ယေဟောဝါအိမ်တော်၏သာ၍ကြီးမြတ်သောဘုန်း
“‘ဤအိမ်ကိုဘုန်းနှင့်ငါပြည့်စေမည်’ ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။”—ဟဂ္ဂဲ ၂:၇။
၁။ သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်ခြင်း၊ အကျင့်တို့နှင့် မည်သို့ဆက်စပ်နေသနည်း။
သန့်ရှင်းသောဝိညာဉ်တော်ရှိတာ ကျွန်မတို့၊ ဒါပေမဲ့ အလုပ်လုပ်တာ ရှင်တို့’ ဟုပြောသည့် ပဲင်တီကော့စ်တယ်လ်အသင်းဝင် အမျိုးသမီးတစ်ဦးကို ယေဟောဝါသက်သေတစ်ဦးသည် တစ်အိမ်မှတစ်အိမ် ဟောပြောနေစဉ် တွေ့ဆုံခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်ခံစားရသူသည် ဘုရားသခင့်အမှုတော်ဆောင်ရွက်ရန် အလိုလိုတိုက်တွန်းခံရကြောင်း သူမအား အလိမ္မာဖက်ပြီး ရှင်းပြလေသည်။ ယာကုပ် ၂:၁၇ က “အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏” ဟုဆိုသည်။ ယေဟောဝါ၏ဝိညာဉ်တော်အကူအညီဖြင့် ကိုယ်တော်၏သက်သေခံများသည် ယုံကြည်ခြင်းခိုင်မြဲနေကြပြီး ကိုယ်တော်သည် သူတို့ကို ‘လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောပြောခြင်း’ အဓိကပါဝင်သည့် ဖြောင့်မတ်သောအကျင့်ကိုကျင့်စေခြင်းအားဖြင့် ‘မိမိ၏အိမ်ကိုဘုန်းနှင့်ပြည့်စေ’ တော်မူခဲ့ပြီ။ ဤလုပ်ငန်းကို ယေဟောဝါကျေနပ်တော်မူသည်အထိ ‘ပြုလုပ်ကြပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။’—မဿဲ ၂၄:၁၄။
၂။ (က) ယေဟောဝါ၏လုပ်ငန်းတော်၌ မိမိကိုယ်ကိုနစ်မွန်းထားခြင်းမှ အဘယ်ကောင်းချီးခံစားရမည်နည်း။ (ခ) “ကြန့်ကြာ” နေပုံရှိသည့်အတွက် အဘယ်ကြောင့်ဝမ်းသာသင့်သနည်း။
၂ ယေရှု၏အဆိုပါစကားမှ ကျွန်ုပ်တို့နားလည်ကြရသည်မှာ ယနေ့ကျွန်ုပ်တို့ကိုအပ်နှင်းထားသော လုပ်ငန်းဖြစ်သည့် “ပျော်ရွှင်သောဘုရားသခင်၏ဘုန်းအသရေနှင့်ပြည့်စုံသော သတင်းကောင်း” ဟောပြောခြင်းကို အာရုံစိုက်ရကြမည်ဖြစ်သည်။ (၁ တိမောသေ ၁:၁၁၊ ကဘ) ယေဟောဝါ၏လုပ်ငန်းတော်၌ မိမိကိုယ်ကို ရွှင်လန်းအားရစွာနစ်မွန်းထားလေ အဆုံးသည် အလျဉ်အမြန်ချဉ်းကပ်လာသည့်ပုံရှိလေဖြစ်သည်။ ဟဗက္ကုတ် ၂:၂၊ ၃ တွင်ယေဟောဝါမိန့်တော်မူသော ဤစကားများကို ဖတ်ရှုရသည်– “ဖတ်သောသူသည် ပြေးလျက်ဖတ်နိုင်အောင် ဗျာဒိတ်ရူပါရုံကို သင်ပုန်းပေါ်မှာ အက္ခရာတင်၍ ရေးမှတ်လော့။ ထိုရူပါရုံသည် ချိန်းချက်သောအချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကိုဆိုလို၏။ မုသာနှင့်ကင်းလွတ်၏။ ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။” မှန်ပါသည်၊ “ရူပါရုံ” သည် “ဆိုင်းသော်လည်း” ဧကန်အမှန်ပြည့်စုံလိမ့်မည်။ ယေရှု၏နိုင်ငံတော်အစိုးရအုပ်ချုပ်သည့် ၈၃ နှစ်မြောက်သော ဤနှစ်တွင်ပင် အချို့က ကြန့်ကြာလှသည်ဟုယူမှတ်နေပေမည်။ သို့သော် အဆုံးမတိုင်သေးသည့်အတွက် ကျွန်ုပ်တို့ဝမ်းမသာသင့်ပေလော။ အရှေ့ပိုင်းဥရောပ၊ အာဖရိကရှိအချို့နေရာများနှင့် အခြားနိုင်ငံများတွင် သတင်းကောင်းဟောပြောခြင်းကိုပိတ်ပင်ထားရာမှ ၁၉၉၀ ပြည့်လွန်နှစ်များဖြစ်သည့် ဤဆယ်စုနှစ်အတွင်း ယင်းတို့ကိုအံ့ဖွယ်နည်းဖြင့်ဖယ်ရှားပစ်ခဲ့ပြီ။ “ကြန့်ကြာ” နေပုံရှိသည့်အတွက် များမကြာမီက လမ်းပွင့်လာသည့် ဤရပ်ကွက်များမှ “သိုး” များကိုစုဆောင်းရန် အချိန်ရစေသည်။—ယောဟန် ၁၀:၁၆။
၃။ “ဤလူမျိုးဆက်” နှင့်ပတ်သက်၍နောက်ဆုံးနားလည်မှုက ဘုရားသခင်၏လုပ်ငန်းတော်ကို အဘယ်ကြောင့်အရေးတကြီးပြုလုပ်စေသင့်သနည်း။
၃ “နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်” ဟုပရောဖက်ကပြောသည်။ ယေရှုက ‘ထိုအကြောင်းအရာအလုံးစုံတို့ဖြစ်’ ပြီးမှ ယခုရှိသောလူမျိုးဆက် ကုန်လိမ့်မည်ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၂၄:၃၄) ကိုယ်တော်၏စကားများအပေါ် နောက်ဆုံးနားလည်မှုအရ ဟောပြောခြင်းလုပ်ငန်းသည် အရေးတကြီးမဖြစ်တော့ဟု အဓိပ္ပာယ်ရှိသလော။a ဆန့်ကျင်ဘက်သဘောရှိကြောင်း အချက်အလက်တို့က ဖော်ပြသည်! ကျွန်ုပ်တို့နှင့်တစ်ခေတ်တည်းသားလူမျိုးဆက်သည် ယခင်လူ့သမိုင်းအားလုံးတို့တွင် တစ်ခါနှင့်မျှမတူအောင် မိုက်မဲပျက်စီးခြင်းသို့ထိုးဆင်းနေပါသည်။ (တမန်တော် ၂:၄၀ နှိုင်းယှဉ်။) ကျွန်ုပ်တို့သည် အမှုတော်ကို အရေးတကြီးထမ်းဆောင်သင့်သည်။ (၂ တိမောသေ ၄:၂) ကြီးစွာသောဒုက္ခဆိုက်မည့်အချိန်နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်အားလုံးတို့က ၎င်းသည် ရုတ်တရက်၊ ချက်ချင်း သူခိုးကဲ့သို့ မထင်မမှတ်သည့်အချိန်တွင်ရောက်လာလိမ့်မည်ဟုဖော်ပြပါသည်။ (၁ သက်သာလောနိတ် ၅:၁-၄; ဗျာဒိတ် ၃:၃; ၁၆:၁၅) “ထို့ကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။” (မဿဲ ၂၄:၄၄) ဘုရားတရားမဲ့သော ဤလူမျိုးဆက်သည် ပျက်စီးလုဆဲရှိချိန်တွင် ကျွန်ုပ်တို့သည် အာရုံလွင့်စေသည့်လောကီ “ရွှံ့တွင်လူးပြန်” ခြင်းဖြင့် ထာဝရအသက်မျှော်လင့်ချက်ကို စွန့်ပစ်လိုမည်မဟုတ်သည်ကားအမှန်ပင်!—၂ ပေတရု ၂:၂၂; ၃:၁၀; လုကာ ၂၁:၃၂-၃၆။
၄။ အဘယ်အခြေအနေကြောင့် “အချိန်တန်” အစာတိုးပေးရန်လိုအပ်လာသနည်း။ ဤလိုအပ်ရာ မည်သို့ပြည့်မြောက်ခဲ့ပြီနည်း။
၄ ယေရှု၏ပရောဖက်ပြုချက်အတိုင်းပင် ၁၉၁၄ တွင် လောကီသားတို့သည် “ဤကပ်ကမ္ဘာကုန်” ချိန်ပိုင်းသို့ရောက်လာကာ “ဒုက္ခဆင်းရဲခြင်း၏အစအဦးဖြစ်” လေတော့သည်။ ယခုအထိ ဝမ်းနည်းခြင်း၊ ဘေးဒုက္ခနှင့် အဓမ္မမှုတို့သည် တိုးပွားများပြားလျက်နေသည်။ (မဿဲ ၂၄:၃-၈၊ ၁၂) တစ်ကြိမ်တည်းတွင် ယေဟောဝါသည် “အချိန်တန်” ဝိညာဏအစာကို သခင်ခရစ်တော်၏အိမ်သူအိမ်သားအပေါင်းတို့အားကျွေးမွေးရန် ဘိသိက်ခံသစ္စာနှင့်သတိပညာရှိသောကျွန်ကို တာဝန်အပ်နှင်းတော်မူခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ဤမေရှိယဘုရင်သည် ယခုအခါ ကောင်းကင်ပလ္လင်တော်ပေါ်မှ ကမ္ဘာတစ်ဝန်းတွင် အံ့ချီးဖွယ်နည်းဖြင့် ဝိညာဏအစာကျွေးမွေးခြင်းအစီအစဉ်ကို ညွှန်ကြားနေတော်မူသည်။
ပေါများသော “အစားအသောက်တို့”
၅။ အဓိက “အစာ” ကိုမည်သို့အာရုံစိုက်နေကြသနည်း။
၅ “အစားအသောက်တို့” ပြင်ဆင်ခြင်းကို သုံးသပ်ကြည့်ပါ။ (လုကာ ၁၂:၄၂) ခရစ်ယာန်အစားအစာတွင် ဘုရားသခင့်နှုတ်ကပါဌ်စကားတော် သမ္မာကျမ်းစာသည် အဓိကဖြစ်သည်။ ကျမ်းစာကိုထိရောက်စွာသွန်သင်ပေးရန် အဓိကလိုအပ်ရာမှာ ဖတ်ရလွယ်ကူပြီးတိကျမှန်ကန်သော ဘာသာပြန်ကျမ်းတစ်ခုဖြစ်သည်။ ဤလိုအပ်ရာသည် အင်္ဂလိပ်ဘာသာဖြင့် ခရစ်ယာန်ဂရိကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ထုတ်ဝေခဲ့သော ၁၉၅၀ မှအထူးသဖြင့်စတင်၍ နှစ်ကာလတစ်လျှောက် တဖြည်းဖြည်းတိုး၍ ပြည့်မြောက်ခဲ့ပေပြီ။ ၁၉၆၁ တိုင်လေသော် ကျမ်းစာတစ်အုပ်လုံး၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းထွက်လာပြီး များမကြာမီအချိန်တွင် အခြားအဓိကဘာသာစကားများဖြင့်ထုတ်ဝေသောကျမ်းစာများ ထွက်လာလေသည်။ ၁၉၉၆ လုပ်ငန်းတော်နှစ်အတွင်းထုတ်ဝေသောကျမ်းစာစောင် ၃ စောင်နှင့်ပေါင်းလျှင် စုစုပေါင်း ၂၇ စောင်အနက် လုံးချင်းကျမ်းစာမှာ ၁၄ စောင်ဖြစ်သည်။ ကျမ်းစာနှင့်အတူ ကျမ်းစာကိုနားလည်စေရန် အထောက်အကူပြုစာပေများကို ကင်းမျှော်စင်အသင်း၏ဌာနခွဲ ၇၇ ခုတို့တွင် အချိန်ပြည့်အမှုထမ်းသူ ဆက်ကပ်အပ်နှံခရစ်ယာန်ပေါင်း ၁,၁၇၄ ယောက်ခန့်သည် ယခုဘာသာပြန်နေကြပါသည်။
၆။ များစွာလိုအပ်နေသော ကျမ်းစာစာပေများကို အဖွဲ့အစည်းက မည်သို့ဖြည့်စွက်ပေးနေသနည်း။
၆ ဤဘာသာပြန်အဖွဲ့၏လုပ်ငန်းကို အားပေးထောက်ခံသည့်အနေနှင့် ကင်းမျှော်စင်အသင်း၏ ပုံနှိပ်တိုက်ရှိဌာနခွဲ ၂၄ ခုသည်စာအုပ်စာတမ်းများအရေအတွက်ကို တိုးများသည်ထက်တိုးများအောင် ထုတ်လုပ်နေပါပြီ။ သို့ဖြစ်စေရန် ဌာနခွဲကြီးများတွင် လည်ပတ်နှုန်းမြင့်သောပတ်လည်ပုံနှိပ်စက်များကို ဆက်တပ်ဆင်နေပါသည်။ လစဉ်ပင် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းစောင်ရေတိုးများလာနေရာ ဤနှစ်တွင် ၁၃.၄ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည့် စုစုပေါင်းစောင်ရေ ၉၄၃,၈၉၂,၅၀၀ ကိုထုတ်ဝေနိုင်ခဲ့ပြီ။ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယားနှင့် မက္ကစီကိုနိုင်ငံများတို့သာလျှင် စုစုပေါင်းပုံနှိပ်ထုတ်ဝေသည့် ကျမ်းစာနှင့်ကတ်ထူဖုံးစာအုပ်များ၏အရေအတွက်မှာ ၁၉၉၅ မှ ၁၉၉၆ အထိ ၄၀ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည့် ၇၆,၇၆၀,၀၉၈ အုပ်ဖြစ်သည်။ အခြားဌာနခွဲများကလည်း စာအုပ်စာတမ်းပုံနှိပ်ထုတ်ဝေခြင်း အရေအတွက်တိုးများစေရန် များစွာအထောက်အကူပြုခဲ့ကြပြီ။
၇။ ဟေရှာယ ၅၄:၂ သည် ယခုမည်သို့ပိုမိုအရေးတကြီးဖြစ်နေသနည်း။
၇ အရှေ့ပိုင်းဥရောပနှင့် အာဖရိကတို့တွင် ယေဟောဝါသက်သေများအပေါ် ပိတ်ပင်ထားမှုကို ရုပ်သိမ်းခဲ့ခြင်းကြောင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တိုးတက်မှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။ ဤနေရာများတွင် ဝိညာဉ်အစာကို အလွန်ဆာလောင်နေကြသည်။ ယင်းကြောင့် “သင်၏တဲရာကိုကျယ်စေလော့။ သင်၏နေရာမျက်နှာကြက်ကိုကြက်ဦးလော့။ နှမြောသောစိတ်မရှိနှင့်။ ကြိုးတို့ကိုရှည်စေဦးလော့။ တိုင်တို့ကိုမြဲစွာ စိုက်လော့” ဟူသောဖိတ်ခေါ်သံသည် သာ၍အရေးတကြီးပေါ်ထွက်လျက်ရှိသည်။—ဟေရှာယ ၅၄:၂။
၈။ အဘယ်ရက်ရောသောတုံ့ပြန်မှုက ငွေကြေးထောက်ပံ့မှုကို ရရှိစေသနည်း။
၈ ထို့ကြောင့် အဖွဲ့အစည်း၏ဌာနခွဲ ၁၀၄ ခုအနက် အများစုတွင် အဆောက်အအုံများကိုတိုးချဲ့ပေးရန် လိုအပ်လာခဲ့ပြီ။ လုပ်ငန်းဖွင့်ခါစအရပ်နယ်အများစု၏ စီးပွားရေးချို့တဲ့မှုကြောင့် ပိုမိုကြွယ်ဝသောနိုင်ငံများက ကမ္ဘာချီလုပ်ငန်းအတွက် လှူထားသောငွေဖြင့် ဤသို့တိုးချဲ့ရန် ကုန်ကျစရိတ်ကာမိနေပါသည်။ ဝမ်းသာစရာမှာ အသင်းတော်များနှင့် တစ်ဦးချင်းစီတို့သည် ထွက်မြောက်ရာ ၃၅:၂၁ ၏ဤစိတ်ဓာတ်မျိုးဖြင့် စိတ်နှလုံးပြည့်ဝစွာ တုံ့ပြန်နေကြခြင်းဖြစ်သည်– “မိမိစိတ်နှလုံးနှိုးဆော်သောသူ၊ ကြည်ညိုသောစေတနာစိတ်သဘောရှိသောသူ အပေါင်းတို့သည် . . . ထာဝရဘုရားအား လှူသောအလှူကို ဆောင်လျက်လာကြ၏။” ဤအခွင့်အရေးကိုယူကာ ကျွန်ုပ်တို့သည် ရက်ရောစွာပေးလှူနေသူအပေါင်းကို ကျေးဇူးတင်လိုပါသည်။—၂ ကောရိန္သု ၉:၁၁။
၉။ ယနေ့ ရောမ ၁၀:၁၃၊ ၁၈ သည်မည်သို့ပြည့်စုံနေသနည်း။
၉ ၁၉၉၆ ခုနှစ်အတွင်း ကင်းမျှော်စင်အသင်း၏စာပေများသည် ယေဟောဝါ၏နာမတော်ဘုန်းနှင့် ရည်ရွယ်တော်မူချက်ကို မြေကြီးစွန်းတိုင်အောင် အမှန်ထင်ရှားစေခဲ့ပြီ။ တမန်တော်ပေါလု ကြိုတင်ဟောထားသည့်အတိုင်းပင် ဖြစ်ချေပြီ။ သူသည် ယောလကျမ်းနှင့် ဆာလံ ၁၉ ကိုကိုးကားပြီး ဤသို့ရေးသားခဲ့သည်– “‘ယေဟောဝါရှင်၏နာမတော်ကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြလတ္တံ့။’ သို့ရာတွင်၊ လူအပေါင်းတို့သည်မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ ‘သူတို့၏အသံသည် မြေတစ်ပြင်လုံး၌နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေပြီ။’” (ရောမ ၁၀:၁၃၊ ၁၈၊ ကဘ) ကိုယ်တော်၏လူမျိုးသည် ယေဟောဝါဟူသော နာမတော်မြတ်ကို ဤသို့ချီးမွမ်းခြင်းအားဖြင့် ကိုယ်တော့်အိမ်တော်ကို ဘုန်းဖြင့်ထူးခြားစွာ ပြည့်စေခဲ့ကြပြီ။ သို့ရာတွင် အထူးသဖြင့် ၁၉၉၆ ခုနှစ်တွင် ဤကြွေးကြော်ချက်သည် မည်သို့တိုးတက်ကြီးပွားခဲ့ပြီနည်း။ စာမျက်နှာ ၁၈ မှ ၂၁ ပါဇယားကို ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ။
ကမ္ဘာချီရိတ်သိမ်းမှု
၁၀။ စာမျက်နှာ ၁၈ မှ ၂၁ တွင်အကျဉ်းချုပ်ဖော်ပြထားသည့်ဇယားမှ ယေဟောဝါလူမျိုး၏လုပ်ငန်းတွင် အဘယ်ထူးခြားချက်များကို သတိပြုမိသနည်း။
၁၀ လုကာ ၁၀:၂ ပါယေရှု၏ ဤစကားသည် တစ်ခါနှင့်မျှမတူအောင် အလွန်အရေးပါနေသည်– “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည်နည်းကြ၏။ ထိုကြောင့်လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။” ထိုဖိတ်ခေါ်သံကို သင်တုံ့ပြန်နေပါသလော။ မြေကြီးတစ်ဝန်းတွင် တုံ့ပြန်နေသူ သန်းပေါင်းများစွာရှိသည်။ ယင်းကို ၁၉၉၆ ခုနှစ်အတွင်း လယ်ကွင်းလုပ်ငန်းမှတ်တမ်းသွင်းသူ ဘုရားသခင့်နိုင်ငံတော်ကြေညာသူနှုန်းသစ်ဖြစ်သော ၅,၄၁၃,၇၆၉ ယောက်က ထောက်ခံပါသည်။ ထို့ပြင် ညီအစ်ကိုညီအစ်မအသစ် ၃၆၆,၅၇၉ ယောက်တို့သည် နှစ်ခြင်းယူခဲ့ကြသည်။ ‘ယေဟောဝါ၏အိမ်တော်ကို ဘုန်းနှင့်ပြည့်စေခြင်း’ တွင်ယခုပါဝင်နေသူ ‘လူမျိုးအပေါင်းတို့မှဤနှစ်သက်ဖွယ်ရာများ’ ကိုကျွန်ုပ်တို့အမှန်တကယ်ပင်တန်ဖိုးထားကြပါသည်!—ဟဂ္ဂဲ ၂:၇။
၁၁။ ကျွန်ုပ်တို့အားလုံး အဘယ်ကြောင့်အလွန်အားရဝမ်းသာနိုင်ကြပါသနည်း။
၁၁ လုပ်ငန်းဖွင့်ခါစလယ်ကွင်းများတွင် တိုးတက်နေခြင်းမှတ်တမ်းများသည် အလွန်အံ့သြစရာဖြစ်နေပြီ။ ယခုဤသို့တိုးတက်နေခြင်းကို ကျွန်ုပ်တို့အနက်အချို့သူများသည် သဝန်တိုနေပါသလော။ ထိုသို့မဖြစ်ဘဲ သူတို့နှင့်အတူ ဝမ်းသာအားရကြသည်။ နိုင်ငံအားလုံးသည် လူအနည်းငယ်နှင့် အစပျိုးခဲ့ပါသည်။ ဟဂ္ဂဲနှင့်တစ်ခေတ်တည်းသားဖြစ်သူ ပရောဖက်ဇာခရိသည် ဤသို့ရေးသားခဲ့သည်– “အမှုငယ်ပြုသောနေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင်ပြုရသနည်း။” (ဇာခရိ ၄:၁၀) သက်သေခံခြင်းလုပ်ငန်းအတည်တကျဖြစ်နေသောနိုင်ငံများတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ သန်းပေါင်းများစွာယခုရှိနေပြီး မြို့ကြီးပြကြီးများစွာတွင် ရပ်ကွက်ကို ပတ်စဉ်ပင်အမှုဆောင်ရသည်အထိဖြစ်နေသောကြောင့် ကျွန်ုပ်တို့အလွန်အားရဝမ်းသာနိုင်ကြပါသည်။ ယခင်ကအခွင့်မသာခဲ့သောနေရာများတွင် ယခုကယ်တင်ခြင်းရခွင့်ကို ယေဟောဝါပေးသနားတော်မူစဉ် ကျွန်ုပ်တို့လျော့ပေါ့အမှုဆောင်စရာအကြောင်းရှိသလော။ လုံးဝမရှိနိုင်! “လယ်ကား ဤလောကဖြစ်၏” ဟုယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၃:၃၈) ဂျူးစနစ်အဆုံးပိုင်းတွင် ရှေးတပည့်တော်များသည် စေ့ငစွာဟောပြောခဲ့သကဲ့သို့ ဆက်လက်၍စေ့ငစွာသက်သေခံနေကြရမည်။—တမန်တော် ၂:၄၀; ၁၀:၄၂; ၂၀:၂၄; ၂၈:၂၃။
ရှေ့သို့အစဉ်တိုးတက်နေ
၁၂။ ရှေ့သို့ “တည့်တည့်သွား” နေကြရန် အဘယ်လှုံ့ဆော်အားပေးမှုရှိသနည်း။ (“‘မြေကြီးစွန်းမှ’ ရိတ်သိမ်းခြင်း” လေးထောင့်ကွက်လည်းရှု။)
၁၂ မှန်ပါသည်၊ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကောင်းကင်ရထားနှင့်အတူ ရင်ပေါင်တန်း၍ ရှေ့သို့ “တည့်တည့်သွား” နေကြရမည်။ (ယေဇကျေလ ၁:၁၂) ပေတရု၏ဤစကားများကို ကျွန်ုပ်တို့သတိရနေကြသည်– “ယေဟောဝါသည်နှေးတော်မူ၏ဟု လူအချို့မှတ်သည်အတိုင်း ကတိတော်နှင့်ပတ်သက်၍ နှေးတော်မူသည်မဟုတ်။ မည်သူမျှဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှနောင်တရစေရန် ဆန္ဒရှိသောကြောင့် သင်တို့အပေါ်စိတ်ရှည်တော်မူ၏။” (၂ ပေတရု ၃:၉၊ ကဘ) စီးပွားရေးချို့တဲ့သောနိုင်ငံများရှိညီအစ်ကိုများ၏ အတုယူလောက်သောဇွဲလုံ့လမှ အားယူကြစို့။ အာမဂေဒုန်ဖြစ်ဖို့ရန် ကြန့်ကြာပုံရှိနေခြင်းက ဤနိုင်ငံများမှသာမက နှံ့စပ်စွာအမှုဆောင်နှင့်ပြီးသောနိုင်ငံများမှပင် ထောင်ချီသောသူတို့ကို စုသိမ်းခွင့်ရရှိစေပြီ။ အယူမလွဲပါနှင့်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။” (ဇေဖနိ ၁:၁၄) ကျွန်ုပ်တို့ဘက်မှလည်း နောက်ဆုံးသက်သေခံခြင်းကို စေ့ငှစွာပြုရာတွင် အလျင်အမြန်ပြုသင့်၏!
၁၃၊ ၁၄။ (က) ၁၉၉၆ အတွင်းစာအုပ်စာတမ်းများဝေငှခြင်းနှင့်ပတ်သက်၍ အဘယ်ပြောဆိုစရာရှိသနည်း။ (ခ) အသင်းတော်များသည် နှစ်စဉ်အဘယ်အထူးအစီအစဉ်များပြုလိမ့်မည်နည်း။ ယင်း၌ပါဝင်ရန် သင်အဘယ်သို့စီစဉ်နေသနည်း။
၁၃ လုပ်ငန်းတော်ဇယားတွင် အသေးစိတ်အချက်အလက်များမပါသော်လည်း လွန်ခဲ့သောနှစ်အတွင်း ကျမ်းစာအုပ်များ၊ စာအုပ်များ၊ မဂ္ဂဇင်းများဝေငှခြင်းတွင် ထူးခြားစွာများပြားလာသည်ကိုတွေ့ရှိရသည်။ ဥပမာ၊ မဂ္ဂဇင်းဝေငှခြင်းတွင် ကမ္ဘာတစ်ဝန်း ၁၉-ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည့် စုစုပေါင်း ၅၄၃,၆၆၇,၉၂၃ စောင်ဝေငှခဲ့ကြောင်းတွေ့ရှိရသည်။ ကျွန်ုပ်တို့၏မဂ္ဂဇင်းများသည် နည်းမျိုးစုံ—လမ်းပေါ်၊ ပန်းခြံများ၊ ကားမှတ်တိုင်၊ စီးပွားရေးရပ်ကွက်များတွင်—ဟောပြောဖို့အတွက် အသုံးပြုရန် အလွန်အဆင်ပြေသည်။ ဘုရားသခင့်နိုင်ငံတော်သတင်းပျံ့နှံ့သောရပ်ကွက်အချို့တွင် ကျွန်ုပ်တို့မဂ္ဂဇင်းများ၏ အရည်အသွေးကို ပညာတတ်တို့သည် ချီးမွမ်းကြပြီး ကျမ်းစာသင်အံမှုများကို လက်ခံနေကြပါသည်။
၁၄ အသင်းတော်များသည် ဧပြီလအတွင်း တစ်ရက်တာလုံး တစ်အိမ်မှတစ်အိမ်နှင့် လူစုဝေးရာအရပ်များတွင် မဂ္ဂဇင်းလုပ်ငန်းကိုအထူးပြုဆောင်ရွက်ရန် နှစ်တိုင်းစီစဉ်ပေးကြသည်။ သင့်အသင်းတော်သည် ၁၉၉၇ ဧပြီလ၌ ယင်းလုပ်ငန်းတွင်ပါဝင်မည်လော။ အလွန်ထူးခြားသော ဧပြီလထုတ် ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းများကို ပြင်ဆင်ထားပြီဖြစ်၍ ယင်းတို့ကို တစ်ကမ္ဘာလုံးတွင် တစ်ကြိမ်တည်းတင်ဆက်ခြင်းက အမှန်ပင်စွဲမှတ်စရာဖြစ်မည်ပါတကား! ဆိုက်ပရပ်စ်ကျွန်းတွင် အသင်းတော်များသည် “ဘုရားသခင့်နိုင်ငံတော်သတင်းကို လူတိုင်းထံရောက်စေ” ဆောင်ပုဒ်ကိုအဓိကထားပြီး မဂ္ဂဇင်းလုပ်ငန်းကို လစဉ်ပင် စနစ်တကျ ဆောင်ရွက်ခဲ့ကြရာ တစ်နှစ်အတွင်း နှုန်းသစ်ဖြစ်သည့် မဂ္ဂဇင်းစောင်ရေ ၂၇၅,၃၅၉ ကိုဝေငှနိုင်ခဲ့ကြသည်။ ယင်းသည် ၅၄-ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည်။
ဟဂ္ဂဲ၏ နောက်ဆုံးသတင်း
၁၅။ (က) ယေဟောဝါသည် ဟဂ္ဂဲမှတစ်ဆင့် အခြားသတင်းများကို အဘယ်ကြောင့်ထပ်မံပို့တော်မူသနည်း။ (ခ) ဟဂ္ဂဲတတိယအကြိမ်ဖော်ပြသောသတင်းမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရသင့်သနည်း။
၁၅ ဒုတိယသတင်းကို ဟဂ္ဂဲဖော်ပြပြီး ၆၃ ရက်အကြာတွင် ယနေ့ကျွန်ုပ်တို့နှလုံးပိုက်နိုင်သော တတိယကြွေးကြော်ချက်ကိုဆင့်ဆိုရန် သူ့ကိုယေဟောဝါစေလွှတ်တော်မူပြန်သည်။ အမှန်မှာဂျူးများသည် လွန်ခဲ့သော ၁၇ နှစ်က ဗိမာန်တော်အုတ်မြစ်ချခဲ့ပြီးသော်လည်း ယခုပင်အုတ်မြစ်ချနေဘိသကဲ့သို့ ဟဂ္ဂဲကပြောဆိုနေပါသည်။ တစ်ဖန်ပြန်သန့်ရှင်းရေးပြုဖို့လိုကြောင်း ယေဟောဝါမြင်တော်မူသည်။ ယဇ်ပုရောဟိတ်များနှင့်လူအပေါင်းတို့သည် ပေါ့ဆနေကြသဖြင့် ယေဟောဝါ၏မျက်မှောက်တော်တွင် မသန့်မရှင်းဖြစ်နေကြ၏။ ယနေ့လည်း ယေဟောဝါ၏လူမျိုးမှအချို့တို့သည် ပေါ့ဆနေကြရုံမက ဤလောက၏ . . . ပစ္စည်းဥစ္စာကိုအဓိကထားသည့် လမ်းစဉ်များတွင်ပင် ပါဝင်ပတ်သက်နေကြပါသလော။ ကျွန်ုပ်တို့အားလုံးသည်“ယနေ့မှစ၍ သင်တို့ကိုငါကောင်းချီးပေးမည်” ဟူသောကတိတော်ကိုယုံကြည်စိတ်ချစွာ ယေဟောဝါ၏နာမတော် ဘုန်းထင်ရှားစေရန် “ယခုနေ့မှစ၍ ရှေ့သို့” ဆင်ခြင်ဖို့အရေးကြီးသည်။—ဟဂ္ဂဲ ၂:၁၀-၁၉; ဟေဗြဲ ၆:၁၁၊ ၁၂။
၁၆။ အဘယ် “လှုပ်ခြင်း” နီးနေပြီး အဘယ်ရလဒ်ပေါ်ထွန်းမည်နည်း။
၁၆ ထိုနေ့ရက်တွင်ပင် “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နှုတ်ကပါဌ်တော်သည် ဟဂ္ဂဲထံ စတုတ္ထနှင့်နောက်ဆုံးအကြိမ် ရောက်ရှိလာသည်။ “ကောင်းကင်နှင့်မြေကြီးကို လှုပ်မည်” ဟုကိုယ်တော်မိန့်တော်မူရာတွင် အဘယ်အမှုပါဝင်ကြောင်း ဤသို့သိစေတော်မူခဲ့သည်– “တိုင်းနိုင်ငံတို့၏ရာဇပလ္လင်များကိုမှောက်လှန်၍၊ အမျိုးမျိုးသောတိုင်းနိုင်ငံတန်ခိုးကိုဖျက်ဆီးမည်။ ရထားနှင့်ရထားစီးသူရဲတို့ကိုလည်း မှောက်လှန်မည်။ မြင်းနှင့်မြင်းစီးသူရဲတို့သည် တစ်ယောက်ကိုတစ်ယောက်ခုတ်၍ လဲကြလိမ့်မည်။” (ဟဂ္ဂဲ ၂:၆၊ ၂၁၊ ၂၂) သို့ဖြစ်၍ ယေဟောဝါသည် အာမဂေဒုန်တွင် မြေကြီးကိုလုံးဝသန့်ရှင်းစေတော်မူသောအခါ “လှုပ်ခြင်း” သည်အထွတ်အထိပ်သို့ရောက်လိမ့်မည်။ ထိုအခါ ‘လူမျိုးအပေါင်းတို့မှနှစ်သက်ဖွယ်ရာများ’ သည် ကမ္ဘာသစ်အတွက် လူ့အဖွဲ့အစည်း၏မဏ္ဍိုင်ဖြစ်လာရန် စုသိမ်းခံရပြီးသားဖြစ်မည်။ ယင်းသည် ဝမ်းမြောက်ရွှင်လန်းစရာ၊ ယေဟောဝါအားချီးမွမ်းစရာအကြောင်းများပါတကား!—ဟဂ္ဂဲ ၂:၇; ဗျာဒိတ် ၁၉:၆၊ ၇; ၂၁:၁-၄။
၁၇။ ယေရှုသည် “တံဆိပ်လက်စွပ်” အဖြစ်မည်သို့ခန့်အပ်ခံရသနည်း။
၁၇ ဟဂ္ဂဲသည် သူ၏ပရောဖက်ပြုချက်ကို ဤသို့နိဂုံးချုပ်ခဲ့သည်– “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ‘အို . . . ဇေရုဗဗေလ၊ ထိုအခါ သင့်ကိုငါယူ၍ တံဆိပ်လက်စွပ်ကဲ့သို့ခန့်ထားမည်’ ဟုထာဝရဘုရားမိန့်တော်မူ၏။‘သင့်ကိုငါရွေးချယ်ပြီ’ ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။” (ဟဂ္ဂဲ ၂:၂၃) ယခုခရစ်တော်ယေရှုသည် မြေကြီးပေါ်ရှိယေရုရှလင်မြို့တွင် မြို့ဝန်မင်းဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းကြီးယောရှုတို့ သီးခြားဆောင်ရွက်ခဲ့သောအခွင့်အရာတို့ကိုပေါင်းပြီး ကောင်းကင်တွင် ယေဟောဝါ၏ပုံဆောင်ရာမေရှိယဘုရင်နှင့် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ဆောင်ရွက်နေတော်မူသည်။ ယေရှုသည် ယေဟောဝါ၏လက်ယာလက်တော်ရှိ တရားဝင်တံဆိပ်လက်စွပ်ပမာ “ဘုရားသခင်၏ကတိတော်ရှိသမျှတို့သည် . . . ဟုတ်မှန်၏” ဟူ၍ဖြစ်စေမည့် ယေဟောဝါ၏အသုံးတော်ခံဖြစ်နေသည်။ (၂ ကောရိန္သု ၁:၂၀; ဧဖက် ၃:၁၀၊ ၁၁; ဗျာဒိတ် ၁၉:၁၀) ကျမ်းစာ၏ပရောဖက်ပြုချက်သတင်းတစ်ခုလုံးသည် ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ဖြစ်သူ ရွေးနုတ်တော်မူရှင်အဖြစ် ခရစ်တော်ကြွလာရန် ယေဟောဝါစီစဉ်ပေးတော်မူခြင်းကို အာရုံစိုက်စေသည်။—ယောဟန် ၁၈:၃၇; ၁ ပေတရု ၁:၁၈၊ ၁၉။
၁၈။ “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ” သည့်နိဂုံးစကားသည် မည်သို့လန်းဆန်းစွာပြည့်စုံမည်နည်း။
၁၈ အကြီးမြတ်ဆုံးဘုန်းကို ယခုကျွန်ုပ်တို့ခေတ်သမယ၌ ယေဟောဝါ၏ထွန်းတောက်သောဝိညာဏဗိမာန်တော်တွင်သာ အမှန်ပင်တွေ့ရပါသည်တကား! ယေဟောဝါသည် စာတန်၏စနစ်ကိုရှင်းလင်းပစ်ပြီး မကြာမီတွင် ဟဂ္ဂဲ ၂:၉ ပါဤစကားသည် ထပ်ဆင့်၍ ကြည်နူးဖွယ်ကောင်းစွာ ပြည့်စုံပါလိမ့်မည်– “‘ဤအရပ်၌လည်းငြိမ်သက်ခြင်းကိုငါပေးမည်’ ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။” ငြိမ်သက်ပါပြီတကား!—“အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် . . . အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကိုပြီးစီးစေတော်မူလိမ့်မည်” ဟုရေးသားဖော်ပြခံရသော ယေဟောဝါ၏ “တံဆိပ်လက်စွပ်” “ငြိမ်သက်ခြင်းအရှင်” ခရစ်တော်ယေရှုအာမခံတော်မူသည့် တည်တံ့မြဲမြံသောစကြဝဠာတစ်ခွင်ငြိမ်သက်မှုဖြစ်သတည်း။ (ဟေရှာယ ၉:၆၊ ၇) ကိုယ်တော်၏စကြဝဠာပိုင်သအုပ်စိုးမှုအောက်ရှိ ငြိမ်သက်သောပိုင်နက်တစ်ခုလုံးတွင် ယေဟောဝါအားဝတ်ပြုရာအိမ်တော်၏ဘုန်းသည် ထာဝစဉ်ထင်ရှားပါလိမ့်မည်။ ထိုအိမ်တော်တွင် ကျွန်ုပ်တို့အစဉ်အမြဲရှိနေကြပါစို့လေ!—ဆာလံ ၂၇:၄; ၆၅:၄; ၈၄:၁၀။
[အောက်ခြေမှတ်ချက်များ]
a နိုဝင်ဘာ ၁၊ ၁၉၉၅ ထုတ်ကင်းမျှော်စင်ပါ “‘ဆိုးညစ်သောဤလူမျိုးဆက်’ မှကယ်တင်ခံရ” နှင့် “နိုးနိုးကြားကြားနေရမည့်အချိန်” ရှု။
သင်ရှင်းပြနိုင်သလော
◻ ယနေ့ ယေဟောဝါ၏အိမ်တော်သည် မည်သို့ ‘ဘုန်းနှင့်ပြည့်’နေတော်မူသနည်း။
◻ တစ်ခါနှင့်မျှမတူအောင် သတင်းကောင်းဟောပြောရန် အဘယ်ကြောင့်ပိုမိုအရေးကြီးနေသနည်း။
◻ ၁၉၉၆ လုပ်ငန်းတော်နှစ်မှတ်တမ်းက အရေးတကြီးဟောပြောရန် မည်သို့လှုံ့ဆော်အားပေးသနည်း။
◻ ခရစ်တော်သည် ယေဟောဝါ၏ “တံဆိပ်လက်စွပ်” အဖြစ်မည်သို့အမှုတော်ထမ်းနေသနည်း။
[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်]
“မြေကြီးစွန်းမှ” ရိတ်သိမ်းခြင်း
“မထိမ်နှင့် . . . ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီး . . . အပေါင်းတို့ကိုဆောင်ခဲ့လော့” ဟူသောယေဟောဝါ၏မိန့်တော်မူချက်ကို ဟေရှာယ ၄၃:၆၊ ၇ တွင်ကျွန်ုပ်တို့ဖတ်ရှုရသည်။ ဤကျမ်းချက်သည် အရှေ့ပိုင်းဥရောပတွင် ယနေ့ထူးခြားစွာပြည့်စုံနေပါသည်။ ဥပမာ၊ ယခင်ကွန်မြူနစ်နိုင်ငံဖြစ်သော မော်လ်ဒိုဗာကိုသတိပြုပါ။ ထိုတွင် ရွာသားဦးရေထက်ဝက်မျှ ယခုသက်သေခံများဖြစ်နေသောရွာများစွာရှိနေပြီ။ ဟောပြောရန်ရပ်ကွက်ရှိဖို့ ဝေးဝေးလံလံသွားကြရသော်လည်း သူတို့သည် အလွန်ကြိုးစားနေကြပါသည်! ဤအသင်းတော်များရှိ ကြေညာသူများစွာတို့သည် ၁၉၅၀ ပြည့်လွန်နှစ်အစောပိုင်းက ဆိုက်ဘေးရီးယားသို့ပြည်နှင်ခံခဲ့ရသောမိဘတို့၏ သားသမီးများဖြစ်ကြသည်။ ယခု သူတို့၏မိသားစုဝင်များကား ရိတ်သိမ်းခြင်းလုပ်ငန်းကို ဦးစီးဦးဆောင်ပြုနေကြသည်။ ကြေညာသူ ၁၂,၅၆၅ အနက် ၁,၉၁၇ တို့သည် လွန်ခဲ့သောနှစ်အတွင်း နှစ်ခြင်းခံခဲ့ကြသည်။ အသင်းတော် လေးဆယ့်သုံးခုတွင် ကြေညာသူ ၁၅၀ ခန့်စီရှိပြီး လုပ်ငန်းတော်နှစ်သစ်အတွင်း တိုက်နယ်လေးခုမှရှစ်ခုအထိသို့တိုးများလာပြီ။
အယ်လ်ဘေးနီးယား၏တိုးတက်မှုသည်လည်း အလွန်အံ့သြစရာကောင်းသည်။ ထိုတွင် အရက်စက်ဆုံးသောအာဏာရှင်အစိုးရအောက်တွင် နှစ်ပေါင်း ၅၀ ခန့်တစ်လျှောက်လုံး သစ္စာတည်ကြည်ခဲ့သော သက်သေခံလက်တစ်ဆုပ်စာမျှရှိသည်။ သူတို့မှအချို့သူများသည် အသတ်ခံခဲ့ကြရရှာသည်။ ယင်းက ယေရှု၏ဤကတိတော်ကို သတိရစေသည်– “သင်သည် ခံရမည့်အရာတစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကိုထောင်ထဲ၌လှောင်ထား . . . လိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့ဖြစ်လျှင်၊ အသက်သရဖူကို ငါပေးမည်။” (ဗျာဒိတ် ၂:၁၀; ယောဟန် ၅:၂၈၊ ၂၉; ၁၁:၂၄၊ ၂၅ ကိုလည်းရှု) ယခုအယ်လ်ဘေးနီးယားတွင် ဘာကိုတွေ့ ရှိနေရသနည်း။ “သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်” ဟုဟေရှာယ ၆၀:၂၂ တွင်တွေ့ ရှိရသော ယေဟောဝါ၏ကတိတော်သည် ထူးခြားစွာအမှန်ပြည့်စုံနေပါတကား! ၁၉၉၀ ပြည့်နှစ်၌အယ်လ်ဘေးနီးယားတွင် ကြေညာသူတစ်ဦးတည်းသာမှတ်တမ်းသွင်းခဲ့သည်။ သို့ရာတွင် “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ဗတ္တိဇံကိုပေးကြလော့” ဟူသောယေရှု၏ဖိတ်ခေါ်ချက်ကိုလက်ခံသူ အီတလီနှင့်အခြားနိုင်ငံများမှ “လုပ်ဆောင်သောသူတို့” ထပ်ရောက်လာကြသည်။ (မဿဲ ၂၈:၁၉; လုကာ ၁၀:၂) ၁၉၉၆ ခုနှစ် ယေရှု၏သေခြင်းကိုသတိရအောက်မေ့ပွဲနေ့တိုင်လေသော် တက်ကြွလှုပ်ရှားသောကြေညာသူ ၇၇၃ ယောက်ရှိပြီး သူတို့သည် ကြေညာသူအရေအတွက်ထက် ရှစ်ဆများသောလူပေါင်း ၆,၅၂၃ ယောက်ကို သတိရအောက်မေ့ပွဲအစည်းအဝေးများသို့ စုဝေးစေနိုင်ခဲ့သည်တကား! သီးခြားရပ်ကွက်များမှလည်း တက်ရောက်သူဦးရေ အံ့သြလောက်အောင်များကြောင်းသတင်းရသည်။ ဒေသခံကြေညာသူများမရှိသော်လည်း ကုကပ်စ်နှင့် ဒီဗယေကယ်မြို့များတွင် တက်ရောက်သူဦးရေ ၁၉၂ နှင့် ၂၃၀ အသီးသီးရှိခဲ့ကြသည်။ ကြေညာသူတစ်ဦးတည်းသာရှိသော ခရူယတွင် ၂၁၂ ယောက်တက်ခဲ့သည်။ ကောရ်ချာရှိကြေညာသူ ၃၀ သည်လူ ၃၀၀ ကျော်ဆန့်သည့်အဆောက်အအုံတစ်ခုကိုငှားရမ်းကြ၏။ ထိုခန်းမဆောင်ထဲလူများဝင်၍ ပြည့်ကျပ်သွားပြီးနောက် ထပ်ရောက်လာသောလူ ၂၀၀ အတွက်နေရာမရှိတော့သဖြင့် သူတို့ပြန်လှည့်သွားကြရသည်။ အမှန်တကယ်ပင် ရိတ်သိမ်းရန်အသင့်ဖြစ်နေသောလယ်ကွင်းပါတကား!
ရိုမေးနီးယားနိုင်ငံမှ ဤသတင်းရသည်– “တစ်အိမ်မှတစ်အိမ်လုပ်ငန်း ထမ်းဆောင်နေစဉ် သက်သေခံမရှိဟု ကျွန်ုပ်တို့ယူမှတ်ထားသောမြို့ငယ်တစ်ခုမှ မိမိကိုယ်ကိုယေဟောဝါသက်သေတစ်ဦးပါဟုဆိုသူတစ်ယောက်နှင့်တွေ့ဆုံခဲ့သည်။ သူက မိမိအပြင်အခြား ၁၅ ဦးတို့သည် ကြာသပတေးနှင့် တနင်္ဂနွေနေ့များတွင် နှစ်ချီပြီးအစည်းအဝေးများကျင်းပနေရုံမက တစ်အိမ်မှတစ်အိမ် စတင်ဟောပြောနေပြီဖြစ်ကြောင်းလည်းပြောပြသည်။ နောက်နေ့တွင် ၎င်းမြို့သို့ ကျွန်ုပ်တို့သွားခဲ့ကြသည်။ စာအုပ်ကြီး ၂၀ နှင့် နောက်ဆုံးထုတ်မဂ္ဂဇင်း ၂၀ ကိုလက်ခံယူခဲ့ကြသော အမျိုးသား ၁၅ ဦး၊ အမျိုးသမီးနှင့်ကလေးများသည် ကျွန်ုပ်တို့ကိုအခန်းနှစ်ခန်းတွင်စုပြီးစောင့်နေကြသည်။ ကျမ်းစာသင်တန်းများပြုလုပ်နည်းကို သူတို့အားပြသပေးခဲ့ပါသည်။ အတူတူသီချင်းဆိုကြပြီး သူတို့သိလိုသောမေးခွန်းများကိုလည်း ဖြေဆိုပေးခဲ့ပါသည်။ ထိုအုပ်စုကိုဦးစီးနေသူက ‘ကျွန်တော်တို့အတွက် သိုးထိန်းတစ်ယောက်ကို စေလွှတ်ပေးပါလို့ ယေဟောဝါထံမျက်ရည်နဲ့ဆုတောင်းခဲ့တာ ရက်အနည်းငယ်ပဲရှိသေးတယ်၊ အခုဆုတောင်းပြည့်ပြီ’ ဟုထုတ်ဖော်ပြောဆိုပါသည်။ ကျွန်ုပ်တို့လည်း အလွန်ဝမ်းသာအားရကြ၍ ပြန်ဖို့ပြင်ဆင်ချိန်တွင် အဖေကိုရှာတွေ့လိုက်သောဖတဆိုးသားလေးကဲ့သို့ သူက ‘ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုမမေ့ကြပါနဲ့။ ပြန်လာလည်ကြပါနော်!’ ဟုပြောသည်။ ထိုသို့ကျွန်ုပ်တို့ပြုခဲ့ကြရာ ယခု၎င်းမြို့တွင် ကျမ်းစာသင်အံမှုခုနစ်ခုပြုလုပ်နေပါသည်။ ရပ်ကွက်အသစ်များစွာတွင် ကျမ်းစာစာပေများကို တန်ဖိုးထားခြင်းဖြင့် အံ့သြဖွယ်ကောင်းစွာ လုပ်ငန်းစတင်ခဲ့ရခြင်းတို့က ဘုရားလမ်းညွှန်မှုဖြစ်ကြောင်း ထင်ရှားစေပါသည်။”
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
‘လူမျိုးအပေါင်းတို့မှနှစ်သက်ဖွယ်ရာများ’ သည် ပင်လယ်၌ရှိသောကျွန်းများ(၁)၊ တောင်အမေရိက (၂)၊ အာဖရိက (၃)၊ အာရှ (၄)၊ မြောက်အမေရိက (၅)၊ ဥရောပ (၆) တို့မှ စုသိမ်းခံနေရ