် လမ်းညွှန်မှုတို့၏ နောက်ထပ်အရင်းအမြစ်တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်တော်၏ ညွှန်ကြားမှုနှင့် ကျမ်းစာဖြင့်လေ့ကျင့်ထားသော ဩတ္တပ္ပစိတ်၏ လမ်းညွှန်မှုတို့နှင့်အညီ ပြုမူဆောင်ရွက်လျှင် ကျွန်ုပ်တို့အပြုအမူအားလုံးအတွက် သွားရောက်စာရင်းရှင်းရမည့် “ထာဝရဘုရားကို ပစ်ပယ်သူ” များမဟုတ်ကြောင်း တင်ပြရာရောက်သည်။—၁ သက်သာလောနိတ် ၄:၃-၈; ၁ ပေတရု ၃:၁၆၊ ၂၁။

တိုင်းနိုင်ငံများအလိုက် စာရင်းရှင်းရန်တာဝန်ရှိ

၉။ ဧဒုံလူမျိုးများကား မည်သူများနည်း၊ ဣသရေလလူမျိုးအပေါ် သူတို့၏ဆက်ဆံပုံကြောင့် ဘာဖြစ်သွားကြသနည်း။

၉ ယေဟောဝါရှင်သည် တိုင်းနိုင်ငံများ စာရင်းရှင်းကြရန် တောင်းဆိုထားတော်မူသည်။ (ယေရမိ ၂၅:၁၂-၁၄; ဇေဖနိ ၃:၆၊ ၇) ပင်လယ်သေ၏ တောင်ဘက်၊ အက္ကာဘာပင်လယ်ကွေ့၏ မြောက်ဘက်တွင် တည်ရှိသော ရှေးဟောင်း ဧဒုံနိုင်ငံကို သုံးသပ်ကြည့်ပါ။ ဧဒုံလူမျိုးများသည် ရှေမအနွယ်ဝင်များဖြစ်ရာ ဣသရေလလူမျိုးနှင့် ဆွေမျိုးနီးစပ်များဖြစ်သည်။ ဧဒုံလူမျိုးများ၏ ဘိုးဘေးသည် အာဗြဟံ၏မြေး ဧသောဖြစ်သော်လည်း ဣသရေလလူမျိုးများသည် ကတိထားရာပြည်သို့အသွား “မင်းလမ်း” အတိုင်း ဧဒုံပြည်ကို ဖြတ်လျှောက်သွားခွင့် မရခဲ့ပါ။ (တောလည်ရာ ၂၀:၁၄-၂၁) ရာစုနှစ်များတစ်လျှောက် ဣသရေလနိုင်ငံအပေါ် ဧဒုံ၏ရန်လိုမုန်းထားစိတ်သည် အခဲမကျေသော မုန်းတီးမှုဖြစ်သည်အထိ တိုးပွားလာခဲ့သည်။ နောက်ဆုံးတွင် ဧဒုံလူမျိုးများသည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်၌ ယေရုရှလင်ကို ဖျက်ဆီးပစ်ရန် ဗာဗုလုန်လူမျိုးတို့ကို သွေးထိုးပေးမှုအတွက် စာရင်းရှင်းရမည်။ (ဆာလံ ၁၃၇:၇) ဘီ.စီ.အီး. ဆဋ္ဌမရာစုတွင် ဘုရင် နဗိုနိုက်ဒတ်စ်ဦးစီးသော ဗာဗုလုန်စစ်တပ်သည် ဧဒုံနိုင်ငံအပေါ် အောင်နိုင်လိုက်ရာ ဘုရားသခင်အမိန့်တော်မှတ်ခဲ့သည့်အတိုင်း လူသူကင်းမဲ့သည့်အဖြစ်ရောက်သွားတော့သည်။—ယေရမိ ၄၉:၂၀; ဩဗဒိ ၉-၁၁။

၁၀။ မောဘလူမျိုးတို့သည် ဣသရေလလူမျိုးများအပေါ် မည်သို့ပြုမူခဲ့ကြသနည်း၊ ဘုရားသခင်သည် စာရင်းရှင်းဖို့ မောဘပြည်ကို မည်သို့ တောင်းဆိုတော်မူခဲ့သနည်း။

၁၀ မောဘလည်း ထူးမခြားနားပင်ဖြစ်သည်။ မောဘနိုင်ငံသည် ဧဒုံ၏မြောက်ဘက်၊ ပင်လယ်သေ၏ အရှေ့ဘက်တွင် ရှိခဲ့သည်။ ကတိထားရာပြည်သို့ ဣသရေလလူမျိုးမဝင်မီ မောဘလူမျိုးသည် သူတို့ကိုဖော်ရွေပျူငှာစွာမပြုခဲ့ကြဘဲ ငွေကြေးရမှသာ အစာရေစာများကို ပေးကြောင်း အထင်အရှားတွေ့ရသည်။ (တရားဟောရာ ၂၃:၃၊ ၄) မောဘဘုရင် ဗာလက်သည် ဣသရေလလူမျိုးကို ကျိန်ဆဲဖို့ ပရောဖက်ဗာလမ်ကို ငှားရမ်းခဲ့ပြီး အကျင့်ပျက်မှုနှင့် ရုပ်ပုံကိုးကွယ်မှု နွံတွင်းသို့ ဣသရေလအမျိုးသားများကို မြှူဆွယ်ရန် မောဘအမျိုးသမီးများကို အသုံးပြုခဲ့သည်။ (တောလည်ရာ ၂၂:၂-၈; ၂၅:၁-၉) သို့သော် ယေဟောဝါသည် ဣသရေလလူမျိုးအပေါ် မောဘ၏အမုန်းပွားမှုကို လျစ်လျူရှုမထားပါ။ ပရောဖက်ပြုထားသည့်အတိုင်း မောဘသည် ဗာဗုလုန်တို့၏လက်ချက်ဖြင့် လူသူကင်းမဲ့ခဲ့ရသည်။ (ယေရမိ ၉:၂၅၊ ၂၆; ဇေဖနိ ၂:၈-၁၁) မှန်ပါသည်၊ ဘုရားသခင်သည် မောဘကို စာရင်းရှင်းဖို့ တောင်းဆိုတော်မူခဲ့သည်။

၁၁။ မောဘပြည်နှင့် အမ္မုန်ပြည်သည် မည်သည့်မြို့များကဲ့သို့ ဖြစ်သွားသနည်း၊ လက်ရှိအစီအစဉ်စနစ်နှင့်ပတ်သက်၍ ကျမ်းစာပရောဖက်ပြုချက်များ မည်သည့်အရာကို ညွှန်ပြသနည်း။

၁၁ မောဘသာမက အမ္မုန်ပါ ဘုရားသခင်ထံ စာရင်းရှင်းရမည်။ “မောဘပြည်နှင့် အမ္မုန်ပြည်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကဲ့သို့ ဆူးပင်ပေါက်သောအရပ်၊ ဆားချက်ဖို့မြေတူးရာအရပ်၊ အစဉ်အမြဲပျက်စီးရာအရပ် ဖြစ်” လိမ့်မည်ဟု ယေဟောဝါ တင်ကူးမိန့်တော်မူခဲ့သည်။ (ဇေဖနိ ၂:၉) မောဘပြည်နှင့် အမ္မုန်ပြည်တို့သည် ဘုရားသခင်ဖျက်ဆီးပစ်ခဲ့သည့် သောဒုံနှင့် ဂေါမောရမြို့တို့ကဲ့သို့ပင် လွင်တီးခေါင်ဖြစ်ခဲ့သည်။ လန်ဒန်ဘူမိဗေဒအဖွဲ့၏အဆိုအရ ပင်လယ်သေ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် ပျက်ယွင်းနေသော သောဒုံနှင့် ဂေါမောရမြို့နေရာများ ရှိကြောင်း သုတေသီများက ထုတ်ဖော်ပြောဆိုကြသည်။ ယင်းနှင့်ပတ်သက်၍ မပေါ်သေးသော ခိုင်လုံသည့် အထောက်အထား မှန်သမျှသည်လည်း စာရင်းရှင်းဖို့ ယေဟောဝါ တောင်းဆိုခြင်းခံရမည့် လက်ရှိဆိုးသွမ်းသော အစီအစဉ်စနစ်ကိုရည်ညွှန်းသည့် ကျမ်းစာပရောဖက်ပြုချက်များကို ထောက်ခံမည်သာဖြစ်သည်။—၂ ပေတရု ၃:၆-၁၂။

၁၂။ ဣသရေလနိုင်ငံသည် မိမိ၏အပြစ်အတွက် ဘုရားသခင်ထံ စာရင်းရှင်းရမည်ဖြစ်သော်လည်း ဂျူးအကြွင်းအကျန်နှင့် စပ်လျဉ်း၍ မည်သည့်အရာကို တင်ကြိုဟောထားသနည်း။

၁၂ ဣသရေလလူမျိုးသည် ယေဟောဝါ၏ မျက်နှာသာပေးမှုကို အကြီးအကျယ်ခံစားခဲ့ရသော်လည်း မိမိ၏အပြစ်များအတွက် ဘုရားသခင်ထံ စာရင်းရှင်းရမည်။ ယေရှုခရစ်သည် ဣသရေလလူမျိုးထံသို့ ကြွလာသောအခါ အများစုမှာ ကိုယ်တော်ကိုငြင်းပယ်ခဲ့ကြသည်။ ဂျူးအကြွင်းအကျန်များသာ ယုံကြည်ကြောင်း တင်ပြခဲ့ကြကာ ကိုယ်တော်၏နောက်တော်လိုက်များဖြစ်ခဲ့ကြသည်။ ပေါလုက အဆိုပါဂျူးအကြွင်းအကျန်များနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်အချို့ကို ဤသို့ရေးသားတင်ပြခဲ့သည်– “ပရောဖက်ဟေရှာယသည်လည်း ဣသရေလအမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား ‘ဣသရေလအမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော်လည်း ကြွင်းသောသူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်။ အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှာ ဆုံးဖြတ်တော်မူမည်။ ထာဝရဘုရားသည် မြေပေါ်မှာ ဆုံးဖြတ်တော်မူသောအမှုကို ပြုတော်မူလိမ့်မည်’ ဟု ဆိုသတည်း။ ထိုသို့နှင့်အညီ ဟေရှာယသည် အထက်ကဆိုပြန်သည်ကား ‘ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါတို့၌မျိုးစေ့ကို ကြွင်းစေတော်မမူလျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ။’ ” (ရောမ ၉:၂၇-၂၉; ဟေရှာယ ၁:၉; ၁၀:၂၂၊ ၂၃) တမန်တော်သည် ဧလိယခေတ်က ဗာလကို ဦးမညွတ်သည့် လူ ၇,၀၀၀ ၏ နမူနာကို ကိုးကားပြီးနောက် “ထို့နည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်း ရွေးကောက်တော်မူသော အကြွင်းအကျန်ရှိသေးသည်” ဟု ပြောခဲ့သည်။ (ရောမ ၁၁:၅) အဆိုပါ အကြွင်းအကျန်သည် တစ်ဦးချင်းအနေနှင့် ဘုရားသခင်ထံ စာရင်းရှင်းရမည့် လူများဖြင့်ပေါင်းစပ်ထားသည်။

တစ်ဦးချင်းစာရင်းရှင်းရမည့်တာဝန်ရှိခြင်းဆိုင်ရာ နမူနာများ

၁၃။ ဘုရားသခင်သည် ကာဣနအား မိမိညီအာဗေလကို သတ်ဖြတ်မှုအတွက် စာရင်းရှင်းရန် တောင်းဆိုသောအခါတွင် သူဘာဖြစ်သွားသနည်း။

၁၃ ယေဟောဝါဘုရားသခင်ထံ တစ်ဦးချင်းစာရင်းရှင်းရမည့်တာဝန်ရှိသည့် အမှုကိစ္စများစွာကို ကျမ်းစာတွင် ဖော်ပြထားသည်။ နမူနာတစ်ခုအနေနှင့် အာဒံ၏သားဦး ကာဣနကို သုံးသပ်ကြည့်ပါ။ သူနှင့် သူ၏ညီဖြစ်သူအာဗေလတို့နှစ်ဦးစလုံး ယေဟောဝါကို ပူဇော်သကာများ ဆက်သခဲ့ကြသည်။ ဘုရားသခင်သည် အာဗေလ၏ပူဇော်သကာကို လက်ခံခဲ့သော်လည်း ကာဣန၏ပူဇော်သကာကိုမူ လက်မခံခဲ့ပါ။ ညီဖြစ်သူကို ရက်ရက်စက်စက်သတ်ဖြတ်မှုအတွက် စာရင်းရှင်းဖို့ တောင်းဆိုခံရသောအခါ ကာဣနသည် ထောက်ထားစာနာမှုကင်းမဲ့စွာဖြင့် “အကျွန်ုပ်သည် ညီကိုစောင့်ရသောသူဖြစ်ပါသလော” ဟု ဘုရားသခင်ကို ပြန်ပြောခဲ့သည်။ ကာဣနသည် မိမိ၏ပြစ်မှုအတွက် “ဧဒင်အရှေ့ နောဒပြည်” သို့ နှင်ထုတ်ခံခဲ့ရသည်။ သူသည် မိမိ၏ပြစ်မှုကြီးအတွက် ရိုးစင်းသောနောင်တမပြခဲ့ဘဲ မိမိခံရသည့် အပြစ်ဒဏ်အတွက်သာ ယူကျုံးမရဖြစ်ခဲ့သည်။—ကမ္ဘာဦး ၄:၃-၁၆။

၁၄။ ယဇ်ပုရောဟိတ်မင်းကြီး ဧလိနှင့် သူ၏သားများကိစ္စက ဘုရားသခင်ထံ တစ်ဦးချင်းစာရင်းရှင်းရမည့်တာဝန်ကို မည်သို့ဖော်ပြခဲ့သနည်း။

၁၄ ဘုရားသခင်ထံ လူတစ်ဦးချင်းစာရင်းရှင်းရမည့်တာဝန်ကို ဣသရေလယဇ်ပုရောဟိတ်မင်းကြီး ဧလိကိစ္စတွင်လည်း ဖော်ပြသည်။ သူ၏သားများဖြစ်ကြသော ဟောဖနိနှင့် ဖိနဟတ်တို့သည် တာဝန်ခံယဇ်ပုရောဟိတ်များအနေနှင့် အမှုထမ်းကြသော်လည်း “လူများကို မတရားသဖြင့် ပြုမူသည့် အပြစ်၊ ဘုရားသခင်ကို မရိုမသေပြုမူသည့် အပြစ်ရှိကြပြီး မည်သည့်ဆိုးသွမ်းမှုမျိုးကိုမဆို မရှောင်ကြပါ” ဟု သမိုင်းဆရာ ဂျိုစီဖတ်စ်က ဆိုထားသည်။ ဤ “သုံးမရသောသူတို့” သည် ယေဟောဝါကို အသိအမှတ်မပြု၊ ဘုရားသခင်ကို မလေးမခန့်ပြုကာ အလွန်အကျင့်ယိုယွင်းမှုတို့ကို ကျူးလွန်ခဲ့ကြသည်။ (၁ ဓမ္မရာဇဝင် ၁:၃; ၂:၁၂-၁၇၊ ၂၂-၂၅၊ ကဘ) ဖခင်လည်းဖြစ် ဣသရေလ ယဇ်ပုရောဟိတ်လည်းဖြစ်သူ ဧလိအနေနှင့် သူတို့ကို ဆုံးမဖို့တာဝန်ရှိသော်လည်း ခပ်ပျော့ပျော့သာ ဆုံးမခဲ့သည်။ ဧလိသည် ‘မိမိ၏သားများကို ယေဟောဝါထက်သာ၍ ချီးမြှောက်’ နေသည်။ (၁ ဓမ္မရာဇဝင် ၂:၂၉) ဧလိ၏မိသားစုပေါ်သို့ အပြစ်ဒဏ်ကျရောက်လာတော့သည်။ သားနှစ်ယောက်စလုံးသည် ဖခင်နှင့်အတူ တစ်နေ့ချင်းတွင် သေဆုံးပြီး နောက်ဆုံးတွင် သူတို့၏ယဇ်ပုရောဟိတ်မျိုးရိုးသည် လုံးဝအဖြတ်ခံခဲ့ရသည်။ သို့နှင့် စာရင်းရှင်းသွားသည်။—၁ ဓမ္မရာဇဝင် ၃:၁၃၊ ၁၄; ၄:၁၁၊ ၁၇၊ ၁၈။

၁၅။ ဘုရင်ရှောလု၏သားတော် ယောနသန်သည် အဘယ်ကြောင့် ဆုကျေးဇူးခံစားခဲ့ရသနည်း။

၁၅ ယင်းနှင့်လုံးဝကွာခြားသည့် နမူနာကို ဘုရင်ရှောလု၏သားတော် ယောနသန်ပြသခဲ့သည်။ ဂေါလျတ်ကို ဒါဝိဒ်သတ်ပြီး များမကြာမီတွင် “ယောနသန်၏ စိတ်နှလုံးသည် ဒါဝိဒ်၏စိတ်နှလုံးနှင့် စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏၊” သူတို့ မိတ်သဟာယဖွဲ့လိုက်ကြသည်။ (၁ ဓမ္မရာဇဝင် ၁၈:၁၊ ၃) ယောနသန်သည် ရှောလုထံမှ ဘုရားသခင်၏ဝိညာဉ်တော် ထွက်ခွာသွားပြီဖြစ်ကြောင်း သိသော်လည်း စစ်မှန်သောဝတ်ပြုရေးအတွက် သူ၏ဇွဲက လျော့သွားခဲ့ဟန်မရှိပါ။ (၁ ဓမ္မရာဇဝင် ၁၆:၁၄) ဒါဝိဒ်၏ ဘုရားပေးအခွင့်အာဏာအပေါ် ယောနသန်၏တန်ဖိုးထားလေးမြတ်မှုသည် တစ်ခါမျှယိမ်းယိုင်သွားခြင်းမရှိခဲ့ပါ။ ဘုရားသခင်ထံ မိမိစာရင်းရှင်းရမည့်တာဝန်ကို ယောနသန် သိရှိခဲ့ပြီး သူ၏မျိုးရိုးစဉ်ဆက် ဆက်တည်အောင် အသေအချာလုပ်ပေးတော်မူခြင်းအားဖြင့် သူ၏ဂုဏ်ယူဖွယ်လမ်းစဉ်အတွက် ယေဟောဝါဆုချပေးတော်မူခဲ့သည်။—၁ ရာဇဝင်ချုပ် ၈:၃၃-၄၀။

ခရစ်ယာန်အသင်းတော်အတွင်း စာရင်းရှင်းရမည့်တာဝန်

၁၆။ တိတုကား မည်သူနည်း၊ သူသည် ဘုရားသခင်ထံ မိမိကိုယ်တိုင်နှင့်ပတ်သက်၍ စာရင်းရှင်းချက်ကောင်း တင်သွင်းခဲ့သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်။

၁၆ ခရစ်ယာန်ဂရိကျမ်းစောင်များတွင် မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ စာရင်းရှင်းချက်ကောင်း တင်သွင်းခဲ့ကြသည့် အမျိုးသမီး အမျိုးသားများစွာတို့၏အကြောင်းကို ချီးကျူးပြောဆိုထားသည်။ ဥပမာ၊ တိတုအမည်ရှိ ဂရိလူမျိုး ခရစ်ယာန်တစ်ဦးရှိခဲ့သည်။ သူသည် ကုပရုကျွန်းသို့ ပေါလု၏ ပထမသာသနာပြုခရီးစဉ်အတွင်း ခရစ်ယာန်ဖြစ်လာခြင်းဖြစ်နိုင်သည်။ ကုပရုကျွန်းမှ ဂျူးများနှင့် ဂျူးဘာသာသို့ပြောင်းဝင်လာသူများသည် စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲတော်ရက်အတွင်း ယေရုရှလင်မြို့တွင် ရောက်နေကြဖွယ်ရှိသောကြောင့် ယင်းနောက်မကြာမီတွင် ထိုကျွန်းသို့ ခရစ်ယာန်ဘာသာ ရောက်ရှိခဲ့ဖွယ်ရှိသည်။ (တမန်တော် ၁၁:၁၉) မည်သို့ပင်ဖြစ်ပါစေ တိတုသည် ပေါလု၏ သစ္စာရှိလုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်ကြောင်း ပြသခဲ့သည်။ အရေးကြီးသည့် အရေဖျားလှီးခြင်းပြဿနာကို ဖြေရှင်းခဲ့သည့် စီ.အီး. ၄၉ ခန့်အချိန်တွင် ယေရုရှလင်မြို့သို့သွားသော ခရီးစဉ်၌ ပေါလု၊ ဗာနဗတို့နှင့်အတူ သူပါဝင်ခဲ့သည်။ ခရစ်ယာန်ဘာသာသို့ပြောင်းဝင်လာသူများသည် မောရှေပညတ်အောက်တွင် မရှိသင့်တော့ကြောင်း ပေါလု၏အချေအတင်ပြောဆိုမှုကို အရေဖျားလှီးခြင်းမခံခဲ့သော တိတု၏အဖြစ်မှန်က ပို၍အလေးစီးစေခဲ့သည်။ (ဂလာတိ ၂:၁-၃) တိတု၏ ကောင်းမွန်သောဓမ္မအမှုဆောင်ခြင်းကို ကျမ်းစာတွင် အထင်အရှားဖော်ပြထားကာ ပေါလုသည် ဘုရားသခင့်မှုတ်သွင်းခံ စာတစ်စောင်ကိုပင် သူ့ထံသို့ရေးခဲ့သည်။ (၂ ကောရိန္သု ၇:၆; တိတု ၁:၁-၄) တိတုသည် သူ၏မြေကြီးအသက်တာ ကုန်ဆုံးခါနီးအထိ ဘုရားသခင်ရှေ့တွင် စာရင်းရှင်းချက်ကောင်းကို ဆက်၍တင်သွင်းခဲ့ကြောင်း ထင်ရှားသည်။

၁၇။ တိမောသေသည် မည်သည့်စာရင်းရှင်းချက်ကို တင်သွင်းခဲ့သနည်း၊ သူ၏နမူနာသည် ကျွန်ုပ်တို့ကို မည်သို့ အကျိုးသက်ရောက်နိုင်သနည်း။

၁၇ တိမောသေသည် မိမိကိုယ်တိုင်နှင့်ပတ်သက်၍ ယေဟောဝါဘုရားသခင်ထံ လက်ခံနိုင်တော်မူဖွယ်စာရင်းရှင်းချက် တင်သွင်းခဲ့သည့် ဇွဲရှိသော နောက်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ တိမောသေတွင် ကျန်းမာရေးပြဿနာ အတော်အတန်ရှိသော်လည်း သူသည် ‘အယောင်မဆောင် ယုံကြည်ခြင်း’ ကိုတင်ပြကာ ‘ပေါလုနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်’ ခဲ့သည်။ ထို့ကြောင့်ပင် တမန်တော်က ဖိလိပ္ပိမြို့တွင်ရှိသော ခရစ်ယာန်ချင်းတို့ကို “ထိုသူ [တိမောသေ] သည် သင်တို့အကျိုးကိုကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူသောသူ တစ်ယောက်မျှ ငါတို့၌မရှိ” ဟု ပြောနိုင်ခဲ့ခြင်းဖြစ်သည်။ (၂ တိမောသေ ၁:၅၊ သမ; ဖိလိပ္ပိ ၂:၂၀၊ ၂၂; ၁ တိမောသေ ၅:၂၃) လူ့အားနည်းမှုများနှင့် အခြားအခြားသော စုံစမ်းမှုများကို ရင်ဆိုင်ရာတွင် ကျွန်ုပ်တို့လည်း အယောင်မဆောင်သော ယုံကြည်ခြင်းရှိနိုင်ပြီး မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ ဘုရားသခင်ထံ လက်ခံနိုင်တော်မူဖွယ်စာရင်းရှင်းချက်ကို တင်သွင်းနိုင်ကြသည်။

၁၈။ လုဒိကား မည်သူနည်း၊ မည်သည့်စိတ်ထားကို သူမ တင်ပြခဲ့သနည်း။

၁၈ လုဒိသည် မိမိကိုယ်တိုင်နှင့်ပတ်သက်၍ ဘုရားသခင်ထံ စာရင်းရှင်းချက်ကောင်း တင်သွင်းခဲ့ကြောင်း ထင်ရှားသည့် ဘုရားတရားကိုင်းရှိုင်းသော အမျိုးသမီးဖြစ်သည်။ သူမနှင့် သူမ၏မိသားစုသည် စီ.အီး. ၅၀ ခုနှစ်ခန့်၌ ဖိလိပ္ပိမြို့တွင် ပေါလု၏လုပ်ဆောင်ချက်ကြောင့် ဥရောပတွင် ခရစ်ယာန်ဘာသာတရားကို ဦးဆုံးလက်ခံခဲ့သူများတွင် ပါဝင်သည်။ သွာတိရဲဇာတိဖြစ်သော လုဒိသည် ဂျူးဘာသာသို့ ပြောင်းဝင်လာသူတစ်ဦးဖြစ်ဖွယ်ရှိသော်လည်း ဖိလိပ္ပိမြို့တွင် ဂျူးအနည်းငယ်သာရှိခဲ့နိုင်ပြီး တရားဇရပ်ရှိပုံ မရပါ။ သူမနှင့် ဘုရားတရားကြည်ညိုသော အခြားအမျိုးသမီးတို့ကို ပေါလုတွေ့ဆုံ ပြောဆိုသောအခါ သူတို့သည် မြစ်ကမ်းဘေးတစ်ခုတွင် စုဝေးနေကြသည်။ ရလဒ်အနေနှင့် လုဒိသည် ခရစ်ယာန်တစ်ဦးဖြစ်လာပြီး ပေါလုနှင့် အပေါင်းအပါတို့ကို သူမထံတွင် တည်းခိုဖို့ တိုက်တွန်းသွေးဆောင်နိုင်ခဲ့သည်။ (တမန်တော် ၁၆:၁၂-၁၅) လုဒိပြသခဲ့သည့် ဧည့်ဝတ်ကျေပွန်မှုသည် ခရစ်ယာန်စစ်များ၏ ထင်ရှားသောအမှတ်အသားအဖြစ် ကျန်ရစ်ခဲ့သည်။

၁၉။ ဒေါ်ကာသည် မည်သည့်အကျင့်ကောင်းများဖြင့် သူမကိုယ်တိုင်နှင့်ပတ်သက်၍ ဘုရားသခင်ထံ စာရင်းရှင်းချက်ကောင်း တင်သွင်းခဲ့သနည်း။

၁၉ ဒေါ်ကာသည် မိမိကိုယ်တိုင်နှင့်ပတ်သက်၍ ဘုရားသခင်ထံ စာရင်းရှင်းချက်ကောင်း တင်သွင်းခဲ့သည့် အမျိုးသမီးနောက်တစ်ဦးဖြစ်သည်။ သူမကွယ်လွန်သောအခါတွင် ယုပ္ပေမြို့တွင်နေထိုင်ကြသော တပည့်တော်များ၏တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန် ပေတရုသည် ထိုမြို့သို့ သွားခဲ့သည်။ ပေတရုကို လာကြိုသူနှစ်ဦးက “ခေါ်ပင့်၍ မုဆိုးမများတို့သည် ငိုကြွေးလျက် သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်အခါ လုပ်ခဲ့သော အင်္ကျီနှင့်အဝတ်များကို ပြလျက်ရှိကြ၏။” ဒေါ်ကာ အသက်ပြန်ရှင်ရန် ပြုလုပ်ပေးခြင်းခံခဲ့ရသည်။ သူမ၏ မေတ္တာဖြင့်ပေးကမ်းစွန့်ကြဲသည့် စိတ်ထားကြောင့်သာ သူမကို သတိရကြခြင်းလော။ မဟုတ်ပါလေ။ သူမသည် “တပည့်” တော်မတစ်ဦးဖြစ်ပြီး သူမကိုယ်တိုင် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကျိန်းသေပါဝင်ခဲ့သည်။ ယနေ့ခရစ်ယာန်အမျိုးသမီးများလည်း အလားတူပင် “ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့် ပြည့်စုံ” ကြသည်။ သူတို့သည်လည်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာရာတွင်နှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတို့တွင် တက်တက်ကြွကြွပါဝင်ရခြင်းကို နှစ်ခြိုက်ပျော်ရွှင်ကြသည်။—တမန်တော် ၉:၃၆-၄၂; မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။

၂၀။ ကျွန်ုပ်တို့ကိုယ်ကို မည်သည့်မေးခွန်းများ မေးနိုင်သနည်း။

၂၀ တိုင်းနိုင်ငံများနှင့် လူယောက်စီယောက်တိုင်းတို့သည် အကြွင်းမဲ့ပိုင်သအုပ်စိုးရှင် ယေဟောဝါထံ စာရင်းရှင်းကြရမည်ဖြစ်ကြောင်း ကျမ်းစာကရှင်းလင်းစွာဖော်ပြသည်။ (ဇေဖနိ ၁:၇) ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံထားပါက ‘မိမိသည် မိမိ၏ဘုရားပေး အခွင့်အရေးများနှင့် တာဝန်များကို မည်သို့သဘောထားပါသနည်း၊ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ရှေ့တွင် မိမိကိုယ်တိုင်နှင့်ပတ်သက်၍ မည်သို့သောစာရင်းရှင်းချက်မျိုးကို တင်သွင်းနေပါသနည်း’ ဟု ကိုယ့်ကိုယ်ကို မေးမြန်းနိုင်သည်။

သင့်အဖြေများကား အဘယ်နည်း

◻ ကောင်းကင်တမန်များနှင့် ဘုရားသခင့်သားတော်သည် ယေဟောဝါထံ စာရင်းရှင်းရန် တာဝန်ရှိကြောင်း သင်မည်သို့သက်သေပြမည်နည်း။

◻ ဘုရားသခင်သည် တိုင်းနိုင်ငံများကို စာရင်းရှင်းရန်တာဝန်ဆက်ရှိသည်ဟု ယူမှတ်တော်မူကြောင်း မည်သည့်နမူနာများ ပြစရာရှိသနည်း။

◻ ဘုရားသခင်ထံ တစ်ဦးချင်း စာရင်းရှင်းရမည့်တာဝန်နှင့်ပတ်သက်၍ ကျမ်းစာက ဘာပြောသနည်း။

◻ ယေဟောဝါဘုရားသခင်ထံ စာရင်းရှင်းချက်ကောင်း တင်သွင်းခဲ့ကြသည့် ကျမ်းစာမှတ်တမ်းပါအချို့သူများကား မည်သူများနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှုခရစ်သည် ကိုယ်တော်တိုင်နှင့်ပတ်သက်၍ မိမိ၏ကောင်းကင် ခမည်းတော်ထံ စာရင်းရှင်းချက်ကောင်း တင်သွင်းခဲ့သည်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဒေါ်ကာကဲ့သို့သော ယနေ့ခရစ်ယာန်အမျိုးသမီးများသည် မိမိတို့ကိုယ်တိုင်နှင့်ပတ်သက်၍ ယေဟောဝါဘုရားသခင်ထံ စာရင်းရှင်းချက်ကောင်း တင်သွင်းခဲ့ကြသည်

[Picture Credit Line on page 13]

The Death of Abel/The Doré Bible Illustrations/Dover Publications, Inc.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ