ရှောလမုန်၏ချမ်းသာကြွယ်ဝမှုသည် ပုံကြီးချဲ့ထားရာလော
“ရှောလမုန်ထံသို့ တစ်နှစ်တစ်နှစ်လျှင်ရောက်သောရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက်ပိဿာ ဖြစ်သတည်း။”—၃ ဓမ္မရာဇဝင် ၁၀:၁၄။
ဤကျမ်းချက်အရ ရှောလမုန်သည် တစ်နှစ်တည်းတွင် ရွှေတန်ချိန်ပေါင်း ၂၅ တန်ရရှိသည်! ကာလတန်ဖိုး ဒေါ်လာ၂၄၀,၀၀၀,၀၀၀ ခန့်ရှိသည်။ ယင်းက ၁၈၀၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းတူးဖော်ခဲ့သောရွှေထက် နှစ်ဆနီးပါးမျှရှိပေသည်။ ယင်းသည် ဖြစ်နိုင်ပါသလော။ ရှေးဟောင်းသုတေသနအထောက်အထားများက ရှောလမုန်၏ချမ်းသာကြွယ်ဝမှုနှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းသည် မဖြစ်နိုင်စရာဘာမျှမရှိကြောင်း အဆိုပြုပါသည်။ Biblical Archaeology Review က ဤသို့ဆိုသည်–
◻ အီဂျစ်ဘုရင် ထူးမိုစ် ၃ (ဘီ.စီ.အီး. ဒုတိယထောင်စုနှစ်) သည် ကာနက်မြို့ရှိ အမွန်-ရာဘုရားကျောင်းသို့ ရွှေ ၁၃.၅ တန်ခန့်ကို ပေးအပ်ခဲ့သည်—ယင်းသည် လက်ဆောင်၏အချို့အဝက်မျှသာဖြစ်သည်။
◻ ဘုရားများထံ ဘုရင်အိုဆာကဲ ၁ (ဘီ.စီ.အီး. ပထမထောင်စုနှစ်ဦးပိုင်း) ပေးလှူခဲ့သော ရွှေငွေတန်ချိန်စုစုပေါင်း ၃၈၃ တန်ခန့်ရှိသည့်လက်ဆောင်များကို အီဂျစ်ကျောက်စာများတွင်မှတ်တမ်းတင်ထားသည်။
ထို့အပြင် Great Ages of Man အခန်းဆက်စာအုပ်၏ Classical Greece အတွဲက ဤသို့ဖော်ပြသည်–
◻ သရေးစ်ဒေသရှိ ပဲဂျာအယ် မိုင်းတွင်းများသည် ဘုရင်ဖိလစ် ၂ (ဘီ.စီ.အီး. ၃၅၉-၃၃၆) အတွက် နှစ်စဉ်ရွှေတန်ချိန် ၃၇ တန်ထက်မနည်း ထုတ်လုပ်ပေးသည်။
◻ ဖိလစ်၏သား မဟာအလက်ဇန္ဒား (ဘီ.စီ.အီး. ၃၃၆-၃၂၃) သည် ပါရှန်အင်ပါယာ၏မြို့တော် စူးစားကိုသိမ်းပိုက်ပြီးသောအခါ ရွှေတန်ချိန် ၁,၀၀၀ ကျော်ခန့်ရှိ ဘဏ္ဍာတိုက်များကို ရှာတွေ့ခဲ့သည်။—The New Encyclopœdia Britannica.
ထို့ကြောင့် ဘုရင်ရှောလမုန်၏ချမ်းသာကြွယ်ဝမှုနှင့်ပတ်သက်၍ ကျမ်းစာဖော်ပြချက်သည် မဖြစ်နိုင်သောအရာမဟုတ်ပေ။ ထို့အပြင် ရှောလမုန်သည် ထိုခေတ်တွင် “မြေကြီးပေါ်မှာရှိသမျှသောရှင်ဘုရင်တို့ထက် ပညာနှင့်စည်းစိမ်အားဖြင့်လွန်ကဲ” ကြောင်းကိုလည်း သတိရပါ။—၃ ဓမ္မရာဇဝင် ၁၀:၂၃။
ရှောလမုန်သည် သူ၏ချမ်းသာကြွယ်ဝမှုကို မည်သို့အသုံးပြုခဲ့သနည်း။ သူ၏ရာဇပလ္လင်သည် “ရွှေစင်” ဖြင့်မွမ်းမံထားပြီး သူ၏ဖလားတော်များသည် “ရွှေ” ဖြင့်ပြုလုပ်ကာ “ရွှေ” ဖြင့်လုပ်သော ဒိုင်းကြီး ၂၀၀ နှင့် ဒိုင်းငယ် ၃၀၀ ကိုလည်း ပိုင်ဆိုင်သေးသည်။ (၃ ဓမ္မရာဇဝင် ၁၀:၁၆-၂၁) ထိုထက်ကား ရှောလမုန်၏ရွှေသည် ယေရုရှလင်ရှိ ယေဟောဝါ၏ဗိမာန်တော်အတွက်အသုံးပြုခြင်းနှင့် ဆက်စပ်နေသည်။ ဗိမာန်တော်မီးခုံများနှင့် ခက်ရင်း၊ အင်တုံ၊ ရေတကောင်းတော်နှင့် ဖလားကဲ့သို့သော သန့်ရှင်းသည့်အသုံးအဆောင်တန်ဆာများသည် ရွှေနှင့်ငွေတို့ဖြင့်ပြုလုပ်ထားသည်။ အသန့်ရှင်းဆုံးအခန်းတွင်းရှိ ၁၅ ပေမြင့်သောခေရုဗိမ်များ၊ နံ့သာမီးရှို့ရာယဇ်ပလ္လင်နှင့် အိမ်တော်အတွင်းတစ်လျှောက်လုံးကို ရွှေဖြင့်မွမ်းမံထားသည်။—၃ ဓမ္မရာဇဝင် ၆:၂၀-၂၂; ၇:၄၈-၅၀; ၁ ရာဇဝင်ချုပ် ၂၈:၁၇။
ရွှေနှင့်မွမ်းမံထားသည့်ဗိမာန်တော်ကော အသို့နည်း။ စိတ်ဝင်စားစရာမှာ ရွှေကိုယင်းကဲ့သို့အသုံးပြုခြင်းသည် ရှေးလောကတွင် တစ်မူထူးသည့်အရာလုံးဝမဟုတ်ပါ။ အီဂျစ်ဘုရင် အာမီနိုဖစ် ၃ သည် “မဟာအဲမန်ဘုရားနှင့်အတူ တက်ဘီးစ်မြို့ရှိဗိမာန် ‘တစ်ခုလုံးကိုရွှေနှင့်မွမ်းမံထားကာ ကြမ်းပြင်ကိုငွေနှင့်အလှဆင်ထားပြီး မုခ်တံခါးများအားလုံးကိုအီလက်ထရွမ်နှင့်အလှဆင်ထား’” ကြောင်း Biblical Archaeology Review က သတိပြုမှတ်သားထားသည်။ အီလက်ထရွမ်သည် ရွှေနှင့်ငွေကိုရောနှောထားသည့်အရာဖြစ်သည်။ ထို့ပြင် ဆီးရီးယားမှ အီဆာ-ဟက်တော (ဘီ.စီ.အီး. ခုနစ်ရာစု) သည် အာရှာဗိမာန်တော်၏တံခါးများကိုရွှေနှင့်မွမ်းမံပြီး နံရံများတွင်ကပ်ထားသည်။ ဟက်ရဲင်ရှိ ဆင်းဗိမာန်တော်နှင့်ပတ်သက်၍ ဗာဗုလုန်မှနဘိုနိုက်ဒတ်စ် (ဘီ.စီ.အီး. ခြောက်ရာစု) က ဤသို့မှတ်တမ်းတင်ထားသည်– “ကျွန်ုပ်သည် ယင်း၏နံရံများကို ရွှေငွေတို့ဖြင့်ဆင်ယင်ထားပြီး နေကဲ့သို့လင်းအောင်ပြုလုပ်ထားသည်။”
ထို့ကြောင့် သမိုင်းဝင်မှတ်တမ်းများက ကျမ်းစာဆိုင်ရာ ဘုရင်ရှောလမုန်၏ချမ်းသာကြွယ်ဝမှုစာရင်းသည် ပုံကြီးချဲ့ထားခြင်းမဟုတ်ကြောင်း အဆိုပြုပါသည်။