နယ်လှည့်ကြီးကြပ်မှူးများ —လူတို့တွင်ဆုလာဘ်များ
‘မြင့်သောအရပ်သို့တက်ကြွတော်မူသဖြင့် များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍၊ လူတို့တွင်ဆုလာဘ်များကို ပေးတော်မူသည်။’—ဧဖက် ၄:၈၊ ကဘ။
၁။ ၁၈၉၄ ခုနှစ်တွင် ဤဂျာနယ်၌ မည်သည့်လုပ်ငန်းသစ်ကို ကြေညာခဲ့သနည်း။
လွန်ခဲ့သည့် ရာစုနှစ်တစ်ခုကျော်က ကင်းမျှော်စင် တွင် အသစ်သောအရာတစ်ခုကို ကြေညာခဲ့သည်။ ယင်းကို “လုပ်ငန်းခွဲတစ်ခု” အဖြစ်ဖော်ပြခဲ့သည်။ အဆိုပါလုပ်ငန်းသစ်ကြောင့် မည်သည့်အရာဖြစ်ပေါ်လာသနည်း။ ယင်းကား ခေတ်သစ်နယ်လှည့်ကြီးကြပ်မှူးများ၏ လုပ်ငန်းဖွင့်ပွဲပင်တည်း။ ယခုအချိန်မှစ၍ အရည်အချင်းရှိသော ညီအစ်ကိုများသည် ‘ကျမ်းစာသင်သားများအား သမ္မာတရားဖြင့် တည်ဆောက်ပေးဖို့ ရည်ရွယ်လျက်’ ၎င်းတို့အုပ်စုများထံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ၁၈၉၄၊ စက်တင်ဘာ ၁ ရက်ထုတ် ဤဂျာနယ်က ရှင်းပြခဲ့သည်။
၂။ တိုက်နယ်နှင့် ခရိုင်ကြီးကြပ်မှူးတို့တွင် မည်သည့်တာဝန်ရှိသနည်း။
၂ စီ.အီး. ပထမရာစုတွင် ခရစ်ယာန်အသင်းတော်များကို ပေါလုနှင့် ဗာနဗတို့ကဲ့သို့သော ကြီးကြပ်မှူးများက သွားရောက်လည်ပတ်ခဲ့ကြသည်။ ဤသစ္စာရှိအမျိုးသားတို့သည် အသင်းတော်များကို ‘တည်ဆောက်ပေးရန်’ ရည်ရွယ်ထားကြသည်။ (၂ ကောရိန္သု ၁၀:၈) ယနေ့ဆိုလျှင် ယင်းကို စနစ်တကျနည်းဖြင့် လုပ်ဆောင်နေကြသည့် ထောင်ပေါင်းများစွာသော အမျိုးသားများကို ကျွန်ုပ်တို့အား ချီးမြှင့်ထားသည်။ ယေဟောဝါသက်သေတို့၏ အုပ်ချုပ်ရေးအဖွဲ့သည် သူတို့ကို တိုက်နယ်နှင့်ခရိုင်ကြီးကြပ်မှူးများအဖြစ် ခန့်အပ်ထားသည်။ တိုက်နယ်ကြီးကြပ်မှူးသည် အသင်းတော် ၂၀ ခန့်တွင် တစ်နှစ်လျှင်နှစ်ကြိမ်ခန့် တစ်ပတ်ကျစီအမှုဆောင်ကာ မှတ်တမ်းများစစ်ဆေး၊ ဟောပြောချက်များပေးကာ ဒေသခံဘုရားသခင့်နိုင်ငံတော် ကြေညာသူများနှင့်အတူ လယ်ကွင်းဓမ္မအမှုတွင် ပါဝင်သည်။ ခရိုင်ကြီးကြပ်မှူးသည် တိုက်နယ်များစွာတို့တွင် နှစ်စဉ်ကျင်းပသောတိုက်နယ်အစည်းအဝေးတစ်ခုစီ၏ သဘာပတိဖြစ်ပြီး အိမ်ရှင်အသင်းတော်များနှင့်အတူ လယ်ကွင်းဓမ္မအမှုတွင်ပါဝင်ကာ ကျမ်းစာအခြေပြုဟောပြောချက်များဖြင့် တိုက်တွန်းအားပေးသည်။
သူတို့၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်
၃။ နယ်လှည့်ကြီးကြပ်မှူးတို့တွင် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိရန် အဘယ်ကြောင့်လိုသနည်း။
၃ နယ်လှည့်ကြီးကြပ်မှူးတို့သည် အမြဲပင်သွားလာနေကြရသည်။ ယင်းသို့ပြုရန် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိဖို့လိုသည်။ အသင်းတော်တစ်ခုမှ တစ်ခုသို့ သွားခြင်းသည် အခက်အခဲရှိနိုင်သော်လည်း ဤအမျိုးသားတို့နှင့် သူတို့၏ဇနီးတို့သည် ယင်းကို ရွှင်ပျသောစိတ်ထားဖြင့် လုပ်ဆောင်ကြသည်။ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးက “ကျွန်တော့်ရဲ့ဇနီးကတော့ အထောက်အမအပေးဆုံးပဲ၊ မညည်းညူဘူး . . . သူမရဲ့ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကြောင့် တော်တော့်ကိုဂုဏ်ပြုထိုက်တယ်ဗျာ” ဟုဆိုခဲ့သည်။ အချို့တိုက်နယ်ကြီးကြပ်မှူးများဆိုလျှင် အသင်းတော်တစ်ခုနှင့်တစ်ခုကြား မိုင် ၆၀၀ ကျော်သွားရသည်။ များစွာသောသူများမှာ ကားမောင်းသွားကြသော်လည်း အခြားသူများမှာမူ ပြည်သူ့ပို့ဆောင်ရေးဖြင့်လည်းကောင်း၊ စက်ဘီးဖြင့်လည်းကောင်း၊ မြင်းစီး၍လည်းကောင်း၊ ခြေလျင်လျှောက်၍လည်းကောင်း တစ်နေရာမှတစ်နေရာသို့ သွားကြရသည်။ အာဖရိကန်လူမျိုး တိုက်နယ်ကြီးကြပ်မှူးတစ်ဦးဆိုလျှင် အသင်းတော်တစ်ခုမှ တစ်ခုသို့ရောက်နိုင်ရန် ဇနီးဖြစ်သူကို ပခုံးပေါ်ထမ်းကာ မြစ်ကိုဖြတ်ကူးရသည့်အထိပင်။ တမန်တော်ပေါလုသည် သူ၏သာသနာပြုခရီးစဉ်များတွင် အပူအအေးဒဏ်၊ ဆာလောင်မွတ်သိပ်ဒဏ်၊ အိပ်ရေးပျက်သည့်ဒဏ်၊ အန္တရာယ်အသွယ်သွယ်နှင့် အဓမ္မညှဉ်းပန်းနှိပ်စက်ဒဏ်တို့ကို ရင်ဆိုင်ခဲ့ရသည်။ သူ့တွင် “အသင်းတော်အပေါင်းကို စိုးရိမ်သောစိတ်” လည်းရှိနေသည်—ယင်းသည် ယနေ့နယ်လှည့်ကြီးကြပ်မှူးများတွင် ဖြစ်ပေါ်နေကျစိတ်ထားပင်တည်း။—၂ ကောရိန္သု ၁၁:၂၃-၂၉။
၄။ ကျန်းမာရေးပြဿနာများက နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့ဇနီးတို့၏အသက်တာအပေါ် မည်သည့်ထိခိုက်မှု ဖြစ်စေနိုင်သနည်း။
၄ ပေါလုအဖော် တိမောသေကဲ့သို့ နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့၏ဇနီးတို့တွင် တစ်ခါတစ်ရံ ကျန်းမာရေးပြဿနာများရှိကြသည်။ (၁ တိမောသေ ၅:၂၃) ယင်းက သူတို့အပေါ်တွင် နောက်ထပ်ဖိစီးမှုကို ထပ်ပိုးပေးသည်။ တိုက်နယ်ကြီးကြပ်မှူးတစ်ဦး၏ဇနီးက ဤသို့ရှင်းပြသည်– “ညီအစ်ကိုတွေနဲ့အတူ အမြဲနေရတာဟာ နေလို့သိပ်မကောင်းတဲ့အခါမျိုးမှာဆို အနေရခက်တယ်။ သွေးဆုံးနာစကိုင်လာပြီဆိုတော့ အထူးသဖြင့် အခက်တွေ့ရတယ်။ အပတ်တိုင်းပစ္စည်းပစ္စယတွေကို ထုပ်ပိုးရပြီး နောက်တစ်နေရာကို ပြောင်းရွှေ့ရတာလည်း တကယ့်စိန်ခေါ်ချက်ပါပဲ။ ဆက်လုပ်နိုင်အောင် ကျွန်မကို ခွန်အားပေးဖို့ ရပ်နားပြီး ယေဟောဝါရှင်ထံတော်မှာ ဆုတောင်းရလေ့ရှိတယ်။”
၅။ စမ်းသပ်မှုအသွယ်သွယ်ကြားမှ နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့၏ဇနီးတို့သည် မည်သည့်စိတ်ဓာတ်ကို ပြသခဲ့ကြသနည်း။
၅ ကျန်းမာရေးပြဿနာများနှင့် အခြားစမ်းသပ်မှုများကြားမှ နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့၏ဇနီးတို့သည် မိမိတို့၏လုပ်ငန်းတွင် ရွှင်လန်းမှုရရှိကြပြီး ကိုယ်ကျိုးစွန့်မေတ္တာကို တင်ပြကြသည်။ အချို့ဆိုလျှင် ညှဉ်းပန်းနှိပ်စက်မှုကာလ သို့မဟုတ် စစ်ဖြစ်စဉ်ကာလများတွင် အသက်နှင့်ရင်းပြီး ဝိညာဉ်ရေးအကူအညီပေးကြရသည်။ သူတို့သည် အသင်းတော်များသို့သွားရောက်လည်ပတ်သောအခါ ပေါလုတွင်ရှိသည့် ထပ်တူစိတ်ထားမျိုး တင်ပြကြသည်၊ သက်သာလောနိတ်ခရစ်ယာန်တို့အား ပေါလုက “သင်တို့ကိုချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့ ငါတို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ဧဝံဂေလိတရားကိုမျှမက ကိုယ်အသက်ကိုပင် ပေးချင်သောစေတနာစိတ်ရှိ၏” ဟုပြောခဲ့သည်။—၁ သက်သာလောနိတ် ၂:၇၊ ၈။
၆၊ ၇။ အလုပ်ကြိုးစားသော နယ်လှည့်ကြီးကြပ်မှူးများသည် အပြုသဘောပါသော အဘယ်သြဇာကို လွှမ်းမိုးပေးနိုင်သနည်း။
၆ ခရစ်ယာန်အသင်းရှိ အခြားအကြီးအကဲများကဲ့သို့ နယ်လှည့်ကြီးကြပ်မှူးများသည် “ဟောပြောခြင်း၊ ဆုံးမသြဝါဒပေးခြင်းအမှု၌ ကြိုးစားအားထုတ်” ကြသည်။ ဤကဲ့သို့သောအကြီးအကဲအားလုံးသည် “နှစ်ဆသောရိုသေသမှု ပြုခြင်းကိုခံထိုက်” သည်။ (၁ တိမောသေ ၅:၁၇၊ သမ္မာ) ‘သူတို့အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည်ကို စေ့စေ့ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့ အမီလိုက်’ ကြပါမူ သူတို့၏ပုံသက်သေသည် အကျိုးဖြစ်နိုင်သည်။—ဟေဗြဲ ၁၃:၇။
၇ အချို့သော နယ်လှည့်အကြီးအကဲများသည် အခြားသူများအပေါ် မည်သည့်အကျိုးဖြစ်ထွန်းစေခဲ့သနည်း။ “ညီအစ်ကို—— ဟာ ကျွန်တော့်အသက်တာကို တော်တော်လေးအံ့သြလောက်ဖွယ်လွှမ်းမိုးခဲ့တယ်ဗျာ။ သူဟာ ၁၉၆၀ ပြည့်နှစ်ကစပြီး မက္ကစီကိုမှာ နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကလေးတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ သူ့ရဲ့လည်ပတ်မှုကို လည်တဆန့်ဆန့်နဲ့ ပျော်မြူးစွာ စောင့်နေတာပေါ့။ ကျွန်တော် ဆယ်နှစ်သားအရွယ်မှာ သူက ကျွန်တော့်ကို ‘ညီအစ်ကိုလေး တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်ဖြစ်မှာပါ’ လို့ပြောခဲ့တယ်။ ခက်ခဲလှတဲ့ ဆယ်ကျော်သက်အတွင်း ပညာရှိစကားတွေကို သူအမြဲပြောတဲ့အတွက် သူ့ကို အကြိမ်ကြိမ်လိုက်ရှာခဲ့တယ်။ သူဟာ သိုးတော်စုကို ထိန်းကျောင်းဖို့ပဲ အသက်ရှင်တယ်! ခုဆိုရင် ကျွန်တော်ဟာ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်ဖြစ်နေပြီဆိုတော့ ကျွန်တော့်အတွက် သူပြုလုပ်ခဲ့သလို လူငယ်များကို အချိန်ပေးဖို့နဲ့ သူတို့လေးတွေရဲ့ရှေ့မှာ သီအိုကရက်တစ်ပန်းတိုင်တွေချမှတ်ဖို့ အမြဲကြိုးစားတယ်။ သူသေဆုံးခါနီးနှစ်တွေမှာတောင် နှလုံးချွတ်ယွင်းတဲ့ကြားက ညီအစ်ကို—— ဟာ အားပေးစကားပြောဖို့ အမြဲရှာကြံနေတယ်။ ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ သူမဆုံးမီတစ်ရက်အလိုလေးမှာ သူဟာ ကျွန်တော်နဲ့အတူ အထူးအစည်းအဝေးနေ့ကိုတက်ပြီး ဗိသုကာတစ်ယောက်ဖြစ်တဲ့ ညီအစ်ကိုကို ထားသင့်ထားထိုက်တဲ့ပန်းတိုင် ချမှတ်ပေးလိုက်သေးတယ်။ အဲ့ဒီညီအစ်ကိုဟာ ဗေသလမှာအမှုဆောင်ဖို့ ချက်ချင်းပဲ လျှောက်လွှာတင်ခဲ့တယ်” ဟုယေဟောဝါသက်သေတစ်ယောက် စာရေးခဲ့သည်။
သူတို့သည် တန်ဖိုးထားလေးမြတ်ခံရကြ
၈။ ဧဖက်အခန်းကြီး ၄ တွင်ဖော်ပြထားသော ‘လူတို့တွင်ဆုလာဘ်များ’ ကားမည်သူများနည်း။ သူတို့သည် အသင်းတော်ကို မည်သို့အကျိုးပြုသနည်း။
၈ ဘုရားသခင်၏ မခံစားထိုက်သောကြင်နာမှုကြောင့် လုပ်ငန်းတာဝန်များ ချီးမြှင့်ပေးသနားခံရသည့် နယ်လှည့်ကြီးကြပ်မှူးများနှင့် အခြားအကြီးအကဲများကို ‘လူတို့တွင် ဆုလာဘ်များ’ ဟုသမုတ်သည်။ ယေဟောဝါ၏ကိုယ်စားလှယ်၊ အသင်းတော်၏ဦးခေါင်းအနေနှင့် ယေရှုသည် ကျွန်ုပ်တို့အား တစ်ဦးချင်းတည်ဆောက်ပေးနိုင်ရန်နှင့် ရင့်ကျက်မှုရှိလာစေရန်အလို့ငှာ ဤဝိညာဏလူများကို ပေးသနားထားတော်မူသည်။ (ဧဖက် ၄:၈-၁၅) မည်သည့်ဆုလာဘ်မဆို တန်ဖိုးထားလေးမြတ်ကြောင်း ပြောဆိုထိုက်ပါသည်။ အထူးသဖြင့် ယေဟောဝါ၏အမှုတော် ဆက်ပြီးထမ်းဆောင်ဖို့ ကျွန်ုပ်တို့ကို ခွန်အားဖြည့်ဖြိုးစေသည့် ဆုလာဘ်တစ်ခုအတွက် ယင်းသို့ဆိုရန် မှန်ကန်ထိုက်တန်ပါသည်။ သို့ဆိုလျှင် နယ်လှည့်ကြီးကြပ်မှူးများ၏လုပ်ငန်းကို တန်ဖိုးထားလေးမြတ်ကြောင်း ကျွန်ုပ်တို့မည်သို့ပြသနိုင်သနည်း။ ကျွန်ုပ်တို့သည် ‘ထိုသူတို့ကို ရိုသေလေးမြတ်’ ကြောင်း မည်သည့်နည်းများဖြင့် ပြသနိုင်သနည်း။—ဖိလိပ္ပိ ၂:၂၉။
၉။ ကျွန်ုပ်တို့သည် နယ်လှည့်ကြီးကြပ်မှူးတို့ကို ကျေးဇူးတင်လေးမြတ်ကြောင်း မည်သို့ပြသနိုင်သနည်း။
၉ တိုက်နယ်ကြီးကြပ်မှူး၏လည်ပတ်မှုကို ကြေညာသောအခါ ထိုအပတ်အတွက် အသင်းတော်၏လုပ်ရှားဆောင်ရွက်မှုများတွင် အပြည့်အဝပါဝင်ရန် အစီအစဉ်များကို စဆွဲနိုင်သည်။ ကျွန်ုပ်တို့သည် လည်ပတ်မှုအတွင်း လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို ထောက်ခံအားပေးရန် အချိန်ကို ထပ်ဖယ်ထားနိုင်ကောင်း ဖယ်ထားနိုင်မည်။ ကျွန်ုပ်တို့သည် ထိုလအတွင်း အရန်ရှေ့ဆောင်အနေနှင့် အမှုဆောင်နိုင်ဖွယ်ရှိသည်။ ကျွန်ုပ်တို့၏ဓမ္မအမှုတိုးတက်ရန်အလို့ငှာ တိုက်နယ်ကြီးကြပ်မှူး၏အကြံပြုချက်များကို လက်တွေ့ကျင့်သုံးလိုကြမည်မှာ သေချာသည်။ ဤကဲ့သို့သော သဘောပေါက်လက်ခံလွယ်သည့်စိတ်ဓာတ်သည် ကျွန်ုပ်တို့ကို အကျိုးပွားစေမည်ဖြစ်ပြီး မိမိ၏လည်ပတ်မှုသည် အသုံးဝင်သည့် လည်ပတ်မှုတစ်ခုဖြစ်ပါလားဟု သူ့အားအသေအချာသိသွားစေမည်။ နယ်လှည့်ကြီးကြပ်မှူးတို့သည် ကျွန်ုပ်တို့ကို တည်ဆောက်ပေးရန် အသင်းတော်များကို လည်ပတ်ခြင်းဖြစ်သည်မှန်သော်လည်း သူတို့သည်လည်း ဝိညာဉ်ရေးအရ တည်ဆောက်ခံရဖို့လိုအပ်သည်။ ပေါလုသည် အားပေးခံရဖို့လိုအပ်နေသောအခါများရှိခဲ့ရာ မိမိအတွက်ဆုတောင်းပေးကြရန် ခရစ်ယာန်ချင်းတို့အား အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ (တမန်တော် ၂၈:၁၅; ရောမ ၁၅:၃၀-၃၂; ၂ ကောရိန္သု ၁:၁၁; ကောလောသဲ ၄:၂၊ ၃; ၁ သက်သာလောနိတ် ၅:၂၅) ယနေ့အချိန်ရှိ နယ်လှည့်ကြီးကြပ်မှူးတို့သည် အလားတူကျွန်ုပ်တို့၏ဆုတောင်းပေးမှုများနှင့် အားပေးမှုလိုအပ်သည်။
၁၀။ ကျွန်ုပ်တို့သည် နယ်လှည့်ကြီးကြပ်မှူးကို သူ၏လုပ်ငန်းတွင် ရွှင်လန်းမှုရှိအောင် မည်သို့အကူအညီပေးနိုင်ပါသနည်း။
၁၀ သူ၏လည်ပတ်မှုများအတွက် ကျွန်ုပ်တို့မည်မျှ ကျေးဇူးတင်လေးမြတ်ကြောင်း တိုက်နယ်ကြီးကြပ်မှူးနှင့် သူ၏ဇနီးကို ပြောပြီးပြီလော။ ကျွန်ုပ်တို့အား သူပေးသည့်အထောက်အကူဖြစ်စေသော ဩဝါဒအတွက် သူ့အား ကျေးဇူးတင်စကားဆိုပါသလော။ သူ၏လယ်ကွင်းလုပ်ငန်းအကြံပြုချက်များကြောင့် ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ရွှင်လန်းမှု တိုးများလာပါက ယင်းကို သူ့အားသိရှိသွားစေပါသလော။ ကျွန်ုပ်တို့ ဤသို့ပြုကြမည်ဆိုလျှင် သူ၏လုပ်ငန်းတွင် ရွှင်လန်းမှုရှိအောင် လုပ်ပေးရာကျမည်။ (ဟေဗြဲ ၁၃:၁၇) စပိန်နိုင်ငံရှိ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးသည် အသင်းတော်များကို လည်ပတ်ပြီးနောက် သူတို့ရရှိသည့် ကျေးဇူးတင်စာတိုလေးများကို သူနှင့်သူ့ဇနီး မည်မျှအမြတ်တနိုးထားကြောင်း အထူးဖော်ပြခဲ့ကြသည်။ “ကျွန်တော်တို့ဟာ အဲ့ဒီကတ်တွေကို သိမ်းထားပြီး စိတ်အားလျော့လာတဲ့အခါ ထုတ်ဖတ်ကြတယ်။ အဲ့ဒါလေးတွေဟာ စစ်မှန်တဲ့အားပေးမှုရဲ့ ဇာစ်မြစ်တစ်ခုပဲဗျာ” ဟုသူဆိုသည်။
၁၁။ ကျွန်ုပ်တို့သည် တိုက်နယ်နှင့် ခရိုင်ကြီးကြပ်မှူးတို့ဇနီးများကို ချစ်ခင်လေးမြတ်ကြကြောင်း သူတို့အား အဘယ်ကြောင့်သိရှိစေသင့်သနည်း။
၁၁ နယ်လှည့်ကြီးကြပ်မှူး၏ဇနီးသည်အတွက် ချီးမွမ်းစကားများသည် အမှန်ပင် အကျိုးဖြစ်သည်။ သူမသည် လုပ်ငန်းတော်၏အဆိုပါကဏ္ဍတွင် ခင်ပွန်းသည်ကို ထောက်မရန် အကြီးအကျယ်အနစ်နာခံစွန့်လွှတ်ရသည်။ ထိုသစ္စာရှိညီအစ်မတို့သည် မိမိတို့အိမ်တွင်နေလိုသည့် သဘာဝဆန္ဒ၊ အများအားဖြင့် သားသမီးရလိုသည့်ဆန္ဒကို စွန့်လွှတ်လိုက်ကြသည်။ ယေဖသ၏သမီးသည် ဖခင်ပြုခဲ့သည့် ကတိကဝတ်ကြောင့် ယောက်ျားယူကာ အိမ်ထောင်ရှင်မဖြစ်နိုင်သည့်အခွင့်အရေးကို လိုလိုလားလားစွန့်လွှတ်ခဲ့သည့် ယေဟောဝါ၏ကျေးကျွန်များထဲမှ တစ်ယောက်ဖြစ်သည်။ (တရားသူကြီး ၁၁:၃၀-၃၉) သူမ၏အနစ်နာခံစွန့်လွှတ်မှုကို မည်သို့သဘောထားကြသနည်း။ တရားသူကြီး ၁၁:၄၀ (ကဘ) က “ဣသရေလအမျိုးသမီးတို့သည် ဂိလဒ်အမျိုးသား ယေဖသ၏သမီးကို တစ်နှစ်လျှင် လေးရက်ပတ်လုံး ချီးကျူးရန် နှစ်စဉ်နှစ်တိုင်း သွားလေ့ရှိသည်” ဟုဖော်ပြထားသည်။ သူတို့ကို ချစ်ခင်လေးမြတ်ကြကြောင်း တိုက်နယ်နှင့် ခရိုင်ကြီးကြပ်မှူးတို့၏ဇနီးတို့ကိုပြောပြရန် ကြိုးစားလျှင် မည်မျှကောင်းလိုက်မည်ဖြစ်ခြင်း!
“ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်”
၁၂၊ ၁၃။ (က) နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့၏ဇနီးသည်တို့ကို ဧည့်ဝတ်ပြုခြင်းအတွက် မည်သည့်ကျမ်းစာအခြေခံရှိသနည်း။ (ခ) ဤကဲ့သို့သော ဧည့်ဝတ်ပြုမှုသည် မည်သို့မည်ပုံ အပြန်အလှန် အကျိုးရှိနိုင်ကြောင်း ရှင်းပြပါ။
၁၂ ဧည့်ဝတ်ပြုခြင်းသည် ခရစ်ယာန်နယ်လှည့်လုပ်ငန်းတွင် လုပ်ဆောင်နေကြသူများကို ချစ်ခင်လေးမြတ်ကြောင်းတင်ပြသည့် နောက်တစ်နည်းဖြစ်သည်။ (ဟေဗြဲ ၁၃:၁) နယ်လှည့်သာသနာပြုများအနေနှင့် အသင်းတော်သို့လာရောက်လည်ပတ်သူများကို ဖိတ်ခေါ်ဧည့်ဝတ်ပြုမှုအတွက် တမန်တော်ယောဟန်က ဂါယုကို ချီးကျူးခဲ့သည်။ ယောဟန်ကဤသို့ရေးလိုက်သည်– “အချင်းချစ်သူ၊ သင်သည် ညီအစ်ကိုတို့အားလည်းကောင်း၊ အာဂန္တုတို့အားလည်းကောင်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့်အညီပြုတတ်၏။ ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော် ရှေ့၌ သက်သေခံကြ၏။ သင်သည် သူတို့ကို ဘုရားသခင်၏အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင်၊ ကောင်းသောအမှုကို ပြုလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် နာမတော်ကို ထောက်၍၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ၏။ ငါတို့သည် သမ္မာတရားကို ကူမသောသူဖြစ်အံ့သောငှာ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏။” (၃ ယောဟန် ၅-၈) ယနေ့တွင်လည်း ကျွန်ုပ်တို့သည် နယ်လှည့်ကြီးကြပ်မှူးများနှင့် ဇနီးတို့ကို အလားတူခေါ်ဖိတ်ဧည့်ဝတ်ပြုခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းတိုးတက်ရန် ထောက်ကူနိုင်ပါသည်။ အမှန်မှာ ဒေသခံအကြီးအကဲများသည် နေရာထိုင်ခင်းများကို ကျေနပ်လောက်ဖွယ်ဖြစ်အောင် အသေအချာစီစဉ်ပေးသင့်သည်၊ သို့သော် ခရိုင်ကြီးကြပ်မှူးတစ်ဦးက “ကျွန်တော်တို့ကို ပေးနိုင်ကမ်းနိုင်တဲ့ ညီအစ်ကိုတွေနဲ့သာ ကျွန်တော်တို့ရဲ့ပတ်သက်ပေါင်းသင်းမှုကို အခြေမချထားနိုင်ပါဘူး။ အဲလိုကို မထင်သွားစေချင်ပါဘူး။ ကျွန်တော်တို့ရဲ့ညီအစ်ကိုဟာ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သူတို့ရဲ့ဧည့်ဝတ်ပြုမှုကို တလိုတလားလက်ခံရမှာပေါ့” ဟုပြောခဲ့သည်။
၁၃ ဧည့်ဝတ်ပြုမှုသည် အပြန်အလှန်အကျိုးရှိနိုင်သည်။ “ကျွန်တော်ရဲ့မိသားစုမှာဆိုရင် နယ်လှည့်ကြီးကြပ်မှူးတွေကို ကျွန်တော်တို့ဆီမှာလာတည်းဖို့ဖိတ်ခေါ်တာဟာ ထုံးစံဖြစ်နေပြီ” ဟု ယခုအခါ ဗေသလတွင် အမှုဆောင်နေသည့် တိုက်နယ်ကြီးကြပ်မှူးဟောင်းဖြစ်သူ ဇော်ရ်ဇေက ပြန်ပြောပြသည်။ “သူတို့ရဲ့လည်ပတ်မှုတွေဟာ အဲ့ဒီတုန်းက ကျွန်တော်သဘောပေါက်တာထက်တောင် ပိုပြီးအကူအညီဖြစ်စေခဲ့တယ်လို ခံစားမိတယ်။ ကျွန်တော်မြီးကောင်ပေါက်အရွယ်တုန်းကပေါ့၊ ကျွန်တော့်မှာ ဝိညာဉ်ရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေရှိခဲ့တယ်။ အမေဟာ အဲ့ဒီကိစ္စအတွက် စိတ်ပူပေမဲ့လည်း ဘယ်လိုကူညီရမယ်ဆိုတာကို အတိအကျမသိလေတော့ ကျွန်တော်နဲ့စကားပြောဖို့ တိုက်နယ်ကြီးကြပ်မှူးကို အကူအညီတောင်းခဲ့တယ်။ အစပထမတော့ အပြစ်တင်ခံရမှာစိုးလို့ သူ့ကို ကျွန်တော်ရှောင်ခဲ့တယ်။ ဒါပေမဲ့ သူရဲ့ရင်းရင်းနှီးနှီးပြုမူပုံကြောင့် နောက်ဆုံးမှာ ကျွန်တော့်ကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။ တစ်ခုသောတနင်္လာနေ့မှာ သူနဲ့အတူ ထမင်းစားဖို့ ကျွန်တော့်ကို ဖိတ်လိုက်တယ်၊ ကျွန်တော့်ကို နားလည်မှုရှိပါလားလို့ တကယ့်ကိုခံစားရတဲ့အတွက်ကြောင့် စိတ်ထဲရှိသမျှကို ဖွင့်ချလိုက်တယ်။ သူဂရုတစိုက်နားထောင်တယ်။ သူ့ရဲ့လက်တွေ့ကျတဲ့ အကြံပြုချက်တွေဟာ တကယ့်ကို ထိရောက်ခဲ့တယ်၊ ဒါနဲ့ ကျွန်တော်ဟာ ဝိညာဉ်ရေးမှာ တစ်စတစ်စတိုးတက်လာတယ်။”
၁၄။ ကျွန်ုပ်တို့သည် နယ်လှည့်ကြီးကြပ်မှူးတို့ကို အပြစ်တင်မည့်အစား အဘယ်ကြောင့်ကျေးဇူးတင်လေးမြတ်သင့်သနည်း။
၁၄ နယ်လှည့်ကြီးကြပ်မှူးဖြစ်သူသည် လူငယ်များနှင့် လူကြီးများကို အလားတူ ဝိညာဉ်ရေးဘက်အကူအညီပေးရန် ကြိုးစားကြသည်။ သို့ဖြစ်လျှင် သူတို့၏ကြိုးစားအားထုတ်မှုများအတွက် တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြသင့်သည်အမှန်။ သို့သော် သူ၏အားနည်းချက်အပြစ်အနာအဆာများကြောင့် သူ့ကိုအပြစ်တင်ကြမည် သို့မဟုတ် အသင်းတော်ကို လာရောက်လည်ပတ်ခဲ့ဖူးသော အခြားသူများနှင့် မလိုတမာနှိုင်းကြမည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ယင်းကြောင့် အလွန်စိတ်ပျက်အားလျော့သွားစေနိုင်သည်။ ပေါလုသည် မိမိ၏လုပ်ဆောင်မှုနှင့်ပတ်သက်၍ အပြစ်တင်စကားများကို ကြားရသောအခါ သူ့အတွက် အားပေးမှုမဖြစ်ခဲ့ပါ။ ကောရိန္သုခရစ်ယာန်အချို့သည် သူ၏အသွင်အပြင်နှင့် စကားပြောစွမ်းရည်တို့နှင့်ပတ်သက်ပြီး ကဲ့ရဲ့ရှုတ်ချစကားများ ပြောနေကြကြောင်း ထင်ရှားသည်။ “ထိုသူ၏စာသည် လေးလံသောစာ၊ တန်ခိုးနှင့်ပြည့်စုံသောစာဖြစ်၏။ ကိုယ်တိုင်ရှိလျှင်မူကား သတ္တိမရှိသောသူ၊ အချည်းနှီးသောစကားကို ပြောသောသူဖြစ်သည်” ဟူ၍ ပြစ်တင်ရှုတ်ချတတ်ကြသည်ကို သူကိုယ်တိုင်ကိုးကားထားသည်။ (၂ ကောရိန္သု ၁၀:၁၀) သို့သော် ဝမ်းသာစရာမှာ နယ်လှည့်ကြီးကြပ်မှူးတို့သည် ချစ်ခင်လေးမြတ်သည့်ပြောစကားများကို ကြားရလေ့ရှိသည်။
၁၅၊ ၁၆။ ယုံကြည်သူချင်းတို့ တင်ပြသောမေတ္တာနှင့်ဇွဲက နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့၏ဇနီးတို့ကို မည်သို့အကျိုးသက်ရောက်စေသနည်း။
၁၅ လက်တင်အမေရိကရှိ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးသည် ပြောက်ကျားများထိန်းချုပ်ထားသည့် ဇုန်တွင်နေထိုင်ကြသော ဝိညာဏညီအစ်ကိုညီအစ်မများထံ သွားရောက်လည်ပတ်နိုင်ဖို့အရေး ရွှံ့လမ်းများတစ်လျှောက် တစ်နေ့လုံးပင်ပင်ပန်းပန်း လမ်းလျှောက်သွားရသည်။ “ညီအစ်ကိုတွေဟာ လည်ပတ်မှုအတွက် သူတို့ရဲ့တန်ဖိုးထားလေးမြတ်မှု တင်ပြပုံကို တွေ့လိုက်ရတော့ ကရုဏာသက်သွားမိတယ်ဗျာ။ ကျွန်တော်ဟာ အဲ့ဒီနေရာကိုရောက်ဖို့ အတော့်ကိုကြိုးစားပမ်းစားသွားခဲ့ရပြီး အန္တရာယ်တွေနဲ့ အခက်အခဲတွေ အများကြီးကြုံရပေမဲ့လည်း အဲ့လိုတွေ့ ကြုံခဲ့သမျှအတွက် ညီအစ်ကိုတွေပြသလိုက်တဲ့ မေတ္တာ၊ ဇွဲနဲ့ ဆုချခံလိုက်ရတယ်ဗျာ” ဟုသူရေးသားလိုက်လေသည်။
၁၆ အာဖရိကရှိ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးက “ညီအစ်ကိုတွေက ကျွန်တော်တို့ကို ပြသတဲ့မေတ္တာကြောင့် တန်ဇန်းနီးယားရပ်ကွက်ကို ကျွန်တော်တို့ အရမ်းအရမ်းကို ချစ်သွားတယ်ဗျာ! ညီအစ်ကိုတွေဟာ ကျွန်တော်တို့ဆီကနေ သင်ယူဖို့အသင့်ပဲ၊ ပြီးတော့ သူတို့အိမ်မှာ ကျွန်တော်တို့ရှိနေတာကို ပျော်ကြတယ်ဗျ” ဟုရေးသားလိုက်လေသည်။ တမန်တော်ပေါလုနှင့် ပထမရာစုခရစ်ယာန်မောင်နှံ အာကုလနှင့် ပြစ်ကိလတို့ကြားတွင် မေတ္တာပါပြီး ပျော်ရွှင်သော ဆက်ဆံရေးရှိခဲ့သည်။ အမှန်မှာ ပေါလုက သူတို့နှင့်ပတ်သက်ပြီး “ငါနှင့်အတူယေရှုခရစ်၏အမှုကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့် အာကုလကိုနှုတ်ဆက်ကြလော့။ ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကိုချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာဝန်ခံသည်မဟုတ်၊ တစ်ပါးအမျိုးသားအသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏” ဟုပြောခဲ့သည်။ (ရောမ ၁၆:၃၊ ၄) နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့၏ဇနီးတို့သည် မိမိတို့၏မိတ်ဆွေများအနေနှင့် ဧည့်ဝတ်ပြုရန်နှင့် ပေါင်းသင်းမှုပြုရန် တမင်တကာကြိုးစားရှာကြံကြသည့် ခေတ်သစ်အာကုလများနှင့် ပြစ်ကိလများရှိနေသည့်အတွက် ကျေးဇူးတင်နေကြသည်။
အသင်းတော်များကို မြဲမြံခိုင်ခံ့စေခြင်း
၁၇။ နယ်လှည့်ကြီးကြပ်မှူးအစီအစဉ်နောက်ဝယ်တွင် ဉာဏ်ပညာရှိကြောင်း အဘယ်ကြောင့်ဆိုနိုင်သနည်း။ သူတို့သည် မိမိတို့အတွက် ညွှန်ကြားချက်များကို အဘယ်မှရကြသနည်း။
၁၇ ‘ဉာဏ်ပညာသည် မိမိအပြုအမူများအားဖြင့် မိမိဖြောင့်မတ်သည်ကို ထင်ရှားစေ’ ဟုယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၁:၁၉၊ သမ္မာ) နယ်လှည့်ကြီးကြပ်မှူးအစီအစဉ် နောက်ဝယ်ရှိ ဉာဏ်ပညာသည် ဘုရားသခင့်လူမျိုးတော်၏ အသင်းတော်များကို ယင်းအစီအစဉ်က မြဲမြံခိုင်ခံ့စေရန် အကူအညီပေးခြင်းဖြင့် ထင်ရှားသည်။ ပေါလု၏ဒုတိယသာသနာပြုခရီးစဉ်အတွင်း သူနှင့်သိလတို့သည် အောင်အောင်မြင်မြင်ဖြင့် “အသင်းတော်များကို ခိုင်ခံ့မြဲမြံစေလျက်၊ ရှုရိပြည်၊ ကိလိကိပြည်တို့ကို လျှောက်သွားကြ၏။” တမန်တော်ကျမ်းက ကျွန်ုပ်တို့အား ဆက်ပြောသည်မှာ “သူတို့သည် မြို့များကိုလျှောက်သွားစဉ်တွင် ယေရုရှလင်မြို့၌နေသော တမန်တို့နှင့် သင်းအုပ်တို့သည် စီရင်သောပညတ်တို့ကို အသင်းတော်များကျင့်စောင့်ဖို့ရာ ပေးအပ်ကြသည်။ ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။” (တမန်တော် ၁၅:၄၀၊ ၄၁; ၁၆:၄၊ ၅) ယနေ့ခေတ်ရှိ နယ်လှည့်ကြီးကြပ်မှူးများသည် အခြားခရစ်ယာန်အားလုံးကဲ့သို့ပင် ဝိညာဏညွှန်ကြားချက်များကို ကျမ်းစာနှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” ၏စာပေများမှတစ်ဆင့် ရရှိကြသည်။—မဿဲ ၂၄:၄၅၊ သမ။
၁၈။ နယ်လှည့်ကြီးကြပ်မှူးတို့သည် အသင်းတော်များကို မည်သို့မြဲမြံခိုင်ခံ့စေကြသနည်း။
၁၈ မှန်ပါသည်၊ နယ်လှည့်အကြီးအကဲတို့သည် ယေဟောဝါ၏ဝိညာဏစားပွဲတွင် ဆက်၍စားသုံးနေရမည်။ သူတို့သည် ဘုရားသခင့်အဖွဲ့အစည်း လိုက်နာကျင့်သုံးသည့် နည်းစနစ်များ၊ ညွှန်ကြားချက်များနှင့် ကောင်းစွာအကျွမ်းဝင်ရမည်။ ဤသို့ဆိုလျှင် အဆိုပါအမျိုးသားများသည် အခြားသူများအတွက် ကောင်းချီးအမှန်ဖြစ်နိုင်သည်။ လယ်ကွင်းလုပ်ငန်းတွင် ဇွဲရှိခြင်းနှင့်ပတ်သက်သည့် သူတို့၏စံနမူနာကောင်းအားဖြင့် ယုံကြည်သူချင်းတို့ကို ခရစ်ယာန်ဓမ္မအမှုတွင် တိုးတက်ရန် သူတို့အကူအညီပေးနိုင်ကြသည်။ ဤလည်ပတ်ရောက်ရှိလာသော အကြီးအကဲများပေးသည့် ကျမ်းစာအခြေပြု ဟောပြောချက်များသည် နားထောင်သူများကို ဝိညာဉ်ရေးအရ တည်ဆောက်မှုဖြစ်စေသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်၏သြဝါဒကို လိုက်နာကျင့်သုံးရန်၊ ကမ္ဘာတစ်လွှားရှိဘုရားသခင့်လူမျိုးတော်နှင့် တညီတညွတ်တည်းအမှုဆောင်ရန်၊ ‘သစ္စာရှိကျွန်’ မှတစ်ဆင့် ဘုရားသခင်စီစဉ်ပေးတော်မူသည့် ဝိညာဏပြင်ဆင်ပေးချက်များကို အသုံးပြုစေရန် အခြားသူများအားအကူအညီပေးခြင်းအားဖြင့် နယ်လှည့်ကြီးကြပ်မှူးတို့သည် မိမိတို့လည်ပတ်ခွင့်ရသည့် အသင်းတော်များကို မြဲမြံခိုင်ခံ့စေကြသည်။
၁၉။ အဘယ်မေးခွန်းများ သုံးသပ်စရာ ကျန်ရှိနေသေးသနည်း။
၁၉ ယေဟောဝါ၏အဖွဲ့အစည်းသည် လွန်ခဲ့သည့် အနှစ်တစ်ရာကျော်ခန့်က ကျမ်းစာကျောင်းသားများအတွင်းတွင် နယ်လှည့်အကြီးအကဲလုပ်ငန်းကို အစပျိုးချိန်၌ ဤဂျာနယ်က “ကျွန်ုပ်တို့သည် ရလဒ်များနှင့် ဘုရားသခင်၏ နောက်ထပ်ဦးဆောင်မှုတို့ကို စောင့်ကြည့်ကြမည်” ဟုဖော်ပြခဲ့သည်။ ယေဟောဝါ၏ဦးဆောင်မှုကို အထင်အရှားတွေ့နေရပြီ။ ကိုယ်တော်၏ကောင်းချီးပေးမှုနှင့် အုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လုပ်ဆောင်မှုကြောင့် နှစ်များတစ်လျှောက် ဤလုပ်ငန်းကို တိုးချဲ့လာခဲ့၊ ပြုပြင်မွမ်းမံလာခဲ့သည်။ ရလဒ်အနေနှင့် ကမ္ဘာတစ်ခွင်ရှိ ယေဟောဝါသက်သေတို့၏အသင်းတော်များသည် ယုံကြည်ခြင်းတွင် တည်ကြည်မြဲမြံအောင်ပြုခြင်းခံရကာ အရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာသည်။ ယေဟောဝါရှင်သည် အဆိုပါလူတို့တွင်ဆုလာဘ်များ၏ ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို ကောင်းချီးပေးနေကြောင်း ထင်ရှားပါသည်။ သို့သော် နယ်လှည့်ကြီးကြပ်မှူးတို့သည် မိမိတို့လုပ်ငန်းကို မည်သို့အောင်မြင်စွာ ထမ်းဆောင်နိုင်မည်နည်း။ သူတို့၏ရည်ရွယ်ချက်များကား အဘယ်နည်း။ သူတို့သည် အကျိုးအများဆုံး မည်သို့ရရှိစေနိုင်သနည်း။
သင်မည်သို့ဖြေဆိုမည်နည်း
◻ တိုက်နယ်နှင့် ခရိုင်ကြီးကြပ်မှူးတို့၏တာဝန်များကား အဘယ်နည်း။
◻ နယ်လှည့်ကြီးကြပ်မှူးတို့သည် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိဖို့ အဘယ်ကြောင့် လိုသနည်း။
◻ နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့ဇနီးတို့၏လုပ်ငန်းကို တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့ပြသနိုင်သနည်း။
◻ နယ်လှည့်ကြီးကြပ်မှူးတို့သည် အသင်းတော်များကို ယုံကြည်ခြင်းတွင် တည်ကြည်မြဲမြံစေရန် မည်သည့်အရာကို လုပ်ဆောင်နိုင်ကြသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ခရီးသွားလာနေရခြင်းသည် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကိုတောင်းဆို
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
နယ်လှည့်ကြီးကြပ်မှူးများနှင့် သူတို့၏ဇနီးများကို သင်ဧည့်ဝတ်ပြုပြီးပြီလော