တမလွန်ဘဝ—မည်သို့မည်ပုံ၊ မည်သည့်နေရာ၊ မည်သည့်အခါတွင်နည်း
လူ့ဖန်ဆင်းရှင်လည်းဖြစ် အသက်ပေးရှင်လည်းဖြစ်သူ ကိုယ်တော်တိုင်က လူ့သေခြင်းသည် ဘဝကို ထာဝစဉ်အဆုံးသတ်စေသည့်အရာမဟုတ်ကြောင်း အာမခံထားတော်မူသည်။ ထို့အပြင် အကန့်အသတ်နှင့် ထပ်ပေးထားသော သက်တမ်းတစ်ခုဖြင့် တစ်ဖန်အသက်ရှင်ရန်သာမကဘဲ သေခြင်းကို ဘယ်တော့မျှထပ်၍ရင်ဆိုင်စရာမလိုတော့ဘဲ အသက်ရှင်ရန်အတွက်ပါ ဖြစ်နိုင်ကြောင်း ဘုရားသခင်က ကျွန်ုပ်တို့ကို အာမခံထားတော်မူသည်! တမန်တော်ပေါလုက “ထိုသူ [ခရစ်တော်ယေရှု] ကို သေခြင်းမှထမြောက်စေတော်မူသောအားဖြင့် [ဘုရားသခင်သည်] ခပ်သိမ်းသောလူတို့အား ယုံလောက်သောသက်သေကိုပြ [“အာမခံချက်ကိုပေး၊” ကဘ] တော်မူပြီ” ဟု ပေါလုသည် ရိုးရိုးလေးဖြစ်သော်သည်း ယုံကြည်စိတ်ချစွာ မြွက်ဆိုခဲ့သည်။—တမန်တော် ၁၇:၃၁။
ယင်းက အဖြေမပေးထားသော ဤအခြေခံကျသည့်မေးခွန်းသုံးခု ကျန်နေဆဲဖြစ်သည်မှာ အမှန်။ လူသေတစ်ဦးသည် မည်သို့မည်ပုံ အသက်ပြန်ရှင်လာနိုင်သနည်း။ မည်သည့်အခါတွင် ဤသို့ဖြစ်ပျက်မည်နည်း။ အဆိုပါဘဝသစ်သည် မည်သည့်နေရာတွင် ဖြစ်တည်လာမည်နည်း။ ကမ္ဘာတစ်ဝန်းတွင် ဤမေးခွန်းများအတွက် အဖြေအမျိုးမျိုးပေးကြသော်လည်း အဆိုပါအရေးနှင့်ပတ်သက်သည့် အဖြစ်မှန်ကို ဆုံးဖြတ်သတ်မှတ်နိုင်ရန် အရေးကြီးသောသော့ချက်တစ်ခုမှာ လူသားများသေသောအချိန်တွင် ဖြစ်ပျက်သည့်အရာကို အတိအကျနားလည်ခြင်းဖြစ်သည်။
မသေနိုင်ခြင်းသည် အဖြေလော
လူသားအားလုံး၏အစိတ်အပိုင်းတစ်ခုသည်မသေဘဲ သူတို့၏ကိုယ်ခန္ဓာသာ သေသွားသည်ဟူသော အယူကို အနှံ့အပြား စွဲကိုင်ထားကြသည်။ ဤကဲ့သို့သော အဆိုမျိုးကို သင်ကျိန်းသေကြားဖူးသည်။ မသေနိုင်ဟုအဆိုရှိသော ဤအစိတ်အပိုင်းကို “စိုးလ်” သို့မဟုတ် “စပစ်ရစ်” ဟူ၍ အမျိုးမျိုးအဖုံဖုံရည်ညွှန်းကြသည်။ ယင်းသည် ခန္ဓာသေခြင်းမှ လွတ်မြောက်ကာ အခြားတစ်နေရာရာတွင် ဆက်၍အသက်ရှင်သည်ဟု အဆိုရှိသည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် အဆိုပါအယူသည် ကျမ်းစာတွင် မြစ်ဖျားမခံပါ။ ရှေးဟေဗြဲကျမ်းစာတွင် ဖော်ပြထားသူများသည် တမလွန်ဘဝကို မျှော်လင့်စောင့်စားခဲ့ကြသည်မှန်သော်သည်း သူတို့၏ မသေနိုင်သော အစိတ်အပိုင်းတစ်ခုခု အသက်ရှင်ကျန်ခြင်းအားဖြင့်ဖြစ်မည်ဟု မျှော်လင့်စောင့်စားခြင်းမဟုတ်ပါ။ ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အံ့ဖွယ်အမှုအားဖြင့် ကမ္ဘာပေါ်တွင် အနာဂတ် အသက်ပြန်ရှင်လာခြင်းကို စိတ်ချလက်ချမျှော်လင့်စောင့်စားခဲ့ကြခြင်းဖြစ်သည်။
ဘိုးဘေးအာဗြဟံသည် သေသူများ၏ အနာဂတ်ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခဲ့သော ထင်ရှားသည့်စံနမူနာရှင်တစ်ဦးဖြစ်သည်။ သားဖြစ်သူဣဇာက်အား ယဇ်ပူဇော်ဖို့ တလိုတလားရှိသော အာဗြဟံ၏ဆန္ဒကို ဖော်ပြရင်း ဟေဗြဲ ၁၁:၁၇-၁၉ က ကျွန်ုပ်တို့အား ဤသို့ပြောပြသည်– “အာဗြဟံသည် စုံစမ်းတော်မူခြင်းကိုခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကို ပူဇော်၏။ . . . သေခြင်းမှ ထမြောက်စေခြင်းငှာ၊ ဘုရားသခင်တတ်နိုင်တော်မူသည်ကို သူသည်အောက်မေ့၏။” ဘုရားသခင်သည် ဣဇာက်အား ပူဇော်ခြင်းကို မလိုအပ်ရကား “ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။” (ချက်ချင်းပင် နာမ်ဝိညာဉ်ဘောင်တွင် ဆက်၍အသက်ရှင်ခြင်းမဟုတ်ဘဲ) နောက်ပိုင်းတစ်ချိန်ချိန်တွင် အသက်ပြန်ရှင်လာမည်ဟု ဣသရေလလူမျိုးအလယ်ရှိ အစောပိုင်းယုံကြည်ချက်ကို ထပ်ဆင့်ထောက်ခံကာ ပရောဖက်ဟောရှေက “သူတို့ကို မရဏာနိုင်ငံ [သာမန်လူ့သင်္ချိုင်း] တန်ခိုးမှ ငါကယ်လွှတ်မည်။ သေမင်းလက်မှလည်း ရွေးမည်” ဟု ရေးသားခဲ့သည်။—ဟောရှေ ၁၃:၁၄။
သို့ဆိုလျှင် လူသားများ၏ မွေးရာပါ မသေနိုင်သည့်အဖြစ်ဟူသည့် အယူအဆသည် မည်သည့်အချိန်တွင် ဂျူးအတွေးအခေါ်နှင့် ယုံကြည်ချက် ဖြစ်သွားသနည်း။ “စိုးလ်မသေနိုင်အယူဝါဒသည် ယုဒဘာသာရေးအယူဝါဒဖြစ်လာခြင်းမှာ ဂရိသြဇာလွှမ်းမှုအောက်တွင်ဖြစ်ဖွယ်ရှိ” ကြောင်း Encyclopaedia Judaica ကဝန်ခံသည်။ မည်သို့ပင်ဖြစ်ပါစေ ဘုရားတရားကြည်ညိုသော ဂျူးများသည် ခရစ်တော်လက်ထက်အထိ အနာဂတ် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခဲ့ကြဆဲ၊ မျှော်လင့်စောင့်စားခဲ့ကြဆဲဖြစ်သည်။ မောင်ဖြစ်သူ လာဇရုသေဆုံးချိန်တွင် မာသနှင့်အပြန်အလှန်ပြောသည့် ယေရှု၏စကားမှ ဤအချက်ကို ကျွန်ုပ်တို့ သဲသဲကွဲကွဲသိနိုင်သည်– “မာသက ‘သခင် ကိုယ်တော်ရှိတော်မူလျှင် ကျွန်မမောင်မသေပါ။’ . . . ယေရှုကလည်း ‘သင်၏မောင်သည် ထမြောက်လိမ့်မည်’ ဟု မိန့်တော်မူသည်။ မာသကလည်း ‘နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက်လိမ့်မည်ကို ကျွန်မသိပါသည်’ ဟု လျှောက်၏။”—ယောဟန် ၁၁:၂၁-၂၄။
လူသေများအခြေအနေ
ဤတွင်လည်း မှန်းဆဖို့လိုသည့် ကိစ္စမဟုတ်ပါ။ ရိုးရှင်းသော ကျမ်းစာအမှန်တရားမှာ လူသေများသည် ခံစားမှု သို့မဟုတ် သတိလုံးဝမရှိဘဲ “အိပ်ပျော်” ပြီး သတိမဲ့နေသည်ဟူ၍ဖြစ်သည်။ အဆိုပါအမှန်တရားကို ကျမ်းစာထဲတွင် ရှုပ်ထွေးပြီး နားလည်ဖို့ခက်သည့်နည်းဖြင့် ဖော်ပြမထားပါ။ ဤနားလည်လွယ်သော ကျမ်းချက်များကို သုံးသပ်ကြည့်ပါလေ– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” (ဒေသနာ ၉:၅၊ ၁၀) “မင်းများမှစ၍ မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။ သူသည် အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။”—ဆာလံ ၁၄၆:၃၊ ၄။
ထို့ကြောင့် ယေရှုခရစ်က သေခြင်းကို အိပ်ပျော်ခြင်းအဖြစ် အဘယ်ကြောင့်ညွှန်းဆိုသည်ကို နားလည်နိုင်ပါသည်။ တမန်တော်ယောဟန်က ယေရှုနှင့် ကိုယ်တော့်တပည့်တော်များ အပြန်အလှန်ပြောဆိုချက်တစ်ခုကို ဤသို့မှတ်တမ်းတင်ထားသည်– “‘ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလို့ငှာ ငါသွားမည်’ ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ ‘သခင် သူသည် အိပ်ပျော်လျှင် သက်သာရာရလိမ့်မည်’ ဟု လျှောက်ကြ၏။ ယေရှုသည် လာဇရုသေကြောင်းကို ရည်မှတ်၍မိန့်တော်မူသော်လည်း ပကတိအိပ်ပျော်ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။ ထို့ကြောင့် ယေရှုက ‘လာဇရုသေပြီ’ ဟု . . . အတည့်အလင်း မိန့်တော်မူ၏။”—ယောဟန် ၁၁:၁၁-၁၅။
ပုဂ္ဂိုလ်တစ်ခုလုံးသေသည်
လူ့သေခြင်းဖြစ်စဉ်သည် ခန္ဓာသေခြင်းမျှသာမဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ခုလုံးနှင့်ပတ်သက်သည်။ ရှင်းလင်းသော ကျမ်းစာဖော်ပြချက်များအရ လူသည် မိမိခန္ဓာသေခြင်းမှ အသက်ရှင်ကျန်လွတ်မြောက်နိုင်သည့် မသေနိုင်သောစိုးလ်ကို ပိုင်ဆိုင်မထားကြောင်း ကျွန်ုပ်တို့ ကောက်ချက်ချရမည်။ စိုးလ်သည် သေနိုင်ကြောင်း ကျမ်းစာက ရှင်းလင်းစွာ ဖော်ပြသည်။ “ကြည့်ရှုလော့! စိုးလ်အပေါင်းကို ငါပိုင်၏။ အဘ၏စိုးလ်ကို ငါပိုင်သကဲ့သို့ သား၏စိုးလ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသောစိုးလ်သည် သူကိုယ်တိုင်အသက်သေရမည်။” (ယေဇကျေလ ၁၈:၄၊ ကဘ) “မသေနိုင်သော” သို့မဟုတ် “မသေနိုင်ခြင်း” ဟူသည့်စကားလုံးများကို လူသားတို့၏ မွေးရာပါအဖြစ်အနေနှင့် မည်သည့်နေရာတွင်မျှ ဖော်ပြထားခြင်းမရှိပါ။
ကက်သလစ်စွယ်စုံကျမ်းသစ်က ကျမ်းစာတွင် “စိုးလ်” ဟူ၍ပြန်ဆိုထားသော ဟေဗြဲနှင့် ဂရိစကားလုံးတို့၏ ဤစိတ်ဝင်စားဖွယ်နောက်ခံကို ဖော်ပြသည်– “စိုးလ်သည် ဓဟ [ဓမ္မဟောင်းကျမ်း] တွင် နီးဖက်ရှ်ဖြစ်ပြီး ဓသ [ဓမ္မသစ်ကျမ်း] တွင် [ဆိုက်.ခီး] ဖြစ်သည်။ . . . နီးဖက်ရှ် သည် အသက်ရှူရှိုက်ခြင်းဟုအဓိပ္ပာယ်ထွက်နိုင်သည့် မူလရင်းမြစ်မှဆင်းသက်လာခြင်းဖြစ်ရာ . . . ထွက်သက်ဝင်သက်သည် အသက်ရှင်နေသူများနှင့် လူသေများကို ခွဲခြားသတ်မှတ်ပြသောကြောင့် နီးဖက်ရှ်သည် အသက် သို့မဟုတ် ကိုယ်ကိုယ်တိုင် သို့မဟုတ် တစ်ဦးတစ်ယောက်၏ ရိုးရိုးအသက်ဟူသည့် အဓိပ္ပာယ်ရှိလာသည်။ . . . ဓဟ၌ ကိုယ်ခန္ဓာနှင့် စိုးလ်ကို မခွဲခြားပါ။ ဣသရေလလူသည် အရာဝတ္ထုများကို အမှန်တည်ရှိသောအရာ၊ တစ်လုံးတစ်ခဲတည်းတည်ရှိသောအရာအဖြစ် ရှုမြင်သဖြင့် လူကိုပုဂ္ဂိုလ်အဖြစ် သဘောထားပါသည်။ ပေါင်းစပ်ထားသောအရာများအဖြစ်မယူမှတ်ပါ။ နီးဖက်ရှ် ဟူသည့် ဝေါဟာရကို ကျွန်ုပ်တို့၏စကားလုံး စိုးလ်ဖြင့်ပြန်ဆိုသော်လည်း ၎င်းသည် ခန္ဓာ သို့မဟုတ် တစ်ဦးချင်းဖြစ်သောလူနှင့် ခွဲခြားသောစိုးလ်ကို ဘယ်တော့မျှ မဆိုလိုပါ။ . . . [ဆိုက်.ခီး] ဝေါဟာရသည် နီးဖက်ရှ် နှင့် ထပ်တူဖြစ်သော ဓသ စကားဖြစ်သည်။ အသက်၏ပင်ရင်း၊ အသက်ကိုယ်နှိုက်၊ သက်ရှိအရာများကို ဆိုလိုနိုင်သည်။”
ထို့ကြောင့် သည့်မတိုင်မီက အသက်ရှင်နေသောသူ သို့မဟုတ် သက်ရှိစိုးလ်သည် သေသောအချိန်တွင် တည်ရှိမှု အဆုံးတိုင်သွားသည်ကို သင်တွေ့မြင်နိုင်သည်။ သင်္ဂြိုဟ်ပြီးနောက် ဆွေးမြေ့ကာ တဖြည်းဖြည်းချင်းဖြစ်စေ သို့တည်းမဟုတ် မီးသင်္ဂြိုဟ်ခြင်းကြောင့် အလျင်အမြန်ဖြစ်စေ ခန္ဓာသည် “မြေမှုန့်” သို့မဟုတ် မြေပထဝီ၏ ဒြပ်စင်များ ပြန်ဖြစ်သွားလေသည်။ ယေဟောဝါရှင်က အာဒံကို “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” ဟု မိန့်တော်မူခဲ့သည်။ (ကမ္ဘာဦး ၃:၁၉) သို့ဆိုလျှင် တမလွန်ဘဝသည် မည်သို့ရှိနိုင်မည်နည်း။ ဘုရားသခင်သည် မိမိ၏မှတ်ဉာဏ်တော်တွင် သေဆုံးသွားသူများကို မှတ်သားထားသောကြောင့်ဖြစ်သည်။ ယေဟောဝါရှင်သည် လူကိုဖန်ဆင်းနိုင်သည့် အံ့ဖွယ်တန်ခိုးတော်နှင့် စွမ်းရည်တော်တို့ကို ပိုင်ဆိုင်ထားရကား မိမိ၏မှတ်ဉာဏ်တော်တွင် တစ်ဦးချင်း၏ ဘဝပုံစံမှတ်တမ်းကို မပျောက်မပျက်မှတ်သားထားနိုင်တော်မူခြင်းကို မအံ့သြသင့်ပါ။ မှန်ပါသည်၊ အဆိုပါပုဂ္ဂိုလ်အတွက် အသက်ပြန်ရှင်ဖို့အလားအလာမှန်သမျှသည် ဘုရားသခင့် လက်ထဲတွင်ရှိသည်။
ယင်းသည်ကား အရင်ပေးတော်မူသော စစ်မှန်သည့်ဘုရားသခင်ထံသို့ပြန်သွားသောအရာအဖြစ် ပြောထားသော “စပစ်ရစ်” ဟူသည့်စကားလုံး၏အဓိပ္ပာယ်ပင်ဖြစ်သည်။ အကျိုးဆက်ကိုဖော်ပြကာ ဒေသနာကျမ်း၏ မှုတ်သွင်းခံကျမ်းရေးသူက “ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ် [“စပစ်ရစ်၊” ကဘ] သည် အရင်ပေးတော်မူသော ဘုရားသခင်ထံသို့လည်းကောင်း ပြန်သွားရလိမ့်မည်” ဟု ရှင်းပြသည်။—ဒေသနာ ၁၂:၇။
ဘုရားသခင်သာလျှင် လူတစ်ဦးကို အသက်ရှင်ရန် လုပ်ပေးနိုင်တော်မူသည်။ ဘုရားသခင်သည် လူကို ဖန်ဆင်းပြီး အာဒံ၏အဆုတ်များကို လေနှင့်ပြည့်စေတော်မူခြင်းအပြင် သူ၏နှာခေါင်းထဲသို့ “ဇီဝအသက်” ကိုမှုတ်တော်မူသောအခါ သူ့ခန္ဓာတွင်ရှိသော ဆဲလ်အားလုံးကို အသက်ရှင်လာစေရန် အသက်စွမ်းအားကို ဖြစ်ပေါ်စေတော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၇) ဤအသက်စွမ်းအားကို သန္ဓေတည်မှုနှင့် မွေးဖွားမှုဖြစ်စဉ်တစ်လျှောက် မိဘများထံမှ ကလေးများဆီသို့ လက်ဆင့်ကမ်းနိုင်သောကြောင့် လူ့အသက်တစ်ချောင်းကို မိဘများထံမှ ရရှိသည်မှန်သော်လည်း ဘုရားသခင်ထံမှရသည်ဟု လျော်ကန်စွာ ယူမှတ်နိုင်သည်။
ရှင်ပြန်ထမြောက်ခြင်း—ပျော်မြူးဖွယ်အခါသမယ
ရှင်ပြန်ထမြောက်ခြင်းကို သမ္မာကျမ်းစာထဲ၌ အထောက်အထားမတွေ့ရသည့် ဝင်စားခြင်းနှင့် ရောထွေးမသွားသင့်ပါ။ ဝင်စားခြင်းဟူသည် လူတစ်ဦးသေဆုံးပြီးနောက်ပိုင်း ထိုသူသည် နောက်တစ်ဘဝ သို့မဟုတ် တစ်ဘဝထက်မက ဆက်ခါဆက်ခါပြန်၍မွေးဖွားခံရခြင်းဖြစ်သည်။ လူတစ်ဦး၏လက်ရှိဘဝသည် ယခင်ဘဝဟောင်းနှင့် ယှဉ်လျှင် မြင့်မားသည်ဖြစ်စေ နိမ့်ကျသည်ဖြစ်စေ ယင်းသည် ထိုယခင်ဘဝတစ်သက်တာအတွင်း တည်ဆောက်ပြုစုခဲ့သည်ဟုအဆိုရှိသည့် မှတ်တမ်းပေါ်တွင် မူတည်သည်ဟု ဆိုသည်။ ဤယုံကြည်ချက်အရဆိုလျှင် လူတစ်ဦးသည် မနုဿလူသားအဖြစ်နှင့်ဖြစ်စေ၊ အဟိတ်တိရစ္ဆာန်တစ်ကောင်အဖြစ်နှင့်ဖြစ်စေ “ပြန်၍မွေးဖွား” ခံရနိုင်သည်။ ယင်းသည် ကျမ်းစာသွန်သင်ချက်နှင့် လုံးဝဆန့်ကျင်သည်။
“ရှင်ပြန်ထမြောက်ခြင်း” ဟူသည့် စကားလုံးကို “ပြန်၍မတ်တတ်ရပ်သည်” ဟူ၍ လုံးကောက်အဓိပ္ပာယ်ထွက်သည့် ဂရိစကားလုံး အနားစတေးစစ်စ် မှ ပြန်ဆိုထားသည်။ (ဟေဗြဲစကားလုံး တက်ချီရပ်သ် ဟမ်မယ်သင်းမ် သည် “လူသေများ အသက်ပြန်ဝင်လာခြင်း” ဟူသည့် အဓိပ္ပာယ်ထွက်သည်။) ရှင်ပြန်ထမြောက်ခြင်းတွင် ဘုရားသခင့်မှတ်ဉာဏ်တော်၌ စွဲထင်နေသည့် တစ်ဦးချင်း၏ဘဝပုံစံ ပြန်၍အသက်ဝင်လာခြင်းပါဝင်သည်။ လူတစ်ဦးချင်းနှင့်ပတ်သက်၍ ဘုရားသခင့်အလိုတော်အရ ထိုသူကို လူ့ခန္ဓာဖြစ်စေ နာမ်ခန္ဓာဖြစ်စေ ပြန်ပေးသည်; သို့တိုင် သူသည် မည်သူမည်ဝါဖြစ်ကြောင်းမှတ်မိပြီး သေသွားစဉ်ကအတိုင်း ထပ်တူဥပဓိရုပ်၊ ထပ်တူ မှတ်ဉာဏ်များရှိနေမည်။
မှန်ပါသည်၊ ကျမ်းစာတွင် ရှင်ပြန်ထမြောက်ခြင်း နှစ်မျိုးအကြောင်းပြောထားသည်။ တစ်မျိုးမှာ နာမ်ခန္ဓာဖြင့် ကောင်းကင်သို့ ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်; ယင်းသည် အတော်အတန်နည်းသောအရေအတွက်ရှိသူများအတွက်ဖြစ်သည်။ ယေရှုခရစ်သည် ဤရှင်ပြန်ထမြောက်ခြင်းမျိုးကို ရရှိခဲ့သည်။ (၁ ပေတရု ၃:၁၈) ဤထမြောက်ခြင်းမျိုးကို သစ္စာရှိတမန်တော်များနှင့်အစပြုကာ ကိုယ်တော်၏ ခြေရာတော်အတိုင်းလိုက်လျှောက်သော နောက်တော်လိုက်များထဲမှ ရွေးချယ်ထားသူများ ရရှိခံစားကြရမည်ဖြစ်ကြောင်း ညွှန်ပြကာ သူတို့အား ကိုယ်တော်က “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ . . . တစ်ဖန်လာပြန်၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါထံသို့သိမ်းဆည်းမည်” ဟုကတိပြုတော်မူခဲ့သည်။ (ယောဟန် ၁၄:၂၊ ၃) ကျမ်းစာက ယင်းကို အချိန်ကာလအရလည်းကောင်း၊ အတန်းအစားအရလည်းကောင်း ပထမဖြစ်သည့် “ပထမထမြောက်ခြင်း” ဟု ဖော်ပြသည်။ ကျမ်းစာက ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ကြမည့် အဆိုပါပုဂ္ဂိုလ်များကို ဘုရားသခင်၏ ယဇ်ပုရောဟိတ်အနေဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုနှင့်အတူ ဘုရင်များအနေနှင့်လည်းကောင်း ဖော်ပြထားသည်။ (ဗျာဒိတ် ၂၀:၆) ဤ “ပထမထမြောက်ခြင်း” သည် အရေအတွက် အကန့်အသတ်နှင့်ဖြစ်ပြီး သစ္စာရှိအမျိုးသားအမျိုးသမီးများအနက်မှ ၁၄၄,၀၀၀ ကိုသာ ရွေးကောက်မည်ဖြစ်ကြောင်း ကျမ်းစာကိုယ်နှိုက်က ဖော်ပြထားသည်။ သူတို့သည် ယေဟောဝါဘုရားသခင်နှင့် ခရစ်တော်ယေရှုတို့အပေါ်စောင့်သိသော မိမိတို့၏သမာဓိကို သေသည်အထိတင်ပြကြမည်ဖြစ်ပြီး အခြားသူများအား မိမိတို့၏ယုံကြည်ချက်ကို တက်တက်ကြွကြွသက်သေခံနေကြမည်ဖြစ်သည်။—ဗျာဒိတ် ၁၄:၁၊ ၃၊ ၄။
လူသေများ၏ ရှင်ပြန်ထမြောက်ခြင်းသည် ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်သူများအတွက် အကြီးအကျယ်ပျော်မြူးရသည့် အခါသမယဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ သို့သော် ပျော်မြူးမှုသည် ဤတွင်ပင် အဆုံးတိုင်မသွားပါ။ အကြောင်းမှာ ဤကမ္ဘာပေါ်တွင်ပင် အသက်ရှင်မည့် ရှင်ပြန်ထမြောက်ခြင်းကိုလည်း ကတိပြုထားသည့်အတွက်ကြောင့်ဖြစ်သည်။ အဆိုပါ ရှင်ပြန်ထမြောက်လာသူများမှာမူ လက်ရှိစနစ် . . . ၏အဆုံးကို ကပ်ကျော်သည့် ကန့်သတ်မထားသော အရေအတွက်အဝင်ဖြစ်သွားမည်။ ကောင်းကင်ဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်းအတွက် အရေအတွက်နည်းသူများကို မြင်ပြီးနောက် ‘အသီးအသီးဘာသာစကားကို ပြောသောလူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ ထွက်၍ အဘယ်သူမျှမရေမတွက်နိုင်သော လူအုပ်ကြီး’ နှင့်ပတ်သက်သည့် ရူပါရုံတစ်ခုကို ယောဟန်မြင်ခဲ့ရသည်။ သန်းနှင့်ချီသော၊ သန်းထောင်နှင့်ချီ၍ပင် ဖြစ်နိုင်သောလူများသည် ဤကမ္ဘာပေါ်တွင် အသက်ပြန်ရှင်လာကြချိန်တွင် အလွန်ပျော်မြူးဖွယ်အခါသမယဖြစ်မည်တည်း!—ဗျာဒိတ် ၇:၉၊ ၁၆၊ ၁၇။
မည်သည့်အချိန်တွင် ဖြစ်မည်နည်း
ယနေ့အခြေအနေကဲ့သို့ ပဋိပက္ခဖြစ်မှု၊ သွေးထွက်သံယိုမှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ အဓမ္မမှုတို့နှင့်တင်းကျမ်းဖြစ်နေသော ဤကမ္ဘာပေါ်တွင် လူသေများ အသက်ပြန်ရှင်လာလျှင်ပင် မည်သည့်ရွှင်လန်းမှုနှင့် ပျော်မြူးမှုမျှ ကြာကြာခံမည်မဟုတ်ပါ။ ဤသို့မဟုတ်ဘဲ ရှင်ပြန်ထမြောက်ခြင်းသည် “မြေကြီးသစ်” ဖွဲ့စည်းတည်ဆောက်မှုကို စောင့်ဆိုင်းရမည်။ ဤကမ္ဘာနှင့် ယင်း၏ပင်ကိုအလှအပကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ အာသီသပြင်းပြနေပုံရသည့် ယနေ့အထိတည်ရှိနေသော လူများနှင့် လူ့အဖွဲ့အစည်းများက မြေကြီးသားများအပေါ် သက်ရောက်စေသည့် ဒုက္ခသုက္ခမြောက်မြားစွာကိုသာမက ထိုသူများကိုပါရှင်းလင်းသုတ်သင်ထားသည့် ကမ္ဘာဂြိုဟ်ကို မြင်ယောင်ကြည့်ပါလေ။—၂ ပေတရု ၃:၁၃; ဗျာဒိတ် ၁၁:၁၈။
ရှင်းနေသည်မှာ လူသားများ၏ အထွေထွေ ရှင်ပြန်ထမြောက်ခြင်းသည် ရှေ့တွင်ရှိနေဆဲဖြစ်သည်။ သို့တိုင် သတင်းကောင်းသည် သိပ်မဝေးတော့ပါ။ မှန်ပါသည်၊ ယင်းသည် ဒုစရိုက်များသော ဤလက်ရှိအစီအစဉ်စနစ်၏ အဆုံးကို စောင့်ဆိုင်းရမည်။ သို့သော် သာဓက အလျှံပယ်က “ကြီးစွာသောဒုက္ခ” ရုတ်တရက်ပေါက်ကွဲဖို့အချိန် နီးကပ်နေပြီဖြစ်ကြောင်း၊ အာမဂေဒုန်ဟူ၍ ရည်ညွှန်းလေ့ရှိသော ‘. . . တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီးစစ်ပွဲ’ ဖြင့် အထွတ်အထိပ်ရောက်မည်ဖြစ်ကြောင်း ဖော်ပြသည်။ (မဿဲ ၂၄:၃-၁၄၊ ၂၁; ဗျာဒိတ် ၁၆:၁၄၊ ၁၆) ယင်းက ဆိုးသွမ်းမှုရှိရှိသမျှကို သာယာကြည်နူးဖွယ်ရာ ဤကမ္ဘာဂြိုဟ်ပေါ်မှ ဖယ်ရှားပစ်မည်။ ယင်းနောက်ပိုင်းတွင် ဤကမ္ဘာမြေကို ပရဒိသုအခြေအနေအဖြစ်သို့ တဖြည်းဖြည်းချင်း ဆောင်ကြဉ်းပေးမည့် ခရစ်တော်ယေရှု၏ အနှစ်တစ်ထောင်စိုးစံချိန် ဆိုက်ရောက်လာလေမည်။
ဤအနှစ်တစ်ထောင် စိုးစံချိန်အတွင်း လူသေများ၏ ရှင်ပြန်ထမြောက်ခြင်း ဖြစ်မည့်အကြောင်း ကျမ်းစာတွင် ဖော်ပြထားသည်။ ထိုအချိန်တွင် ယေရှုကမ္ဘာပေါ်ရှိစဉ် ပေးတော်မူခဲ့သည့် ဤကတိတော် ပြည့်စုံသွားမည်– “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ . . . ထမြောက်ခြင်းသို့ ထွက်ရကြလတ္တံ့။”—ယောဟန် ၅:၂၈၊ ၂၉။
ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၏ အာနိသင်
လူသေများ အသက်ပြန်ရှင်လာမည့် အခါသမယဖြစ်သော ရှင်ပြန်ထမြောက်ခြင်းအလားအလာသည် အလွန်အံ့ချီးဖွယ်အနာဂတ်မျှော်လင့်ချက် ဖြစ်ပါသည်တကား! အိုမင်းမှု၊ ဖျားနာမှု၊ မမျှော်လင့်ဘဲဖြစ်သည့် ဘေးဆိုးများနှင့် ဝမ်းနည်းမှု၊ နေ့စဉ်ခံစားနေရသည့် ဘဝ၏ဖိစီးမှုနှင့် ပြဿနာများကို ရင်ဆိုင်ရသောကျွန်ုပ်တို့အတွက် အလွန်အားရှိစေသောအရာဖြစ်ပါသည်တကား! ယင်းက သေခြင်း၏အဆိပ်ဆူးကို ဖယ်ထုတ်ပစ်သည်—ဝမ်းနည်းမှုကို တစ်ပါတည်းဖယ်ထုတ်လိုက်ခြင်းမဟုတ်ဘဲ မျှော်လင့်ချက်မဲ့သူများနှင့် ကျွန်ုပ်တို့ကို သီးခြားခွဲထုတ်ပေးသည်။ တမန်တော်ပေါလုက ဤစကားများဖြင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၏ သက်သာမှုပေးသော အာနိသင်ကို အသိအမှတ်ပြုခဲ့သည်– “ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမှုအရာကိုမသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှ တစ်ဖန်ထမြောက်တော်မူသည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူ ယေရှု၌အိပ်ပျော်သောသူတို့ကိုလည်း ထိုသခင်နှင့်အတူ ဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်။”—၁ သက်သာလောနိတ် ၄:၁၃၊ ၁၄။
အရှေ့တိုင်းသား ယောဘသတိပြုမိခဲ့သည့် အမှန်တရားနောက်တစ်ခုကို ကျွန်ုပ်တို့လည်း တွေ့ကြုံရဖူးပြီးဖြစ်ပေမည်– “ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့လည်းကောင်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့လည်းကောင်း အားလျော့ပျက်ရပါ၏။ လူသည် မိန်းမဖွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။ ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။” (ယောဘ ၁၃:၂၈–၁၄:၂) ဘဝ၏မရေရာမှု၊ “အချိန်စေ့ခြင်းနှင့် ကြိုတင်မမြင်နိုင်သောအဖြစ်” သည် ကျွန်ုပ်တို့ထဲမှ မည်သူ့ထံကိုမဆို ကျရောက်နိုင်သည့် မနှစ်မြို့ဖွယ်အမှန်တရားတို့ကို ကျွန်ုပ်တို့လည်းသိထားကြသည်။ (ဒေသနာ ၉:၁၁၊ ကဘ) ကျွန်ုပ်တို့တစ်ယောက်မျှ သေခြင်းတရားကို ရင်ဆိုင်ရမည်ဟူသည့်အတွေးကို မနှစ်မြို့ကြသည်မှာ သေချာပါသည်။ သေချာသော ထမြောက်ခြင်းမျှော်လင့်ချက်က သေခြင်းနှင့်ပတ်သက်၍ ကြောက်ရွံ့မှုစိုးမိုးနေခြင်းကို ပျောက်သွားစေရန် ထောက်ကူပေးသည်။
ထို့ကြောင့် အားယူပါ! သေခြင်း၌ အိပ်စက်ရဖွယ်ရှိသောအဖြစ်ကိုကျော်ကာ ရှင်ပြန်ထမြောက်ခြင်း၏ အံ့ဖွယ်အမှုအားဖြင့် အသက်ပြန်ရှင်လာရသည့်အဖြစ်ကို ကြည့်မြင်ပါ။ အဆုံးမဲ့အနာဂတ်အသက်တာ အလားအလာကို စိတ်ချလက်ချ မျှော်လင့်စောင့်စားပါ။ အဆိုပါကောင်းချီးမင်္ဂလာအခါသမယသည် မဝေးတော့သောအနာဂတ်တွင်ရှိသည်ကို သိရခြင်းမှရသည့်ရွှင်လန်းမှုကို ဤအလားအလာတွင် ထပ်ပေါင်းလိုက်ပါလေ။