မိမိတို့၏ဖန်ဆင်းရှင်ကို သတိရသောလူငယ်များ
‘ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို သတိရလော့။’—ဒေသနာ ၁၂:၁။
၁။ ကျွန်ုပ်တို့ဖန်ဆင်းရှင်သည် သူ့အတွက် အမှန်ရှိသည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း ၁၁ နှစ်အရွယ်လူငယ်လေး မည်သည့်စကားများကို ဖွင့်ဟခဲ့သနည်း။
သူတို့လေးစားကြပြီး စိတ်တော်နှင့်တွေ့စေလိုသည့်တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ယေဟောဝါဘုရားသခင်ကို သဘောထားကြကြောင်းဖော်ပြသည့်နည်းဖြင့် လူငယ်မောင်မယ်တို့ ပြောဆိုပြုမူသောအခါ ပီတိဖြာစရာပင်! ၁၁ နှစ်အရွယ်ရှိ လူငယ်လေးတစ်ယောက်က “ကျွန်တော်တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ ပြတင်းပေါက်ကနေကြည့်လိုက်တဲ့အခါ အင်မတန်အံ့မခန်းဖွယ်ကောင်းတဲ့ ယေဟောဝါရှင်ရဲ့ ဖန်ဆင်းရာတွေကို ရှုစားလိုက်ရတယ်။ အဲ့ဒီနောက် အနာဂတ်မှာ ပရဒိသုဖြစ်လာမယ့်ပုံနဲ့ အဲ့ဒီကျရင် တိရစ္ဆာန်တွေကို ဘယ်လိုပွတ်သပ်ပေးနိုင်မယ်ဆိုတာတွေကို စိတ်ကူးယဉ်မိတယ်” ဟုဆိုသည်။ (ဟေရှာယ ၁၁:၆-၉) “ကျွန်တော်တစ်ယောက်တည်းရှိတဲ့အချိန်မှာ ယေဟောဝါရှင်ကို ဆုတောင်းတယ်။ ကိုယ်တော်နဲ့တစ်ချိန်လုံးစကားပြောနေတဲ့အတွက် ကိုယ်တော်ဟာ ကျွန်တော့်ကို စိတ်ဆိုးမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ကိုယ်တော်ဟာ ကျွန်တော့်ကို အမြဲတမ်းစောင့်ကြည့်နေတယ်ဆိုတာ ကျွန်တော်သိတယ်” ဟုသူဆက်ပြောသည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အဆိုပါလုလင်လေးအတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်သကဲ့သို့ သင့်အတွက်လည်း ထပ်တူထပ်မျှပင်လော။
ဘုရားသခင်သည် သင့်အတွက် တကယ့်ပုဂ္ဂိုလ် မည်သို့ဖြစ်သနည်း
၂။ (က) သင့်ဖန်ဆင်းရှင်သည် သင့်အတွက် အမှန်တကယ်ရှိသူ မည်သို့ဖြစ်လာစေနိုင်သနည်း။ (ခ) ဘုရားသခင်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း နားလည်လာရန် မိမိတို့သားသမီးများကို ထောက်ကူပေးရာတွင် မိဘတို့သည် မည်သည့်အပိုင်းတွင် ပါဝင်နိုင်သနည်း။
၂ ယေဟောဝါရှင်နှင့် ကိုယ်တော့်ကတိတော်များသည် သင့်အတွက် အစစ်အမှန်ဖြစ်စေဖို့ ကိုယ်တော်အကြောင်းနှင့် ကျမ်းစာတွင်ဖော်ပြထားသည့် ဖြောင့်မတ်သောကမ္ဘာသစ်တွင် သင့်အား ကိုယ်တော်ကမ်းလှမ်းထားတော်မူသည့် အံ့မခန်းဖွယ်အနာဂတ်တို့အကြောင်း ဦးစွာသင်ယူရမည်။ (ဗျာဒိတ် ၂၁:၃၊ ၄) သင့်မိဘများက ဤအရာများအကြောင်း သင့်ကို သင်ပေးခဲ့ပါက ကျေးဇူးတင်စရာဖြစ်သည်၊ အကြောင်းမှာ ယင်းက ‘ယခုပင် သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို သတိရလော့’ ဟူသည့် မှုတ်သွင်းခံမိန့်မှာချက်ကို သင်လိုက်နာနိုင်စေခဲ့သောကြောင့်ဖြစ်သည်။ (ဒေသနာ ၁၂:၁) သူမငယ်ရွယ်စဉ် မိဘများ၏လေ့ကျင့်ပေးမှုနှင့်ပတ်သက်၍ လူငယ်တစ်ဦးက “ဘဝကဏ္ဍတိုင်းဟာ ယေဟောဝါရှင်နဲ့ အမြဲတမ်းပတ်သက်နေပါတယ်။ အဲ့ဒီအချက်ဟာ ကျွန်မရဲ့ဖန်ဆင်းရှင်ကို သတိရဖို့ သော့ချက်ပဲ” ဟုဆိုသည်။ နောက်လုံမငယ်တစ်ဦးက “ယေဟောဝါဟာ တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း သွန်သင်ပေးတဲ့ကျွန်မရဲ့မိဘတွေကို ထာဝစဉ်ကျေးဇူးတင်နေမှာပါ။ ကိုယ်တော်ကို ဘယ်ပုံဘယ်နည်းချစ်ရမယ်ဆိုတာကို ပြသပေးပြီး ကိုယ်တော်ရဲ့အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်ခြင်းကရတဲ့ ရွှင်လန်းမှုအကြောင်း ကျွန်မကို ပြောပြခဲ့ကြတယ်” ဟုထုတ်ဖော်ပြောဆိုသည်။
၃၊ ၄။ ယေဟောဝါရှင်ကို တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ် ယူမှတ်ရန် သင့်အားအဘယ်အရာ ထောက်ကူပေးနိုင်သနည်း။
၃ သို့သော် များစွာသောသူများမူ ဘုရားသခင်ကို မိမိတို့အားစိတ်ဝင်စားသည့် တကယ့်ပုဂ္ဂိုလ်အဖြစ် သဘောထားဖို့ အခက်တွေ့ကြသည်။ အသင်ကော။ လူငယ်တစ်ဦးမူ “ယေဟောဝါဘုရားသည် ခန္ဓာကိုယ်အနေနှင့် မည်မျှကြီးမားသည်ကို ကျွန်ုပ်တို့မသိပါ” ဟူသည့် ကင်းမျှော်စင်ပါ ဖော်ပြချက်တစ်ခုကြောင့် ကိုယ်တိုင်ကိုယ်ကျ ဘုရားသခင်အကြောင်းစဉ်းစားဖို့ ထောက်ကူပေးခြင်းခံခဲ့ရသည်။ အမှန်မှာ ဘုရားသခင်၏ထူးကဲကြီးမြတ်မှုသည် ခန္ဓာကိုယ်အရွယ်အစားနှင့် ပုံပန်းသဏ္ဌာန်ပေါ်တွင် မူမတည်ဘဲ ကင်းမျှော်စင်ပါ နောက်ဝါကျက ပြောသကဲ့သို့ “ဘုရားသခင်၏အမှန်တကယ်ကြီးမြတ်မှုမှာ ကိုယ်တော်သည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်သည်ဟူသောအချက်ပေါ်တွင် မူတည်သည်၊” အမှန်ပင် သစ္စာရှိသော၊ သနားကြင်နာတတ်သော၊ မေတ္တာပြည့်ဝသော၊ ခွင့်လွှတ်တတ်သောဘုရားသခင်မျိုးဖြစ်သည်။a (ထွက်မြောက်ရာ ၃၄:၆; တရားဟောရာ ၃၂:၄; ဆာလံ ၈၆:၅; ယာကုပ် ၅:၁၁) သင်သည် ယေဟောဝါရှင်ကို အဖိုးတန်သောမိတ်သဟာရဖြစ်ခွင့်ရရှိနိုင်သည့် ယုံကြည်စိတ်ချရသောမိတ်ဆွေတစ်ယောက်အဖြစ် ရှုမြင်လာပြီလော။—ဟေရှာယ ၄၁:၈; ယာကုပ် ၂:၂၃။
၄ ယေရှုသည် မိမိ၏အစောပိုင်းနောက်တော်လိုက်များကို ဘုရားသခင်နှင့် ပုဂ္ဂလိကဆက်ဆံရေးရရှိဖို့ ကူညီပေးတော်မူခဲ့သည်။ ထို့ကြောင့် တမန်တော်ယောဟန်သည် မိမိမျှော်လင့်ထားသော ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ရေးသားသောအခါ “ငါတို့သည် ကိုယ်တော်နှင့်တူကြလတ္တံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ငါတို့သည်မြင်ရကြလတ္တံ့” ဟုသူယူမှတ်ခဲ့သည်။ (၁ ယောဟန် ၃:၂; ၁ ကောရိန္သု ၁၅:၄၄) ဘုရားသခင်ကို အထည်ကိုယ်အားဖြင့် သူတို့မမြင်နိုင်ကြသော်လည်း ကောင်းစွာသိကျွမ်းလာနိုင်သည့် တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ်ရှုမြင်ရန် ယနေ့အချိန်ရှိ လူငယ်များအား အကူအညီပေးနိုင်သည်။ လူငယ်တစ်ဦးက “ ‘ယေဟောဝါ ဘာပြောမလဲ။ သားရဲ့ကိုယ်ပိုင်စကားနဲ့ ဘယ်လိုရှင်းပြမလဲ။ ဘာအဓိပ္ပာယ်လဲ’ ဆိုတဲ့ မေးခွန်းလိုမျိုးတွေအများကြီးမေးပြီး ယေဟောဝါရှင်ကို သတိရစေဖို့ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အကူအညီပေးခဲ့တယ်” ဟုဆိုသည်။ ဤကဲ့သို့သောမေးခွန်းများက ကျွန်ုပ်တို့အား ဘုရားသခင်နှင့် မိမိတို့၏ပုဂ္ဂလိကဆက်ဆံရေးအကြောင်း စဉ်းစားစေသည်မဟုတ်လော။
သတိရပါဟူသည် မည်သို့ဆိုလိုသနည်း
၅။ တစ်စုံတစ်ယောက်ကို သတိရခြင်းသည် သူ၏နာမည်ကို ပြန်မှတ်မိခြင်းထက်မကပါဝင်ကြောင်း မည်သည့်ကျမ်းစာနမူနာများက ပြသနည်း။
၅ ‘ယခုပင် သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို သတိရလော့၊’ ဟူသည့်မိန့်မှာချက်ကို လိုက်နာခြင်းဟူသည် ယေဟောဝါရှင်အကြောင်း တွေးတောခြင်းထက်မကပါ။ ယင်းတွင် အပြုအမူပါဝင်ပြီး ကိုယ်တော်နှစ်သက်သည့်အရာကို လုပ်ခြင်းပါဝင်သည်။ ရာဇဝတ်သားက ယေရှုအား “နိုင်ငံတော်သို့ ကြွလာသော် ကျွန်တော်ကို သတိရတော်မူပါ” ဟုအသနားခံသောအခါ သူသည် မိမိ၏နာမည်ကို ပြန်သတိရရုံထက်မက ယေရှုလုပ်ပေးစေလိုသည်။ မိမိကို ယေရှု အရေးတယူလုပ်ဆောင်ပေးစေလို၊ ရှင်ပြန်ထမြောက်ပေးစေလိုသည်။ (လုကာ ၂၃:၄၂၊ သမ) အလားတူစွာ ထောင်နန်းစံနေရသည့် ယောသပ်က မိမိကို သတိရပြီး ဖာရောမင်းထံတွင်လျှောက်တင်ပေးဖို့ ဖာရော၏ဖလားတော်ဝန်ထံ တောင်းခံသောအခါ မိမိအကျိုးအလို့ငှာ တစ်ခုခုလုပ်ဆောင်ပေးဖို့ မျှော်လင့်ခဲ့သည်။ ထို့အပြင် ယောဘက ဘုရားသခင်ထံတွင် ‘အကျွန်ုပ်ကို သတိရတော်မူပါ’ ဟုအသနားခံတောင်းလျှောက်သောအခါ အနာဂတ်တစ်ချိန်ချိန်တွင် ဘုရားသခင်က သူ့ကိုရှင်ပြန်ထမြောက်ပေးပါရန် ယောဘတောင်းဆိုနေခြင်းဖြစ်သည်။—ယောဘ ၁၄:၁၃၊ သမ; ကမ္ဘာဦး ၄၀:၁၄၊ ၂၃။
၆။ “သတိရ” ဟူသည့် ဟေဗြဲစကားလုံးသည် သတိရနေသည့်အရာ သို့မဟုတ် ပုဂ္ဂိုလ်ကို တွယ်တာမှုသဘော မည်သို့ဆောင်သနည်း။
၆ “သတိရပါ” ဟုပြန်ဆိုထားသည့် ဟေဗြဲစကားလုံးသည် “စိတ်တွင်တွယ်တာခြင်းနှင့် လုပ်ဆောင်မှုနှင့်ဒွန်တွဲသောအမှတ်ရခြင်း” ဟူသည့်သဘောဆောင်လေ့ရှိကြောင်း အာဘော်တစ်ခုကဆိုသည်။ “သတိရ” ဟူသည့် စကားလုံးနှင့်ဆက်နွှယ်သော “တွယ်တာခြင်း” ကို တောကန္တာရတွင် ‘ရောနှောထားသောလူအုပ်’ က ‘အီဂျစ်ပြည်တွင် စားခဲ့ရသောငါးကို သတိရကြပါ၏!’ ဟူသည့် ကြွေးကြော်မှုတွင် တွေ့မြင်နိုင်သည်။ ယောဘသည် ဘုရားသခင်က လိုလိုလားလား သတိရဖို့အတွက် အသနားခံတောင်းလျှောက်ခဲ့သကဲ့သို့ ဟေဇကိ၊ နေဟမိ၊ ဒါဝိဒ်နှင့် အမည်ဖော်ပြမထားသော ဆာလံဆရာတစ်ဦးတို့လည်း ယေဟောဝါက သူတို့၏သစ္စာရှိမှုကို အသိအမှတ်ပြုကာ တွယ်တာမှုဖြင့် သတိရပေးဖို့ တိုးလျှိုးတောင်းပန်ခဲ့ကြသည်။—တောလည်ရာ ၁၁:၄၊ ၅၊ သမ; ၄ ဓမ္မရာဇဝင် ၂၀:၃; နေဟမိ ၅:၁၉; ၁၃:၃၁; ဆာလံ ၂၅:၇; ၁၀၆:၄။
၇။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို တွယ်တာကာ သတိရကြမည်ဆိုလျှင် ယင်းက ကျွန်ုပ်တို့၏အပြုအမူအပေါ် မည်သို့အကျိုးသက်ရောက်မည်နည်း။
၇ သို့ဖြစ်၍ ကျွန်ုပ်တို့မေးနိုင်သည်ကား ‘ကျွန်ုပ်တို့သည် မိမိတို့၏ဖန်ဆင်းရှင်ကို တွယ်တာကာ ကိုယ်တော်စိတ်ထိခိုက်နာကျင်သွားစေမည့် မည်သည့်အရာကိုမဆို ရှောင်ရန် သတိရကြပါသလော။’ လူငယ်တစ်ဦးက “ယေဟောဝါရှင်ဟာ ခံစားတတ်ကြောင်းသိအောင် အမေက ကျွန်မကို ထောက်ကူပေးခဲ့ပြီး ကျွန်မရဲ့အပြုအမူတွေဟာ ကိုယ်တော်အပေါ် ကောင်းကျိုးဆိုးကျိုးသက်ရောက်တယ်ဆိုတာကို ငယ်ငယ်ကတည်းက သိခဲ့တယ်” ဟုပြောခဲ့သည်။ (ဆာလံ ၇၈:၄၀-၄၂) နောက်တစ်ယောက်ကမူ “ကျွန်မရဲ့အပြုအမူတွေဟာ ယေဟောဝါကို စိန်ခေါ်ထားတဲ့ စာတန့်စိန်ခေါ်ချက်ကို တုံ့ပြန်ချေပရာမှာ ထောက်ကူမယ် ဒါမှမဟုတ် ထိခိုက်မယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မဟာ ယေဟောဝါရှင်ရဲ့နှလုံးကို ရွှင်ပြုံးစေချင်တဲ့အတွက် ကျွန်မကို ထောက်မပေးခဲ့ပါတယ်၊ ယနေ့မှာလည်း ဆက်ပြီးထောက်မပေးနေပါတယ်” ဟုရှင်းပြခဲ့သည်။—သု. ၂၇:၁၁။
၈။ (က) ကျွန်ုပ်တို့သည် ယေဟောဝါရှင်ကို တွယ်တာမှုဖြင့် သတိရကြောင်း မည်သည့်လုပ်ဆောင်ချက်က ဖော်ပြမည်နည်း။ (ခ) လူငယ်များသည် မည်သည့်မေးခွန်းများကို ပညာရှိရှိသုံးသပ်ကြမည်နည်း။
၈ ဝန်ခံရမည်မှာ ဤလောကဆိုးတွင် ယေဟောဝါနှစ်သက်တော်မူသည့်လုပ်ဆောင်မှုတွင် အပြည့်အဝပါဝင်ကာ ကိုယ်တော်ကို သတိရဖို့ဆိုသည်မှာ အမြဲမလွယ်ကူပါ။ သို့တိုင် သင်သည် ရှေ့ဆောင်ဓမ္မအမှုဆောင်တစ်ဦးအဖြစ်နှင့် အချိန်ပြည့်ခရစ်ယာန်လုပ်ငန်းကို လုပ်ဆောင်ခြင်းအားဖြင့်—ယနေ့အချိန်တွင် ဘုရားကိုကြောက်ရွံ့သည့် ထောင်နှင့်ချီသော လူငယ်များကိုမဆိုဘဲ—ပထမရာစုမှ လူငယ်တိမောသေကို တုပနိုင်လျှင် အလွန်ကောင်းလိုက်မည်ဖြစ်ခြင်း! (တမန်တော် ၁၆:၁-၃; ၁ သက်သာလောနိတ် ၃:၂) သို့သော် ရှေ့ဆောင်ဓမ္မအမှုတွင် ကိုယ့်ကိုယ်ကို ထောက်ပံ့နိုင်ပါမည်လော။ အကယ်၍အိမ်ထောင်ကျလျှင် မိသားစုဝင်များကို ထောက်ပံ့ဖို့အရည်အသွေးရှိပါမည်လောဟု မေးပေမည်။ (၁ တိမောသေ ၅:၈) ယင်းတို့သည် အရေးပါသောမေးခွန်းများဖြစ်ပြီး သင်အလေးအနက်တွေးတောဖို့ အရေးကြီးသည်။
ရည်ရွယ်ချက်တစ်ခုရှိသော ပညာရေး
၉။ လောကီပညာရေးနှင့်စပ်လျဉ်း၍ မည်သည့်ဆုံးဖြတ်ချက်ချစရာကို လူငယ်တို့ရင်ဆိုင်ကြရသနည်း။
၉ လူ့အဖွဲ့အစည်းသည် ပို၍ရှုပ်ထွေးလာသည်နှင့်အမျှ ရှေ့ဆောင်လုပ်ငန်းတွင် မိမိကိုယ်ကိုထောက်ပံ့နိုင်ဖို့ အလုပ်အကိုင်ကောင်းကောင်းရရန် သာ၍အဆင့်မြင့်သောကျောင်းပညာရေးလိုအပ်ပေမည်။ တက္ကသိုလ်ပညာသင်ထားသူတချို့ပင် ယနေ့ခေတ်ရှိ အလုပ်ရှင်တို့က တန်ဖိုးထားသော စွမ်းရည်သစ်များရရှိအောင် ကျောင်းထပ်တက်ရကြကြောင်း သင်သတိပြုမိပေမည်။ ထို့ကြောင့် ဘုရားသခင်နှစ်သက်တော်မူစေလိုသည့် အသင်လူငယ်မောင်မယ်တို့ ကျောင်းပညာရေးကို မည်သည့်အတိုင်းအတာအထိ ဆည်းပူးကြမည်နည်း။ ‘ယခုပင် သင့်ကိုဖန်ဆင်းတော်မူရှင်ကို သတိရလော့’ ဟူသည့် မှုတ်သွင်းခံမိန့်မှာချက်ကို စိတ်စွဲမှတ်ကာ ဆုံးဖြတ်ချက်ကို သင့်လျော်စွာချသင့်သည်။
၁၀။ ကျွန်ုပ်တို့ရရှိနိုင်သည့် အကောင်းဆုံးပညာရေးကားအဘယ်နည်း။
၁၀ လောကီအာဏာပိုင်အများကပင် အကောင်းဆုံးပညာရေးအဖြစ် ယူမှတ်ထားသည့်—ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဂရုတစိုက်လေ့လာမှုမှ သိမြင်လာသည့် ပညာရေးကို သင်ဆည်းပူးလိုမည်မုချ။ “[လူတစ်ဦး၏] ဉာဏ်ပညာ သာ၍တိုးတက်လာလေလေ ကျမ်းစာကို ပညာရေး၏အခြေခံအဖြစ်ကော ပညာရေး၏လက်သုံးအဖြစ်ပါ အသုံးပြုသွားဖို့ သာ၍လုံးလုံးလျားလျားဖြစ်နိုင်လေပါပဲ” ဟုဂျာမန်စာရေးဆရာ ယိုဟန်းဗော်လ်ဖ်ဂဲန်က သတိပြုခဲ့သည်။ မှန်ပါသည်၊ ကျမ်းစာကိုသင်ယူခြင်းသည် အခြားမည်သည့်ပညာရေးထက်မဆို သင့်ဘဝကို သာ၍ကောင်းစွာပြင်ဆင်ပေးမည်တည်း!—သု. ၂:၆-၁၇; ၂ တိမောသေ ၃:၁၄-၁၇။
၁၁။ (က) ကျွန်ုပ်တို့လုပ်ဆောင်နိုင်သည့် အရေးအကြီးဆုံးလုပ်ငန်းကား အဘယ်နည်း။ (ခ) လူငယ်တစ်ဦးသည် အတော်အတန်မြင့်မားသော ပညာရေးကို ရယူရန် အဘယ်ကြောင့်ရွေးချယ်ခဲ့သနည်း။
၁၁ ဘုရားသခင်ကိုသိကျွမ်းခြင်းအသိပညာသည် အသက်ပေးသောကြောင့် ယနေ့အချိန်တွင် သင်လုပ်ဆောင်နိုင်သည့်အရေးအကြီးဆုံးလုပ်ငန်းမှာ ထိုအသိပညာကို အခြားသူများအားဝေမျှပေးခြင်းဖြစ်သည်။ (သု. ၃:၁၃-၁၈; ယောဟန် ၄:၃၄; ၁၇:၃) သို့သော် သင်သည် ယင်းကို ထိထိရောက်ရောက်လုပ်ဆောင်ရန် အခြေခံကျသောနည်းများဖြင့် သင်ကြားခံရဖို့လိုသည်။ သင်သည် ကျောင်းတွင်သင်ကြားပို့ချခံရသည့် အရည်အသွေးများဖြစ်သော ပီပီပြင်ပြင်စဉ်းစားတတ်ခြင်း၊ ချက်ကျကျပြောတတ်ခြင်းနှင့် ကောင်းစွာဖတ်တတ်၊ ရေးတတ်ခြင်းတို့ လိုသည်။ ထို့ကြောင့် အထက်တန်းကျောင်းမှ ပညာရေးဆိုင်ရာဂုဏ်ထူးများဖြင့် အောင်ခဲ့သူဖြစ်သော အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ လူငယ်တစ်ဦးဖြစ်သည့် ထရေစီကဲ့သို့ သင့်ကျောင်းသင်ခန်းစာများကို အလေးအနက်ထား သင်ယူပါလေ။ “ကျွန်မဟာ ကျွန်မရဲ့ဘုရားသခင်ယေဟောဝါရဲ့ အချိန်ပြည့်ကျေးကျွန်တစ်ယောက်ဖြစ်လာဖို့အတွက် အမြဲပန်းတိုင်ထားတယ်။ ကျွန်မရဲ့ပညာရေးက အဲ့ဒီပန်းတိုင်ရောက်အောင် ထောက်ကူပေးမယ်လို့ ကျွန်မမျှော်မှန်းတယ်” ဟု သူမ၏မျှော်မှန်းချက်ကို ဖော်ပြခဲ့သည်။
၁၂။ ထပ်ဆင့်လောကီပညာရေးကို ရွေးချယ်လိုက်ပါက မည်သည့်ရည်ရွယ်ချက်ကို အထမြောက်စေရန် ယင်းက ထောက်ကူနိုင်ဖွယ်ရှိသနည်း။
၁၂ သင်ကျောင်းတက်ရသည့်အကြောင်းကို စဉ်းစားကြည့်ဖူးသလော။ ယင်းသည် အဓိကအားဖြင့် ယေဟောဝါရှင်၏ ထိရောက်သောဓမ္မအမှုဆောင်တစ်ဦးဖြစ်လာဖို့ မိမိကိုယ်ကိုပြင်ဆင်ပေးရန် ဖြစ်သလော။ ဤသို့ဖြစ်လျှင် သင့်ပညာရေးက အဆိုပါရည်ရွယ်ချက်အား မည်မျှကောင်းစွာအထမြောက်စေသည်ကို အလေးအနက်သုံးသပ်လိုမည်။ သင့်မိဘများနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် ဥပဒေကပြဋ္ဌာန်းထားသည့် အနိမ့်ဆုံးပညာရေးကို ကျော်လွန်သည့်ကျောင်းပညာကို ဆည်းပူးသင့်ကြောင်း သင်ဆုံးဖြတ်ပေမည်။ ဤထပ်ဆင့်ပညာရေးက မိမိကိုယ်ကိုထောက်ပံ့နိုင်ရန် အလုပ်အကိုင်ရဖို့ ထောက်ကူဖွယ်ရှိပြီး ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် အပြည့်အဝပါဝင်ရန် အချိန်နှင့်ခွန်အားလည်း ချန်ထားပေဦးမည်။—မဿဲ ၆:၃၃။
၁၃။ ဖြည့်စွက်ပညာရေးကို ဆည်းပူးခဲ့သည့် ရုရှားခရစ်ယာန်နှစ်ဦးသည် မိမိတို့၏ဘဝရည်ရွယ်ချက်ကို မည်သို့ပြသခဲ့ကြသနည်း။
၁၃ ဖြည့်စွက်ပညာရေးကို ဆည်းပူးသူတချို့သည် ထပ်ဆင့်ကျောင်းပညာကို သင်ယူနေရင်းပင် အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်ကြသည်။ ရုရှားနိုင်ငံ မော်စကိုမြို့မှ ဆယ်ကျော်သက်မိန်းကလေးနှစ်ဦးဖြစ်သော နဒီးအာနှင့် မာရ်ယီးနာတို့အကြောင်း သုံးသပ်ကြည့်ပါ။ နှစ်ဦးစလုံးသည် ၁၉၉၄ ခု ဧပြီလတွင် နှစ်ခြင်းခံခဲ့ကြပြီး အရန်ရှေ့ဆောင် ဓမ္မအမှုဆောင်များအဖြစ် စတင်အမှုဆောင်ခဲ့ကြသည်။ အထက်တန်းကျောင်းအောင်ပြီး မကြာမီပင် နှစ်နှစ်ကြာမည့် စာရင်းအင်းအစီအစဉ်တွင် စာရင်းသွင်းလိုက်ကြသည်။ သူတို့သည် ၁၉၉၅ ခု မေလတွင် မှန်မှန်ရှေ့ဆောင်စလုပ်ကြလေသည်၊ သို့တိုင် သူတို့သည် မိမိတို့၏စာရင်းအင်းသင်တန်းများတွင် အလယ်အလတ်လောက်လိုက်သည်။ ထို့အပြင် သူတို့သည် ကျောင်းတက်နေရင်း နှစ်ယောက်ပျမ်းမျှကျမ်းစာသင်အံမှု ၁၄ ခုကျင်းပနိုင်ကြသည်။ ထိုမိန်းကလေးတို့က သူတို့တက်နေသည့်စာရင်းအင်းပညာသည် အချိန်ပြည့်ဓမ္မအမှုတွင် သူတို့ကိုယ်ကို ထောက်ပံ့နိုင်ဖို့ အလုပ်အကိုင်ကောင်းကောင်းရရှိစေနိုင်မည်ဟု မျှော်မှန်းကြသည်။
၁၄။ လောကီပညာရေးကို မည်သည့်အတိုင်းအတာအထိ ကျွန်ုပ်တို့ရွေးချယ်စေကာမူ ကျွန်ုပ်တို့ဘဝတွင် အရေးအကြီးဆုံးအရာကား မည်သည့်အရာဖြစ်သင့်သနည်း။
၁၄ သင်သည် ဥပဒေကတောင်းဆိုသည်ထက် ကျော်လွန်သော လောကီပညာရေးကို ဆည်းပူးမည်ဆိုလျှင် ဤသို့ဆည်းပူးဖို့အတွက် သင်၏အကြောင်းရင်းကို ပညာရှိရှိဆန်းစစ်ပါလေ။ မိမိဂုဏ်တက်ဖို့နှင့် ရုပ်ပစ္စည်းချမ်းသာဖို့အတွက် ဖြစ်သလော။ (ယေရမိ ၄၅:၅; ၁ တိမောသေ ၆:၁၇) သို့တည်းမဟုတ် သင်၏ပန်းတိုင်မှာ ဖြည့်စွက်ပညာရေးကို အသုံးချကာ ယေဟောဝါလုပ်ငန်းတွင် ပို၍အပြည့်အဝပါဝင်ရန်ဖြစ်သလော။ ထပ်ဆင့်ပညာရေးကို ဆည်းပူးဖို့ရွေးချယ်ခဲ့သည့် လစ်ဒီယာက ဝိညာဉ်ရေးကိစ္စများတွင် ကောင်းကောင်းအာရုံစိုက်ကြောင်းဖော်ပြကာ “အခြားသူတွေဟာ သာ၍အဆင့်မြင့်တဲ့ပညာရေးကို ဆည်းပူးပြီး ရုပ်ပစ္စည်းမက်မောမှုကိုလည်း လမ်းဖွင့်ပေးလိုက်ရော သူတို့ဟာ ဘုရားသခင်ကို မေ့သွားကြတော့တာပါပဲ။ ကျွန်မကိုယ်တိုင်အတွက်ဆိုရင်တော့ ဘုရားသခင်နဲ့ ကျွန်မရဲ့ဆက်ဆံရေးဟာ အရေးအကြီးဆုံးပါပဲ” ဟုရှင်းပြသည်။ ကျွန်ုပ်တို့အားလုံးအတွက် အင်မတန်ချီးမွမ်းဖွယ်ကောင်းသော စိတ်ထားပင်တည်း!
၁၅။ ပထမရာစုခရစ်ယာန်များအလယ်တွင် အဘယ်ပညာရေးနောက်ခံ အမျိုးမျိုးရှိခဲ့ကြသနည်း။
၁၅ ထင်ရှားနေသည်မှာ ပထမရာစုခရစ်ယာန်များတွင် ပညာရေးနောက်ခံ အမျိုးမျိုးအဖုံဖုံရှိကြသည်။ ဥပမာ၊ တမန်တော်ပေတရုနှင့် ယောဟန်တို့သည် ရဗ္ဗိကျောင်းများတွင် သင်တန်းမတက်ခဲ့သောကြောင့် “လူတတ်မဟုတ်၊ လူသာမညသာဖြစ်” ကြောင်းယူမှတ်ခံခဲ့ရသည်။ (တမန်တော် ၄:၁၃) တစ်ဖက်တွင်မူ တမန်တော်ပေါလုသည် ယနေ့တက္ကသိုလ်အဆင့်ရှိသည့် ပညာရေးကို ရရှိထားသည်။ သို့တိုင် ပေါလုသည် မိမိကို အာရုံစိုက်စေဖို့ ထိုပညာရေးကို အသုံးမချခဲ့ပါ; ထိုသို့ပြုမည့်အစား ယင်းသည် လူတန်းစားအလွှာအသီးသီးမှ လူများကို ဟောပြောသောအခါ အကျိုးပြုသည့်အရာဖြစ်ခဲ့သည်။ (တမန်တော် ၂၂:၃; ၁ ကောရိန္သု ၉:၁၉-၂၃; ဖိလိပ္ပိ ၁:၇) အလားတူစွာ “ခရိုင်စားဟေရုဒ်နှင့်အတူ ပညာရင်နို့သောက်စို့” ခဲ့ဖူးသူ မာနင်သည် အန္တိအုတ်အသင်းတော်၌ ဦးဆောင်နေကြသူများတွင်အပါအဝင်ဖြစ်သည်။—တမန်တော် ၁၃:၁၊ ကဘ။
သင့်ငွေကြေးကို အဘယ်ကြောင့်ပညာရှိရှိ စီမံခန့်ခွဲရ
၁၆။ (က) ကျွန်ုပ်တို့သည် အကြွေးတင်နေမည်ဆိုလျှင် မိမိတို့၏ဖန်ဆင်းရှင်ကိုသတိရဖို့ ယင်းသည် အဘယ်ကြောင့်အတားအဆီးဖြစ်သွားနိုင်မည်နည်း။ (ခ) မသုံးစွဲမီစဉ်းစားရန်အရေးကြီးမှုကို ယေရှု၏ပုံဥပမာများထဲမှ တစ်ခုက မည်သို့ဖော်ပြသနည်း။
၁၆ သင်သည် သင့်ငွေကြေးကို ပညာရှိရှိ စီမံခန့်ခွဲမှုမရှိလျှင် ကိုယ်တော်နှစ်သက်တော်မူရာကို လုပ်ဆောင်ကာ သင့်ဖန်ဆင်းရှင်ကို သတိရဖို့ အတားအဆီးဖြစ်နိုင်သည်။ သင်သည် အကြွေးနစ်နေလျှင် သင့်တွင် အခြားသခင်တစ်ဦးရှိနေသည်ဟု ဆိုနိုင်သည်။ ကျမ်းစာက “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏” ဟုရှင်းပြထားသည်။ (သု. ၂၂:၇) မသုံးမီ စဉ်းစားဖို့အရေးကြီးကြောင်းကို ယေရှု၏ပုံဥပမာတစ်ခုက ပေါ်လွင်စေသည်။ “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင် ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကိုသိခြင်းငှာ ရှေးဦးစွာထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲနေမည်လော။ သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကိုမပြီးနိုင်လျှင် သိမြင်သောသူအပေါင်းတို့က ဤသူသည် တည်စပြု၍ အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်” ဟုယေရှုမိန့်တော်မူခဲ့သည်။—လုကာ ၁၄:၂၈-၃၀။
၁၇။ လူတစ်ဦး၏အသုံးအစွဲကို ထိန်းဖို့ အဘယ်ကြောင့်ခက်လေ့ရှိသနည်း။
၁၇ ထို့ကြောင့် ပညာရှိစွာနှင့် သင်သည် “အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှမတင်စေနှင့်” ဟူသည့် ကျမ်းစာမူအတိုင်းအသက်ရှင်ဖို့ ကြိုးစားရမည်။ (ရောမ ၁၃:၈) သို့သော် သင်အမှန်တကယ်လိုအပ်ပါသည်ဟု ကြော်ငြာသမားများကဆိုသည့် ထုတ်ကုန်အသစ်များ မပြတ်ပေါ်ထွက်နေခြင်းနှင့် ရင်ဆိုင်နေရလျှင် ယင်းသို့ဖြစ်ဖို့ အထူးသဖြင့်ခက်ခဲလှသည်။ မိမိသားသမီးတို့ကို ပိုင်းခြားသိမြင်ဉာဏ်ကိုသုံးရန် အကူအညီပေးဖို့ကြိုးစားသည့် မိဘတစ်ဦးက “ကျွန်တော်တို့ဟာ လိုအပ်တဲ့အရာနဲ့ လိုချင်တဲ့အရာတွေအကြောင်း ဆွေးနွေးဖို့ အချိန်များစွာအကုန်ခံရတယ်” ဟုဖော်ပြခဲ့သည်။ ကျောင်းများသည် ယေဘုယျအားဖြင့် အဆိုပါကိစ္စများကို မသင်ပေးကြပါ၊ တာဝန်ခံအနေအထားဖြင့် ငွေကြေးကိုင်တွယ်ပုံကို သွန်သင်ပို့ချမှုတစ်ခုပေးလျှင်လည်း မဆိုစလောက်သာဖြစ်သည်။ “အထက်တန်းကျောင်းကနေ ကျွန်မတို့အောင်လာတာ ချွေတာစုဆောင်းနည်းထက် နှစ်နားညီတြိဂံအကြောင်းကို ပိုပြီးသိတယ်” ဟုလူမှုရေးအလုပ်သမတစ်ဦး သတိပြုမိခဲ့သည်။ သို့ဆိုလျှင် ပညာရှိရှိသုံးစွဲရန် သင့်အား မည်သည့်အရာက ထောက်ကူနိုင်သနည်း။
၁၈။ ငွေကြေးနှင့်ပတ်သက်၍ ပညာရှိသောစီမံခန့်ခွဲမှု၏သော့ချက်ကား အဘယ်နည်း၊ အဘယ်ကြောင့်နည်း။
၁၈ ‘ယခုပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို သတိရလော့’ ဟုသည့် ဆော်သြချက်ကို လိုက်နာခြင်းသည် သင့်ငွေကြေးကို ပညာရှိရှိစီမံခန့်ခွဲဖို့သော့ချက်တစ်ခုဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ သင်သည် ထိုမိန့်မှာချက်ကို လိုက်နာသောအခါ သင့်ဦးစားထားရာမှာ ယေဟောဝါစိတ်တော်နှင့်တွေ့ရန်ဖြစ်ပြီး ကိုယ်တော်အပေါ်သင်၏ သံယောဇဉ်တွယ်တာမှုက သင်ငွေသုံးစွဲပုံပေါ်တွင် ဩဇာလွှမ်းမိုးသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ သင်သည် ဘုရားသခင်အား စိုးလ်အပြည့်ဆည်းကပ်ဝတ်ပြုမှုပေးအပ်ရေးကို ကိုယ်ရေးကိုယ်တာလိုလားတောင့်တမှုများက အတားအဆီးမဖြစ်စေဖို့ ကြိုးစားတော့မည်။ (မဿဲ ၁၆:၂၄-၂၆) သင်၏မျက်စိကို ဆက်၍ “ကြည်လင်” နေရန်ကြိုးစားတော့မည်ဖြစ်ရာ ဘုရားသခင့်နိုင်ငံတော်နှင့် ကိုယ်တော့်အလိုတော်ဆောင်ခြင်းအပေါ်တွင် ကြည်ကြည်လင်လင်နှင့်အာရုံစိုက်တော့သည်။ (မဿဲ ၆:၂၂-၂၄) သို့နှင့် ‘သင်သည်ကိုယ့်ဥစ္စာမှ ယေဟောဝါအား ပူဇော်လော့’ ဟူသည့် ဘုရားသခင်သြဝါဒပေးသည့်အချက်ကို ရွှင်လန်းဖွယ်အခွင့်အရေးတစ်ရပ်အဖြစ် သဘောထားလာမည်။—သု. ၃:၉၊ ကဘ။
တုပထိုက်သည့်လူငယ်များ
၁၉။ အတိတ်ကာလက လူငယ်များသည် မိမိတို့၏ဖန်ဆင်းရှင်ကို မည်သို့သတိရခဲ့ကြပြီနည်း။
၁၉ အတိတ်တွင်ကော ပစ္စုပ္ပန်တွင်ပါ မိမိတို့၏ဖန်ဆင်းရှင်ကို သတိရကြသောလူငယ်များစွာရှိနေခြင်းမှာ ဝမ်းသာစရာပင်။ ရှမွေလလေးသည် သူနှင့်အတူအမှုထမ်းသူများ၏ အကျင့်ပျက်သြဇာရှိလျက်နှင့် တဲတော်လုပ်ငန်းတော်တွင် ဆက်မြဲခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂:၁၂-၂၆) ဖြားယောင်းမာယာဆင်သူ ပေါတိဖာမယားသည် လူငယ်ယောသပ်အား မတရားမေထုန်ပြုဖို့ မမြှူဆွယ်နိုင်ခဲ့ပါ။ (ကမ္ဘာဦး ၃၉:၁-၁၂) ယေရမိသည် ‘လူငယ်’ တစ်ယောက်ဖြစ်လျက်ပင် ပြင်းထန်သည့်အတိုက်အခံကို ရင်ဆိုင်ကာ ရဲရဲရင့်ရင့်ဟောပြောခဲ့သည်။ (ယေရမိ ၁:၆-၈) ဣသရေလလုံမလေးသည် တန်ခိုးကြီးသော ရှုရိစစ်ဦးစီးချုပ်တစ်ယောက်ကို ဣသရေလနိုင်ငံတွင် အကူအညီသွားရှာယူဖို့ မကြောက်မရွံ့ လမ်းညွှန်ပေးခဲ့သည်၊ ဤတွင် ယေဟောဝါအကြောင်းကို သူသင်ယူနိုင်သည်။ (၄ ဓမ္မရာဇဝင် ၅:၁-၄) လူငယ်ဒံယေလနှင့် သူ၏အဖော်တို့သည် အစားအသောက်ဆိုင်ရာ ဘုရားသခင်၏ ပညတ်ချက်များနှင့်ပတ်သက်ပြီး စမ်းသပ်ခံရသောအခါ သူတို့၏ယုံကြည်ခြင်းကို ဆက်ထိန်းသိမ်းခဲ့ကြသည်။ ထို့အပြင် လူငယ်များဖြစ်ကြသော ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့သည် အရုပ်တစ်ခုရှေ့တွင် ဦးချဝတ်ပြုကာ ဘုရားသခင်အပေါ်ထားသည့် သူတို့၏သစ္စာစောင့်သိမှုကို လျှော့ပေါ့လိုက်မည့်အစား မီးလောင်တိုက်ထဲသို့အပစ်ချခံဖို့ ရွေးချယ်ခဲ့ကြသည်။—ဒံယေလ ၁:၈၊ ၁၇; ၃:၁၆-၁၈; ထွက်မြောက်ရာ ၂၀:၅။
၂၀။ ယနေ့အချိန်တွင် လူငယ်များစွာသည် မိမိတို့၏ဖန်ဆင်းရှင်ကို မည်သို့သတိရခဲ့ကြပြီနည်း။
၂၀ ယနေ့အချိန်တွင် ပျမ်းမျှအသက် ၁၉ နှစ်မှ ၂၅ ကြားရှိ လူငယ် ၂,၀၀၀ ကျော်တို့သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်ရှိ ယေဟောဝါသက်သေတို့၏ ကမ္ဘာ့ဌာနချုပ်တွင် အမှုဆောင်ကြသည်။ သူတို့သည် ကမ္ဘာတစ်ဝန်းတွင် မိမိတို့ဖန်ဆင်းရှင်ကို သတိရနေကြသည့် ထောင်သောင်းချီသောလူငယ်မောင်မယ်များစွာထဲမှ တစ်စိတ်တစ်ဒေသသာဖြစ်သည်။ ရှေးက ယောသပ်ကဲ့သို့ သူတို့သည် မိမိတို့၏အကျင့်စာရိတ္တစင်ကြယ်မှုကို လျှော့ပေါ့လိုက်ဖို့ ငြင်းဆန်ကြသည်။ မည်သူ့အမှုကို ထမ်းဆောင်မည်နည်းဟု ရွေးချယ်ဖို့ဖိအားပေးခံရသောအခါ များစွာသောသူတို့သည် လူထက် ဘုရားသခင်ကိုနာခံခဲ့ကြသည်။ (တမန်တော် ၅:၂၉) ၁၉၄၆ ခုနှစ်တွင် ပိုလန်နိုင်ငံ၌ ၁၅ နှစ်အရွယ်ရှိ ဟင်ရီကာဇုရ်သည် ဘာသာရေးရုပ်ပုံအပြုအမူဟန်တစ်ခု လုပ်ပြဖို့ငြင်းဆန်သောအခါတွင် ညှဉ်းဆဲခံခဲ့ရသည်။ သူမကို ညှဉ်းဆဲသူတစ်ယောက်က “စိတ်ထဲမှာ ယုံချင်ရာယုံရတယ်၊ လက်ဝါးကပ်တိုင်အမှတ်အသားလုပ်ပြရုံလေးပဲလုပ်ပါ” ဟုအဆိုပြုသည်။ သူမလက်မခံသောကြောင့် တောထဲသို့တရွတ်တိုက်ဆွဲခေါ်သွားခြင်းခံရကာ ပစ်သတ်ခံခဲ့ရသည်၊ သူမ၏သေချာသော ထာဝရအသက်မျှော်လင့်ချက်မှာမပျက်ပြားသွားပါလေ!b
၂၁။ မည်သည့်ဖိတ်ခေါ်ချက်ကို လက်ခံခြင်းသည် ပညာရှိရာကျမည်နည်း၊ အဘယ်ရလဒ်ဖြင့်နည်း။
၂၁ ရာစုနှစ်များတစ်လျှောက် ယေဟောဝါကို သတိရခဲ့ကြသည့် လူငယ်မောင်မယ်များကြောင့် ကိုယ်တော်၏နှလုံး မည်မျှနွေးထွေးမှုဖြစ်မည်တကား! ‘ယခုပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို သတိရလော့’ ဟူသည့် ကိုယ်တော်၏ဖိတ်ခေါ်ချက်ကို သင်တုံ့ပြန်ဖြေကြားမည်လော။ ကိုယ်တော်သည် သင်အမှန်ပင် သတိရထိုက်သည့်ပုဂ္ဂိုလ်ပင်တည်း! သင့်အတွက် ကိုယ်တော်လုပ်ဆောင်ပေးတော်မူခဲ့သည့်အရာနှင့် လုပ်ပေးဦးမည့်အရာအားလုံးအကြောင်းနေ့စဉ်တွေးတောကာ “ငါ့သား ပညာရှိလော့၊ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့” ဟူသည့် ကိုယ်တော်၏ဖိတ်ခေါ်ချက်ကို လက်ခံပါလေ။—သု. ၂၇:၁၁။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် ၁၉၅၃၊ ဒီဇင်ဘာ ၁၅ ရက် စာမျက်နှာ ၇၅၀ [လိပ်]။
b ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ နယူးယောက်မြို့မှ ထုတ်ဝေသော ယေဟောဝါသက်သေတို့၏ နှစ်ချုပ်စာအုပ် ၁၉၉၄ [လိပ်] စာမျက်နှာ ၂၁၇-၁၈ ရှု။
သင်မှတ်မိသလော
◻ လူငယ်များသည် ဘုရားသခင်ကို တကယ့်ပုဂ္ဂိုလ်တစ်ပါးအဖြစ်ရှုမြင်လာအောင် မည်သို့ကူညီခံရနိုင်သနည်း။
◻ သင့်ဖန်ဆင်းရှင်ကို သတိရပါဟူသည် ဘာကိုဆိုလိုသနည်း။
◻ ကျွန်ုပ်တို့၏ပညာရေးကို မည်သည့်ရည်ရွယ်ချက်အတွက် အသုံးချသင့်သနည်း။
◻ ကျွန်ုပ်တို့၏ငွေကြေးကို ပညာရှိရှိစီမံခန့်ခွဲခြင်းသည် အဘယ့်ကြောင့်အရေးကြီးသနည်း။
◻ အဘယ်လူငယ်များကို သင်တုပထိုက်သနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ကျောင်းတက်ရသည့်အကြောင်းကို သင်စဉ်းစားကြည့်ဖူးသလော
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
သင်သည် ငွေကြေးကို ပညာရှိရှိစီမံခန့်ခွဲရန် သင်ယူနေသလော