ကျွန်ုပ်တို့၏ မျက်နှာမလိုက်သောဘုရားသခင်ကို သင်တုပနေသလော
မျက်နှာမလိုက်ခြင်း—ယင်းကို မည်သည့်နေရာ၌တွေ့နိုင်သနည်း။ လုံးဝမျက်နှာမလိုက်၊ စိတ်စွန်းကွက်ခြင်း၊ မျက်နှာသာပိုပေးခြင်းနှင့် ခွဲခြားဆက်ဆံခြင်းမရှိသောပုဂ္ဂိုလ်တစ်ပါးရှိသည်။ ကိုယ်တော်ကား လူ့ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်ဖြစ်သည်။ သို့သော် လူသားတို့နှင့်ပတ်သက်ပြီး ၁၉ ရာစုအင်္ဂလိပ်စာရေးဆရာချားလ်စ်လန့်ဘ်က ဤသို့ပွင့်လင်းစွာရေးသားခဲ့သည်– “ရှင်းရှင်းပြောရရင် ကျွန်တော်ဟာ နှစ်သက်မှုနဲ့ မနှစ်သက်မှုပေါင်းစပ်ထားတဲ့—စိတ်စွန်းကွက်မှုတွေနဲ့ပြည့်နေတဲ့သူပါ။”
မျက်နှာမလိုက်ခြင်းနှင့်ပတ်သက်လာလျှင် လူတို့၏သဘောထားများတွင် ဝမ်းနည်းစရာကောင်းလောက်အောင်ကင်းမဲ့နေပါသည်။ လွန်ခဲ့သောရာစုနှစ်များစွာက ပညာရှိရှင်ဘုရင်ရှောလမုန်က “လူသည် တစ်ဦးပေါ်တစ်ဦးအကျိုးနစ်နာအောင်အုပ်စိုးလာခဲ့” ကြောင်းသတိပြုမိခဲ့သည်။ (ဒေသနာ ၈:၉၊ ကဘ) လူမျိုးရေးမုန်းတီးမှု၊ နိုင်ငံရေးပဋိပက္ခများနှင့်မိသားစုရန်ငြိုးများ ဆက်၍တိုးပွားနေသည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့ဘာသာ မျက်နှာမလိုက်သည့်အဖွဲ့အစည်းတစ်ခုကို ပေါ်ထွက်စေနိုင်သည်ဟု ယုံကြည်ခြင်းသည်လက်တွေ့ကျပါသလော။
ကျွန်ုပ်တို့၏သဘောထားကို ထိန်းချုပ်ရန်နှင့် အမြစ်စွဲနေသည့်စိတ်စွန်းကွက်မှုမှန်သမျှကို ပယ်ရှားပစ်ရန် မိမိအသိစိတ်ဖြင့်ကြိုးစားဖို့လိုသည်။ (ဧဖက် ၄:၂၂-၂၄) လူမှုရေးနှင့်ပညာရေးနယ်ပယ်၏ပုံသွင်းခံရသည့် ကျွန်ုပ်တို့၏မိသားစု၊ လူမျိုးနွယ်နှင့်နိုင်ငံနောက်ခံများတွင် အမြစ်တွယ်နေသည့်သဘောထားများကို အမှတ်မထင်ကျွန်ုပ်တို့ပိုင်ဆိုင်လိုပေမည်။ နူးညံ့ပုံပေါက်သည့်ဤသဘောထားများသည် ခိုင်မြဲစွာအမြစ်တွယ်လေ့ရှိပြီး မျက်နှာလိုက်ခြင်းသို့ဦးတည်စေသောသဘောထားများကို မြှောက်ထိုးပင့်ကော်လုပ်ပေးလေ့ရှိသည်။ စကော့တလန်လူမျိုးဥပဒေပညာရှင်နှင့်အယ်ဒီတာဖြစ်သူ လော့ဒ်ဖရန်စစ်ဂျက်ဖရီကပင် ဤသို့ဝန်ခံခဲ့သည်– “လူတစ်ဦးသည် မိမိ၌အမြစ်စွဲနေသည့်စိတ်စွန်းကွက်မှုများကို အချိန်ကြာကြာသတိမထားမိဘဲဖြစ်နိုင်သည်။”
လီနာaသည် မျက်နှာလိုက်လိုသောသဘောကိုတွန်းလှန်ဖို့ ကိုယ့်အသိစိတ်ဖြင့်ကြိုးစားအားထုတ်ရန်လိုကြောင်း ဝန်ခံသူတစ်ဦးဖြစ်သည်။ လူတစ်ဦး၏အတွင်းရှိ စိတ်စွန်းကွက်မှုခံစားချက်များကိုဖျောက်ဖျက်ရန် သူမဤသို့ဆိုသည်– “ပြုစုပျိုးထောင်ခံရခြင်းသည် အလွန်ပြင်းထန်သည့်သြဇာလွှမ်းမိုးမှုတစ်ခုဖြစ်သောကြောင့် များများကြိုးစားအားထုတ်ပါ။” အမြဲသတိပေးမှုများ လိုအပ်သည်ကိုလည်း လီနာအသိအမှတ်ပြုခဲ့သည်။
ယေဟောဝါ၏ မျက်နှာမလိုက်သောမှတ်တမ်း
ယေဟောဝါသည် မျက်နှာမလိုက်ခြင်းတွင် စုံလင်သောစံနမူနာရှင်ဖြစ်သည်။ သမ္မာကျမ်းစာ၏အဖွင့်စာမျက်နှာများမှ လူသားတို့နှင့်ဆက်ဆံရာတွင် ကိုယ်တော်မျက်နှာမလိုက်ကြောင်းတင်ပြခဲ့ပုံကို ကျွန်ုပ်တို့ဖတ်ရသည်။ ဤအထူးကောင်းမွန်သည့်စံနမူနာများနှင့် သတိပေးချက်များမှ ကျွန်ုပ်တို့များစွာသင်ယူနိုင်ပါသည်။
ဂျူးလူမျိုးဖြစ်သူတမန်တော်ပေတရုသည် စီ.အီး. ၃၆ တွင် ကော်နေလိနှင့်အခြားတစ်ပါးအမျိုးသားများထံ သတင်းကောင်းကြေညာရန် စနစ်တကျစီစဉ်ပေးသည့်ကိစ္စတွင်ယေဟောဝါသည် မျက်နှာမလိုက်ကြောင်းတင်ပြခဲ့သည်။ ထိုအချိန်တွင် ပေတရုဤသို့ပြောခဲ့သည်– “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်။”—တမန်တော် ၁၀:၃၄၊ ၃၅။
လူ့မိသားစုနှင့်ဆက်ဆံသည့်အခါတိုင်း ယေဟောဝါသည် မိမိ၏မျက်နှာမလိုက်မှုကို တစ်သမတ်တည်းပြသတော်မူခဲ့သည်။ မိမိ၏ခမည်းတော်အကြောင်း ခရစ်တော်ယေရှုဤသို့မိန့်မြွက်ခဲ့သည်– “ကောင်းသောသူမကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေတော်မူ၏။” (မဿဲ ၅:၄၅) ယေဟောဝါသည် မျက်နှာမလိုက်သောပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်မံ၍အထူးတလည်ချီးမွမ်းကာ ပေတရုဤသို့သက်သေခံခဲ့သည်– “မည်သူမျှဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှနောင်တရစေရန် ဆန္ဒရှိသောကြောင့် သင်တို့အပေါ်စိတ်ရှည်တော်မူ၏။”—၂ ပေတရု ၃:၉၊ ကဘ။
နောဧခေတ် “မြေကြီးပေါ်မှာလူအပြစ်ကြီး၍၊ သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်” သောအခါ လူသားလောကကိုဖျက်ဆီးရန် ယေဟောဝါအမိန့်ချမှတ်တော်မူခဲ့သည်။ (ကမ္ဘာဦး ၆:၅-၇၊ ၁၁၊ ၁၂) သို့သော် ဘုရားသခင့်အမိန့်တော်အရ နောဧသည် သူနှင့်တစ်ခေတ်တည်းသားများရှေ့မှောက်ထင်ထင်ရှားရှားတွင် သင်္ဘောဆောက်ခဲ့သည်။ သူနှင့်သူ၏သားများသင်္ဘောဆောက်နေစဉ် နောဧသည် “ဖြောင့်မတ်ခြင်းတရားကိုဟောသောသူတစ်ဦး” လည်းဖြစ်ခဲ့သည်။ (၂ ပေတရု ၂:၅) ထိုလူမျိုးဆက်၏ဆိုးညစ်သောနှလုံးသဘောကိုသိတော်မူသော်လည်းယေဟောဝါရှင်သည် မျက်နှာမလိုက်ဘဲ ရှင်းလင်းပြတ်သားသည့်သတင်းတရားကို ကြားသိစေတော်မူခဲ့သည်။ ကိုယ်တော်သည် နောဧအား သင်္ဘောဆောက်ပြီးဟောပြောစေခြင်းဖြင့် သူတို့၏စိတ်နှလုံးများကို ညွှတ်ပျောင်းလာစေလိုတော်မူသည်။ သူတို့သည် တုံ့ပြန်ရန်အခွင့်အရေးကျိန်းသေရခဲ့သော်လည်း မတုံ့ပြန်ဘဲ “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကိုသုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့” နေကြသည်။—မဿဲ ၂၄:၃၉။
ယေဟောဝါ၏မျက်နှာမလိုက်ခြင်းဆိုင်ရာ အလွန်ကောင်းမွန်သည့်ပုံသက်သေပါတကား! ဤနောက်ဆုံးသောကာလတွင် ယင်းက ဘုရားသခင့်ကျေးကျွန်များအား အလားတူမျက်နှာမလိုက်ခြင်းဖြင့် နိုင်ငံတော်သတင်းကောင်းကြေညာရန် လှုံ့ဆော်ပေးသည်။ ထို့အပြင် သူတို့သည် ယေဟောဝါ၏ကလဲ့စားချေရာနေ့အကြောင်း မကြေညာဘဲမနေကြပါ။ လူတကာရှေ့တွင် သူတို့သည် လူတိုင်းကြားရရန် မျက်နှာလိုက်ခြင်းမရှိဘဲ ယေဟောဝါ၏သတင်းတရားကို တင်ဆက်ကြသည်။—ဟေရှာယ ၆၁:၁၊ ၂။
ရှေးဘိုးဘေးအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးခဲ့သည့် ဘုရားသခင့်ကတိတော်များက ကိုယ်တော်သည် မျက်နှာမလိုက်သောဘုရားဖြစ်ကြောင်း ထင်ရှားစေသည်။ သူတို့၏သတ်မှတ်ထားသောဆွေစဉ်မျိုးဆက်မှ ‘မြေကြီးပေါ်ရှိလူမျိုးခပ်သိမ်းတို့သည် ကောင်းချီးမင်္ဂလာခံရ’ စေမည့်ခန့်အပ်ခံရသူ ဆင်းသက်လာမည်။ (ကမ္ဘာဦး ၂၂:၁၈; ၂၆:၄; ၂၈:၁၄) ခရစ်တော်ယေရှုသည် ခန့်အပ်ခံရသူဖြစ်ကြောင်းသက်သေထူတော်မူခဲ့သည်။ ယေဟောဝါသည် ယေရှု၏သေခြင်းနှင့်ထမြောက်ခြင်းအားဖြင့် နာခံသောလူသားအားလုံးအတွက် ကယ်တင်ခြင်းလမ်းစဉ်ကို စီမံပေးတော်မူသည်။ မှန်ပါသည်၊ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာမှအကျိုးကျေးဇူးများကို မျက်နှာကြီးငယ်မရွေးရရှိနိုင်ပါသည်။
မောရှေခေတ်က ယေဟောဝါ၏မျက်နှာမလိုက်မှုသည် ဇလောဖဒ်၏သမီးတို့နှင့်ဆက်ဆံရာတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးနည်းဖြင့် ထင်ရှားခဲ့သည်။ ဤအမျိုးသမီးငါးယောက်တို့သည် ကတိထားရာပြည်တွင် သူတို့ဖခင်၏အမွေကိစ္စနှင့်ပတ်သက်၍ အကျပ်အတည်းရင်ဆိုင်ခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဣသရေလနိုင်ငံတွင် မြေအမွေကို သားယောက်ျားများမှတစ်ဆင့်ပေးရန် ထုံးစံရှိသောကြောင့်ဖြစ်သည်။ သို့သော် ဇလောဖဒ်သည် အမွေဆက်ခံမည့်သားမကျန်ရစ်ဘဲ သေဆုံးခဲ့သည်။ ထို့ကြောင့် ဇလောဖဒ်၏သမီးငါးယောက်တို့သည် မျက်နှာမလိုက်ဘဲပြုမူဆက်ဆံရန်မောရှေရှေ့တွင်ဤသို့တောင်းဆိုခဲ့သည်– “သားယောက်ျားမရှိသောကြောင့်၊ အကျွန်ုပ်တို့အဘ၏အမည်သည် အကျွန်ုပ်တို့အဆွေအမျိုး၌ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အားအမွေပေးပါ။” သူတို့၏လျှောက်ဆိုချက်ကို ယေဟောဝါနားထောင်ခဲ့ပြီး မောရှေအား ဤသို့ညွှန်ကြားခဲ့သည်– “လူသည်သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ရောက်စေရမည်။”—တောလည်ရာ ၂၇:၁-၁၁။
မေတ္တာပါသောမျက်နှာမလိုက်သည့် ဖြတ်ထုံးတစ်ခုပါတကား! အနွယ်တစ်နွယ်၏အမွေ အခြားအနွယ်လက်သို့ မရောက်စေရန်သေချာဖို့ သမီးဖြစ်သူတို့သည် အိမ်ထောင်ပြုသောအခါ “သူတို့အဘ၏အနွယ်ချင်းသာ၊ နှစ်သက်သူနှင့်” အိမ်ထောင်ပြုရန်တောင်းဆိုခံခဲ့ရသည်။—တောလည်ရာ ၃၆:၅-၁၂၊ သမ။
ယေဟောဝါ၏မျက်နှာမလိုက်မှုကို ထပ်ဆင့်ထိုးထွင်းသိမြင်ရသည့်အရာကို တရားသူကြီးနှင့်ပရောဖက်ဖြစ်သူရှမွေလခေတ်တွင်တွေ့ရသည်။ ယေဟောဝါသည် ယုဒအနွယ်ဗက်လင်မြို့သားယေရှဲမိသားစုမှ ဘုရင်သစ်တစ်ပါးကို ဘိသိက်ပေးရန် သူ့အားတာဝန်ပေးခဲ့သည်။ သို့သော် ယေရှဲတွင် သားရှစ်ယောက်ရှိသည်။ မည်သူသည် ဘုရင်အဖြစ်ဘိသိက်ပေးခံရမည်နည်း။ ဧလျာဘ၏အရပ်အမောင်းက ရှမွေလအားအထင်ကြီးသွားစေခဲ့သည်။ သို့သော် အပြင်ပန်းအသွင်အပြင်က ယေဟောဝါအား စိတ်မယိုင်သွားစေပါ။ ရှမွေလအား ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သည်– “သူ၏မျက်နှာ၊ သူ၏အရပ်ကိုမကြည့်မရှုနှင့် . . . ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။” ယေရှဲ၏သားထွေးဒါဝိဒ်ကို ရွေးချယ်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၆:၁၊ ၆-၁၃။
ယေဟောဝါ၏မျက်နှာမလိုက်မှုမှသင်ခန်းစာယူခြင်း
ခရစ်ယာန်အကြီးအကဲများသည် ယုံကြည်သူချင်းတစ်ဦး၏ ဝိညာဏအရည်အသွေးများကိုကြည့်ရှုခြင်းဖြင့် ယေဟောဝါကိုတုပသင့်သည်။ လူတစ်ဦးကို မိမိတို့၏ကိုယ်ပိုင်စံနှုန်းများဖြင့်စီရင်ချက်ချရန်လွယ်ကူရာ၊ ကိုယ်ရေးကိုယ်တာခံစားချက်များက မိမိတို့၏စီရင်ချက်ကို အမှောင်ဖုံးခွင့်ပြုလိုက်သည်။ “ကိုယ်ပိုင်ကြိုတင်လက်ခံထားတဲ့ယူဆချက်တွေကို အခြေမခံဘဲ ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ အခြားသူတွေကိုဆက်ဆံဖို့ ကျွန်တော်ကြိုးစားပါတယ်” ဟုအကြီးအကဲတစ်ဦးထုတ်ပြောခဲ့သကဲ့သို့ဖြစ်သည်။ ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို မိမိတို့၏စံနှုန်းအဖြစ်အသုံးပြုခြင်းသည် ကိုယ်တော့်ကျေးကျွန်အားလုံးအတွက် အလွန်အကျိုးရှိပါသည်တကား!
ရှေ့တွင်တင်ပြခဲ့သော ကျမ်းစာပါစံနမူနာများက လူမျိုးရေး သို့မဟုတ် အမျိုးသားရေးဆိုင်ရာစိတ်စွန်းကွက်မှုနှင့်ပတ်သက်သော တနုံ့နုံ့ခံစားချက်များကိုတွန်းလှန်ရန် ကျွန်ုပ်တို့အားအကူအညီပေးသည်။ ယေဟောဝါ၏မျက်နှာမလိုက်ခြင်းကို တုပခြင်းဖြင့် ကျွန်ုပ်တို့သည် ခရစ်ယာန်အသင်းတော်ကို စိတ်စွန်းကွက်မှုရှိခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ မျက်နှာသာပိုပေးခြင်းတို့မှ ကာကွယ်ကြသည်။
‘ဘုရားသခင်သည် မျက်နှာကြီးငယ်လိုက်တော်မမူ’ ကြောင်းတမန်တော်ပေတရုသိခဲ့သည်။ (တမန်တော် ၁၀:၃၄၊ သတင်းကောင်း) မျက်နှာသာပိုပေးခြင်းသည် မျက်နှာမလိုက်ခြင်း၏ရန်သူဖြစ်ပြီး မေတ္တာနှင့်စည်းလုံးမှုမူများကို ချိုးဖောက်ခြင်းဖြစ်သည်။ ယေရှုသည် ဆင်းရဲသူ၊ အားနည်းသူနှင့်နိမ့်ကျသူတို့ကို ကရုဏာသက်ပြီး သူတို့၏ဝန်ကိုပေါ့စေခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀) ကိုယ်တော်သည် လူတို့အပေါ် နိုင်လိုမင်းထက်ပြုပြီး လေးလံသောစည်းမျဉ်းများဖြင့်ဝန်လေးစေကြသော ဂျူးဘာသာရေးခေါင်းဆောင်များနှင့်လုံးလုံးဆန့်ကျင်ဘက်တွင် မားမားမတ်မတ်ရပ်တည်ခဲ့သည်။ (လုကာ ၁၁:၄၅၊ ၄၆) ဤသို့ပြုခြင်းနှင့် ချမ်းသာသူနှင့်ထင်ရှားသူကိုသာမျက်နှာသာပိုပေးခြင်းသည် ခရစ်တော်၏သွန်သင်ချက်များနှင့်လုံးဝမညီညွတ်ပါ။—ယာကုပ် ၂:၁-၄၊ ၉။
ယနေ့ခရစ်ယာန်အကြီးအကဲများသည် ခရစ်တော်၏ဦးစီးမှုကိုလက်အောက်ခံပြီး ယေဟောဝါအားဆက်ကပ်အပ်နှံထားသူအားလုံးကို မျက်နှာမလိုက်ကြောင်းတင်ပြကြသည်။ သူတို့သည် ‘ဘုရားသခင်၏သိုးတော်စုကိုထိန်းကျောင်း’ သည်နှင့်အမျှ စီးပွားရေးအဆင့်အတန်း၊ ဥပဓိရုပ်ကွဲပြားမှုများ သို့မဟုတ် မိသားစုနှောင်ကြိုးကြောင့် မျက်နှာသာပိုပေးခြင်းကိုရှောင်ကြဉ်ကြသည်။ (၁ ပေတရု ၅:၂) မျက်နှာမလိုက်သောဘုရားကိုတုပပြီး မျက်နှာသာပိုပေးသည့်လုပ်ရပ်များနှင့်စပ်လျဉ်းသည့် ကိုယ်တော့်သတိပေးချက်ကိုလိုက်နာခြင်းဖြင့် ခရစ်ယာန်အကြီးအကဲများသည် အသင်းတော်တွင် မျက်နှာမလိုက်သည့်စိတ်ဓာတ်ကို မြေတောင်မြှောက်ပေးကြသည်။
ယေဟောဝါသက်သေတို့၏ခရစ်ယာန်အသင်းတော်သည် အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းတစ်ခုဖြစ်သည်။ စိတ်စွန်းကွက်မှုကင်းပြီး မျက်နှာမလိုက်သည့်အဖွဲ့အစည်းသည် ယေရှုခရစ်၏ညွှန်ကြားမှုအောက် အမှန်တကယ်ရှိနိုင်ကြောင်း သက်ရှိထင်ရှားသောသာဓကဖြစ်သည်။ သက်သေခံများသည် “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်” ကြသည်။ (ဧဖက် ၄:၂၄) မှန်ပါသည်၊ သူတို့သည် မျက်နှာမလိုက်သောဘုရားယေဟောဝါ၏ စုံလင်သောစံနမူနာတော်မှသင်ယူနေကြပြီး မျက်နှာလိုက်ခြင်းရှိသမျှနှင့်ကင်းသောကမ္ဘာသစ်တွင် ထာဝရအသက်ရရှိရန်အလားအလာရှိထားပါသည်။—၂ ပေတရု ၃:၁၃။
[အောက်ခြေမှတ်ချက်များ]
a အစားထိုးနာမည်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဘုရားသခင်သည်မျက်နှာမလိုက်ကြောင်း တမန်တော်ပေတရုသိခဲ့သည်